မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မှားယွင်းသော အတွေးအခေါ်ကိုတွန်းလှန်လော့

မှားယွင်းသော အတွေးအခေါ်ကိုတွန်းလှန်လော့

မှားယွင်းသော အတွေးအခေါ်ကို​တွန်းလှန်​လော့

ရှေး​ဘိုးဘေး​ယောဘသည် ဘေးဆိုး​ကြုံတွေ့​နေရ​စဉ် သူ့​မိတ်ဆွေ​သုံးဦး​ဖြစ်သော ဧလိ​ဖတ်၊ ဗိလဒဒ်​နှင့် ဇောဖာ​တို့​က သူ့​ထံ သွားလည်​ကြသည်။ သူ့ကို​စာနာမှု​ပြ​၍ နှစ်သိမ့်​ရန် သွား​ကြ​ခြင်း​ဖြစ်သည်။ (ယောဘ ၂:၁၁) ထို​သူ​သုံးဦး​အနက် ဧလိ​ဖတ်​သည် ဩဇာ​အရှိဆုံး​နှင့် အသက်​အကြီးဆုံး​ဖြစ်​နိုင်​သည်။ သူသည် ပထမ​ဆုံး​စကားပြော​သူနှင့် ပြောစရာ​အများဆုံး​ရှိသူ​ဖြစ်သည်။ သုံးကြိမ်​တိုင် ဧလိ​ဖတ်​ပြောဆို​ခဲ့​သည့် စကား​များ​တွင် အဘယ်​အတွေးအခေါ်​မျိုး ပေါ်လွင်​ထင်ဟပ်​သနည်း။

ဧလိ​ဖတ်​က “ဝိညာဉ်​တစ်ပါး​သည် ငါ့​ရှေ့၌​ကန့်​လန့်​လျှောက်​သွား​၍ ငါသည်​ကြက်သီးမွေးညင်း​ထ​လေ​၏။ ထို​ဝိညာဉ်​သည်​ရပ်​နေ၍ ပုံသဏ္ဌာန်​လည်း သေချာ​စွာ​မထင်မရှား အရိပ်​ကို​သာ​ငါ​မြင်ရ​၏။ ငြင်း​သော​အသံ​ရှိ၍ ငါ​ကြား​သော​စကားသံ​ဟူ​မူ​ကား” ဟု​ဆို​ကာ သူ​တွေ့ကြုံ​ခဲ့​ဖူး​သော သဘာဝလွန်​ဖြစ်ရပ်​တစ်ခု​ကို ပြန်​ပြောပြ​ခဲ့​သည်။ (ယောဘ ၄:၁၅၊ ၁၆) ဧလိ​ဖတ်​၏​အတွေးအခေါ်ကို အဘယ်​ဝိညာဉ်​က လွှမ်းမိုး​ခဲ့​သနည်း။ ပြစ်တင်သံ​ဖြင့် ဆက်​ပြော​သော​စကား​အရ ထို​ဝိညာဉ်​သည် ဘုရားသခင်​၏​ဖြောင့်မတ်​သော ကောင်းကင်တမန်​တစ်ပါး လုံးဝ​မဟုတ်​ကြောင်း ထင်ရှား​သည်။ (ယောဘ ၄:၁၇၊ ၁၈) ထို​အသံရှင်​မှာ ဆိုးညစ်သော​ဝိညာဉ် သတ္တဝါ ဖြစ်သည်။ သို့​မဟုတ်ပါ​က မဟုတ်မမှန်​ပြောဆိုမှု​ဖြင့် ဧလိ​ဖတ်​နှင့် သူ့​အဆွေ​နှစ်ဦး​ကို ယေဟောဝါ အဘယ်ကြောင့်​ပြစ်တင်​ဆုံးမ​ရမည်​နည်း။ (ယောဘ ၄၂:၇) ဧလိ​ဖတ်​သည် နတ်ဆိုး​ဩဇာ​အောက် ရောက်​ခဲ့​သည်​မှာ အမှန်ပင်။ သူ၏​အပြောအဆို​က ဘုရားသခင်​၏​တရားတော်​နှင့် မညီသော​အတွေးအခေါ်ကို ထင်ဟပ်ပြ​သည်။

