မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်တော်၏စစ်သားတစ်ဦးအနေနှင့် ကြံ့ကြံ့ခံခြင်း

ခရစ်တော်၏စစ်သားတစ်ဦးအနေနှင့် ကြံ့ကြံ့ခံခြင်း

ဘဝ​အတ္ထုပ္ပတ္တိ

ခရစ်တော်​၏​စစ်သား​တစ်ဦး​အနေ​နှင့် ကြံ့ကြံ့ခံ​ခြင်း

ယူ​ရီ ကပ်​တို​လာ ပြောပြ​သည်

“မင်း​မှာ ယုံကြည်ခြင်း​တကယ်​ရှိတယ်ဆိုတာ အခု ငါ​လက်ခံ​သွားပြီ!” ဆိုပြီး ဆိုဗီယက်​စစ်တပ်​အရာရှိ​တစ်ဦး​က ပြော​တယ်၊ ကျွန်တော်​အလိုအပ်ဆုံး​အချိန်​မှာ မျှော်လင့်​မထားတဲ့​သူ​ဆီက ကြား​ရတဲ့ ဒီ​စကား​တွေ​ကြောင့် အားတက်သွား​တယ်။ ကျွန်တော်​ဟာ နှစ်​ရှည်​ထောင်ကျ​ခဲ့​ပြီး ယေဟောဝါ​ရဲ့​အကူအညီ​ရဖို့ ထက်ထက်သန်သန် ဆုတောင်း​ခဲ့တယ်။ ခံနိုင်ရည်​ရှိဖို့၊ စိတ်ပိုင်းဖြတ်​ထား​တာ​ကို ပြည့်မီ​ဖို့ အချိန်​အတော်ကြာကြာ ရုန်းကန်​ခဲ့​ရတယ်။

ကျွန်တော့်​ကို ၁၉၆၂၊ အောက်တိုဘာ ၁၉ ရက်မှာ မွေးဖွား​ခဲ့​ပြီး ယူကရိန်း​အနောက်ပိုင်း​မှာ ကြီးပြင်း​လာတယ်။ အဲဒီ​နှစ်မှာ​ပဲ ကျွန်တော့်​အဖေ ယူ​ရီ​က ယေဟောဝါသက်သေ​တွေ​နဲ့ အဆက်အသွယ်​ရခဲ့တယ်။ သိပ်​မကြာ​ဘူး၊ အဖေဟာ ရွာ​ထဲမှာ ဦးဆုံး​ယေဟောဝါ​ကို​ဝတ်ပြုသူ ဖြစ်လာ​တယ်။ ယေဟောဝါ​သက်သေတွေကို​ဆန့်ကျင်​တဲ့ အရာရှိ​တွေ​က အဖေ့​ရဲ့​လုပ်ရပ်တွေကို သတိထား​မိတယ်။

ဒါပေမဲ့ အိမ်နီးချင်း​အများစုက ကျွန်တော့်​မိဘတွေရဲ့ ခရစ်ယာန်​အရည်အသွေးတွေ၊ တခြားသူ​အပေါ် ဂရုစိုက်​တတ်တာ​တွေ​ကို လေးစား​ကြတယ်။ မိဘတွေက အခွင့်အရေး​ရ​ရင်​ရ​သလို အစ်မ၊ ညီမ​နှစ်ယောက်​နဲ့ ကျွန်တော့်​ကို ငယ်ငယ်​ကတည်းက ဘုရားသခင်​ကို​ချစ်တဲ့​စိတ် သွင်း​ပေး​ကြတယ်၊ ဒါ​ကြောင့်​ပဲ ကျောင်း​မှာ​ရင်ဆိုင်​ရတဲ့ အခက်အခဲတွေကို ဖြေရှင်း​တတ်​လာတယ်။ အခက်အခဲ​တစ်ခု​က ကျောင်းသား​တိုင်း လီ​နင်​ရဲ့​အောက်တိုဘာ​ကလေး​များ ရင်​ထိုး​တံဆိပ်​ကို တပ်ဆင်​ရတာ​ဖြစ်တယ်။ ကျွန်တော့်​ရဲ့​ခရစ်ယာန်​ကြားနေ​မှု​ကြောင့် တံဆိပ်​မ​တပ်​လို့ တခြား​သူတွေနဲ့​မတူ တစ်မူထူး​နေတယ်။—ယောဟန် ၆:၁၅; ၁၇:၁၆

ကျွန်တော် တတိယ​တန်း​ရောက်တော့ ကျောင်းသား​တိုင်း​က ရှေ့ဆောင်​လူငယ်​လို့​ခေါ်​တဲ့ ကွန်မြူနစ်​လူငယ်​အသင်း​မှာ အသင်းဝင်​ရတယ်။ တစ်နေ့​တော့ အသင်းဝင်​ဖွင့်ပွဲ​အတွက် ကျွန်တော်​တို့​အတန်း​ကို ကျောင်းဝင်း​ထဲ ခေါ်ထုတ်​တယ်။ လှောင်ပြောင်​ခံရ​မယ်၊ အပြစ်တင်​ခံရ​မယ်​လို့​ထင်​ပြီး ကျွန်တော် အရမ်း​ကြောက်လန့်​ခဲ့တယ်။ ကျွန်တော်​က​လွဲလို့ ကျောင်းသား​အားလုံး ရှေ့ဆောင်​လည်​စည်း​နီ​တွေ ယူ​လာကြတယ်။ ကျောင်းအုပ်​ကြီး၊ ဆရာ/ဆရာမ​တွေ​နဲ့ အသင်းဝင်​ပြီး​သား အတန်း​ကြီး​သ​မား​တွေ​ရှေ့ တန်းစီ​ရပ်​ရတယ်။ ကျွန်တော်​တို့​ရဲ့ လည်​စည်း​တွေ​စည်း​ပေးဖို့ အတန်း​ကြီး​သ​မား​တွေ​ကို​ပြော​တဲ့​အခါ ကျွန်တော့်​ကို ဘယ်သူမှ သတိ​မထား​မိပါစေ​နဲ့​လို့ မျှော်လင့်​ရင်း ခေါင်း​ငိုက်​စိုက်​ထားခဲ့​တယ်။

