မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်လော၊ လူလော

ဘုရားသခင်လော၊ လူလော

ဘုရားသခင်​လော၊ လူ​လော

ငါသည် ဤ​လောက​၏​အလင်း​ဖြစ်၏။ ငါ့​နောက်သို့​လိုက်​သော​သူသည် မှောင်မိုက်​၌​မသွား​မလာ၊ အသက်​၏​အလင်း​ကို ရ​လိမ့်​မည်။” (ယောဟန် ၈:၁၂) ဤ​စကား​များ​ကို ယေရှု​ခရစ် မိန့်တော်မူ​ခဲ့​ခြင်း​ဖြစ်သည်။ ပထမ​ရာစု​မှ ပညာတတ်​တစ်ဦး​က ကိုယ်တော်​နှင့်​ပတ်သက်​၍ ဤသို့​ရေးခဲ့​၏– “[ကိုယ်တော်၌] ပညာ​ဘဏ္ဍာ၊ ဉာဏ်​ဘဏ္ဍာ​ရှိသမျှ​တို့သည် ဝှက်ထား​လျက်​ရှိကြ​၏။” (ကောလောသဲ ၂:၃) ထို့​ပြင်၊ သမ္မာကျမ်းစာ​၌ ဤသို့​ဆို​ထား​၏– ‘ထာဝရ​အသက်​ဟူ​မူ​ကား မှန်သော​ဘုရားသခင်​တစ်ဆူတည်း ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း။’ (ယောဟန် ၁၇:၃) ဝိညာဉ်​ရေး​လိုအပ်ချက်​ကို ဖြည့်ဆည်း​ရန် ယေရှု​နှင့်​ပတ်သက်သော တိကျ​မှန်ကန်​သည့်​အသိပညာ မရှိမဖြစ်​လိုအပ်​သည်။

ကမ္ဘာ​တစ်ဝန်း​ရှိ​လူများ​သည် ယေရှု​ခရစ်​အကြောင်း ကြားဖူး​ကြသည်။ လူ့​သမိုင်း​အပေါ် ကိုယ်တော်​၏​သြဇာလွှမ်း​မိုး​မှု​မှာ အထင်အရှား​ပင်​ဖြစ်သည်။ မှန်ပါသည်၊ ကမ္ဘာ့​ဒေသ​အများစု​တွင် အသုံးပြု​သော ပြက္ခဒိန်​သည် ကိုယ်တော်​မွေးဖွား​သည်​ဟု​ယူဆ​သော​နှစ်ကို မူတည်​ထား​သည်။ “များစွာသော​သူတို့က [ယေရှု​မွေးဖွား​သည့်​နှစ်] မတိုင်မီ​ရက်စွဲ​ကို ဘီ.စီ. သို့​မဟုတ် ခရစ်​မတိုင်မီ ဟူ၍လည်း​ကောင်း၊ ထို​နှစ်​နောက်ပိုင်း​ရက်စွဲ​ကို အေ.ဒီ. သို့​မဟုတ် အန်​နို​ဒို​မီ​နီ (ငါ​တို့​သခင်၏​နှစ်​အတွင်း) ဟူ၍လည်း​ကောင်း သတ်မှတ်​ခဲ့​ကြသည်” ဟု ကမ္ဘာ့​စာအုပ်​စွယ်စုံ​ကျမ်း​တွင် ရှင်းပြ​ထား​သည်။

သို့သော်၊ ယေရှု မည်သူ​မည်ဝါ​ဖြစ်သည်​နှင့်​ပတ်သက်​၍ ယူဆချက်များ​ကွဲပြား​နေကြ​ဆဲ​ပင်​ဖြစ်သည်။ အချို့​သူတို့​အဖို့ ကိုယ်တော်​သည် သမိုင်း​တွင် ထင်ပေါ်​ကျော်ကြား​ခဲ့​သော ထူးခြားသည့်​ပုဂ္ဂိုလ်​တစ်ဦးမျှ​သာ​ဖြစ်သည်။ အခြားသူ​တို့​မှာ​မူ ကိုယ်တော်​ကို အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင်​အဖြစ် ကိုးကွယ်​ကြသည်။ ဟိန္ဒူ​လူမျိုး အတွေးအခေါ်​သ​မား​အချို့​က ယေရှု​ခရစ်​သည် များစွာသော​သူတို့​ပြော​ကြ​သကဲ့သို့ ဟိန္ဒူ​ဘုရား ခရစ်​ရှ​နား​ကဲ့သို့​ပင် လူသား​အသွင်၊ ဘုရား​ဝင်စား​သူ​ဖြစ်သည်ဟု ဆို​ကြ​၏။ ယေရှုသည် လူသား​တစ်ဦးမျှ​သာ​လော၊ သို့​မဟုတ် ကိုးကွယ်​ခံထိုက်​သူ​လော။ အမှန်​မှာ ကိုယ်တော်​သည် မည်သူ​နည်း။ မည်သည့်​နေရာ​မှ ကြွလာ​ခဲ့​သနည်း။ ကိုယ်တော်​သည် မည်သို့သော​ပုဂ္ဂိုလ်​မျိုး​နည်း။ ယခု ကိုယ်တော် မည်သည့်​နေရာတွင်​ရှိ​သနည်း။ ယေရှု​နှင့်​ပတ်သက်​၍ အကြောင်းအရာ အတော်များများ​ပါရှိ​သော စာအုပ်​တွင် အထက်ပါ​မေးခွန်းများ​၏ အဖြေ​မှန်​များ​ပါရှိ​သည်ကို နောက်​ဆောင်းပါး​တွင် တွေ့ရ​မည်။