မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏ “စကားတော်”သည် သင့်ကိုကာကွယ်စောင့်ရှောက်ပါစေ

ယေဟောဝါ၏ “စကားတော်”သည် သင့်ကိုကာကွယ်စောင့်ရှောက်ပါစေ

ယေဟောဝါ​၏ “စကားတော်”သည် သင့်ကို​ကာကွယ်​စောင့်ရှောက်​ပါစေ

ဘီ.စီ.အီး. ၄၉၀၊ သမိုင်းဝင်​မာရသွန်​တိုက်ပွဲ​တွင် တစ်​သောင်း​မှ​နှစ်​သောင်း​ကြား​ရှိ အေ​သင်​စစ်သည်​များသည် ထူးချွန်​သော​လက်ရွေးစင် ပါးရှား​စစ်သည်​များနှင့် ရင်ဆိုင်ခဲ့​ရသည်။ ဂရိ​တို့၏​အဓိက​နည်း​ဗျူဟာ​မှာ စစ်သည်​ထု​များ ပူးပူးကပ်ကပ်​ရပ်၍ စစ်ချီ​သည့် ဖဲလင့်စ်​နည်း​ဖြစ်သည်။ သူတို့၏​ဒိုင်းလွှား​များသည် မထိုးဖောက်​နိုင်သော​နံရံ​ကဲ့သို့​ဖြစ်နေ​ပြီး ဒိုင်း​များ​ကြား​မှ လှံ​များ​ထိုး​ထွက်​နေသည်။ ဖဲလင့်စ်​နည်း​ဗျူဟာ​ကြောင့် အေ​သင်​လူမျိုး​တို့သည် မိမိတို့​ထက် အဆ​မတန်​အင်အားကြီး​မား​လှ​သော ပါးရှား​စစ်တပ်​အပေါ် ကျော်ကြား​သည့်​အောင်ပွဲခံ​နိုင်​ခဲ့​သည်။

ခရစ်ယာန်စစ်​များသည် ဝိညာဉ်​ရေး​တိုက်ပွဲ​ဆင်နွှဲ​နေကြ​သည်။ သူတို့သည် ‘လောက​မှောင်မိုက်​၌​အစိုးတရ​ပြုလုပ်​သော မင်း​များ၊ မိုးကောင်းကင်​၌​နေသော နတ်ဆိုး​များ’ ဟု​သမ္မာကျမ်းစာ​က​ခေါ်ဆို​ထား​သည့် လက်ရှိ​ဆိုးယုတ်​သော​စနစ်​၏ မျက်မြင်မရ​မင်း​များ​ဖြစ်သည့် တန်ခိုး​ကြီးသော​ရန်သူများ​နှင့် ဆိုင်ပြိုင်​တိုက်လှန်​နေကြ​ရသည်။ (ဧဖက် ၆:၁၂; ၁ ယောဟန် ၅:၁၉) ဘုရားသခင့်​လူမျိုးများ​သည် ဆက်လက်​အောင်ပွဲခံ​နေကြ​သည်။ သို့သော် မိမိတို့၏​ကိုယ်ပိုင်​အစွမ်းအစ​ဖြင့်​မဟုတ်ဘဲ သူတို့ကို ကာကွယ်​စောင့်ရှောက်​ပြီး ညွှန်ကြား​နေသော ယေဟောဝါ​ကြောင့်​သာ​ဖြစ်သည်။ ဆာလံ ၁၈:၃၀ (သတင်းကောင်း) တွင်​ဖော်ပြ​ထား​သကဲ့သို့ “ကိုယ်တော်​၏​စကားတော်​တို့သည် ယုံကြည်​စိတ်ချ​ထိုက် [“စင်ကြယ်၊” က​ဘ] ပါ​ပေ​သည်​တကား။ ကိုယ်တော်​သည် မိမိ​ထံ​တွင်​ခိုလှုံ​သူအပေါင်း​တို့အတွက် ဒိုင်းလွှား​သဖွယ်​ဖြစ်​တော်​မူ​၏။”

မှန်ပါသည်၊ သမ္မာကျမ်းစာ​တွင်​ပါဝင်သော ကိုယ်တော်​၏ စင်ကြယ်​သည့် “စကားတော်” အားဖြင့် ယေဟောဝါ​သည် မိမိ၏​တည်ကြည်သော​ကျေးကျွန်​များ​ကို ဝိညာဉ်​ရေး​အန္တရာယ်​မှ ကာကွယ်​တော်​မူ​သည်။ (ဆာလံ ၁၉:၇-၁၁; ၁၁၉:၉၃) သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထားသော ဉာဏ်ပညာ​နှင့်​ပတ်သက်​၍ ရှောလမုန်က “ပညာ​ကို​မစွန့်​နှင့်။ သူသည် သင့်ကို​ထိန်းသိမ်း​လိမ့်​မည်။ သူ့ကို​ချစ်​လော့။ သင့်ကို​စောင့်မ​လိမ့်​မည်” ဟု​ရေးသားခဲ့​သည်။ (သု. ၄:၆; ဒေ. ၇:၁၂) မြင့်မြတ်​သော​ဉာဏ်ပညာ​သည် အန္တရာယ်များ​မှ ကျွန်ုပ်​တို့ကို မည်သို့​ကာကွယ်​ပေး​မည်​နည်း။ ရှေးခေတ်​ဣသရေလလူ​မျိုး​များ​၏ ပုံ​နမူနာကို​သုံးသပ်ကြည့်​ပါ။

