မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်မြင်အားဖြင့်မဟုတ် ယုံကြည်ခြင်းအားဖြင့် ကျင့်ဆောင်ကြလော့

မျက်မြင်အားဖြင့်မဟုတ် ယုံကြည်ခြင်းအားဖြင့် ကျင့်ဆောင်ကြလော့

မျက်မြင်​အားဖြင့်​မဟုတ် ယုံကြည်ခြင်း​အားဖြင့် ကျင့်ဆောင်​ကြလော့

“မျက်မှောက်​မမြင်​ဘဲ ယုံကြည်​မျှော်လင့်ခြင်း​ရှိသည်​အတိုင်း၊ ငါ​တို့သည် ကျင့်ဆောင်​ပြုမူ​သည်။”—၂ ကောရိန္သု ၅:၇

၁။ တမန်​တော်​ပေါလု​သည် မျက်မြင်​အားဖြင့်​မဟုတ်ဘဲ ယုံကြည်ခြင်း​အားဖြင့် ကျင့်ဆောင်​ခဲ့​ကြောင်း အဘယ်အရာက ဖော်ပြ​သနည်း။

အချိန်​ကား စီ.အီး. ၅၅ ခုနှစ် ဖြစ်သည်။ ခရစ်ယာန်​များ​ကို နှိပ်စက်​ညှဉ်းပန်း​ခဲ့​သော ရှောလု​အမည်​ရှိသူ​သည် ခရစ်ယာန်​ဘာသာ​ကို လက်ခံ​ယုံကြည်​လာ​ခဲ့​သည်​မှာ အနှစ် ၂၀ ခန့်​ရှိ​လေ​ပြီ။ ကုန်လွန်​သွားခဲ့​သည့် ထို​အချိန်ကာလ​အတွင်း ဘုရားသခင်​အပေါ်​ထား​ရှိသည့် သူ၏​ယုံကြည်ခြင်း လျော့နည်း​မသွား​ခဲ့​ချေ။ ကောင်းကင်​အရာများ​ကို ပကတိ​မျက်စိဖြင့် မမြင်​ရ​သော်လည်း သူသည် ယုံကြည်ခြင်း​ခိုင်မြဲ​သူ​ဖြစ်၏။ ထို့​ကြောင့် ကောင်းကင်​မျှော်လင့်ချက်​ရှိသည့် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ထံ စာရေး​သည့်​အခါ တမန်​တော်​ပေါလု​က “မျက်မှောက်​မမြင်​ဘဲ ယုံကြည်​မျှော်လင့်ခြင်း​ရှိသည်​အတိုင်း၊ ငါ​တို့သည် ကျင့်ဆောင်​ပြုမူ​သည်” ဟု ဆို​လေ​သည်။—၂ ကောရိန္သု ၅:၇

၂၊ ၃။ (က) ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း​အားဖြင့် ကျင့်ဆောင်​နေကြောင်း မည်သို့​ဖော်ပြ​ကြ​သနည်း။ (ခ) မျက်မြင်​အားဖြင့် ကျင့်ဆောင်​ခြင်း​ဟူသည် အဘယ်အရာကို​ဆိုလို​သနည်း။

ယုံကြည်ခြင်းဖြင့် ကျင့်ဆောင်​ရန် ကျွန်ုပ်​တို့၏​အသက်တာကို ဘုရားသခင် လမ်းညွှန်​နိုင်စွမ်း ရှိ​တော်​မူ​သည်ကို အပြည့်အဝ ယုံကြည်​ကိုးစား​ရန်လို​၏။ ကျွန်ုပ်​တို့အတွက် အဘယ်အရာ အကောင်းဆုံး​ဖြစ်သည်​ကို ကိုယ်တော်​အမှန်ပင် သိရှိ​တော်​မူ​ကြောင်း လုံးလုံးလျားလျား ယုံကြည်​စိတ်ချ​ရ​ပေမည်။ (ဆာလံ ၁၁၉:၆၆) ဘဝတွင် ဆုံးဖြတ်ချက်​များ​ချ​၍ ကျင့်ဆောင်​ပြုမူ​သည့်​အခါ ကျွန်ုပ်​တို့သည် “မမြင်​သေး​သော​အရာ​တို့ကို” ထည့်သွင်း​စဉ်းစား​ကြသည်။ (ဟေဗြဲ ၁၁:၁) မမြင်​သေး​သော​အရာ​တို့​တွင် ကတိပြု​ထား​သည့် “မိုးကောင်းကင်​သစ်​နှင့် မြေကြီး​သစ်” ပါဝင်​သည်။ (၂ ပေတရု ၃:၁၃) မျက်မြင်​အားဖြင့် ကျင့်ဆောင်​ခြင်း​ဟူ​မူ​ကား ကျွန်ုပ်​တို့၏ ပကတိ​အာရုံများ​ဖြင့် သိရှိခံစား​ရသည့် အရာ​ပေါ်​၌​သာ အသက်ရှင်ခြင်းကို ဆိုလို​၏။ ယင်းသည် အန္တရာယ်​ရှိ၏၊ အကြောင်း​မှာ ဘုရားသခင့်​အလိုတော်ကို လုံးလုံးလျားလျား လျစ်လျူရှု​မိ​နိုင်​၍​ဖြစ်သည်။—ဆာလံ ၈၁:၁၂; ဒေ. ၁၁:၉

ကျွန်ုပ်​တို့သည် ကောင်းကင်​ခေါ်တော်မူ​ခြင်း​ခံရ​သည့် “သိုးစုငယ်” အဝင်​ဖြစ်ပါစေ၊ မြေကြီး​မျှော်လင့်ချက်​ရှိသည့် “အခြားသိုး” အဝင်​ဖြစ်ပါစေ တစ်ဦးစီ​သည် မျက်မြင်​အားဖြင့်​မဟုတ်ဘဲ ယုံကြည်ခြင်း​အားဖြင့် ကျင့်ဆောင်​ပါ​ဟူသော သတိပေး​ချက်​ကို နှလုံး​သွင်း​သင့်​သည်။ (လုကာ ၁၂:၃၂; ယောဟန် ၁၀:၁၆) ဘုရားသခင် မှုတ်သွင်း​ရေးသား​စေသော ဤ​အကြံပေး​စကား​ကို လိုက်နာခြင်းက “အပြစ်ရှိ​သော ကာ​မ​ဂုဏ်​ကို​ခဏ​ခံစားခြင်း၊” ပစ္စည်းဥစ္စာ​ကို​အဓိက​ထားခြင်း၊ ဤ​အစီအစဉ်​စနစ်​၏​အဆုံးကို မျက်ခြည်ပြတ်​ခြင်း​တို့​မှ မည်သို့​ကာကွယ်​ပေး​မည်​ကို ကြည့်​ကြပါစို့။ ထို့​ပြင် မျက်မြင်​အားဖြင့် ကျင့်ဆောင်​ခြင်း​၏ အန္တရာယ်များ​ကို​ပါ ဆန်းစစ်​ကြ​ပါ​မည်။—ဟေဗြဲ ၁၁:၂၅၊ ၂၆

