မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏နာမတော်ကို အမှီပြုလျက် သွားလာကြကုန်အံ့

ယေဟောဝါ၏နာမတော်ကို အမှီပြုလျက် သွားလာကြကုန်အံ့

ယေဟောဝါ​၏​နာမတော်​ကို အမှီပြုလျက် သွားလာ​ကြ​ကုန်​အံ့

‘ငါ​တို့​မူ​ကား ငါ​တို့၏​ဘုရားသခင် ယေဟောဝါ​၏​နာမတော်​ကို အမှီပြုလျက် ကာလ​အစဉ်အမြဲ လိုက်လျှောက်​ကြ​လိမ့်​သတည်း။’—မိက္ခာ ၄:၅၊ သမ္မာ။

၁။ နောဧ​ခေတ်တွင် ကိုယ်ကျင့်တရား​နှင့်​ပတ်သက်​၍ မည်သို့​ရှိခဲ့​သနည်း၊ နောဧ​နှင့် မည်သို့​ကွာခြား​သနည်း။

သမ္မာကျမ်းစာ​က ဧနောက်​သည် ဘုရားသခင်​နှင့်အတူ ပထမဦးဆုံး​သွားလာ​သူ​ဖြစ်သည်ဟု​ဖော်ပြ​၏။ ဒုတိယ​မှာ နောဧ​ဖြစ်သည်။ “နောဧ​သည် ဖြောင့်မတ်​သော​သူ၊ မိမိ​ကာလ​၌​ရှိသော​လူ​တို့​တွင် စုံလင်သော​သူ​ဖြစ်၏။ ဘုရားသခင်​နှင့်အတူ သွားလာ​၏” ဟု​မှတ်တမ်းက​ဆို​သည်။ (ကမ္ဘာဦး ၆:၉သမ္မာ) နောဧ​ခေတ်​တိုင်​လေ​သော် လူအများစု​သည် စစ်မှန်သော​ဝတ်ပြုရေး​နှင့် ဝေးကွာ​နေကြ၏။ သစ္စာ​မရှိသည့်​ကောင်းကင်တမန်​များသည် လူ့​သမီး​များနှင့် စုံဖက်​ကြ​ပြီး “အား​ကြီးသော​သူ၊” “ကျော်စော​သော​သူ” များ​ဖြစ်သည့် နက်​ဖလင်​များ​ကို မွေးဖွား​ခဲ့​သောကြောင့် အခြေအနေ​ပို​ဆိုးရွား​သွားလေသည်။ သို့ဖြင့် ကမ္ဘာ​မြေကြီး​သည် အကြမ်းဖက်မှု​များနှင့် ပြည့်နှက်​နေ​၏။ (ကမ္ဘာဦး ၆:၂၊ ၄၊ ၁၁) ထိုသို့​ဖြစ်နေ​လျက်​ပင် နောဧ​သည် အပြစ်တင်​ခွင့်​နှင့်​ကင်း​အောင်​နေ၍ “ဖြောင့်မတ်ခြင်း​တရားကို​ဟော” ခဲ့​သည်။ (၂ ပေတရု ၂:၅) ဘုရားသခင်​သည် အသက်ကယ်​ရန် သင်္ဘော​ဆောက်​ခိုင်း​သည့်​အခါ နောဧ​သည် အမိန့်တော်​နာခံ​လျက် ‘ဘုရားသခင်​မှာ​ထား​တော်​မူ​သည်​အတိုင်း ပြု​လေ​၏။’ (ကမ္ဘာဦး ၆:၂၂) နောဧ​သည် ဘုရားသခင်​နှင့်အတူ အမှန်ပင်​သွားလာ​ခဲ့​၏။

၂၊ ၃။ နောဧ​သည် ယနေ့ ကျွန်ုပ်​တို့အတွက် အဘယ်​နည်းဖြင့်​ပုံသက်သေ​ကောင်း​ဖြစ်သနည်း။

ပေါလု​သည် သစ္စာရှိ​သက်သေခံ​များ​စာရင်း​တွင် နောဧ​အကြောင်းကိုလည်း ဤသို့​ရေးသား​ဖော်ပြ​ခဲ့​သည်၊ ‘နောဧ​သည် မမြင်​သေး​သော​အမှုအရာ​တို့ကို​ဖော်ပြ​သော အမြင်​အာရုံ​ကို​တွေ့​ပြီး​မှ ယုံကြည်ခြင်း​အားဖြင့် ကြောက်ရွံ့​သော​စိတ်​ရှိ၍ မိမိ​အိမ်သူအိမ်သား​တို့ကို ကယ်တင်ခြင်း​ငှာ သင်္ဘော​ကို​တည်​လေ​၏။ ထို​ယုံကြည်ခြင်း​အားဖြင့် လောကသား​တို့ကို​အပြစ်​တင်၍ ယုံကြည်ခြင်း​နှင့်ယှဉ်သော​ဖြောင့်မတ်ခြင်း​ကိုလည်း အမွေခံ​ရ၏။’ (ဟေဗြဲ ၁၁:၇) အလွန်​ကောင်း​သည့်​ပုံသက်သေ​ပါ​တကား။ ယေဟောဝါ​၏​စကားတော်​သည် အမှန်တကယ်​ဖြစ်ပျက်​လာ​မည်​ကို နောဧ ယုံကြည်​စိတ်ချ​သောကြောင့် သူ၏​အချိန်၊ ခွန်အား​နှင့် ဥစ္စာ​အင်​ခွင်​တို့ကို အသုံးပြု၍ ဘုရားသခင်​၏​အမိန့်တော်​နာခံ​ခဲ့​သည်။ ထို​နည်းတူ၊ ယနေ့ လူများစွာ​သည် ဤ​လောကတွင် တိုးတက်​ဖို့ မရွေးချယ်​ဘဲ သူတို့၏​အချိန်၊ ခွန်အား​နှင့် ဥစ္စာ​တို့ကို ယေဟောဝါ​၏​အမိန့်တော်​နာခံ​ဖို့ အသုံးပြု​ကြသည်။ သူတို့၏​ယုံကြည်ခြင်း​သည် မှတ်သားထိုက်​ပြီး ယင်းကြောင့် သူတို့နှင့် တခြားသူ​များ​ကို​ပါ ကယ်တင်​နိုင်​ခြင်း​ဖြစ်၏။—လုကာ ၁၆:၉; ၁ တိမောသေ ၄:၁၆

