မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုခရစ်ကျင့်တော်မူသည်နည်းတူ ဆက်၍ကျင့်ကြလော့

ယေရှုခရစ်ကျင့်တော်မူသည်နည်းတူ ဆက်၍ကျင့်ကြလော့

ယေရှု​ခရစ်​ကျင့်​တော်​မူ​သည်​နည်းတူ ဆက်၍​ကျင့်​ကြလော့

“[ဘုရားသခင်] ၌ ငါ​တည်​၏​ဟု ဆို​သော​သူသည် ထို​သခင် [ယေရှု] ကျင့်​တော်​မူ​သည်​နည်းတူ ကျင့်​ရမည်။”—၁ ယောဟန် ၂:၆

၁၊ ၂။ ယေရှုကို စေ့စေ့​ထောက်ရှု​ရာ​၌ အဘယ်အရာ ပါဝင်​သနည်း။

“ငါ​တို့​ယုံကြည်ခြင်း​၏ ဦးစီး​ခေါင်းဆောင်၊ ငါ​တို့​ယုံကြည်ခြင်းကို စုံလင်​စေသော​အရှင် ယေရှုကို စေ့စေ့​ထောက်ရှု၍ ငါ​တို့​ရှေ့၌​ထားသော ပြိုင်ပွဲ​အတွက် ခံနိုင်ရည်​ရှိ​ရှိ​ဖြင့် ပြေးကြ​ကုန်​အံ့” ဟု​တမန်​တော်​ပေါလု​က ရေးသားခဲ့​၏။ (ဟေဗြဲ ၁၂:၁၊ ၂က​ဘ) သစ္စာရှိ​လမ်းစဉ်​လိုက်​ရန် ယေရှု​ခရစ်​ကို စေ့စေ့​ထောက်ရှု​ဖို့​လို​၏။

ခရစ်ယာန် ဂရိ​ကျမ်းစာ​တွင် အသုံးပြု​ထား​သည့် “စေ့စေ့​ထောက်ရှု” စကားလုံး​သည် မူရင်း​ဘာသာ​စကား​၌ “အာရုံမလွဲ​ဘဲ စူးစိုက်​ကြည့်​ခြင်း၊” “အရာတစ်ခု​ကို​မြင်​ရန် အခြား​အရာတစ်ခု​မှ အာရုံ​လွှဲ​ခြင်း” ဟူ၍​အဓိပ္ပာယ်​ရှိသည်။ ရည်ညွှန်း​ကျမ်း​တစ်စောင်​က “အားကစားကွင်း​ရှိ ပြေးလမ်းကြောင်း​အတိုင်း ပန်းတိုင်​သို့ အရှိန်​ဖြင့်​ပြေး​နေသော ဂရိ​အပြေးသမား​တစ်ဦး​သည် ပွဲ​ကြည့်​ပရိသတ်​ဘက်​သို့ အာရုံ​လွှဲ​လိုက်​သည့် တစ်ခဏချင်း​တွင် သူ၏​အရှိန် လျော့​သွား​တတ်​သည်။ ခရစ်ယာန်​တစ်ဦး​သည်လည်း ထို့​အတူ​ဖြစ်တတ်​၏” ဟု ဖော်ပြ​ထား​သည်။ အာရုံ​ထွေပြား​ခြင်း​သည် ဝိညာဉ်​ရေး​တိုးတက်မှု​ကို နှောင့်နှေး​စေနိုင်​၏။ ယေရှု​ခရစ်​ကို ကျွန်ုပ်​တို့ စေ့စေ့​ထောက်ရှု​ကြ​ရမည် ဖြစ်သည်။ ဦးစီး​ခေါင်းဆောင်​ထံ​မှ ကျွန်ုပ်​တို့ အဘယ်အရာ မျှော်လင့်​သနည်း။ “ဦးစီး​ခေါင်းဆောင်” ဟု​ပြန်ဆို​ထားသော ဂရိ​ဝေါဟာရ​သည် “အရာရာတိုင်းတွင် ဦးစီး​ဦးဆောင်​ပြု​ကာ စံနမူနာ​ပြ​သူ” ကို​ဆိုလို​သည်။ ယေရှုကို စေ့စေ့​ထောက်ရှု​ရာ​၌ ကိုယ်တော်​၏​စံနမူနာ​ကို လိုက်လျှောက်ရန်​လို​၏။

၃၊ ၄။ (က) ယေရှု​ခရစ် ကျင့်​တော်​မူ​သည်​နည်းတူ ကျင့်​ရာ​တွင် ကျွန်ုပ်​တို့​ဘက်​မှ အဘယ်အရာ​လိုအပ်​သနည်း။ (ခ) အဘယ်​မေးခွန်းများကို အာရုံစိုက်​သင့်​သနည်း။

“[ဘုရားသခင်] ၌ ငါ​တည်​၏​ဟု ဆို​သော​သူသည် ထို​သခင် [ယေရှု] ကျင့်​တော်​မူ​သည်​နည်းတူ ကျင့်​ရမည်” ဟု ကျမ်းစာ​က​ဆို​သည်။ (၁ ယောဟန် ၂:၆) ယေရှုသည် ခမည်းတော်​၏ ပညတ်တော်​များ​ကို စောင့်ရှောက်​ခဲ့​သကဲ့သို့ ကျွန်ုပ်​တို့​လည်း ယေရှု၏​ပညတ်​များ​ကို စောင့်ရှောက်ခြင်း​အားဖြင့် ဘုရားသခင်​၌ တည်​နေကြ​ရမည်။—ယောဟန် ၁၅:၁၀

သို့​ဖြစ်၍ ယေရှု​ကျင့်​တော်​မူ​သည်​နည်းတူ ကျင့်​ရာ​တွင် ကိုယ်တော်​အား ဦးစီး​ခေါင်းဆောင်​အဖြစ် စေ့စေ့​ရှုမှတ်​ပြီး ကိုယ်တော်​၏​ခြေရာ​ကို ထက်​ကြပ်​မ​ကွာ လိုက်လျှောက်ရန်​လို​သည်။ ယင်း​နှင့်​စပ်လျဉ်း၍ သုံးသပ်​ရမည့် အရေးကြီး​သည့် မေးခွန်းများ​မှာ ဤသို့​ဖြစ်၏– ယနေ့ ကျွန်ုပ်​တို့ကို ခရစ်တော် မည်သို့ ဦးဆောင်​နေသနည်း။ ကိုယ်တော်​၏​ကျင့်ဆောင်​ပုံ ကျင့်ဆောင်​နည်းကို တုပခြင်း​က ကျွန်ုပ်​တို့​အပေါ် အဘယ်​သို့ အကျိုး​သက်ရောက်​သနည်း။ ယေရှု​ခရစ်​၏ ပုံသက်သေ​ကို လိုက်လျှောက်ခြင်း​၏ အကျိုးကျေးဇူးများ​ကား အဘယ်နည်း။

