မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ကို အခြားသူများရှုမြင်ပုံသည် အရေးပါသလော

ကျွန်ုပ်တို့ကို အခြားသူများရှုမြင်ပုံသည် အရေးပါသလော

ကျွန်ုပ်​တို့ကို အခြားသူများ​ရှုမြင်ပုံသည် အရေးပါ​သလော

လူတိုင်း​လို​လို ချီးမွမ်း​ခံ​လို​ကြ​ပါ​သည်။ ချီးမွမ်း​စကား​များ​က ပျော်ရွှင်​စေပြီး အောင်မြင်​ပြီးမြောက်​သည့် ခံစားချက်​ရှိစေသည်။ နှစ်သက်​သဘောကျ​ကြောင်း သိရခြင်းက ကျွန်ုပ်​တို့၏​လုပ်ဆောင်မှုကို ပို​ကောင်းစွာ​လုပ်ကိုင်​စေ​လို​သည်။ အခြားသူများ​၏ နှစ်သက်မှု​မရ​ခြင်း​က​မူ ထိုသို့​မဖြစ်စေ​ပါ။ အေး​တိ​အေးစက်​တုံ့ပြန်မှု သို့​မဟုတ် ပြစ်တင်​စကား​က ကျွန်ုပ်​တို့ကို စိတ်ဓာတ်ကျ​စေ​သည်။ မိမိကို အခြားသူများ​ရှုမြင်ပုံ​က မိမိကိုယ်ကို​ရှုမြင်ပုံ​အပေါ် များစွာ​အကျိုး​သက်ရောက်​သည်။

အခြားသူများ မိမိ​အား​ရှုမြင်ပုံကို လျစ်လျူရှု​လျှင် မှား​ပေ​လိမ့်​မည်။ ကျွန်ုပ်​တို့၏​အမူအကျင့်ကို အခြားသူများ​အား ဆန်းစစ်​ဝေဖန်​စေခြင်း​မှ အကျိုးများစွာ​ရရှိနိုင်​ပါ​သည်။ အခြားသူများ​၏ ရှုမြင်ပုံသည် မြင့်မားသော​ကျင့်ဝတ်​မူများ​အပေါ် အခြေခံ​မည်​ဆိုလျှင် ယင်းသည် အကျိုး​ဖြစ်ထွန်း​စေနိုင်​ပြီး မှန်ရာကို​ပြုလုပ်​စေ​ပေမည်။ (၁ ကောရိန္သု ၁၀:၃၁-၃၃) သို့သော်လည်း လူတို့၏​ရှုမြင်ပုံသည် အများအားဖြင့် မမျှတ​ပေ။ ဥပမာ၊ ယဇ်ပုရောဟိတ်​အကြီး​နှင့် အခြားသူများ​က ယေရှု​ခရစ်​အား “လက်ဝါးကပ်တိုင်​မှာ ရိုက်​ထား​ပါ၊ ရိုက်​ထား​ပါ​ဟု ဟစ်ကြော်” သောအခါ သူတို့၏​တလွဲ​ရှုမြင်ပုံကို သတိရပါ။ (လုကာ ၂၃:၁၃၊ ၂၁-၂၅) မဟုတ်မမှန်​သတင်း​များ သို့​မဟုတ် မနာလိုမှု၊ ဘက်လိုက်မှု​အပေါ်​အခြေခံ​သော ရှုမြင်ပုံ​များ​ကို ပယ်ရှား​လိုက်​ဖို့​လို​ပေမည်။ ထို့​ကြောင့် အခြားသူများ​၏​အမြင်ကို ကောင်းစွာ​ချင့်ချိန်​ပြီး ပညာရှိရှိ​တုံ့ပြန်​ဖို့​လို​သည်။