ဧလိ​ဖတ်​၏​ဖော်ပြချက်များ​မှ အဘယ်​အချက်များ​ကို ကျွန်ုပ်​တို့​သိရ​သနည်း။ မှားယွင်းသော​အတွေးအခေါ်ကို သတိပြု​ရှောင်ရှား​ဖို့ အဘယ်ကြောင့်​အရေးကြီး​သနည်း။ ယင်းကို တွန်းလှန်​နိုင်​ရန် အဘယ်အရာ​များ​ပြုလုပ်​ရမည်​နည်း။

“အမှုတော်ထမ်း​တို့ကို ယုံ​တော်​မ​မူ”

သုံးကြိမ်​လုံး​တွင် ဧလိ​ဖတ်​က ဘုရားသခင်​သည် တင်းမာ​လွန်း​အားကြီး​သဖြင့် မိမိ​ကျေးကျွန်​များ​၏ လုပ်ရပ်​ဟူ​သမျှ​ကို စိတ်​တိုင်း​မကျ​ဟူသော​သဘောကို ဖော်ပြ​ခဲ့​သည်။ “အမှုတော်ထမ်း​တို့ကို ယုံ​တော်​မ​မူ။ ကောင်းကင်တမန်​တော်​တို့​၌ စုံလင်ခြင်း​မရှိ​ဟု​ထင်​တော်​မူ​၏” ဟု ယောဘ​ကို သူ​ပြော​သည်။ (ယောဘ ၄:၁၈) ဘုရားသခင်​နှင့်​ပတ်သက်​၍ နောက်ပိုင်း​တွင် ဧလိ​ဖတ်​က “ဘုရားသခင်​သည် မိမိ​သန့်ရှင်းသူ​တို့ကို​ပင် ယုံ​တော်​မ​မူ။ ကောင်းကင်ဘုံ​သော်လည်း ရှေ့တော်၌​မစင်ကြယ်” ဟု​ဆို​၏။ (ယောဘ ၁၅:၁၅) ထို့နောက် ‘သင်​ဖြောင့်မတ်​သည်ကို အတိုင်းအဆမဲ့​တန်ခိုးရှင်​သည် အမှု​ထား​တော်​မူ​သလော’ ဟု မေး​လေ​သည်။ (ယောဘ ၂၂:၃သမ္မာ) အဆိုပါ​အတွေးအမြင်​ကို ဗိလဒဒ်​က​လည်း သဘောတူ​သည့်​အနေ​ဖြင့် “လ​သော်လည်း အလင်း​မရှိ။ ကြယ်​သော်လည်း [ဘုရားသခင့်] ရှေ့တော်၌​မ​ဖြူစင်” ဟု​ပြော​လေ​သည်။—ယောဘ ၂၂:၃

ထိုသို့​သော​အတွေးအခေါ်​မျိုး လွှမ်းမိုး​မခံ​ရဖို့ ကျွန်ုပ်​တို့​သတိပြု​ကြ​ရမည်။ ထိုသို့​တွေးခေါ်​ရှု​မြင်လျှင် ဘုရားသခင်​သည် ကျွန်ုပ်​တို့​ထံ​မှ တောင်းဆို​လွန်း​သည်​ဟု ယူဆ​လာနိုင်​သည်။ ယင်းက ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို ထိခိုက်​စေ​သည်။ ထို့​အပြင် ယင်း​သို့​တွေးတော​ဆင်ခြင်​မည်​ဆိုလျှင် လိုအပ်​၍ ဆုံးမခံ​ရသည့်​အခါ ကျွန်ုပ်​တို့ မည်သို့​တုံ့ပြန်​မည်​နည်း။ ပဲ့ပြင်​မှု​ကို နှိမ့်ချစွာ​လက်ခံ​မည့်​အစား ကျွန်ုပ်​တို့၏​စိတ်နှလုံး​သည် ‘ယေဟောဝါ​ကို​အမျက်ထွက်’ ပြီး ကိုယ်တော်​အား နာကြည်း​လာနိုင်​သည်။ (သု. ၁၉: ၃က​ဘ) ဝိညာဉ်​ရေး အန္တရာယ်​ပါ​တကား။

‘လူသည် ဘုရားသခင်​၌ အသုံးဝင်​နိုင်​သလော’