မိမိ၏​နောက်လိုက်​များ​အား ခရစ်တော် ဦးဆောင်​ပုံ

၅။ ကောင်းကင်​သို့​မတက်ကြွမီ နောက်လိုက်​များ​ကို ယေရှု အဘယ်​ကတိ ပေး​ခဲ့​သနည်း။

ရှင်ပြန်ထမြောက်​ခဲ့​သည့် ယေရှု​ခရစ်​သည် ကောင်းကင်​သို့​မတက်ကြွမီ တပည့်​များ​ရှေ့ ပေါ်လာ​ပြီး သူတို့အား အရေးကြီးသော​လုပ်ငန်း​တစ်ခု ပေးအပ်​ခဲ့​သည်။ “သင်တို့​သွား​၍ လူမျိုးတကာ​တို့ကို ငါ့​တပည့်​ဖြစ်စေ” ကြလော့​ဟု မိန့်ဆိုခဲ့​၏။ ထို​အချိန်၌ ဦးစီး​ခေါင်းဆောင်​သည် တပည့်​နောက်လိုက်​များ ဤ​တာဝန်​ကို ထမ်းဆောင်​စဉ်​ကာလ​တစ်လျှောက် သူတို့နှင့်​အတူ ရှိ​မည်​ဟု​လည်း ဤသို့​ကတိပေး​ခဲ့​သည်– “ငါသည်​လည်း ကပ်ကမ္ဘာ​ကုန်သည်​တိုင်အောင် သင်တို့​နှင့်အတူ အစဉ်မပြတ်​ရှိသည်။” (မဿဲ ၂၈:၁၉၊ ၂၀) ဤ​အစီအစဉ်​စနစ်​၏ နိဂုံးပိုင်း​တွင် ယေရှု​ခရစ်​သည် နောက်လိုက်​များနှင့် မည်သို့​အတူ ရှိ​တော်​မူ​သနည်း။

၆၊ ၇။ ယေရှုသည် သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် ကျွန်ုပ်​တို့ကို မည်သို့​ဦးဆောင်​နေသနည်း။

ယေရှု​က “ခမည်းတော်​သည် ငါ့​အတွက်​ကြောင့် စေလွှတ်​တော်​မူ​သော ဥ​ပ​ဇ္စျယ် တည်း​ဟူသော သန့်ရှင်းသော​ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်း​သော​အရာ​တို့ကို ပြသ​သွန်သင်​တော်​မူ​၍ ငါ​ပြော​ခဲ့​သမျှ​သော​စကား​တို့ကို မှတ်မိ​သော​ဉာဏ်​ကို သင်တို့အား ပေး​တော်​မူ​မည်” ဟု မိန့်ဆိုခဲ့သည်။ (ယောဟန် ၁၄:၂၆) ယေရှု၏​နာမတော်​ကြောင့် စေလွှတ်​သည့် သန့်ရှင်းသော​ဝိညာဉ်တော်သည် ယနေ့ ကျွန်ုပ်​တို့ကို လမ်းညွှန်​၍ ခွန်အား​ပေး​သည်။ ယင်းသည် ဝိညာဉ်​ရေး​အလင်း ထွန်းလင်းပေး​ကာ “ဘုရားသခင်​၏ နက်နဲ​သော​အရာ” တို့ကို သိ​နားလည်စေ​၏။ (၁ ကောရိန္သု ၂:၁၀) ထို့​ပြင် ‘ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာ​ခြင်း၊ ကောင်းမြတ်​ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ ချုပ်တည်း​ခြင်း’ တည်း​ဟူသော ဘုရားသခင်​ရေးရာ အရည်အသွေးများ​သည် ဝိညာဉ်​အသီးများ​ဖြစ်​ကြသည်။ (ဂလာတိ ၅:၂၂၊ ၂၃) ကျွန်ုပ်​တို့သည် သန့်ရှင်းသော​ဝိညာဉ်​တော်​၏ အကူအညီ​ဖြင့် ၎င်း​အရည်အသွေးများ​ကို ပြုစု​ပျိုးထောင်​နိုင်​ပါ​သည်။

သမ္မာကျမ်းစာ​ကို လေ့လာ​သင်ယူပြီး သိရှိရာ​တို့ကို ကျင့်သုံး​သည့်​အခါ ယေဟောဝါ​၏​ဝိညာဉ်​တော်​က ကျွန်ုပ်​တို့အား ဉာဏ်ပညာ၊ ချင့်ချိန်​နိုင်စွမ်း၊ သိ​နားလည်​နိုင်စွမ်း၊ အသိပညာ၊ ဝေဖန်​ပိုင်းခြား​နိုင်စွမ်း​နှင့် စဉ်းစား​ဆင်ခြင်​နိုင်စွမ်း​တို့​၌ တိုးပွား​လာ​စေရန် ကူညီပေး​သည်။ (သု. ၂:၁-၁၁) ထို့​ပြင် သန့်ရှင်းသော​ဝိညာဉ်တော်သည် ကျွန်ုပ်​တို့အား စုံစမ်း​သွေးဆောင်မှုများ​ကို ကြံ့ကြံ့ခံ​နိုင်အောင်​လည်း ကူညီပေး​၏။ (၁ ကောရိန္သု ၁၀:၁၃; ၂ ကောရိန္သု ၄:၇; ဖိလိပ္ပိ ၄:၁၃) “ကိုယ်ခန္ဓာ​၏ အညစ်အကြေး၊ စိတ်​ဝိညာဉ်​၏ အညစ်အကြေး ရှိသမျှ​တို့​နှင့် ကိုယ်ကို​ကိုယ် ကင်းစင်​စေ​လျက် . . . သန့်ရှင်းခြင်း​ပါရမီ​နှင့် ပြည့်စုံ​ကြ” ရန် ခရစ်ယာန်​များ​ကို တိုက်တွန်း​ထား​၏။ (၂ ကောရိန္သု ၇:၁) ကျွန်ုပ်​တို့သည် သန့်ရှင်းသော​ဝိညာဉ်​တော်​၏ အကူအညီ​မပါဘဲ ဘုရားသခင်​တောင်းဆို​သည့်​အတိုင်း သန့်ရှင်း​စင်ကြယ်​နိုင်​ပါ​မည်​လော။ ယနေ့ ကျွန်ုပ်​တို့ကို ဦးဆောင်​ရာ​၌ ယေရှု​အသုံးပြု​နေသည့် နည်း​တစ်နည်း​မှာ မိမိ​အား ယေဟောဝါ​ဘုရားသခင် အသုံးပြုခွင့်​ပေး​ထားသော သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့်​ဖြစ်၏။—မဿဲ ၂၈:၁၈