မည်သူ​၏​ရှုမြင်ပုံ အရေးပါ​သနည်း

စစ်မှန်သော​ဝတ်ပြုရေးတွင် ကျွန်ုပ်​တို့​နှင့်​နီးစပ်​သူများ​၏ မျက်နှာသာ​ကို ကျွန်ုပ်​တို့​ရ​လို​ကြသည်။ ဤသူတို့​တွင် မိသားစု​မှ ယုံကြည်​ချင်း​တူ​သူများ​နှင့် ခရစ်ယာန်​ညီအစ်ကို၊ ညီအစ်မ​များ ပါဝင်​သည်။ (ရောမ ၁၅:၂; ကောလောသဲ ၃:၁၈-၂၁) ယုံကြည်သူချင်း​များ​၏ မေတ္တာ​နှင့် ရိုသေ​လေးစားမှု​အပြင် ‘အချင်းချင်း​အားရ​သက်သာ​စေခြင်း’ တို့​က ကျွန်ုပ်​တို့ကို များစွာ​အကျိုးပေး​သည်။ (ရောမ ၁:၁၁၊ ၁၂) “သူတစ်ပါး​သည် ကိုယ်​ထက်​သာ၍​ကောင်းမြတ်​သည်​ဟု နှိမ့်ချသော​စိတ်” နှင့်​ထင်မှတ်​ကြ​ရမည်။ (ဖိလိပ္ပိ ၂:၂-၄) ထို့​ပြင် ကျွန်ုပ်​တို့ကို ဦးဆောင်​နေသော အသင်းတော်​အကြီးအကဲ​များ​၏ မျက်နှာသာ​ရ​ရန်​ကြိုးစား​ကြ​ပြီး ယင်းကို တန်ဖိုး​ထား​ကြသည်။—ဟေဗြဲ ၁၃:၁၇

“ပြင်ပ​လူ​တို့​တွင် အသရေရှိသော​သူ” ဖြစ်​ခြင်း​က​လည်း ကောင်း​ပါ​သည်။ (၁ တိမောသေ ၃:၇) မယုံကြည်​သူ​ဆွေမျိုး​များ၊ လုပ်ဖော်ကိုင်ဖက်​များ၊ အိမ်နီးချင်း​များ​၏ ရိုသေ​လေးစားမှု​ခံရ​ခြင်း​သည်လည်း အလွန်​ကျေနပ်ဖွယ်​ကောင်း​ပေ​သည်! ကျွန်ုပ်​တို့​ဟောပြော​သည့် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို လူ​တို့​လက်ခံ​စေရန် သူတို့​စိတ်ထဲ စွဲမှတ်​သွား​စ​ရာ​ရှိစေဖို့ ကြိုးစား​တတ်​သည်မဟုတ်​လော။ ရပ်ကွက်​ထဲ​တွင် ကျွန်ုပ်​တို့သည် ကိုယ်ကျင့်တရား​စင်ကြယ်​ပြီး ရိုးသား​ဖြောင့်မတ်​ကြ​သူများ​အဖြစ် နာမည်​ကောင်း​ရခြင်း​က ဘုရားသခင့်​ဘုန်းတော် ထင်ရှားစေ​သည်။ (၁ ပေတရု ၂:၁၂) သို့သော် အခြားသူများ​၏ မျက်နှာသာ​ရ​ရန် ကျမ်းစာ​မူများ​ကို ဘယ်​သောအခါ​မျှ ချိုးဖောက်​၍​မရ၊ မိမိကို သူတစ်ပါး​အထင်ကြီး​စေရန် ဟန်ဆောင်​၍​လည်း​မရချေ။ လူတိုင်း​၏​အလိုကို မလိုက်​နိုင်​ကြောင်း အသိအမှတ်ပြု​ရ​ကြ​မည်။ ယေရှု​က ‘သင်တို့သည် လောက​နှင့်​ဆက်ဆံ​လျှင် လောကသား​တို့သည် မိမိတို့​နှင့်​ဆက်ဆံ​သော​သင်တို့ကို ချစ်​ကြလိမ့်မည်။ သင်တို့သည် လောက​နှင့်​မဆက်ဆံ၊ လောက​ထဲ​က ငါ​ရွေးကောက်​သော​သူ​ဖြစ်သော​ကြောင့် လောကသား​တို့သည် သင်တို့ကို​မုန်း​ကြ​၏’ ဟု​မိန့်ဆိုခဲ့သည်။ (ယောဟန် ၁၅:၁၉) အတိုက်အခံပြု​သူများ​၏ လေးစားမှုကို​ရရှိရန် ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

