မိဘတို့၊ သားသမီးများကို အဘယ်အနာဂတ် ရရှိစေလိုကြသနည်း
မိဘတို့၊ သားသမီးများကို အဘယ်အနာဂတ် ရရှိစေလိုကြသနည်း
‘လူပျိုနှင့်အပျိုများ၊ ထာဝရဘုရားသခင်၏နာမတော်ကို ချီးမွမ်းကြစေ။’—ဆာလံ ၁၄၈:၁၂၊ ၁၃။
၁။ မိဘများသည် သားသမီးများနှင့်ပတ်သက်၍ အဘယ်အရာများကို စိုးရိမ်ကြသနည်း။
သားသမီးများ၏အနာဂတ်အတွက် မစိုးရိမ်သည့်မိဘ ရှိပါသလော။ မွေးကင်းစကလေးအတွက် မဆိုထားနှင့်၊ မမွေးခင်ကတည်းကပင် မိဘများ စတင်စိုးရိမ်လေတော့သည်။ ကျန်းမာရေးကောင်းမည်လော။ ပုံမှန်ကြီးထွားလာမည်လော။ ကလေးကြီးလာလေလေ စိုးရိမ်ပူပန်မှု များလာလေလေဖြစ်သည်။ အများအားဖြင့် မိဘများသည် သားသမီးများအတွက် အကောင်းဆုံးဖြစ်စေလိုကြသည်။—၁ ဓမ္မရာဇဝင် ၁:၁၁၊ ၂၇၊ ၂၈; ဆာလံ ၁၂၇:၃-၅။
၂။ ယနေ့ များစွာသောမိဘတို့သည် သားသမီးများ ကြီးပြင်းလာသောအခါ သာယာချမ်းမြေ့သည့်ဘဝ ပိုင်ဆိုင်စေရန် အဘယ်ကြောင့် စိတ်ပြင်းပြကြသနည်း။
၂ သို့သော် မျက်မှောက်လောကတွင် သားသမီးများကို အကောင်းဆုံးအရာများပေးရန် မိဘများအတွက် မလွယ်ကူကြချေ။ မိဘများစွာသည် စစ်ပွဲများ၊ နိုင်ငံရေးဆူပူအုံကြွမှုများ၊ စီးပွားရေးအခက်အခဲများ၊ ကာယရေးနှင့်စိတ်ပိုင်းဆိုင်ရာ ဒဏ်ချက်များအစရှိသော အခက်အခဲများကို ဖြတ်ကျော်ခဲ့ကြရသည်။ ထို့ကြောင့် သားသမီးများအား ၎င်းတို့ကို မကြုံစေလိုကြချေ။ ချမ်းသာကြွယ်ဝသောနိုင်ငံများတွင် မိဘများသည် မိမိတို့မိတ်ဆွေများနှင့် ဆွေမျိုးများ၏ သားသမီးများ အလုပ်အကိုင်ကောင်းပြီး ကြီးပွားနေကြသည်ကို တွေ့မြင်ပေမည်။ သို့ဖြစ်၍ မိမိတို့၏သားသမီးများလည်း ကြီးပြင်းလာသည့်အခါ မကြောင့်မကြ၊ ချမ်းမြေ့သောဘဝမျိုးရရှိစေရန် အတတ်နိုင်ဆုံးကြိုးစားပေးရမည်ဟု ယူမှတ်ကြသည်။—ဒေ. ၃:၁၃။
သာယာချမ်းမြေ့သည့်ဘဝကို ရွေးချယ်ခြင်း
၃။ ခရစ်ယာန်များသည် အဘယ်အသက်တာမျိုးကို ရွေးချယ်ကြသနည်း။
၃ ယေရှုခရစ်၏နောက်လိုက်များအနေနှင့် ခရစ်ယာန်များသည် မိမိတို့ဘဝကို ယေဟောဝါထံ ဆက်ကပ်အပ်နှံထားကြ၏။ သူတို့သည် ယေရှု၏ဤစကားများကို စွဲမှတ်ထားကြသည်– “ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။” (လုကာ ၉:၂၃; ၁၄:၂၇) ခရစ်ယာန်တစ်ဦး၏ဘဝသည် ကိုယ်ကျိုးစွန့်ခြင်း အမှန်ဖြစ်၏။ သို့သော် ကိုယ်စိတ်ဆင်းရဲသည့်ဘဝမျိုးတော့မဟုတ်ချေ။ ပေးကမ်းစွန့်ကြဲကြရသည့်အတွက် ပျော်ရွှင်ရောင့်ရဲပြီး ချမ်းမြေ့သည့်ဘဝမျိုးဖြစ်၏။ ယေရှုမိန့်ဆိုခဲ့သည့်အတိုင်း ရယူခြင်းထက် ပေးကမ်းခြင်းက ပျော်ရွှင်မှုပိုရှိစေသည်။—တမန်တော် ၂၀:၃၅။
၄။ ယေရှုသည် အဘယ်လမ်းစဉ်ကိုလိုက်ရန် နောက်လိုက်များအား တိုက်တွန်းခဲ့သနည်း။
၄ ယေရှုခေတ်က လူတို့သည် အလွန်ဆင်းရဲခက်ခဲကြသည်။ သူတို့သည် ဝမ်းစာရှာရသည့်ပြင် ခက်ထန်ကြမ်းတမ်းသော ရောမအုပ်ချုပ်မှုနှင့် ထိုခေတ်က စာအုပ်ကြီးအတိုင်းလိုက်သည့် ဘာသာရေးဆရာများ၏ ဖိစီးမှုတို့ကို ခံခဲ့ကြရရှာသည်။ (မဿဲ ၂၃:၂-၄) မည်သို့ပင်ဖြစ်စေ၊ ယေရှုအကြောင်း ကြားသိသူများစွာသည် ဝမ်းစာရှာအလုပ်များအပါအဝင် ကိုယ့်အရေးကိစ္စများကို ဝမ်းပန်းတသာစွန့်၍ ကိုယ်တော်၏နောက်သို့လိုက်ကြသည်။ (မဿဲ ၄:၁၈-၂၂; ၉:၉; ကောလောသဲ ၄:၁၄) အဆိုပါတပည့်များသည် မိုက်ရူးရဲဆန်ဆန် မိမိတို့ဘဝတက်လမ်းကို ပိတ်နေကြခြင်းလော။ ယေရှု၏ဤစကားများကို သတိပြုပါ– “အကြင်သူသည် ငါ၏နာမကြောင့် အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တစ်ပါးပါးကိုစွန့်၏။ ထိုသူသည် အဆတစ်ရာသောအကျိုးကိုရ၍ ထာဝရအသက်ကို အမွေခံရလတ္တံ့။” (မဿဲ ၁၉:၂၉) ကောင်းကင်ခမည်းတော်သည် သူတို့၏လိုအပ်ရာများကို သိရှိတော်မူကြောင်း မိမိ၏နောက်လိုက်များအား ယေရှုစိတ်ချစေခဲ့သည်။ သို့ဖြစ်၍ ကိုယ်တော်က “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့” ဟုတိုက်တွန်းခဲ့၏။—မဿဲ ၆:၃၁-၃၃။
၅။ ဘုရားသခင်သည် မိမိ၏ကျေးကျွန်များကို ဂရုစိုက်မည်ဟူသော ယေရှု၏အာမခံချက်ကို အချို့မိဘများ မည်သို့ယူမှတ်ကြသနည်း။
၅ ယနေ့လည်း ထူးမခြားနားပင်။ ကျွန်ုပ်တို့၏လိုအပ်ရာများကို ယေဟောဝါ သိရှိတော်မူ၏။ ဘုရားသခင့်နိုင်ငံတော် အကျိုးစီးပွားကို ရှေးဦးထားသူများ၊ အထူးသဖြင့် အချိန်ပြည့်ဓမ္မအမှုတွင် ပါဝင်သူများသည် မိမိတို့ကို ကိုယ်တော်ဂရုစိုက်မည်ဟူသော ထပ်တူအာမခံချက် ရရှိထားကြသည်။ (မာလခိ ၃:၆၊ ၁၆; ၁ ပေတရု ၅:၇) သို့သော် အချို့မိဘများသည် ယင်းနှင့်ပတ်သက်၍ စိတ်ဒွိဟဖြစ်နေကြ၏။ သားသမီးများသည် အချိန်ပြည့်ဓမ္မအမှုတွင်ပါဝင်ကာ ယေဟောဝါ၏လုပ်ငန်းတော်၌ တိုးတက်နေသည်ကို မြင်တွေ့လိုကြသည်။ အခြားတစ်ဖက်တွင်မူ မျက်မှောက်လောက၏ စီးပွားရေးနှင့် အလုပ်အကိုင်အခြေအနေကြောင့် သင့်လျော်သောအလုပ်တစ်ခု လုပ်ကိုင်ရန် လက်မှတ်များရှိထားရမည်၊ ယုတ်စွအဆုံး လိုအပ်လာမည်ဆိုလျှင် အသုံးချနိုင်ရန် ပညာကို ဦးစွာဆည်းပူးထားလျှင်ကောင်းမည်ဟု ယူမှတ်ကြ၏။ ထိုသို့သောမိဘများက ပညာဟုဆိုရာတွင် အဆင့်မြင့်ပညာကို ဆိုလိုလေ့ရှိ၏။
အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်း
၆။ ဤဆောင်းပါးတွင် “အဆင့်မြင့်ပညာရေး” ဟူသော ဝေါဟာရကို မည်သို့အသုံးပြုထားသနည်း။
၆ ပညာရေးစနစ်သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူကြချေ။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုတွင် အခြေခံပညာရရှိရန် ၁၂ နှစ်ကြာ၏။ ထို့နောက် ကျောင်းသားများသည် လေးငါးနှစ်ခန့် တက္ကသိုလ် သို့မဟုတ် ကောလိပ်တက်ပြီး ဆေးပညာ၊ ဥပဒေပညာ၊ စက်မှုပညာအစရှိသည်တို့တွင် ဘွဲ့ယူလိုမည်၊ သို့မဟုတ် ဘွဲ့လွန်သင်တန်း ဆက်တက်လိုကြမည်။ ဤဆောင်းပါးတွင် ဖော်ပြထားသော “အဆင့်မြင့်ပညာရေး” သည် အဆိုပါတက္ကသိုလ်ပညာကို ဆိုလို၏။ အခြားတစ်ဖက်တွင်မူ အတတ်ပညာပိုင်း၊ သို့မဟုတ် လုပ်ငန်းတစ်ခုခုအတွက် ဒီပလိုမာလက်မှတ်ရနိုင်သည့် ရက်တိုသင်တန်းပို့ချသော စက်မှုသင်တန်းကျောင်း သို့မဟုတ် အသက်မွေးပညာသင်ကျောင်းများလည်းရှိသည်။
၇။ အထက်တန်းကျောင်းသားများသည် အဘယ်ဖိအားပေးမှုများကို ခံနေကြရသနည်း။
