မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သန်းပေါင်းများစွာ ယေဟောဝါကို ဝတ်ပြုနေကြ

သန်းပေါင်းများစွာ ယေဟောဝါကို ဝတ်ပြုနေကြ

“ကူညီ​မစမှု​ကို ယေဟောဝါ​ထံ​တော်​မှ ငါ​ရ၏”

သန်းပေါင်း​များစွာ ယေဟောဝါ​ကို ဝတ်ပြု​နေကြ

ယေဟောဝါ​၏ မြင့်မြတ်​သော​ဝတ်ပြုရေး​သို့ ကျွန်ုပ်​တို့​ခေတ်တွင် လူမျိုးအပေါင်း​မှ လူများစွာ စုရုံး​လာ​ကြ​မည်​ဟု ကျမ်းစာ​ပရောဖက်ပြုချက်​များ​က ကြို​ဟောထား​သည်။ ဥပမာ၊ ပရောဖက်​ဟဂ္ဂဲ​မှ​တစ်ဆင့် ယေဟောဝါ​ဘုရားသခင် ဤသို့​ကြေညာ​ခဲ့​သည်– ‘လူမျိုးအပေါင်း​တို့ကို​လည်း ငါ​လှုပ်​ဦး​မည်။ လူမျိုးအပေါင်း​တို့ နှစ်သက်ဖွယ်သော​အရာ​သည်​ရောက်​၍ ဤ​အိမ်ကို ဘုန်း​နှင့်​ငါ​ပြည့်စုံ​စေမည်​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရ​ဘုရားသခင်​မိန့်တော်မူ၏။’ (ဟဂ္ဂဲ ၂:၇) နောက်ဆုံးသော​ကာလ​ဖြစ်သည့် ကျွန်ုပ်​တို့​အချိန်တွင် လူမျိုး​အသီးသီး​မှ​လူများ​သည် ယေဟောဝါ​နှစ်သက်​လက်ခံ​နိုင်​သည့်​နည်းဖြင့် ဝတ်ပြု​ကိုးကွယ်​ကြ​မည်​ဟု ဟေရှာယ​နှင့်​မိက္ခာ​တို့​က ပရောဖက်ပြု​ခဲ့​ကြသည်။—ဟေရှာယ ၂:၂-၄; မိက္ခာ ၄:၁-၄

ယနေ့ ဤ​ပရောဖက်ပြုချက်​များ အမှန်ပင်​ပြည့်စုံ​နေပြီ​လော။ အဖြစ်အပျက်​အချို့​ကို သုံးသပ်ကြည့်​ကြ​စို့။ လွန်ခဲ့သော​ဆယ်နှစ်​အတွင်း​၌​ပင် နိုင်ငံ​ပေါင်း ၂၃၀ ကျော်​မှ လူသစ် ၃,၁၁၀,၀၀၀ ကျော်​သည် ယေဟောဝါ​ထံ ဆက်ကပ်​အပ်နှံ​ခဲ့​ကြသည်။ ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ ၁၀ ဦး​တွင် ၆ ဦး​သည် လွန်ခဲ့သော​ဆယ်စုနှစ်​အတွင်း နှစ်ခြင်း​ခံ​ခဲ့​ကြသည်။ ၂၀၀၄ ခုနှစ်​တွင် ပျမ်းမျှ​အားဖြင့် နှစ်​မိနစ်​တိုင်း ဆက်ကပ်​အပ်နှံ​လူသစ်​တစ်ဦး အသင်းတော်​သို့ ဝင်ရောက်​လာ​ခဲ့​သည်! *

ပထမ​ရာစု​က​ကဲ့သို့ ယနေ့လည်း “လူအပေါင်း​တို့သည် ယုံကြည်၍ သခင်​ဘုရားထံ​သို့ ပြောင်းလဲ​ကြ​၏။” အရေအတွက်​တိုးများ​လာ​ခြင်း​က ဘုရားသခင်​ကောင်းချီး​ပေး​ကြောင်း​နှင့် ‘ယေဟောဝါ​၏​လက်တော်’ သည် မိမိ​လူမျိုးအပေါ်​ရှိကြောင်း သက်သေထူ​သည်။ (တမန်​တော် ၁၁:၂၁) သန်းပေါင်း​များစွာ​အား ယေဟောဝါ​၏​ဝတ်ပြုရေး​သို့ အဘယ်အရာက ပို့ဆောင်​ပေး​သနည်း။ ဤ​တိုးတက်မှု​က သင့်ကို မည်သို့​အကျိုး​ခံစား​စေ​သနည်း။