အတိုက်အခံပြု​သူများ​၏ လေးစားမှု​ရယူခြင်း

“လူအပေါင်း​တို့သည်​လည်း ငါ့​နာမ​ကြောင့် သင်တို့ကို​မုန်း​ကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင်​တည်ကြည်​၏။ ထို​သူသည် ကယ်တင်ခြင်း​သို့ ရောက်​လိမ့်​မည်” ဟု​ယေရှု​သတိပေး​ခဲ့​သည်။ (မဿဲ ၁၀:၂၂) ဤသို့​မုန်းတီး​သည့်​အတွက် မဟုတ်မမှန်​စွပ်စွဲ​ကြသည်။ ဘက်လိုက်​တတ်သော အစိုးရ​အရာရှိများ​က ကျွန်ုပ်​တို့ကို “ပုန်ကန်​ရန်​လှုံ့ဆော်သူ​များ၊” “အဖျက်သမား​များ” ဟု​နာမည်​တပ်​ကြ​ပေမည်။ အတိုက်အခံပြု​သူများ​က ကျွန်ုပ်​တို့ကို နှိမ်​နှင်း​ပစ်​ဖို့​လို​သည့် အန္တရာယ်​ဂိုဏ်း​ဟု စွပ်စွဲ​ပြောဆို​ကြ​ပေမည်။ (တမန်​တော် ၂၈:၂၂) ဤ​စွပ်စွဲချက်​များသည် မှားယွင်း​ကြောင်း တင်ပြ​နိုင်​သည့်​အခါ​များ ရှိ​တတ်​သည်။ မည်သို့​အားဖြင့်​နည်း။ တမန်​တော်​ပေတရု​၏ ဤ​အကြံပေး​ချက်​ကို လိုက်နာခြင်း​အားဖြင့်​ဖြစ်သည်– “သင်တို့​မျှော်လင့်ခြင်း​၏​အကြောင်းကို မေးမြန်း​သော​သူ​ရှိသမျှ​တို့အား နူးညံ့​သော​သဘော၊ ကြောက်ရွံ့​သော​သဘော​နှင့်​ပြန်​ပြော​ခြင်း​ငှာ ကာလ​အစဉ်မပြတ် အသင့်​ရှိနေကြ​လော့။” (၁ ပေတရု ၃:၁၅) ထို့​ပြင် “အပြစ်တင်​ဖွယ်​မရှိ၊ စင်ကြယ်သော​တရား​စကား​ကို ဟောပြောခြင်း​တို့ကို​ပြု​လော့။ သို့​ဖြစ်၍၊ တစ်ဖက်၌​နေသော​သူသည် ငါ​တို့ကို​ကဲ့ရဲ့​စ​ရာ​အခွင့်​မရနိုင်​သောကြောင့် ရှက်ကြောက်ခြင်း​သို့​ရောက်​လိမ့်​မည်။”—တိတု ၂:၈

ကျွန်ုပ်​တို့ နာမည်​ဖျက်​ခံရသော​အခါ စိတ်ဓာတ်​မကျ​သင့်​ပါ။ ဘုရားသခင်​၏ စုံလင်သော​သားတော် ယေရှု​ပင် ဘုရားသခင်​ကို​ပြစ်မှား​လွန်ကျူးသူ၊ ပုန်ကန်​ရန်​လှုံ့ဆော်သူ၊ နတ်ဆိုးစွဲ​သူ​ဟူ၍ပင် စွပ်စွဲ​ခံ​ခဲ့​ရ၏။ (မဿဲ ၉:၃; မာကု ၃:၂၂; ယောဟန် ၁၉:၁၂) တမန်​တော်​ပေါလု​လည်း အသရေ​ရှုတ်ချ​ခံ​ခဲ့​ရ၏။ (၁ ကောရိန္သု ၄:၁၃) ယေရှု​နှင့်​ပေါလု​တို့သည် ထိုသို့​ပြစ်တင်​ရှုတ်ချ​ခံရ​ခြင်း​ကို ဂရုမစိုက်​ဘဲ မိမိတို့​လုပ်စရာ​အလုပ်ကို ဆက်လုပ်​ကိုင်​ခဲ့​ကြသည်။ (မဿဲ ၁၅:၁၄) ရန်သူများ​၏ နှစ်သက်မှု​ကို သူတို့ ဘယ်​သောအခါ​မျှ ရနိုင်​မည်​မဟုတ်​ကြောင်း သိထားကြသည်၊ အကြောင်း​မှာ ‘လောကသား​အပေါင်းတို့သည် စာတန်​၏​လက်၌​ရှိ’ ၍​တည်း။ (၁ ယောဟန် ၅:၁၉) ယနေ့ ကျွန်ုပ်​တို့​လည်း အလားတူ​အခက်အခဲ ကြုံနေ​ရသည်။ အတိုက်အခံပြု​သူများ​က ကျွန်ုပ်​တို့​အကြောင်း မဟုတ်မမှန်​သတင်းလွှင့်​သောအခါ ထိတ်လန့်​သွား​ကြဖို့​မဟုတ်ပါ။—မဿဲ ၅:၁၁