“အပြစ်ရှိ​သော ကာ​မ​ဂုဏ်​ကို ခဏ​ခံစားခြင်း” ကို ငြင်းပယ်​ခြင်း

၄။ အဘယ်အရာကို မောရှေ ရွေးချယ်​ခဲ့​သနည်း၊ အဘယ်ကြောင့်​နည်း။

အာမရံ​၏​သား မောရှေ မွေ့လျော်​ခဲ့​ရသည့်​ဘဝကို စဉ်းစား​ကြည့်​ပါ။ ရှေး​အီဂျစ်​ပြည်​တွင် မင်း​ညီ​မင်းသား​တစ်ယောက်​အနေ​နှင့် ကြီးပြင်း​လာ​ခဲ့​သည့် မောရှေ​သည် စည်းစိမ်ဥစ္စာ​နှင့် ဩဇာ​အာဏာ ရနိုင်​သည့် အလားအလာ​ရှိခဲ့​၏။ ‘နာမည်ကြီး အီဂျစ်​အတတ်ပညာ​အားလုံး​ကို ငါ​တတ်မြောက်​ထား​တယ်။ နှုတ်​သတ္တိ၊ လက်သတ္တိ​နဲ့​လည်း ပြည့်စုံ​တယ်။ နန်းတွင်း​မှာ ဆက်နေ​သွားမယ်​ဆိုရင် ဖိနှိပ်ခံနေ​ရတဲ့ ငါ့​ဟေဗြဲ​ညီအစ်ကို​တွေ​ရဲ့ အကျိုးကို​သယ်ပိုး​ဖို့ ငါ့​ရာထူးကို အသုံးချ​နိုင်​မယ်’ ဟု မောရှေ တွေး​ကောင်း​တွေး​ခဲ့​ပေမည်။ (တမန်​တော် ၇:၂၂) သို့သော် ထိုသို့​တွေး​မည့်​အစား မောရှေ​သည် “ဘုရားသခင်​၏ လူ​တို့​နှင့်အတူ ညှဉ်းဆဲ​ခံ” ရန် ရွေးချယ်​ခဲ့​၏။ အဘယ်ကြောင့်​နည်း။ အဘယ်အရာက မောရှေ​အား အီဂျစ်​ပြည်​က ကမ်း​လှမ်း​သည့် အရာအားလုံးကို ငြင်းပယ်​စေ​ခဲ့​သနည်း။ မောရှေ​သည် “ယုံကြည်ခြင်း​အားဖြင့် ရှင်ဘုရင်​အမျက်​ကို မကြောက်​ဘဲ အဲဂုတ္တု​ပြည်​ကို စွန့်​သွား​၏။ အကြောင်း​မူ​ကား မျက်မြင်မရ​သော ဘုရားသခင်​ကို မြင်ရ​ဘိ​သကဲ့သို့ တည်ကြည်​ခြင်း​ရှိ၏” ဟု သမ္မာကျမ်းစာ​က​ဖြေဆို​သည်။ (ဟေဗြဲ ၁၁:၂၄-၂၇) ဖြောင့်မတ်ခြင်း​အတွက် ယေဟောဝါ ဆုချ​မည်​ကို ယုံကြည်ခြင်းက မောရှေ​အား အပြစ်​နှင့် အပြစ်ရှိ​သော တဒင်္ဂ​သာယာမှု​ကို တွန်းလှန်​စေ​ခဲ့​၏။

၅။ မောရှေ၏​ပုံသက်သေ​မှ ကျွန်ုပ်​တို့ အဘယ်​သို့ အားပေးခံရ​သနည်း။

‘ကျမ်းစာမူ​များနှင့် အပြည့်အဝ မကိုက်ညီ​သည့် အလေ့အထ သို့​မဟုတ် အကျင့်​တစ်ခုခု​ကို ကျွန်ုပ်​စွန့်လွှတ်​သင့်​သလော။ ပစ္စည်းဥစ္စာ​ဘက်တွင် အရေး​သာ​ပုံ​ပေါက်​သော်လည်း ဝိညာဉ်​ရေး​တိုးတက်မှု​ကို နှောင့်နှေး​စေ​မည့် အလုပ်အကိုင်​ကို ကျွန်ုပ်​လက်ခံသင့်​သလော’ အစ​ရှိသည့် ကိစ္စရပ်​များနှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​လည်း ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချ​ရသည့်​အခါ​များ​ရှိ၏။ မောရှေ၏​ပုံသက်သေ​က ကျွန်ုပ်​တို့ကို ဤ​လောက​၏ အမြော်အမြင်​ကျဉ်း​မြောင်း​မှု​မျိုး ထင်ဟပ်​သည့် ရွေးချယ်မှု​များ မပြုမိ​စေရန် အားပေး​သည်။ သို့​အစား ကျွန်ုပ်​တို့သည် “မျက်မြင်မရ​သော ဘုရားသခင်” ယေဟောဝါ​၏ အမြော်အမြင်​ကြီးမား​သည့် ဉာဏ်ပညာ​ကို ယုံကြည်​ကိုးစား​သင့်​သည်။ မောရှေ​ကဲ့သို့ ဤ​လောက​ကမ်း​လှမ်း​သည့် အဘယ်အရာ​ထက်​မဆို ယေဟောဝါ​၏ မိတ်သဟာယ​ကို ကျွန်ုပ်​တို့ အမြတ်တနိုး ထား​နိုင်​ကြ​ပါစေ။

၆၊ ၇။ (က) ဧသော​သည် မျက်မြင်​အားဖြင့် ကျင့်ဆောင်​လို​ကြောင်း မည်သို့​တင်ပြ​ခဲ့​သနည်း။ (ခ) ဧသော​၏​ပုံ​နမူနာ​မှ အဘယ်​သတိပေး​ချက် ရရှိ​သနည်း။