ရှေ့​ဆောင်းပါး​တွင် ဆွေးနွေး​ခဲ့​သည့် နောဧ​၏​ဘေး​ဖြစ်သူ ဧနောက်​ကဲ့သို့​ပင် နောဧ​နှင့်​သူ၏​မိသားစု​သည် ယုံကြည်ခြင်း​တင်ပြ​ကြ​ရန် အခက်တွေ့​ခဲ့​ပေမည်။ ဧနောက်​ခေတ်​မှာ​ကဲ့သို့ နောဧ​ခေတ်တွင်​လည်း စစ်မှန်သော​ဘာသာ​ကို ဝတ်ပြုသူ​များသည် လူ​ရှစ်ဦး​သာ​ရှိပြီး ထို​လူနည်းစု​သည် သစ္စာရှိခဲ့​ကြ​၍ ရေလွှမ်းမိုး​ဘေး​ကို ကပ်ကျော်​ခဲ့​ကြသည်။ အကြမ်းဖက်​ပြီး အကျင့်ပျက်​ပြား​သော​လောကတွင် ဖြောင့်မတ်ခြင်း​တရားကို နောဧ​ဟောပြောခဲ့​၏။ ထို့​ပြင် ယခင်​က ရေလွှမ်းမိုးခြင်း​ကို မည်သူမျှ​မ​တွေ့ခဲ့​ဖူး​ကြသော်လည်း နောဧ​နှင့် သူ၏​မိသားစု​သည် ကမ္ဘာချီ​ရေလွှမ်းမိုးခြင်း​ဘေး​မှ လွတ်မြောက်​ရန် ဧရာမ​သင်္ဘော​ကြီး​ကို ဆောက်​နေကြ​သည်။ ၎င်း​က သူတို့ကို စောင့်ကြည့်​နေကြ​သူများ​အတွက် အလွန်​ထူးဆန်း​နေ​ပုံ​ရခဲ့​ပေမည်။

၄။ ယေရှုသည် နောဧ​၏​တစ်ခေတ်​တည်း​သားများ​၏ အဘယ်​ပျက်ကွက်မှု​ကို အလေးပေး​ဖော်ပြ​ခဲ့​သနည်း။

နောဧ​ခေတ်​ကို ယေရှု​ညွှန်း​သောအခါ အလွန်​ဆိုးရွား​လှ​သည့် အကြမ်းဖက်မှု၊ မှားယွင်းသော​ဘာသာ​တရား၊ အကျင့်​ယိုယွင်းမှု​တို့​အကြောင်း မပြော​ဆို​ခဲ့​ချေ။ ယင်းအစား လူတို့သည် သတိပေး​ချက်​ကို ဂရုမစိုက်​ခဲ့​ကြောင်းကို ယေရှု​အလေးပေး​ဖော်ပြ​ခဲ့​၏။ “နောဧ​သည် သင်္ဘော​ထဲ​သို့​ဝင်​သော​နေ့​တိုင်အောင် လူများ​တို့သည် စားသောက်​လျက်၊ ထိမ်းမြား​စုံဖက်​လျက်​နေ” ကြသည်​ဟု ကိုယ်တော်​မိန့်ဆိုခဲ့​၏။ စားသောက်ခြင်း၊ ထိမ်းမြား​စုံဖက်​ခြင်းတို့သည် မှား​သလော။ သူတို့သည် “သာမန်” ဘဝ​ပုံစံ​ဖြင့်​သာ အသက်ရှင်နေ​ထိုင်​ခဲ့​ကြသည်။ မကြာမီ ရေလွှမ်းမိုး​တော့​မည်​ဖြစ်​ရာ နောဧ​သည် ဖြောင့်မတ်ခြင်း​တရားကို ဟောပြောလျက်​ရှိ၏။ သူ၏​စကား​နှင့် အပြု​အမူ​တို့ကို သူတို့ သတိပြု​သင့်​ကြသည်။ သို့ရာတွင် သူတို့သည် “ရေလွှမ်းမိုးခြင်း​ရောက်​သဖြင့် လူ​ခပ်သိမ်း​တို့ကို သုတ်သင်​ပယ်ရှင်း​သည့်​တိုင်အောင် သတိမဲ့​နေကြ​သည်။”—မဿဲ ၂၄:၃၈၊ ၃၉

၅။ နောဧ​နှင့် သူ၏​မိသားစု​သည် အဘယ်​အရည်အချင်းများ တင်ပြ​ဖို့​လို​ခဲ့​သနည်း။

ထို​ခေတ်​အခါ​ကို ပြန်ပြောင်း​ကြည့်​လျှင် နောဧ​၏​ဘဝ​လမ်းစဉ်သည် ပညာရှိ​လမ်းစဉ်​ဖြစ်၏။ သို့သော် ရေလွှမ်းမိုးခြင်း​မတိုင်မီ​အချိန်တွင် အခြား​သူများ​နှင့်​မတူ​ရန် သတ္တိ​ရှိဖို့လို​၏။ နောဧ​နှင့် သူ၏​မိသားစု​သည် ဧရာမ​သင်္ဘော​ကြီး​ကို​ဆောက်​ပြီး တိရစ္ဆာန်​တစ်မျိုးစီ​ကို အစုံ​လိုက် သင်္ဘော​ထဲ​သွင်း​ရန် ခိုင်ခံ့​သော​ယုံကြည်ခြင်း​ရှိဖို့လည်း​လို​၏။ တစ်ခါတစ်ရံ အဆိုပါ​သစ္စာရှိ​လူနည်းစု​မှ တစ်ဦး​တစ်ယောက်​က အခြားသူများ​ကဲ့သို့​ပင် “သာမန်” ဘဝ​ပုံစံ​ဖြင့် နေထိုင်​လို​စိတ်​ရှိခဲ့​ပါသလော။ ထိုသို့​သော​အတွေးမျိုး ဝင်​ခဲ့​ဖူး​လျှင်​ပင် သူတို့၏​သမာဓိကို မချိုးဖျက်​ခဲ့​ကြ​ချေ။ နောဧ​သည် နှစ်ပေါင်း​များစွာ ယုံကြည်ခြင်း​တင်ပြ​ခဲ့​သောကြောင့် ရေလွှမ်းမိုး​ဘေး​ကို ကပ်ကျော်​ခဲ့​ကြသည်၊ သူ၏​ယုံကြည်ခြင်း​အတွက် ခံရပ်​ခဲ့​ရသည့်​နှစ်များ​လောက် ဤ​အစီအစဉ်​စနစ်​မှ ကျွန်ုပ်​တို့ တစ်ယောက်မျှ ခံရပ်​ကြ​ရမည်​မဟုတ်​ချေ။ သို့သော် “သာမန်” ဘဝ​ပုံစံ​ဖြင့် နေထိုင်ပြီး အချိန်ကာလ​၏​အရေးကြီးမှုကို ဂရုမစိုက်​ကြ​သူအား​လုံး​ကို ယေဟောဝါ တရား​စီရင်​ခဲ့​သည်။

