ကိုယ်ကိုကိုယ်သိသောစိတ်ကို ကောင်းစွာလေ့ကျင့်ထားပါသလော
ကိုယ်ကိုကိုယ်သိသောစိတ်ကို ကောင်းစွာလေ့ကျင့်ထားပါသလော
“ဒါမလုပ်သင့်ဘူးဆိုတာ စိတ်ထဲမှာသိနေတယ်။” “ခင်ဗျားပြောတာကို ကျွန်တော်မလုပ်ပေးနိုင်ဘူး။ ကျွန်တော့်အတွင်းစိတ်က လက်မခံဘူး” ဟုသင်ပြောဖူးပါသလော။ ယင်းတို့သည် အမှားနှင့်အမှန်၊ အပြစ်ရှိသည် အပြစ်မရှိစသည်တို့ကို ခွဲခြားသိစေသော အတွင်းမှလာသည့် သင့်ကိုယ်ကိုကိုယ်သိသောစိတ်၏ “အသံ” ဖြစ်သည်။ မှန်ပါသည်၊ ကိုယ်ကိုကိုယ်သိသောစိတ်သည် မွေးရာပါဖြစ်သည်။
လူတစ်ဦးသည် ဘုရားသခင်နှင့် ကင်းကွာသူဖြစ်လျှင်ပင် အမှားနှင့်အမှန်ကို ခွဲခြားသိမြင်နိုင်သည့် စွမ်းရည်ရှိနေဆဲပင်ဖြစ်သည်။ အကြောင်းမှာ လူသည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံထားရသောကြောင့် ဘုရားသခင်၌ရှိသော ဉာဏ်ပညာနှင့် ဖြောင့်မတ်ခြင်းအရည်အသွေးများကို အတိုင်းအတာတစ်ခုအထိ တင်ပြနိုင်ကြသည်။ (ကမ္ဘာဦး ၁:၂၆၊ ၂၇) ယင်းနှင့်ပတ်သက်၍ တမန်တော်ပေါလုက ဘုရားသခင်၏မှုတ်သွင်းခြင်းခံရကာ ဤသို့ရေးခဲ့၏– “[ပြင်]ပလူတို့သည် ပညတ်တရားတော်ကိုမသိဘဲ ကိုယ်အလိုအလျောက် တရားတော်ကိုကျင့်သောအခါ သူတို့သည် ပညတ်တရားတော်ကိုမသိဘဲ ကိုယ်ကျင့်တရားကိုအမှီပြုသဖြင့်လည်းကောင်း၊ ကိုယ်ကိုကိုယ်သိသောစိတ်နှလုံးသည် သက်သေခံသဖြင့်လည်းကောင်း၊ အချင်းချင်းဆွေးနွေးဆင်ခြင်၍ အပြစ်တင်လျက်၊ လွှတ်လျက်နေသဖြင့်လည်းကောင်း မိမိတို့စိတ်နှလုံးထဲ၌မှတ်သားသော တရား၏အကျိုးကို ထင်ရှားစွာပြကြ၏။” *—ရောမ ၂:၁၄၊ ၁၅။
ပထမလူသားအာဒံထံမှ အမွေရခဲ့သော ဤစိတ်သဘောသည် လူအမျိုးအနွယ်အားလုံးအတွက် “ပညတ်၊” သို့မဟုတ် အမူအကျင့်ဆိုင်ရာ စည်းမျဉ်းတစ်ခုသဖွယ် ဖြစ်သည်။ ယင်းကိုယ်ကိုကိုယ်သိသောစိတ်သည် မိမိကိုယ်ကို ဆန်းစစ်နိုင်သည့်စွမ်းရည်၊ မိမိကိုယ်ကို စစ်ကြောစီရင်နိုင်သည့် စွမ်းရည်ဖြစ်သည်။ (ရောမ ၉:၁) အာဒံနှင့်ဧဝတို့သည် ဘုရားသခင်၏ပညတ်ကို ချိုးဖောက်ပြီးနောက် ပုန်းနေခြင်းဖြင့် သူတို့တွင် ဤစွမ်းရည်ရှိကြောင်း ထင်ရှားပြခဲ့သည်။ (ကမ္ဘာဦး ၃:၇၊ ၈) ကိုယ်ကိုကိုယ်သိသောစိတ်အလုပ်လုပ်ပုံကို ဖော်ပြသည့် နောက်ပုံနမူနာတစ်ခုမှာ လူတို့ကိုရေတွက်ပြီးနောက် မိမိအပြစ်လုပ်မိပြီဖြစ်ကြောင်း ဘုရင်ဒါဝိဒ်သိသွားချိန်တွင် သူ၏တုံ့ပြန်ပုံဖြစ်သည်။ သမ္မာကျမ်းစာက ဒါဝိဒ်သည် “နောင်တရ [“ဒါဝိဒ်၏စိတ်နှလုံးသည် သူ့အားရိုက်နှက်၊” ကဘ] ၏”ဟု ဖော်ပြထားသည်။—၂ ဓမ္မရာဇဝင် ၂၄:၁-၁၀။
