မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

ယေဟောဝါ​ဘုရားသခင်​ကို​မဟုတ်ဘဲ ယေရှု​အား “မသေ​နိုင်သော​အဖြစ်ကို​ရရှိသော​အရှင် တစ်ပါး​တည်း​ဖြစ်​တော်​မူ​ထ​သော” နှင့် “အဘယ်သူမျှ​မမြင်ဖူး​ရာ၊ မမြင်နိုင်​ရာ​ဖြစ်​တော်​မူ​ထ​သော” ဟူ​သည့် စကားစု​တို့​ဖြင့် ရည်ညွှန်း​ဖော်ပြခြင်း​မှာ အဘယ်​အခြေခံ​အကြောင်းရင်း​များ​ကြောင့်​နည်း။

တမန်​တော်​ပေါလု​က ဤသို့​ရေးခဲ့​၏– “မရ​ဏာ​နှင့်​ကင်းလွတ်​သော [“မသေ​နိုင်သော​အဖြစ်ကို ရရှိသော၊” က​ဘ] အရှင် တစ်ပါး​တည်း​ဖြစ်​တော်​မူ​ထ​သော၊ မ​ချဉ်းကပ်​နိုင်သော​အလင်း​ထဲ​၌ နေ​တော်​မူ​ထ​သော၊ လူ​တို့​တွင် အဘယ်သူမျှ မမြင်ဖူး​ရာ၊ မမြင်နိုင်​ရာ​ဖြစ်​တော်​မူ​ထ​သော၊ မင်္ဂလာ​ရှိသော၊ တစ်ပါး​တည်း​သော အရှင်ဖြစ်​တော်​မူ​ထ​သော၊ ဘုရင်​တို့၏​ဘုရင်၊ အရှင်​တို့၏​အရှင်​သည် တော်လျော်​သော​ကာလ​အချိန်​များ​၌ ထို​ထင်ရှား​ပေါ်ထွန်း​တော်​မူ​ခြင်း​ကို ပြတော်မူ​လိမ့်​မည်။”—၁ တိမောသေ ၆:၁၅-၁၆သမ္မာ။

‘“မသေ​နိုင်သော​အဖြစ်ကို​ရရှိသော​အရှင် တစ်ပါး​တည်း​ဖြစ်​တော်​မူ​ထ​သော၊” “တစ်ပါး​တည်း​သော​အရှင်ဖြစ်​တော်​မူ​ထ​သော၊” “အဘယ်သူမျှ​မမြင်ဖူး​ရာ၊ မမြင်နိုင်​ရာ​ဖြစ်​တော်​မူ​ထ​သော” ဟူ​သည့်​စကားစု​များ​ကြောင့် အတိုင်းအဆမဲ့​တန်ခိုးရှင်​မှ​လွဲ​၍ အခြားသူ​ကို ရည်ညွှန်းခြင်း မည်သို့​ဖြစ်​နိုင်​မည်​နည်း’ ဟု​ကျမ်း​ပညာရှင်​များ​က အများအားဖြင့် ကောက်ချက်​ချ​ကြသည်။ ယေဟောဝါ​အား ရည်ညွှန်း​ဖော်ပြ​ရာ​တွင် ထို​အသုံးအနှုန်း​များ​ကို အသုံးပြုနိုင်​သည်​မှာ မှန်ပါသည်။ သို့သော်၊ ၁ တိမောသေ ၆:၁၅၊ ၁၆ [သမ္မာ] ၏​အထက်အောက်​စကား​များ​က ပေါလု​သည် ယေရှု​အား ရည်ညွှန်း​ကြောင်း ဖော်ပြ​သည်။