ဘုရားသခင်​ရေးရာ​ဉာဏ်ပညာ​ဖြင့် ကာကွယ်​ခံရ​သော​လူမျိုး

ယေဟောဝါ​၏​ပညတ်​သည် ဣသရေလလူ​မျိုး​များ​၏ ဘဝ​ကဏ္ဍ​တိုင်း​တွင် ကာကွယ်​လမ်းညွှန်​ပေး​သည်။ သာဓက​အနေ​နှင့် အစားအစာ၊ တစ်ကိုယ်ရေ​သန့်ရှင်းမှု၊ ရောဂါ​မ​ကူးစက်​စေရန် သီးသန့်​ထားခြင်း​တို့​နှင့် ပတ်သက်သော​ပညတ်​များ​က အခြား​လူမျိုးများ​ကို သေကျေပျက်စီး​စေသည့် ရောဂါ​များစွာ​မှ သူတို့ကို​ကာကွယ်​ပေး​သည်။ ၁၉ ရာစု​တွင် ဘက်တီးရီးယား​ကို ရှာဖွေ​တွေ့ရှိ​ပြီး​နောက်​မှ​သာ သိပ္ပံ​ပညာ​သည် ဘုရားသခင်​၏​ပညတ်​နှင့်​အညီ လုပ်ဆောင်လာ​နိုင်​သည်။ မြေရာ​ပိုင်ဆိုင်ခြင်း၊ ပြန်​ရွေးခြင်း၊ အကြွေး​လျှော်​ခြင်း၊ ငွေ​တိုး​ချေး​ခြင်း​တို့​နှင့် ပတ်သက်​သည့်​ပညတ်​များသည် တည်ငြိမ်​သော​လူ့​အဖွဲ့အစည်း​နှင့် တရား​မျှတသော​စီးပွားရေး​စနစ်​ကို ဖြစ်ပေါ်​စေခြင်း​ဖြင့် ဣသရေလလူ​မျိုး​များ​အား လူမှုရေး​ကောင်းကျိုး​များ​ရရှိစေ​သည်။ (တရားဟောရာ ၇:၁၂၊ ၁၅; ၁၅:၄၊ ၅) ယေဟောဝါ​၏​ပညတ်​သည် ဣသရေလလူ​မျိုး​များ​၏​မြေများ​ကို မြေ​သြဇာ​ကောင်း​နေ​စေရန်​ပင် ကူညီပေး​သည်! (ထွက်မြောက်ရာ ၂၃:၁၀၊ ၁၁) မှားယွင်းသော​ဝတ်ပြု​ကိုးကွယ်​မှု​နှင့် ပတ်သက်သော​ပညတ်​များသည် သူတို့၏​ဝိညာဉ်​ရေး​ကို ထိန်းသိမ်း​စောင့်ရှောက်​ပေး​ပြီး ရုပ်ပုံများ​ကိုကိုး​ကွယ်​သည့် အလေ့အထ​အပြင် နတ်ဆိုးများ၏​ဖိနှိပ်ခံ​ရခြင်း၊ ကလေး​များ​ကို​ယဇ်​ပူဇော်​ခြင်း​နှင့် အခြား​ဆိုးညစ်သော​အရာများ​စွာ​မှ ကာကွယ်​ပေး​သည်။—ထွက်မြောက်ရာ ၂၀:၃-၅; ဆာလံ ၁၁၅:၄-၈

ရှင်း​နေသည်​မှာ ယေဟောဝါ​၏ “စကားတော်” သည် ဣသရေလလူ​မျိုး​များ​အတွက် “အကျိုးမဲ့​မဟုတ်” ဘဲ ယင်း​အတိုင်း​လိုက်နာသူ​တို့အတွက် အသက်ရှင်ခြင်း​နှင့် အသက်တာ​ရှည်​ခြင်း​အကြောင်း ဖြစ်​ခဲ့​သည်။ (တရားဟောရာ ၃၂:၄၇) ယနေ့​အချိန်တွင် ခရစ်ယာန်​များသည် ပညတ်ပဋိညာဉ်​အောက်​မရှိကြ​သော်လည်း ယေဟောဝါ​၏​ပညာရှိ​စကားတော်​များ​ကို လိုက်နာသူ​များ​အတွက် ထပ်တူ​ပင်​ဖြစ်သည်။ (ဂလာတိ ၃:၂၄၊ ၂၅; ဟေဗြဲ ၈:၈၊ ၉) အမှန်​အားဖြင့် ခရစ်ယာန်​များ​တွင် ပညတ်​ဥပဒေ​အစား သူတို့ကို​လမ်းညွှန်​ကာကွယ်​ပေး​သည့် ပို​၍​နယ်ပယ်​ကျယ်ဝန်း​သော သမ္မာကျမ်းစာ​မူများ​ရှိသည်။

