စာရှုသူများထံမှ မေးခွန်းလွှာ
စာရှုသူများထံမှ မေးခွန်းလွှာ
အကြမ်းဖက်ကွန်ပျူတာဂိမ်း ကစားခြင်းသည် ယေဟောဝါနှင့် ဆက်ဆံရေးကို ထိခိုက်နိုင်သလော။
‘ထာဝရဘုရားသခင်သည် ဖြောင့်မတ်သောသူကို စစ်ဆေးတော်မူ၍ ဆိုးသောသူနှင့် ကြမ်းကြုတ်ခြင်းနှစ်သက်သောသူကို [“အလွန်၊” ကဘ] မုန်းတော်မူ၏’ ဟု ရှေးဣသရေလဘုရင်ဒါဝိဒ် ရေးသားခဲ့သည်။ (ဆာလံ ၁၁:၅၊ သမ္မာ) “မုန်းတော်မူ၏” ဟုပြန်ဆိုထားသော မူရင်းဟေဗြဲစကားလုံးသည် “ရန်သူတစ်ယောက်” ဖြစ်ခြင်းဟု အဓိပ္ပာယ်ဆောင်သည်။ ထို့ကြောင့် အကြမ်းဖက်မှုကို နှစ်သက်သူမည်သူမဆို ဘုရားသခင့်ရန်သူ ဖြစ်သွားသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သုံးသပ်ရမည့်မေးခွန်းမှာ ကွန်ပျူတာဂိမ်းအချို့သည် အကြမ်းဖက်မှု နှစ်သက်သည့်စိတ်ကို ကြီးထွားစေနိုင်သလော ဟူ၍ဖြစ်သည်။
အကြမ်းဖက်ကွန်ပျူတာဂိမ်းများသည် စစ်လက်နက်အသုံးပြုခြင်းကို အမွှမ်းတင်သည်။ အဆိုပါဂိမ်းများသည် ကစားသူကို စစ်အတတ်ပညာ သင်ပေးလေ့ရှိ၏။ သည်အီကော်နောမစ်မဂ္ဂဇင်းက ဤသို့ဖော်ပြသည်– “အမေရိကန်နိုင်ငံ၏စစ်တပ်သည် ကွန်ပျူတာဂိမ်းများကို လေ့ကျင့်ရေးကိရိယာများအဖြစ် အလွန်အမင်းအားထားလျက်ရှိ၏။ သူတို့အသုံးပြုနေသော ဂိမ်းအချို့မှာ လက်ရှိဈေးကွက်တွင် ရောင်းချနေသော ဂိမ်းများဖြစ်သည်။”
အကြမ်းဖက်ကွန်ပျူတာဂိမ်း ကစားသူများသည် ပကတိလူကို အန္တရာယ်မပြုသည်တော့ မှန်ပါသည်။ သို့သော် ဤဖျော်ဖြေမှုကို နှစ်သက်ခြင်းက သူတို့၏နှလုံးအခြေအနေ မည်သို့ရှိကြောင်း ဖော်ပြသနည်း။ (မဿဲ ၅:၂၁၊ ၂၂; လုကာ ၆:၄၅) စိတ်ကူးထဲမှလူတစ်ယောက်ကို ဓားနှင့်ထိုးခြင်း၊ သေနတ်နှင့်ပစ်ခြင်း၊ ကိုယ်အင်္ဂါချို့ယွင်းစေခြင်း၊ သတ်ပစ်ခြင်းတို့၌ ပျော်ပိုက်သူတစ်ဦးကို အသင် မည်သို့ယူဆမည်နည်း။ ထိုသူသည် စိတ်ကူးယဉ်အကြမ်းဖက်ဂိမ်းများကို အပတ်စဉ် နာရီပေါင်းများစွာ မက်မက်မောမော ကစားနေပြီး အဆိုပါဂိမ်းများကို စွဲလုနီးပါးဖြစ်လာလျှင်ကော။ ညစ်ညမ်းဇာတ်ကား ကြည့်သူတစ်ဦးသည် ကိုယ်ကျင့်တရားပျက်ပြားလိုစိတ်ကို ကြီးထွားစေသကဲ့သို့ ထိုသူသည် အကြမ်းဖက်မှုကို နှစ်သက်သည့်စိတ် ကြီးထွားစေနေခြင်းဖြစ်သည်ဟု ယုတ်စွအဆုံး သင်ကောက်ချက်ချပေမည်။—မဿဲ ၅:၂၇-၂၉။