အခန်းငယ် ၁၃ အစ​တွင် ပေါလု​က “ငါ​တို့​အရှင်​ယေရှု​ခရစ် ထင်ရှား​ပေါ်ထွန်း​တော်​မူ” ခြင်း​အကြောင်း ဖော်ပြ​ထား​သည်။ (၁ တိမောသေ ၆:၁၃သမ္မာ) ထို့​ကြောင့် “မင်္ဂလာ​ရှိသော၊ တစ်ပါး​တည်း​သော​အရှင်ဖြစ်​တော်​မူ​ထ​သော . . . အရှင်​သည် တော်လျော်​သော​ကာလ​အချိန်​များ​၌ ထို​ထင်ရှား​ပေါ်ထွန်း​တော်​မူ​ခြင်း​ကို ပြတော်မူ​လိမ့်​မည်” ဟု​ပေါလု​ရေးသား​ရာ​တွင် ယေဟောဝါ​ဘုရားသခင်​အကြောင်း​မဟုတ်ဘဲ ယေရှု၏​ပေါ်ထွန်းခြင်း​အကြောင်းကို ရည်ညွှန်း​နေခြင်း​ဖြစ်သည်။ သို့​ဖြစ်​လျှင် မည်သူသည် “တစ်ပါး​တည်း​သော​အရှင်” ဖြစ်သနည်း။ ပေါလု​ဖော်ပြ​ခဲ့​သော တစ်ပါး​တည်း​သော​အရှင်​မှာ ယေရှု​ဖြစ်သည်ဟု ဆီလျော်​စွာ ကောက်ချက်​ချ​နိုင်​ပါ​သည်။ အဘယ်ကြောင့်​နည်း။ အထက်အောက်​စကား​များ​အရ ပေါလု​သည် ယေရှုကို လူ့​အုပ်စိုးရှင်​များနှင့် နှိုင်းယှဉ်​နေကြောင်း ထင်ရှား​သည်။ ပေါလု​ရေးသားခဲ့​သကဲ့သို့ပင် ယေရှုသည် “[လူသား] ဘုရင်​တို့၏​ဘုရင်၊ [လူသား] အရှင်​တို့၏​အရှင်” ဖြစ်​တော်​မူ​သည်။ * မှန်ပါသည်၊ ထို​သူတို့နှင့် နှိုင်းယှဉ်​မည်​ဆိုလျှင် ယေရှုသည် “တစ်ပါး​တည်း​သော​အရှင်” ဖြစ်သည်။ “အရပ်ရပ်​တို့​၌​နေ၍ အသီးသီးအခြားခြား​သော ဘာသာ​စကား​ကို​ပြော​သော လူမျိုးတကာ​တို့ကို အုပ်စိုး​စေခြင်း​ငှာ . . . နိုင်ငံ​နှင့်​တကွ အာဏာစက်​တန်ခိုး​ကို” ယေရှု​ရရှိ​ထား​သည်။ (ဒံယေလ ၇:၁၄) မည်သည့်​လူသား​ဘုရင်​ကို​မျှ ထိုသို့​မပြော​နိုင်​ပါ။

“မသေ​နိုင်သော​အဖြစ်ကို​ရရှိသော​အရှင် တစ်ပါး​တည်း​ဖြစ်​တော်​မူ​ထ​သော” ဟူ​သည့်​စကားစု​နှင့်​ပတ်သက်​၍​ကော အသို့နည်း။ ဤ​အချက်​က​လည်း ယေရှု​နှင့် လူသား​ဘုရင်​တို့ကို နှိုင်းယှဉ်​နေခြင်း​ဖြစ်သည်။ မည်သည့်​လူသား​အုပ်စိုးရှင်​များ​ကို​မျှ မသေ​နိုင်သော​အဖြစ်ကို​ရရှိ​သည်​ဟု မပြော​နိုင်​ပါ၊ သို့သော် ယေရှုကို​မူ ပြော​နိုင်​ပါ​သည်။ ပေါလု​ဤသို့​ရေးခဲ့​၏– “ခရစ်တော်​သည် သေခြင်း​မှ​ထမြောက်​သောအခါ သေခြင်းနှင့်​အစဉ်​ကင်းလွတ်​တော်​မူ​၏။ သေခြင်း​တရားသည် နောက်​တစ်ဖန် ကိုယ်တော်​ကို​မ​အုပ်စိုး​ရ။” (ရောမ ၆:၈၊ ၉) သို့​ဖြစ်၍ သမ္မာကျမ်းစာ​က ယေရှုကို မသေ​နိုင်သော​အဖြစ် ဆုကျေးဇူး​ကို ဦးဆုံး​ရရှိ​သူ​အဖြစ် ဖော်ပြ​ထားခြင်း​ဖြစ်သည်။ မှန်ပါသည်၊ ပေါလု​ရေးသားချိန်​တွင် ယေရှုသည် မပျက်စီး​နိုင်သော​အသက်တာကို​ရရှိသော တစ်ဦးတည်း​သော​ပုဂ္ဂိုလ်​ဖြစ်သည်။