ဘိုးဘေး​ဣဇာက်​၏ သား​တစ်ဦး​ဖြစ်သူ ဧသော​နှင့် မောရှေ​တို့၏ ခြားနား​မှု​ကို နှိုင်းယှဉ်​ကြည့်​ပါ။ ဧသော​သည် လတ်တလော လို​ဘ​ပြည့်​ရေး​ကို​သာ​ကြည့်​သည်။ (ကမ္ဘာဦး ၂၅:၃၀-၃၄) ဧသော​သည် “တစ်​နပ်​စာ​အဖိုး​နှင့်” သားဦး​အရာ​ကို ရော​င်း​ပစ်​ခြင်း​ဖြင့် မြင့်မြတ်​သော​အရာများ​ကို “မရိုမသေ​ပြု” ခဲ့​သည်။ (ဟေဗြဲ ၁၂:၁၆) သားဦး​အရာ​ကို​ရော​င်း​ရန် ဆုံးဖြတ်​လိုက်ခြင်း​သည် ယေဟောဝါ​နှင့် မိမိ၏​ဆက်ဆံ​ရေး​ကို မည်သို့​ထိခိုက်​နိုင်​ကြောင်း၊ မိမိ၏​လုပ်ရပ်​သည် သားမြေး​များ​အပေါ် မည်သို့​အကျိုး​သက်ရောက်မှု ရှိ​နိုင်​ကြောင်း သူ​မစဉ်း​စား​ခဲ့​ချေ။ သူ့​တွင် ဝိညာဉ်​ရေး​အမြင် မရှိခဲ့​ပေ။ ဧသော​သည် ဘုရားသခင်​၏ အဖိုးထိုက်​သော ကတိတော်​များ​ကို တန်ဖိုး​မရှိသည့်​အလား သဘောထား​ကာ ဥပေက္ခာပြု​ခဲ့​၏။ သူသည် ယုံကြည်ခြင်း​အားဖြင့်​မဟုတ်ဘဲ မျက်မြင်​အားဖြင့် ကျင့်ဆောင်​ခဲ့​၏။

ဧသော​၏​ပုံ​နမူနာ​သည် ယနေ့ ကျွန်ုပ်​တို့အတွက် သတိပေး​ချက်​တစ်ခု​ဖြစ်၏။ (၁ ကောရိန္သု ၁၀:၁၁) ကျွန်ုပ်​တို့သည် ဆုံးဖြတ်ချက် ကြီးကြီးငယ်ငယ် ချ​သည့်​အခါ လိုချင်ရာ​ကို ချက်ချင်း​ရ​ရမည်​ဟူသော စာတန့်​လောက​၏ ဝါဒဖြန့်​လှည့်စားမှု မခံ​ရအောင် သတိထား​ရမည်။ ‘ငါ့ရဲ့​ဆုံးဖြတ်ချက်​တွေ​က ဧသော​ရဲ့​သဘောထားမျိုး တင်ပြ​နေ​သလား။ အခုလို​ချင်​တာ​ကို ရဖို့​ကြိုးစား​မယ်​ဆိုရင် ဝိညာဉ်​ရေးရာ​ကို ဒုတိယ​နေရာမှာ ထား​ရာ​ရောက်သွား​မလား။ ငါ့ရဲ့​ရွေးချယ်မှု​တွေ​ဟာ ဘုရားသခင့် မိတ်သဟာယ​နဲ့ အနာဂတ်​ဆုကျေးဇူး​တွေ​ကို အန္တရာယ်​ပြု​နေ​သလား။ တခြား​လူတွေ​အတွက် ဘယ်လို​စံနမူနာ​မျိုး ငါ​ပြ​နေသလဲ’ ဟူ၍ မိမိကိုယ်ကို မေးသင့်​ပေ​သည်။ ကျွန်ုပ်​တို့၏ ရွေးချယ်မှု​များသည် မြင့်မြတ်​သော​အရာများ​ကို လေးမြတ်​ကြောင်း​ပြ​မည်​ဆိုလျှင် ကျွန်ုပ်​တို့အား ယေဟောဝါ ကောင်းချီး​ပေး​ပါ​လိမ့်​မည်။—သု. ၁၀:၂၂

ပစ္စည်းဥစ္စာ​အဓိက​ထား​သည့် ကျော့ကွင်း​ကို ရှောင်ကြဉ်​ခြင်း

၈။ လောဒိကိ ခရစ်ယာန်​များသည် အဘယ်​သတိပေး​ချက် ရရှိခဲ့ကြ​သနည်း။ ယင်းကို ကျွန်ုပ်​တို့ အဘယ်ကြောင့် စိတ်ဝင်စား​သနည်း။

ပထမ​ရာစု ကုန်ခါနီး​တွင် တမန်​တော်​ယောဟန်​အား ပေး​ခဲ့​သည့် ဖွင့်ပြချက်​တစ်ခု​၌ ဘုန်းထင်ရှား​သော ယေရှု​ခရစ်​သည် အာရှမိုင်းနား၊ လောဒိကိ​မြို့ရှိ အသင်းတော်​ထံ​သို့ သတင်း​စကား ပါး​လိုက်​၏။ ယင်း​သတင်း​စကား​သည် ပစ္စည်းဥစ္စာ အဓိက​ထားခြင်း​ကို သတိပေး​ထား​၏။ လောဒိကိ ခရစ်ယာန်​များသည် ရုပ်ပစ္စည်း​ဘက်တွင် ကြွယ်ဝ​ကြသော်လည်း ဝိညာဉ်​ရေး​ဘက်တွင်​မူ ချွတ်ခြုံ​ကျနေ​၏။ သူတို့သည် ယုံကြည်ခြင်း​အားဖြင့် ဆက်လက်​ကျင့်ဆောင်​မည့်​အစား ရုပ်ပစ္စည်း​များ​ဖြင့် မိမိတို့၏ ဝိညာဉ်​ရေး​အမြင်ကို ကွယ်​စေ​ကြ​၏။ (ဗျာ. ၃:၁၄-၁၈) ယနေ့လည်း ပစ္စည်းဥစ္စာ အဓိက​ထားခြင်း​သည် ထပ်တူ​ဆိုးကျိုး​မျိုး ဖြစ်ပေါ်​စေ​သည်။ ယင်းသည် ကျွန်ုပ်​တို့ကို ယုံကြည်ခြင်း​အားနည်းစေ​ပြီး အသက်ပြေးပွဲ​မှ တစ်ဝက်​တစ်​ပျက်​နှင့် ထွက်သွား​စေ​သည်။ (ဟေဗြဲ ၁၂:၁) ကျွန်ုပ်​တို့ သတိ​မထား​ပါ​က ဤ​ဘဝ၏ “ကာ​မ​ဂုဏ်​ခံစားခြင်း” သည် ဝိညာဉ်​ရေး​လုပ်ငန်းဆောင်တာ​များ ရပ်တန့်​သွား​သည်​အထိ လွှမ်းမိုး​သွား​နိုင်​သည်။—လုကာ ၈:၁၄

