မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုခရစ်ကား မည်သူနည်း

ယေရှုခရစ်ကား မည်သူနည်း

ယေရှု​ခရစ်​ကား မည်သူ​နည်း

အန္ဒြေ​အမည်​ရှိသော ဂျူး​လူငယ်​တစ်ဦး​သည် နာဇရက်​မြို့သား​ယေရှု၏​စကား​များ​ကို ဦးဆုံး​ကြားနာ​ခဲ့​ရချိန်တွင် သူ​မည်မျှ စိတ်​လှုပ်ရှား​ခဲ့​သည်ကို မြင်ယောင်​ကြည့်​ပါ။ အန္ဒြေ​သည် အစ်ကို​ဖြစ်သူ​ထံ အလျင်အမြန်​သွား​ကာ “ငါ​တို့သည် မေ​ရှိ [သို့​မဟုတ်၊ ခရစ်တော်] ကို​တွေ့​ကြပြီ” ဟု ပြောပြ​ခဲ့​ကြောင်း သမ္မာကျမ်းစာ​၌ ဖော်ပြ​ထား​သည်။ (ယောဟန် ၁:၄၁) “မေရှိယ” နှင့် “ခရစ်တော်” ဟူ၍ ပြန်ဆို​လေ့​ရှိသော ဟေဗြဲ​နှင့် ဂရိ​စကားလုံး​သည် “ဘိသိက်​ပေးခြင်း​ခံရ​သူ” ဟု​အဓိပ္ပာယ်​ရှိသည်။ ယေရှုသည် ဘိသိက်​ပေးခြင်း​ခံရ​သူ၊ သို့​မဟုတ် ဘုရားသခင် ရွေးချယ်သော​သူ၊ ကတိထားရာ ခေါင်းဆောင်​ဖြစ်သည်။ (ဟေရှာယ ၅၅:၄) သမ္မာကျမ်းစာ​တွင် မေရှိယ​နှင့်​ပတ်သက်​သည့် ပရောဖက်ပြုချက်​များစွာ ပါရှိ​သောကြောင့် ထို​အချိန်​က ဂျူး​များသည် မေရှိယကို မျှော်လင့်​နေခဲ့​ကြသည်။—လုကာ ၃:၁၅

ယေရှုသည် ဘုရားသခင် ရွေးချယ်သော​သူ​အမှန်​ဖြစ်​ကြောင်း မည်သို့​သိရ​သနည်း။ စီ.အီး. ၂၉ ခုနှစ်၊ ယေရှု​အသက် ၃၀ တွင် အဘယ်အရာ​ဖြစ်ပျက်​ခဲ့​သည်ကို သုံးသပ်ကြည့်​ပါ။ ကိုယ်တော်​သည် နှစ်ခြင်း​ဆရာ​ယောဟန်ထံ​သွား​ကာ ယော်ဒန်​မြစ်​တွင် နှစ်ခြင်း​ခံ​ခဲ့​သည်။ သမ္မာကျမ်းစာ​၌ ဤသို့​ဆို​၏– “ယေရှုသည် ဗတ္တိဇံ​ကို​ခံ​တော်​မူ​ပြီး​လျှင် ရေ​မှ​ပေါ်​ထ​စဉ်​တွင် ကောင်းကင်​ဖွင့်လှစ်​သဖြင့် ဘုရားသခင်​၏​ဝိညာဉ်တော်သည် ချိုးငှက်​ကဲ့သို့​ဆင်းသက်​၍ ကိုယ်တော်​အပေါ်​၌ နား​တော်​မူ​သည်ကို မြင်ရ​၍ ‘ဤ​သူ​ကား ငါ​နှစ်သက်​မြတ်နိုးရာ၊ ငါ​၏​ချစ်​သား​ပေ​တည်း’ ဟု​ကောင်းကင်​က အသံတော်​ဖြစ်​လေ​၏။” (မဿဲ ၃:၁၆၊ ၁၇) ထို​သက်သေခံချက်​စကားတော်​ကို ကြား​ရပြီး​နောက် ယေရှုသည် ဘုရားသခင်​ရွေးချယ်သော​သူ​ဟုတ်မဟုတ် ယောဟန် သံသယဝင်​ဖို့​မလိုတော့ပေ။ ယေဟောဝါ​ဘုရားသခင်​သည် ယေရှု​အပေါ် သန့်ရှင်းသော​ဝိညာဉ်​တော် သွန်းလောင်း​ကာ ဘိသိက်ပေး​ခဲ့​သည်၊ တစ်နည်း​အားဖြင့်​ဆို​သော် ရောက်ရှိ​လာ​မည့် ဘုရားသခင့်​နိုင်ငံတော်​ဘုရင်​အဖြစ် ကိုယ်တော်​ကို ခန့်အပ်​ခဲ့​သည်။ သို့ဖြင့် ယေရှုသည် ယေရှု​ခရစ်တော်၊ သို့​မဟုတ် ဘိသိက်​ပေးခြင်း​ခံရ​သူ​ယေရှု​ဖြစ်လာ​လေ​သည်။ သို့သော် ယေရှုကို ဘုရားသခင်​၏​သားတော်​ဟု အဘယ်ကြောင့်​ခေါ်​ကြ​သနည်း။ ကိုယ်တော်​၏ မူလအစ​မှာ အဘယ်နည်း။