၈၊ ၉။ ခရစ်တော်​သည် ဦးဆောင်မှု​အတွက် ‘သစ္စာ​နှင့် သတိပညာ​ရှိသော​ကျွန်’ ကို မည်သို့ အသုံးပြုလျက်​ရှိ​သနည်း။

ယနေ့ အသင်းတော်ကို ခရစ်တော် ဦးဆောင်​နေသည့် နောက်​နည်း​တစ်နည်း​ကို သုံးသပ်ကြည့်​ပါ။ မိမိ​ရောက်ရှိခြင်း​နှင့် ဤ​အစီအစဉ်​စနစ်​၏ ဆုံးခန်း​ကာလ​နှင့်​ပတ်သက်​၍ ယေရှု ဤသို့​မိန့်ဆိုခဲ့​၏– “အရှင်​သည် မိမိ​အိမ်သူအိမ်သား​အပေါင်း​တို့အား အချိန်တန်လျှင် အစားအသောက်​တို့ကို ဝေဖန်​စေခြင်း​ငှာ အ​အုပ်​အချုပ်​ခန့်​ထား​၍၊ သစ္စာ​နှင့်​လည်းကောင်း၊ သတိပညာ​နှင့်​လည်းကောင်း ပြည့်စုံသော​ကျွန်​ကား အဘယ်သူ​နည်း။ အ​ကြင်​ကျွန်​သည် ဤသို့​ပြုလျက်​နေသည်​ကို အရှင်​သည်​ပြန်​လာ၍​တွေ့​၏။ ထို​ကျွန်​သည် မင်္ဂလာ​ရှိ၏။ ငါ​အမှန်​ဆိုသည်ကား၊ အရှင်​သည် မိမိ​ဥစ္စာ​ရှိသမျှ​တို့ကို ထို​ကျွန်​၌​အပ်​လိမ့်​မည်။”—မဿဲ ၂၄:၃၊ ၄၅-၄၇

“အရှင်” မှာ ယေရှု​ခရစ်​ဖြစ်၏။ “ကျွန်” မူ​ကား မြေကြီးပေါ်​ရှိ ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​အုပ်စု​ဖြစ်သည်။ ဤ​ကျွန်​အတန်းအစား​သည် ယေရှု၏ မြေကြီးဆိုင်ရာ အကျိုး​စီးပွား​ကို စောင့်ရှောက်​ရန်​နှင့် အချိန်တန် ဝိညာဉ်​အစာ ပြင်ဆင်​ပေး​ရန် တာဝန်​အပ်နှင်း​ခံရ​သည်။ စုပေါင်း​ဖွဲ့စည်းထား​သည့် ‘သစ္စာ​နှင့် သတိပညာ​ရှိသော​ကျွန်’ မှ အရည်အချင်း​ရှိသည့် ကြီးကြပ်မှူး​အနည်းငယ်​သည် အုပ်ချုပ်ရေး​အဖွဲ့​အဖြစ် ဖွဲ့စည်း​ကာ ကျွန်​အတန်းအစား​၏ ကိုယ်စားလှယ်​အနေ​နှင့် တာဝန်​ထမ်းဆောင်​သည်။ သူတို့သည် ကမ္ဘာချီ နိုင်ငံတော် ဟောပြောခြင်း​လုပ်ငန်း​ကို ညွှန်ကြား​ပြီး အချိန်တန် ဝိညာဉ်​အစာ​အာဟာရ ထောက်ပံ့​ပေး​လျက်​ရှိ၏။ ခရစ်တော်​သည် ဝိညာဉ်​တော်​ဖွား ‘သစ္စာ​နှင့် သတိပညာ​ရှိသော​ကျွန်’ နှင့် ယင်း​၏​အုပ်ချုပ်ရေး​အဖွဲ့​အားဖြင့် အသင်းတော်ကို ဦးဆောင်​လျက်​ရှိသည်။

၁၀။ အကြီးအကဲ​များ​အပေါ် အဘယ်​သဘောထား ရှိ​သင့်​သနည်း၊ အဘယ်ကြောင့်​နည်း။

၁၀ ခရစ်တော်​ဦးဆောင်မှု​၏ ထင်ရှား​သည့် သရုပ်သကန် နောက်တစ်ခု​မှာ “လူ့​အသွင်​ဆုလာဘ်များ” ဖြစ်သော ခရစ်ယာန်​အကြီးအကဲ​များ၊ သို့​မဟုတ် ကြီးကြပ်မှူး​များ​ဖြစ်သည်။ “ခရစ်တော်​၏​ကိုယ်တော်​ကို တည်ဆောက်​၍၊ ဓမ္မ​ဆရာ​၏​အမှုကို ပြု​တတ်​မည်​အကြောင်း၊ သန့်ရှင်းသူ​တို့ကို ပြင်ဆင်ခြင်း​အ​လို့​ငှာ” ဤသူတို့ကို ပေး​ထားခြင်း​ဖြစ်သည်။ (ဧဖက် ၄:၈က​ဘ၊ ၁၁၊ ၁၂) ၎င်း​တို့​နှင့်​စပ်လျဉ်း၍ ဟေဗြဲ ၁၃:၇ က ဤသို့​ဖော်ပြ​ထား​သည်– ‘ဘုရားသခင်​၏ နှုတ်မြွက်​တရားတော်​ကို သင်တို့အား​ဟောပြော​၍ သင်တို့ကို​အုပ်​သော​သူတို့ကို အောက်မေ့​ကြလော့။ သူတို့သည် အဘယ်​သို့​ကျင့်ကြံ​ပြုမူ​သည်ကို စေ့စေ့​ဆင်ခြင်​လျက် သူတို့၏​ယုံကြည်ခြင်းကို မီအောင်လိုက်​ကြလော့။’ အကြီးအကဲ​များသည် အသင်းတော်တွင် ဦးစီး​ဦးဆောင်​ပြု​ကြ​၏။ သူတို့သည် ခရစ်တော်​ယေရှုကို တုပ​ကြ​သည့်​အတွက် သူတို့၏​ယုံကြည်ခြင်းကို ကျွန်ုပ်​တို့ တုပထိုက်​ပေ​သည်။ (၁ ကောရိန္သု ၁၁:၁) ကျွန်ုပ်​တို့သည် ဤ​အကြီးအကဲ​အစီအစဉ်ကို ကျေးဇူး​တင်​ကြောင်း “လူ့​အသွင်​ဆုလာဘ်များ” ၏ စကား​ကို​နားထောင်​၍ လက်အောက်ခံခြင်း​အားဖြင့် ဖော်ပြ​နိုင်​သည်။—ဟေဗြဲ ၁၃:၁၇