မူများဖြင့်​ကာကွယ်​ခံရ​သော လူမျိုး

ပညတ်​များ​ကို ကျင့်သုံး​နိုင်​မှု​သည် အတိုင်းအတာ​အကန့်အသတ်​ရှိပြီး ယာယီ​မျှ​သာ​ဖြစ်​နိုင်​သည်။ သို့သော် ကျမ်းစာမူ​များသည် အခြေခံ​အမှန်တရား​ဖြစ်သော​ကြောင့် များသောအားဖြင့် ယင်း​တို့သည် ပို​၍​နယ်ပယ်​ကျယ်ဝန်း​ပြီး အမြဲ​ကျင့်သုံး​နိုင်​သည်။ သာဓက​အနေ​နှင့် ယာကုပ် ၃:၁၇ တွင် ဖော်ပြ​ထားသော​မူကို သုံးသပ်ကြည့်​ပါ။ တစ်စိတ်​တစ်ပိုင်း​အဖြစ် “အထက်​မှ​သက်ရောက်​သော​ပညာ​မူ​ကား၊ ရှေးဦး​စွာ​စင်ကြယ်​၏။ ထို​မှတစ်ပါး၊ အသင့်အတင့်​နေတတ်​၏” ဟု​ယင်းက​ဆို​သည်။ ယနေ့ ဘုရားသခင့်​လူမျိုးတော်​အတွက် ထို​အခြေခံ​အမှန်တရားသည် ဒိုင်းလွှား​သဖွယ် မည်သို့​ဖြစ်​နိုင်​မည်​နည်း။

စင်ကြယ်​သည်​ဟု​ဆို​ရာ​တွင် ကိုယ်ကျင့်တရား​သန့်ရှင်းခြင်း​ကို ဆိုလို​သည်။ ထို့​ကြောင့် ကိုယ်ကျင့်တရား​သန့်ရှင်း​စင်ကြယ်​ခြင်း​ကို တန်ဖိုး​ထား​သူတို့သည် အကျင့်​ယိုယွင်းမှု​ကို​သာမက လိင်ဆိုင်ရာ​စိတ်ကူး​စိတ်​သန်း​များနှင့် အ​ပြာ​ရုပ်ပုံ​စာပေ​အပါအဝင် ယင်း​သို့​လမ်းခင်း​ပေး​သည့် အရာများ​ကို​ပါ ရှောင်ရန်​ကြိုးစား​သည်။ (မဿဲ ၅:၂၈) ထို​နည်းတူ ယာကုပ် ၃:၁၇ ပါ​မူကို နှလုံး​သွင်း​သော ပိုးပန်း​နေသည့်​စုံတွဲ​များသည်​လည်း ချုပ်တည်း​မှု​ကင်းမဲ့​သွား​စေနိုင်​သော ရင်းနှီး​ကျွမ်းဝင်မှု​ကို​ရှောင်​ကြသည်။ မူများ​ကို​မြတ်နိုးသူ​များ​အနေ​နှင့် သူတို့သည် ပညတ်​ကို​တိုက်ရိုက်​မချိုးဖောက်​သရွေ့ မိမိတို့​အပြုအမူကို ယေဟောဝါ​လက်ခံ​လိမ့်​မည်​ဟု ထင်မြင်​ယူဆ​ကာ ကိုယ်ကျင့်တရား​သန့်ရှင်း​စင်ကြယ်မှု​မှ သွေဖည်​သွား​မည်​မဟုတ်။ ယေဟောဝါ​သည် “နှလုံးကို​ကြည့်ရှု​တတ်” ပြီး​ထို​အတိုင်း တုံ့ပြန်​တော်​မူ​ကြောင်း သူတို့​သိ​ကြသည်။ (၁ ဓမ္မ​ရာဇဝင် ၁၆:၇; ၂ ရာဇဝင်ချုပ် ၁၆:၉) ထိုသို့​သော​ဉာဏ်ပညာ​ရှိသူ​များသည် ယနေ့ အနှံ့အပြား​ဖြစ်နေ​သော လိင်ဆိုင်ရာ​ကူးစက်​ရောဂါ​များစွာ​မှ မိမိတို့​ကိုယ်ကို ကာကွယ်​သည့်​အပြင် စိတ်​ချမ်းမြေ့မှု​ကိုလည်း ထိန်းထား​နိုင်​ကြသည်။