ကိုယ်တော်​၏​မူလအစ ‘ရှေး​ကမ္ဘာ’ က

ယေရှု၏​ဘဝ​အသက်တာကို အပိုင်း​သုံး​ပိုင်း​ခွဲ​နိုင်​သည်။ ပထမ​အပိုင်း​မှာ လူသား​အဖြစ်​မမွေးဖွား​မီ ကြာမြင့်စွာ​အချိန်​ကတည်းက စတင်​သည်။ ကိုယ်တော်​၏​မူလအစ​ကို ‘ရှေး​ကမ္ဘာ​မှ​စ၍ ပေါ်ထွန်း​သော​သခင်​ဖြစ်၏’ ဟု မိက္ခာ ၅:၂ ၌​ဖော်ပြ​သည်။ ယေရှု​ကိုယ်တော်တိုင် ဤသို့​မိန့်တော်မူ​ခဲ့​၏– “ငါ​မူ​ကား အထက်​သား ဖြစ်၏၊”—ဆိုလိုသည်မှာ ကောင်းကင်​မှ ကြွလာ​ခဲ့​ခြင်း​ဖြစ်သည်။ (ယောဟန် ၈:၂၃) ကိုယ်တော်​သည် ကောင်းကင်​တွင် တန်ခိုး​ကြီးသော ဝိညာဉ်​ပုဂ္ဂိုလ်​တစ်ပါး​အဖြစ် နေထိုင်ခဲ့​သည်။

ဖန်ဆင်း​ခံရ​သော​အရာအားလုံး​သည် အစ​ရှိသောကြောင့် ဘုရားသခင်​တစ်ပါး​တည်း​သာ​ရှိသော အချိန်​ရှိခဲ့​သည်။ မည်သို့​ပင်​ဖြစ်စေ​ကာ​မူ ဘုရားသခင်​သည် မရေမတွက်​နိုင်သော ရှေး​နှစ်ပေါင်း​များစွာက​တည်း​က ဖန်ဆင်း​ခြင်း​လုပ်ငန်း​ကို​စတင်​သည်။ မည်​သူ့ကို ကိုယ်တော် ဦးဆုံး​ဖန်ဆင်း​တော်​မူ​ခဲ့​သနည်း။ သမ္မာကျမ်းစာ​၏ နောက်ဆုံး​ကျမ်း​၌ ယေရှုကို “ဘုရားသခင်​၏ . . . သတ္တဝါ​တို့​အထွတ်” ဟု​ဖော်ပြ​ထား​သည်။ (ဗျာ. ၃:၁၄) ယေရှုသည် “သတ္တဝါ​အပေါင်းတို့တွင်​လည်း သားဦး​ဖြစ်​တော်​မူ​၏။” သို့​ဖြစ်၍ “ထို​သားတော်​သည် ကောင်းကင်ပေါ်၊ မြေကြီး​ပေါ်မှာ​ရှိသမျှ​သော ရူပ​အရာ၊ အ​ရူပ​အရာ . . . တို့ကို ဖန်ဆင်း​တော်​မူ​၏။” (ကောလောသဲ ၁:၁၅၊ ၁၆) မှန်ပါသည်၊ ယေရှုသည် ဘုရားသခင်​ကိုယ်တိုင် တိုက်ရိုက်​ဖန်ဆင်း​တော်​မူ​သည့် တစ်ပါး​တည်း​သော​ပုဂ္ဂိုလ်​ဖြစ်သည်။ သို့​ဖြစ်၍ ကိုယ်တော်​ကို ဘုရားသခင်​၏ “တစ်ပါး​တည်း​သော​သားတော်” ဟု ခေါ်ဆို​ခြင်း​ဖြစ်သည်။ (ယောဟန် ၃:၁၆) ဘုရားသခင်​၏​သားဦး​ကို ‘နှုတ်မြွက်တော်’ ဟု​လည်း ခေါ်ဆို​သည်။ (ယောဟန် ၁:၁၄) အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ လူသား​တစ်ဦး​အဖြစ် မမွေးဖွား​လာ​မီ ကောင်းကင်​တွင် ဘုရားသခင်​၏ ပြောရေးဆိုခွင့်​ရှိသူ​တစ်ဦး​အဖြစ် အမှုထမ်းခဲ့​သောကြောင့်​ဖြစ်သည်။

‘နှုတ်မြွက်တော်’ သည် “ကောင်းကင်​နှင့်​မြေကြီးကို ဖန်ဆင်း​တော်​မူ” သော​အချိန်၊ “အစအဦး” ကတည်းက ယေဟောဝါ​ဘုရားသခင်​နှင့်အတူ​ရှိခဲ့​သည်။ ဘုရားသခင်​က “ငါ​တို့​ပုံသဏ္ဌာန်​နှင့်​တညီ​တသဏ္ဌာန်တည်း လူကို​ဖန်ဆင်း​ကြ​စို့” ဟု​မိန့်တော်မူရာ​တွင် နှုတ်မြွက်တော်​နှင့် ပြောနေခြင်း​ဖြစ်သည်။ (ယောဟန် ၁:၁; ကမ္ဘာဦး ၁:၁၊ ၂၆) ယေဟောဝါ​၏​သားဦး​သည် ခမည်းတော်​နှင့်အတူ တက်ကြွ​စွာ အလုပ်လုပ်​တော်​မူ​ခဲ့​သည်။ နယပုံပြင် ၈:၂၂-၃၁ တွင် ယေဟောဝါ​၏​သားဦး​က ဤသို့​ပြောဆို​ခဲ့​ကြောင်း ဖော်ပြ​ထား​၏– ‘ငါသည် ကျွေးမွေး​တော်​မူ​သော​သား​ကဲ့သို့ [ဖန်ဆင်း​ရှင်​၏] အထံတော်ပါး​တွင်​နေ၍ အစဉ်မပြတ် မွေ့လျော်​တော်​မူ​ရာ​ဖြစ်၏။ ရှေ့တော်၌ အစဉ်မပြတ်​ကစား​လျက် ဖန်ဆင်း​တော်​မူ​သော မြေကြီး​တစ်ပြင်လုံး​တွင် ရွှင်လန်း​လျက်​လျက်​နေ​၏။’