ဘုရားသခင်​တင်းမာ​လွန်း​သည်​ဟူသော အယူအဆ​သည် လူသားများ​ကို အသုံးမကျ​ဟု ကိုယ်တော်​သဘောထား​သည်​ဟူသော ရှုမြင်ပုံ​နှင့် အလွန်​ပင်​နီးစပ်​၏။ ဧလိ​ဖတ် တတိယ​အကြိမ် စကားပြော​ဆို​ရာ​တွင် ဤ​မေးခွန်းပါ​ဝင်​သည်– “ပညာရှိ​သူ​ပင် ဘုရားသခင်​၌​အသုံးကျ​အောင် လူ​သူသည် ဘုရားသခင့်​ထံ​တော်​တွင် အသုံးဝင်​နိုင်​သလော။” (ယောဘ ၂၂:၂သမ္မာ) လူသည် ဘုရားသခင်​အတွက် အသုံးမဝင်​ဟု ဧလိ​ဖတ်​ဆို​နေခြင်း​ဖြစ်သည်။ ဗိလဒဒ်​က​လည်း ထို​နည်းတူ ပြော​လေ​သည်– “သို့​ဖြစ်၍ လူသည် ဘုရားသခင့်​ရှေ့တော်၌ အဘယ်​သို့​ဖြောင့်မတ်​နိုင်​သနည်း။ မိန်းမ​မှ ဖွား​သော​သူသည် အဘယ်​သို့​စင်ကြယ်​နိုင်​သနည်း။” (ယောဘ ၂၅:၄သမ္မာ) ထို​ဆင်ခြင်​ပုံ​အရဆိုလျှင် သေမျိုး​မျှ​ဖြစ်သော​ယောဘသည် ဘုရားသခင့်​ရှေ့တော်၌ ဖြောင့်မတ်​သော​အနေအထား ရနိုင်​ပါ​ဦး​မည်​လော။

ယနေ့ မိမိတို့​ကိုယ်​နှင့်​ပတ်သက်​၍ အပျက်သဘောထား​များ ဖိစီး​နှောက်ယှက်​ခြင်း​ခံ​နေရသူ အချို့​ရှိ၏။ ထိုသို့​ဖြစ်​ရသည့်​အကြောင်းရင်း​များ​မှာ မိသားစုကြီး​ပြင်း​လာပုံ၊ ဘဝဖိစီးမှု​များ သို့​မဟုတ် လူမျိုးရေး​မုန်းတီးမှု​ကို ခံစား​ခဲ့​ရခြင်း စ​သည်​တို့​ကြောင့် ဖြစ်​နိုင်​သည်။ သို့သော် စာတန်​နှင့် သူ၏​နတ်ဆိုး​များသည် လူတစ်ဦးကို နာ​လ​န်​မ​ထူ​နိုင်အောင်​လုပ်ဖို့ အားရ​နှစ်သက်​ကြသည်။ မိမိ​ပြု​လေ​သမျှ​ကို အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင်​စိတ်တိုင်းကျ​မည်​မဟုတ်​ဟု လူတစ်ဦး​ယူမှတ်​သည်​အထိ ဩဇာ​လွှမ်း​နိုင်​ပါ​က ထို​သူသည် စိတ်ပျက်​အားလျော့​သွား​ရန် ပို​၍​လွယ်ကူ​သည်။ ထိုသို့​ယူဆ​သွား​သူသည် အတန်​ကြာသော် အသက်ရှင်​တော်​မူ​သော ဘုရားသခင့်​ထံ​တော်​မှ ထွက်သွား​သည့်​အထိ လမ်းလွဲ​သွား​နိုင်​သည်။—ဟေဗြဲ ၂:၁သမ္မာ; ဟေဗြဲ ၃:၁၂