၇ ယခုခေတ် အလယ်တန်း၊ အထက်တန်းကျောင်းများသည် ကျောင်းသားများကို အဆင့်မြင့်ပညာရေး ဆက်ဆည်းပူးနိုင်ရန် ပြင်ဆင်ပေး၏။ ထိုသို့ပြင်ဆင်ပေးနိုင်ရန် အထက်တန်းကျောင်းအများစုသည် ကျောင်းသားများကို အလုပ်ခွင်ဝင်ဖို့ အသင့်ရှိစေမည့် ဘာသာရပ်များအစား တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် အမှတ်များများရနိုင်မည့် ဘာသာရပ်များကို အာရုံစိုက်စေသည်။ ယနေ့ အထက်တန်းကျောင်းသားများသည် လစာကောင်းပြီး တက်လမ်းရှိသောအလုပ်ရနိုင်မည့် ဘွဲ့များရရှိဖို့ အကောင်းဆုံးတက္ကသိုလ်များကိုတက်ကြရန် ဆရာများ၊ အကြံပေးပုဂ္ဂိုလ်များနှင့် ကျောင်းနေဖက်များ၏ ဖိအားပေးမှုကို အကြီးအကျယ်ခံနေကြရရှာသည်။
၈။ ခရစ်ယာန်မိဘများသည် အဘယ်ရွေးချယ်စရာများ ရှိနေသနည်း။
၈ သို့နှင့် ခရစ်ယာန်မိဘများသည် အဘယ်အရာပြုလုပ်ရမည်နည်း။ သူတို့သည် သားသမီးများ ကျောင်းစာတော်ပြီး နောင်တစ်နေ့ မိမိတို့ကိုယ်ကို ထောက်ပံ့နိုင်ရန် လိုအပ်သည့်အတတ်ပညာများကို သင်ယူစေလိုကြ၏။ (သု. ၂၂:၂၉) သားသမီးများတွင် တိုးတက်အောင်မြင်ရန် ပြိုင်ဆိုင်လိုသည့်စိတ်ဓာတ် ရှိစေသင့်သလော။ ပြောဆိုတိုက်တွန်း၍ဖြစ်စေ၊ ပုံသက်သေပြ၍ဖြစ်စေ မိမိတို့၏သားသမီးများအတွက် အဘယ်ပန်းတိုင်များ ထားပေးသနည်း။ အချို့မိဘများသည် အချိန်တန်လျှင် အဆင့်မြင့်ကျောင်းများသို့ သားသမီးများကို စေလွှတ်နိုင်ရန် ကြိုးစားအလုပ်လုပ်ပြီး ငွေစုကြ၏။ အချို့မိဘများမှာမူ အဆိုပါရည်ရွယ်ချက်အတွက် အကြွေးယူဖို့ပင် မတွန့်ဆုတ်ကြချေ။ သို့သော် ဤသို့ဆုံးဖြတ်လိုက်ခြင်းအတွက် အကုန်အကျမှာ ငွေကြေးမျှသာ မဟုတ်ချေ။ ယနေ့ အဆင့်မြင့်ပညာရေး လိုက်စားခြင်း၏အကုန်အကျကား အဘယ်နည်း။—လုကာ ၁၄:၂၈-၃၃။
အဆင့်မြင့်ပညာရေးလိုက်စားခြင်း၏အကုန်အကျ
၉။ ယနေ့ အဆင့်မြင့်ပညာရေး၏ ငွေကြေးအကုန်အကျနှင့်ပတ်သက်၍ မည်သို့ဆိုနိုင်သနည်း။
၉ အကုန်အကျဟုဆိုလျှင် ငွေကြေးကိုသာ တွေးမိတတ်ကြသည်။ တချို့နိုင်ငံများတွင် အဆင့်မြင့်ပညာရေးကို အစိုးရက ထောက်ပံ့ပေးပြီး စာတော်သောကျောင်းသားများသည် ကျောင်းလခ မပေးရချေ။ သို့သော် နိုင်ငံအများစုတွင် အဆင့်မြင့်ပညာသင်စရိတ် ကြီးသည်ထက် ကြီးလာလေသည်။ နယူးယောက်တိုင်းမ်စ်၏ ပင်တိုင်ဆောင်းပါးတစ်ပုဒ်က ဤသို့ဖော်ပြသည်– “အဆင့်မြင့်ပညာရေးကို အခွင့်အရေးတံခါးအဖြစ် ယူမှတ်ခဲ့ကြသည်။ ယခုအခါ ယင်းကြောင့် လူကုံထံနှင့် သာမန်လူတန်းစားတို့၏ ကွာဟမှု သိသာထင်ရှားလာ၏။” တစ်နည်းအားဖြင့် အဆင့်မြင့်ပညာရေးသည် လူကုံထံနှင့် ဩဇာရှိသူများအတွက်သာ ဖြစ်လာနေသည်။ သူဌေးသူကြွယ်တို့သည် မိမိ၏သားသမီးများကိုလည်း ဤအစီအစဉ်စနစ်တွင် ကြွယ်ဝချမ်းသာ၍ ဩဇာရှိသူများ ဖြစ်စေလိုကြသည်။ ခရစ်ယာန်မိဘများသည် မိမိတို့၏သားသမီးများအတွက် ဤသို့သောပန်းတိုင် ချပေးသင့်သလော။—ဖိလိပ္ပိ ၃:၇-၁၀; ယာကုပ် ၄:၄။
၁၀။ အဆင့်မြင့်ပညာရေးနှင့် လက်ရှိအစီအစဉ်စနစ်တိုးတက်ရေး မည်သို့ဆက်စပ်နေသနည်း။