၁၁။ ခရစ်တော်​သည် ယနေ့ မိမိ၏​နောက်လိုက်​များ​ကို အဘယ်​နည်းများဖြင့် ဦးဆောင်​နေသနည်း၊ ကိုယ်တော့်​နည်းတူ​ကျင့်​ရာ​တွင် အဘယ်အရာ​ပါဝင်​သနည်း။

၁၁ ယေရှု​ခရစ်​သည် ယနေ့ မိမိ၏​နောက်လိုက်​များ​ကို သန့်ရှင်းသော​ဝိညာဉ်​တော်၊ ‘သစ္စာ​နှင့် သတိပညာ​ရှိသော​ကျွန်’ နှင့် အသင်းတော်​အကြီးအကဲ​များ​အားဖြင့် ဦးဆောင်​လျက်​ရှိသည်။ ခရစ်တော်​ကျင့်​သည့်​နည်းတူ ကျင့်​ရာ​၌ ကိုယ်တော်​ဦးဆောင်​သည့် နည်းလမ်းကို နားလည်​သဘောပေါက်၍ လက်အောက်ခံခြင်း ပါဝင်​သည်။ ထို့​ပြင် ကိုယ်တော်​ကျင့်ဆောင်​သည့်​နည်းကို တုပ​ဖို့​လည်း​လို​၏။ တမန်​တော်​ပေတရု​က ‘အကြောင်း​မူ​ကား ထိုသို့​အ​လို့​ငှာ သင်တို့ကို​ခေါ်တော်မူ​ပြီ။ ခရစ်တော်​သည် ငါ​တို့အတွက် ခံ​တော်​မူ​သည်​ဖြစ်၍ ခြေရာ​ကို လျှောက်လိုက်​စေခြင်း​ငှာ ပုံသက်သေ​ကို ထား​တော်​မူ​ပြီ’ ဟု​ရေးသားခဲ့​သည်။ (၁ ပေတရု ၂:၂၁) ယေရှု၏ စုံလင်သော​ပုံသက်သေ​ကို လိုက်လျှောက်ခြင်းက ကျွန်ုပ်​တို့​အပေါ် အဘယ်​နည်းဖြင့် အကျိုး​သက်ရောက်မှု ရှိ​သင့်​သနည်း။

အခွင့်အာဏာ ကျင့်သုံး​ရာ​၌ မျှတမှု​ရှိပါ

၁၂။ ခရစ်တော်​၏​စံနမူနာ​မှ အဘယ်​အသွင်အပြင်​ကို အသင်းတော်​အကြီးအကဲ​များ အထူး​စိတ်ဝင်စား​သနည်း။

၁၂ ယေရှုသည် ခမည်းတော်​ထံ​မှ ပြိုင်ဘက်​ကင်း​သည့် အခွင့်အာဏာ ရရှိ​ထား​သော်လည်း ယင်းကို မျှတ​စွာ အသုံးပြု​သည်။ အသင်းတော်​ရှိသူ​အားလုံး၊ အထူးသဖြင့် ကြီးကြပ်မှူး​များသည် “လူအပေါင်း​တို့​ရှေ့တွင် မျှတ​သည့်​သဘောကို ထင်ရှားစေ” သင့်​သည်။ (ဖိလိပ္ပိ ၄:၅က​ဘ; ၁ တိမောသေ ၃:၂၊ ၃) အကြီးအကဲ​များသည် အသင်းတော်တွင် အခွင့်အာဏာ အတော်အတန်​ရရှိ​ထား​ကြ​သဖြင့် ယင်းကို​ကျင့်သုံး​ရာ​တွင် ခရစ်တော်​၏​ခြေရာ​ကို လိုက်လျှောက်ရန် အလွန်​အရေးကြီး​သည်။

၁၃၊ ၁၄။ အခြား​သူတို့ကို ဘုရားသခင်​အား​ဝတ်ပြု​ရန် အားပေး​ရာ​တွင် အကြီးအကဲ​များသည် ခရစ်တော်​ကို အဘယ်​နည်းဖြင့် တုပ​နိုင်​ကြ​သနည်း။

၁၃ ယေရှုသည် တပည့်​များ တတ်နိုင်​သည့်​အတိုင်းအတာကို ထည့်သွင်း​စဉ်းစား​ပေး​သည်။ သူတို့​တတ်နိုင်​သည်ထက်​ပို​၍ အတင်းအကျပ် မတောင်းဆို​ခဲ့​ပါ။ (ယောဟန် ၁၆:၁၂) ယေရှုသည် နောက်လိုက်​များ​ကို ဖိအား​မပေး​ဘဲ ဘုရားသခင့်​အလိုတော် ထမ်းဆောင်​ရာ​တွင် “ကြိုးစား​အားထုတ်​ကြ” ရန် အားပေး​သည်။ (လုကာ ၁၃:၂၄) ကိုယ်တော်​သည် ရှေ့ဆုံး​မှ ဦးဆောင်​ပြ​ခြင်း​ဖြင့်​လည်းကောင်း၊ သူတို့​နှလုံးကို စေ့ဆော်​ပေးခြင်း​ဖြင့်​လည်းကောင်း ထိုသို့​ပြု​ခဲ့​၏။ ထို့​အတူ ယနေ့ ခရစ်ယာန်​အကြီးအကဲ​များသည် အခြား​သူတို့ကို ဘုရားသခင့် အမှု​မ​ဆောင်​လျှင် ရှက်​စ​ရာ​ကောင်း​မည်၊ အပြစ်ရှိ​မည်​ဟု ခြိမ်းခြောက်​မည့်​အစား ယေဟောဝါ​နှင့် ယေရှုကို​ချစ်၍၊ လူသားချင်း​တို့ကို​ချစ်၍ အမှုတော်​ဆောင်ရန် အားပေး​ကြသည်။—မဿဲ ၂၂:၃၇-၃၉