အမှန်တကယ်​အရေးပါသော ရှုမြင်ချက်များ

ကျွန်ုပ်​တို့ကို အခြားသူများ​ယူဆ​ပုံ​သည် သူတို့၏​သဘောထားများ၊ ကျွန်ုပ်​တို့​အကြောင်း ကြား​ခဲ့​ဖူး​ရာ​များ​အပေါ်​မူတည်ပြီး အမျိုးမျိုး​ကွဲပြား​ခြားနား​လိမ့်​မည်။ အချို့​က ကျွန်ုပ်​တို့ကို ချီးမွမ်း​ကြ​မည်၊ လေးစား​ကြ​မည်​ဖြစ်သော်လည်း အခြားသူများ​မူ ကျွန်ုပ်​တို့ကို​ကဲ့ရဲ့​ပြစ်တင် မုန်းတီး​ကြ​ပေမည်။ သို့သော် ကျမ်းစာ​မူများ​ကို ကျွန်ုပ်​တို့​လိုက်လျှောက်​နေသရွေ့ ပျော်ရွှင်မှု​ရှိ​ရန်၊ စိတ်​ငြိမ်သက်မှု​ရှိ​ရန် အကြောင်း​များသည်။

တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “ထို​ကျမ်းစာ​ရှိသမျှသည် ဘုရားသခင်​မှုတ်သွင်း​တော်​မူ​သော​အားဖြင့်​ဖြစ်၍၊ ဘုရားသခင်​၏​လူသည် စုံလင်သော​သူ၊ ကောင်းသော​အမှု​အမျိုးမျိုး​တို့ကို​ပြုစု​ခြင်း​အလို​ငှာ ပြင်ဆင်​သော​သူ​ဖြစ်​မည်​အကြောင်း၊ ဆုံးမခြင်း၊ အပြစ်ကို​ဖော်ပြခြင်း၊ ဖြောင့်မတ်​စွာ​ပြုပြင်ခြင်း၊ တရားကို​သွန်သင်ခြင်း​ကျေးဇူးများ​ကို ပြု​တတ်၏။” (၂ တိမောသေ ၃:၁၆၊ ၁၇) အရာ​ရာ​တွင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏ လမ်းညွှန်မှုကို ကျေးဇူး​တင်​လေးမြတ်​စွာ လက်ခံခြင်း​ဖြင့် ယေဟောဝါ​ဘုရားသခင်​နှင့် ကိုယ်တော့်​သားတော်​၏ မျက်နှာသာတော်​ကို ကျွန်ုပ်​တို့​ရရှိပါ​လိမ့်​မည်။ အဆုံး​တွင် ယေဟောဝါ​နှင့် ကိုယ်တော့်​သားတော်​တို့ ရှုမြင်ပုံ​က​သာ အရေးကြီးဆုံး​ဖြစ်သည်။ ကိုယ်တော်​နှင့်​သားတော် ရှုမြင်ပုံသည် ကျွန်ုပ်​တို့၏​တန်ဖိုး​အမှန်​ကို ထင်ရှားစေ​ပြီး သူတို့၏​မျက်နှာသာ​ရ​မှ​သာ ကျွန်ုပ်​တို့​အသက်​ရမည်​ဖြစ်သည်။—ယောဟန် ၅:၂၇; ယာကုပ် ၁:၁၂

[စာမျက်နှာ ၃၀ ပါ အကျဉ်း​ဖော်ပြချက်]

“ချီးမွမ်း​ခံရ​ခြင်း​ကို တမ်းတ​မိ​လို့၊ ချီးမွမ်း​ခံရတဲ့​အခါ ရှက်မိ​တယ်။”—အိန္ဒိယ​လူမျိုး ကဗျာ​ဆရာ၊ရာ​ဘင်​ဒ​ရာ​နာ​သ်​တ​ဂိုး

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံများ]

ယုံကြည်သူချင်း​များ​၏​ရှုမြင်ပုံသည် အရေးကြီး

[Picture Credit Line on page 30]

Culver Pictures