မိဘတို့၏ပုံသက်သေကြောင့် ခွန်အားရှိခဲ့
ဘဝအတ္ထုပ္ပတ္တိ
မိဘတို့၏ပုံသက်သေကြောင့် ခွန်အားရှိခဲ့
ယန်နက် ရီခယ် ပြောပြသည်
၁၉၅၈ ခုနှစ်တုန်းကပေါ့။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီး စတန်ခါတို့ဟာ ဩစတြီးယားနိုင်ငံကို ထွက်ပြေးဖို့ ယူဂိုဆလပ်-ဩစတြီးယားနယ်စပ်က ခါရာဗာခန် အဲလ်ပ်တောင်တန်းပေါ် ရောက်နေကြတယ်။ ဒီလိုနိုင်ငံကူးတာကို ယူဂိုဆလပ်နယ်စပ်ရဲ့ ကင်းလှည့်တပ်ဖွဲ့က လုံးဝခွင့်မပြုတာကြောင့် သိပ်အန္တရာယ်များတယ်။ ကျွန်တော်တို့ ခရီးဆက်ခဲ့ကြတော့ မတ်စောက်တဲ့ ချောက်ကမ်းပါးအစွန်းကို ရောက်လာတယ်။ ဩစတြီးယားနိုင်ငံဘက်ခြမ်းက တောင်တန်းကို စတန်ခါနဲ့ကျွန်တော် တစ်ခါမှမမြင်ဖူးဘူး။ တောင်စောင်းတစ်ခုတွေ့တဲ့အထိ အရှေ့ဘက်ကို ဦးတည်လျှောက်လာခဲ့ကြတယ်၊ တောင်စောင်းကလည်း ကျောက်တုံး၊ ကျောက်စရစ်တွေပြည့်နေတယ်။ သယ်လာတဲ့တာလပတ်နဲ့ ကိုယ့်ကိုယ်ကိုပတ်လိုက်ပြီး တောင်စောင်းကနေ လျှောဆင်းခဲ့ကြတယ်၊ ဘာဆက်ဖြစ်မယ်ဆိုတာ မသိခဲ့ဘူး။
ဘယ်လိုလုပ် ဒီအခြေအနေမျိုး ကြုံခဲ့ရတယ်ဆိုတာရယ်၊ မိဘတွေရဲ့ သစ္စာရှိပုံသက်သေက ခက်ခဲတဲ့အချိန်မှာတောင် ယေဟောဝါကို ဆက်ပြီးသစ္စာစောင့်သိနေဖို့ ကျွန်တော့်ကို ဘယ်လိုစေ့ဆော်ပေးခဲ့တယ်ဆိုတာ ရှင်းပြပါရစေ။
ဥရောပအလယ်ပိုင်းနိုင်ငံငယ်တစ်ခုဖြစ်တဲ့ ဆလိုဗေးနီးယားမှာ ကျွန်တော်ကြီးပြင်းခဲ့တာပါ။ အဲဒီနိုင်ငံဟာ ဥရောပအဲလ်ပ်တောင်တန်းမှာ တည်ရှိပြီး အရှေ့ဘက်မှာ ဟန်ဂေရီ၊ အနောက်ဘက်မှာ အီတလီ၊ တောင်ဘက်မှာ ခရိုအေးရှားနဲ့ မြောက်ဘက်မှာ ဩစတြီးယားနိုင်ငံတို့ရှိကြတယ်။ ကျွန်တော့်မိဘတွေဖြစ်တဲ့ ဖရန့်စ်နဲ့ ရိုဇာလီယာ ရီခယ်တို့ မွေးဖွားခဲ့ချိန်က ဆလိုဗေးနီးယားဟာ ဩစတြီးယား-ဟန်ဂေရီအင်ပါယာအပိုင်ဖြစ်တယ်။ ပထမကမ္ဘာစစ်ပြီးတဲ့နောက်
ဆလိုဗေးနီးယားဟာ ဆာ့ဘ်၊ ခရိုအက်၊ ဆလိုဗင်းနိုင်ငံလို့အမည်တွင်တဲ့ နိုင်ငံသစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာတယ်။ ၁၉၂၉ ခုနှစ်မှာ ယူဂိုစလားဗီးယားလို့ အမည်ပြောင်းလိုက်တယ်၊ အဓိပ္ပာယ်ကတော့ “တောင်ပိုင်းဆလားဗီးယား” ဖြစ်တယ်။ အဲဒီနှစ်၊ ဇန်နဝါရီလ ၉ ရက်မှာပဲ လှပတဲ့ ဘလက်အိုင်အနီးက ပေါ့ဟူမ်ရွာဆင်ခြင်ဖုံးမှာ ကျွန်တော့်ကို မွေးဖွားခဲ့တယ်။စည်းကမ်းတင်းကျပ်တဲ့ . . . ခရစ်ယာန်မိသားစုမှာ အမေကြီးပြင်းခဲ့တယ်။ အမေ့ဦးလေးတစ်ယောက်က ခရစ်ယာန်ဘုန်းကြီးတစ်ပါးဖြစ်ပြီး အမေ့ရဲ့အဒေါ်သုံးယောက်က ခရစ်ယာန်သီလရှင်တွေဖြစ်ကြတယ်။ အမေရဲ့အပြင်းပြဆုံးဆန္ဒက ကိုယ်ပိုင်ကျမ်းစာရချင်တယ်၊ ဒါကိုဖတ်ပြီး နားလည်ချင်တယ်။ အဖေကတော့ ဘာသာရေးကို စိတ်မဝင်စားဘူး။ ၁၉၁၄-၁၈ စစ်ကြီးမှာ ဘာသာရေးရဲ့လုပ်ဆောင်မှုတွေကို အဖေ လုံးဝမကြိုက်ဘူး။
အမှန်တရားကို သင်ယူ
စစ်ကြီးပြီးတဲ့အခါ အမေ့ရဲ့ဝမ်းကွဲ ယန်နက် ဘရာဂျက်နဲ့ သူ့ဇနီးအန်ကာတို့ဟာ ကျမ်းစာကျောင်းသားတွေလို့ လူသိများခဲ့တဲ့ ယေဟောဝါသက်သေတွေ ဖြစ်လာကြတယ်။ အဲဒီတုန်းက သူတို့ ဩစတြီးယားမှာ နေကြတယ်။ ၁၉၃၆ ခုနှစ်ကစပြီး အန်ကာက အမေ့ဆီ မကြာခဏအလည်လာတယ်။ သူပေးတဲ့ ဆလိုဗေးနီးယားဘာသာစကားနဲ့ ကျမ်းစာ၊ ကင်းမျှော်စင်၊ တခြားကျမ်းစာစာပေတွေကို အမေ ချက်ချင်းဖတ်တယ်။ နောက်ဆုံး ၁၉၃၈ ခုနှစ်မှာ ဟစ်တလာက ဩစတြီးယားကို သိမ်းလိုက်တော့ ယန်နက်နဲ့ အန်ကာတို့က ဆလိုဗေးနီးယားကို ပြန်ပြောင်းလာကြတယ်။ ယေဟောဝါကို တကယ်ချစ်ပြီး ပညာလည်းရှိ၊ အမြော်အမြင်လည်းရှိတဲ့မောင်နှံအဖြစ် သူတို့ကို ကျွန်တော်အမှတ်ရနေတယ်။ သူတို့က အမေနဲ့အတူ ကျမ်းစာအကြောင်း ဆွေးနွေးလေ့ရှိတယ်၊ အဲဒါက အမေရဲ့အသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံဖို့ လှုံ့ဆော်ပေးခဲ့တယ်။ ၁၉၃၈ ခုနှစ်မှာ အမေနှစ်ခြင်းခံခဲ့တယ်။ အမေဟာ ခရစ္စမတ်ပွဲလိုမျိုး ကျမ်းစာနဲ့မညီတဲ့ ဓလေ့ထုံးတမ်းတွေကို မလုပ်တော့ဘူး။ သွေးအူချောင်း မစားတော့ဘူး။ ဒါ့အပြင် အထူးသဖြင့် အိမ်က ရုပ်ပုံအားလုံး မီးရှို့ပစ်လိုက်တာကြောင့် ရပ်ကွက်ထဲမှာ ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။ မကြာခင်မှာပဲ အတိုက်အခံလုပ်ကြတော့တယ်။ ခရစ်ယာန်သီလရှင်ဖြစ်တဲ့ အမေ့ရဲ့အဒေါ်တွေက မယ်တော်မာရိနဲ့ ချာ့ခ်ျဆီ ပြန်လှည့်လာဖို့ အမေ့ဆီစာရေးတယ်။ ဒါပေမဲ့ အမေက ကျမ်းစာမေးခွန်းတချို့ကို စာရေးပြီးမေးတဲ့အခါ ဘာပြန်စာမှ မရခဲ့ဘူး။ ကျွန်တော့်အဘိုးလည်း အပြင်းအထန်ဆန့်ကျင်တယ်။ အဘိုးက လူကြမ်းကြီးတော့မဟုတ်ပေမဲ့ ဆွေမျိုး၊ အသိုင်းအဝိုင်းက သူ့ကို ဖိအားပေးကြတယ်။ ဒါကြောင့် အမေ့ရဲ့ကျမ်းစာစာပေတွေကို မကြာခဏ မီးရှို့ပစ်တယ်၊ ဒါပေမဲ့ ကျမ်းစာကိုတော့ ဘာမှမလုပ်ခဲ့ဘူး။ ချာ့ခ်ျကိုပြန်လှည့်လာဖို့ အမေ့ကို ဒူးထောက်တောင်းပန်ခဲ့တယ်။ ဓားနဲ့ခြိမ်းခြောက်တဲ့အထိတောင် လုပ်သေးတယ်။ ဒါပေမဲ့ အဖေက ဒီလိုအပြုအမူမျိုးကို သည်းမခံဘူးလို့ အပြတ်ပြောလိုက်တယ်။