၉။ ဝိညာဉ်​အစာကို လေးမြတ်​ပြီး ကျေနပ်​ရောင့်ရဲခြင်း​က ကျွန်ုပ်​တို့ကို မည်သို့​ကာကွယ်​ပေး​သနည်း။

ဝိညာဉ်​ရေး​ကို​ကာကွယ်​ရန် အဓိက​လိုအပ်​သည့်​အချက်​မှာ ရုပ်ပစ္စည်း​ကြွယ်ဝ​ရေး​အတွက် ဤ​လောကကို အပြည့်အဝ​မ​သုံး​ဘဲ ရောင့်ရဲခြင်း​ဖြစ်၏။ (၁ ကောရိန္သု ၇:၃၁; ၁ တိမောသေ ၆:၆-၈) ကျွန်ုပ်​တို့သည် မျက်မြင်​အားဖြင့်​မဟုတ်ဘဲ ယုံကြည်ခြင်း​အားဖြင့် ကျင့်ဆောင်​မည်​ဆိုလျှင် လက်ရှိ​ဝိညာဉ်​ရေး​ပရဒိသု​တွင် ပျော်ရွှင်မှု​ရ​ကြ​မည်။ အာဟာရပြည့်​ဝ​သည့် ဝိညာဉ်​အစာကို မှီဝဲ​စားသုံး​သည်​နှင့်​အမျှ “ရွှင်လန်းသော​စိတ်​နှင့် သီချင်းဆို” ရန် လှုံ့ဆော်​ခံရ​သည် မဟုတ်ပေ​လော။ (ဟေရှာယ ၆၅:၁၃၊ ၁၄) ထို့​ပြင် ဘုရားသခင့် ဝိညာဉ်​တော်​အသီး သီး​နေသူတို့​နှင့် ပေါင်းသင်း​ရခြင်း​အတွက် ကျွန်ုပ်​တို့ နှစ်ထောင်း​အားရ ဖြစ်​ကြ​၏။ (ဂလာတိ ၅:၂၂၊ ၂၃) ဝိညာဉ်​ရေး​အရ ယေဟောဝါ ပြင်ဆင်​ပေး​ရာ​များ​မှ ကျေနပ်မှု​နှင့် လန်းဆန်းမှု​ရရှိရန် အလွန်​အရေးကြီး​ပေ​သည်။

၁၀။ မိမိကိုယ်ကို အဘယ်​မေးခွန်းများ​မေးသင့်​သနည်း။

၁၀ မိမိကိုယ်ကို အောက်ပါ​အတိုင်း ဆန်းစစ်​ကြည့်​ပါ– ‘ကျွန်တော့်​ဘဝမှာ ရုပ်ပစ္စည်း​တွေ​ဟာ ဘယ်လောက်​အရေးပါ​သလဲ။ ဥစ္စာ​ပစ္စည်း​ကို အပျော်အပါး​အတွက် အသုံးပြု​နေ​သလား၊ စစ်မှန်​တဲ့​ကိုးကွယ်​မှု တိုးပွား​ရေး​အတွက် အသုံးပြု​နေ​သလား။ ငါ့ကို ဘာက စိတ်​ကျေနပ်မှု အများဆုံး​ပေး​သလဲ။ ခရစ်ယာန် အစည်းအဝေးတွေမှာ ကျမ်းစာ​လေ့လာ​ရတာ၊ ပေါင်းသင်း​ဆက်ဆံ​ရတာတွေ​လား၊ ဒါမှ​မဟုတ် ခရစ်ယာန်​တာဝန်​တွေ​နဲ့ ကင်းဝေး​တဲ့ စ​နေ​တနင်္ဂနွေ အားလပ်ရက်​တွေ​လား။ စ​နေ​တနင်္ဂနွေ အားလပ်ရက်​တွေ ခပ်​များများ​ကို လယ်ကွင်း​ဓမ္မ​အမှု​အတွက်၊ စင်ကြယ်​တဲ့ ကိုးကွယ်​မှု​နဲ့​ဆိုင်​တဲ့ လုပ်ငန်း​တွေ​အတွက် အသုံးပြု​မယ့်​အစား အပန်းဖြေ​ဖို့​အတွက်သာ ဖယ်​ထား​သလား။’ ယုံကြည်ခြင်း​အားဖြင့် ကျင့်ဆောင်​ခြင်း​ဟူသည်​မှာ ယေဟောဝါ​၏ ကတိတော်​များ​ကို အပြည့်အဝ ယုံကြည်​ကိုး​စား၍ နိုင်ငံတော်​လုပ်ငန်း​တွင် အလုပ်​များနေ​ခြင်း​ဖြစ်သည်။—၁ ကောရိန္သု ၁၅:၅၈

အဆုံးကို မျက်ခြည်မပြတ်​နှင့်

၁၁။ ယုံကြည်ခြင်း​အားဖြင့် ကျင့်ဆောင်​ခြင်း​က အဆုံးကို မျက်ခြည်မပြတ်​ရန် မည်သို့​ကူညီပေး​သနည်း။

၁၁ ယုံကြည်ခြင်း​အားဖြင့် ကျင့်ဆောင်​ခြင်း​က အဆုံး​ဝေး​ပါ​သေး​သည်၊ လုံးဝ​လာ​မည်​မဟုတ်ပါ​ဟူသော ဇာတိ​အမြင်​သဘော​မျိုး မရှိ​အောင် ကျွန်ုပ်​တို့ကို ကူညီပေး​သည်။ ကျွန်ုပ်​တို့သည် ကျမ်းစာ​ပရောဖက်ပြုချက်​ကို အလေး​မထားသည့် မယုံကြည်​သူများ​နှင့်​မတူဘဲ ကမ္ဘာ့​ဖြစ်ရပ်​များသည် ယခု​ခေတ်​အတွက် ကျမ်းစာ​ကြို​ဟောထား​သည့်​အတိုင်း ဖြစ်နေ​သည်ကို သိမြင်​ကြ​၏။ (၂ ပေတရု ၃:၃၊ ၄) ဥပမာ၊ လူအများစု​၏ သဘောထား​နှင့် အပြု​အမူ​တို့​က ကျွန်ုပ်​တို့သည် ‘နောက်ဆုံး​ကာလ’ တွင် အသက်ရှင်နေ​ကြောင်း သက်သေထူ​နေသည် မဟုတ်ပေ​လော။ (၂ တိမောသေ ၃:၁-၅) လတ်တလော ကမ္ဘာ့​ဖြစ်ရပ်​များသည် သမိုင်း​တစ်ပတ်လည်​ခြင်း​မျှ​သာ မဟုတ်ဘဲ ခရစ်တော် ‘ကြွ​လာ၍ ဤ​ကပ်ကမ္ဘာ​ကုန်​သော​နိမိတ်’ ဖြစ်​ကြောင်း ယုံကြည်ခြင်း​မျက်စိဖြင့် ကျွန်ုပ်​တို့​သိမြင်​ကြ​၏။—မဿဲ ၂၄:၁-၁၄