ရပ်​ဝေး​ထောင်​များ​သို့ အ​ပို့​ခံရ

ကျွန်တော် ၁၈ နှစ်အရွယ်မှာ ခရစ်ယာန်​ကြားနေ​မှု​ကြောင့် ထောင်​သုံးနှစ်​ကျ​ခဲ့တယ်။ (ဟေရှာယ ၂:၄) ယူကရိန်း၊ ဗင်​နစ်​စ​ကာ​ရာ​ခရိုင်​က ထ​ရူ​ဒို​ဗိုယီ​မြို့ အကျဉ်းထောင်​မှာ ဦးဆုံး​တစ်နှစ်​နေ​ရတယ်။ အဲဒီမှာ​နေတုန်း ယေဟောဝါသက်သေ ၃၀ လောက်​နဲ့ တွေ့ဆုံ​ခဲ့တယ်။ အာဏာပိုင်တွေ​က ကျွန်တော်​တို့​အချင်းချင်း ပေါင်းသင်း​ဆက်သွယ်​လို့​မရအောင် နှစ်ယောက်​တစ်တွဲ​စီ သီးခြားခွဲ​ပြီး အလုပ်ခိုင်း​တယ်။

သက်သေခံ​တစ်ယောက်​ဖြစ်​တဲ့ အက်​ဒွက်​နဲ့ ကျွန်တော့်​ကို ၁၉၈၂၊ ဩဂုတ်​လမှာ အခြား​ထောင်သားတွေ​နဲ့​အတူ ထောင်သားတွေ​တင်တဲ့​ရထား​နဲ့ မြောက်ပိုင်း​ယူရ​ယ်​တောင်တန်း​ဘက် ပို့လိုက်​ကြတယ်။ ပူ​လည်း​ပူ၊ လူ​လည်း​ကျပ်​နဲ့ လိုက်ပါ​ခဲ့​ရတာ ပ​ရမ်​စ​ကာ​ရာ​ခရိုင်​မှာ​ရှိတဲ့ ဆို​လီ​က​မ်ခ်​ထောင်​ကို​ရောက်တဲ့​အထိ ရှစ်​ရက်​တိုင်အောင်​ပဲ။ အက်​ဒွက်​နဲ့​ကျွန်တော့်​ကို တစ်ယောက်​တစ်​နေရာ​စီ ခွဲထား​ကြတယ်။ နှစ်ပတ်​ကြာ​တော့ ကျွန်တော့်​ကို မြောက်ဘက်​ပိုင်း​ပို​ကျ​တဲ့ က​ရာ​စ်​နို​ဗီ​ရှာ​စ​ကီ​ဒေသက ဗဲလ်​ရွာကို ပို့​လိုက်တယ်။

ကျွန်တော်​တို့ကို ပို့ပေး​တဲ့​ယာဉ်​က ပိန်းပိတ်​အောင်​မှောင်​နေတဲ့ သန်း​ခေါင်​အချိန်​မှ ရောက်တယ်။ ဒီလောက်​မည်းမှောင်​နေပေမဲ့ အရာရှိ​က မြစ်ကို လှေ​နဲ့​ကူး​ခိုင်းတယ်။ မြစ်​က ဘယ်​နား​မှာ၊ လှေ​က ဘယ်​နား​မှာ​ဆိုတာ​တောင် မမြင်​ရ​ဘူး! စမ်း​တ​ဝါး​ဝါး​လျှောက်​ရင်း​နဲ့ လှေ​တစ်စင်း​ကို စမ်း​မိတယ်၊ ကြောက်​ကြောက်လန့်​လန့်​နဲ့ မြစ်ကို​ဖြတ်ကူး​ကြတယ်။ တစ်ဖက်​ကမ်း​ပေါ်​ရောက်တော့ မီးရောင်​မြင်ရ​တဲ့ မလှမ်းမကမ်း​က တောင်ကုန်း​ဆီ သွား​ကြတယ်၊ အဲဒီကို​ရောက်တော့ တဲ​တချို့ တွေ့​တယ်။ အဲဒါ​က ကျွန်တော်​တို့​နေရ​မယ့် အိမ်​ပဲ။ တခြား​အကျဉ်းသား ၃၀ နဲ့​အတူ အတော်လေး​ကျယ်​တဲ့ တဲ​မှာ​နေ​ရတယ်။ ဆောင်း​ရာသီမှာ အပူချိန်​က တစ်ခါ​တ​လေ သု​ည​အောက် ၄၀ ဒီဂရီ​ဖာရင်ဟိုက်​အထိ ထိုး​ကျ​သွားတဲ့ အအေးဒဏ်​ကို ခံရ​တယ်၊ တဲ​က အ​နွေး​ဓာတ်​သိပ်​မရပါ​ဘူး။ အကျဉ်း​ကျ​အဖော်​တွေ​ရဲ့ အဓိက​အလုပ်​က သစ်ပင်​တွေ​ခုတ်လှဲ​ရတာ​ဖြစ်တယ်၊ ဒါပေမဲ့ ကျွန်တော်​က အကျဉ်းသားတွေ​အတွက် တဲ​ဆောက်​ပေး​ရတယ်။