အသက်​ကြီးရင့်​လာ​ခြင်း​နှင့် ကျန်းမာ​ရေး​ပြဿနာ​များ​က​လည်း ကျွန်ုပ်​တို့ကို ကန့်သတ်​သည်။ ယခု ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်း​၌ ကျွန်ုပ်​တို့၏​ပါဝင်မှု​သည် ငယ်ရွယ်​နုပျို​၍ ကျန်းမာ​သန်စွမ်း​စဉ်​က ပြုလုပ်​ခဲ့​ရာ​များနှင့်​နှိုင်းယှဉ်လျှင် သေးသိမ်​နေ​ပုံ​ရှိ​မည်။ ကျွန်ုပ်​တို့ကို ဘုရားသခင်​စိတ်တိုင်းကျ​မည်​မဟုတ်​ဟု စာတန်​နှင့် သူ၏​နတ်ဆိုး​များ​က ယူဆ​စေ​လို​ကြောင်း သိထားဖို့ အရေးကြီး​လိုက်​လေ​ခြင်း။ ထိုသို့​သော​အတွေးအခေါ်​မျိုးကို ကျွန်ုပ်​တို့​တွန်းလှန်​ကြ​ရမည်။

အပျက်​မြင်​အတွေးအခေါ်ကို တွန်းလှန်​နိုင်​ပုံ

ယောဘသည် စာတန်​ကြောင့် ဝေဒနာ​များ​ခံစား​နေရ​သော်လည်း “ငါသည် သေ​သည့်​တိုင်အောင် ငါ့​သမာဓိကို​မစွန့်​လွှတ်” ဟု​ပြော​ခဲ့​သည်။ (ယောဘ ၂၇:၅က​ဘ) ယောဘသည် ဘုရားသခင်​ကို​ချစ်သော​ကြောင့် မည်သည့်​အရာ​ဖြစ်​လာပါစေ သူ၏​သမာဓိကို ဆက်၍​စောင့်ထိန်း​ရန် စိတ်ပိုင်းဖြတ်​ထား​သည်။ ထို​စိတ်ပိုင်းဖြတ်​ချက်​ကို ဘယ်အရာ​က​မျှ မပြောင်းလဲ​နိုင်​ပါ။ ဤ​တွင် အပျက်​မြင်​အတွေးအခေါ်ကို တွန်းလှန်​ဖို့ အရေးပါသော​အချက်​ကို တွေ့ရ​သည်။ ကျွန်ုပ်​တို့သည် ဘုရားသခင့်​မေတ္တာတော်​အကြောင်းကို ကောင်းစွာ​နားလည်​ရန် ကြိုးစား​ကာ ထို​အတွက် လှိုက်လှိုက်လှဲလှဲ​ကျေးဇူး​တင်​တတ်​သည့်​စိတ်​ကို မွေးမြူ​ကြ​ရမည်။ ကိုယ်တော်​အား နှစ်နှစ်ကာကာ​ချစ်​ဖို့​လည်း​လို​သည်။ ဘုရားသခင့်​စကားတော်​ကို မှန်မှန်​လေ့လာခြင်း​နှင့် သိရှိလာရာ​များ​ကို ဆုတောင်း၍ တွေးတော​ဆင်ခြင်ခြင်း​အားဖြင့် ထိုသို့​ချစ်​လာနိုင်​သည်။

သာဓက​အနေ​နှင့်၊ ‘ဘုရားသခင်​သည် မိမိ​၌​တစ်ပါး​တည်း​သော​သားတော်ကို စွန့်​တော်​မူ​သည်​တိုင်အောင် လောကသား​တို့ကို​ချစ်တော်မူ​၏’ ဟု ယောဟန် ၃:၁၆ က​ဆို​၏။ ယေဟောဝါ​သည် လူသားများ​ကို အလွန်​ချစ်တော်မူ​၏။ ခေတ်​များ​တစ်လျှောက် လူသားများ​နှင့်​ကိုယ်တော်​ဆက်ဆံပုံ​က ထို​မေတ္တာတော်ကို ပေါ်လွင်​စေ​သည်။ အတိတ်​မှ ပုံ​နမူနာ​များ​ကို တွေးတော​ဆင်ခြင်ခြင်း​က ယေဟောဝါ​အား ကျေးဇူး​တင်​စိတ်​နှင့် ကိုယ်တော့်​အား ချစ်​မြတ်နိုး​စိတ် တိုးပွား​စေ​သင့်​သည်။ သို့ဖြင့် မှားယွင်းသော သို့​မဟုတ် အပျက်သဘော​ဆန်​သော အတွေးအခေါ်ကို တွန်းလှန်​ရန် ထောက်ကူ​ပေး​သည်။