အဖေဟာ အမေ ကျမ်းစာဆက်ဖတ်နိုင်ဖို့၊ အမေ့ယုံကြည်ချက်တွေကို ကိုယ်တိုင်ရွေးချယ်နိုင်ဖို့ အားပေးကူညီခဲ့တယ်။ ၁၉၄၆ ခုနှစ်မှာ အဖေလည်း နှစ်ခြင်းခံခဲ့တယ်။ အတိုက်အခံကြားက အမှန်တရားအတွက် သတ္တိရှိရှိရပ်တည်အောင် အမေ့ကို ယေဟောဝါ ခွန်အားပေးခဲ့တာ၊ အမေ့ရဲ့ယုံကြည်ခြင်းကြောင့်
ယေဟောဝါကောင်းချီးပေးခဲ့တာတွေကို မြင်တွေ့ရတော့ ဘုရားသခင်နဲ့ ကျွန်တော့်ရဲ့ဆက်ဆံရေးကို ပိုခိုင်မြဲအောင် လုပ်ဆောင်စေခဲ့တယ်။ ကျမ်းစာနဲ့ ကျမ်းစာစာပေတွေကို အမေ ကျယ်ကျယ်ဖတ်ပြတဲ့အကျင့်ကလည်း ကျွန်တော့်အတွက် အရမ်းအကျိုးရှိခဲ့တယ်။အမေနဲ့ သူ့ညီမမာရီယာရီပီတို့ဟာ ကျမ်းစာအကြောင်း အတော်ကြာကြာ ဆွေးနွေးခဲ့ကြတယ်၊ နောက်ဆုံးတော့ ၁၉၄၂၊ ဇူလိုင်လလယ်မှာ အဒေါ်မာရီယာနဲ့ ကျွန်တော် တစ်ရက်ထဲ နှစ်ခြင်းခံခဲ့ကြတယ်။ ညီအစ်ကိုတစ်ယောက် ဟောပြောချက်ပေးပြီး အိမ်က သစ်သားရေစည်မှာ ကျွန်တော်တို့ နှစ်ခြင်းခံခဲ့ကြတယ်။
ဒုတိယကမ္ဘာစစ်အတွင်း အလုပ်ကြမ်းလုပ်ရ
ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့ ၁၉၄၂ ခုနှစ်မှာ ဂျာမနီနဲ့ အီတလီဟာ ဆလိုဗေးနီးယားကို ကျူးကျော်ဝင်ရောက်ပြီး ဟန်ဂေရီနဲ့ ခွဲဝေယူလိုက်ကြတယ်။ ကျွန်တော့်မိဘတွေက နာဇီအဖွဲ့ဖြစ်တဲ့ ဗို့လ်ဘန်းနဲ့ပူးပေါင်းဖို့ ငြင်းတယ်။ ကျွန်တော်လည်း ကျောင်းမှာ “ဟိုင်းဟစ်တလာ” လို့ပြောဖို့ ငြင်းတယ်။ ဒါတွေကို ဆရာက အာဏာပိုင်တွေဆီ အကြောင်းကြားလိုက်ပုံရတယ်။
ဒါနဲ့ပဲ ကျွန်တော်တို့ကို ရထားပေါ်တင်ပြီး ဗာဗေးရီးယားပြည်နယ်၊ ဟုထ်ဘာ့ခ်ရွာအနီးက ရဲတိုက်ကို ခေါ်သွားတယ်၊ အရင်က အလုပ်ကြမ်းစခန်းအဖြစ် အသုံးပြုခဲ့တဲ့နေရာပဲ။ ကျွန်တော့်ကို အဲဒီဒေသက မုန့်ဖုတ်သမားရဲ့မိသားစုနဲ့အတူနေပြီး အလုပ်လုပ်နိုင်အောင် အဖေစီစဉ်ပေးတယ်။ ဒီအချိန်အတွင်း ကျွန်တော် မုန့်ဖုတ်တဲ့ပညာတတ်သွားပြီး ဒီအလုပ်ဟာ နောက်ပိုင်းမှာ အရမ်းအကျိုးရှိခဲ့တယ်။ အချိန်တန်တော့ (အဒေါ်မာရီယာရဲ့မိသားစုအပါအဝင်) ကျွန်တော့်ရဲ့ကျန်မိသားစုဟာ ဂန်ဇာဟော်စန်မှာရှိတဲ့ အကျဉ်းစခန်းကို ပြောင်းရွှေ့ကြရတယ်။
