ပုန္တိပိလတ်ကားမည်သူနည်း
ပုန္တိပိလတ်ကားမည်သူနည်း
“မထီမဲ့မြင်ပြုတတ်သော၊ မယုံသင်္ကာဖြစ်တတ်သော ပိလတ်သည် လူတို့ မကြာခဏစဉ်းစားမိသော သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူ့ကို အချို့က သူတော်စင်တစ်ပါးအဖြစ်၊ အချို့က ပျော့ညံ့သူ၊ နိုင်ငံရေးသမားပီပီ မိမိရာထူးတည်တံ့ရေးအတွက် လူတစ်ဦးကို စတေးလိုက်သူအဖြစ် ရှုမြင်ကြသည်။”—အဲန်းရိုးရေးခဲ့သော ပုန္တိပိလတ်။
ဤအမြင်မျိုး သင်၌ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပုန္တိပိလတ်သည် ယေရှုခရစ်ကို ဆက်ဆံခဲ့ပုံကြောင့် နာမည်ပျက်ရခဲ့သည်။ ပိလတ်ကား မည်သူနည်း။ သူ့အကြောင်း အဘယ်အရာသိထားကြသနည်း။ သူ၏ရာထူးအကြောင်း ကောင်းစွာသိထားခြင်းက ကမ္ဘာပေါ်ဖြစ်ပျက်ခဲ့သမျှတွင် အရေးပါဆုံးဖြစ်ရပ်ကို ပို၍နားလည်စေပါလိမ့်မည်။
ရာထူး၊ တာဝန်နှင့် အခွင့်အာဏာ
ရောမဧကရာဇ် တိဗေရိသည် စီ.အီး. ၂၆ တွင် ပိလတ်အား ယုဒနယ်၏ဘုရင်ခံအဖြစ် ခန့်အပ်ခဲ့သည်။ ထိုအရာရှိများသည် မြင်းတပ်မှဖြစ်ကြသည်။ သူတို့သည် ရှေးရောမနိုင်ငံတော်ကောင်စီဝင် မင်းမျိုးမင်းနွယ်မှ မဟုတ်ကြပါ။ ပိလတ်သည် တပ်မှူး သို့မဟုတ် လက်ထောက်တပ်မှူးအဖြစ် စစ်ထဲဝင်ခဲ့ပုံရပြီး တာဝန်ထမ်းဆောင်ချိန်အတွင်း ရာထူးအဆင့်ဆင့်တက်လာကာ အသက် ၃၀ မပြည့်မီ ဘုရင်ခံအဖြစ် ခန့်အပ်ခံခဲ့ရ၏။
ပိလတ်၏စစ်ယူနီဖောင်းသည် သားရေသင်တိုင်းနှင့် သံချပ်အင်္ကျီဖြစ်သည်။ လူထုရှေ့ထွက်သောအခါ ခရမ်းရောင်အနားကွပ်ထားသော အဖြူရောင်ဝတ်ရုံကို သူဝတ်ဆင်သည်။ ဆံပင်တိုတိုညှပ်ပြီး မုတ်ဆိတ်ရိတ်ထားသူဖြစ်ပေမည်။ အချို့က သူသည် စပိန် မှလာသည်ဟု ထင်မှတ်ကြသော်လည်း သူ၏အမည်က အီတလီနိုင်ငံတောင်ပိုင်း ဆဲမ်နိုက်ဆွေကြီးမျိုးကြီးမှ ပုန္တိမျိုးနွယ်သားဖြစ်ကြောင်း ဖော်ပြသည်။
ပိလတ်၏ရာထူးမျိုးရှိသူ ဘုရင်ခံများသည် အများအားဖြင့် ယဉ်ကျေးမှုမရှိသောနယ်မြေများသို့ စေလွှတ်ခံရလေ့ရှိသည်။ ရောမများက ယုဒနယ်ကို ထိုသို့သောနယ်မြေအဖြစ် ယူမှတ်ကြသည်။ ပိလတ်သည် ငြိမ်သက်မှုရှိရန် တာဝန်ယူရသည့်အပြင် သွယ်ဝိုက်ခွန်နှင့် လူခွန် ကောက်ခံရေးကိုလည်း ကြီးကြပ်ကွပ်ကဲခဲ့ရသည်။ နေ့စဉ်တရားရေးကိစ္စများကို ဂျူးတရားရုံးက ကိုင်တွယ်ဖြေရှင်းခွင့်ရှိသော်လည်း သေဒဏ်ချမှတ်ဖို့လိုလာသည့်ကိစ္စများကိုမူ အမြင့်ဆုံးတရားစီရင်ခွင့်အာဏာရှိသူ ဘုရင်ခံထံ လွှဲအပ်ပေးရသည်။