ဘုရားသခင်​ရေးရာ​ဉာဏ်ပညာ​သည် “အသင့်အတင့်” နေ​စေ​တတ်၏​ဟု​လည်း ယာကုပ် ၃:၁၇ က​ဆို​သည်။ စာတန်​သည် ကျွန်ုပ်​တို့၏​နှလုံး​တွင် အကြမ်းဖက်​တတ်​သည့်​သဘောထားများကို ကြဲ​ချပေးခြင်း​ဖြင့် ကျွန်ုပ်​တို့ကို ယေဟောဝါ​နှင့်​စိမ်း​သွားစေရန် ကြိုးပမ်း​လျက်​ရှိသည်။ တစ်စိတ်​တစ်​ဒေသ​အနေ​နှင့် ဒွိဟ​ဖြစ်ဖွယ်​စာပေ၊ ရုပ်ရှင်၊ တေးသီချင်း​နှင့် ကွန်ပျူတာ​ဂိမ်း​များ​အားဖြင့်​ဖြစ်သည်။ အချို့​သော​ကွန်ပျူတာ​ဂိမ်း​များသည် ကစား​သူများကို မတွေးဝံ့​လောက်​သော ရက်စက်​ကြမ်းကြုတ်မှု​များနှင့် သတ်ဖြတ်မှု​များ​ကို တုပ​ရန် လှုံ့ဆော်ပေး​သည်! (ဆာလံ ၁၁:၅) အကြမ်းဖက်​သော​ရာဇဝတ်မှု​များ တိုးများ​လာ​ခြင်း​က စာတန်​အောင်မြင်​နေကြောင်း သာဓက​ဖြစ်သည်။ ထို​ရာဇဝတ်မှု​များနှင့် ပတ်သက်ပြီး လွန်ခဲ့သော​နှစ်​အနည်းငယ်​က ဩစတြေးလျ​သတင်းစာ The Sydney Morning Herald သည် “ဆက်တိုက်​လူသတ်သမား” ဟူသော​စကားလုံး​ကို ထွင်​ခဲ့​သူ ရောဘတ် ရက်စ်​လာ​၏​စကား​ကို ကိုးကား​ခဲ့​သည်။ ၁၉၇၀ ပြည့်လွန်​နှစ်များ​တွင် ရက်စ်​လာ လူတွေ့မေးမြန်း​ခဲ့​သော လူသတ်သမား​များသည် “ယနေ့ခေတ်​စံနှုန်း​များနှင့်​ယှဉ်​လျှင် အလွန်​ရိုး​သွားပြီ​ဖြစ်သော” မ​ပေါ်​တ​ပေါ်​အ​ပြာ​ရုပ်ပုံ​စာပေ​များ​၏ မီးထိုး​ယပ်ခတ်​ခံ​ခဲ့​ရသည်​ဟု ပြောပြ​သည်။ ထို့​ကြောင့် ရက်စ်​လာ​က “လူများစွာကို​သတ်​သော လူသတ်သမား​များစွာ တိုးပွား​လာ​မည့် ရာစုနှစ်​သစ်​ဖြစ်သည့် ဆိုးဝါး​သော​အနာဂတ်​အလားအလာ” ကို​ဖော်ပြ​ခဲ့​သည်။

ထို​သတင်း​ပေါ်ထွက်​ပြီး လအနည်းငယ်​အကြာတွင် သေနတ်​သ​မား​တစ်ဦး​သည် စကော့တလန်​နိုင်ငံ၊ ဒန်​ဘ​လန်း​မြို့တွင် သူငယ်​တန်း​ကျောင်းသား​ကလေး ၁၆ ဦး​နှင့် သူတို့၏​ဆရာမ​ကို သတ်ခဲ့​ပြီး​နောက် သူ့ကိုယ်သူ​သတ်​သေ​ခဲ့​သည်။ နောက်​တစ်လ​တွင် စိတ်​ရူး​ထ​နေသော သေနတ်​သ​မား​နောက်​တစ်ဦး​သည် ဩစတြေးလျ​နိုင်ငံ၊ ဆိတ်ငြိမ်​သော​တက်​စ်​မေး​နီး​ယန်း​ပြည်နယ်၊ ပေါ့တ်အာသာ​မြို့တွင် လူ ၃၂ ဦး​ကို အစုလိုက်​အပြုံလိုက်​သတ်ခဲ့​သည်။ မကြာသေးမီ​နှစ်များ​အတွင်း အမေရိကန်​တစ်ခွင်​၌ ကျောင်းတွင်း​ဝင်ရောက်​သတ်ဖြတ်မှု​များစွာ​ကြောင့် အမေရိကန်​လူမျိုး​တို့​က ‘ဘာကြောင့်​ဒီလို​ဖြစ်​ရတာလဲ’ ဟု မေး​လာ​ကြသည်​အထိ တုန်လှုပ်​ခြောက်​ခြား​ခဲ့​သည်။ ၂၀၀၁ ခုနှစ် ဇွန်လ​က ဂျပန်​နိုင်ငံ​တွင် စိတ်​မမှန်​သူ​တစ်ဦး ကျောင်းတွင်း​သို့ ဓား​ဖြင့်​ဝင်ရောက်​ထိုး​ခုတ်​မှု​ကြောင့် ပထမ​နှင့်​ဒုတိယ​တန်း​ကလေး ၈ ဦး​သေဆုံး​ပြီး ၁၅ ဦး​ဒဏ်ရာ​ရသွား​သည့်​သတင်း တစ်ကမ္ဘာ​လုံး​ပျံ့နှံ့​သွား​သည်။ ထိုသို့​သော ဆိုးယုတ်​မှုများ​နောက်ကွယ်​ရှိ အကြောင်းရင်း​များ​မှာ ရှုပ်ထွေး​သည်​မှန်​သော်လည်း ရုပ်ရှင်၊ ရုပ်မြင်သံကြား​စ​သည်​တို့​တွင် ပြသ​သော​အကြမ်းဖက်မှု​က ယင်း​တို့ကို​ဖြစ်စေ​သော​အကြောင်း​တစ်ခု​ဟု ပို​၍​ယူမှတ်​လာ​နေကြ​သည်။ ဩစတြေးလျ​လူမျိုး ပင်တိုင်​ဆောင်းပါး​ရှင် ဖိလစ် အေ​ဒမ်စ်​က “စက္ကန့်​ခြောက်​ဆယ်​ကြာ ထုတ်လွှင့်​ပြသ​သော စီးပွားရေး​ကြော်ငြာ​တစ်ခု​သည် ဈေးကွက်​တွင် အကြီးအကျယ် ရောင်းအား​တက်​စေနိုင်​သည်​ဆိုလျှင် သန်း​ကုဋေ​ချီ​ရှိသည့် နှစ်နာရီ​ကြာ​ရုပ်ရှင်​များသည် လူတို့၏​သဘောထားများကို အကြီးအကျယ်​ပြောင်းလဲ​စေနိုင်​သည်” ဟု​ရေးသားခဲ့​သည်။ စိတ်ဝင်စားစရာ​မှာ ပေါ့တ်အာသာ​မြို့ရှိ သေနတ်​သ​မား​၏​အိမ်​မှ အကြမ်းဖက်မှု​နှင့်​အ​ပြာ​ရုပ်ရှင်​ဗီဒီယို​ခွေ ၂,၀၀၀ ကို​သိမ်းဆည်းရမိ​ခြင်း​ဖြစ်သည်။