စစ်ပြီးသွားတဲ့အခါ အုပ်စုတစ်စုနဲ့အတူ ကျွန်တော့်မိဘတွေရှိတဲ့နေရာကို သွားကြမလို့ပေါ့။ ကျွန်တော်တို့မထွက်ခွာခင် ညနေခင်းမှာ အဖေရောက်လာတယ်။ ယုံကြည်စိတ်ချလို့မရတဲ့ ဒီအုပ်စုနဲ့သာ ကျွန်တော်လိုက်သွားခဲ့ရင် ဘာဆက်ဖြစ်မယ်ဆိုတာ မသိဘူး။ မိဘတွေကတစ်ဆင့် အကာအကွယ်ပေး၊ လေ့ကျင့်ပေးခဲ့တဲ့ ယေဟောဝါရဲ့ မေတ္တာပါဂရုစိုက်မှုကို ကျွန်တော် ခံစားရပြန်တယ်။ မိသားစုနဲ့ဆုံတွေ့ဖို့ ကျွန်တော်တို့သားအဖ သုံးရက်ကြာ လမ်းလျှောက်ခဲ့ရတယ်။ ၁၉၄၅ ခုနှစ်၊ ဇွန်လမှာ အိမ်ကိုပြန်ရောက်ခဲ့တယ်။
စစ်ကြီးပြီးတော့ သမ္မတ ဂျိုးဇက်ဘရော့ဇ် တီတိုး ခေါင်းဆောင်တဲ့ ကွန်မြူနစ်တွေက ယူဂိုစလားဗီးယားမှာ အာဏာရလာတယ်။ ဒါကြောင့် ယေဟောဝါသက်သေတွေအတွက် အခြေအနေက ခက်ခဲနေတုန်းပါပဲ။
၁၉၄၈ ခုနှစ်မှာ ဩစတြီးယားက ရောက်လာတဲ့ ညီအစ်ကိုတစ်ယောက်ကို ကျွန်တော်တို့ ဧည့်ဝတ်ပြုကြတယ်။ ရဲတွေက သူသွားတဲ့နောက် တကောက်ကောက်လိုက်ပြီး သူလည်ပတ်တဲ့အိမ်က ညီအစ်ကိုတွေကို ဖမ်းတယ်။ အဖေလည်း ဒီညီအစ်ကိုကို ဧည့်ဝတ်ပြုတာ၊ သူ့အကြောင်း ရဲကို သတင်းမပို့တာကြောင့် အဖမ်းခံခဲ့ရပြီး ထောင်နှစ်နှစ်ကျခဲ့တယ်။ ဒါဟာ အမေ့အတွက် အရမ်းခက်ခဲတဲ့အချိန်ဖြစ်တယ်၊ အကြောင်းကတော့
အဖေမရှိတာတစ်ခုတည်းကြောင့်မဟုတ်ဘူး၊ မကြာခင် ကျွန်တော်နဲ့ညီလေးရဲ့ ကြားနေမှုဟာ စမ်းသပ်ခံရတော့မယ်ဆိုတာကိုပါ သိထားလို့ပဲ။မက်ဆီဒိုးနီးယားတွင် အကျဉ်းကျ
၁၉၄၉၊ နိုဝင်ဘာလမှာ စစ်ထဲဝင်ရမယ်ဆိုတဲ့ အမိန့်ရခဲ့တယ်။ ကျွန်တော် စစ်မှုမထမ်းနိုင်တဲ့အကြောင်း သွားရှင်းပြခဲ့တယ်။ အာဏာပိုင်တွေက ကျွန်တော်ရှင်းပြတာကို နားမထောင်ဘဲ စစ်သားအသစ်တွေနဲ့အတူ ရထားပေါ်တင်ပြီး ယူဂိုစလားဗီးယားတစ်ဖက်စွန်းက မက်ဆီဒိုးနီးယားကို ပို့လိုက်တယ်။
ကျွန်တော့်မိသားစု၊ ညီအစ်ကိုအသင်းအပင်းတွေနဲ့ သုံးနှစ်ကြာ အဆက်ပြတ်နေပြီး စာပေမပြောနဲ့၊ ကျမ်းစာအုပ်တောင်မရှိခဲ့ဘူး။ အဲဒါက ကျွန်တော့်အတွက် အရမ်းခက်ခဲတယ်။ ယေဟောဝါနဲ့ သားတော်ယေရှုခရစ်ရဲ့ ပုံသက်သေကို တွေးတောဆင်ခြင်ခဲ့လို့ ကျွန်တော် ကြံ့ကြံ့ခံရပ်နိုင်ခဲ့တာ။ မိဘတွေရဲ့ပုံသက်သေကြောင့်လည်း တကယ်ခွန်အားရှိခဲ့တယ်။ ဒါ့အပြင် ခွန်အားရှိဖို့ အမြဲဆုတောင်းတာက လက်မလျှော့မိအောင် ကူညီပေးခဲ့တယ်။