ပိလတ်နှင့် ဇနီးဖြစ်သူသည် စာရေးများ၊ အပေါင်းအသင်းများ၊ စေတမန်များနှင့်အတူ ကဲသရိဆိပ်ကမ်းမြို့တွင် နေထိုင်ကြ၏။ ပိလတ်သည် စစ်သည် ၅၀၀ မှ ၁၀၀၀ ပါဝင်သော ခြေလျင်တပ် ငါးတပ်နှင့် စစ်သည် ၅၀၀ ပါဝင်သော မြင်းတပ်တစ်တပ်ကို အုပ်ချုပ်သည်။ သူ၏စစ်သားများသည် ဥပဒေချိုးဖောက်သူများကို ကွပ်မျက်လေ့ရှိသည်။ စစ်မဲ့ကာလတွင် တရားရေးကိစ္စများကို အလျင်အမြန်ကြားနာပြီး အမိန့်ချမှတ်သော်လည်း အရေးအခင်းဖြစ်နေစဉ်ကာလတွင် ပုန်ကန်သူများကို အစုလိုက်အပြုံလိုက် ချက်ချင်းသေဒဏ်ပေးတတ်သည်။ ဥပမာ၊ စပါတားကပ်စ် ဦးဆောင်သော ပုန်ကန်မှုကို နှိမ်နှင်းရန် ရောမများသည် ကျွန်ပေါင်း ၆,၀၀၀ ကိုကွပ်မျက်ခဲ့ကြ၏။ ယုဒနယ်တွင် ပြဿနာများပေါ်ပေါက်လာပါက ပုံမှန်အားဖြင့် ဘုရင်ခံသည် ရှုရိပြည်ရှိ ရောမစစ်တပ်ကိုအုပ်ချုပ်သော ဧကရာဇ်စစ်တပ်မှူးထံ အကူအညီတောင်းတတ်သည်။ သို့သော် ပိလတ်အုပ်ချုပ်ချိန်အတွင်းတွင် စစ်တပ်မှူးမရှိသောကြောင့် မငြိမ်မသက်မှုများကို သူကိုယ်တိုင် အလျင်အမြန်ဖြေရှင်းခဲ့ရ၏။
ဘုရင်ခံများသည် ဧကရာဇ်မင်းနှင့် အမြဲဆက်သွယ်ရသည်။ ဧကရာဇ်မင်း၏ဂုဏ်သိက္ခာ သို့မဟုတ် ရောမတို့၏အာဏာကို ခြိမ်းခြောက်သည့် ကိစ္စရပ်များကို အစီရင်ခံဖို့လိုပြီး ဧကရာဇ်မင်းက အမိန့်ချမှတ်ရ၏။ ဘုရင်ခံသည် မိမိနယ်မြေအတွင်းဖြစ်သော အဖြစ်အပျက်များကို အခြားသူများမတိုင်တန်းမီ ဧကရာဇ်ထံတင်ပြလိုပေမည်။ ထို့ကြောင့် ယုဒနယ်တွင် ဖြစ်လာနိုင်သည့် ဆူပူထကြွမှုများအတွက် ပိလတ် အလွန်ရင်လေးခဲ့ပေမည်။
ခရစ်ဝင်ကျမ်းများအပြင် သမိုင်းပညာရှင် ဖလေးဗီးယက်စ် ဂျိုစီဖတ်စ်နှင့် ဖီလိုတို့က ပိလတ်အကြောင်း အများဆုံးဖော်ပြခဲ့ကြသည်။ ရောမသမိုင်းပညာရှင် တက်စီတပ်စ်ကလည်း ပိလတ်သေဒဏ်ပေးခဲ့သော ခရစ်တော်၏အမည်ကို ခရစ်ယာန်များခံယူခဲ့သည်ဟု ဆို၏။
ဂျူးများ ဒေါသူပုန်ထခြင်း