သီးခြား​ဖြစ်သည့်​နေရာသို့ ဝိညာဉ်​အစာ ရောက်ရှိ​လာ

ဒီ​ဒေသမှာ သက်သေခံ​ဆို​လို့ ကျွန်တော်​တစ်ယောက်တည်း​ပဲ၊ ဒါပေမဲ့ ကျွန်တော့်​ကို ယေဟောဝါ​ပစ်မထား​ဘူး။ တစ်နေ့၊ အနောက်​ယူကရိန်း​မှာ​နေတဲ့ အမေ့​ဆီကနေ အထုပ်​တစ်ထုပ်​ရောက်​လာတယ်။ အစောင့်​တစ်ယောက်​က အထုပ်​ကို​ဖောက်​လိုက်​တော့ ဦးဆုံး​တွေ့​လိုက်ရတာက ကျမ်းစာ​အုပ်​သေး​တစ်အုပ်​ပဲ။ သူ​ယူပြီး စာမျက်နှာ​တွေ​ကို လှန်လှော​ကြည့်​တယ်။ ဒီ​ဝိညာဉ်​ရေး​ရတနာ​လေး အသိမ်း​မခံ​ရအောင် တစ်ခုခု​ပြော​မယ်​လို့ စဉ်းစား​လိုက်တယ်။ “ဒါ​ဘာလဲ” ဆိုပြီး အစောင့်​က ခပ်​ဆ​တ်​ဆ​တ်​မေးတယ်။ အဖြေကို​စဉ်းစား​လို့​မရ​ခင် အနားမှာ​ရပ်နေတဲ့ စစ်ဆေးရေး​အရာရှိ​က “ဒါ အဘိဓာန်​တစ်အုပ်​ပဲ” လို့​ဖြေလိုက်တယ်။ ကျွန်တော် ဘာမှ​မပြောလိုက်​ရ​ဘူး။ (ဒေ. ၃:၇) စစ်ဆေးရေး​အရာရှိ​က အထုပ်​ထဲ​က ကျန်​တာတွေကို စစ်​ပြီး​တာ​နဲ့ ကျွန်တော့်​ကို အဖိုးတန်​ကျမ်းစာ​နဲ့​အထုပ် ကမ်းပေး​တယ်။ ကျွန်တော်​ဝမ်းသာလွန်းလို့ အရာရှိ​ကို အထုပ်​ထဲ​က သစ်သီး​အ​ဆန်​တချို့ လက်ဆောင်​ပေး​လိုက်တယ်။ ဒီ​အထုပ်​ကို ရ​လိုက်တဲ့​အချိန်​မှာ ကျွန်တော့်​ကို ယေဟောဝါ မေ့မထား​ဘူးဆို​တာ သိလာတယ်။ ကျွန်တော့်​ရဲ့ ဝိညာဉ်​ရေး​လိုအပ်ရာ​တွေ​ကို ကိုယ်တော် ရက်ရက်ရောရော ကူညီပေး​ခဲ့တယ်။—ဟေဗြဲ ၁၃:၅

အားမလျှော့​ဘဲ ဟောပြောခြင်း

လအနည်းငယ်​ကြာ​တော့၊ မိုင် ၂၅၀ လောက်​ဝေး​တဲ့​နေရာမှာ ထောင်ကျ​နေတဲ့ ခရစ်ယာန်​ညီအစ်ကို​တစ်ယောက်​ဆီက စာ​ရလို့ အံ့ဩ​သွားတယ်။ အခု ကျွန်တော်​နေတဲ့​စခန်း​မှာ ရှိ​ကောင်း​ရှိ​နိုင်​တဲ့ စိတ်ဝင်စားသူ​တစ်ဦး​ကို​ရှာ​ဖို့ ရေးထားတယ်။ ကျွန်တော်​တို့​ဆီ​ရောက်လာ​တဲ့ စာ​တွေ​ဟာ စစ်ဆေးခံ​ရတဲ့​အတွက် ဒီလို​ပွင့်ပွင့်လင်းလင်း​ရေးထားတာက ပညာရှိရာ​မ​ရောက်​ဘူး။ အရာရှိ​တစ်ဦး​က ကျွန်တော့်​ကို သူ့​ရုံးခန်း​ထဲ​ခေါ်​ပြီး မဟောပြောဖို့ ပြင်းပြင်းထန်ထန်​သတိပေး​တယ်။ ပြီး​တော့ ကိုယ့်​ယုံကြည်ချက်​အကြောင်း တခြား​သူတွေကို မ​ဟော​တော့​ဘူးလို့ ရေးထားတဲ့​စာရွက်​မှာ လက်မှတ်​ထိုးခိုင်း​တယ်။ ကျွန်တော် ယေဟောဝါသက်သေ​ဖြစ်တယ်​ဆိုတာ အားလုံး​သိထားကြ​တဲ့​အတွက် ဘာကြောင့် ဒီလို​လက်မှတ်ထိုး​ရတယ်ဆိုတာ နားမလည်​ဘူးလို့ ပြန်​ဖြေတယ်။ တခြား​ထောင်သားတွေ​က ကျွန်တော် ဘာကြောင့်​ထောင်ချ​ခံရ​တယ်​ဆိုတာ သိချင်​ကြတယ်၊ သူတို့ကို ဘယ်လို​ရှင်းပြ​သင့်သလဲ​ဆိုပြီး ပြော​လိုက်တယ်။ (တမန်​တော် ၄:၂၀) အရာရှိ​က ခြိမ်းခြောက်​လို့​မရနိုင်​မှန်း​သိတော့ ကျွန်တော့်​ကို ပ​ထုတ်ပစ်ဖို့​ဆုံးဖြတ်ပြီး နောက်​အကျဉ်း​စခန်း​တစ်ခု​ကို ပို့​ခဲ့တယ်။