နောက်ကြောင်းကို ပြန်ဆန်းစစ်တတ်ပြီး ပြုခဲ့သောအကျင့်အကြံကို စစ်ကြောစီရင်တတ်သည့် စွမ်းရည်က ဘုရားသခင်နှစ်သက်သောနောင်တယူစေသည့် အရေးပါသောအကျိုးကျေးဇူးဖြစ်ထွန်းစေနိုင်သည်။ ဒါဝိဒ်ဤသို့ရေးခဲ့၏– ‘ငါသည် အပြစ်ကိုမဖော်မပြဘဲနေစဉ်အခါ တစ်နေ့လုံးညည်းတွားသောအားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ရောက်ကြ၏။ တစ်ဖန် “အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ဝန်ချပါ၏။ ပြုမိသောမကောင်းမှုကို ဝှက်၍မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရားသခင်အား ဖော်ပြတောင်းပန်မည်” ဟု ပြောဆိုသောအခါ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။’ (ဆာလံ ၃၂:၃၊ ၅) သို့ဖြစ်၍ ကိုယ်ကိုကိုယ်သိသောစိတ်၏လုပ်ဆောင်မှုသည် အပြစ်သားတစ်ဦးကို ဘုရားသခင်ထံ ပြန်လှည့်လာစေနိုင်ကာ ဘုရားသခင်၏ ခွင့်လွှတ်မှုရယူပြီး ကိုယ်တော့်နည်းလမ်းအတိုင်း နေထိုင်ရန်လိုကြောင်း အသိအမှတ်ပြုစေသည်။—ဆာလံ ၅၁:၁-၄၊ ၉၊ ၁၃-၁၅။
ကျွန်ုပ်တို့သည် ရွေးချယ်မှုတစ်ခုပြုရန် သို့မဟုတ် ကိုယ်ကျင့်တရားနှင့်ဆိုင်သည့် ဆုံးဖြတ်ချက်တစ်ခုချရန် လိုအပ်လာသည့်အခါ ကိုယ်ကိုကိုယ်သိသောစိတ်က သတိပေးချက် သို့မဟုတ် ညွှန်ကြားချက် ပေးသည်။ ကိုယ်ကိုကိုယ်သိသောစိတ်က ထိုသို့လုပ်ဆောင်သောကြောင့် သူ့သားအိမ်ရာပြစ်မှားခြင်းသည် မှားသည်၊ ဘုရားသခင်အား ပြစ်မှားရာရောက်သည်ကို ယောသပ်ကြို၍ သိရှိခဲ့ခြင်းဖြစ်မည်။ သူ့သားအိမ်ရာပြစ်မှားခြင်းကိုတားမြစ်သော သတ်သတ်မှတ်မှတ်ပညတ်သည် နောက်ပိုင်း ဣသရေလလူမျိုးတို့အားပေးသော ပညတ်တော်ဆယ်ပါးတွင် ပါရှိခဲ့သည်။ (ကမ္ဘာဦး ၃၉:၁-၉; ထွက်မြောက်ရာ ၂၀:၁၄) သို့ဖြစ်၍ မိမိကိုယ်ကို ဆန်းစစ်ရုံအတွက်သာမဟုတ်ဘဲ ကျွန်ုပ်တို့အား လမ်းညွှန်ပေးရန် ကိုယ်ကိုကိုယ်သိသောစိတ်ကို လေ့ကျင့်ထားမည်ဆိုလျှင် ပို၍အကျိုးရှိမည်မှာ သေချာသည်။ သင်၏ကိုယ်ကိုကိုယ်သိသောစိတ်သည် ယင်းအတိုင်း လုပ်ဆောင်နေပါသလော။
မှန်ကန်သောဆုံးဖြတ်ချက်များချနိုင်ရန် ကိုယ်ကိုကိုယ်သိသောစိတ်ကို လေ့ကျင့်ခြင်း