၁၄ ယေရှုသည် အပ်နှင်း​ထား​သည့် အခွင့်အာဏာကို အလွဲသုံးစား​ပြု​၍ လူတို့၏​ဘဝကို ကြိုးကိုင်​ခြယ်လှယ်​ခြင်း မပြု​ခဲ့​ပေ။ မမီ​နိုင်​သည့် စံနှုန်း​များ၊ မရေမတွက်​နိုင်သော စည်းမျဉ်း​များလည်း မချ​မှတ်​ခဲ့​ချေ။ ကိုယ်တော်​သည် မောရှေ​မှ​တစ်ဆင့်​ပေး​ခဲ့​သည့် ပညတ်တရား​၏ အခြေခံ​မူများ​ကို သဘောပေါက်​စေခြင်း​ဖြင့် လူ​တို့ကို စေ့ဆော်​ပေး​ခဲ့​သည်။ (မဿဲ ၅:၂၇၊ ၂၈) ယေရှု​ခရစ်​ကို တုပ​သည့်​အနေ​နှင့် အကြီးအကဲ​များသည် စိတ်ကူး​ပေါက်​ရာ စည်းမျဉ်း​များ ချ​မည်​မဟုတ်၊ တစ်ယူသန်​စိတ်ထား​လည်း ရှိ​မည်​မဟုတ်။ ဝတ်စား​ဖြီးလိမ်းပုံ၊ အပန်းဖြေ​ခြင်း၊ ဖျော်ဖြေရေး အစ​ရှိသည်​တို့​၌ အကြီးအကဲ​များသည် မိက္ခာ ၆:၈၊ ၁ ကောရိန္သု ၁၀:၃၁-၃၃ နှင့် ၁ တိမောသေ ၂:၉၊ ၁၀ တို့​တွင် ဖော်ပြ​ထား​သည့် မူများ​ကို နားလည်​သဘောပေါက်​အောင် ကြိုးစား​ကူညီပေး​ကြသည်။

စာနာ​ပါ၊ ခွင့်လွှတ်​ပါ

၁၅။ တပည့်​များ​၏ ပျက်ကွက်မှု​ကို ယေရှု မည်သို့​တုံ့ပြန်​ခဲ့​သနည်း။

၁၅ ခရစ်တော်​သည် နောက်လိုက်​များ​၏ ပျက်ကွက်မှု​များနှင့် အမှား​များ​ကို ကိုင်တွယ်​ရာ​တွင် ကျွန်ုပ်​တို့​လိုက်လျှောက်ရန် စံနမူနာ​ထားခဲ့​၏။ လူသား​အဖြစ် မြေကြီးပေါ်​တွင် နေထိုင်ခဲ့​သည့် ကိုယ်တော်​၏​နောက်ဆုံး​ည​မှ ဖြစ်ရပ်​နှစ်ခု​ကို သုံးသပ်ကြည့်​ပါ။ ဂေသရှေမန်​ဥယျာဉ်​သို့​ရောက်ပြီးနောက် ယေရှုသည် “ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကို ခေါ်သွား​၍၊” “ဤ​အရပ်၌ စောင့်နေ​ကြလော့” ဟု​မိန့်တော်မူ၏။ “ထို​မှ​အနည်းငယ်​လွန်​ပြန်​လျှင် မြေပေါ်မှာ​ပျပ်ဝပ်​၍” ဆုတောင်း​လေ​၏။ ဆုတောင်း​ပြီး ပြန်လာ​သောအခါ တပည့်​တို့သည် “အိပ်ပျော်​လျက်​နေကြ​သည်ကို တွေ့​တော်​မူ” ၏။ ယေရှု မည်သို့​တုံ့ပြန်​သနည်း။ ကိုယ်တော်​က “စိတ်​ဝိညာဉ်​ကား စေတနာ​ရှိ​သော်​ငြား​လည်း ကိုယ်​မူ​ကား အားနည်း​သည်” ဟု မိန့်တော်မူ​လေ​သည်။ (မာကု ၁၄:၃၂-၃၈) ကိုယ်တော်​သည် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို ငေါ​က်​င​မ်း​ကြိမ်းမောင်း​မည့်​အစား စာနာမှု​ပြ​ခဲ့​သည်​တကား။ ထို​ည​၌​ပင် ပေတရု​သည် ယေရှုကို​မသိ​ဟု သုံးကြိမ်​တိုင်တိုင် ငြင်းဆို​ခဲ့​၏။ (မာကု ၁၄:၆၆-၇၂) နောက်ပိုင်း​တွင် ပေတရု​ကို ယေရှု မည်သို့​ဆက်ဆံ​ခဲ့​သနည်း။ ‘သခင်​ဘုရား​သည် ထမြောက်​လာပြီး ရှိမုန် [ပေတရု] အား ကိုယ်ကို​ပြ​ခဲ့​၏။’ (လုကာ ၂၄:၃၄) “ကေဖ​သည် ကိုယ်တော်​ကို​မြင်ပြီး​မှ၊ တစ်ကျိပ်​နှစ်ပါး​သော​သူတို့သည် မြင်ရ​ကြ​၏” ဟု ကျမ်းစာ​က​ဆို​၏။ (၁ ကောရိန္သု ၁၅:၅) ယေရှုသည် မကျေမချမ်း​ဖြစ်​မည့်​အစား နောင်တ​ရသည့် တမန်​တော်​ပေတရု​ကို ခွင့်လွှတ်​၍ ခွန်အား​ပေး​ခဲ့​သည်။ နောက်ပိုင်း​တွင် ယေရှုသည် ပေတရု​အား ကြီး​လေး​သော​တာဝန်​များ ပေးအပ်​ခဲ့​လေ​သည်။—တမန်​တော် ၂:၁၄; ၈:၁၄-၁၇; ၁၀:၄၄၊ ၄၅