ဂျူးတို့က ရုပ်ပုံများပြုလုပ်ခြင်းကို ဆန့်ကျင်သောကြောင့် ရောမဘုရင်ခံများသည် ဧကရာဇ်မင်း၏ရုပ်ပုံပါသော စစ်အလံများကို ယေရုရှလင်မြို့ထဲ မယူဆောင်လာကြကြောင်း ဂျိုစီဖတ်စ်ကဆိုသည်။ ပိလတ်မူကား ထိုသို့ပြုခြင်းကို ဂရုမစိုက်သောကြောင့် ဂျူးများသည် ဒေါသူပုန်ထပြီး ကဲသရိမြို့သို့ ဆန္ဒပြဖို့ရောက်လာကြသည်။ ပိလတ်သည် ငါးရက်လုံးလုံး ဘာမျှအရေးယူလုပ်ဆောင်ခြင်းမရှိခဲ့ပေ။ ခြောက်ရက်မြောက်နေ့တွင် ဆန္ဒပြသူများကို ဝိုင်းထားပြီး လူစုမခွဲပါက သတ်ပစ်မည်ဟုခြိမ်းခြောက်ရန် စစ်သားများအား အမိန့်ပေးလိုက်သည်။ ထိုအခါ ဂျူးများက မိမိတို့၏ပညတ်ချိုးဖောက်ခြင်းကိုခံမည့်အစား အသေခံမည်ဟုကြွေးကြော်ကြသောအခါ ပိလတ်သည် အလျှော့ပေးပြီး ရုပ်ပုံများကို ဖယ်ရှားလိုက်ရန် အမိန့်ပေးခဲ့သည်။
ပိလတ်သည် အင်အားကို အသုံးပြုနိုင်စွမ်းရှိ၏။ ဂျိုစီဖတ်စ် မှတ်တမ်းတင်ခဲ့သော အဖြစ်အပျက်တစ်ခုအရ ပိလတ်သည် ယေရုရှလင်မြို့သို့ ရေသွယ်မြောင်းဖောက်လုပ်ခဲ့ပြီး ဤစီမံကိန်းအတွက် ဗိမာန်တော်ဘဏ္ဍာငွေကို အသုံးပြုခဲ့သည်ဟုဆို၏။ ထိုငွေကို သူအတင်းအဓမ္မသိမ်းယူခဲ့ခြင်းမဟုတ်ပေ။ အကြောင်းမှာ ဗိမာန်တော်ငွေကို လုယူခြင်းသည် ဘာသာရေးကို မခန့်မညားပြုရာကျသည့်အပြင် ဒေါသထွက်နေသည့် ဂျူးများက မိမိကိုဖယ်ရှားပစ်ရန် တိဗေရိထံ တောင်းဆိုကြမည်မှာသေချာသည်။ ထို့ကြောင့် ပိလတ်သည် ဗိမာန်တော်မှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပုံရသည်။ “ကော်ဘန်” ဟုခေါ်ကြသော အလှူငွေများကို မြို့တော်အကျိုးပြုလုပ်ငန်းများအတွက် တရားဝင်အသုံးပြုနိုင်ခဲ့သည်။ သို့သော် ထောင်နှင့်ချီသောဂျူးတို့က စုရုံးဆန္ဒပြခဲ့ကြသည်။
ပိလတ်သည် စစ်သားများအား ဓားမသုံးဘဲ ဆန္ဒပြသူများကို ရိုက်နှက်ရန် အမိန့်ပေးခဲ့သည်။ သူသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမဖြစ်စေလိုဘဲ ဆူပူသောလူအုပ်ကို ထိန်းချုပ်လိုခဲ့သည်။ ထိုအချိန်တွင် လူအချို့သေဆုံးခဲ့သော်လည်း ဤလုပ်ရပ်အောင်မြင်ခဲ့ပုံရသည်။ ပိလတ်သည် ဂါလိလဲလူတို့၏အသွေးကို ရောမတို့ပူဇော်သောယဇ်ကောင်နှင့် ရောနှောခဲ့သည်ဟု လူအချို့က ယေရှုအား လျှောက်ဆိုခဲ့ချိန်တွင် ထိုအဖြစ်အပျက်ကို ရည်ညွှန်းခဲ့ခြင်းဖြစ်မည်။—လုကာ ၁၃:၁။