စိတ်နှလုံး​ရိုး​ဖြောင့်​သူများ သွေးဆောင်​ခံရ​ကြ

ယေရှု​က “ငါ့ကို​စေလွှတ်​တော်​မူ​သော ခမည်းတော်​သည် သွေးဆောင်​တော်​မ​မူလျှင် အဘယ်သူမျှ ငါ့​ထံ​သို့​မလာ​နိုင်” ဟု​အတိအလင်း​မိန့်ဆိုခဲ့သည်။ (ယောဟန် ၆:၄၄) ထို့​ကြောင့် ‘ထာဝရ​အသက်ကို တလိုတလား​ရှိသူတို့​ကို’ ယေဟောဝါ သွေးဆောင်​တော်​မူ​ကြောင်း ထင်ရှား​သည်။ (တမန်​တော် ၁၃:၄၈) ဘုရားသခင်​၏​ဝိညာဉ်တော်သည် လူတို့၏​ဝိညာဉ်​ရေး​လိုအပ်ချက်​ကို သိမြင်​စေ​သည်။ (မဿဲ ၅:၃) ကိုယ်ကို​ကိုယ်​သိသောစိတ်​နှောင့်ယှက်​ခံရ​ခြင်း၊ မျှော်လင့်ချက်​ရှိ​ရန် ကြိုးစား​ရှာဖွေခြင်း၊ အကျပ်အတည်း​ကြုံရခြင်း​တို့​ကြောင့်​လည်း လူ​အချို့​သည် ဘုရားသခင်​ကို​သိလာ​ရန် ရှာဖွေကြ​ရာ လူ​တို့အတွက် ကိုယ်တော့်​ရည်ရွယ်ချက်​အကြောင်း သိလာ​ကြ​၏။—မာကု ၇:၂၆-၃၀; လုကာ ၁၉:၂-၁၀

ခရစ်ယာန်​အသင်းတော်​၏ ကျမ်းစာ​အသိပညာ​ပေး​အစီအစဉ်​က စိတ်​အနှောင့်အယှက်​ဖြစ်စေ​သော မေးခွန်းများ​၏​အဖြေကို ရရှိစေ​သဖြင့် လူများစွာ​သည် ယေဟောဝါ​၏​ဝတ်ပြုရေးကို နှစ်သက်​လာကြပြီ။

“ဘုရားသခင်​ရှိတယ်ဆိုရင် လူတွေ​ဘာကြောင့် မတရားမှု​ခံစား​နေရ​တာလဲ” ဟူသော​မေးခွန်း​က အီတလီ​နိုင်ငံ​မှ မူးယစ်​ဆေး​ရောင်းဝယ်​သူ ဒဗီ​ဒါကို စိတ်​အနှောင့်အယှက်​ဖြစ်စေ​ခဲ့​သည်။ သူသည် ဘာသာရေး​ကို စိတ်မဝင်စား​သော်လည်း အငြင်းပွား​လို​၍​သာ ဤ​ခက်ခဲ​သည့်​မေးခွန်း​ကို မေးမြန်းခဲ့​သည်။ “ကျိုးကြောင်း​ခိုင်လုံ​ပြီး ယုံကြည်​စိတ်ချ​ရတဲ့​အဖြေ​ရမယ်​လို့ ကျွန်တော်​မထင်​ခဲ့​ဘူး၊ ဒါပေမဲ့ ကျွန်တော်​နဲ့​စကားပြော​ခဲ့​တဲ့ သက်သေခံ​က တကယ်​စိတ်ရှည်​တယ်၊ သူ​ပြော​သမျှ​ကို ကျမ်းချက်​တွေ​သုံးပြီး ရှင်းပြတယ်။ အဲ့ဒီ​လို​ပြောဆို​ဆွေးနွေး​ခဲ့​ရချိန်​က ကျွန်တော့်​အတွက် တကယ်​အကျိုးရှိ​ခဲ့တယ်။” ယနေ့ ဒဗီ​ဒါ​သည် သူ၏​အသက်တာကို ပြုပြင်​ပြောင်းလဲ​ခဲ့​ပြီး ယေဟောဝါ​အား ဝတ်ပြုသူ​တစ်ဦး​ဖြစ်နေ​သည်။