၁၀ အဆင့်မြင့်ပညာရေးကို အခမဲ့သင်ကြားခွင့်ရသည့် နေရာများ၌ပင် စဉ်းစားသုံးသပ်စရာများရှိပေမည်။ ဥပမာ၊ အရှေ့တောင်အာရှတစ်နိုင်ငံမှ အစိုးရသည် “ပစ်ရမစ်ပုံစံ ပညာရေးစနစ်ကို တည်ထောင်ထားပြီး အတော်ဆုံးကျောင်းသားများကို ထိပ်ဆုံးသို့ ပြောင်ပြောင်တင်းတင်း တင်ပေးသည်” ဟုသည်ဝေါလ်စထရိဂျာနယ်က ဖော်ပြသည်။ “ထိပ်ဆုံး” ဟူသည် ကမ္ဘာ့လက်ရွေးစင် တက္ကသိုလ်များဖြစ်သည့် အင်္ဂလန်နိုင်ငံရှိ အောက်စ်ဖို့ဒ်နှင့်ကိန်းဘရစ်၊ အမေရိကန်ပြည်ထောင်စုရှိ အိုင်ဗီလိဂ်ကျောင်းများအစရှိသည်တို့ကို ဆိုလို၏။ ထိုအစိုးရသည် အဘယ်ကြောင့် ဤကဲ့သို့သောရေရှည်စီမံကိန်းကို ရေးဆွဲရသနည်း။ “တိုင်းပြည်၏စီးပွားရေးကို မြှင့်တင်ပေးရန်” ဖြစ်သည်ဟု ဆို၏။ ကျောင်းသားများသည် အခမဲ့ပညာသင်ခွင့်ရရှိကြသော်လည်း ပေးဆပ်လိုက်ရသည့်အခကား ဤလက်ရှိအစီအစဉ်စနစ် တိုးတက်ရေးအတွက် သူတို့ဘဝကို မြှုပ်နှံလိုက်ရခြင်းဖြစ်၏။ လောကတွင် ဤသို့သောဘဝပုံစံကို သဲကြီးမဲကြီးလိုက်စားနေကြသော်လည်း ခရစ်ယာန်မိဘများသည် မိမိတို့၏သားသမီးများကို ထိုသို့ဖြစ်စေလိုသလော။—ယောဟန် ၁၅:၁၉; ၁ ယောဟန် ၂:၁၅-၁၇။
၁၁။ တက္ကသိုလ်ကျောင်းသားများ အရက်သေစာအလွဲသုံးမှု၊ လိင်အကျင့်ယိုယွင်းမှုတို့နှင့်ပတ်သက်၍ မှတ်တမ်းများက အဘယ်အရာဖော်ပြသနည်း။
၁၁ ထို့ပြင် ပတ်ဝန်းကျင်အခြေအနေလည်း ရှိသေးသည်။ တက္ကသိုလ်နှင့် ကောလိပ်နယ်မြေများသည် မူးယစ်ဆေးဝါးနှင့် အရက်သေစာအလွဲသုံးစွဲမှု၊ အကျင့်ပျက်ပြားမှု၊ လိမ်လည်မှု၊ အနိုင်ကျင့်မှုအစရှိသည့် မကောင်းသောအပြုအမူများပြုသည့် နေရာအဖြစ် နာမည်ကြီး၏။ အရက်သေစာအလွဲသုံးမှုကို သုံးသပ်ကြည့်ပါ။ အရက်မူးဖို့ စည်းလွတ်ဝါးလွတ်သောက်ခြင်းနှင့်ပတ်သက်၍ နယူးဆိုင်းယင်းတစ်မဂ္ဂဇင်းက ဤသို့ဆို၏– “[အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်ကျောင်းသား] ၄၄ ရာခိုင်နှုန်းခန့်သည် အနည်းဆုံး နှစ်ပတ်တစ်ခါ ဝိုင်းဖွဲ့သောက်စားကြသည်။” ဩစတြေးလျ၊ ဗြိတိန်၊ ရုရှားနှင့် အခြားနိုင်ငံများရှိ လူငယ်များသည်လည်း ထိုနည်းအတိုင်း ဖြစ်ပျက်လျက်ရှိသည်။ လိင်အကျင့်ယိုယွင်းမှုနှင့်ပတ်သက်လျှင် “ငြိစွန်းခြင်း” အကြောင်းကို ယနေ့ ကျောင်းသားများပြောဆိုနေကြသည်။ နယူးစ်ဝိခ်၏ဖော်ပြချက်အရ ယင်းသည် “နောက်ပိုင်း အခေါ်အပြောမလုပ်တော့သည့် မျက်နှာသိအချင်းချင်း တစ်ကြိမ်သာတွေ့ပြီး နမ်းခြင်းမှ လိင်ဆက်ဆံခြင်းအထိ တွေ့ဆုံမှု” ဖြစ်သည်။ ကျောင်းသား ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ ထိုသို့ပြုကျင့်နေကြသည်ဟု လေ့လာတွေ့ရှိချက်များက ဖော်ပြသည်။ “အကယ်၍ သင်သည် သာမန်ကောလိပ်ကျောင်းသားတစ်ဦးဖြစ်လျှင် ငြိစွန်းခြင်းနှင့်ကင်းမည်မဟုတ်” ဟုသုတေသီတစ်ဦးကဆို၏။—၁ ကောရိန္သု ၅:၁၁; ၆:၉၊ ၁၀။
၁၂။ ကောလိပ်ကျောင်းသားများသည် အဘယ်ဖိစီးမှုများ ခံနေကြရသနည်း။
၁၂ ဆိုးသွမ်းသည့် ဤဝန်းကျင်အပြင် ကျောင်းစာနှင့် စာမေးပွဲများ၏ ဖိစီးမှုလည်းရှိသေးသည်။ ကျောင်းသားများသည် စာမေးပွဲအောင်ရန် စာကြိုးစားရပြီး အိမ်စာလုပ်ကြရ၏။ အချို့ဆိုလျှင် ကျောင်းတက်နေစဉ် အချိန်ပိုင်းအလုပ်တစ်ခုခု လုပ်ကိုင်ရ၏။ ယင်းတို့အားလုံးက အကြီးအကျယ်အချိန်ကုန်၊ လူပန်းဖြစ်စေ၏။ သို့ဖြင့် ဝိညာဉ်ရေးလုပ်ဆောင်မှုများအတွက် သူတို့၏အချိန်နှင့်ခွန်အား မည်မျှကျန်တော့မည်နည်း။ ဖိစီးမှု များလာသည့်အခါ အဘယ်အရာကို စွန့်မည်နည်း။ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးဆက်ထားမည်လော၊ ဘေးဖယ်ထားမည်လော။ (မဿဲ ၆:၃၃) သမ္မာကျမ်းစာက ခရစ်ယာန်များကို ဤသို့တိုက်တွန်း၏– “ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနုတ်ကြလော့။” (ဧဖက် ၅:၁၅၊ ၁၆) အချို့သူများသည် အချိန်ကုန်၊ လူပန်းသွားသောကြောင့် သို့မဟုတ် ကောလိပ်တွင် ကျမ်းစာနှင့်မကိုက်ညီသည့် အပြုအမူကို ပြုမိသွားသောကြောင့် ယုံကြည်ခြင်းမှ သွေဖည်ခဲ့ကြသည်မှာ တကယ့်ကိုဝမ်းနည်းစရာပင်။