၁၂၅ မိုင်​ဝေး​တဲ့ ဗီ​ယာ​ရွာကို ကျွန်တော် အ​ပို့​ခံရ​တယ်။ ဒီ​က​ကြီးကြပ်သူ​ဟာ ကျွန်တော့်​ရဲ့​ခရစ်ယာန်​ရပ်တည်မှု​ကို လေးစား​ပြီး စစ်​နဲ့​မဆိုင်တဲ့​အလုပ်တွေကို တာဝန်​ပေး​တယ်၊ အစပိုင်း​မှာ လက်သမား​အလုပ်၊ နောက်ပိုင်း လျှပ်စစ်​ပြင်​တဲ့​အလုပ် လုပ်​ရတယ်။ ဒါပေမဲ့ ဒီလို​အလုပ်​မျိုးမှာ​လည်း စိန်ခေါ်ချက်​တွေ​ရှိနေတယ်။ တစ်ခါ​က၊ ကျွန်တော့်​ကို ပစ္စည်း​ကိရိယာ​တွေ​ယူပြီး ရွာ​ထဲ​က အသင်းရုံး​ကို သွား​ခိုင်းတယ်။ ရုံး​ကို​ကျွန်တော်​ရောက်တော့ စစ်သား​တွေ ဝမ်းသာ​သွား​ကြတယ်။ စစ်​အမှတ်​တံဆိပ်​တွေ​ကို အလှဆင်​မီး​နဲ့ ပုံဖော်​ရာ​မှာ သူတို့​အခက်တွေ့​နေကြ​တယ်။ တပ်မတော်​နေ့ နှစ်ပတ်လည်​အခမ်းအနား​အတွက် ပြင်ဆင်​နေကြ​တာ​ဖြစ်​လို့ အဆင်ပြေ​သွား​အောင် ကျွန်တော့်​ကို ကူညီ​ခိုင်းတယ်။ ဘာလုပ်​ရမယ်ဆိုတာ ဆုတောင်း​သုံးသပ်​ပြီး​တဲ့​နောက် ဒီလို​အလုပ်​မျိုးကို မလုပ်နိုင်ဘူး​လို့ ပြော​လိုက်တယ်။ ပစ္စည်း​ကိရိယာ​တွေ ထား​ပေး​ခဲ့​ပြီး ကျွန်တော်​ထွက်​လာခဲ့တယ်။ ဒီ​အကြောင်းကို လက်ထောက်​ဒါရိုက်တာ​ဆီ သတင်းပို့​ကြတယ်၊ သူက ကျွန်တော့်​အကြောင်း တိုင်တန်း​ချက်​တွေ​ကို နားထောင်ပြီး “ဒီ​အတွက် သူ့ကို ငါ​လေးစားတယ်၊ သူဟာ စည်း​ရှိတဲ့​သူပဲ” ဆိုပြီး​ပြန်ဖြေ​လို့ ကျွန်တော်​အံ့သြခဲ့ရ​တယ်။

မျှော်လင့်​မထား​သူ​ထံ​မှ​ရသည့် အားပေးမှု

၁၉၈၄၊ ဇွန် ၈ ရက်မှာ ထောင်ဒဏ်​သုံးနှစ်​တင်းတင်း​ပြည့်​သွား​လို့ ကျွန်တော် လွတ်​လာတယ်။ ယူကရိန်း​ကို ကျွန်တော်​ပြန်​ရောက်တဲ့အခါ အကျဉ်း​ကျ​ဖူး​သူ​တစ်ဦး​အနေ​နဲ့ ပြည်​သူ့​စစ်​မှာ စာရင်း​ပေး​ရတယ်။ ခြောက်​လ​အတွင်း ပြန်​စစ်ဆေးခံ​ရမှာဖြစ်​လို့ ဒီ​နယ်​ကနေ လုံးဝ​ထွက်သွား​တာ အကောင်းဆုံး​ပဲ​ဆိုပြီး အရာရှိ​တွေ​က ပြော​ကြတယ်။ ဒါနဲ့ ယူကရိန်း​ကနေ ကျွန်တော်​ထွက်ခွာ​ခဲ့​ပြီး နောက်ဆုံး လက်​ဗီ​ယာ​မှာ အလုပ်​ရခဲ့တယ်။ မြို့တော် ရီ​ဂါ​အနီးမှာ​နေတဲ့ သက်သေခံ​အုပ်စုငယ်​လေး​နဲ့ အတော်ကြာကြာ ပူးပေါင်း​ပြီး ဟောပြောနိုင်​ခဲ့တယ်။ ဒါပေမဲ့ တစ်နှစ်​ကြာ​တဲ့​အခါ စစ်​ထဲ​ဝင်​ဖို့ ဆင့်ခေါ်​ခံရ​ပြန်​တယ်။ စစ်သား​စုဆောင်းရေး​ရုံး​ရောက်တော့ အရင်တုန်းက ကျွန်တော်​စစ်မှုထမ်း​ဖို့ ငြင်း​ခဲ့​ဖူး​တဲ့​အကြောင်း အရာရှိ​ကို ပြောပြ​လိုက်တယ်။ အရာရှိ​က “မင်း​ဘာလုပ်​နေတယ်​ဆိုတာ မင်း​သိရဲ့လား၊ ဒု​ဗိုလ်မှူးကြီး​ရှေ့​ရောက်ရင် မင်း​ဘာ​ပြော​မယ်​ဆိုတာ ကြည့်​ကြ​သေး​တာပေါ့!” လို့​အော်ငေါက်​တယ်။