သောဒုံ​နှင့် ဂေါမောရ​မြို့ကို ဖျက်ဆီး​ခါနီး​အချိန်တွင် အာဗြဟံ​နှင့် ယေဟောဝါ​ဆက်ဆံပုံ​ကို သုံးသပ်ကြည့်​ပါ။ အာဗြဟံ​သည် ယေဟောဝါ​၏ တရား​စီရင်​ပုံ​နှင့်​ပတ်သက်​၍ ရှစ်​ကြိမ်​တိုင် မေးမြန်းခဲ့​သည်။ စိတ်​အနှောင့်အယှက်​ဖြစ်​ကြောင်း သို့​မဟုတ် စိတ်ပျက်​ကြောင်း ယေဟောဝါ​တစ်ခါမျှ မဖော်​ပြ​ခဲ့​ပါ။ ကိုယ်တော့်​အဖြေ​များ​က အာဗြဟံ​ကို အားပေး​နှစ်သိမ့်မှု ဖြစ်စေ​ခဲ့​သည်။ (ကမ္ဘာဦး ၁၈:၂၂-၃၃) နောက်ပိုင်း လောတ​နှင့် သူ့​မိသားစုကို သောဒုံ​မြို့မှ ဘုရားသခင်​ကယ်လွှတ်​ချိန်​တွင် လောတ​က တောင်ပေါ်​ပြေး​မည့်​အစား အနီးအနား​ရှိ​မြို့​တစ်မြို့​သို့​ပြေး​ပါ​ရစေ​ဟု တောင်းပန်​ခဲ့​သည်။ ယေဟောဝါ​က “ကြည့်​ပါ။ ဤ​အမှုအရာ​၌​လည်း သင်၏​စကား​ကို​ငါ​နားထောင်​စေခြင်း​ငှာ၊ ထို​မြို့​အတွက်​တောင်းပန်​သောကြောင့် ငါ​မဖျက်ဆီး” ဟု​မိန့်တော်မူ၏။ (ကမ္ဘာဦး ၁၉:၁၈-၂၂) ဤ​မှတ်တမ်းများ​က ယေဟောဝါ​ကို တင်းမာ​၍ မေတ္တာမဲ့​သော အာဏာရှင်​အဖြစ် သရုပ်ဖော်​ထား​သလော။ မဖော်​ထား​ပါ။ ကိုယ်တော်​သည် အမှန်​အားဖြင့် မေတ္တာ​ရှိ၍ သနား​ကြင်နာ​တတ်​ပြီး နားလည်​ပေး​တတ်သော ပိုင်သ​အုပ်စိုးရှင်​ဖြစ်​ကြောင်း ယင်း​တို့​က ဖော်ပြ​သည်။

ဘုရားသခင်​သည် အပြစ်ရှာ​တတ်​ပြီး မည်​သူ့ကို​မျှ စိတ်​တိုင်း​မကျ​နိုင်​ဟူသော​အယူအဆ မှားယွင်း​ကြောင်းကို ရှေး​ဣသရေလ​နိုင်ငံ​မှ အာရုန်၊ ဒါဝိဒ်​နှင့် မနာရှေ​တို့၏​ပုံ​နမူနာ​က ထင်ရှားစေ​သည်။ အာရုန်​သည် ကြီး​လေး​သော​အပြစ် သုံးခု​ကို ကျူးလွန်​ခဲ့​သည်။ သူသည် ရွှေ​နွား​ရုပ်​သွန်း​လုပ်ပြီး အစ်မ​မိရိအံ​နှင့်အတူ မောရှေ​ကို​ပြစ်တင်​ဝေဖန်​ကာ ဘုရားသခင်​ကို ရိုသေ​လေးမြတ်​ရန်​နှင့် ဂုဏ်တင်​ရန် ပျက်ကွက်​ခဲ့​သည်။ သို့ရာတွင် ယေဟောဝါ​သည် သူ၏​ကောင်းကွက်​ကို​ကြည့်​ပြီး သေဆုံး​ချိန်​အထိ ယဇ်ပုရောဟိတ်မင်း​အဖြစ် ဆက်​အမှုထမ်း​စေ​ခဲ့​သည်။—ထွက်မြောက်ရာ ၃၂:၃၊ ၄; တောလည်ရာ ၁၂:၁၊ ၂; ၂၀:၉-၁၃