ယေဟောဝါ​ဘုရားသခင်​နှင့် ကိုယ်တော်​၏ တစ်ပါး​တည်း​သော​သားတော်​တို့သည် အတူတကွ အလုပ်လုပ်​ဆောင်ခြင်း​ကြောင့် တစ်ဦး​ကိုတစ်​ဦး ကောင်းစွာ​သိကျွမ်း​ကြ​သည့်​အထိ အလွန်​ရင်းနှီး​ကြသည်။ မရေမတွက်​နိုင်သော​နှစ်များ​တစ်လျှောက် ယေဟောဝါ​နှင့် ထိုသို့​သော​ရင်းနှီး​သည့်​ဆက်ဆံ​ရေး​က ဘုရားသခင်​၏​သားတော်​အပေါ် အလွန်​အကျိုး​သက်ရောက်မှု ရှိခဲ့​သည်။ နာခံမှု​ရှိသော ဤ​သားတော်​သည် ခမည်းတော် ယေဟောဝါ​ကဲ့သို့​သော ပုဂ္ဂိုလ်​ဖြစ်လာ​ခဲ့​သည်။ သို့​ဖြစ်၍ ကောလောသဲ ၁:၁၅ ၌​ယေရှုကို “မျက်မြင်မရ​သော ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်” ဟု​ခေါ်ဆို​ခြင်း​ဖြစ်သည်။ ဝိညာဉ်​ရေး​လိုအပ်ချက်​နှင့် ဘုရားသခင်​အကြောင်း​သိ​လို​သော ကျွန်ုပ်​တို့၏​ဆန္ဒ​ကို ဖြည့်ဆည်း​ရာ​တွင် ယေရှု​နှင့်​ပတ်သက်သော​အသိပညာ မရှိမဖြစ်​လိုအပ်​ရခြင်း​မှာ ယင်း​အကြောင်းရင်း​ကြောင့်​ဖြစ်သည်။ ကမ္ဘာ​ပေါ်​ရှိ​စဉ် ယေရှု​လုပ်ဆောင်ခဲ့​သမျှ​သည် ယေဟောဝါ​လုပ်ဆောင်​စေ​လို​သော​အရာ အတိအကျ​ပင်​ဖြစ်သည်။ ထို့​ကြောင့် ယေရှု​အကြောင်း ပို​၍​သိရှိ​လာ​ခြင်း​သည် ယေဟောဝါ​အကြောင်း ပို​၍​သိရှိ​လာ​ခြင်း​ပင်​ဖြစ်သည်။ (ယောဟန် ၈:၂၈; ၁၄:၈-၁၀) သို့သော် ယေရှုသည် ကမ္ဘာ​ပေါ် မည်သို့​ရောက်လာ​တော်​မူ​ခဲ့​သနည်း။

လူသား​တစ်ဦး​အနေ​နှင့် ကိုယ်တော်​၏​ဘဝ​အသက်တာ

ယေရှု​ဘဝ​အသက်တာ​၏ ဒုတိယ​အပိုင်း​မှာ ကမ္ဘာ​မြေကြီး​သို့ မိမိ၏​သားတော်ကို ဘုရားသခင်​စေလွှတ်​ချိန်​တွင် စတင်​သည်။ ယေဟောဝါ​သည် ကောင်းကင်​မှ ယေရှု၏​အသက်ကို တည်ကြည်သူ​ဂျူး​အပျိုကညာ မာရိ​၏​သား​အိမ်ထဲ​သို့ အံ့ဖွယ်​နည်းဖြင့် ရွှေ့​ပြောင်း​ပေး​ခဲ့​သည်။ ယေရှုသည် လူသား​ဖခင်​တစ်ဦး ပါဝင်​ပတ်သက်​ခြင်း မရှိသော​ကြောင့် စုံလင်သူ​တစ်ဦး​အဖြစ် မွေးဖွား​လာ​သည်။ ယေဟောဝါ​၏ သန့်ရှင်းသော​ဝိညာဉ်​တော်၊ သို့​မဟုတ် တက်ကြွ​လှုပ်ရှား​သော​စွမ်းအား​သည် မာရိ​အပေါ်​သက်ရောက်​ကာ သူ့​အပေါ် ကိုယ်တော်​၏​တန်ခိုး “လွှမ်းမိုး” မှု​ကြောင့် အံ့ဖွယ်​နည်းဖြင့် ပဋိသန္ဓေ​တည်ရှိ​လာ​သည်။ ထို့​ကြောင့် မာရိသည် စုံလင်သော​ကလေး​တစ်ဦး​ကို မွေးဖွား​ခဲ့​သည်။ ယေရှုသည် လက်သမား​ယောသပ်​၏ မွေးစား​သား​အဖြစ် ကလေး​အတော်အတန်​များသော နွမ်းပါး​သည့်​မိသားစုတွင် သားဦး​တစ်ယောက်​အဖြစ် ကြီးပြင်း​လာ​ခဲ့​သည်။—ဟေရှာယ ၇:၁၄; မဿဲ ၁:၂၂၊ ၂၃; မာကု ၆:၃