အကြမ်းဖက်မှု​ပြန်​ပေါ်လာ

၆။ ရေလွှမ်းမိုး​ပြီး​နောက် အဘယ်​အခြေအနေ ဆက်​ရှိခဲ့​သနည်း။

ရေလွှမ်းမိုး​ဘေး​ပြီး​နောက် လူ့​ဘဝ အသစ်​ပြန်​စတင်​ခဲ့​သည်။ သို့သော် လူတို့သည် မစုံလင်​ကြ​သေး​ချေ၊ “ငယ်​သော​အရွယ်​မှ​စ၍ စိတ်နှလုံး​အကြံအစည်​ဆိုး” မြဲ​ဆိုး​နေကြ​ဆဲ​ပင်။ (ကမ္ဘာဦး ၈:၂၁) ထို့​ပြင် နတ်ဆိုး​များသည် လူ​ယောင်​မဖန်ဆင်း​နိုင်​တော့​သော်လည်း သောင်းကျန်း​နေဆဲ​ရှိသည်။ ဘာသာ​တရား​ကင်းမဲ့​သည့် ထို​လူ့​လောကသည် ‘စာတန်​၏​လက်၌​ရှိကြောင်း’ မကြာမီ​ထင်ရှား​လာပြီး ယနေ့​ကဲ့သို့​ပင် စစ်မှန်သော​ဘာသာ​ကို ဝတ်ပြုသူ​များသည် ‘စာတန်​၏​ပရိယာယ်​တို့ကို’ တိုက်လှန်​ခဲ့​ကြ​ရသည်။—၁ ယောဟန် ၅:၁၉; ဧဖက် ၆:၁၁၊ ၁၂

၇။ ရေလွှမ်းမိုး​ပြီး​နောက် အကြမ်းဖက်မှု​များ မည်သို့​တိုးလာ​သနည်း။

ရေလွှမ်းမိုး​ပြီး​နောက် အနည်းဆုံး နိမ်ရောဒ​အချိန်​မှ​စ၍ ဤ​ကမ္ဘာ​ပေါ်​တွင် အကြမ်းဖက်မှု​များ ပြန်​ပေါ်လာ​၏။ လူဦးရေ​တိုးလာ​ပြီး စက်​မှု​ပညာ​ထွန်းကား​လာ​သည်​နှင့်​အမျှ အကြမ်းဖက်မှု​သည်လည်း တိုးများ​သည်ထက်​တိုးများ​လာ​လေ​ပြီ။ ရှေး​ယခင်​က ဓား၊ လှံ၊ လေး​နှင့်​မြား၊ စစ်ရထား​တို့​ရှိခဲ့​သည်။ များ​မကြာမီတွင် ပြောင်း​ချော​သေနတ်​နှင့် အ​မြောက်​တို့​ပေါ်လာ​ပြီး ၎င်းနောက် ရိုင်ဖယ်​သေနတ်​နှင့် ၂၀ ရာစု​အစောပိုင်း​တွင် ခေတ်မီ​ဆန်းပြား​လာသော အ​မြောက်​လက်နက်​တို့ကို တွေ့ရှိ​ခဲ့​ကြ​ရ၏။ ပထမ​ကမ္ဘာ​စစ်​တွင်​မူ လေယာဉ်ပျံ၊ သံချပ်ကာ​ကား၊ ရေငုပ်​သင်္ဘော​နှင့် အဆိပ်​ဓာတ်ငွေ့​အစ​ရှိသော ကြောက်မက်​ဖွယ်​လက်နက်များ​ကို စတင်​အသုံးပြု​ခဲ့​ကြသည်။ ထို​စစ်ပွဲ​တွင် အဆိုပါ​လက်နက်များ​ကြောင့် အသက်​ပေါင်း​များစွာ သေကျေပျက်စီး​ခဲ့​ကြ​ရသည်။ ထို့​သို့​ဖြစ်​လိမ့်​မည်​ဟု မသိကြ​၍​လော။ မဟုတ်ပါ။