သမ္မာကျမ်းစာ​မူများ​ကို စွဲကိုင်​ထား​သူတို့သည် အလွန်အမင်း​အကြမ်းဖက်​လို​စိတ်​ကို ပျိုးထောင်​ပေး​သည့် အပန်းဖြေမှု​ပုံစံ​အားလုံး​မှ မိမိတို့​စိတ်နှလုံး​ကို ကာကွယ်​ကြသည်။ ထို့​ကြောင့် ‘လောက​ဝိညာဉ်’ သည် သူတို့၏​အတွေးအခေါ်​နှင့် အလိုဆန္ဒ​များ​အတွင်း စိမ့်ဝင်​လာဖို့​နေရာ​မရှိပေ။ ယင်းအစား သူတို့သည် ‘ဝိညာဉ်​တော်​သွန်သင်ပေး’ ခြင်း​ကို​ခံရ​ပြီး ငြိမ်သက်ခြင်း​အပါအဝင် ယင်း​၏​အသီးများ​ကို ချစ်​မြတ်နိုး​စိတ်​တိုးပွား​ရန် ကြိုးစား​ပျိုးထောင်​ကြသည်။ (၁ ကောရိန္သု ၂:၁၂၊ ၁၃သတင်းကောင်း; ဂလာတိ ၅:၂၂၊ ၂၃) ပုံမှန်​ကျမ်းစာ​လေ့လာခြင်း၊ ဆုတောင်းခြင်း​နှင့် တည်ဆောက်မှု​ဖြစ်စေ​သော တွေးတော​ဆင်ခြင်ခြင်း​များ​အားဖြင့် ယင်းကို​သူတို့​ပြုလုပ်​ကြသည်။ အကြမ်းဖက်​တတ်​သည့်​ဉာဉ်​ရှိသူ​များနှင့် အ​ရော​တ​ဝင်​ဆက်ဆံခြင်း​ကိုလည်း​ရှောင်​ပြီး မိမိတို့​ကဲ့သို့ ဘုရားသခင့်​ငြိမ်းချမ်း​သော​ကမ္ဘာသစ်​တွင် နေ​လို​စိတ်​ရှိသူ​များနှင့် ပေါင်းသင်း​ရန်​ရွေးချယ်​ကြသည်။ (ဆာလံ ၁:၁-၃; သု. ၁၆:၂၉) မှန်ပါသည်၊ ဘုရားသခင်​ရေးရာ​ဉာဏ်ပညာ​သည် အလွန်​အကာအကွယ်​ဖြစ်စေ​သည်​တကား!