ယေရှု၏​ကလေး​ဘဝ​အသက်တာ​အကြောင်း အနည်းငယ်​သာ​သိရှိ​ရသည်၊ သို့သော် အဖြစ်အပျက်​တစ်ခု​မှာ မှတ်သားဖွယ်​ဖြစ်သည်။ ယေရှု ၁၂ နှစ်အရွယ်​တွင် သူ၏​မိဘများသည် နှစ်စဉ်​တက်ရောက်​လေ့​ရှိသော ပသခါပွဲ​တက်​ရန် ယေရုရှလင်​မြို့​သို့ သွား​ကြသည်။ ထို​တွင် ယေရှုသည် ဗိမာန်တော်၌ “ဆရာများ​အလယ်မှာ​ထိုင်၍” အချိန်​အတော်ကြာ “ထို​သူတို့နှင့် ဆွေးနွေး​မေးမြန်း” ခဲ့​သည်။ ထို​မျှ​မကပါ၊ “သူ၏​စကား​ကို​ကြား​သော​သူအပေါင်း​တို့သည် သူ၏​ပညာ​ကိုလည်း​ကောင်း၊ စကား​အဖြေကို​လည်းကောင်း အံ့သြ​ကြ​၏။” မှန်ပါသည်၊ လူငယ်​ယေရှုသည် အလေးအနက်​စဉ်းစားစရာ ဝိညာဉ်​ရေးရာ​မေးခွန်းများ မေးမြန်း​နိုင်​ရုံ​မ​က အခြား​သူများကို အံ့အားသင့်​စေသည့် ပညာ​သားပါ​သော​အဖြေ​များ​ကိုလည်း ဖြေဆို​နိုင်​ခဲ့​သည်။ (လုကာ ၂:၄၁-၅၀) ယေရှုသည် နာဇရက်​မြို့တွင် ကြီးပြင်း​လာစဉ် မွေးစား​ဖခင် ယောသပ်​ထံ​မှ လက်သမား​အတတ်ပညာ​ကို​ပါ သင်ယူ​ခဲ့​သည်​မှာ သေချာ​သည်။—မဿဲ ၁၃:၅၅

ယေရှုသည် အသက် ၃၀ အထိ နာဇရက်​မြို့တွင် နေထိုင်ခဲ့​သည်။ ယင်း​နောက် နှစ်ခြင်း​ခံရန် ယောဟန်ထံ​သို့​သွားခဲ့သည်။ နှစ်ခြင်း​ခံ​ပြီး​သည်​နှင့် ဘုရားသခင့်​အမှုဆောင်ခြင်း​လုပ်ငန်း​တွင် အင်တိုက်အားတိုက်​ပါဝင်​ခဲ့​သည်။ သုံးနှစ်ခွဲ​လုံးလုံး ကိုယ်တော်​၏​နေရင်းပြည်​တစ်လျှောက် လှည့်လည်​သွားလာ​ကာ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ဟောပြောခဲ့​သည်။ မိမိသည် ဘုရားသခင်​စေလွှတ်​သော​သူ​ဖြစ်​ကြောင်း သက်သေ​အထောက်အထား တင်ပြ​ခဲ့​သည်။ မည်သို့​အားဖြင့်​နည်း။ လူ့​အစွမ်း​ဖြင့် မလုပ်ဆောင်​နိုင်သော တန်ခိုး​ပါ​သည့်​လုပ်ရပ်များ—အံ့ဖွယ်အမှု​များစွာ ပြုလုပ်​ခဲ့​ခြင်း​အားဖြင့် ဖြစ်သည်။—မဿဲ ၄:၁၇; လုကာ ၁၉:၃၇၊ ၃၈

ယေရှုသည် နွေးထွေး​ကြင်နာ​ပြီး ခံစားချက်​အပြည့်​ရှိသူ​ဖြစ်သည်။ အခြား​သူများကို ကိုယ်တော်​ရှုမြင်ပုံ၊ ဆက်ဆံပုံ​တို့​တွင် ကိုယ်တော်​၏​ကြင်နာ​မှု​ကို အထူး​တွေ့မြင်​ရသည်။ ယေရှုသည် ချဉ်းကပ်​ရလွယ်​သူ၊ ကြင်နာ​မှု​ရှိသူ​ဖြစ်သော​ကြောင့် လူတို့သည် ကိုယ်တော့်​ထံ ဆွဲဆောင်​ခံရ​ကြသည်။ ကလေး​များ​ပင်​လျှင် ကိုယ်တော်​နှင့် ရင်းရင်းနှီးနှီး​ရှိကြသည်။ (မာကု ၁၀:၁၃-၁၆) ထို​ခေတ်​အခါ​က အချို့​သူတို့သည် အမျိုးသမီးများ​ကို အထင်သေး​ကြသော်လည်း ယေရှုသည် အမျိုးသမီးများ​ကို လေးလေးစားစား ဆက်ဆံ​ခဲ့​သည်။ (ယောဟန် ၄:၉၊ ၂၇) ဆင်းရဲသား​များနှင့် အ​နှိမ်​ခံရ​သူတို့ကို ‘စိတ်နှလုံး သက်သာ’ စေရန် ကိုယ်တော်​ကူညီပေး​ခဲ့​သည်။ (မဿဲ ၁၁:၂၈-၃၀) ကိုယ်တော်​၏ သွန်သင်ပုံ​သွန်သင်နည်း​သည် ရှင်းလင်း​ပြီး လက်တွေ့ကျ​သည်။ နားထောင်​နေသူတို့​ကို စစ်မှန်သော​ဘုရားသခင် ယေဟောဝါ​နှင့် အကျွမ်းတဝင်​ရှိစေရန် လှိုက်လှိုက်လှဲလှဲ​ဆန္ဒရှိ​ကြောင်း ကိုယ်တော်​၏​သွန်သင်ချက်​များ​က ဖော်ပြ​သည်။—ယောဟန် ၁၇:၆-၈