၈။ ဗျာ. ၆:၁-၄ သည် မည်သို့​ပြည့်စုံ​နေသနည်း။

ဘုရားသခင့်​ကောင်းကင်​နိုင်ငံတော် ဘုရင်​အဖြစ် ယေရှု စိုးစံ​ခဲ့​သည့် ၁၉၁၄ ခုနှစ်​တွင် “သခင်​ဘုရား​နေ့” စတင်​လာ​လေ​သည်။ (ဗျာ. ၁:၁၀) ဗျာ. ကျမ်း​တွင် မှတ်တမ်း​တင်ထားသော အမြင်​အာရုံ​တစ်ခု​၌ ဘုရင်​အဖြစ် အောင်ပွဲခံ​လျက် မြင်းဖြူ​စီး​လာ​သူ ယေရှုကို မြင်တွေ့ရ​၏။ ကိုယ်တော်​၏​နောက်​တွင် လိုက်ပါ​လာသော တခြား​မြင်းစီးသူ​အသီးသီး​သည် ကပ်ဘေး​တစ်မျိုးစီ​ကို ကိုယ်စား​ပြု​၏။ မြင်း​နီ​စီး​လာ​သူသည် “ငြိမ်ဝပ်ခြင်း​ကို မြေကြီး​က ရုပ်သိမ်းခြင်း​ငှာ​လည်းကောင်း၊ မြေကြီးသား​တို့ကို အချင်းချင်း အသေ​သတ်​စေခြင်း​ငှာ​လည်းကောင်း အခွင့်​ရ၏။ သူ၌ ဓား​ကြီး​ကို​ပေး​တော်​မူ​၏။” (ဗျာ. ၆:၁-၄) အဆိုပါ​မြင်း​နှင့် မြင်းစီးသူ​သည် စစ်မက်​ရေးရာ​ကို သရုပ်ဖော်​ပြီး ဓား​ကြီး​မှာ​မူ တစ်ခါမျှ​မကြုံဖူး​သည့် အဖျက်​စွမ်းအား​ကြီးမားသော လက်နက်များ​ကို ပုံဆောင်​သည်။ ယနေ့ အဆိုပါ​လက်နက်များ​တွင် နျူကလီးယား​ထိပ်​ဖူး​များ​ပါရှိ​ပြီး ထို​ထိပ်​ဖူး​တစ်ခုစီ​က လူ​သန်းပေါင်း​များစွာ​၏​အသက်ကို ခြွေယူ​နိုင်​သည်၊ ဒုံးကျည်​များသည် နျူကလီးယား​ထိပ်​ဖူး​များ​ကို မိုင်​ထောင်ချီ​ကွာဝေး​သည့် ပစ်မှတ်​များ​သို့ ထိမှန်​အောင် ပစ်​နိုင်စွမ်း​ရှိ၏၊ ထို့​ပြင် ခေတ်မီ​ဆန်းပြား​သော ဓာတု၊ ဇီဝ​လက်နက်များ​သည် လူ​တို့ကို အစုလိုက်​အပြုံလိုက်​သေစေနိုင်​၏။

ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို ကျွန်ုပ်​တို့​ဂရုပြု

၉။ ယနေ့ လောက​၏​အခြေအနေ​နှင့် ရေလွှမ်းမိုးခြင်း​မတိုင်မီ​က အခြေအနေ​ကို နှိုင်းယှဉ်​သော် မည်သို့​နည်း။

နောဧ​ခေတ်တွင် နက်​ဖလင်​တို့၏ သွေးထိုး​ပေး​မှု​ကြောင့် ဆိုးသွမ်းသူ​များသည် အလွန်အမင်း​အကြမ်းဖက်​လာ​ကြ​သဖြင့်​လူအပေါင်း​ကို ယေဟောဝါ ဖျက်ဆီး​ခဲ့​ရသည်။ ယနေ့​ကော။ ကမ္ဘာ​မြေကြီး​သည် ထို​အချိန်​က​လောက် မဆိုး​ဟု​ဆို​မည်​လော။ ဝေးလေစွ။ ထို့​ပြင် နောဧ​ခေတ်​က​ကဲ့သို့ ယနေ့ လူတို့သည် သူတို့၏​လုပ်ငန်းဆောင်တာ​များနှင့်​သာ လုံးပန်း​နေကြ​ပြီး သတိပေး​ချက်​များ​ကို ဂရုမစိုက်​ကြ​ဘဲ “သာမန်” ဘဝ​ပုံစံ​ဖြင့် နေထိုင်ရန် ကြိုးစား​နေကြ​သည်။ (လုကာ ၁၇:၂၆၊ ၂၇) သို့​ဖြစ်၍ လူ​တို့ကို ယေဟောဝါ နောက်​တစ်ဖန်​ဖျက်ဆီး​ရန် အကြောင်း​ရှိသလော။ ရှိပါ​သည်။

၁၀။ (က) သမ္မာကျမ်းစာ​ပရောဖက်ပြုချက်​တွင် အဘယ်​သတိပေး​ချက်​ကို ထပ်တလဲလဲ ဖော်ပြ​ထား​သနည်း။ (ခ) ယနေ့ တစ်ခု​တည်း​သော ပညာရှိ​လမ်းစဉ်​ကား အဘယ်နည်း။

၁၀ ရေလွှမ်းမိုးခြင်း​မတိုင်မီ ရာ​နှင့်​ချီ​နှစ်များ​က ဧနောက်​သည် ကျွန်ုပ်​တို့၏​ခေတ်တွင် ဖြစ်လတ္တံ့​သော ဖျက်ဆီးခြင်း​အကြောင်း ပရောဖက်ပြု​ခဲ့​သည်။ (ယုဒ ၁၄၊ ၁၅) ယေရှုသည်​လည်း လာ​လတ္တံ့​သော ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ အကြောင်း​မိန့်ဆိုခဲ့သည်။ (မဿဲ ၂၄:၂၁) တခြား​ပရောဖက်​များလည်း အဆိုပါ​အချိန်​အခါ​အကြောင်း သတိပေး​ခဲ့​သည်။ (ယေဇကျေလ ၃၈:၁၈-၂၃; ဒံယေလ ၁၂:၁; ယောလ ၂:၃၁၊ ၃၂) ဗျာ. ကျမ်း​တွင်​လည်း ဤ​နောက်ဆုံး​ဖျက်ဆီးခြင်း​အကြောင်း ကွင်းကွင်းကွက်ကွက် ဖော်ပြ​ထား​သည်ကို ကျွန်ုပ်​တို့​ဖတ်ရှု​ကြ​ရ၏။ (ဗျာ. ၁၉:၁၁-၂၁) ကျွန်ုပ်​တို့​တစ်ဦးစီ​သည် နောဧ​ကို​တုပ​ကာ ဖြောင့်မတ်ခြင်း​တရားကို တက်ကြွ​စွာ ဟောပြောနေကြ​၏။ ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို ကျွန်ုပ်​တို့​ဂရုပြု​ကာ အိမ်နီးချင်း​များ​ကိုလည်း ထိုသို့​ဂရုပြု​ကြ​ရန် မေတ္တာပါ​စွာ ကူညီပေး​လျက်​ရှိကြ​၏။ ထို့​ကြောင့် နောဧ​နည်းတူ ကျွန်ုပ်​တို့သည် ဘုရားသခင်​နှင့်အတူ သွားလာ​ကြသည်။ သို့​ဖြစ်၍ အသက်ရှင်​လို​သူ မည်သူ​မဆို ဘုရားသခင်​နှင့်အတူ သွားလာ​နေဖို့ အရေးကြီး​၏။ နေ့စဉ်​နှင့်​အမျှ ကျွန်ုပ်​တို့​ကြုံတွေ့​နေရ​သော ဖိစီးမှုများ​ကြား ထိုသို့​မည်သို့​သွားလာ​နိုင်​ကြ​မည်​နည်း။ ဘုရားသခင်​၏​ရည်ရွယ်တော်မူချက် အမှန်ပင်​ပြည့်စုံ​လာ​မည်​ကို အခိုင်အမာ​ယုံကြည်ခြင်း​ရှိဖို့လို​သည်။—ဟေဗြဲ ၁၁:၆