၁၃။ ခရစ်ယာန်မိဘများသည် အဘယ်မေးခွန်းများကို သုံးသပ်ကြရမည်နည်း။
၁၃ ကောလိပ်၊ တက္ကသိုလ်နယ်မြေများတွင်သာ အကျင့်ယိုယွင်းမှု၊ မကောင်းသောအပြုအမူနှင့် ဖိစီးမှုများရှိသည်မဟုတ်သည်မှာ မှန်၏။ သို့သော် ပညာသင်ကြားလျှင် ယင်းတို့အားလုံး လိုက်ပါလာမည်ဟု လောကလူငယ်များစွာက ရှုမြင်ကြပြီး မည်သို့မျှသဘောမထားကြချေ။ ခရစ်ယာန်မိဘများသည် သားသမီးများကို ဤသို့သောဝန်းကျင်တွင် လေးငါးခြောက်နှစ်ကြာ တမင်လွှတ်ထားဝံ့သလော။ (သု. ၂၂:၃; ၂ တိမောသေ ၂:၂၂) ထိုသို့စွန့်စားခြင်းသည် လူငယ်များရမည့်အကျိုးနှင့် ကာမိပါမည်လော။ အရေးကြီးဆုံးကား၊ လူငယ်များသည် သူတို့ဘဝတွင် ရှေးဦးထားသင့်ရာများနှင့်ပတ်သက်၍ အဘယ်အရာသင်ယူနေကြရသနည်း။ (ဖိလိပ္ပိ ၁:၉၊ ၁၀ ကဘ; ၁ သက်သာလောနိတ် ၅:၂၁) မိဘများသည် အဆိုပါမေးခွန်းများအပြင် သားသမီးများ ကျောင်းတက်ရန် တခြားမြို့၊ တခြားနိုင်ငံသို့ စေလွှတ်ခြင်းအန္တရာယ်နှင့်ပတ်သက်ပြီး ဆုတောင်း၍ အလေးအနက် သုံးသပ်ကြရမည်။
အဘယ်အရာများနှင့်အစားထိုးမည်နည်း
၁၄၊ ၁၅။ (က) လူအများ၏ယူဆချက်ကိုမလိုက်ဘဲ ယနေ့ အဘယ်ကျမ်းစာအကြံပြုချက်ကို လိုက်နာရမည်နည်း။ (ခ) လူငယ်များသည် မိမိတို့ကိုယ်ကို အဘယ်မေးခွန်းများမေးနိုင်သနည်း။
၁၄ ယနေ့ တက္ကသိုလ်ပညာရရှိမှသာ လူငယ်များ အောင်မြင်တက်လှမ်းနိုင်မည်ဟု လူအများက ယူဆကြသည်။ သို့သော် ခရစ်ယာန်များသည် လူကြိုက်များရာကို လိုက်မည့်အစား သမ္မာကျမ်းစာ၏ဤဆုံးမစကားကို လိုက်နာကြသည်– ‘သင်တို့သည် လောကပုံသဏ္ဌာန်ကိုမဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့။’ (ရောမ ၁၂:၂) ဤနောက်ဆုံးကာလ၏အဆုံးပိုင်းတွင် မိမိ၏လူမျိုး လူကြီးလူငယ်အားလုံးအတွက် ဘုရားသခင်၏အလိုတော်ကား အဘယ်နည်း။ ပေါလုက တိမောသေကို ဤသို့တိုက်တွန်း၏– ‘သင်မူကား၊ အရာရာ၌ ကောင်းသောသတိရှိစေလော့။ ဆင်းရဲခြင်းကို သည်းခံလော့။ ခရစ်ယာန်သာသနာပြုဆရာဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့။ ဓမ္မအမှုဆောင်အရာ၌ခန့်ထား၍ ပြုရသောဝတ်များကို အကုန်အစင်ပြုလော့။’ အဆိုပါစကားများသည် ယနေ့ ကျွန်ုပ်တို့အားလုံးနှင့်သက်ဆိုင်သည်မှာ သေချာ၏။—၂ တိမောသေ ၄:၅။