၁၂။ လုကာ ၂၁:၂၀၊ ၂၁ တွင် မှတ်တမ်း​တင်ထား​သည့် ယေရှု၏​စကား​သည် ပထမ​ရာစု​တွင် မည်သို့​ပြည့်စုံ​ခဲ့​သနည်း။

၁၂ ကျွန်ုပ်​တို့​ခေတ်​နှင့်​ဆင်တူ​သည့် ပထမ​ရာစုနှစ်​မှ အဖြစ်အပျက်​တစ်ခု​ကို သုံးသပ်ကြည့်​ပါ။ ယေရှု​ခရစ်​သည် မြေကြီးပေါ်​ရှိ​စဉ်​က “ယေရုရှလင်​မြို့ကို ဗိုလ်ခြေများ ဝန်းရံ​လျက်​ရှိသည်​ကို သင်တို့​မြင်​သောအခါ ထို​မြို့​သည် ပျက်စီးခြင်း​သို့​ရောက်လု​သည်ကို သိမှတ်​ကြလော့။ ထို​အခါ ယုဒပြည်​၌​ရှိသောသူ​တို့သည် တောင်ပေါ်​သို့​ပြေးကြ​စေ။ မြို့ထဲ​၌​ရှိသောသူ​တို့သည် မြို့ပြင်​သို့​ထွက်ကြ​စေ” ဟု နောက်လိုက်​များ​ကို သတိပေး​ခဲ့​၏။ (လုကာ ၂၁:၂၀၊ ၂၁) ဤ​ပရောဖက်ပြုချက် ပြည့်စုံ​သည့်​အနေ​နှင့် စီ.အီး. ၆၆ ခုနှစ်​တွင် စက်​စ်​တီး​ယပ်စ် ဂဲလပ်စ် ဦးစီး​သည့် ရောမ​စစ်တပ်​သည် ယေရုရှလင်​မြို့ကို ဝိုင်းရံ​ပိတ်ဆို့​ခဲ့​သည်။ သို့သော် ရောမ​စစ်တပ် ရုတ်တရက် တပ်​ခေါက်​သွားခြင်းက ထို​ဒေသ​တွင်ရှိသော ခရစ်ယာန်​များ​အား “တောင်ပေါ်​သို့​ပြေး” ရန် အချိန်တန်ပြီ​ဖြစ်​ကြောင်း အချက်ပြ​လိုက်​သည်။ တစ်ချိန်တည်း​၌ ထွက်ပြေး​ရန်​အတွက်​လည်း လမ်းပွင့်​သွား​သည်။ စီ.အီး. ၇၀ ပြည့်နှစ်​တွင် ရောမ​စစ်တပ်​သည် ပြန်​လာ၍ ယေရုရှလင်​မြို့​နှင့် ဝတ်ပြုရာ​အိမ်တော်ကို တိုက်ခိုက်​ဖျက်ဆီး​လိုက်​သည်။ ဂျူး​လူမျိုး တစ်သန်း​ကျော်​သေဆုံး​ကာ ၉၇,၀၀၀ သုံ့ပန်း​အဖြစ် ဖမ်းသွား​ခံရ​သည်​ဟု ဂျို​စီ​ဖပ်စ်​က​ဆို​၏။ ထို​အချိန်တွင် ဂျူး​အစီအစဉ်​စနစ်​ကို ဘုရားသခင် တရား​စီရင်​ခဲ့​သည်။ ယုံကြည်ခြင်း​အားဖြင့် ကျင့်ဆောင်​ပြီး ယေရှု၏​သတိပေး​ချက်​ကို လိုက်နာသူ​တို့သည် ဘေးဆိုး​မှ​လွတ်မြောက်​ခဲ့​၏။

၁၃၊ ၁၄။ (က) အဘယ်အရာ​များ ဖြစ်ပျက်​လာတော့​မည်​နည်း။ (ခ) ကျမ်းစာ​ပရောဖက်ပြုချက် ပြည့်စုံခြင်း​ကို သတိပြု​ရန် အဘယ်ကြောင့် နိုးကြား​နေ​သင့်​သနည်း။

၁၃ ကျွန်ုပ်​တို့​ခေတ်တွင်​လည်း အလားတူ​ဖြစ်ရပ်​မျိုး ဖြစ်ပျက်​လာတော့​မည်။ ဘုရားသခင် တရား​စီရင်​ချိန်​၌ ယူအဲန်​အဖွဲ့ဝင် နိုင်ငံ​တချို့ ပါဝင်​ပတ်သက်​ပေ​လိမ့်​မည်။ ပထမ​ရာစု​မှ ရောမ​စစ်တပ်​ကို ပက်​ခ်စ် ရို​မာ​နာ (ရောမ​ငြိမ်းချမ်းရေး) ထိန်းသိမ်း​ရန် ရည်ရွယ်​ဖွဲ့စည်း​ခဲ့​သကဲ့သို့ ယနေ့လည်း ယူအဲန်​ကို ငြိမ်းချမ်းမှု​ထိန်းသိမ်းရေး​အတွက် ရည်ရွယ်​ဖွဲ့စည်းထား​၏။ ရောမ​စစ်တပ်​သည် ထို​စဉ်​က​သိ​ထားသော​ကမ္ဘာ​ကို အတော်အတန် လုံခြုံမှု​ရှိအောင် ထိန်းသိမ်း​နိုင်​ခဲ့​သော်လည်း ယေရုရှလင်​မြို့ကို​မူ ဖျက်ဆီး​ပစ်​ခဲ့​သည်။ ယနေ့လည်း ယူအဲန်​အတွင်းရှိ စစ်​အင်အားစု​များသည် ဘာသာရေး​ကို အနှောင့်အယှက်​ပေး​သူ​အဖြစ် ရှုမြင်​လာပြီး ခေတ်​သစ်​ယေရုရှလင်​ဖြစ်သော ခရစ်ယာန်ဘောင်​နှင့်​တကွ မဟာ​ဗာဗုလုန်​၏ ကျန်​အစိတ်အပိုင်း​အားလုံး​ကို ဖျက်ဆီး​ပစ်​မည်​ဖြစ်​ကြောင်း ကျမ်းစာ​ပရောဖက်ပြုချက်​က ညွှန်ပြ​သည်။—ဗျာ. ၁၇:၁၂-၁၇။ မှားယွင်းသော ကမ္ဘာ့​ဘာသာရေး အင်ပါယာ​တစ်ခုလုံး​သည် ဖျက်ဆီးခြင်း ခံရ​လု​နီးပြီ။