ဒုတိယ​ထပ်​က အခန်း​တစ်ခု​ဆီ ကျွန်တော့်​ကို ခေါ်​သွားတယ်၊ ဒု​ဗိုလ်မှူးကြီး​က စားပွဲ​ရှည်​ရဲ့​ထိပ်ပိုင်း​မှာ ထိုင်​နေတယ်။ ကျွန်တော့်​အနေအထား​ကို ရှင်းပြ​တဲ့​အခါ ဗိုလ်မှူး​က ဂရုတစိုက်​နားထောင်ပြီး စစ်သား​စုဆောင်းရေး ကော်မတီ​လူကြီးတွေ​ရှေ့​မရောက်ခင် ကျွန်တော့်​ဆုံးဖြတ်ချက်​ကို ပြန်​သုံးသပ်​ဖို့ အချိန်​ရ​သေး​တယ်လို့ ပြော​တယ်။ ဗိုလ်မှူးကြီး​ရဲ့​ရုံးခန်း​ကနေ ထွက်​လာတဲ့အခါ အစတုန်း​က ကျွန်တော့်​ကို​အော်ငေါက်​ခဲ့​တဲ့ အရာရှိ​က “မင်း​မှာ ယုံကြည်ခြင်း​တကယ်​ရှိတယ်ဆိုတာ အခု ငါ​လက်ခံ​သွားပြီ” လို့​ပြော​ခဲ့တယ်။ စစ်တပ်​ကော်မတီ​ရှေ့​ရောက်တဲ့အခါ ကျွန်တော့်​ရဲ့​ကြားနေ​မှု​ကို ထပ်​ပြီး​ရှင်းပြ​ခဲ့​ရတယ်၊ လောလောဆယ် ကျွန်တော့်​ကို သူတို့ လွှတ်​ပေး​လိုက်တယ်။

အဲဒီ​အချိန်တုန်းက ကျွန်တော် အဆောင်​မှာ​နေတယ်။ တစ်​ညနေခင်း​မှာ တံခါး​ခေါက်သံ တိုးတိုး​လေး​ကြား​ရတယ်။ တ​ခါး​ဖွင့်လိုက်​တော့ လက်ဆွဲအိတ်​ကိုင်ထား​တဲ့ ဝတ်စုံပြည့်​နဲ့​လူတစ်ယောက်ကို တွေ့ရ​တယ်။ “ကျုပ်​က လုံခြုံရေး​က​ပါ၊ ခင်ဗျား အခက်ကြုံ​နေတယ်၊ ရုံးတင်​စစ်ဆေးခံ​ရတော့မယ်​ဆိုတာ သိထားတယ်” လို့​ပြော​တယ်။ “ဟုတ်တယ်” လို့​ကျွန်တော် ဖြေလိုက်တယ်။ “ခင်ဗျား​သာ ကျုပ်​တို့​နဲ့​ပူးပေါင်း​ရင် ကူညီပေး​မယ်” ဆိုပြီး သူ​ဆက်​ပြော​တယ်။ “ဒါ​တော့ မဖြစ်​နိုင်ဘူး။ ခရစ်ယာန်​ယုံကြည်ချက်​အတိုင်း ကျွန်တော်​လုပ်ဆောင်​ရလိမ့်မယ်” လို့​ပြန်​ပြော​လိုက်တယ်။ ကျွန်တော့်​ကို သွေးဆောင်​လို့​မရ​မှန်း​သိတော့ သူ​ထွက်သွား​တယ်။

ထောင်​ထဲ​ပြန်ရောက်၊ တစ်ခေါက်​ပြန်​ဟော

၁၉၈၆၊ ဩဂုတ် ၂၆ ရက်မှာ နိုင်​ငံ့​တရားရုံး​က ကျွန်တော့်​ကို အလုပ်ကြမ်း​နဲ့​ထောင်ဒဏ် ၄ နှစ် စီရင်ချက်​ချ​လိုက်ပြီး ရီ​ဂါ​ဗဟို​အကျဉ်းထောင်​ကို ပို့​လိုက်တယ်။ ကျွန်တော့်​ကို တခြား​အကျဉ်းသား ၄၀ နဲ့​အတူ အခန်း​ကျယ်​တစ်ခု​မှာ နေခိုင်း​တယ်၊ အခန်းဖော်​အားလုံး​ကို ကျွန်တော် ဟောပြောခဲ့တယ်။ တချို့က ဘုရားသခင်​ကို ယုံကြည်တယ်လို့​ပြော​ကြ​ပေမဲ့ တချို့က​တော့ ဟားတိုက်​ကြတယ်။ ဒီ​က​ထောင်သားတွေ အုပ်စုဖွဲ့​ထား​တာ သတိထား​မိတယ်၊ နှစ်ပတ်​ကြာ​တော့ အုပ်စု​ခေါင်းဆောင်​တွေ​က သူတို့​ထုတ်​ထား​တဲ့​စည်းမျဉ်း​တွေ​ကို ကျွန်တော်​မလိုက်နာ​တဲ့​အတွက် မ​ဟော​ဖို့​ပြော​တယ်။ ဒီ​အကြောင်းကြောင့်​ပဲ ကျွန်တော် ထောင်ကျ​နေတာ၊ ကျွန်တော်​လိုက်နာ​တဲ့​ဥပဒေက ခင်ဗျား​တို့​နဲ့​မတူဘူး​ဆိုပြီး ရှင်းပြခဲ့တယ်။