ကျွန်ုပ်တို့သည် မွေးရာပါကိုယ်ကိုကိုယ်သိသောစိတ်ကို အမွေရခဲ့သော်လည်း ယင်းကိုယ်ကိုကိုယ်သိသောစိတ် ချို့ယွင်းတတ်ခြင်းမှာ ဝမ်းနည်းစရာပင်။ လူသားတို့၏အစသည် စုံလင်ခဲ့သော်လည်း ‘လူအပေါင်းတို့သည် မကောင်းသောအမှုကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။’ (ရောမ ၃:၂၃) အပြစ်နှင့် မစုံလင်မှုကြောင့် ကျွန်ုပ်တို့၏ ကိုယ်ကိုကိုယ်သိသောစိတ်သည် ဖောက်ပြန်နိုင်ပြီး ယေဟောဝါ၏ မူလရည်ရွယ်ချက်အတိုင်း အပြည့်အဝလုပ်ဆောင်နိုင်စွမ်း မရှိတော့ချေ။ (ရောမ ၇:၁၈-၂၃) ပြင်ပပယောဂများကြောင့်လည်း ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ် ထိခိုက်နိုင်သည်။ ကျွန်ုပ်တို့၏နောက်ခံ သို့မဟုတ် ဒေသခံဓလေ့ထုံးစံများ၊ ယုံကြည်ချက်များနှင့် ပတ်ဝန်းကျင်တို့၏ ဩဇာလွှမ်းမိုးမှုကိုလည်း ခံရနိုင်သည်။ ဤလောက၏ ယုတ်ညံ့သောကိုယ်ကျင့်တရားနှင့် ကျဆင်းနေသောစံနှုန်းတို့က ကောင်းသောကိုယ်ကိုကိုယ်သိသောစိတ်အတွက် စံနှုန်းမဖြစ်နိုင်ပါ။
ထို့ကြောင့် ခရစ်ယာန်တစ်ဦးသည် ဘုရားသခင့်နှုတ်မြွက်တော် သမ္မာကျမ်းစာတွင်တွေ့ရသော တည်မြဲပြီး ဖြောင့်မတ်သည့်စံနှုန်းများအားဖြင့် ထပ်ဆင့်အကူအညီရယူရမည်။ ယင်းစံနှုန်းများက ကိစ္စရပ်များကို မှန်မှန်ကန်ကန် အကဲဖြတ်ပြီး တည့်မတ်နိုင်ရန် ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်ကို လမ်းညွှန်ပေးနိုင်သည်။ (၂ တိမောသေ ၃:၁၆-၁၇) ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်ကို ဘုရားသခင့်စံနှုန်းအတိုင်း လေ့ကျင့်ထားသည့်အခါ ကိုယ်ကျင့်တရားဆိုင်ရာ လုံခြုံရေးကိရိယာတစ်ခုအဖြစ် “ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍သိ” ရန် ကောင်းစွာလုပ်ဆောင်နိုင်မည်ဖြစ်သည်။ (ဟေဗြဲ ၅:၁၄) ဘုရားသခင်၏စံနှုန်းအတိုင်း လေ့ကျင့်ထားခြင်းမရှိပါက လမ်းမှားသို့ဦးတည်နေချိန်တွင် ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်က ကျွန်ုပ်တို့ကို သတိပေးနိုင်မည်မဟုတ်ပါ။ သမ္မာကျမ်းစာ၌ ဤသို့ဆိုထား၏– “လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း အဆုံး၌ သေခြင်းသို့ပို့သော လမ်းတစ်မျိုးရှိ၏။”—သု. ၁၆:၂၅; ၁၇:၂၀။