နောက်တော့ ကျွန်တော့်ကို စကော့ရယ်မြို့တော်က အက်ဒ်ရီဇိုဗိုထောင်ကို ပို့လိုက်တယ်။ ဒီထောင်မှာ အကျဉ်းသားတွေက အလုပ်အမျိုးမျိုး လုပ်ရတယ်။ ကျွန်တော်ကတော့ အစပိုင်းမှာ သန့်ရှင်းရေးအလုပ် လုပ်တယ်၊ ပြီးတော့ ရုံးတစ်ရုံးနဲ့တစ်ရုံး စာပို့တဲ့အလုပ် လုပ်တယ်။ လျှို့ဝှက်ရဲဖြစ်ခဲ့ဖူးတဲ့ အကျဉ်းသားတစ်ယောက်က ကျွန်တော့်ကို အနိုင်ကျင့်နေကျပဲ၊ ဒါပေမဲ့ အစောင့်တွေ၊ အကျဉ်းသားတွေအပြင် အကျဉ်းထောင်အလုပ်ရုံ မန်နေဂျာနဲ့တောင် အဆင်ပြေအောင်ပေါင်းနိုင်ခဲ့တယ်။
အကျဉ်းထောင်မုန့်ဖိုမှာ မုန့်ဖုတ်သမားတစ်ယောက်လိုတယ်ဆိုတာ နောက်ပိုင်းမှာ ကျွန်တော်သိလာတယ်။ ရက်အနည်းငယ်ကြာတော့ တန်းစီလူစစ်တဲ့နေရာကို မန်နေဂျာရောက်လာတယ်။ လူတန်းကို ဖြတ်လျှောက်ပြီး ကျွန်တော့်ရှေ့ ရပ်လိုက်တယ်။ “မင်းက မုန့်ဖုတ်သမားလား” လို့မေးတယ်။ “ဟုတ်ကဲ့” လို့ ကျွန်တော်ဖြေလိုက်တယ်။ “မနက်ဖြန်မနက် မုန့်ဖိုကို သွားသတင်းပို့” ဆိုပြီး သူပြောတယ်။ ကျွန်တော့်ကိုအနိုင်ကျင့်နေကျ အကျဉ်းသားဟာ မုန့်ဖိုရှေ့ကနေ ဖြတ်ဖြတ်သွားလေ့ရှိပေမဲ့ သူဘာမှမတတ်နိုင်ဘူး။ အဲဒီမှာ ၁၉၅၀ ပြည့်နှစ်၊ ဖေဖော်ဝါရီကနေ ဇူလိုင်လအထိ ကျွန်တော် အလုပ်လုပ်ခဲ့ရတယ်။
အဲဒီနောက် ကျွန်တော့်ကို မက်ဆီဒိုးနီးယားတောင်ပိုင်း၊ ပရက်စ်ပါအိုင်အနီးက ဗိုလ်ကိုဒီရီစစ်တန်းလျားကို ပို့လိုက်တယ်။ အဲဒီနေရာက အိုတက်စ်ဗိုမြို့နဲ့နီးလို့ အိမ်ကို စာရေးဆက်သွယ်နိုင်တယ်။ လမ်းဖောက်တဲ့အလုပ်လည်း လုပ်ခဲ့ရပေမဲ့ မုန့်ဖိုမှာလုပ်ရတဲ့အချိန်က ပိုများတယ်၊ ဒါက ကျွန်တော့်အတွက် အဆင်ပြေလွယ်ကူတဲ့အလုပ်ဖြစ်တယ်။ ၁၉၅၂၊ နိုဝင်ဘာလမှာ ကျွန်တော် ထောင်ကလွတ်လာတယ်။
ကျွန်တော်ထောင်ကျနေချိန်အတွင်း ပေါ့ဟူမ်မှာ အသင်းတော်တစ်ခုဖြစ်နေပြီ။ အစပိုင်းမှာတော့ အသင်းတော်ဟာ စပေါ်ငယ် ဂေါ်ရယ်မြို့က တည်းခိုခန်းမှာ တွေ့ဆုံစုဝေးခဲ့ကြတယ်။ နောက်တော့ အဖေက ကျွန်တော်တို့အိမ်မှာ စုဝေးနိုင်ဖို့အခန်းတစ်ခုဖွဲ့လိုက်တယ်။ မက်ဆီဒိုးနီးယားကနေ ကျွန်တော်အိမ်ပြန်ရောက်လာတဲ့အခါ သူတို့နဲ့ပူးပေါင်းရလို့ သိပ်ပျော်တယ်။ ကျွန်တော်ထောင်မကျခင်က သိကျွမ်းခဲ့တဲ့စတန်ခါနဲ့ ပြန်ဆုံခဲ့တယ်။ ၁၉၅၄၊ ဧပြီလ ၂၄ ရက်မှာ ကျွန်တော်တို့ လက်ထပ်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော် အေးအေးဆေးဆေးနေရတဲ့အချိန် ကုန်ဆုံးပါတော့မယ်။
မာရီဘောမြို့တွင် အကျဉ်းကျ