ကျွန်တော် သတိထားပြီး ဆက်​ဟောပြောတယ်၊ ဝိညာဉ်​ရေး​ကို​စိတ်ဝင်စားသူ​တချို့​ရှိပြီး သူတို့​ထဲ​က လေးယောက်​နဲ့ ကျမ်းစာ​သင်​နိုင်​ခဲ့တယ်။ ဆွေးနွေး​ချိန်​အတွင်း ကျမ်းစာ​အခြေခံ​သွန်သင်ချက်​တွေ​ကို သူတို့ရဲ့​မှတ်စု​စာအုပ်​မှာ လိုက်​ရေးမှတ်​ကြတယ်။ လအနည်းငယ်​ကြာ​တော့ ကျွန်တော့်​ကို ဗဲလ်​မီး​ယာ​က အထူး​လုံခြုံရေး​အကျဉ်း​စခန်း​ကို ပို့လိုက်​ပြီး အဲဒီမှာ လျှပ်စစ်​ပြင်​တဲ့​အလုပ် လုပ်ခဲ့တယ်။ လျှပ်စစ်​ပြင်​သ​မား​တစ်ယောက်ကို ကျမ်းစာ​သင်ပေး​ခွင့်​ရခဲ့ပြီး လေးနှစ်​ကြာ​တော့ သူဟာ ယေဟောဝါသက်သေ​တစ်ယောက် ဖြစ်လာ​ခဲ့တယ်။

၁၉၈၈၊ မတ်​လ ၂၄ ရက်မှာ ကျွန်တော့်​ကို အထူး​လုံခြုံရေး​အကျဉ်း​စခန်း​ကနေ အနီး​က အခြေချ​စခန်း​တစ်ခု​ကို ပို့​လိုက်တယ်။ အဲဒီမှာ​နေရ​တာ ပို​လွတ်လပ်​လို့ တကယ့်​ကောင်းချီး​ပါ​ပဲ။ ဆောက်လုပ်ရေး​လုပ်ငန်းခွင်​တွေ​မှာ ကျွန်တော်​အလုပ်လုပ်​ရပြီး ဟောပြောနိုင်​မယ့်​အခွင့်အရေး​ကို အမြဲ​ရှာခဲ့တယ်။ မကြာခဏ အကျဉ်း​စခန်း​ရဲ့​အပြင်ဘက် ထွက်ခွင့်​ရပြီး ညနေစောင်း​အထိ ဟောပြောခဲ့တယ်၊ ဒါပေမဲ့ စခန်း​ကို​ပြန်​ရောက်တဲ့အခါ​လည်း ဘာ​ပြဿနာ​မှ မရှိခဲ့ဘူး။

ကျွန်တော့်​လုပ်ဆောင်မှုကို ယေဟောဝါ ကောင်းချီး​ပေး​ခဲ့တယ်။ အနီး​နား​မှာ သက်သေခံ​တချို့​နေကြ​ပေမဲ့ မြို့ထဲမှာ​တော့ အသက်ကြီး​ညီအစ်မ ဗဲလ်​မာ ခရူမင် တစ်ယောက်တည်း​ရှိတယ်။ ညီအစ်မ ခရူမင်​ရော ကျွန်တော်​ပါ လူငယ်တွေ​နဲ့ ကျမ်းစာ​သင်အံမှု​အများကြီး စ​ခဲ့တယ်။ တစ်ခါ​တ​လေ ရီ​ဂါ​က ညီအစ်ကို၊ ညီအစ်မ​တွေ​လာပြီး အမှုဆောင်​အတူ​ထွက်ကြ​တယ်၊ မှန်မှန်ရှေ့ဆောင်​တချို့​ဆိုရင် လီနင်ဂရက် (ယခု စိန့်ပီတာ​စ​ဘတ်) ကနေ​တောင် လာကြတယ်။ ယေဟောဝါ​ရဲ့​အကူအညီ​နဲ့ ကျမ်းစာ​သင်အံမှု​အများကြီး စတင်​နိုင်​ခဲ့တယ်၊ မကြာခင်​ပဲ ကျွန်တော်​ရှေ့ဆောင်​လုပ်ငန်းမှာပါ​ဝင်ပြီး တစ်လ​ကို နာရီ​ပေါင်း ၉၀ ဟောပြောခဲ့တယ်။

၁၉၉၀ ပြည့်နှစ်၊ ဧပြီ ၇ ရက်မှာ ဗဲလ်​မီး​ယာ ပြည်​သူ့​တရားရုံး​က ကျွန်တော့်​အမှုကို ပြန်​စစ်ဆေး​ခဲ့တယ်။ အမှုကို စ​ကြားနာ​စစ်ဆေး​တဲ့​အခါ အမှု​လိုက်​ရှေ့နေ​ကို ကျွန်တော်​မှတ်မိတယ်။ အရင်တုန်းက ကျွန်တော်​နဲ့ ကျမ်းစာ​ဆွေးနွေး​ဖူး​တဲ့ လူငယ်လေး​ပဲ! သူလည်း ကျွန်တော့်​ကို​မှတ်မိ​ပြီး ပြုံးပြ​တယ်၊ ဘာမှ​တော့​မပြောဘူး။ အဲဒီ​နေ့​က တရားသူကြီး​ပြော​တဲ့​စကား​တွေ​ကို ကျွန်တော်​ကြား​ယောင်​နေတုန်းပဲ– “ယူ​ရီ ခင်ဗျား​ကို ထောင်​လေးနှစ်​ချ​တာ တရား​မဝင်​ဘူး၊ သူတို့ ခင်ဗျား​ကို ပြစ်ဒဏ်​မချ​သင့်​ဘူး။” မမျှော်လင့်​ပဲ ကျွန်တော်​လွတ်​လာတယ်!