ကသောင်းကနင်း​နိုင်သော​ကာလ​တွင် ဘုရားသခင်​နှင့်အတူ သွားလာ​နေလော့

၁၁။ ကျွန်ုပ်​တို့သည် ပထမ​ရာစု​ရှိ ခရစ်ယာန်​များ​ကို မည်သို့​တုပ​ကြ​သနည်း။

၁၁ ပထမ​ရာစု​တွင် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် ခရစ်တော်​၏​လမ်းစဉ်​အတိုင်း လျှောက်ခဲ့​ကြသည်​ဟု​ဆို​၏။ သူတို့၏​ဘဝ​လမ်းစဉ်​တစ်ခုလုံး​သည် ယေဟောဝါ​နှင့် ယေရှု​ခရစ်​တို့ကို ယုံကြည်​အားထားခြင်း​အပေါ် အခြေပြု​ခဲ့​သည်။ သူတို့၏​သခင် လျှောက်လှမ်း​ခဲ့​သည့်​လမ်းအတိုင်း လျှောက်ခဲ့​ကြသည်။ ယနေ့ သစ္စာရှိ​ခရစ်ယာန်​များလည်း ထို​နည်းတူ​လျှောက်လှမ်း​နေကြ၏။

၁၂။ ယေရှုသည် လူအုပ်​ကို အံ့ဖွယ်​နည်းဖြင့် အစာ​ကျွေး​ပြီး​နောက် အဘယ်အရာ​ဖြစ်ပျက်​ခဲ့​သနည်း။

၁၂ ယေရှု​ဓမ္မ​အမှုဆောင်ခဲ့​ချိန်​အတွင်း အဖြစ်အပျက်​တစ်ခု​၌ ယုံကြည်ခြင်း​၏​အရေး​ပါး​မှု​ကို တွေ့ရှိ​ခဲ့​ရသည်။ တစ်ခါ​က ယေရှုသည် အမျိုးသား ၅,၀၀၀ ခန့်​ကို အံ့ဖွယ်​နည်းဖြင့် အစာ​ကျွေး​ခဲ့​သည်။ လူ​တို့ အလွန်​အံ့သြ​ဝမ်းသာ​ခဲ့​ကြ​၏။ သို့သော် ဆက်​ပြီး အဘယ်အရာ​ဖြစ်ပျက်​ခဲ့​သည်ကို သတိပြုပါ။ “ထိုသို့​ယေရှု​ပြု​တော်​မူ​သော နိမိတ်​လက္ခဏာကို ထို​လူများ​တို့သည် မြင်လျှင် ‘ဤ​သူ​ကား ဤ​လောက​သို့​ကြွလာ​ရသော ပရောဖက်​အမှန်​ဖြစ်သည်’ ဟု​ဆို​ကြ​၏။ ထို​သူတို့သည် ကိုယ်တော်​ကို ရှင်ဘုရင်​အရာ​၌ ချီးမြှောက်​ခြင်း​ငှာ​လာ၍ အနိုင်အထက်ပြု​ကြ​မည်​အကြောင်းကို ယေရှုသည် သိတော်မူ​လျှင် တောင်ပေါ်​သို့ တစ်ယောက်တည်း ကြွတော်မူ​ပြန်​၏” ဟု​ကျွန်ုပ်​တို့ ဖတ်​ရသည်။ (ယောဟန် ၆:၁၀-၁၅) ထို​ည​၌​ပင် ကိုယ်တော်​သည် နောက်​တစ်​နေရာသို့ ထွက်သွား​လေ​သည်။ ဘုရင့်​အရိုက်အရာကို ယေရှု​ငြင်းပယ်​ခဲ့​သဖြင့် လူများစွာ စိတ်ပျက်​အားလျော့​သွား​ပုံ​ရှိ၏။ ကိုယ်တော်​သည် ဘုရင်​ဖြစ်​နိုင်​သည့် ဉာဏ်ပညာ​အလုံအလောက်​ရှိပြီး လူ​တို့ကို ကာယရေး​အရ​ထောက်ပံ့​နိုင်စွမ်း​ရှိကြောင်း​ထင်ရှား​သည်။ သို့သော် ယေဟောဝါ​သည် ယေရှုကို ဘုရင်​အဖြစ်​ချီးမြှောက်​ရန် အချိန်မတန်​သေး​ချေ။ ထို့​ပြင် ယေရှု၏​နိုင်ငံတော်​သည် မြေကြီး​တွင်​မဟုတ်ဘဲ ကောင်းကင်​တွင်​ဖြစ်သည်။

၁၃၊ ၁၄။ လူအများသည် အဘယ်​စိတ်ထား​ကို ဖော်ပြ​ခဲ့​ကြ​သနည်း၊ သူတို့၏​ယုံကြည်ခြင်း​သည် မည်သို့​စမ်းသပ်ခံ​ခဲ့​ရသနည်း။