အံ့ဖွယ်အမှု​များ​ပြု​ရာ​တွင် ဘုရားသခင်​၏ သန့်ရှင်းသော​ဝိညာဉ်​တော်​ကို အသုံးပြုခြင်း​ဖြင့် ဖျားနာသူ​များ၊ ဝေဒနာ​ခံစား​နေရသူ​များ​ကို သနား​ကြင်နာ​စွာ ကုသ​ပေး​ခဲ့​သည်။ (မဿဲ ၁၅:၃၀၊ ၃၁) ဥပမာ၊ အနူသည်​တစ်ဦး ကိုယ်တော့်​ထံ​ချဉ်းကပ်​ကာ ဤသို့​ပြော​ခဲ့​သည်– “သခင်​အလိုတော်​ရှိလျှင် ကျွန်တော့်​ကို သန့်ရှင်း​စေနိုင်​တော်​မူ​သည်။” ယေရှု မည်သို့​ပြု​တော်​မူ​ခဲ့​သနည်း။ လက်တော်ကို​ဆန့်​၍ ထို​သူကို တို့​ကာ “ငါ​အလိုရှိ၏။ သန့်ရှင်းခြင်း​သို့​ရောက်​စေ” ဟု​မိန့်တော်မူ​ခဲ့​သည်။ ထို​သူ နူနာ​ပျောက်ကင်း​သွားခဲ့သည်။—မဿဲ ၈:၂-၄

လူအုပ်ကြီး​တစ်စု​သည် သုံးရက်​ပတ်လုံး စားစရာ​အလျှင်း​မရှိဘဲ ယေရှု​နှင့်အတူ​ရှိခဲ့​သည့် အချိန်​တစ်ချိန်​အကြောင်းကိုလည်း သုံးသပ်ကြည့်​ပါ။ ကိုယ်တော်​သည် ထို​လူများ​ကို သနားသော​ကြောင့် “မိန်းမ​နှင့်​သူငယ်​ကို​မဆို​ဘဲ ယောက်ျားလေး​ထောင်” ရှိသောသူ​တို့ကို အံ့ဖွယ်​နည်းဖြင့် ကျွေးမွေး​ခဲ့​သည်။ (မဿဲ ၁၅:၃၂-၃၈) အခြား​တစ်ချိန်​တွင်​မူ ယေရှုသည် မိတ်ဆွေ​တို့၏​လုံခြုံမှု​ကို ခြိမ်းခြောက်​သည့်​မုန်တိုင်း​ကို ငြိမ်သက်​စေ​ခဲ့​သည်။ (မာကု ၄:၃၇-၃၉) လူသေ​တို့ကို ရှင်ပြန်ထမြောက်​ပေး​ခဲ့​သည်။ * (လုကာ ၇:၂၂; ယောဟန် ၁၁:၄၃၊ ၄၄) ယေရှုသည် မစုံလင်​သော​လူသားများ အနာဂတ်​မျှော်လင့်ချက်​ရှိစေရန် ကိုယ်တော်​၏ စုံလင်သော​အသက်ကို တလိုတလား​ပေးဆက်​ခဲ့​သည်။ လူသားများ​ကို​ချစ်​သည့် ယေရှု၏ နက်ရှိုင်း​သော​မေတ္တာ​ပေ​တည်း။