ယေဟောဝါ​၏ ‘စကားတော်’ သည် သင့်​နှလုံးကို စောင့်ရှောက်​ပါစေ

ယေရှုသည်​တော​၌ စာတန်​၏​သွေးဆောင်​ခံရသော​အခါ သမ္မာကျမ်းစာ​ကို အတိအကျ​ကိုးကားခြင်း​ဖြင့် ချေပ​ခဲ့​သည်။ (လုကာ ၄:၁-၁၃) သို့သော် သူသည်​စာတန်​နှင့်​ဉာဏ်ရည်​ပြိုင် အနိုင်​လု​ပြောဆို​ရုံ​လောက်​သာ​ပြု​ခဲ့​ခြင်း​မဟုတ်။ သမ္မာကျမ်းစာ​ကို​အခြေခံ​၍ ခုခံ​ကာကွယ်​ကာ နှလုံး​ထဲ​မှ​ပြောဆို​ခဲ့​သည်၊ ထို့​ကြောင့်​လည်း ဧဒင်​တွင်​အောင်မြင်​ခဲ့​သော စာတန်​၏​မဟာ​ဗျူဟာ​သည် ယေရှု​ကိစ္စ​တွင် မအောင်မြင်​ခဲ့​ခြင်း​ဖြစ်သည်။ ကျွန်ုပ်​တို့၏​နှလုံးကို ယေဟောဝါ​၏​စကားတော်​များ​ဖြင့် ဖြည့်​ထား​မည်​ဆိုပါ​က စာတန်​၏​ဉာဏ်​နီ​ဉာဏ်​နက်​များသည် ကျွန်ုပ်​တို့​ကိစ္စ​တွင်​လည်း အောင်မြင်​နိုင်​မည်​မဟုတ်ပေ။ “နှလုံး​သည် အသက်​၏​အခြေအမြစ်​ဖြစ်သော​ကြောင့်” ယင်း​သို့​ပြုလုပ်ခြင်း​သည် အရေးကြီးဆုံး​ဖြစ်သည်။—သု. ၄:၂၃

ထို့​ပြင် ကျွန်ုပ်​တို့သည် အလျှော့မပေး​ဘဲ မိမိတို့၏​နှလုံးကို ဆက်​ကာကွယ်​နေရ​မည်။ စာတန်​သည် တော​၌ အရေးနိမ့်​သွားပြီး​နောက် ယေရှုကို မစုံစမ်း​တော့​ဘဲ မနေခဲ့ချေ။ (လုကာ ၄:၁၃) သူသည် ကျွန်ုပ်​တို့၏​သမာဓိကို ချိုးဖျက်​ရန်​လည်း ဗျူဟာ​အမျိုးမျိုးဖြင့်​ဆက်တိုက် ကြိုးစား​နေ​မည်​ဖြစ်သည်။ (ဗျာ. ၁၂:၁၇) ထို့​ကြောင့် ကျွန်ုပ်​တို့သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို နက်နက်ရှိုင်းရှိုင်း​ချစ်​မြတ်နိုး​စိတ် ပြုစု​ပျိုးထောင်​ပြီး တစ်ချိန်တည်း​တွင် သန့်ရှင်းသော​ဝိညာဉ်​တော်​နှင့်​ဉာဏ်ပညာ​အတွက် မခြားမလပ်​ဆုတောင်းခြင်း​ဖြင့် ယေရှုကို​တုပ​ကြပါစို့။ (၁ သက်သာလောနိတ် ၅:၁၇; ဟေဗြဲ ၅:၇) ကိုယ်တော်၌​ခိုလှုံ​သော​သူတို့တွင် မည်သည့်​ဝိညာဉ်​ရေး​အန္တရာယ်​မျှ မကျရောက်​စေ​ရ​ဟု ယေဟောဝါ ကတိပြု​ထား​သည်။—ဆာလံ ၉၁:၁-၁၀; သု. ၁:၃၃

ဘုရားသခင်​၏​စကားတော်​သည် အသင်းတော်ကို​ကာကွယ်​စောင့်ရှောက်

စာတန်​သည် ကြို​ဟောထား​သည့် “လူအုပ်ကြီး” ကြီးစွာ​သော​ဆင်းရဲခြင်း​မှ လွတ်မြောက်​လာ​ခြင်း​ကို တားဆီး​နိုင်​မည်​မဟုတ်ပေ။ (ဗျာ. ၇:၉၊ ၁၄) သို့သော် ခရစ်ယာန်​များ​ကို ယိုယွင်း​ပျက်စီး​ရန် သူ​အစွမ်းကုန်​ကြိုးစား​နေဆဲ​ဖြစ်သည်၊ ယု​တ်စွ​အဆုံး အချို့​သူများ ဘုရားသခင့်​မျက်နှာသာတော် ဆုံးရှုံး​သွားစေရန်​ဖြစ်သည်။ ထို​မဟာ​ဗျူဟာ​သည် ရှေးခေတ်​ဣသရေလလူ​မျိုး​များ​အချိန်တွင် အောင်​မြင်ခဲ့​ပြီး ကတိထားရာပြည်​သို့​ဝင်​လု​နီး​တွင် လူ ၂၄,၀၀၀ သေဆုံး​စေ​ခဲ့​သည်။ (တောလည်ရာ ၂၅:၁-၉) စစ်မှန်သော​နောင်တ​တင်ပြ​သည့် အမှား​ပြုသူ​ခရစ်ယာန်​များသည် ဝိညာဉ်​ရေး​ပြန်လည်​တိုးတက်​ကောင်းမွန်​လာရန် မေတ္တာပါ​သော​ကူညီ​မှု​ရရှိ​ကြသည်။ သို့သော် ကျမ်းစာ​ခေတ်​က ဇိမရိ​ကဲ့သို့ နောင်တ​မယူ​သော အပြစ်ပြု​သူများ​သည် အခြားသူများ​၏ ကိုယ်ကျင့်တရား​နှင့်​ဝိညာဉ်​ရေး​ကောင်းကျိုး​ကို အန္တရာယ်​ဖြစ်စေ​သည်။ (တောလည်ရာ ၂၅:၁၄) ဖဲလင့်စ်​နည်း​ဗျူဟာ​တွင် မိမိတို့၏​ဒိုင်းလွှား​များ​ကို ပစ်ထား​သော စစ်သည်​များသည် မိမိတို့​ကိုယ်တိုင်​ကို​သာမက မိမိတို့​အပေါင်းပါများ​ကို​ပါ အန္တရာယ်​ကျရောက်​စေ​သကဲ့သို့​ဖြစ်သည်။