၁၅ ကျွန်ုပ်တို့သည် ဤလောက၏စိတ်ဓာတ်ကို မွေးမြူမည့်အစား ဝိညာဉ်ရေးအနေအထားကို သတိပြုပြီး ‘ကောင်းသောသတိရှိ’ ဖို့လိုသည်။ သင်သည် လူငယ်တစ်ဦးဖြစ်လျှင် သင့်ကိုယ်သင် ဤသို့မေးပါ– ‘ငါဟာ အရည်အချင်းပြည့်မီတဲ့ ဘုရားသခင့်အမှုဆောင်ဖြစ်ဖို့ ဓမ္မအမှုဆောင်တဲ့အခါ ပြုရမယ့်ဝတ်တွေကို ကျေပွန်အောင် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်နေသလား။ ခရစ်ယာန်ဓမ္မအမှုကို “အကုန်အစင်ပြု” ဖို့ ငါ့မှာ ဘာအစီအစဉ်တွေ ရှိသလဲ။ အချိန်ပြည့်လုပ်ငန်းကို အသက်မွေးလုပ်ငန်းအဖြစ် လုပ်ကိုင်ဖို့ ငါစဉ်းစားဖူးသလား။’ အထူးသဖြင့် အခြားလူငယ်များသည် အနာဂတ်ကောင်းစားရေးအတွက် “ကြီးစွာသောအရာတို့” ကိုလိုဘကြီးစွာ လိုက်စားနေကြကြောင်း သင်တွေ့သည့်အခါ အဆိုပါမေးခွန်းများကို သင်ဖြေဆိုရခက်ပေမည်။ (ယေရမိ ၄၅:၅) သို့ဖြစ်၍ ခရစ်ယာန်မိဘများသည် သားသမီးများကို နို့စို့အရွယ်မှစ၍ ဝိညာဉ်ရေးကောင်းသောဝန်းကျင်တွင် ပညာရှိစွာ လေ့ကျင့်သွန်သင်ပေးကြသည်။—သု. ၂၂:၆; ဒေ. ၁၂:၁; ၂ တိမောသေ ၃:၁၄၊ ၁၅။
၁၆။ ခရစ်ယာန်မိဘများသည် သားသမီးများအတွက် ဝိညာဉ်ရေးကောင်းသောဝန်းကျင်ကို မည်သို့ပညာရှိစွာဖန်တီးပေးနိုင်သနည်း။
၁၆ နှစ်ပေါင်းများစွာ အချိန်ပြည့်အမှုဆောင်ခဲ့သော မိခင်တစ်ဦး၏သားသုံးဦးအနက် သားကြီးက ဤသို့ပြောပြသည်– “ကျွန်တော်တို့ရဲ့အပေါင်းအသင်းကို အမေ အတော်လေးဂရုစိုက်တယ်။ ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့ ကျွန်တော်တို့မပေါင်းသင်းဘဲ အသင်းတော်က ဝိညာဉ်ရေးကောင်းတဲ့သူတွေနဲ့ပဲ ပေါင်းသင်းရတယ်။ အချိန်ပြည့်လုပ်ငန်းမှာပါဝင်တဲ့ ခရစ်ယာန်သာသနာပြုတွေ၊ နယ်လှည့်ကြီးကြပ်မှူးတွေ၊ ဗေသလအိမ်သားတွေနဲ့ ရှေ့ဆောင်တွေကိုလည်း အိမ်ကို အမြဲဖိတ်ခေါ်တယ်။ သူတို့ရဲ့တွေ့ကြုံမှုတွေ၊ ပျော်ရွှင်မှုတွေကို ကြားရမြင်ရတဲ့အခါ ကျွန်တော်တို့လည်း အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ချင်စိတ် ပေါ်လာတယ်။” ယနေ့ ထိုသားသုံးဦးစလုံးသည် အချိန်ပြည့်ဓမ္မအမှုလုပ်ငန်းတွင် ပါဝင်နေကြပြီး ဗေသလအိမ်သား၊ ဓမ္မအမှုသင်တန်းကျောင်းဆင်း၊ ရှေ့ဆောင် အသီးသီးဖြစ်နေကြသည်ကို မြင်တွေ့ရခြင်းမှာ တကယ့်ကိုဝမ်းသာအားရစရာပင်။
၁၇။ မိဘများသည် ကျောင်းဘာသာရပ်များနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတို့ကို လူငယ်များ ရွေးချယ်ရာတွင် အဘယ်သို့လမ်းညွှန်ပေးနိုင်သနည်း။ (စာမျက်နှာ ၂၉ မှလေးထောင့်ကွက်ကိုရှု။)
၁၇ မိဘများသည် သားသမီးများအတွက် ဝိညာဉ်ရေးကောင်းသောဝန်းကျင်ကို ဖန်တီးပေးရမည့်အပြင် ကျောင်းဘာသာရပ်များနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတို့ကို စောနိုင်သမျှစောစော ရွေးချယ်နိုင်ရန် တော်သင့်သောလမ်းညွှန်မှုလည်း ပေးရမည်။ ယခု ဗေသလတွင် အမှုထမ်းဆောင်နေသော လူငယ်တစ်ဦးက ဤသို့ပြောပြသည်– “ကျွန်တော့်မိဘနှစ်ပါးစလုံးက လက်မထပ်ခင်ကရော၊ လက်ထပ်ပြီးတဲ့နောက်မှာပါ ရှေ့ဆောင်ခဲ့ကြတယ်၊ မိသားစုတစ်စုလုံးလည်း ရှေ့ဆောင်စိတ်ဓာတ်ရှိလာရအောင် သူတို့အတတ်နိုင်ဆုံးကြိုးစားခဲ့ကြတယ်။ ကျွန်တော်တို့ ကျောင်းဘာသာရပ်တွေ ရွေးချယ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ အနာဂတ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေချတဲ့အခါမှာပဲဖြစ်ဖြစ် အချိန်ပိုင်းအလုပ်ကိုလုပ်ပြီး ရှေ့ဆောင်နိုင်မယ့် အကောင်းဆုံးအခွင့်အရေးကိုရှာယူဖို့ အမြဲတမ်းအားပေးခဲ့တယ်။” မိဘနှင့် သားသမီးတို့သည် တက္ကသိုလ်ပညာရေးနှင့် အံဝင်မည့် ဘာသာရပ်များကို ရွေးချယ်မည့်အစား သီအိုကရက်တစ်လုပ်ငန်းတွင် အသုံးတည့်နိုင်မည့် သင်တန်းများကို စဉ်းစားဆွေးနွေးရန်လိုသည်။