ထိုစကား​များ​ကို ပေါလု​ရေးသားချိန်​တွင် ယေရှုသည်​လည်း မသေ​နိုင်သော​အဖြစ်ကို ရရှိ​ထားပြီ​ဖြစ်သော​ကြောင့် ယေဟောဝါ​ဘုရားသခင် တစ်ပါး​တည်း​သာ မသေ​နိုင်သော​အဖြစ်ကို ရရှိ​သည်​ဟု ပေါလု​ပြောပါ​က မှား​နေ​မည်​ဖြစ်​ကြောင်း စိတ်စွဲ​မှတ်​သင့်​သည်။ သို့သော်၊ လူသား​အုပ်စိုးရှင်​များနှင့် နှိုင်းယှဉ်လျှင် ယေရှု​တစ်ပါး​တည်း​သာ မသေ​နိုင်သော​အဖြစ်ကို ရရှိ​ခြင်း​ဖြစ်​ကြောင်း ပေါလု​ပြော​နိုင်​ခဲ့​ခြင်း​ဖြစ်သည်။

ထို့​ပြင် ယေရှု​ရှင်ပြန်ထမြောက်​ကာ ကောင်းကင်​သို့​တက်ကြွ​သွားပြီး​နောက်​တွင် ကိုယ်တော်​ကို “အဘယ်သူမျှ​မမြင်ဖူး​ရာ၊ မမြင်နိုင်​ရာ​ဖြစ်​တော်​မူ​ထ​သော” အရှင်​ဟု ဖော်ပြခြင်း​သည်လည်း မှန်ကန်​ပါ​သည်။ ကိုယ်တော်​၏ ဝိညာဉ်​တော်​ဖွား တပည့်​များသည် သေဆုံး​ပြီး​နောက် ဝိညာဉ်​သတ္တဝါများ​အဖြစ် ကောင်းကင်​သို့ ရှင်ပြန်ထမြောက်​ကြသောအခါ ယေရှုကို မြင်ရ​ကြ​မည်​မှာ မှန်ပါသည်။ (ယောဟန် ၁၇:၂၄) သို့သော်၊ မြေကြီးပေါ်​ရှိ မည်သည့်​လူသားက​မျှ ဘုန်း​တန်ခိုး​ရှိသော ယေရှု၏​အဖြစ်​အနေ​ကို မြင်ရ​ကြ​မည်​မဟုတ်ပါ။ ထို့​ကြောင့် ယေရှု​ရှင်ပြန်ထမြောက်​ပြီး ကောင်းကင်​သို့​တက်ကြွ​သွား​သည့်​အချိန်​မှ​စ၍ ကိုယ်တော်​ကို “အဘယ်သူမျှ” မမြင်ဖူး​ရာ​ဟု မှန်ကန်​စွာ ဖော်ပြ​နိုင်​ပါ​သည်။

ရုတ်တရက်​ကြည့်​လျှင် ၁ တိမောသေ ၆:၁၅၊ ၁၆ တွင်​တွေ့ရ​သော ဖော်ပြချက်များ​သည် ဘုရားသခင်​ကို ရည်ညွှန်းခြင်း​ဖြစ်​နိုင်​သည်​ဟု ထင်​ရ​ပေမည်။ သို့သော်၊ အခြား​ကျမ်းချက်​များ​၏ ထောက်ခံချက်​များ​အပါအဝင် ပေါလု​၏ အထက်အောက်​စကား​များ​အရ ယေရှုကို ရည်ညွှန်းခြင်း​ဖြစ်​ကြောင်း ဖော်ပြ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ယေရှု​နှင့်​ပတ်သက်​၍ အလားတူ​ဖော်ပြချက်များ​ကို ၁ ကောရိန္သု ၈:၅၊ ၆; ဗျာ. ၁၇:၁၂၊ ၁၄; ၁၉:၁၆ တို့​တွင်​လည်း ဖော်ပြ​ထား​သည်။