ယခု ယေရှု​အဘယ်​နေရာတွင် ရှိ​သနည်း

ယေရှု​အသက် သုံးဆယ့်​သုံးနှစ်ခွဲ​တွင် ညှဉ်းဆဲ​ရာ​နှက်တိုင်​တွင် သေဆုံး​ခဲ့​သည်။ * သို့သော် သေခြင်း​သည် ကိုယ်တော့်​ဘဝ​အသက်တာ​၏ အဆုံး​မဟုတ်​ခဲ့​ပါ။ သုံးရက်ကြာ​ပြီး​နောက် ယေဟောဝါ​ဘုရားသခင်​သည် ကိုယ်တော်​၏​သားတော်ကို ဝိညာဉ်​ပုဂ္ဂိုလ်​တစ်ဦး​အဖြစ်သို့ ရှင်ပြန်ထမြောက်​ပေး​ချိန်​တွင် ကိုယ်တော်​၏​ဘဝ​အသက်တာ တတိယ​အပိုင်း စတင်​ခဲ့​သည်။ ရှင်ပြန်ထမြောက်​ပြီး​နောက် ယေရှုသည် စီ.အီး. ပထမ​ရာစု​တွင် အသက်ရှင်ခဲ့​ကြ​သူ ရာ​နှင့်​ချီ​သော​လူများ​ရှေ့တွင် ကိုယ်ယောင်​ထင်ရှားပြ​ခဲ့​သည်။ (၁ ကောရိန္သု ၁၅:၃-၈) ၎င်းနောက် ကိုယ်တော်​သည် ‘ဘုရားသခင်​၏​လက်ယာတော်​ဘက်၌​ထိုင်’ ကာ ဘုရင်​ရာထူး​ရ​ရန် စောင့်ဆိုင်း​ခဲ့​ရသည်။ (ဟေဗြဲ ၁၀:၁၂၊ ၁၃) ဘုရင်​ဖြစ်လာ​သည်​နှင့် ယေရှု စတင်​စိုးစံ​ခဲ့​သည်။ သို့​ဖြစ်၍ ယနေ့​အချိန်တွင် ယေရှုကို ကျွန်ုပ်​တို့ မည်သို့​ယူမှတ်​သင့်​သနည်း။ အသက်​ထွက်​ခါနီး ဝေဒနာ​ခံစား​နေရ​သော သူ​တစ်ဦး​အဖြစ် ယူမှတ်​သင့်​သလော။ သို့​မဟုတ်၊ ကိုးကွယ်​ခံထိုက်​သူ​အဖြစ် ယူမှတ်​သင့်​ပါသလော။ ယခု​အချိန်တွင် ယေရှုသည် လူတစ်ဦး​မဟုတ်သကဲ့သို့ အတိုင်းအဆမဲ့ တန်ခိုးရှင်​ဘုရားသခင်​လည်း​မဟုတ်ပါ။ ကိုယ်တော်​သည် တန်ခိုး​ကြီးသော​ဝိညာဉ်​ပုဂ္ဂိုလ်၊ စိုးစံ​လျက်​ရှိသော ဘုရင်​တစ်ပါး​ဖြစ်သည်။ များ​မကြာမီ ကိုယ်တော်​သည် ဆင်းရဲ​ခက်ခဲ​မှု​နှင့်​ပြည့်နေ​သော ဤ​ကမ္ဘာ​ပေါ်​တွင် မိမိ​အုပ်ချုပ်မှု​ကို ထင်ရှား​စွာ​ဖော်ပြ​တော်​မူ​မည်။

ဗျာ. ၁၉:၁၁-၁၆ တွင် ဥပစာစကား​ကို အသုံးပြု​ကာ ယေရှု​ခရစ်​သည် မြင်းဖြူ​စီး​သော​ဘုရင်​တစ်ပါး​အဖြစ် တရား​စီရင်​ရန်​နှင့် ဖြောင့်မတ်​သော​စစ်​ဆင်နွှဲ​ရန် ကြွလာ​သည်​ဟု ဖော်ပြ​ထား​သည်။ ကိုယ်တော့်​တွင် “လူမျိုး​တို့ကို​ဒဏ်ခတ်​စ​ရာ​ဖို့ ထက်​သော​သန်လျက်” ရှိသည်။ မှန်ပါသည်၊ ယေရှုသည် လူဆိုးများ​ကို​ဖျက်ဆီး​ရန် ကိုယ်တော်​၏​တန်ခိုး​ကို အသုံးပြု​မည်။ ကိုယ်တော်​မြေကြီးပေါ်​ရှိ​စဉ် ချမှတ်​ခဲ့​သော ပုံသက်သေ​များ​ကို လိုက်လျှောက်​ကြ​သူများ မည်သို့​ဖြစ်​မည်​နည်း။ (၁ ပေတရု ၂:၂၁) ယေရှု​နှင့် ကိုယ်တော်​၏​ခမည်းတော်​တို့သည် ထို​သူတို့ကို ‘အတိုင်းအဆမဲ့​တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သော ဘုရားသခင်​၏​နေ့ကြီး’ ဖြစ်သည့် အာမဂေဒုန်​တွင် ကာကွယ်​စောင့်ရှောက်​မည်​ဖြစ်သော​ကြောင့် သူတို့သည် ဘုရားသခင့် ကောင်းကင်​နိုင်ငံတော်​၏ မြေကြီးဆိုင်ရာ​လက်အောက်ခံ​များ​အဖြစ် ထာဝစဉ်​အသက်ရှင်​နိုင်​ကြ​မည်။—ဗျာ. ၇:၉၊ ၁၄; ၁၆:၁၄၊ ၁၆; ၂၁:၃၊ ၄