၁၆။ ယုံကြည်သူချင်း​များသည် တစ်နည်း​နည်းဖြင့် ကျွန်ုပ်​တို့ကို စိတ်ပျက်​စေသည့်​အခါ၊ သို့​မဟုတ် ပြစ်မှား​မိ​သည့်​အခါ ယေရှု​ကျင့်​တော်​မူ​သည်​နည်းတူ မည်သို့​ကျင့်ဆောင်​နိုင်​သနည်း။

၁၆ မစုံလင်မှု​ကြောင့် ယုံကြည်သူချင်း​များ​က တစ်နည်း​နည်းဖြင့် ကျွန်ုပ်​တို့ကို စိတ်ပျက်​စေသည့်​အခါ၊ သို့​မဟုတ် ပြစ်မှား​မိ​သည့်​အခါ ကျွန်ုပ်​တို့​လည်း ယေရှု​နည်းတူ စာနာမှု​ပြ​၍ ခွင့်လွှတ်​သင့်​သည် မဟုတ်ပေ​လော။ ယုံကြည်သူချင်း​တို့ကို ပေတရု​က ဤသို့​တိုက်တွန်း​ခဲ့​၏– “သင်တို့​အပေါင်း​သည် စိတ်​တညီတညွတ်​တည်း ရှိကြလော့။ စိတ်​ကြင်နာ​ခြင်း၊ ညီအစ်ကို​ချင်း​ကဲ့သို့​ချစ်ခြင်း၊ သနားစုံမက်​ခြင်း၊ စိတ်​နှိမ့်ချ​ခြင်း​ရှိကြလော့။ သင်တို့သည် ကောင်းချီး​မင်္ဂလာ​ကို အမွေခံ​စေခြင်း​အ​လို့​ငှာ ခေါ်တော်မူ​သော​သူ​ဖြစ်သည်ဟု သိ​မှတ်၍ အချင်းချင်း ရန်​တုံ့​မ​မူ၊ ပြန်၍​မ​ကဲ့ရဲ့၊ မေတ္တာ​ပို့​ခြင်း​ကို ပြု​ကြလော့။” (၁ ပေတရု ၃:၈၊ ၉) အခြားသူ​တစ်ဦး​က ယေရှု​နည်းတူ ကျွန်ုပ်​တို့ကို မဆက်ဆံ​လျှင်၊ စာနာမှု​မပြ​လျှင်၊ ခွင့်​မလွှတ်​ဘဲ​နေလျှင်​ကော။ ထိုသို့​ဖြစ်​လျှင်​ပင် ကျွန်ုပ်​တို့သည် ယေရှုကို ကြိုးစား​တုပ​၍ အခြားသူ​တို့​အပေါ် ကိုယ်တော်​နည်းတူ ဆက်ဆံ​ရန်​တာဝန်​ရှိသည်။—၁ ယောဟန် ၃:၁၆

ဘုရားသခင့်​နိုင်ငံတော် အကျိုး​စီးပွား​ကို ရှေးဦး​ထား​ပါ

၁၇။ ယေရှုသည် ဘုရားသခင့်​အလိုတော် ဆောင်ခြင်း​ကို အသက်တာတွင် ရှေးဦး​ထား​ကြောင်း အဘယ်အရာက ဖော်ပြ​သနည်း။

၁၇ ကျွန်ုပ်​တို့သည် ယေရှု​ခရစ်​ကျင့်​တော်​မူ​သည်​နည်းတူ ကျင့်ဆောင်​ရန် နောက်တစ်နည်း​ရှိပါ​သေး​သည်။ ယေရှု၏​အသက်တာတွင် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ကြေညာ​ခြင်း​သည် အဓိက​ဖြစ်၏။ ရှမာရိ​နယ်၊ ရှုခါ​မြို့အနီး​တွင် ရှမာရိ​အမျိုးသမီး​တစ်ဦး​ကို ဟောပြောပြီး​သည့်​နောက် တပည့်​များ​အား ယေရှု​က “ငါ့ကို စေလွှတ်​တော်​မူ​သော​သူ၏ အလိုတော်ကို​ဆောင်ခြင်း၊ သူ၏​အမှုတော်ကို ပြီးစီး​ခြင်း​အမှုသည် ငါ့​စားစရာ​ဖြစ်၏” ဟု​မိန့်ဆိုခဲ့သည်။ (ယောဟန် ၄:၃၄) ခမည်းတော်​၏ အလိုတော်​ဆောင်ခြင်း​သည် ယေရှုကို ထောက်မ​ခဲ့​၏၊ ယေရှု​အတွက် ယင်းသည် အစားအစာ​ကဲ့သို့ အာဟာရ​ဖြစ်စေ​သည့်​အပြင် အာသာပြေ​စေ​ရုံ​မ​က အ​မော​လည်း​ပြေစေ​သည်။ ယေရှုကို​တုပ​၍ ဘုရားသခင့်​အလိုတော် ဆောင်ခြင်း အပေါ် အာရုံစိုက်​မည်​ဆိုလျှင် ဘဝ​သည် အမှန်တကယ်​ပင် အဓိပ္ပာယ်​ပြည့်ဝ​ပြီး ကျေနပ်​ရောင့်ရဲ​မည် မဟုတ်ပေ​လော။

၁၈။ အချိန်ပြည့်​လုပ်ငန်း​ကို ရွေးချယ်​လုပ်ကိုင်​ရန် သားသမီး​များ​ကို အားပေးခြင်း​မှ အဘယ်​ကောင်းချီး​များ ခံစားရ​သနည်း။