ဘုရင်​ဒါဝိဒ်​လည်း သူ၏​နန်းသက်​အတွင်း ကြီး​လေး​သော​အပြစ်​များ ကျူးလွန်​ခဲ့​သည်။ သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း၊ အပြစ်မဲ့​သူ​တစ်ဦး​ကို​သတ်​ရန် ကြံစည်ခြင်း​နှင့် တရား​မဝင် လူ​ရေတွက်ခြင်း​တို့​ဖြစ်သည်။ သို့သော် ယေဟောဝါ​သည် ဒါဝိဒ်​၏​နောင်တ​ကို သတိပြုမိ​ပြီး သူ​သေဆုံး​ချိန်​အထိ ဘုရင်​ဖြစ်ခွင့်​ပေးခြင်း​ဖြင့် ဘုရားသခင့်​နိုင်ငံတော်​ပဋိညာဉ်​ကို သစ္စာရှိ​ရှိ အကောင်အထည်ဖော်​ခဲ့​သည်။—၂ ဓမ္မ​ရာဇဝင် ၁၂:၉; ၁ ရာဇဝင်ချုပ် ၂၁:၁-၇

ယုဒဘုရင် မနာရှေ​သည် ဗာလ​အဖို့ ယဇ်​ပလ္လင်​တို့ကို​တည်​၏။ မိမိ​သားတို့​ကို မီး​ဖြင့်​ပူဇော်​၏။ နတ်ဆိုး​အတတ်​များ​ကို အားပေး​အား​မြှောက်​ပြုပြီး ဝတ်ပြုရာ​အိမ်တော်​တံတိုင်း​အတွင်း မှားယွင်းသော​ဘာသာရေး ယဇ်​ပလ္လင်​များ​ကို တည်ဆောက်​ခဲ့​သည်။ သို့သော် စိတ်ရင်းမှန်​ဖြင့် နောင်တ​ယူပြီး​နောက် သူ့ကို ယေဟောဝါ​ခွင့်လွှတ်​ခဲ့​သည်။ အချုပ်အနှောင်​မှ လွတ်မြောက်​စေ​ခဲ့​ပြီး သူ၏​နိုင်ငံ​ကို ပြန်ပေး​ခဲ့​သည်။ (၂ ရာဇဝင်ချုပ် ၃၃:၁-၁၃) မည်​သူ့ကို​မျှ စိတ်​တိုင်း​မကျ​သော ဘုရားသခင်​တစ်ပါး​သည် ဤ​လုပ်ရပ်များ​ကို​လုပ်ပါ​မည်​လော။ ဝေးလေစွ။

မတော်မတရား​စွပ်စွဲသူ​ကို​သာ အပြစ်တင်ထိုက်

စာတန်​ကိုယ်​၌​က ယေဟောဝါ​အား သူ​စွပ်စွဲ​ထား​ချက်​မှန်သမျှ​၏ အထင်ရှားဆုံး​ပြယုဂ်​ဖြစ်နေ​ခြင်း​ကို မအံ့သြ​သင့်​ပါ။ စာတန်​သည် ရက်စက်​တင်းမာ​သူ​ဖြစ်သည်။ ထိုသို့​အမှန်​ဖြစ်​ကြောင်းကို အတိတ်​ကာလ​က မှားယွင်းသော​ဝတ်ပြုရေး​နှင့်​ဆက်နွှယ်သော ကလေး​ပူဇော်​ခြင်း​အလေ့အထ​တွင် အထင်အရှား​တွေ့​နိုင်​ပါ​သည်။ အယူဖောက်ပြန်​သော ဣသရေလလူ​တို့သည် မိမိတို့​သားသမီး​များ​ကို မီးရှို့​ခဲ့​ကြသည်။ ယင်းသည် ယေဟောဝါ တစ်ခါမျှ​မစဉ်း​စား​ဖူး​သည့် လုပ်ရပ်​တစ်ခု​ပင်။—ယေရမိ ၇:၃၁က​ဘ။