ထို့​ကြောင့် သမ္မာကျမ်းစာ​ပညတ်​မှာ “ညီအစ်ကို​ဟု​ခေါ်ဝေါ်​သော​သူသည် မတရားသော​မေထုန်​၌​မှီဝဲခြင်း၊ လောဘ​လွန်ကျူးခြင်း၊ ရုပ်[ပုံ]ကိုးကွယ်​ခြင်း၊ ဆဲရေး​ကဲ့ရဲ့​ခြင်း၊ သေ​ရည်​သေ​ရက်​နှင့်​ယစ်​မူး​ခြင်း၊ အနိုင်အထက်​လုယူခြင်း​မှ​စ၍၊ ထိုသို့​သော​အမှုကိုပြု​သော​သူနှင့် မပေါင်းဖော်​ရသည်​သာမက၊ ထို​သူနှင့်​အတူ စားသောက်ခြင်း​အမှုကို​မျှ​မပြုရ။ . . . သို့​ဖြစ်၍ ထိုသို့​ဆိုးညစ်သော​သူကို သင်တို့​အထဲ​မှ​နှင်ထုတ်​ကြလော့။” (၁ ကောရိန္သု ၅:၁၁၊ ၁၃) ဤ​ပညာရှိ “စကားတော်” သည် ခရစ်ယာန်​အသင်းတော်​၏ ကိုယ်ကျင့်တရား​နှင့်​ဝိညာဉ်​ရေး​သန့်ရှင်း​စင်ကြယ်မှု​ကို ကာကွယ်​စောင့်ရှောက်​ပေး​ကြောင်း သင်​သဘောမတူ​ပေ​လော။

ယင်း​နှင့်​လုံးလုံး​ဆန့်ကျင်​လျက် ခရစ်ယာန်ဘောင်​ချာ့ခ်ျ​များစွာ​နှင့် အယူဖောက်ပြန်သူ​များသည် ခေတ်မီ​လွတ်လပ်​သော ကိုယ်ကျင့်တရား​ဆိုင်ရာ​အမြင်​များနှင့် ဆန့်ကျင်​သည့် သမ္မာကျမ်းစာ​၏​ထို​အပိုင်း​များ​ကို ခေတ်​ကုန်ပြီ​ဟု​ယူမှတ်​ကြသည်။ ထို့​ကြောင့် သူတို့သည် ခရစ်ယာန်​ဓမ္မ​ဆရာများ​ပင် ကျူးလွန်​သည့် ကြီး​လေး​သော​အပြစ်​မှန်သမျှကို ခွင့်ပြု​ထား​ကြသည်။ (၂ တိမောသေ ၄:၃၊ ၄) သို့သော် ယေဟောဝါ​၏ ဒိုင်းလွှား​နှင့်​တူသော “စကားတော်” အကြောင်း​ဖော်ပြ​သည့် နယပုံပြင် ၃၀:၅ ၏​နောက်​တွင် လိုက်ပါ​လာသော “စကားတော်​တို့​၌ ထပ်၍​မ​သွင်း​နှင့်။ သို့ပြုလျှင် အပြစ်တင်​တော်​မူ​၍ သင်သည် မုသာ​သုံး​သော​သူ​ဖြစ်​လိမ့်​မည်” ဟူ​သည့် အခန်းငယ် ၆ ပါ အမိန့်တော်ကို သတိပြုပါ။ မှန်ပါသည်၊ သမ္မာကျမ်းစာ​ကို မတော်မတရား​ပြောင်းလဲ​သူများ​သည် ဝိညာဉ်​ရေး​မုသာကောင်​များ၊ ရှုတ်ချ​ပြစ်တင်မှု​အခံ​ထိုက်​ဆုံးသော မုသာကောင်​များ​ဖြစ်​ကြသည်! (မဿဲ ၁၅:၆-၉) ထို့​ကြောင့် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို အလွန်​ရိုသေ​လေးမြတ်​သော အဖွဲ့အစည်း​ဝင်​ဖြစ်ခွင့်​ရခြင်း​အတွက် အမှန်ပင်​ကျေးဇူး​တင်​လေးမြတ်​ကြပါစို့။