‘အမှန်တရားကား အဘယ်နည်း’
ယေရှုသည် မိမိကိုယ်ကို ဘုရင်အဖြစ်တင်မြှောက်နေသည်ဟု ဂျူးယဇ်ပုရောဟိတ်အကြီးများနှင့် အသက်ကြီးသူတို့၏ စွပ်စွဲချက်ကို ပိလတ်စစ်ဆေးမေးမြန်းခဲ့ခြင်းကြောင့် နာမည်ဆိုးထွက်ခဲ့သည်။ အမှန်တရားကို သက်သေခံရန် ယေရှုကြွရောက်လာသည့်အကြောင်း ကြားသိရပြီးနောက် ဤအကျဉ်းသားသည် ရောမနိုင်ငံကို အန္တရာယ်ပြုမည့်သူမဟုတ်ကြောင်း ပိလတ်ကောင်းစွာသိခဲ့သည်။ ‘အမှန်တရားကား အဘယ်နည်း’ ဟုသူမေးရခြင်းမှာ ယင်းသည် နားလည်ရခက်သောအရာဖြစ်၍ ဂရုစိုက်စရာမဟုတ်ဟု ယူမှတ်ခဲ့ခြင်းကြောင့်ဖြစ်မည်။ ထို့နောက် သူက “ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့” ဟုကောက်ချက်ချခဲ့သည်။—ယောဟန် ၁၈:၃၇၊ ၃၈; လုကာ ၂၃:၄။
ဤတွင် ယေရှုကိုစစ်ဆေးခြင်း အပြီးသတ်သင့်၏၊ သို့သော် ဂျူးများက ယေရှုသည် ပြည်သားများကိုလှည့်ဖြားနေသည်ဟု ဆက်အော်ဟစ်နေကြ၏။ ယေရှုကို ယဇ်ပုရောဟိတ်အကြီးများ မနာလိုသောကြောင့် အပ်နှံခဲ့ကြောင်း ပိလတ်သိသည်။ ယေရှုကိုလွှတ်ပေးလျှင် သူမလိုလားသောပြဿနာများ ဖြစ်ပေါ်လာမည်ကိုလည်း သိသည်။ ပုန်ကန်ရန်လှုံ့ဆော်မှုနှင့် လူသတ်မှုအတွက် ထောင်ကျနေသော ဗာရဗ္ဗနှင့်အခြားသူများကြောင့် ပြဿနာများစွာ ပေါ်ပေါက်ခဲ့နှင့်ပြီးဖြစ်သည်။ (မာကု ၁၅:၇၊ ၁၀; လုကာ ၂၃:၂) ထို့ပြင် ဂျူးများနှင့် ယခင်က အချင်းဖြစ်ပွားခဲ့ခြင်းကြောင့် တိဗေရိရှေ့ ပိလတ်၏ဂုဏ်သိက္ခာကျဆင်းနေသည်၊ တိဗေရိသည် အုပ်ချုပ်ရေးတွင် မကျွမ်းကျင်သော ဘုရင်ခံများကို ပြတ်ပြတ်သားသား အရေးယူကြောင်း နာမည်ကြီးသည်။ သို့သော် ဂျူးများကို အလျှော့ပေးလိုက်လျှင် ပျော့ညံ့ခြင်း၏လက္ခဏာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ပိလတ် အကျပ်ရိုက်နေ၏။
ယေရှုသည် အဘယ်အရပ်ဒေသမှလာကြောင်း ပိလတ်သိသည်နှင့် ဂါလိလဲနယ်ကိုအုပ်ချုပ်သူ ဟေရုဒ်အန္တိပထံ ထိုအမှုကိုလွှဲပြောင်းဖို့ ကြိုးစားခဲ့သည်။ ဤလုပ်ရပ်မအောင်မြင်သောအခါ နန်းတော်ရှေ့၌စုရုံးနေသူတို့အား ပသခါပွဲတွင် အကျဉ်းသားတစ်ဦးကို လွှတ်ပေးရသည့်ထုံးစံအတိုင်း ယေရှုအားလွှတ်ပေးရန် တောင်းဆိုကြဖို့ ပိလတ် တိုက်တွန်းလေသည်။ လူအုပ်က ဗာရဗ္ဗကိုသာလွှတ်ပေးရန် ဆက်တိုက်အော်ဟစ်နေကြသည်။—လုကာ ၂၃:၅-၁၉။