၁၄ မှားယွင်းသော​ဘာသာရေး ဖျက်ဆီး​ခံရ​ခြင်း​သည် ကြီးစွာ​သော​ဆင်းရဲခြင်း​၏​အစ​ဖြစ်​မည်။ ကြီးစွာ​သော​ဆင်းရဲခြင်း​၏ အဆုံးပိုင်း​တွင် ဆိုးယုတ်​သော ဤ​အစီအစဉ်​စနစ်​၏ ကျန်ကြွင်း​သည့် အစိတ်အပိုင်း​များသည် ဖျက်ဆီး​ခံရ​မည်။ (မဿဲ ၂၄:၂၉၊ ၃၀; ဗျာ. ၁၆:၁၄၊ ၁၆) ယုံကြည်ခြင်း​အားဖြင့် ကျင့်ဆောင်​ခြင်း​က ကျွန်ုပ်​တို့အား ကျမ်းစာ​ပရောဖက်ပြုချက် ပြည့်စုံခြင်း​ကို သတိပြု​ရန် နိုးကြား​စေ​သည်။ ကျွန်ုပ်​တို့သည် ယူအဲန်​ကဲ့သို့​သော မည်သည့်​လူ့​အဖွဲ့အစည်း​ကို​မျှ စစ်မှန်သော ငြိမ်းချမ်းရေး​နှင့် လုံခြုံမှု​ကို ဆောင်ကြဉ်း​ပေး​သည့် ဘုရားသခင့်​နည်းလမ်း​ဟု ယူမှတ်​ကြ​မည်​မဟုတ်ပေ။ သို့​ဖြစ်၍ “ထာဝရ​ဘုရား​၏​နေ့ကြီး နီးပြီ” ဟူ၍ ယုံကြည်​လက်ခံ​ကြောင်း ကျွန်ုပ်​တို့၏ အသက်ရှင်​နေထိုင်ပုံ​က ဖော်ပြ​သင့်​သည် မဟုတ်ပေ​လော။—ဇေဖနိ ၁:၁၄

မျက်မြင်​အားဖြင့် ကျင့်ဆောင်​ခြင်း​သည် မည်မျှ​အန္တရာယ်​ရှိ​သနည်း

၁၅။ ဣသရေလ​လူမျိုး​သည် ဘုရားသခင်​ထံ​တော်​မှ ကောင်းချီး​များ ခံစားရ​လင့်​ကစား အဘယ်​ထောင်ချောက်​ထဲ ကျရောက်​သွားခဲ့​ကြ​သနည်း။

၁၅ မျက်မြင်​အားဖြင့် ကျင့်ဆောင်​ခြင်း​သည် လူတစ်ဦး​၏​ယုံကြည်ခြင်းကို အားနည်း​သွား​စေနိုင်​သည့် အန္တရာယ်​ရှိကြောင်း ရှေး​ဣသရေလ​လူမျိုး၏ အတွေ့အကြုံ​များ​က ဖော်ပြ​သည်။ ဣသရေလ​လူမျိုး​သည် အီဂျစ်​ပြည်​၏ မှောက်မှားသော နတ်​ဘုရား​များ အရှက်ရ​စေသည့် ကပ်ဘေး​ဆယ်ပါး​ကို တွေ့ မြင်​လိုက်ရ​သည့်​အပြင် ပင်လယ်နီ​မှ အံ့မခန်းဖွယ် ကယ်လွှတ်​ခံ​ခဲ့​ရ​သော်လည်း စကား​နားမထောင်​ဘဲ ရွှေ​နွား​ရုပ်​ပြုလုပ်​ကာ ကိုးကွယ်​ခဲ့​ကြသည်။ သူတို့သည် “တောင်ပေါ်​မှာ ကြာမြင့်စွာ​ရှိနေ” သည့် မောရှေ​အား စောင့်​ရသည့်​အတွက် စိတ်မရှည်​နိုင် ဖြစ်လာ​ကြ​၏။ (ထွက်မြောက်ရာ ၃၂:၁-၄) စိတ်မရှည်​ခြင်း​ကြောင့် သူတို့သည် ပကတိ​မျက်စိဖြင့်​မြင်ရ​သည့် အရုပ်​ကို ကိုးကွယ်​ခဲ့​ကြ​၏။ ထို​ကဲ့သို့ မျက်မြင်​အားဖြင့် ကျင့်ဆောင်​ခြင်း​ကြောင့် ယေဟောဝါ​အား မထီမဲ့မြင်​ပြု​ရာ​ရောက်​သဖြင့် “လူ​သုံး​ထောင်​လောက်” အသတ်ခံ​လိုက်ရ​သည်။ (ထွက်မြောက်ရာ ၃၂:၂၅-၂၉) ယနေ့ ယေဟောဝါ​အား ကိုးကွယ်​သူ​တစ်ဦး​သည် ယေဟောဝါ​ကို မကိုးစား​ကြောင်း၊ ကတိတော်​များ​ကို ပြည့်စုံ​စေနိုင်​စွမ်း ကိုယ်တော်၌​မရှိကြောင်း ထင်ဟပ်​သည့် ဆုံးဖြတ်ချက်​များ​ချ​မည်​ဆိုလျှင် မည်မျှ​ဝမ်းနည်းစရာ ကောင်း​မည်​တကား။