ခရစ်တော်​၏​စစ်သား

၁၉၉၀ ပြည့်နှစ်၊ ဇွန်လ​ရောက်တော့ ရီ​ဂါ​မှာ​နေထိုင်ခွင့်​ရအောင် စစ်သား​စုဆောင်းရေး​ရုံး​မှာ စာရင်း​ပေးဖို့ လို​လာ​ပြန်​တယ်။ စစ်မှု​မထမ်းနိုင်​ဘူးလို့ လွန်ခဲ့တဲ့​လေးနှစ်​တုန်း​က ကျွန်တော်​ပြော​ခဲ့​တဲ့ ဒု​ဗိုလ်မှူးကြီး​ရဲ့ စားပွဲ​ရှည်​ရှိတဲ့​ရုံးခန်း​ကိုပဲ ကျွန်တော်​ဝင်​သွားတယ်။ ဒီ​တစ်ခေါက်​တော့ သူ​မတ်တတ်ရပ်​ပြီး ကျွန်တော့်​ကို လက်ဆွဲ​နှုတ်ဆက်​တယ်– “ခင်ဗျား​ကြုံ​ခဲ့​ရတာ​အားလုံး​ကြောင့် သိမ်ငယ်​ရပြီ၊ ဒီလို​ဖြစ်သွား​လို့ ကျုပ်​စိတ်မကောင်း​ဘူး” လို့​ပြော​ခဲ့တယ်။

“ကျွန်တော်​က ခရစ်တော်​ရဲ့​စစ်သား​တစ်ယောက်​ဖြစ်​လို့ ကျွန်တော့်​တာဝန် ကျေပွန်​ရမယ်။ ခရစ်တော်​က သူ့​နောက်လိုက်​တွေ​ကို ကတိပေး​ခဲ့​တဲ့ ပျော်ရွှင်​တဲ့​အသက်တာနဲ့ ထာဝရ​အနာဂတ်​အကြောင်း ကျမ်းစာ​ကနေ ဗိုလ်မှူး​လည်း သိလာ​နိုင်တယ်” ဆိုပြီး ကျွန်တော်​ပြန်​ပြော​ခဲ့တယ်။ (၂ တိမောသေ ၂:၃၊ ၄) ဗိုလ်မှူးကြီး​က “မကြာသေး​ခင်​က​ပဲ ကျုပ် ကျမ်းစာ​တစ်အုပ်​ဝယ်ထား​ပြီး အခု​ဖတ်နေ​တယ်” လို့​ပြန်​ပြော​တယ်။ ကျွန်တော့်​မှာလည်း သင်သည် ကမ္ဘာ့​ပရဒိသု​အတွင်း ထာဝစဉ်​အသက်ရှင်​နိုင်​သည် စာအုပ်​ပါ​လာတယ်။ * ဒါနဲ့ နောက်ဆုံး​ကာလ​ရဲ့​နိမိတ်​အကြောင်း ဆွေးနွေး​ထား​တဲ့ အခန်း​ကို​ဖွင့်ပြီး ကျမ်းစာ​ပရောဖက်ပြုချက်​တွေ​က ကျွန်တော်​တို့​ခေတ်​နဲ့ ဘယ်လို​သက်ဆိုင်တယ်​ဆိုတာ ပြောပြ​တယ်။ ဗိုလ်မှူးကြီး​က ကျေးဇူး​တင်​လေးမြတ်စိတ်​အပြည့်​နဲ့ လက်ဆွဲ​နှုတ်ဆက်​ပြီး ကျွန်တော့်​ရဲ့ လုပ်ငန်း​အောင်မြင်​ဖို့ ဆန္ဒပြု​ပေး​လိုက်တယ်။

အဲဒီ​အချိန်​ကတည်းက လက်​ဗီ​ယာ​လယ်ကွင်း​ဟာ ဝင်း​ဝင်းမှည့်​နေပါ​ပြီ။ (ယောဟန် ၄:၃၅) ၁၉၉၁ ခုနှစ်​မှာ ကျွန်တော် အသင်းတော်​အကြီးအကဲ​အဖြစ် စပြီး​အမှုဆောင်ခဲ့တယ်။ တစ်နိုင်ငံ​လုံး​မှာ ခန့်အပ်​ခံ​အကြီးအကဲ​နှစ်ယောက်​တည်း​ရှိတယ်! တစ်နှစ်​ကြာ​တော့ လက်​ဗီ​ယာ​မှာ တစ်ခု​တည်း​ရှိတဲ့​အသင်းတော်ကို လက်​ဗီ​ယာ​စကားပြော​အသင်းတော်​နဲ့ ရုရှား​စကားပြော​အသင်းတော်​ဆိုပြီး နှစ်ခု​ခွဲ​လိုက်တယ်။ ရုရှား​အသင်းတော်မှာ အကြီးအကဲ​အဖြစ် ကျွန်တော်​အမှုထမ်းခွင့်​ရတယ်။ အရမ်း​တိုးတက်လာ​လို့ နောက်​နှစ်မှာ ကျွန်တော်​တို့​အသင်းတော်ကို သုံးခု​ထပ်​ခွဲ​လိုက်ရတယ်! ပြန်​တွေးကြည့်​ရင် ယေဟောဝါ​ဟာ ကိုယ်တော်​ရဲ့​သိုး​တွေ​ကို အဖွဲ့အစည်း​ထဲ​လမ်းညွှန်​နေတယ်​ဆိုတာ ထင်ရှား​တယ်။