၁၈ မိဘများ​အနေ​ဖြင့် သားသမီး​များ​ကို အချိန်ပြည့် အမှုဆောင်​လုပ်ငန်း လုပ်ဆောင်ရန် အားပေး​မည်​ဆိုလျှင် မိဘ​ရော သားသမီး​များ​ပါ ကောင်းချီး​များစွာ ခံစား​ကြ​ရမည်။ ဖခင်​တစ်ဦး​သည် အမြွှာ​သား​နှစ်ဦး​ကို ငယ်ရွယ်စဉ်​ကတည်းက ရှေ့ဆောင်​လုပ်ရန် အားပေးခဲ့​၏။ သူတို့သည် ကျောင်း​ပြီးသွား​သောအခါ ရှေ့ဆောင်​လုပ်ကြ​သည်။ ယင်းကြောင့် ဖခင်​ဖြစ်သူ​သည် မည်မျှ​ဝမ်းသာ​ကြောင်း ဤသို့​စာရေး​ပြောပြ​သည်– “သားတွေ​က ကျွန်တော်​တို့ကို စိတ်ပျက်အောင် မ​လုပ်ခဲ့ဘူး။ ‘ဖွားမြင်​သော သားသမီးတို့​သည် ထာဝရ​ဘုရား​ဆုချ​၍ ပေးသနား​တော်​မူ​သော အမွေဥစ္စာ​ဖြစ်’ တယ်လို့ ကျေးဇူး​တင်​စွာ​ဖြင့် ပြော​နိုင်​ပါ​တယ်။” (ဆာလံ ၁၂၇:၃) သားသမီး​များသည် အချိန်ပြည့်​လုပ်ငန်း လုပ်ဆောင်​သည့်​အတွက် မည်သို့​အကျိုး​ခံစားရ​သနည်း။ သားသမီး ငါး​ယောက်​ရှိသော မိခင်​တစ်ဦး​က ဤသို့​ဆို​သည်– “ကျွန်မ​ရဲ့​ကလေး​အားလုံး ရှေ့ဆောင်​လုပ်တဲ့​အတွက် ယေဟောဝါ​နဲ့ ပို​ပြီး​ရင်းနှီး​လာတယ်၊ ကိုယ်ပိုင်​လေ့လာမှု​လုပ်တဲ့​အကျင့် တိုးတက်​လာတယ်၊ အချိန်ကို ပညာရှိရှိ သုံး​တတ်​လာတယ်၊ ဘဝမှာ ဝိညာဉ်​ရေးရာ​တွေ​ကို ဦးစား​ထား​တတ်လာ​ကြတယ်။ သူတို့​အားလုံး ပြုပြင်​ပြောင်းလဲမှု​တွေ အများကြီး​လုပ်ခဲ့​ရပေမဲ့ သူတို့​ရွေးချယ်​လျှောက်လှမ်း​ခဲ့​တဲ့ လမ်းစဉ်​နှင့်​ပတ်သက်ပြီး တစ်ယောက်မှ နောင်တ​မရကြဘူး။”

၁၉။ လူငယ်များ​အနေ​ဖြင့် အနာဂတ်​အတွက် အဘယ်​အစီအစဉ်များ​ကို ပညာရှိ​စွာ သုံးသပ်​သင့်​သနည်း။

၁၉ လူငယ်တို့ အနာဂတ်​အတွက် အဘယ်​အစီအစဉ် ရှိ​ထား​သနည်း။ အတတ်ပညာ​ဆိုင်ရာ နယ်ပယ်​တစ်ခုခု​တွင် ထူးချွန်သူ​တစ်ဦး​ဖြစ်​ရန် ကြိုးစား​နေပါသလော။ သို့​တည်း​မဟုတ် အချိန်ပြည့်​အမှုဆောင်​လုပ်ငန်း လုပ်ကိုင်​ရန် ဦးတည်​ကြိုးစား​နေ​သလော။ ပေါလု​က “ပညာ​မဲ့​ကဲ့သို့​မဟုတ်၊ ပညာရှိ​ကဲ့သို့ စေ့စေ့​မြေ့​မြေ့ ကျင့်ဆောင်​မည်​အကြောင်း သတိပြု​ကြလော့။ ယခု​နေ့ရက်​ကာလ​တို့သည် ဆိုးယုတ်​သောကြောင့် ကာလ​အချိန်ကို ရွေးနုတ်​ကြလော့။ ထို့​ကြောင့် သတိ​မရှိသော​သူ​မဖြစ်၊ သခင်​ဘုရား​၏ အလိုတော်​ရှိရာ​ကို ပိုင်းခြား​၍ သိ​သော​သူ​ဖြစ်​ကြလော့” ဟု ဆုံးမ​ခဲ့​သည်။—ဧဖက် ၅:၁၅-၁၇

သစ္စာစောင့်သိ​ပါ

၂၀၊ ၂၁။ ယေရှုသည် အဘယ်​နည်းဖြင့် သစ္စာ​စောင့်သိ​ခဲ့​သနည်း၊ ကိုယ်တော်​၏ သစ္စာစောင့်သိမှုကို မည်သို့​တုပ​နိုင်​သနည်း။

၂၀ ယေရှု ကျင့်​တော်​မူ​သည်​နည်းတူ ကျင့်ဆောင်​ရန် ကိုယ်တော်​၏ သစ္စာစောင့်သိမှုကို အတုယူ​ရန်လို​သည်။ ယေရှု၏ သစ္စာစောင့်သိမှု​နှင့်​စပ်လျဉ်း၍ ကျမ်းစာ​က ဤသို့​ဆို​၏– “ထို​သခင်သည် ဘုရားသခင်​၏ သဏ္ဌာန်တော်​နှင့် ပြည့်စုံ​တော်​မူ​သည်​ဖြစ်၍ ဘုရားသခင်​နှင့် ပြိုင်​သော​အမှုကို လုယူခြင်း​အမှု​ဟူ၍ မထင်မမှတ်​လျက်​ပင်၊ မိမိ​အသရေ​ကို​စွန့်​၍ အစေခံကျွန်​၏ သဏ္ဌာန်​ကို ယူဆောင်​လျက်၊ လူ​ကဲ့သို့​သော​အဖြစ်​၌ ဖွားမြင်ခြင်း​ကို ခံ​တော်​မူ​၏။ ထိုသို့ လူ​၏ ဂုဏ်အင်္ဂါ​လက္ခဏာ​နှင့် ပြည့်စုံ​လျက်၊ အသေခံ​ခြင်း​သာ​မဟုတ်၊ လက်ဝါးကပ်တိုင်​မှာ အသေခံ​ခြင်း​တိုင်အောင် အစေ​ကျွန်ခံ​၍ ကိုယ်ကို​ကိုယ် နှိမ့်ချ​တော်​မူ​၏။” ယေရှုသည် ဘုရားသခင့် အလိုတော်​ဆောင်ခြင်း​ဖြင့် ယေဟောဝါ​၏ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို သစ္စာ​စောင့်သိ​ခဲ့​သည်။ ကိုယ်တော်​သည် ညှဉ်းဆဲ​ရာ​နှက်တိုင်​ပေါ် အသေခံ​သည်​အထိ နာခံမှု​ရှိခဲ့​၏။ ကျွန်ုပ်​တို့​လည်း ယေရှု​ခရစ်​၌​ရှိသော “ထို​စိတ်သဘော” ရှိ​ရမည့်​အပြင် ဘုရားသခင့်​အလိုတော်ကို သစ္စာစောင့်သိ​စွာ ဆောင်ရွက်​ကြ​ရမည်။—ဖိလိပ္ပိ ၂:၅-၈