၁၃ မည်သို့​ပင်​ဖြစ်စေ၊ လူအုပ်သည် ယေရှု​နောက် တကောက်ကောက်​လိုက်ခဲ့​ကြ​ရာ ယောဟန်​ပြော​သည့်​အတိုင်း “အိုင်​တစ်ဖက်၌” ကိုယ်တော့်​ကို တွေ့​လေ​သည်။ ဘုရင်​တင်မြှောက်​ခြင်း​ကို ကိုယ်တော်​ငြင်းပယ်​ပြီး​နောက်​၌​ပင် ကိုယ်တော်​နောက် သူတို့ အဘယ်ကြောင့်​လိုက်ခဲ့​ကြ​သနည်း။ မောရှေ​ခေတ်​က တောကန္တာရ​တွင် ကာယ​အစာကို ယေဟောဝါ ကျွေးမွေး​ခဲ့​ခြင်း​အကြောင်း ထောက်ပြ​ခြင်း​ဖြင့် သူတို့၏​ဇာတိ​စိတ် ပေါ်လွင်​လာ​၏။ သူတို့​ဆိုလိုသည်မှာ ယေရှုသည်​လည်း မိမိတို့ကို ကာယ​အစာ​ပေး​သင့်​သည်​ဟု ဖြစ်၏။ သူတို့ အမြင်မှား​နေသည်​ကို ယေရှု​တွေ့မြင်​ပြီး တည့်မတ်​ပေး​ရန် ဝိညာဉ်​ရေး​အမှန်တရား​များ​ကို သူတို့အား​သွန်သင်ပေး​လေ​တော့​သည်။ (ယောဟန် ၆:၁၇၊ ၂၄၊ ၂၅၊ ၃၀၊ ၃၁၊ ၃၅-၄၀) ထို​အခါ ယေရှု​က “ငါ​အမှန်အကန်​ဆိုသည်ကား၊ လူသား​၏​အသားကို​မစား၊ အသွေးကို​မသောက်လျှင် သင်တို့၌​အသက်မရှိ။ ငါ​၏​အသားကို​စား၍ ငါ​၏​အသွေးကို​လည်း သောက်​သော​သူသည် ထာဝရ အသက်ကို​ရ၏။ ထို​သူကို နောက်ဆုံးသော​နေ့၌ ငါ​ထမြောက်​စေမည်” ဟူ၍ ပုံ​ဥပမာ​ပေး​၍​မိန့်ဆိုချိန်တွင် အချို့​သည် ကိုယ်တော့်​ကို အပြစ်တင်​ညည်းညူ​ခဲ့​ကြသည်။—ယောဟန် ၆:၅၃၊ ၅၄

၁၄ ယေရှု၏​ပုံ​ဥပမာ​များ​က လူ​တို့ ဘုရားသခင်​နှင့်အတူ သွားလာ​လို​စိတ်​ရှိမရှိ ဖော်ထုတ်​ပေး​လေ့​ရှိ၏။ ဤ​ပုံ​ဥပမာ​သည်လည်း ထို​နည်း​အတိုင်း​ပင်​ဖြစ်၏။ ယင်းကြောင့် သူတို့၏​တုံ့ပြန်မှု​သည် အတော်ပင်​ပြင်းထန်​သွားလေသည်။ ကျွန်ုပ်​တို့​ဖတ်ရှု​ကြ​ရသည်မှာ ‘တပည့်​အများ​တို့သည် ကြား​လျှင် “ထိုစကား​သည် အလွန်​ခက်လှ​၏။ အဘယ်သူ နား​ခံနိုင်​မည်​နည်း” ဟု​ဆို​ကြ​၏။’ ထို​အခါ ယေရှု​က မိမိ​မိန့်ဆိုသမျှ၏ ဝိညာဉ်​ရေး​ဆိုလိုချက်​ကို သဘောပေါက်​ဖို့​ကြိုးစား​သင့်​ကြောင်း ဆက်​ရှင်းပြသည်။ ကိုယ်တော်​က “ဝိညာဉ်သာလျှင် အသက်ရှင်​စေ​၏။ ကိုယ်ကာယ​သည် အလျှင်း​မတတ်နိုင်။ ငါ​ပြော​သော​စကား​သည် ဝိညာဉ်​ဖြစ်၏။ အသက်လည်း​ဖြစ်၏” ဟု​မိန့်ဆိုခဲ့သည်။ ထိုသို့​မိန့်ဆိုသည့်တိုင် လူအများသည် နားမထောင်​လို​ကြ​ရာ ‘ထို​အခါ​မှ​စ၍ တပည့်​အများ​တို့သည် ကိုယ်တော်​နှင့်​မပေါင်းဖော်​ဘဲ ဆုတ်​သွား​ကြ​၏’ ဟု​မှတ်တမ်းက​ဆို​သည်။—ယောဟန် ၆:၆၀၊ ၆၃၊ ၆၆

၁၅။ ယေရှု၏​နောက်လိုက်​အချို့​တွင် အဘယ်​တော်မှန်​သော​စိတ်ထား​ရှိ​သနည်း။

၁၅ မည်သို့​ပင်​ဖြစ်ပါစေ ယေရှု၏​တပည့်​အားလုံး ထိုသို့​မတုံ့ပြန်​ခဲ့​ကြ​ချေ။ သစ္စာရှိ​တပည့်​များသည်​လည်း ယေရှု​မိန့်ဆိုခဲ့​သော​စကား​ကို အပြည့်အဝ နားမလည်​ခဲ့​ကြသည်​မှာ မှန်​၏။ သို့​ဖြစ်​လျက်​ပင် သူတို့သည် ကိုယ်တော့်​ကို အခိုင်အမာ​ဆက်လက်​ယုံကြည်​ကြသည်။ သစ္စာရှိ​တပည့်​တို့​အနက် တစ်ဦး​ဖြစ်သူ ပေတရု​က “သခင်၊ အကျွန်ုပ်​တို့သည် အဘယ်သူ​ထံ​သို့​သွား​ရ​ပါ​မည်​နည်း။ ထာဝရ​အသက်​နှင့်ယှဉ်သော​စကား​သည် ကိုယ်တော်၌​တည်​ပါ​၏” ဟု​ပြောဆို​ခဲ့​စဉ် ကိုယ်တော့်​ကို မစွန့်​ခဲ့​သော တပည့်​အားလုံး​၏​စိတ်ထား​ကို ဖော်ပြ​ခဲ့​သည်။ (ယောဟန် ၆:၆၈) တကယ့်ကို ချီးကျူးထိုက်​သော​စိတ်ထား​နှင့် တကယ့်ကို​ကောင်းသော ပုံသက်သေ​ပါ​တကား။