အကြမ်းဖက်မှုကို နှစ်သက်သူတစ်ဦးအား ယေဟောဝါ မည်မျှတိုင် မုန်းတော်မူသနည်း။ ထိုသူကို ယေဟောဝါ ‘အလွန်မုန်း’ သည်ဟု ဒါဝိဒ်ပြောခဲ့သည်။ အကြမ်းဖက်မှုကို နှစ်သက်သူများအား မည်မျှခါးခါးသီးသီးမုန်းတော်မူကြောင်း နောဧခေတ်တွင် ယေဟောဝါတင်ပြခဲ့သည်။ နောဧကို ယေဟောဝါဤသို့မိန့်တော်မူ၏– “သတ္တဝါအပေါင်းတို့၏အဆုံးသည် ငါ့မျက်မှောက်တွင်ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် [အကြမ်းဖက်]မှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကိုငါဖျက်ဆီးမည်။” (ကမ္ဘာဦး ၆:၁၃) စစ်မှန်သောဘုရားသခင်သည် သူတို့၏အကြမ်းဖက်လုပ်ရပ်များကြောင့် လူ့လောကတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ အကြမ်းဖက်မှုကို မနှစ်သက်သူ ရှစ်ဦးဖြစ်သည့် နောဧနှင့် သူ့မိသားစုကိုသာ ကိုယ်တော် စောင့်ရှောက်ကာကွယ်ခဲ့သည်။—၂ ပေတရု ၂:၅။
ယေဟောဝါ၏မိတ်ဆွေဖြစ်လိုသူတို့သည် “သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြ” သည်။ အကြမ်းဖက်မှုကို နှစ်သက်သည့်စိတ် ဖြစ်ပေါ်စေမည့်အစား သူတို့သည် “စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်” ယူကြချေ။ (ဟေရှာယ ၂:၄) ဘုရားသခင့်ရန်သူဖြစ်လာရန်ထက် ကိုယ်တော်၏မိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်နေနိုင်ရန် ကျွန်ုပ်တို့သည် ‘မကောင်းမှုကိုလွှဲရှောင်၍ ကောင်းမှုကိုပြု’ ကြရမည်။ “သူတစ်ပါးနှင့်အသင့်အတင့်နေခြင်းကိုရှာ၍ မီအောင်လိုက်” ဖို့လိုသည်။—၁ ပေတရု ၃:၁၁။
ကျွန်ုပ်တို့သည် အကြမ်းဖက်ဗီဒီယိုဂိမ်းများ ကစားသည့်အကျင့် ရှိနေလျှင်ကော။ သို့ဖြစ်လျှင် ယေဟောဝါမုန်းတော်မူသောအရာများ ပြုကျင့်နေခြင်းကို ရပ်တန်းကရပ်ခြင်းဖြင့် ကိုယ်တော့်စိတ်တော်နှင့်တွေ့ရန် အခိုင်အမာသန္နိဋ္ဌာန်ချဖို့လိုသည်။ ဝိညာဉ်ရေးကို ထိခိုက်စေတတ်သော ဤအကျင့်ကိုဖြတ်ရန် ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော် အကူအညီရဖို့ မပျက်မကွက် ဆုတောင်းသင့်သည်။ ကျွန်ုပ်တို့၏အသက်တာကို ဘုရားသခင့်အလိုတော်နှင့် ပို၍ညီညွှတ်စေဖို့ ငြိမ်သက်ခြင်း၊ ကောင်းမြတ်ခြင်းနှင့် စိတ်ချုပ်တည်းခြင်းစသည့် အရည်အသွေးများကို ကျင့်သုံးမည်ဆိုလျှင် ထိုအကျင့်ကို ဖြတ်နိုင်ပါသည်။—လုကာ ၁၁:၁၃; ဂလာတိ ၅:၂၂၊ ၂၃။