နိမိတ်လက္ခဏာများကို သိနားလည်ခြင်းက အရေးကြီးကိစ္စဖြစ်
နိမိတ်လက္ခဏာများကို သိနားလည်ခြင်းက အရေးကြီးကိစ္စဖြစ်
“အစကတော့ ကျွန်မရဲ့သား အန်ဒရီးရပ်စ်ဟာ ရိုးရိုးခေါင်းကိုက်ရုံပဲလို့ ထင်ခဲ့တာ။ ဒါပေမဲ့ သူခံတွင်းပျက်ပြီး အဖျားကြီးလာတယ်။ ခေါင်းကိုက်တာ ပိုဆိုးလာတော့မှ ကျွန်မစိုးရိမ်သွားတယ်။ ကျွန်မခင်ပွန်း အိမ်ပြန်ရောက်တော့ အင်ဒရီးရပ်စ်ကို ဆရာဝန်ဆီခေါ်သွားကြတယ်။ ဆရာဝန်က ဆေးစစ်ပြီးတာနဲ့ ချက်ချင်းဆေးရုံတင်လိုက်တယ်။ ရောဂါက ခေါင်းကိုက်ရုံလောက်ပဲမဟုတ်ဘူး၊ ဦးနှောက်အမြှေးပါးရောင်နေတယ်။ သားလေးကို ဆေးကုပြီး မကြာခင် ပြန်ကျန်းမာလာတယ်။”—ဂါထရွတ်၊ ဂျာမနီမှမိခင်တစ်ဦး။
မိဘများစွာလည်း ဂါထရွတ်ကဲ့သို့ တွေ့ကြုံဖူးကြပေမည်။ မိဘတို့သည် ကလေးနေမကောင်းဖြစ်နေကြောင်းဖော်ပြသည့် ရောဂါလက္ခဏာများကို အကဲခတ်တတ်ကြသည်။ အဖျားရောဂါတိုင်း အသည်းအသန်မဖြစ်သော်လည်း ကလေးများ၏ ရောဂါလက္ခဏာများကို မိဘတို့ လျစ်လျူရှု၍မဖြစ်ပါ။ ရောဂါလက္ခဏာကို အကဲခတ်ခြင်းနှင့် သင့်တော်သလိုလုပ်ဆောင်ခြင်းတို့က အခြေအနေကို အတော်လေးထူးခြားစေပေမည်။ ယင်းသည် အရေးကြီးသောကိစ္စဖြစ်သည်။
ကျန်းမာရေးအပြင် အခြားအရေးကိစ္စများတွင်လည်း ထပ်တူဖြစ်၏။ ဥပမာပြရလျှင် ၂၀၀၄၊ ဒီဇင်ဘာလက အိန္ဒိယသမုဒ္ဒရာတွင်ဖြစ်ခဲ့သော စူနာမီကပ်ဘေးကြီးဖြစ်သည်။ ဩစတြေးလျ၊ ဟာဝိုင်ယီစသောနိုင်ငံတို့မှ အေဂျင်စီများက စူမတ်တြားမြောက်ပိုင်းတွင် အင်အားပြင်းထန်သော ငလျင်လှုပ်သည်ကို တွေ့ရှိခဲ့ကြပြီး ဖြစ်လာနိုင်သော အန္တရာယ်အကျိုးဆက်များကို ကြိုသိမြင်ခဲ့ကြသည်။ သို့သော် အန္တရာယ်ရှိနေသောဒေသမှ လူတို့အတွက် သတိပေးချက်ထုတ်လွှင့်ပေးနိုင်သည့် မည်သည့်ဆက်သွယ်ရေးနည်းစနစ်မျှ မရှိချေ။ အကျိုးဆက်အနေနှင့် လူပေါင်း ၂၂၀,၀၀၀ ကျော် သေဆုံးခဲ့ရသည်။
ပိုအရေးပါသည့် နိမိတ်လက္ခဏာများ
ယေရှုခရစ် ကမ္ဘာပေါ်ရှိခဲ့စဉ်က ကိုယ်တော်၏မိန့်တော်မူချက်ကို နားထောင်နေသူတို့အား နိမိတ်လက္ခဏာများကို အကဲခတ်ခြင်းနှင့် ယင်းနှင့်အညီလုပ်ဆောင်ခြင်းအကြောင်း သင်ခန်းစာတစ်ခုပေးခဲ့သည်။ ပိုအရေးပါသောအကြောင်းအရာနှင့်ပတ်သက်၍ ကိုယ်တော်မိန့်ဆိုခဲ့ခြင်းဖြစ်သည်။ ကျမ်းစာက ဤသို့ဆိုသည်– ‘ထိုအခါ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့သည် ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှာ ချဉ်းကပ်၍ မိုးကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို ပြတော်မူမည်အကြောင်း တောင်းပန်ကြ၏။ ကိုယ်တော်ကလည်း “သင်တို့သည် ညဉ့်ဦးယံ၌ပြောဆိုတတ်သည်ကား ‘ယခု မိုးတိမ်နီသည်ဖြစ်၍ မိုးကြည်လင်လိမ့်မည်’ ဟုဆိုတတ်ကြ၏။ နံနက်ယံ၌ကား ‘ယခုမိုးအုံ့လျက်ရှိ၏။ နီမောင်းသောအဆင်းလည်းရှိ၏။ ယနေ့ မိုးသက်မုန်တိုင်းလာလိမ့်မည်’ ဟုဆိုတတ်ကြ၏။ လျှို့ဝှက်သောသူတို့၊ သင်တို့သည် မိုးကောင်းကင်၏မျက်နှာကိုပိုင်းခြား၍ သိနိုင်ကြ၏။ အချိန်ကာလ၏နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍မသိနိုင်ကြ။”’—မဿဲ ၁၆:၁-၃။
‘အချိန်ကာလ၏နိမိတ်လက္ခဏာ’ အကြောင်း ယေရှုမိန့်ဆိုရာတွင် ကိုယ်တော်၏မိန့်တော်မူချက်ကို နားထောင်နေသူ ပထမရာစုရှိဂျူးများအား ၎င်းတို့အသက်ရှင်နေထိုင်သောအချိန်၏ အရေးကြီးမှုကို သတိမူကြရန် ကိုယ်တော် ရည်ညွှန်းနေခြင်းဖြစ်သည်။ ဂျူးအစီအစဉ်စနစ်သည် ဘေးဆိုးကြီးနှင့် ကြုံတွေ့ရတော့မည်ဖြစ်သည်၊ ယင်းဘေးဆိုးသည် ဂျူးအားလုံးအပေါ် အကျိုးသက်ရောက်ပေလိမ့်မည်။ ယေရှုမကွယ်လွန်မီ ရက်အနည်းငယ်တွင် တပည့်များအား နောက်ထပ်လက္ခဏာတစ်ခုဖြစ်သော မိမိရောက်ရှိနေခြင်းနိမိတ်လက္ခဏာအကြောင်း မိန့်ဆိုခဲ့သည်။ ထိုအချိန်က ကိုယ်တော်မိန့်ဆိုခဲ့ရာတို့သည် ယနေ့လူတိုင်းအတွက် အလွန်အရေးကြီးသည်။