၁၆။ ကျွန်ုပ်​တို့သည် မည်သို့​စမ်းသပ်ခံ​ရမည်​နည်း၊ အဘယ်​တော်မှန်​သော​စိတ်ထား​ကို ကျွန်ုပ်​တို့​မွေးမြူ​သင့်​သနည်း။

၁၆ ထို​အစောပိုင်း​တပည့်​များ​ကဲ့သို့ ယနေ့ ကျွန်ုပ်​တို့​လည်း စမ်းသပ်ခံ​ရ​ကြ​ပေ​လိမ့်​မည်။ ကျွန်ုပ်​တို့​ကိစ္စ​တွင် ယေဟောဝါ​၏​ကတိတော်​များသည် ကျွန်ုပ်​တို့​မျှော်လင့်​ထား​သကဲ့သို့ အလျင်​အမြင် ဖြစ်​မလာ​သည့်​အတွက် စိတ်ဓာတ်ကျ​နိုင်​ပေ​သည်။ သမ္မာကျမ်းစာ​အခြေပြု​စာပေ​များ​ပါ ကျမ်းစာ​ရှင်းလင်းချက်များ​သည် နားလည်​ရ​ခက်​သည်​ဟု ယူမှတ်​နိုင်​ကြ​ပေမည်။ ခရစ်ယာန်​ချင်း​တစ်ဦး၏​အပြု​အမူ​သည် စိတ်ပျက်​အားလျော့​စ​ရာ ဖြစ်နေ​ပေမည်။ ဤသို့​သော​အကြောင်း​များ​ကြောင့် ဘုရားသခင်​နှင့်အတူ မသွား​လာတော့​ဘဲ နေ​သင့်​သလော။ ဝေး​လိုက်​လေ​ခြင်း။ ယေရှုကို စွန့်ခွာ​သွားခဲ့​ကြသော တပည့်​များ​တွင် ဇာတိ​စိတ်ထား​ရှိကြောင်း ထင်ရှား​၏။ ကျွန်ုပ်​တို့သည် ထိုသို့​မပြု​သင့်​ကြ​ပါ။

ငါ​တို့သည် ရွေ့​လျော့​သော​သူ​မဟုတ်

၁၇။ ဘုရားသခင်​နှင့်အတူ ကျွန်ုပ်​တို့​မည်သို့​သွားလာ​နေနိုင်​ကြ​မည်​နည်း။

၁၇ တမန်​တော်​ပေါလု​က “ကျမ်းစာ​ရှိသမျှသည် ဘုရားသခင် မှုတ်သွင်း​တော်​မူ​သော​အားဖြင့်​ဖြစ်” ၏​ဟု ရေးသားခဲ့​သည်။ (၂ တိမောသေ ၃:၁၆) ယေဟောဝါ​သည် သမ္မာကျမ်းစာ​အားဖြင့် ကျွန်ုပ်​တို့ကို “ဤ​မည်​သော​လမ်း​သည် မှန်​၏။ ဤ​လမ်း၌​သွားလော့” ဟု​မိန့်ဆို​လျက်​ရှိသည်။ (ဟေရှာယ ၃၀:၂၁) သမ္မာကျမ်းစာ​၏​မိန့်မှာချက်ကို နားထောင်ခြင်း​ဖြင့် ကျွန်ုပ်​တို့ မည်သို့​သွားလာ​ရမည်ကို စေ့စေ့​သတိပြု​စေ​သည်။ (ဧဖက် ၅:၁၅) သမ္မာကျမ်းစာ​ကို လေ့လာ​ပြီး ဖတ်ရှု​သိရှိလာရာ​များ​ကို ဆင်ခြင်​သုံးသပ်ခြင်း​ဖြင့် အမှန်တရားအတိုင်း သွားလာ​နိုင်​မည်​ဖြစ်သည်။ (၃ ယောဟန် ၃) ယေရှု​မိန့်ဆိုခဲ့​သည့်​အတိုင်း “ဝိညာဉ်သာလျှင် အသက်ရှင်​စေ​၏။ ကိုယ်ကာယ​သည် အလျှင်း​မတတ်နိုင်” ချေ။ ကျွန်ုပ်​တို့၏​ခြေလှမ်း​များ​ကို တည့်မတ်​ပေး​စေနိုင်​သည့် ယုံကြည်​စိတ်ချ​ရသော တစ်ခု​တည်း​သော​လမ်းညွှန်ချက်​မှာ ယေဟောဝါ​၏​နှုတ်​တော်​ထွက်​စကားတော်၊ ဝိညာဉ်​တော်​နှင့် ကိုယ်တော်​၏​အဖွဲ့အစည်း​မှ​တစ်ဆင့် ရရှိသော ဝိညာဉ်​ရေး​လမ်းညွှန်ချက်​ဖြစ်၏။

၁၈။ (က) အချို့​သည် ပညာ​မဲ့​စွာ မည်သို့​လုပ်ဆောင်နေ​ကြ​သနည်း။ (ခ) အဘယ်​ယုံကြည်ခြင်း​မျိုးကို ကျွန်ုပ်​တို့ မွေးမြူ​ကြ​ရမည်​နည်း။