ယေရှု၏ ငြိမ်သက်​အေးချမ်း​သော အုပ်ချုပ်မှု​အောက်တွင် လူသားများ​၏​အကျိုးအတွက် အံ့ဖွယ်အမှု​များစွာကို ကိုယ်တော်​လုပ်ဆောင်​တော်​မူ​မည်။ (ဟေရှာယ ၉:၆၊ ၇; ၁၁:၁-၁၀) ကိုယ်တော်​သည် ဖျားနာသူ​တို့ကို ကုသ​ပေး​မည်​ဖြစ်​ကာ သေခြင်းကို အဆုံးတိုင်​စေမည်။ သန်း​ထောင်နှင့်ချီ​သော​သူတို့ကို ရှင်ပြန်ထမြောက်​လာ​စေရန် ယေရှုကို ဘုရားသခင်​အသုံးပြု​တော်​မူ​မည်၊ ထို​သူတို့သည် မြေကြီးပေါ် ထာဝစဉ်​အသက်ရှင်ခွင့်​ရ​ကြ​မည်။ (ယောဟန် ၅:၂၈၊ ၂၉) ဘုရားသခင့်​နိုင်ငံတော် အုပ်ချုပ်မှု​အောက် ကျွန်ုပ်​တို့၏​အသက်တာသည် ကျွန်ုပ်​တို့ မှန်းဆ​သည်ထက် ပို​၍​ပျော်ရွှင်စရာ​ကောင်း​မည်။ သို့​ဖြစ်၍ သမ္မာကျမ်းစာ​အသိပညာကို ဆက်​လေ့လာ​ပြီး ယေရှု​နှင့် ပို​၍​ရင်းနှီး​ကျွမ်းဝင်​ရန် အရေးကြီး​သည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 15 ယေရှု ပြုလုပ်​ခဲ့​သည့်​အံ့ဖွယ်အမှု​များ​ကို လူအများ​သိ​ကြသည်။ ယေရှု၏​ရန်သူများ​က​ပင် ကိုယ်တော်​သည် “များစွာသော​နိမိတ်​လက္ခဏာကို​ပြ​၏” ဟု အသိအမှတ်ပြု​ခဲ့​ကြသည်။—ယောဟန် ၁၁:၄၇၊ ၄၈

^ အပိုဒ်၊ 17 ယေရှုသည် သစ်တိုင်ပေါ်​သေဆုံး​ခဲ့​ခြင်း​လော၊ သို့​မဟုတ် လက်ဝါး​ကားတိုင်​ပေါ် သေဆုံး​ခဲ့​ခြင်း​လော စ​သည့်​ရှင်းပြ​ထား​ချက်​အတွက် ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော ကျမ်းစာ​ဖြင့် ကျိုးကြောင်း​ဆင်ခြင်ခြင်း​စာအုပ် စာမျက်နှာ ၃၀၀-၁ ကို​ရှု။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

ယေရှုသည် အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင်​လော

ဘာသာ​တရား​ကိုင်းရှိုင်း​သူများစွာ​က ယေရှုသည် ဘုရားသခင်​ဖြစ်သည်ဟု ဆို​ကြ​၏။ အချို့​သူတို့က ဘုရားသခင်​သည် သုံးပါး​ပေါင်း​တစ်ဆူ ဖြစ်သည်ဟု အတိအလင်း​ဆို​ပြန်​သည်။ ထို​သွန်သင်ချက်​အရ “ခမည်းတော်​သည် ဘုရားသခင်၊ သားတော်​သည် ဘုရားသခင်၊ သန့်ရှင်းသော​ဝိညာဉ်တော်သည် ဘုရားသခင်​ဖြစ်၏။သို့​တိုင် ၎င်းတို့သည် ဘုရားသခင်​သုံး​ဆူ​မဟုတ်ဘဲ တစ်ဆူ​ဖြစ်သည်။” ထို​သုံးပါး​သည် “ထာဝစဉ်​အတူတကွ​ရှိ၍ တန်းတူ​ရည်​တူ​ဖြစ်​ကြသည်” ဟု​ယူဆကြ​၏။ (ကက်သလစ်​စွယ်စုံ​ကျမ်း) ထို​ယူဆချက်​သည် မှန်ကန်​ပါသလော။

ယေဟောဝါ​ဘုရားသခင်​သည် ဖန်ဆင်း​ရှင်​ဖြစ်သည်။ (ဗျာ. ၄:၁၁) ကိုယ်တော်​သည် အဆုံး​အစ​မရှိသည့် အတိုင်းအဆမဲ့​တန်ခိုးရှင် ဖြစ်​တော်​မူ​၏။ (ဆာလံ ၉၀:၂) သို့သော် ယေရှု​တွင် အစ​ရှိသည်။ (ကောလောသဲ ၁:၁၅၊ ၁၆) ဘုရားသခင်​ကို မိမိ၏​ခမည်းတော်​အဖြစ်​ရည်ညွှန်း​ကာ “ခမည်းတော်​သည် ငါ့​ထက်​သာ၍​ကြီးမြတ်​တော်​မူ​၏” ဟု​ယေရှု​မိန့်တော်မူ​ခဲ့​သည်။ (ယောဟန် ၁၄:၂၈) မိမိ​မသိ၊ ကောင်းကင်တမန်​များ​မသိ၊ ဘုရားသခင်​တစ်ပါး​တည်း​သာ သိတော်မူ​သည့် အရာအချို့ ရှိကြောင်းကိုလည်း ယေရှု​ရှင်းပြ​တော်​မူ​ခဲ့​သည်။—မာကု ၁၃:၃၂