၁၉၅၄၊ စက်တင်ဘာလမှာ စစ်မှုထမ်းဖို့ ဒုတိယအကြိမ် ဆင့်ခေါ်ခံရပြန်တယ်။ ဒီတစ်ခါတော့ စလိုဗေးနီးယားအရှေ့စွန်းက မာရီဘောထောင်မှာ သုံးနှစ်ခွဲကျော် နေရတယ်။ အခွင့်ရတာနဲ့ချက်ချင်းပဲ စာရွက်၊ ခဲတံဝယ်လိုက်တယ်။ အဲ့ဒီစာရွက်တွေနဲ့ စာအုပ်ချုပ်ပြီး ကျမ်းချက်တွေ၊ ကင်းမျှော်စင်နဲ့ ခရစ်ယာန်စာပေတွေထဲက ကျွန်တော်မှတ်မိသမျှ အဓိကအချက်တွေကို ချရေးတယ်။ ရေးထားတာတွေကိုပြန်ဖတ်ပြီး ထပ်မှတ်မိလာတဲ့အရာတွေကို ဖြည့်စွက်ရေးခဲ့တယ်။ ထောင်ကနေလည်းထွက်ရော စာအုပ်လည်းပြည့်သွားတယ်၊ ဒါက အမှန်တရားမှာပဲ ဆက်အာရုံစိုက်နေဖို့၊ ဝိညာဉ်ရေး ဆက်သန်စွမ်းနေဖို့ ကူညီပေးခဲ့တယ်။ ဆုတောင်းတာ၊ တွေးတောဆင်ခြင်တာတွေကလည်း ကျွန်တော့်ဝိညာဉ်ရေးကို ဆက်သန်စွမ်းနေစေတဲ့ အဖိုးမဖြတ်နိုင်တဲ့အရာဖြစ်ပြီး တခြားသူတွေကို အမှန်တရားအကြောင်း သတ္တိရှိရှိပြောနိုင်အောင် ကူညီပေးခဲ့တယ်။
အဲဒီအချိန်အတွင်း တစ်လကို စာတစ်စောင် လက်ခံခွင့်၊ တစ်လကို ၁၅ မိနစ် ထောင်ဝင်စာတွေ့ခွင့်ပေးတယ်။ စတန်ခါခမျာ ကျွန်တော့်ကို စောစောထောင်ဝင်စာတွေ့နိုင်ဖို့ တစ်ညလုံး ရထားစီးလာရတယ်၊ အပြန်ခရီးလည်း အဲ့ဒီလိုပဲ။ ဒီလိုလာလည်ပတ်တာက အရမ်းအားရှိစေတယ်။ အဲဒီနောက်ပိုင်း ကျမ်းစာရနိုင်ဖို့ ကျွန်တော် အကြံထုတ်ခဲ့တယ်။ ကျွန်တော်နဲ့စတန်ခါဟာ စားပွဲရဲ့တစ်ဖက်တစ်ချက် မျက်နှာချင်းဆိုင်ထိုင်ရပြီး ကျွန်တော်တို့ကို အစောင့်တစ်ယောက်က စောင့်ကြည့်နေတယ်။ အစောင့်သတိမထားမိချိန်မှာ နောက်တစ်ခါလာရင် ကျမ်းစာအုပ်ယူခဲ့ဖို့ မှာထားတဲ့စာကို စတန်ခါရဲ့လက်ဆွဲအိတ်ထဲ ထည့်ပေးလိုက်တယ်။
ဒီလိုလုပ်တာက သိပ်အန္တရာယ်များတယ်လို့ ကျွန်တော့်မိဘတွေနဲ့ စတန်ခါတို့ တွေးမိကြတယ်၊ ဒါကြောင့် ခရစ်ယာန်ဂရိကျမ်းစာထဲက စာမျက်နှာတချို့ကို ပေါင်မုန့်လုံးထဲ ထည့်ကြတယ်။ ဒီလိုနည်းနဲ့ ကျွန်တော်လိုအပ်နေတဲ့ ကျမ်းစာအုပ်ကို ရရှိခဲ့တယ်။ ဒီလိုနည်းနဲ့ပဲ စတန်ခါရဲ့လက်ရေးနဲ့ ကင်းမျှော်စင်မိတ္တူတွေရခဲ့တယ်။ ချက်ချင်းပဲ ကျွန်တော့်လက်ရေးနဲ့ မိတ္တူပြန်ကူးရေးပြီး မူရင်းကို အစဖျောက်ပစ်တယ်၊ ဒါမှ ဘယ်ကရတယ်ဆိုတာ ဘယ်သူမှ မသိကြမှာ။