အခြားသူများ​မူ ဘဝ​အဓိပ္ပာယ်​နှင့် ရည်ရွယ်ချက်ကို ရှာဖွေကြ​ရာ​မှ ယေဟောဝါ​၏​အဖွဲ့အစည်း​သို့ ရောက်လာ​ကြသည်။ ခရိုအေးရှား​နိုင်ငံ၊ ဇာ​ဂ​ရက်​မြို့မှ စိတ်ရောဂါ​ကု​ဆရာဝန်​မ​တစ်ဦး​သည် မိမိ၏ စိတ်ပိုင်း​ဆိုင်ရာ​ပြဿနာ​ကို ဖြေရှင်းရန် လုပ်ဖော်ဆောင်ဖက်​တစ်ဦးထံ သွားခဲ့သည်။ သူ့​အတွက်​အံ့သြစရာ​ဖြစ်​ခဲ့​သည်​မှာ ထို​ဆရာဝန်​က ဇာ​ဂ​ရက်​မြို့ရှိ ယေဟောဝါသက်သေ​များ​၏ ဌာနခွဲရုံး ဖုန်း​နံပါတ်​နှင့် သက်သေခံ​တစ်ဦး​ဖြစ်သည့် သူ့​အသိ​မိတ်ဆွေ​၏​အမည်​ကို ပေး​ခဲ့​ခြင်း​ဖြစ်သည်။ သူက “ဒီ​လူတွေ မင်းကို​ကူညီ​နိုင်​လိမ့်မယ်​ထင်​တယ်။ မင်းကို ချာ့ခ်ျ​သွား​ခိုင်းရင် စကား​လည်း​မပြော​တတ်၊ ဘာမှလည်း​မသိတဲ့ သက်မဲ့​အရုပ်​တွေ​ကိုပဲ တွေ့​လိမ့်မယ်။ ချာ့ခ်ျ​က မင်းကို​ကူညီပေး​နိုင်​လိမ့်မယ်လို့ ငါ​မထင်​ဘူး။ တခြား​လူနာ​တွေ​ကိုလည်း ယေဟောဝါသက်သေ​တွေ​ဆီ သွား​ခိုင်း​ခဲ့​ဖူး​တယ်၊ မင်း​အတွက်​လည်း အဲဒါ​က အကောင်းဆုံး​ဖြစ်​မှာ​ပါ” ဟု​ပြော​ခဲ့​သည်။ မကြာမီ သက်သေခံ​မောင်နှံ​တစ်စုံ​သည် သူ့​ထံ​ရောက်လာ​ပြီး ကျမ်းစာ​စ​သင်ပေးခဲ့​သည်။ အပတ်​အနည်းငယ်​အတွင်း​ပင် ဤ​စိတ်ရောဂါ​ကု​ဆရာဝန်​မ​က ဘုရားသခင့်​ရည်ရွယ်ချက်ကို သိရှိ​သည့်​အတွက် သူ့​ဘဝတွင် အဓိပ္ပာယ်​ရှိစေ​ကြောင်း ဝမ်းသာ​အားရ​ထုတ်ဖော်​ပြောဆို​ခဲ့​သည်။—ဒေ. ၁၂:၁၃

အကျပ်အတည်း​များ ကြုံတွေ့ ကြ​ရသောအခါ ကျမ်းစာ​အမှန်တရားက​သာ စစ်မှန်သော​နှစ်သိမ့်မှု​ပေး​နိုင်​ကြောင်း လူအများ​တွေ့ရှိ​ခဲ့​ကြပြီ။ ဂရိ​နိုင်ငံ​တွင် ခု​နစ်​နှစ်​သား​တစ်ဦး​သည် ကျောင်း​ခေါင်မိုး​ပေါ်​မှ​လိမ့်​ကျ​ပြီး သေဆုံး​သွား​သည်။ လအနည်းငယ်​အကြာတွင် သက်သေခံ​ညီအစ်မ​နှစ်ဦး​သည် သူ့​မိခင်​နှင့်​တွေ့ဆုံ​ကြ​ရာ ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက်​အကြောင်း​ပြောပြ​၍ နှစ်သိမ့်​ပေး​ရန် ကြိုးစား​ခဲ့​ကြသည်။ (ယောဟန် ၅:၂၈၊ ၂၉) ထို​အခါ အမျိုးသမီး​က ရုတ်တရက်​ငိုချ​လိုက်​လေ​သည်။ သက်သေခံ​ညီအစ်မ​တို့​က “ကျမ်းစာ​အကြောင်း ပို​သိချင်ရင် ကျွန်မ​တို့ ဘယ်တော့​လာ​ရမလဲ” ဟု​မေးလိုက်​ရာ ထို​အမျိုးသမီး​က “အခု​ချက်ချင်းပဲ” ဟု​ပြန်ဖြေ​ဆို​သည်။ ထို့နောက် ညီအစ်မ​များသည် သူ့​အိမ်​သို့​လိုက်သွား​ပြီး ကျမ်းစာ​သင်အံမှု​စတင်​ခဲ့​သည်။ ယနေ့ သူ၏​မိသားစု​တစ်စုလုံး ယေဟောဝါ​အားကိုး​ကွယ်​သူများ ဖြစ်နေ​ကြပြီ။