၁၈ ယနေ့ ဇာတိ​စိတ်​ကြောင့်၊ သို့​မဟုတ် မျှော်လင့်သည့်​အတိုင်း​ဖြစ်​မလာ​သောကြောင့် စိတ်ပျက်​အားလျော့​လာ​သူများ​သည် ဤ​လောက​ကမ်း​လှမ်း​သည့်​အရာများ​ကို အပြည့်အဝ​ရယူရန် ကြိုးစား​လေ့​ရှိကြသည်။ သူတို့တွင်​ရှိခဲ့​သည့် အရေးတကြီး​စိတ်ထား ပျောက်ဆုံး​သွားပြီ​ဖြစ်​ရာ “စောင့်နေ” ရန်​မလိုဟု သူတို့​ယူမှတ်​လာ​ကြ​၏၊ ထို​အခါ ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို ဦးစား​မထား​တော့​ဘဲ ကိုယ်ကျိုးရှာ​ပန်းတိုင်​များ​ကို​မီ​ဖို့ ကြိုးစား​ကြ​လေ​တော့​သည်။ (မဿဲ ၂၄:၄၂) ထိုသို့​လျှောက်လှမ်းခြင်း​သည် အမှန်တကယ်​ပင်​ပညာ​မဲ့​သည်။ တမန်​တော်​ပေါလု​က “ငါ​တို့​မူ​ကား၊ ပျက်စီးခြင်း​သို့​ရောက်​အံ့​သော​ငှာ ရွေ့​လျော့​သော​သူ​မဟုတ်။ စိတ်​ဝိညာဉ်​သည် ကယ်တင်ခြင်း​သို့​ရောက်​အံ့​သော​ငှာ ယုံကြည်​သော​သူ​ဖြစ်​ကြ​၏” ဟု ရေးသားခဲ့​သည်ကို သတိပြုပါ။ (ဟေဗြဲ ၁၀:၃၉) ဧနောက်​နှင့် နောဧ​တို့​ကဲ့သို့ ကျွန်ုပ်​တို့​လည်း ကသောင်းကနင်း​နိုင်သော​ကာလ​တွင် အသက်ရှင်နေ​ထိုင်​ကြ​ရ၏၊ သို့​ဖြစ်​လျက်​ပင် သူတို့​နည်းတူ ကျွန်ုပ်​တို့သည် ဘုရားသခင်​နှင့်အတူ သွားလာ​နိုင်​ခွင့်​ရှိကြသည်။ ထိုသို့​သွားလာ​ကြ​ခြင်း​အားဖြင့် ယေဟောဝါ​၏​ကတိတော်​များ မကြာမီ​ပြည့်စုံ​လာပြီး မတရားမှုများ ပျက်စီး​သွား​ကာ ဖြောင့်မတ်​သော​ကမ္ဘာသစ် တည်ထောင်​လာ​သည်ကို ယုံကြည်​စိတ်ချ​စွာ မျှော်လင့်​နိုင်​ကြ​၏။ တကယ့်ကို​ကောင်း​သည့် အနာဂတ်​ပါ​တကား။

၁၉။ မိက္ခာ​သည် စစ်မှန်သော​ဘာသာ​ကို ဝတ်ပြုသူ​များ​၏​လမ်းစဉ်​အကြောင်း မည်သို့​ဖော်ပြ​သနည်း။

၁၉ လောကသား​များသည် “အသီးအသီး ကိုယ်​ဆိုင်ရာ​ဘုရား​၏​နာမကို​အမှီပြုလျက် လိုက်လျှောက်​တတ်ကြ​၏” ဟု​ပရောဖက်​မိက္ခာ​က ဆို​သည်။ ထို့နောက် မိမိ​ကိုယ်တိုင်​နှင့် တခြား​သစ္စာရှိ​ဝတ်ပြုသူ​များနှင့်​ပတ်သက်​၍ သူက ‘ငါ​တို့​မူ​ကား ငါ​တို့၏​ဘုရားသခင် ယေဟောဝါ​၏​နာမတော်​ကို အမှီပြုလျက် ကာလ​အစဉ်အမြဲ လိုက်လျှောက်​ကြ​လိမ့်​သတည်း’ ဟု​ဆို​ခဲ့​သည်။ (မိက္ခာ ၄:၅သမ္မာ) အကယ်၍ သင်သည် မိက္ခာ​နည်းတူ ဆုံးဖြတ်ထား​မည်​ဆိုလျှင် ဤ​လောကသည် မည်မျှ​ပင်​ကသောင်းကနင်း​နိုင်​ပါစေ ယေဟောဝါ​နှင့် အနီးကပ်​နေထိုင်ပါ။ (ယာကုပ် ၄:၈) ယခုရော၊ နောင်​အနာဂတ်​တွင်​ပါ ကျွန်ုပ်​တို့၏​ဘုရားသခင် ယေဟောဝါ​နှင့်အတူ ထာဝစဉ်​သွားလာ​လို​စိတ် အမြဲ​ပြင်းပြ​နေပါ​လေ​စေ။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• နောဧ​ခေတ်​နှင့် ယခု​ခေတ်တွင် အဘယ်​ဆင်တူချက်​များ​ရှိ​သနည်း။

• နောဧ​နှင့် သူ၏​မိသားစု​သည် အဘယ်​လမ်းစဉ်​ကို လိုက်လျှောက်​ခဲ့​သနည်း၊ သူတို့၏​ယုံကြည်ခြင်းကို ကျွန်ုပ်​တို့​မည်သို့​တုပ​နိုင်​သနည်း။

• ယေရှု၏​နောက်လိုက်​အချို့​သည် မည်သို့​အမြင်မှား​ခဲ့​ကြ​သနည်း။

• စစ်မှန်သော​ခရစ်ယာန်​များသည် အဘယ်​သို့​လုပ်ဆောင်ရန် ဆုံးဖြတ်ထား​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံများ]

နောဧ​ခေတ်​က​ကဲ့သို့ ယနေ့ လူတို့သည် နေ့စဉ်​လုပ်ငန်းဆောင်တာ​များနှင့်​လုံးပန်း​လျက်​နေကြ

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ဘုရားသခင့်​နိုင်ငံတော် ကြွေးကြော်​သူများ​အနေ​နှင့် ကျွန်ုပ်​တို့သည် “ရွေ့​လျော့​သော​သူ” များ​မဟုတ်​ကြ