ကျွန်တော် အမြဲဟောပြောနေတာကြောင့် ဒုက္ခတွေ့ရလိမ့်မယ်လို့ အဖော်အကျဉ်းသားတွေက ပြောကြတယ်။ တစ်ခါက ထောင်သားတစ်ယောက်နဲ့ ကျမ်းစာအကြောင်း အားရပါးရဆွေးနွေးဖြစ်ခဲ့တယ်။ သော့ခလောက်ဖွင့်သံကြားရပြီး အစောင့်တစ်ယောက် ဝင်လာတယ်။ ကျွန်တော့်ကို တစ်ယောက်ထဲ တိုက်ပိတ်ထားတော့မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ အဲ့ဒီရည်ရွယ်ချက်နဲ့မဟုတ်ဘူး။ အစောင့်က ကျွန်တော်တို့ဆွေးနွေးတာကိုကြားပြီး သူလည်း ပါဝင်ချင်လို့ဖြစ်တယ်။ သူ့မေးခွန်းတွေရဲ့အဖြေရတော့ ကျေနပ်သွားတယ်၊ ဒါနဲ့ အကျဉ်းခန်းတံခါးကို ပြန်ပိတ်ပြီး ထွက်သွားတယ်။
ကျွန်တော်ထောင်ကျတဲ့ နောက်ဆုံးနှစ်မှာ အကျဉ်းသားတွေရဲ့ အကျင့်ပြုပြင်ပြောင်းလဲရေး တာဝန်ခံလူကြီးက အမှန်တရားအတွက် ကျွန်တော်ရပ်တည်ခဲ့တာကို ချီးမွမ်းတယ်။ ယေဟောဝါရဲ့နာမတော်ကို တခြားသူတွေသိအောင် ကြိုးစားလုပ်ဆောင်ခဲ့တဲ့ ရလဒ်ကောင်းပဲဆိုတာ ခံစားလိုက်ရတယ်။ ၁၉၅၈၊ မေလမှာ ကျွန်တော် ထောင်ကလွတ်လာပြန်တယ်။
ဩစတြီးယားကို ထွက်ပြေး၊ ထိုမှတစ်ဖန် ဩစတြေးလျသို့
၁၉၅၈၊ ဩဂုတ်မှာ ကျွန်တော့်အမေ ဆုံးသွားတယ်။ အမေဖျားနေတာ အတော်ကြာပြီ။ ၁၉၅၈၊ စက်တင်ဘာလမှာ ကျွန်တော့်ကို စစ်မှုထမ်းဖို့ တတိယအကြိမ် ဆင့်ခေါ်ပြန်တယ်။ အဲဒီညနေမှာပဲ စတန်ခါနဲ့ကျွန်တော် အစပိုင်းမှာပြောခဲ့သလို နယ်စပ်ဖြတ်ကျော်ဖို့ အရေးကြီးတဲ့ဆုံးဖြတ်ချက် ချခဲ့ရတယ်။ ကျွန်တော်တို့ ဘယ်သူ့ကိုမှ အသိမပေးဘဲ ကျောပိုးအိတ်နှစ်လုံးနဲ့ တာလပတ်တစ်ခုကိုသယ်ပြီး ပြတင်းပေါက်ကိုကျော်၊ စတိုးလ်တောင်အနောက်ဘက်မှာရှိတဲ့ ဩစတြီးယားနယ်စပ်ကို ထွက်လာခဲ့ကြတယ်။ ယေဟောဝါရှင်ဟာ ကျွန်တော်တို့ သက်သာမှုလိုအပ်နေတယ်ဆိုတာ သိတဲ့အခါ လမ်းဖွင့်ပေးခဲ့ပုံရတယ်။
ဩစတြီးယားအာဏပိုင်တွေက ကျွန်တော်တို့ကို စောင်စဘာ့ဂျ်မြို့အနားက ဒုက္ခသည်စခန်းကို ပို့လိုက်တယ်။ အဲဒီမှာနေရတဲ့ခြောက်လအတွင်းမှာ အဲဒီကသက်သေခံတွေနဲ့ ကျွန်တော်တို့ အမြဲပေါင်းသင်းနေတဲ့အတွက် စခန်းမှာ အနေနည်းတယ်။ ကျွန်တော်တို့ မြန်မြန်ဆန်ဆန် မိတ်ဆွေရသွားတာကို စခန်းထဲက တခြားသူတွေ အံ့ဩကြတယ်။ အဲဒီမှာရှိနေတုန်း ဦးဆုံးအကြိမ် စည်းဝေးပွဲတက်ခဲ့ရတယ်။ ဦးဆုံးအကြိမ်အနေနဲ့ တစ်အိမ်မှတစ်အိမ် လွတ်လွတ်လပ်လပ်ဟောပြောခွင့်ရခဲ့တယ်။ ကျွန်တော်တို့ခွဲခွာချိန် ရောက်တဲ့အခါ ဒီချစ်ခင်ရတဲ့မိတ်ဆွေတွေကို ထားခဲ့ဖို့ဆိုတာ တကယ်မလွယ်လှဘူး။