ဘုရားသခင့်နှုတ်မြွက်တော်တွင် ဘဝကဏ္ဍအချို့အတွက် ရှင်းလင်းသောလမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များပါရှိပြီး ယင်းတို့ကိုလိုက်လျှောက်ခြင်းဖြင့် အကျိုးကျေးဇူးရရှိကြသည်။ သို့သော် သမ္မာကျမ်းစာတွင် အခြေအနေအတော်များများအတွက် သတ်သတ်မှတ်မှတ်ညွှန်ကြားချက်များ မပါရှိချေ။ ယင်းတို့တွင် အလုပ်အကိုင်ရွေးချယ်ခြင်း၊ ကျန်းမာရေးကိစ္စများ၊ အပန်းဖြေခြင်း၊ ဝတ်စားဖြီးလိမ်းပုံနှင့် အခြားအရာများ ပါဝင်ပေမည်။ ကိစ္စရပ်တစ်ခုစီတွင် အဘယ်အရာပြုလုပ်သင့်သည်၊ မည်သို့ဆုံးဖြတ်သင့်သည်တို့ကို အလွယ်တကူမသိရှိနိုင်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤသို့ဆုတောင်းခဲ့သော ဒါဝိဒ်၏ စိတ်သဘောထားမျိုးကို တင်ပြသင့်သည်– ‘အိုထာဝရဘုရားသခင် ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍ ခရီးတော်တို့ကိုသွန်သင်တော်မူပါ။ ကိုယ်တော်၏သမ္မာတရားကိုပြ၍ အကျွန်ုပ်ကိုသွန်သင်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကိုကယ်တင်သော ဘုရားသခင်ဖြစ်တော်မူ၏။’ (ဆာလံ ၂၅:၄၊ ၅) ဘုရားသခင်ရှုမြင်ပုံနှင့် နည်းလမ်းတော်များကို ကောင်းစွာနားလည်ထားလေလေ ကျွန်ုပ်တို့၏ အခြေအနေများကို သန့်ရှင်းသောကိုယ်ကိုကိုယ်သိသောစိတ်နှင့်အညီ မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ပြီး ဆုံးဖြတ်ချက်များ ချနိုင်လေလေဖြစ်သည်။
ထို့ကြောင့် ပြဿနာနှင့်ရင်ဆိုင်ရသည့်အခါ သို့မဟုတ် ဆုံးဖြတ်ချက်ချရန် လိုအပ်လာသည့်အခါ ဦးဆုံး ယင်းတို့နှင့်သက်ဆိုင်သည့် သမ္မာကျမ်းစာမူများကို သုံးသပ်သင့်သည်။ ယင်းတို့ထဲမှတချို့မှာ– ဦးစီးမှုကို လေးစားခြင်း (ကောလောသဲ ၃:၁၈၊ ၂၀); အရာရာတွင်ရိုးသားခြင်း (ဟေဗြဲ ၁၃:၁၈); မကောင်းမှုကိုရွံမုန်းခြင်း (ဆာလံ ၉၇:၁၀); ငြိမ်သက်ခြင်းကို မီအောင်လိုက်ခြင်း (ရောမ ၁၄:၁၉); အာဏာပိုင်များကို နာခံခြင်း (မဿဲ ၂၂:၂၁; ရောမ ၁၃:၁-၇); ဘုရားသခင်အား အကြွင်းမဲ့ဆည်းကပ်ခြင်း (မဿဲ ၄:၁၀); လောကနှင့် မဆက်ဆံခြင်း (ယောဟန် ၁၇:၁၄); မကောင်းသောအပေါင်းအသင်းကို ရှောင်ခြင်း (၁ ကောရိန္သု ၁၅:၃၃); ဝတ်စားဖြီးလိမ်းမှုတွင် ဣန္ဒြေရှိခြင်း (၁ တိမောသေ ၂:၉၊ ၁၀); အခြားသူတို့ကို ထိမိမလဲစေခြင်း (ဖိလိပ္ပိ ၁:၁၀-၁၁) စသည်တို့ဖြစ်သည်။ သက်ဆိုင်သောကျမ်းစာမူကို ခွဲခြားသိမြင်ခြင်းက ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်ကို ကြံ့ခိုင်စေပြီး မှန်ကန်သည့် ဆုံးဖြတ်ချက်များချရန် အထောက်အကူပြုနိုင်သည်။
သင့်ကိုယ်ကိုကိုယ်သိသောစိတ်၏အသံကို နားထောင်ပါ