၁၈။ လူငယ်များသည် အဘယ်လုပ်ငန်းများကို စဉ်းစားသုံးသပ်နိုင်သနည်း။
၁၈ နိုင်ငံများစွာတွင် တက္ကသိုလ်ဘွဲ့ရသူများကိုမဟုတ်ဘဲ ပညာသည် သို့မဟုတ် လုပ်ငန်းတတ်ကျွမ်းသူများကို အရေးတကြီးအလိုရှိနေကြောင်း လေ့လာတွေ့ရှိချက်များက ဖော်ပြသည်။ “လာမည့်ဆယ်စုနှစ်များတွင် အလုပ်သမား ၇၀ ရာခိုင်နှုန်းသည် လေးနှစ်တက္ကသိုလ်ဘွဲ့ရ ဖြစ်စရာမလိုဘဲ အချိန်တိုသင်တန်းလက်မှတ်တစ်ခုခုရထားသူဖြစ်ဖို့ လိုမည်” ဟုယူအက်စ်အေတူဒေးမဂ္ဂဇင်းက ဖော်ပြ၏။ ဤသို့သောသင်တန်းကျောင်းများတွင် ရုံးလုပ်ငန်း၊ ကားပြင်ခြင်း၊ ကွန်ပျူတာပြင်ခြင်း၊ ပိုက်ပြင်ခြင်း၊ ဆံပင်အလှပြင်ခြင်းအစရှိသည့် အတတ်ပညာများကို အချိန်တိုအတွင်း ပို့ချပေးသည်။ ၎င်းတို့သည် နှစ်လို့ဖွယ်ကောင်းသော အလုပ်များလော။ မှန်လေစွ။ ၎င်းအလုပ်အကိုင်များသည် အချို့သူများ၏အမြင်တွင် အထင်ကြီးစရာမဟုတ်သော်လည်း ယေဟောဝါ၏အမှုတော်ကို အဓိကထား လုပ်ဆောင်သူများအတွက် စားဝတ်နေရေးဖူလုံစေပြီး လိုအပ်သလို ပြောင်းသာလွှဲသာရှိစေနိုင်၏။—၂ သက်သာလောနိတ် ၃:၈။
၁၉။ ရွှင်လန်းအားရ၊ ကျေနပ်သည့်ဘဝကို ရရှိစေနိုင်သော အသေချာဆုံးနည်းကား အဘယ်နည်း။
၁၉ သမ္မာကျမ်းစာက ဤသို့တိုက်တွန်းနှိုးဆော်၏– ‘လူပျိုနှင့်အပျိုများ၊ ထာဝရဘုရားသခင်ကို ချီးမွမ်းကြလော့။ နာမတော်တစ်ပါးတည်းသာလျှင်မြတ်၍ ဘုန်းတော်သည် မြေကြီးနှင့်ကောင်းကင်အပေါ်ထက်၌ရှိသောကြောင့် ထာဝရဘုရားသခင်၏နာမတော်ကို ချီးမွမ်းကြစေ။’ (ဆာလံ ၁၄၈:၁၂၊ ၁၃) ဤလောက,ကပေးသော အဆင့်ရာထူးများ၊ အကျိုးအမြတ်များနှင့်ယှဉ်လိုက်လျှင် ယေဟောဝါ၏အမှုတော်ကို အချိန်ပြည့်ထမ်းဆောင်ခြင်းသည် ရွှင်လန်းအားရကျေနပ်သောဘဝကို ပိုင်ဆိုင်ရန် အသေချာဆုံးပါတကား။ ‘ထာဝရဘုရားသခင်၏ ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ’ ဟူသော သမ္မာကျမ်းစာ၏အာမခံချက်ကို စွဲမှတ်ထားပါလေ။—သု. ၁၀:၂၂။
သင်ရှင်းပြနိုင်သလော
• ခရစ်ယာန်များသည် စိတ်ချရသောအနာဂတ်အတွက် အဘယ်အရာကို ယုံကြည်ကိုးစားကြသနည်း။
• ခရစ်ယာန်မိဘများသည် သားသမီးများ၏အနာဂတ်နှင့်စပ်လျဉ်း၍ အဘယ်အခက်အခဲများကို ရင်ဆိုင်ကြရသနည်း။
• အဆင့်မြင့်ပညာရေးလိုက်စားခြင်း၏အကုန်အကျကို တွက်ချက်သည့်အခါ အဘယ်အရာကိုပါ ထည့်စဉ်းစားရမည်နည်း။
• မိဘများသည် ယေဟောဝါ၏အမှုတော် ထမ်းဆောင်ခြင်းကို သားသမီးများ၏ အသက်မွေးလုပ်ငန်းဖြစ်စေရန် မည်သို့ကူညီပေးနိုင်ကြသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၉ ပါ လေးထောင့်ကွက်]
အဆင့်မြင့်ပညာရေး၏အကျိုးကား အဘယ်နည်း
တက္ကသိုလ်တက်သူအများစုသည် လစာကောင်းပြီး မြဲမြံသောအလုပ်ရရှိစေနိုင်မည့် ဘွဲ့တစ်ခုခုကို ရလိုကြသည်။ သို့သော် ကောလိပ်တက်သူ လေးပုံတစ်ပုံခန့်သာ ခြောက်နှစ်အတွင်း ဘွဲ့တစ်ခုရရှိခြင်းသည် စိတ်ပျက်စရာကောင်း၏ဟု အစိုးရသတင်းထုတ်ပြန်ချက်များက ဖော်ပြသည်။ ဘွဲ့ရခြင်းက အလုပ်ကောင်းရဖို့ အာမခံသလော။ လက်ရှိလေ့လာတွေ့ရှိချက်များကို သတိပြုပါ။