အပြစ်ရှာ​သူ​မှာ ယေဟောဝါ​မဟုတ်၊ စာတန်​ပင်​ဖြစ်သည်။ ဗျာ. ၁၂:၁၀ တွင် “ငါ​တို့​ညီအစ်ကို​များ​ကို ငါ​တို့​ဘုရားသခင့်​ရှေ့တော်၌ နေ့​ည​မပြတ် အပြစ်တင်​သော​ရန်သူ” အဖြစ် စာတန်​ကို ဖော်ပြ​ထား​သည်။ ယေဟောဝါ​နှင့်​ပတ်သက်​၍​မူ ဆာလံဆရာ​က ဤသို့​သီဆို​ခဲ့​သည်– ‘အို​ဘုရားရှင်​ထာဝရ​ဘုရားသခင် ကိုယ်တော်​သည် အပြစ်​များ​ကို​မှတ်တော်မူ​လျှင် အဘယ်သူ​ခံရပ်​နိုင်​ပါ​မည်​နည်း။ ကိုယ်တော်​သည် အပြစ်လွှတ်ခြင်း​အခွင့်​ကို ပိုင်တော်မူ​၏။’—ဆာလံ ၁၃၀:၃၊ ၄

မှားယွင်းသော​အတွေးအခေါ် မရှိတော့​မည့်​အချိန်

စာတန်​နှင့် သူ၏​နတ်ဆိုး​များ ကောင်းကင်​မှ​ပစ်ချ​ခံ​ခဲ့​ရချိန်တွင် ကောင်းကင်တမန်​များ စိတ်​ချမ်းသာ​လိုက်​မည်​ဖြစ်​ခြင်း။ (ဗျာ. ၁၂:၇-၉) ထို့နောက်​တွင် ဤ​ဆိုးညစ်သော​ဝိညာဉ်​များသည် ယေဟောဝါ​၏ ကောင်းကင်​မိသားစု​၏​လုပ်ဆောင်မှုများ​အပေါ် မည်သည့်​သက်ရောက်မှု​ကို​မျှ မဖြစ်စေ​နိုင်​တော့​ချေ။—ဒံယေလ ၁၀:၁၃

မဝေးတော့​သည့်​အနာဂတ်​တွင် မြေကြီးသား​များ ရွှင်လန်း​ရတော့မည်။ မကြာမီ ကောင်းကင်တမန်​တစ်ပါး​သည် အနက်​ဆုံးသော​တွင်း​၏​သော့​နှင့် သံကြိုး​ကြီး​ကို​ကိုင်​လျက် ကောင်းကင်​မှ​ဆင်းသက်​လာပြီး စာတန်​နှင့် သူ၏​နတ်ဆိုး​များ​ကို ချည်နှောင်​ကာ တွင်း​နက်​ထဲ​ပစ်ချ​ပါ​လိမ့်​မည်။ (ဗျာ. ၂၀:၁-၃) ထို​အခါ ကျွန်ုပ်​တို့ စိတ်​ချမ်းသာ​လိုက်​မည်​ဖြစ်​ခြင်း။

ဤ​အတောအတွင်း မှားယွင်းသော​အတွေးအခေါ်ကို ကျွန်ုပ်​တို့ သတိပြု​ရ​ကြ​မည်။ မှားယွင်းသော သို့​မဟုတ် အပျက်သဘော​ဆန်​သော အတွေး​များ ဝင်ရောက်​လာ​သည့်​အခါတိုင်း ယေဟောဝါ​၏​မေတ္တာတော်ကို အာရုံ​စူးစိုက်​ထားခြင်း​ဖြင့် ယင်း​တို့ကို တွန်းလှန်​ဖို့​လို​သည်။ သို့ပြုလျှင် ‘အဘယ်သူမျှ ကြံ​၍​မမီ​နိုင်သော ဘုရားသခင်​၏​ငြိမ်သက်ခြင်း​သည် ကျွန်ုပ်​တို့၏​စိတ်နှလုံး​များနှင့် အကြံအစည်​များ​ကို စောင့်ထိန်း​လိမ့်​မည်။’—ဖိလိပ္ပိ ၄:၆၊ ၇သမ္မာ။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

အပျက်​မြင်​အတွေးအခေါ်ကို ယောဘ​တွန်းလှန်​ခဲ့

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် နားလည်​ပေး​တတ်သော​ပိုင်သ​အုပ်စိုးရှင်​ဖြစ်​ကြောင်း လောတ​သိရှိ​ခဲ့