ကိုယ်ကိုကိုယ်သိသောစိတ်၏ အကူအညီရရှိရန် ယင်းကို ဂရုပြုရမည်။ သမ္မာကျမ်းစာဖြင့် လေ့ကျင့်ထားသော ကိုယ်ကိုကိုယ်သိသောစိတ်၏အချက်ပြမှုကို ချက်ချင်းတုံ့ပြန်မှသာလျှင် အကျိုးရှိမည်ဖြစ်သည်။ လေ့ကျင့်ထားသောကိုယ်ကိုကိုယ်သိသောစိတ်ကို မော်တော်ကားရှေ့ခန်းရှိ အချက်ပြဒိုင်ခွက်မှ သတိပေးမီးနှင့် နှိုင်းယှဉ်နိုင်သည်။ စက်ဆီ (အင်ဂျင်ဝိုင်) နည်းနေကြောင်း သတိပေးမီးလင်းလာသည်ဆိုပါစို့။ ယင်းကို ချက်ချင်းဂရုမစိုက်ဘဲ ကားကိုဆက်မောင်းနေမည်ဆိုလျှင် အဘယ်အရာဖြစ်မည်နည်း။ ကား အကြီးအကျယ် ပျက်စီးသွားနိုင်သည်။ အလားတူပင်၊ ကျွန်ုပ်တို့၏လုပ်ဆောင်မှု တစ်စုံတစ်ရာမှားနေလျှင် ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ် သို့မဟုတ် အတွင်းစိတ်က သတိပေးမည်ဖြစ်သည်။ အချက်ပြဒိုင်ခွက်မှ အလင်းပြသကဲ့သို့ပင် ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်သည် ကျွန်ုပ်တို့၏လုပ်ဆောင်မှု သို့မဟုတ် တွေးတောစဉ်းစားနေမှုတို့ကို ကျမ်းစာစံနှုန်းများနှင့် နှိုင်းယှဉ်ပေးခြင်းဖြင့် သတိပေးသည်။ ထိုသတိပေးချက်ကို လိုက်နာခြင်းက အမှားပြုခြင်း၏အကျိုးဆက်များကို ရှောင်ရှားနိုင်စေရုံမက ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်ကို တော်မှန်စွာဆက်လုပ်ဆောင်ဖို့ ထိန်းသိမ်းပေးရာလည်းရောက်သည်။
ကျွန်ုပ်တို့သည် သတိပေးချက်ကို လျစ်လျူရှုမည်ဆိုလျှင် အဘယ်အရာဖြစ်မည်နည်း။ ကိုယ်ကိုကိုယ်သိသောစိတ်သည် တဖြည်းဖြည်းနှင့် ခံစားချက်မဲ့လာနိုင်သည်။ ကိုယ်ကိုကိုယ်သိသောစိတ်၏လှုံ့ဆော်မှုကို အမြဲလျစ်လျူရှု၊ ဖိနှိပ်ထားခြင်းကြောင့် ဖြစ်ပေါ်လာသည့်အကျိုးဆက်ကို သံပူထိဖူးသော အမာရွတ်ဖြင့် နှိုင်းယှဉ်နိုင်သည်။ အမာရွတ်အသားသည် အာရုံခံကြောများသေသွားပြီဖြစ်၍ ထုံနေသည်။ (၁ တိမောသေ ၄:၂) ထိုသို့သော ကိုယ်ကိုကိုယ်သိသောစိတ်သည် အပြစ်ကျူးလွန်ချိန်တွင်ပင် မည်သို့မျှမတုံ့ပြန်တော့သကဲ့သို့ ထပ်တလဲလဲအပြစ်ကျူးလွန်မှုကို တားဆီးရန်လည်းသတိမပေးတော့ချေ။ အမာရွတ်ထင်နေသောကိုယ်ကိုကိုယ်သိသောစိတ်သည် အမှားအမှန်နှင့်ပတ်သက်သည့် သမ္မာကျမ်းစာ စံနှုန်းများကို လျစ်လျူရှုသောကြောင့် ညစ်ညူးသောကိုယ်ကိုကိုယ်သိသောစိတ်ဖြစ်လာသည်။ ညစ်ညူးသောကိုယ်ကိုကိုယ်သိသောစိတ် ပိုင်ဆိုင်သူသည် “အကျင့်သိက္ခာဆိုင်ရာအာရုံအားလုံးပြီး” သူဖြစ်ပြီး ဘုရားသခင်နှင့် ကင်းကွာသွားလေသည်။ (ဧဖက် ၄:၁၇-၁၉၊ ကဘ; တိတု ၁:၁၅) ဝမ်းနည်းဖွယ်အကျိုးဆက်ပင်။
“ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်လျက်နေကြလော့”
ကြည်လင်သောကိုယ်ကိုကိုယ်သိသောစိတ်ကို ထိန်းသိမ်းရန် မပြတ်ကြိုးစားအားထုတ်ဖို့လိုသည်။ တမန်တော်ပေါလုက ဤသို့ဖော်ပြခဲ့၏– “ဘုရားသခင်ကိုပြစ်မှားပြီ၊ လူတို့ကိုပြစ်မှားပြီဟု ကိုယ်စိတ်နှလုံးသည် ကိုယ်၌အပြစ်တင်ခွင့်နှင့် အစဉ်ကင်းလွတ်မည်အကြောင်း အကျွန်ုပ်သည် ကြိုးစားအားထုတ်ပါ၏။” (တမန်တော် ၂၄:၁၆) ခရစ်ယာန်တစ်ဦးအနေနှင့် ပေါလုသည် ဘုရားသခင်အား မပြစ်မှားကြောင်း သေချာစေရန် သူ၏လုပ်ဆောင်မှုလမ်းစဉ်ကို မပြတ်စစ်ဆေးခဲ့ပြီး မှန်ကန်သည့်လမ်းစဉ်အတိုင်း နေထိုင်ခဲ့သည်။ ကျွန်ုပ်တို့လုပ်ဆောင်မှုသည် ဖြောင့်မှန်သည်၊ သို့မဟုတ် မှားသည်ဟု အပြီးသတ်စစ်ကြောဆုံးဖြတ်မည့်သူမှာ ဘုရားသခင်ဖြစ်ကြောင်း ပေါလုသိရှိခဲ့သည်။ (ရောမ ၁၄:၁၀-၁၂; ၁ ကောရိန္သု ၄:၄) ပေါလု ဤသို့ပြောခဲ့၏– “ငါတို့ကိုစစ်ကြောစီရင်တော်မူသောသူရှေ့၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ ခပ်သိမ်းသောအရာတို့သည် အကွယ်အကာမရှိဘဲ၊ မျက်မှောက်တော်၌ လှန်ထားလျက်ရှိကြ၏။”—ဟေဗြဲ ၄:၁၃။
လူကိုပြစ်မှားခြင်းနှင့် ကင်းလွတ်ရမည့်အကြောင်းကိုလည်း ပေါလုဖော်ပြခဲ့သည်။ ကောရိန္သုမြို့ရှိ ခရစ်ယာန်များထံရေးသည့် ‘ရုပ်ပုံရှေ့၌ ပူဇော်သောယဇ်ကောင်ကိုစားခြင်း’ နှင့်ပတ်သက်သည့် သူ၏ဆုံးမစကားသည် သင့်လျော်သောနမူနာတစ်ခုဖြစ်သည်။ တစ်စုံတစ်ရာသောလမ်းစဉ်သည် ဘုရားသခင့်နှုတ်မြွက်ပါစံနှုန်းနှင့် ဆန့်ကျင်မှုမရှိသည့်တိုင် အခြားသူတို့၏ကိုယ်ကိုကိုယ်သိသောစိတ်ကို ထည့်စဉ်းစားဖို့ အရေးကြီးကြောင်း သူထောက်ပြခဲ့သည်။ အခြားသူတို့၏ ကိုယ်ကိုကိုယ်သိသောစိတ်ကို ထည့်မစဉ်းစားပေးပါက ‘ခရစ်တော်အသေခံပေးခဲ့သော ကျွန်ုပ်တို့၏ ညီအစ်ကို၏ ဝိညာဉ်ရေး ပျက်စီး’ သွားနိုင်သည်။ ဘုရားသခင်နှင့် ကျွန်ုပ်တို့ကိုယ်တိုင်၏ ဆက်ဆံရေးလည်း ပျက်စီးသွားနိုင်သည်။—၁ ကောရိန္သု ၈:၄၊ ၁၁-၁၃; ၁၀:၂၃၊ ၂၄။