ပိလတ်သည် မှန်ရာကိုလုပ်လိုခဲ့ပေမည်၊ သို့သော် မိမိ၏ရာထူးတည်တံ့စေလိုပြီး လူအုပ်ကိုလည်း ကျေနပ်စေလိုသည်။ နောက်ဆုံး သူသည် မိမိ၏ကိုယ်ကိုကိုယ်သိသောစိတ်နှင့် တရားမျှတမှုထက် ရာထူးကို ဦးစားပေးလေသည်။ ထို့နောက် ရေတောင်း၍ မိမိလက်ကို ဆေးကြောလိုက်ပြီး ဤသေမိန့်ချမှတ်မှုတွင် အပြစ်ကင်းကြောင်း ကြေညာခဲ့သည်။ * ယေရှု၌အပြစ်မရှိကြောင်း သူယုံသော်လည်း ကိုယ်တော်အား ရိုက်နှက်စေပြီး စစ်သားများက ကိုယ်တော်ကိုကဲ့ရဲ့လှောင်ပြောင်၊ တံတွေးနှင့်ထွေးခဲ့သည်။—မဿဲ ၂၇:၂၄-၃၁။
ပိလတ်သည် ယေရှုကိုလွှတ်လိုက်ရန် နောက်ဆုံးအကြိမ်ကြိုးစားခဲ့သော်လည်း ထိုသို့လွှတ်ပေးလျှင် သူသည် ကဲသာဘုရင်၏ အဆွေမဟုတ်ဟု လူအုပ်က အော်ဟစ်ကြလေသည်။ (ယောဟန် ၁၉:၁၂) ထို့ကြောင့် ပိလတ် လက်လျှော့လိုက်ရတော့သည်။ ကျမ်းပညာရှင်တစ်ဦးက ပိလတ်၏ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ ဤသို့ဆိုသည်– “အဲဒီလူကို သတ်လိုက်တာက အလွယ်ဆုံးပဲ။ အရေးပါပုံမရတဲ့ ဂျူးတစ်ယောက်ရဲ့ အသက်ဆုံးရှုံးရုံပဲပေါ့၊ သူ့ကြောင့် ပြဿနာတွေ ပိုများလာမယ်ဆိုရင် မိုက်မဲရာကျလိမ့်မယ်။”
ပိလတ် မည်သို့ဖြစ်သွားခဲ့သနည်း
ပိလတ်အကြောင်း နောက်ဆုံးမှတ်တမ်းတင်ချက်က အငြင်းပွားစရာ နောက်တစ်ခုဖြစ်သည်။ ဂျိုစီဖတ်စ်၏အဆိုအရ ရှမာရိလက်နက်ကိုင်များစွာသည် မောရှေမြှုပ်နှံခဲ့သည်ဟုယူမှတ်သော ဘဏ္ဍာများကို တူးဖော်ရန် ဂေရဇိမ်တောင်တွင် စုရုံးခဲ့ကြသည်။ ထိုအခါ ပိလတ်ကြားဝင်အရေးယူခဲ့ရာ သူ၏စစ်တပ်သည် လူများစွာကို သတ်ဖြတ်ခဲ့သည်။ ရှမာရိလူမျိုးများသည် ပိလတ်၏အထက်အရာရှိ ရှုရိဘုရင်ခံ လူကီးယပ်စ် ဗိုင်တဲလီးယပ်စ်ထံ တိုင်ကြားခဲ့ကြသည်။ ပိလတ်၏အပြုအမူသည် လွန်လွန်းသည်ဟု ဗိုင်တဲလီးယပ်စ် ယူမှတ်၊ မယူမှတ်သည်ကို မဖော်ပြထားပါ။ မည်သို့ဆိုစေ၊ ပိလတ်အား ရောမသို့ဆင့်ခေါ်လိုက်ပြီး ဧကရာဇ်ရှေ့ လျှောက်လဲရန် အမိန့်ပေးခဲ့သည်။ သို့သော် ပိလတ်မရောက်လာမီ တိဗေရိကွယ်လွန်သွားသည်။