၁၆။ အပြင်ပန်း​သဏ္ဌာန်​က ဣသရေလ​လူမျိုး​ကို အဘယ်​ဆိုးကျိုး ပေး​ခဲ့​သနည်း။

၁၆ အပြင်ပန်း​သဏ္ဌာန်​က ဣသရေလ​လူမျိုး​အား အခြား​နည်းလမ်းများ​ဖြင့် ဆိုးကျိုး​ပေး​ခဲ့​၏။ သူတို့သည် မျက်မြင်​အားဖြင့် ကျင့်ဆောင်​သည့်​အတွက် ရန်သူများ​ကို ကြောက်ရွံ့​တုန်လှုပ်​ခဲ့​ကြသည်။ (တောလည်ရာ ၁၃:၂၈၊ ၃၂; တရားဟောရာ ၁:၂၈) သို့​နှင့် သူတို့သည် ဘုရားသခင်​ထံ​မှ မောရှေ​ရရှိ​ထား​သည့်​အာဏာကို စောဒကတက်​ကာ မိမိတို့၏ ဘဝ​အခြေအနေ​နှင့်​ပတ်သက်​၍ ညည်းညူ​ခဲ့​ကြသည်။ ဤသို့​ယုံကြည်ခြင်း ကင်းမဲ့မှု​ကြောင့် သူတို့သည် ကတိထားရာ​ပြည်တော်​ထက် နတ်ဆိုး​ထိန်းချုပ်​သည့် အီဂျစ်​ပြည်​ကို ပို​၍​နှစ်ခြိုက်​ခဲ့​ကြသည်။ (တောလည်ရာ ၁၄:၁-၄; ဆာလံ ၁၀၆:၂၄) လူမျိုးတော်သည် သူတို့၏ မျက်မြင်မရ​သော ရှင်ဘုရင်​ဖြစ်သည့် မိမိ​အား ကမ်းကုန်​အောင် မထီမဲ့မြင်​ပြု​ကြသည်​ကို ယေဟောဝါ တွေ့မြင်​တော်​မူ​သောအခါ မည်မျှ​စိတ်နာ​လိုက်​မည်​ဖြစ်​ခြင်း။

၁၇။ ရှမွေလ​လက်ထက်​တွင် အဘယ်အရာက ဣသရေလ​လူမျိုး​အား ယေဟောဝါ​၏ လမ်းညွှန်မှုကို ငြင်းပယ်​စေ​ခဲ့​သနည်း။

၁၇ ပရောဖက် ရှမွေလ​လက်ထက်​တွင် မျက်နှာသာ​ရ ဣသရေလ​လူမျိုး​သည် မျက်မြင်​အားဖြင့် ကျင့်ဆောင်​သည့် ထောင်ချောက်​ထဲ နောက်​တစ်ဖန် ကျဆင်း​သွား​ပြန်​သည်။ သူတို့သည် မြင်နိုင်​သည့် ရှင်ဘုရင်​တစ်ပါး လိုချင်​လာ​ကြသည်။ ယေဟောဝါ​သည် သူတို့၏​ရှင်ဘုရင်​ဖြစ်​ကြောင်း ပြသ​ခဲ့​သော်လည်း သူတို့​အတွက် ယုံကြည်ခြင်း​အားဖြင့် ကျင့်ဆောင်​ရန် မလုံလောက်​စေ​ခဲ့​ချေ။ (၁ ဓမ္မ​ရာဇဝင် ၈: ၄- ၉) သူတို့သည် ပတ်ဝန်းကျင်​နိုင်ငံ​များနှင့် တူ​လို​သည့်​အတွက် အပြစ်​အနာအဆာ​ကင်း​သော ယေဟောဝါ​၏ လမ်းညွှန်မှုကို မိုက်မိုက်မဲမဲ ငြင်းပယ်​ခြင်း​ဖြင့် မိမိတို့​ကိုယ်ကို အကျိုးယုတ်​စေ​ခဲ့​ကြ​၏။—၁ ဓမ္မ​ရာဇဝင် ၈:၁၉၊ ၂၀

၁၈။ မျက်မြင်​အားဖြင့် ကျင့်ဆောင်​ခြင်း​၏ ဘေးအန္တရာယ်​များနှင့်​ပတ်သက်​၍ အဘယ်​သင်ခန်းစာများ ရနိုင်​သနည်း။

၁၈ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏ မျက်မှောက်ခေတ် အစေခံများ​အနေ​နှင့် ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏ ကောင်းသော​ဆက်ဆံ​ရေး​ကို မြတ်နိုးကြ​သည်။ ကျွန်ုပ်​တို့သည် အတိတ်​က​ဖြစ်ရပ်​များ​မှ အဖိုးတန်​သင်ခန်းစာများ ရ​ယူ၍ ဘဝတွင် လက်တွေ့​ကျင့်သုံး​လို​ကြသည်။ (ရောမ ၁၅:၄) ဣသရေလ​လူမျိုး​သည် မျက်မြင်​အားဖြင့် ကျင့်ဆောင်​ခဲ့​စဉ်​က သူတို့ကို မောရှေ​မှ​တစ်ဆင့် ဘုရားသခင် လမ်းညွှန်​နေကြောင်း မေ့လျော့​သွားခဲ့​ကြသည်။ ကျွန်ုပ်​တို့သည်​လည်း သတိ​မထား​ပါ​က ယနေ့ ခရစ်ယာန်​အသင်းတော်ကို ယေဟောဝါ​ဘုရားသခင်​နှင့် သာ၍​ကြီးမြတ်သော မောရှေ​ဖြစ်သည့် ယေရှု​ခရစ်​တို့ ညွှန်ကြား​နေသည်​ကို မေ့လျော့​သွား​နိုင်၏။ (ဗျာ. ၁:၁၂-၁၆) ကျွန်ုပ်​တို့သည် ယေဟောဝါ​၏ မြေကြီးဆိုင်ရာ အဖွဲ့အစည်း​ကို လူ့​ရှုထောင့်​ဖြင့် မ​ရှုမြင်​ရန် သတိပြု ရှောင်ရှား​ကြ​ရမည်။ လူ့​ရှုထောင့်​ဖြင့် ရှုမြင်​မည်​ဆိုလျှင် ညည်းညူ​သည့်​သဘော ဝင်​လာနိုင်​ပြီး ယေဟောဝါ​၏ ကိုယ်စားလှယ်​များ​ကိုလည်း​ကောင်း၊ ‘သစ္စာ​နှင့် သတိပညာ​ရှိသော​ကျွန်’ မှ ပြင်ဆင်​ပေး​သည့် ဝိညာဉ်​အစာကို​လည်းကောင်း တန်ဖိုး​ထား​လေးစား​သည့်​စိတ် ပျောက်ဆုံး​သွား​နိုင်​သည်။—မဿဲ ၂၄:၄၅