၂၁ ယေရှုသည် မိမိ၏​သစ္စာရှိ တမန်​တော်​များ​အပေါ်​၌​လည်း သစ္စာ​စောင့်သိ​ခဲ့​၏။ သူတို့တွင် အားနည်းချက်များ၊ မစုံလင်မှု​များ​ရှိသော်လည်း သူတို့ကို “အဆုံးတိုင်အောင် ချစ်တော်မူ​၏။” (ယောဟန် ၁၃:၁) ထို​နည်းတူ ကျွန်ုပ်​တို့​လည်း ညီအစ်ကို​များ​၏ မစုံလင်မှု​များ​ကြောင့် အပြစ်တင်​ဝေဖန်​သည့်​သဘော မရှိသင့်​ချေ။

ယေရှု၏​ပုံသက်သေ​အတိုင်း လိုက်လျှောက်​လော့

၂၂၊ ၂၃။ ယေရှု၏​ပုံသက်သေ​အတိုင်း လိုက်လျှောက်ခြင်း​အားဖြင့် အဘယ်​အကျိုးကျေးဇူးများ ရရှိ​သနည်း။

၂၂ ကျွန်ုပ်​တို့သည် မစုံလင်​သည့် လူသားများ​အနေ​နှင့် စုံလင်သော စံနမူနာရှင်​၏ ခြေရာ​အတိုင်း တိတိကျကျ လိုက်လျှောက်​နိုင်​မည် မဟုတ်သော်လည်း ထက်​ကြပ်​မ​ကွာ လိုက်​နိုင်အောင် ကြိုးစား​နိုင်​ပါ​သည်။ ထိုသို့ ကြိုးစား​လိုက်လျှောက်​ရာ​၌ ခရစ်တော်​၏ ဦးဆောင်​သည့်​နည်းလမ်းကို နားလည်​၍ လက်အောက်ခံ​ရမည်၊ ၎င်း​ပြင် ကိုယ်တော်​၏​ပုံသက်သေ​အတိုင်း လိုက်လျှောက်​ရမည်။

၂၃ ကျွန်ုပ်​တို့သည် ခရစ်တော်​ကို တုပ​ကြ​မည်​ဆိုလျှင် ကောင်းချီး​များစွာ ခံစားရ​မည်​ဖြစ်သည်။ မိမိ၏​ဆန္ဒ​ထက် ဘုရားသခင့် အလိုတော်​ဆောင်ခြင်း​ကို အာရုံစိုက်​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​ဘဝ​သည် အဓိပ္ပာယ်​ပို​ပြည့်ဝ​လာပြီး ကျေနပ်​ရောင့်ရဲမှု ရှိလာ​မည်။ (ယောဟန် ၅:၃၀; ၆:၃၈) ကြည်လင်​သော ကိုယ်ကို​ကိုယ်​သိသောစိတ်​လည်း ရှိလာ​မည်။ ထို​အခါ ကျွန်ုပ်​တို့၏ ကျင့်ဆောင်​ပုံ​သည် အတုယူ​စ​ရာ ဖြစ်လာ​ပေမည်။ ယေရှု​က ဝန်လေး၍ ပင်ပန်း​နေ​သူအား​လုံး စိတ်​လန်းဆန်းမှု​ရ​ရန် မိမိ​ထံ​ချဉ်းကပ်​ကြ​ပါ​ဟု ခေါ်ဖိတ်​ခဲ့​သည်။ (မဿဲ ၁၁:၂၈-၃၀) ကျွန်ုပ်​တို့သည် ယေရှု၏​စံနမူနာ​အတိုင်း လိုက်လျှောက်​ကြ​မည်​ဆိုလျှင် အခြားသူများ​လည်း ကျွန်ုပ်​တို့​နှင့်​ပေါင်းသင်း​ရခြင်း​မှ လန်းဆန်းမှု​ရနိုင်​ပါ​မည်။ သို့​ဖြစ်၍ ယေရှု​ကျင့်​တော်​မူ​သည်​နည်းတူ ဆက်၍​ကျင့်​ကြပါစို့။

သင်​မှတ်မိ​သလော

• ယနေ့ ခရစ်တော်​သည် မိမိ၏​နောက်လိုက်​များ​ကို မည်သို့ ဦးဆောင်​နေသနည်း။

• အကြီးအကဲ​များသည် ဘုရားသခင်​ပေး အခွင့်အာဏာကို ကျင့်သုံး​ရာ​တွင် ခရစ်တော်​၏ ဦးဆောင်မှု​အတိုင်း မည်သို့ လိုက်လျှောက်​နိုင်​ကြ​သနည်း။

• အခြား​သူတို့၏ အားနည်းချက်များ​ကို ကိုင်တွယ်​ရာ​တွင် ယေရှု၏​ပုံသက်သေ​အတိုင်း မည်သို့​လိုက်လျှောက်​နိုင်​သနည်း။

• လူငယ်များသည် ဘုရားသခင့်​နိုင်ငံတော် အကျိုး​စီးပွား​ကို မည်သို့ ရှေးဦး​ထား​နိုင်​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ခရစ်ယာန်​အကြီးအကဲ​များသည် ခရစ်တော်​၏​ဦးဆောင်မှု​အတိုင်း လိုက်လျှောက်ရန် ကျွန်ုပ်​တို့ကို ကူညီပေး

[စာမျက်နှာ ၂၄၊ ၂၅ ပါ ရုပ်ပုံများ]

လူငယ်တို့ အကျိုးနပ်​သော ခရစ်ယာန်​အသက်တာ​အတွက် အဘယ်​အစီအစဉ်များ ရှိ​ထား​သနည်း