သို့ဖြစ်၍ သင့်ကိုယ်ကိုကိုယ်သိသောစိတ်ကို ဆက်လေ့ကျင့်ပြီး ကြည်လင်သောကိုယ်ကိုကိုယ်သိသောစိတ်အဖြစ် ဆက်ထိန်းသိမ်းသွားပါ။ ဆုံးဖြတ်ချက်များချသည့်အခါ ဘုရားသခင်၏ လမ်းညွှန်မှုကို ရှာယူပါ။ (ယာကုပ် ၁:၅) ဘုရားသခင့်နှုတ်မြွက်တော်ကို လေ့လာပြီး ယင်းတွင်ပါသောမူများဖြင့် သင်၏စိတ်နှလုံးကို ပုံသွင်းပါ။ (သု. ၂:၃-၅) ကြီးလေးသည့်အရေးကိစ္စများ ပေါ်ပေါက်လာသည့်အခါ ယင်းနှင့်သက်ဆိုင်သည့် ကျမ်းစာမူများကို သင်မှန်ကန်စွာ နားလည်သဘောပေါက်ကြောင်းသေချာစေရန် ရင့်ကျက်သော ခရစ်ယာန်များနှင့် တိုင်ပင်ပါ။ (သု. ၁၂:၁၅; ရောမ ၁၄:၁; ဂလာတိ ၆:၅) သင့်ဆုံးဖြတ်ချက်များသည် သင်၏ကိုယ်ကိုကိုယ်သိသောစိတ်ကို ထိခိုက်မှုရှိမရှိ၊ အခြားသူများကို ထိခိုက်မှုရှိမရှိနှင့် အရေးအကြီးဆုံးမှာ ယေဟောဝါနှင့် သင်၏ဆက်ဆံရေးကို ထိခိုက်မှုရှိမရှိတို့ကို သုံးသပ်ပါ။—၁ တိမောသေ ၁:၅၊ ၁၈၊ ၁၉။
ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်သည် မေတ္တာရှင် ကောင်းကင်ခမည်းတော် ယေဟောဝါဘုရားသခင်ထံမှရရှိသော အံ့ဖွယ်ဆုကျေးဇူးဖြစ်သည်။ ယင်းကို ကိုယ်ကိုကိုယ်သိသောစိတ်ပေးတော်မူသောအရှင်၏ အလိုတော်နှင့်အညီ အသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့အားဖန်ဆင်းတော်မူသောအရှင်နှင့် ပို၍ရင်းနှီးလာမည်။ ကျွန်ုပ်တို့လုပ်ဆောင်မှုအားလုံးတွင် “ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်” ရန်ကြိုးစားခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင့်ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံရကြောင်း တင်ပြရာရောက်သည်။—၁ ပေတရု ၃:၁၆; ကောလောသဲ ၃:၁၀။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 ဤတွင်အသုံးပြုထားသော ကိုယ်ကိုကိုယ်သိသောစိတ်ဟူသည့် ဂရိစကားလုံးသည် “အမှားအမှန်ဆုံးဖြတ်သည့် အတွင်းစွမ်းရည်” (ဟယ်ရယ်လ် ကေ. မိုလ်တန်၏ ပြန်လည်တည်းဖြတ်ထားသော ဂရိအဘိဓာန်); “ကောင်းမကောင်းခွဲခြားသိမြင်စေရာ” (ဂျေ. အိပ်ခ်ျ. သေယာ၏ ဂရိ-အင်္ဂလိပ်အဘိဓာန်) ဟုအဓိပ္ပာယ်ရှိသည်။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ကိုယ်ကိုကိုယ်သိသောစိတ်ကို မိမိကိုယ်ကို ဆန်းစစ်ရုံအတွက်သာမဟုတ်ဘဲ ကျွန်ုပ်တို့အား လမ်းညွှန်ပေးရန် လေ့ကျင့်ထားပါသလော
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
ကောင်းစွာလေ့ကျင့်ထားသော ကိုယ်ကိုကိုယ်သိသောစိတ်သည် သမ္မာကျမ်းစာမူများကို သင်ယူကာ ကျင့်သုံးခြင်းကြောင့်ဖြစ်ပေါ်လာ
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
သင့်ကိုယ်ကိုကိုယ်သိသောစိတ်၏ သတိပေးချက်ကို လျစ်လျူမရှုပါနှင့်