ထို့​ပြင် ယေရှုသည် မိမိ​ခမည်းတော်​ထံ ဤသို့​ဆုတောင်း​တော်​မူ​ခဲ့​သည်– “အကျွန်ုပ်​အလို​ရှိသည်​အတိုင်း မဖြစ်ပါစေ​နှင့်။ ကိုယ်တော်​အလို​ရှိသည်​အတိုင်း ဖြစ်ပါစေ​သော်။” (လုကာ ၂၂:၄၂) မိမိ​ထက် ကြီးမြတ်သော​ပုဂ္ဂိုလ်​တစ်ဦး​မဟုတ်လျှင် မည်​သူ့​ထံ ကိုယ်တော်​ဆုတောင်းခြင်း​ဖြစ်သနည်း။ ထို့​အပြင် ယေရှုကို သေခြင်း​မှ ထမြောက်​ပေး​ခဲ့​သူ​မှာ ဘုရားသခင်​ဖြစ်သည်၊ ယေရှု​ကိုယ်တိုင်​မဟုတ်ပေ။ (တမန်​တော် ၂:၃၂) ယေရှု ကမ္ဘာ​မြေကြီးပေါ်​သို့ ကြွ​မလာ​မီ​က​ဖြစ်စေ၊ မြေကြီးပေါ်​တွင် သက်​တော်​ထင်ရှား​စဉ်​က​ဖြစ်စေ ခမည်းတော်​နှင့် သားတော်​သည် တန်းတူ​မဟုတ်​ချေ။ ယေရှု ကောင်းကင်​သို့​ထမြောက်​ပြီး နောက်ပိုင်း​တွင်​ကော အသို့နည်း။ ကောရိန္သုပထမစောင် ၁၁:၃ တွင် ဤသို့​ဖော်ပြ​ထား​၏– “ခရစ်တော်​၏​ခေါင်း​ကား ဘုရားသခင်​ဖြစ်​တော်​မူ​သည်။” သားတော်​သည် ဘုရားသခင်​အား အစဉ်အမြဲ​လက်အောက်ခံ​မည်​မှာ သေချာ​သည်။ (၁ ကောရိန္သု ၁၅:၂၈) ထို့​ကြောင့် ကျမ်းစာ​တွင် ယေရှုကို အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင်​ဟု မဖော်​ပြ​ထားခြင်း​ဖြစ်သည်။ ယင်းအစား ဘုရားသခင်​၏​သားတော်​ဟု ဖော်ပြ​သည်။

သုံးပါး​ပေါင်း​တစ်ဆူ​၏ တတိယ​ပုဂ္ဂိုလ်​ဟု​ခေါ်​ကြ​သည့် သန့်ရှင်းသော​ဝိညာဉ်တော်သည်​လည်း ပုဂ္ဂိုလ်​တစ်ဦး​မဟုတ်​ချေ။ ဘုရားသခင်​ထံ ဆုတောင်းရာ​တွင် ဆာလံဆရာ​က “ဝိညာဉ်​တော်​ကို​လွှတ်​၍ သူတို့ကို ဖန်ဆင်း​တော်​မူ” ၏​ဟု ဖော်ပြ​ခဲ့​သည်။ (ဆာလံ ၁၀၄:၃၀) ဤ​ဝိညာဉ်​သည် ဘုရားသခင်​ကိုယ်တော်တိုင်​မဟုတ်ပါ၊ ကိုယ်တော်​အလိုရှိရာကို ပြီးမြောက်​အောင်မြင်​စေ​ရာ​တွင် ဘုရားသခင်​စေလွှတ်​သည့် သို့​မဟုတ် အသုံးပြုသည့် တက်ကြွ​လှုပ်ရှား​သော​စွမ်းအား​တစ်ခု​ဖြစ်သည်။ ဘုရားသခင်​သည် ၎င်း​စွမ်းအား​ဖြင့် ပကတိ​ကောင်းကင်၊ မြေကြီး​နှင့် သက်ရှိ​အပေါင်း​တို့ကို ဖန်ဆင်း​တော်​မူ​ခဲ့​၏။ (ကမ္ဘာဦး ၁:၂; ဆာလံ ၃၃:၆) ဘုရားသခင်​သည် သန့်ရှင်းသော​ဝိညာဉ်​တော်​ကို အသုံးပြု​ကာ ကျမ်းစာ​ရေးသား​ရန် လူများ​ကို လှုံ့ဆော်​ခဲ့​၏။ (၂ ပေတရု ၁:၂၀၊ ၂၁) သို့​ဖြစ်၍ သုံးပါး​ပေါင်း​တစ်ဆူ​သည် ကျမ်းစာ​သွန်သင်ချက်​တစ်ခု မဟုတ်ပါ။ * သမ္မာကျမ်းစာ​က ‘ငါ​တို့၏​ဘုရားသခင် ထာဝရ​ဘုရားသခင် ယေဟောဝါ​သည် တစ်ဆူတည်း​သော ထာဝရ​ဘုရားသခင် ဖြစ်​တော်​မူ​၏’ ဟု​ဆို​သည်။—တရားဟောရာ ၆:၄

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 28 ထပ်ဆင့်​အကြောင်းအရာ​အတွက် ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော ကျမ်းစာ​ဖြင့် ကျိုးကြောင်း​ဆင်ခြင်ခြင်း​စာအုပ်​ပါ သုံးပါး​ပေါင်း​တစ်ဆူ ခေါင်းစဉ်​ကို​ရှု။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ယေရှု​နှစ်ခြင်း​ခံ​ချိန်​တွင် ဘုရားသခင်​၏ ဘိ​သက်​ပေးခြင်း​ခံရ​သူ​ဖြစ်လာ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဘုရားသခင်​ပေးအပ်​ထားသော တာဝန်​ကို ယေရှု​ကြိုးစား​ဆောင်ရွက်​ခဲ့

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယနေ့​အချိန်တွင် ယေရှုသည် တန်ခိုး​ကြီး​ဘုရင်​ဖြစ်