ဩစတြီးယားအာဏာပိုင်တွေက ကျွန်တော်တို့ ဩစတြေးလျနိုင်ငံကို ပြောင်းရွှေ့နေထိုင်ဖို့ အခွင့်အရေးကမ်းလှမ်းခဲ့တယ်။ ဒီလိုဝေးဝေးလံလံသွားရလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးဘူး။ အီတလီနိုင်ငံ၊ ဂျီနိုအာမြို့ကို ရထားစီးသွားတယ်၊ အဲဒီနောက် သင်္ဘောစီးပြီး ဩစတြေးလျကို ထွက်လာခဲ့ကြတယ်။ နောက်ဆုံး နယူးဆောက်ဝေးက ဝေါလန်ဂေါင်မြို့မှာ ကျွန်တော်တို့ အခြေချတယ်။ ၁၉၆၅၊ မတ်လ ၃၀ ရက်မှာ သားလေးဖိလစ် မွေးလာတယ်။
ယူဂိုစလားဗီးယားလို့ အရင်ကလူသိများခဲ့တဲ့ဒေသကနေ ပြောင်းရွှေ့လာသူတွေကို ဟောပြောနိုင်တဲ့ အခွင့်အရေးအပါအဝင် လုပ်ငန်းတော်အခွင့်ထူးအများကြီး ဩစတြေးလျရောက်မှ ရရှိခဲ့တယ်။ စည်းလုံးတဲ့မိသားစုအနေနဲ့ ယေဟောဝါကို အမှုဆောင်ခွင့်ရနေတာအပါအဝင် ယေဟောဝါရဲ့ကောင်းချီးတွေအတွက် ကျေးဇူးတင်မိတယ်။ ဖိလစ်နဲ့ သူ့ဇနီး စူဇီတို့လည်း ဩစတြေးလျက ယေဟောဝါသက်သေဌာနခွဲရုံးမှာ အမှုဆောင်ခွင့်ရတယ်၊ ဆလိုဗေးနီးယားက ဌာနခွဲရုံးမှာ နှစ်နှစ်အမှုဆောင်ခွင့်တောင် ရခဲ့တယ်။
ကျွန်တော် အသက်ကြီးလာလို့ ကျန်းမာရေးချူချာလာပေမဲ့ ကျွန်တော်တို့ဇနီးမောင်နှံဟာ ယေဟောဝါရဲ့အမှုတော် ထမ်းဆောင်ရလို့ ပျော်ရွှင်နေတုန်းပဲ။ မိဘတွေရဲ့ပုံသက်သေကောင်းကို ကျွန်တော် အရမ်းလေးမြတ်မိတယ်! ဒါက ကျွန်တော့်ကို ဆက်ပြီးခွန်အားရှိနေစေတယ်၊ ‘မျှော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲသောအခါ သည်းခံကြလော့။ ဆုတောင်းခြင်းအမှုကို အမြဲပြုကြလော့’ ဆိုပြီး တမန်တော်ပေါလုပြောခဲ့တဲ့အတိုင်း လုပ်ဆောင်နိုင်အောင် ကူညီပေးခဲ့တယ်။—ရောမ ၁၂:၁၂။
[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]
၁၉၂၀ ပြည့်လွန်နှစ်များနှောင်းပိုင်းက ကျွန်တော့်မိဘများ
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ယာစွန်မှသူသည် ကျွန်တော့်အမေဖြစ်၊ အမေ့ကို အမှန်တရားသင်ပေးခဲ့သူ အန်ကာနှင့်အတူ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ကျွန်တော်တို့လက်ထပ်ပြီးနောက် မကြာမီတွင် ဇနီးစတန်ခါနှင့်အတူ
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
၁၉၅၅ ခုနှစ်က ကျွန်တော်တို့အိမ်တွင်စုဝေးကြသည့်အသင်းတော်
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ကျွန်တော့်ဇနီး၊ သားဖိလစ်၊ ချွေးမစူဇီတို့နှင့်အတူ