ယုံကြည်ခြင်း​အားဖြင့် ကျင့်ဆောင်​ရန် သန္နိ​ဋ္ဌာန်​ချ​လော့

၁၉၊ ၂၀။ သင်သည် အဘယ်အရာကို လုပ်ဆောင်ရန် သန္နိ​ဋ္ဌာန်​ချထား​သနည်း၊ အဘယ်ကြောင့်​နည်း။

၁၉ သမ္မာကျမ်းစာ​က “ငါ​တို့သည် အသွေးအသား​ရှိသော ရန်သူ​တို့​နှင့် ဆိုင်ပြိုင်​တိုက်လှန်​ရ​ကြသည်​မဟုတ်။ အထွတ်အမြတ်​တို့​နှင့်​လည်းကောင်း၊ အာဏာစက်​တို့​နှင့်​လည်းကောင်း၊ လောက​မှောင်မိုက်​၌ အစိုးတရ​ပြုလုပ်​သော မင်းတို့​နှင့်​လည်းကောင်း၊ မိုးကောင်းကင်​၌​နေသော နတ်ဆိုး​တို့​နှင့်​လည်းကောင်း ဆိုင်ပြိုင်​တိုက်လှန်​ရ​ကြ​၏” ဟု​ဆို​၏။ (ဧဖက် ၆:၁၂) စာတန်​သည် ကျွန်ုပ်​တို့၏ မဟာရန်သူ​ကြီး​ဖြစ်သည်။ သူ၏​ရည်ရွယ်ချက်မှာ ယေဟောဝါ​အပေါ်​ထား​ရှိသည့် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို ဖျက်ဆီး​ပစ်​ရန်ဖြစ်​၏။ ဘုရားသခင်​အား ဝတ်ပြု​ရန် ကျွန်ုပ်​တို့၏ ဆုံးဖြတ်ချက်​ကို ယိမ်းယိုင်​စေ​မည့် မည်သည့်​သွေးဆောင်မှု​ကို​မဆို စာတန် လက်လွတ်​ခံ​မည်​မဟုတ်။ (၁ ပေတရု ၅:၈) စာတန့်​စနစ်​၏ အပြင်ပန်း​သဏ္ဌာန်​၏ လှည့်ဖြားမှု​ကို​မခံ​ရအောင် ကျွန်ုပ်​တို့ကို အဘယ်အရာက ကာကွယ်​ပေး​မည်​နည်း။ မျက်မြင်​အားဖြင့်​မဟုတ်ဘဲ ယုံကြည်ခြင်း​အားဖြင့် ကျင့်ဆောင်​ခြင်း​ဖြစ်သည်။ ယေဟောဝါ​၏​ကတိတော်​များ​ကို ယုံကြည်​ကိုးစား​မည်​ဆိုလျှင် “ယုံကြည်ခြင်း​သင်္ဘော​ပျက်” စီး​ခြင်း​မှ ကာကွယ်​ခံရ​မည်။ (၁ တိမောသေ ၁:၁၉) သို့​ဖြစ်သော​ကြောင့် ယေဟောဝါ​ပေး​မည့် ကောင်းချီး​ကို အပြည့်အဝ​ယုံကြည်​စိတ်ချ​ပြီး ယုံကြည်ခြင်းဖြင့် ဆက်လက်​ကျင့်ဆောင်​နေ​ရန် သန္နိ​ဋ္ဌာန်​ချ​ကြပါစို့။ မဝေးတော့​သည့် အနာဂတ်​တွင် မလွဲမသွေ ဖြစ်ပျက်​လာ​မည့် အမှုအရာ​တို့​နှင့် ကင်းလွတ်​နိုင်​ရန် အစဉ်​ဆုတောင်း​လျက် နေကြပါ​စို့။—လုကာ ၂၁:၃၆

၂၀ မျက်မြင်​အားဖြင့်​မဟုတ်ဘဲ ယုံကြည်ခြင်း​အားဖြင့် ကျင့်ဆောင်​ရာ​တွင် ကျွန်ုပ်​တို့အတွက် အကောင်းဆုံး စံနမူနာရှင်​တစ်ဦး ရှိသည်။ ‘ခရစ်တော်​သည် ငါ​တို့အတွက် ခံ​တော်​မူ​သည်​ဖြစ်၍ ခြေရာ​ကို လျှောက်လိုက်​စေခြင်း​ငှာ ပုံသက်သေ​ကို ထား​တော်​မူ​ပြီ’ ဟု​ကျမ်းစာ​က​ဆို​သည်။ (၁ ပေတရု ၂:၂၁) ကိုယ်တော် ကျင့်ဆောင်​ခဲ့​သည့်​အတိုင်း ကျွန်ုပ်​တို့ မည်သို့​ဆက်၍ ကျင့်ဆောင်​နိုင်​သည်ကို နောက်​ဆောင်းပါး​တွင် ဆွေးနွေး​ပါ​မည်။

သင်​မှတ်မိ​သလော

• မျက်မြင်​အားဖြင့်​မဟုတ်ဘဲ ယုံကြည်ခြင်း​အားဖြင့် ကျင့်ဆောင်​ခြင်း​နှင့်​ပတ်သက်​၍ မောရှေ​နှင့် ဧသော​တို့၏ စံနမူနာ​များ​မှ အဘယ်အရာ သိရှိ​ခဲ့​ရသနည်း။

• ပစ္စည်းဥစ္စာ အဓိက​ထားခြင်း​ကို​ရှောင်ရန် သော့ချက်​မှာ အဘယ်နည်း။

• ယုံကြည်ခြင်း​အားဖြင့် ကျင့်ဆောင်​ခြင်း​က အဆုံး​ဝေး​သေး​သည်​ဟူသော အမြင်မျိုး​မရှိစေရန် မည်သို့​ကူညီပေး​သနည်း။

• မျက်မြင်​အားဖြင့် ကျင့်ဆောင်​ခြင်း​က အဘယ်ကြောင့် အန္တရာယ်​ရှိ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

မောရှေ​သည် ယုံကြည်ခြင်း​အားဖြင့် ကျင့်ဆောင်​ခဲ့

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

အပန်းဖြေ​ခြင်း​က သင့်​အား သီအိုကရက်တစ်​လုပ်ငန်းများ မလုပ်ဆောင်​နိုင်အောင် ဟန့်တား​လေ့​ရှိသလော

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ​ကို အာရုံစိုက်​ခြင်း​က သင့်ကို အဘယ်​သို့ ကာကွယ်​ပေး​သနည်း