သင်​ကော ပါဝင်​နေ​သလော

ဤ​ကဲ့သို့​သော တွေ့ ကြုံ​မှုများ ကမ္ဘာ​တစ်ဝန်း​တွင် ဖြစ်ပျက်​နေပါ​သည်။ ယေဟောဝါ​သည် လူမျိုး​ပေါင်း​စုံ​မှ စစ်မှန်သော​ဝတ်ပြုသူ​များစွာကို စုစည်း​ပြီး လေ့ကျင့်ပေး​လျက်​ရှိ​တော်​မူ​သည်။ နိုင်ငံ​အသီးသီး​မှ ဤ​လူအုပ်ကြီးသည် ချဉ်းကပ်​လာ​နေသော ဤ​အစီအစဉ်​စနစ်​၏​အဆုံးကို ကပ်ကျော်​ပြီး ဖြောင့်မတ်​သော​ကမ္ဘာသစ်​တွင် အသက်ရှင်ခွင့်​ရ​ရန် စောင့်မျှော်​နေကြ​သည်။—၂ ပေတရု ၃:၁၃

ယေဟောဝါ​၏​ကောင်းချီး​ကြောင့် တစ်ချိန်​နှင့်​မျှ​မတူ​သော ဤ​စုသိမ်းခြင်း​လုပ်ငန်း​သည် အောင်မြင်​ပြီးမြောက်မှု​ဆီ​သို့ ဦးတည်​လျက်​ရှိသည်။ (ဟေရှာယ ၅၅:၁၀၊ ၁၁; မဿဲ ၂၄:၃၊ ၁၄) ဘုရားသခင့်​နိုင်ငံတော် ဟောပြောခြင်း​လုပ်ငန်း​တွင် သင်လည်း ထက်သန်​စွာ​ပါဝင်​နေပါသလော။ ပါဝင်​နေပါက ဘုရားသခင့်​ထောက်မ​ကူညီ​မှု​ရရှိ​မည်​ကို စိတ်ချ​နိုင်​သည်၊ ဆာလံဆရာ​နည်းတူ ‘ကူညီ​မစမှု​ကို ယေဟောဝါ​ထံ​တော်​မှ ငါ​ရ၏’ ဟု​ပြောဆို​နိုင်​ပါ​လိမ့်​မည်။—ဆာလံ ၁၂၁:၂က​ဘ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ယေဟောဝါသက်သေ​များ​၏ ၂၀၀၅ ခုနှစ် ပြက္ခဒိန်၊ စက်တင်ဘာ/အောက်တိုဘာ​ကို​ရှု

[စာမျက်နှာ ၉ ပါ အကျဉ်း​ဖော်ပြချက်]

“ငါ့ကို​စေလွှတ်​တော်​မူ​သော ခမည်းတော်​သည် သွေးဆောင်​တော်​မ​မူလျှင် အဘယ်သူမျှ ငါ့​ထံ​သို့​မလာ​နိုင်။”—ယောဟန် ၆:၄၄

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]

ဤ​တိုးတက်မှု​နောက်ဝယ် မည်သူ​ရှိ​သနည်း

‘ထာဝရ​ဘုရားသခင်​သည် အိမ်ကို​ဆောက်​တော်​မ​မူလျှင် ဆောက်​သော​သူတို့သည် အချည်းနှီး​လုပ်ဆောင်ကြ​၏။’—ဆာလံ ၁၂၇:၁

“အပင်​ကို​ကြီးပွား​စေသော​သူ​ကား ဘုရားသခင်​ပေ​တည်း။ စိုက်​ပျိုး​သော​သူ​မတတ်နိုင်။ ရေလောင်း​သော​သူလည်း​မတတ်နိုင်။ ကြီးပွား​စေတော်မူ​သော​ဘုရားသခင်​သာ​လျှင် တတ်နိုင်​တော်​မူ​၏။”—၁ ကောရိန္သု ၃:၆၊ ၇