၁၉၉၈ ခုနှစ်​မှာ ရီ​ဂါ​ရဲ့​အနောက်​တောင်ဘက် ၂၅ မိုင်​ဝေး​တဲ့ ယဲလ်​ဂါဗာ​မြို့မှာ အထူး​ရှေ့ဆောင်​အဖြစ် ကျွန်တော်​ခန့်အပ်​ခံရ​တယ်။ အဲဒီ​နှစ်မှာ​ပဲ ရုရှား​နိုင်ငံ၊ စိန့်ပီတာ​စ​ဘတ်​မြို့အနီး​က စိုလ်​နက်​ခ်ျ​ညို​မြို့မှာ ရုရှား​ဘာသာ​စကား​နဲ့​ကျင်းပ​တဲ့ ဓမ္မ​အမှု​သင်တန်း​ကျောင်းတက်​ဖို့ လက်​ဗီ​ယာ​က ဦးဆုံး​ဖိတ်ခေါ်​ခံရ​သူ​ဖြစ်လာ​တယ်။ ခရစ်ယာန်​ဓမ္မ​အမှု​လုပ်ငန်းမှာ​အောင်မြင်​ဖို့​အတွက် လူတွေကို မေတ္တာထား​ဖို့ ဘယ်လောက်​အရေးကြီးတယ်ဆိုတာ သင်တန်းတက်​နေရင်း သဘောပေါက်​လာတယ်။ သင်တန်း​မှာ သင်ယူ​ခဲ့​ရတာတွေ​ထက် ကျွန်တော့်​ကို​ပို​ပြီး​စွဲမက်​သွား​စေ​တဲ့​အရာ​က ဗေသလ​မိသားစုနဲ့ သင်တန်းပို့ချ​သူတွေ​ပြသ​တဲ့ မေတ္တာ၊ ဂရုစိုက်​မှု​တို့​ပါ​ပဲ။

ချစ်စရာ​ကောင်း​တဲ့ ခရစ်ယာန်​ညီအစ်မ ကာ​ရီ​နာ​နဲ့ လက်ထပ်​တဲ့ ၂၀၀၁ ခုနှစ်​ဟာ ကျွန်တော့်​ဘဝရဲ့ သမိုင်း​မှတ်တိုင်​နောက်တစ်ခု​ဖြစ်တယ်။ ကာ​ရီ​နာ​လည်း ကျွန်တော်​နဲ့​အတူ အထူး​အချိန်ပြည့်​လုပ်ငန်းမှာ ပါဝင်​တယ်၊ ကျွန်တော့်​ဇနီး နေ့တိုင်း အမှုဆောင်​လုပ်ငန်း​ကနေ ပြန်လာတဲ့​အခါ အရမ်းပျော်​ရွှင်​နေတာ​တွေ့ရ​လို့ အားရမိ​တယ်။ ယေဟောဝါ​ရဲ့​အမှုဆောင်​ရတာ တကယ့်ကို​ပျော်ရွှင်စရာ​ပဲ။ ကွန်မြူနစ်​အုပ်စိုးမှု​အောက် ခက်ခဲ​ကြမ်းတမ်း​တဲ့ အတွေ့အကြုံ​တွေ​ကြောင့် ယေဟောဝါ​ကို အကြွင်းမဲ့​ကိုးစား​တတ်​လာတယ်။ ယေဟောဝါ​နဲ့​ဆက်ဆံ​ရေး​ကောင်း ဆက်​ရှိနေဖို့၊ ကိုယ်တော်​ရဲ့​ပိုင်သ​အုပ်စိုးမှု​ကို ထောက်ခံဖို့ ပေး​ဆပ်​ရတာတွေ​ဟာ မပြော​ပ​လောက်​ပါ​ဘူး။ တခြား​သူတွေ ယေဟောဝါ​ကို​သိလာဖို့ ကူညီပေး​တာ​ဟာ ကျွန်တော့်​ဘဝ​ရည်ရွယ်ချက်​ဖြစ်တယ်။ ‘ခရစ်တော်​ရဲ့ စစ်သားကောင်း​တစ်ယောက်’ အနေ​နဲ့ ယေဟောဝါ​အတွက် အမှုဆောင်​ရတာ တကယ့်​အခွင့်ထူးပါပဲ။—၂ တိမောသေ ၂:၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 29 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ခဲ့၊ ယခု ပုံ​မ​နှိပ်​တော့​ပါ။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ရီ​ဂါ​ဗဟို​အကျဉ်းထောင်​တွင် အလုပ်ကြမ်း​နှင့်​ထောင်ဒဏ် လေးနှစ်​ကျ​ခဲ့

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

အမှုဆောင်​လုပ်ငန်း​တွင် ကာ​ရီ​နာ​နှင့်အတူ