“ဟားဗတ် သို့မဟုတ် ဒျုခ်တက္ကသိုလ်များ တက်ဖူးကာမျှဖြင့် လစာကောင်းသည့်အလုပ်ကို ရမည်ဟုမပြောနိုင်ပါ။ . . . ကုမ္ပဏီများသည် အလုပ်လျှောက်ထားကြသော လူငယ်များအကြောင်းကို ကောင်းစွာမသိကြချေ။ အရောင်တောက်နေသော (အိုင်ဗီလိဂ်ဘွဲ့) လက်မှတ်သည် အထင်ကြီးစရာဖြစ်ပေမည်။ သို့သော် အလုပ်ဝင်ပြီး နောက်ပိုင်းတွင် အရည်အချင်းရှိခြင်း၊ မရှိခြင်းသည် ပိုအရေးပါသည်။”—နယူးစ်ဝိခ်၊ ၁၉၉၉၊ နိုဝင်ဘာ ၁။
“ယနေ့ သာမန်အလုပ်တစ်ခုအတွက် ယခင်ကထက် အဆင့်မြင့်အတတ်ပညာများ တတ်ထားဖို့လိုသည် မှန်သော်လည်း . . . အဆိုပါအလုပ်များအတွက် လိုအပ်သည့် အတတ်ပညာများမှာ . . . ကောလိပ်ပညာမဟုတ်ဘဲ . . . အထက်တန်းပညာ ဆယ်တန်းအဆင့်၌ အရေးအဖတ် တွက်ချက်မှုတို့တွင် ကျွမ်းကျင်ပိုင်နိုင်ခြင်းဖြစ်သည်။ . . . ကျောင်းသားများ အလုပ်ကောင်းရဖို့ ကောလိပ်တက်စရာမလိုဘဲ အထက်တန်းကျောင်းအဆင့်တွင် စာတော်ရန်သာလိုသည်။”—အမေရိကန် အက်ဒျူကေ့တာ၊ ၂၀၀၄ နွေဦးရာသီ။
“ကောလိပ်အများစုသည် ဘွဲ့ရကျောင်းသားများအား အလုပ်ရရှိစေနိုင်ရန် ပြင်ဆင်ပေးရာတွင် လက်တွေ့လောကနှင့် အတော်လေး မျက်ခြည်ပြတ်နေကြ၏။ အသက်မွေးဝမ်းကျောင်းအတတ်ပညာများကို . . . လူကြိုက်များလာကြပြီ။ ၁၉၉၆ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း ဤကျောင်းများကို တက်ရောက်သူ ၄၈ ရာခိုင်နှုန်း တိုးများလာ၏။ . . . တစ်ချိန်တည်းတွင် ကုန်ကျစရိတ်များပြီး အချိန်ကုန်စေသည့် အဆိုပါကောလိပ်ဒီပလိုမာများသည် ယခင်ကလောက် အသုံးမတည့်တော့ချေ။”—တိုင်းမ်၊ ၂၀၀၅၊ ဇန်နဝါရီ ၂၄။
“၂၀၀၅ ခုနှစ်တစ်လျှောက် အမေရိကန်အလုပ်သမားဌာန၏သုံးသပ်ခန့်မှန်းချက်အရ လေးနှစ်တာပညာသင်ခဲ့သော ကောလိပ်ဘွဲ့ရသူအားလုံးမှ အနည်းဆုံး သုံးပုံတစ်ပုံသည် သူတို့ဘွဲ့ နှင့်အပ်စပ်သောအလုပ်အကိုင် ရနိုင်စရာအကြောင်း မရှိခြင်းမှာ ထိတ်လန့်စရာပင်။”—ဖျူးချားရစ်၊ ၂၀၀၀၊ ဇူလိုင်/သြဂုတ်။
၎င်းတို့ကြောင့် ယနေ့ အဆင့်မြင့်ပညာ သင်ကြားခြင်း၏အကျိုးကို အလွန်သံသယဖြစ်လာသည့် ကျောင်းဆရာ/မများ များသည်ထက်များလာကြပြီ။ “ကျွန်ုပ်တို့သည် အသုံးမတည့်သောပန်းတိုင်များထားရှိရန် လူတို့ကို ပညာသင်ပေးနေကြသည်” ဟု ဖျူးချားရစ်မှတ်တမ်းက ဝမ်းနည်းစွာဖော်ပြ၏။ ယင်းနှင့်ခြားနားစွာ ဘုရားသခင်အကြောင်း သမ္မာကျမ်းစာမိန့်ဆိုထားရာကို သတိပြုပါ– ‘ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်၍ သင်သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော သင်၏ဘုရားသခင် ယေဟောဝါဖြစ်၏။ သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင် သင်၏ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။’—ဟေရှာယ ၄၈:၁၇၊ ၁၈။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
သူတို့သည် ကိုယ်ရေးကိုယ်တာကိစ္စများကိုစွန့်၍ ယေရှုနောက်သို့ လိုက်ခဲ့ကြ
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ခရစ်ယာန်မိဘများသည် သားသမီးများအား နို့စို့အရွယ်မှစ၍ ဝိညာဉ်ရေးကောင်းသောဝန်းကျင်ကို ပညာရှိစွာ ဖန်တီးပေးကြ