“အမွှေးအကြိုင်” အားဖြင့် ကာကွယ်​ခံရ

ဘုရားသခင့်​လူမျိုးတော်သည် သမ္မာကျမ်းစာ​ကို​စွဲကိုင်​ထား​ကြ​ပြီး ယင်း​၏​နှစ်သိမ့်မှု​ပေး​သော​သတင်းကို အခြားသူများ​အား ဝေမျှ​နေသော​ကြောင့် သူတို့သည် ယေဟောဝါ​အား နှစ်သက်​ကျေနပ်​စေသည့် အသက်ပေး​နံ့သာ “အမွှေးအကြိုင်” ကို​ပျံ့နှံ့​စေ​ကြသည်။ သို့သော် မဖြောင့်မတ်​သူများ​အတွက် ထို​သတင်း​သယ်ဆောင်​လာ​သူများ ထုတ်လွှင့်​သည့်​ရနံ့​သည် သတင်းကောင်း​ကျမ်းစာ​အရ “သေစေတတ်သော​အ​ပုပ်​နံ့” ဖြစ်သည်။ မှန်ပါသည်၊ စာတန့်​စနစ်​သည် ဆိုးညစ်သူ​များ​၏ ပုံဆောင်​အနံ့ခံ​အာရုံ​ကို မူမမှန်​အောင်​လုပ်ထား​သဖြင့် သူတို့သည် “ခရစ်တော်​၏​အမွှေးအကြိုင်” ပျံ့နှံ့​စေ​သူများ​ရှေ့တွင် သက်သောင့်သက်သာ​မရှိ သို့​မဟုတ် ရန်လို​သည့်​သဘောထား​ပင် တင်ပြ​ကြသည်။ အခြား​တစ်ဖက်​တွင်​မူ သတင်းကောင်းကို ဇွဲရှိ​ရှိ​ကြေညာသူ​များသည် ‘ကယ်တင်​ခံရ​သော​သော​သူတို့​အတွက် ခရစ်တော်​၏​အမွှေးအကြိုင်​ဖြစ်’ လာ​ကြသည်။ (၂ ကောရိန္သု ၂:၁၄-၁၆) ထို​စိတ်နှလုံး​ရိုး​ဖြောင့်​သူများ​သည် မှားယွင်းသော​ဘာသာရေး​၏ အမှတ်လက္ခဏာ​ဖြစ်သည့် အရေခြုံမှု​နှင့် ဘာသာရေး​လိမ်လည်မှု​များ​ကို ရွံမုန်း​ကြသည်။ ထို့​ကြောင့် ကျွန်ုပ်​တို့သည် သမ္မာကျမ်းစာ​ဖွင့်ပြီး ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဝေမျှ​သောအခါ သူတို့သည် ယေရှု​ထံ​ဆွဲဆောင်​ခံရ​ပြီး ပိုမို​သင်ယူ​လို​စိတ်​ရှိကြသည်။—ယောဟန် ၆:၄၄

ထို့​ကြောင့် အချို့​သူများ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို အပျက်​သဘောဖြင့်​တုံ့ပြန်​သည့်​အခါ စိတ်ဓာတ်​မကျ​ပါ​နှင့်။ ယင်းအစား “ခရစ်တော်​၏​အမွှေးအကြိုင်” သည် ဝိညာဉ်​ရေး​နယ်ပယ်​အတွင်း နေထိုင်ကြ​သော ဘုရားသခင့်​လူမျိုး​အား အန္တရာယ်​ဖြစ်စေ​နိုင်​သူများ​မှ ကာကွယ်​ပေး​သည့် အကာအကွယ်​တစ်မျိုး​ဖြစ်​ကာ တစ်ချိန်တည်း​တွင် စိတ်​ကောင်း​နှလုံး​ကောင်း​ရှိ​သူများ​အား ဆွဲဆောင်​သည့်​အရာ​ဖြစ်​ကြောင်း ရှုမြင်ပါ။—ဟေရှာယ ၃၅:၈၊ ၉

မာရသွန်​တိုက်ပွဲ​မှ ဂရိ​စစ်သား​များသည် ပူးပူးကပ်ကပ်​စစ်ချီ​ပြီး သူတို့၏​ဒိုင်း​များ​ကို အစွမ်းကုန် ခိုင်ခိုင်​ကိုင်ထား​ကြ​သဖြင့် ကြီးမား​လှ​သော​အတားအဆီး​များ​ကြား အောင်မြင်​နိုင်​ခဲ့​သည်။ ထို​နည်းတူ ယေဟောဝါ​၏​တည်ကြည်သော​သက်သေ​များသည် သူတို့၏​ဝိညာဉ်​ရေး​တိုက်ပွဲ​တွင် လုံးလုံး​အနိုင်​ရမည်​ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​ကြသည်၊ အဘ​ယ့်​ကြောင့်​ဆို​သော် ယင်းသည်​သူတို့၏ “အမွေ” ဖြစ်သော​ကြောင့်​တည်း။ (ဟေရှာယ ၅၄:၁၇) ထို့​ကြောင့် “အသက်ရှင်ခြင်း​နှင့်​ဆိုင်သော နှုတ်မြွက်​စကားတော်​ကို ဆုပ်ကိုင်​ထားခြင်း” ဖြင့် ယေဟောဝါ​၌​ဆက်​ခိုလှုံ​ကြပါစို့။—ဖိလိပ္ပိ ၂:၁၆က​ဘ

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံများ]

“အထက်​မှ​သက်ရောက်​သော​ပညာ​မူ​ကား ရှေးဦး​စွာ​စင်ကြယ်​၏။ ထို​မှတစ်ပါး၊ အသင့်အတင့်​နေတတ်​၏”