“ထိုအချိန်မှစ၍ ပိလတ်အကြောင်း သမိုင်းက မဖော်ပြတော့ဘဲ သူနှင့်ပတ်သက်၍ ယုံတမ်းစကားများကိုသာ ကြားသိရလေသည်” ဟုသတင်းတစ်ရပ်ကဆို၏။ လူများစွာက ကျွန်ုပ်တို့မသိသော အချက်အလက်များကို ကြိုးစားဖြည့်စွက်ပေးကြသည်။ အချို့က ပိလတ်သည် ခရစ်ယာန်တစ်ဦးဖြစ်လာသည်ဟု ဆိုကြသည်။ အီသီယိုပီးယား “ခရစ်ယာန်များ” က သူ့အား “သူတော်စင်တစ်ပါး” အဖြစ်ယူမှတ်ကြ၏။ သို့သော် ပိလတ်သည် ယုဒရှကာရုတ်ကဲ့သို့ သူ့ကိုယ်သူအဆုံးစီရင်ခဲ့သည်ဟု ဆိုခဲ့သူတို့တွင် တတိယရာစုအကုန်ပိုင်းနှင့် စတုတ္ထရာစုအစောပိုင်းမှ စာရေးဆရာ ယူစီဘီးယပ်စ်သည် အဦးဆုံးဖြစ်သည်။ သို့သော် ပိလတ်အဘယ်သို့ဖြစ်ခဲ့ကြောင်း မည်သူမျှ အတိအကျမသိကြပေ။
ပိလတ်သည် ခေါင်းမာသူ၊ မထီမဲ့မြင်ပြုသူ၊ နိုင်ထက်စီးနင်းပြုသူ ဖြစ်နိုင်ပါသည်။ သို့သော် ယုဒနယ်၏ ဘုရင်ခံအများစုမှာ ရာထူးသက်တမ်းတိုသော်လည်း ပိလတ်သည် ဆယ်နှစ်တိုင် ဘုရင်ခံဖြစ်ခဲ့သည်။ ထို့ကြောင့် ရောမတို့၏အမြင်တွင် ပိလတ်သည် အရည်အချင်းရှိသူတစ်ဦးဖြစ်သည်။ သူသည် မိမိကိုယ်ကိုကာကွယ်ဖို့ ယေရှုကိုညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်စေခဲ့ရာ အပြစ်မကင်းသော လူကြောက်ဟု သမုတ်ခံခဲ့ရသည်။ အချို့ကလည်း ပိလတ်၏တာဝန်သည် တရားမျှတမှုရှိစေရန် အဓိကမဟုတ်ဘဲ ငြိမ်သက်မှုတိုးပွားစေပြီး ရောမတို့၏အကျိုးကို သယ်ပိုးရန်ဖြစ်သည်ဟု ဆိုကြ၏။
ပိလတ်၏ခေတ်သည် ကျွန်ုပ်တို့ခေတ်နှင့် အလွန်ပင်ကွာခြားပါသည်။ သို့သော်လည်း အဘယ်တရားသူကြီးမျှ အပြစ်မဲ့သူဟု မိမိယူမှတ်သူတစ်ဦးကို ပြစ်ဒဏ်စီရင်နိုင်မည်မဟုတ်ချေ။ ပုန္တိပိလတ်သည် ယေရှုနှင့်သာ မတွေ့ဆုံခဲ့လျှင် သူသည် သမိုင်းစာအုပ်များတွင်ဖော်ပြထားသော နာမည်တစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 19 လက်ဆေးခြင်းသည် သွေးသွန်းမှုတွင်မပါဝင်ကြောင်း ဖော်ပြသည့် ဂျူးတို့၏ထုံးစံဖြစ်သည်၊ ရောမတို့၏ထုံးစံမဟုတ်ချေ။—တရားဟောရာ ၂၁:၆၊ ၇။
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
ပုန္တိပိလတ်အား ယုဒနယ်၏ဘုရင်ခံအဖြစ်ဖော်ပြသော ဤကမ္ပည်းစာကိုကဲသရိမြို့တွင်တွေ့ ရှိခဲ့