ယေရှုခရစ်ရောက်ရှိနေခြင်းနိမိတ်လက္ခဏာကို သင်သတိပြုမိပါသလော
ယေရှုခရစ်ရောက်ရှိနေခြင်းနိမိတ်လက္ခဏာကို သင်သတိပြုမိပါသလော
မည်သူကမျှ အသည်းအသန်ဖျားနာချင်မည် သို့မဟုတ် ရုတ်တရက်ကျရောက်သော ဘေးဆိုးနှင့် တွေ့ကြုံချင်မည်မဟုတ်ပေ။ ပညာရှိသူသည် အဆိုပါဘေးဆိုးမျိုးကို ရှောင်ရှားနိုင်ရန် အန္တရာယ်ရှိကြောင်းညွှန်ပြသည့် လက္ခဏာများကို သတိပြုကာ ယင်းနှင့်အညီလုပ်ဆောင်မည် ဖြစ်သည်။ ယေရှုက ကျွန်ုပ်တို့သတိပြုဖို့လိုသည့် ထူးခြားသောနိမိတ်လက္ခဏာများကို မိန့်ဆိုခဲ့သည်။ ကိုယ်တော်မိန့်ဆိုခဲ့သည့် နိမိတ်လက္ခဏာများသည် ကမ္ဘာတစ်ခုလုံး၊ လူသားတစ်ရပ်လုံးအပေါ် အကျိုးသက်ရောက်မည်ဖြစ်သည်။ သင်နှင့်သင့်မိသားစုလည်း အပါအဝင်ဖြစ်သည်။
ဆိုးသွမ်းမှုများကိုဖယ်ရှားကာ ကမ္ဘာကို ပရဒိသုဖြစ်စေမည့် ဘုရားသခင့်နိုင်ငံတော်အကြောင်း ယေရှုမိန့်ဆိုခဲ့သည်။ ဘုရားသခင့်နိုင်ငံတော်နှင့် ၎င်းတည်ထောင်မည့်အချိန်ကို တပည့်များသိလိုကြသောကြောင့် ဤသို့မေးလျှောက်ခဲ့ကြ၏– ‘ကိုယ်တော်၏ရောက်ရှိနေခြင်းနှင့် ဤအစီအစဉ်စနစ်ဆုံးခန်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို ကျွန်ုပ်တို့အား အမိန့်ရှိတော်မူပါ။’—မဿဲ ၂၄:၃၊ ကဘ။
ယေရှုသည် မိမိအသတ်ခံရကာ ရှင်ပြန်ထမြောက်လာမည်၊ ထို့နောက် ရာစုနှစ်များစွာကြာညောင်းပြီးမှ လူသားတို့ကိုအုပ်စိုးမည့် မေရှိယဘုရင်အဖြစ် ကောင်းကင်တွင် နန်းထိုင်တော်မူမည်ကို သိထားသည်။ ယေရှုနန်းထိုင်သည်ကို လူသားတို့ မမြင်နိုင်သောကြောင့် ကိုယ်တော် “ရောက်ရှိနေခြင်း” အပြင် “အစီအစဉ်စနစ်ဆုံးခန်း” ကိုပါ နောက်လိုက်များ သတိပြုနိုင်ရန် နိမိတ်လက္ခဏာတစ်ခု ပေးတော်မူသည်။ ယင်းနိမိတ်လက္ခဏာတွင် အသွင်အပြင်အမျိုးမျိုးပါဝင်ပြီး ယေရှုရောက်ရှိနေခြင်းကို သတ်မှတ်ဖော်ပြသည့် ပေါင်းစပ်နိမိတ်လက္ခဏာဖြစ်သည်။
ခရစ်ဝင်ကျမ်းရေးသူ မဿဲ၊ မာကု၊ လုကာတို့က ယေရှု၏ဖြေကြားချက်ကို ဂရုတစိုက်မှတ်တမ်းတင်ခဲ့ကြသည်။ (မဿဲ အခန်းကြီး ၂၄ နှင့် ၂၅; မာကု အခန်းကြီး ၁၃; လုကာ အခန်းကြီး ၂၁) အခြားကျမ်းရေးသူများလည်း ယင်းနိမိတ်လက္ခဏာကို အသေးစိတ် ဖြည့်စွက်ရေးသားခဲ့ကြသည်။ (၂ တိမောသေ ၃:၁-၅; ၂ ပေတရု ၃:၃၊ ၄; ဗျာ. ၆:၁-၈; ၁၁:၁၈) အသေးစိတ်အချက်အားလုံးကို ဖော်ပြရန် ဤတွင်နေရာမဆံ့ပါ၊ သို့သော် ယေရှုမိန့်ဆိုခဲ့သည့် ပေါင်းစပ်နိမိတ်လက္ခဏာထဲမှ အဓိကအခြင်းအရာငါးရပ်ကို သုံးသပ်ကြပါမည်။ ယင်းတို့သည် သင့်အတွက် အဓိပ္ပာယ်ရှိကာ အရေးကြီးကြောင်း တွေ့ရှိလာပါလိမ့်မည်။—စာမျက်နှာ ၆ မှလေးထောင့်ကွက်ကိုရှု။
“သမိုင်းတွင်စေသည့်အချိန်ကာလ”
“လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။” (မဿဲ ၂၄:၇) ၁၉၁၄ ခုနှစ်မတိုင်မီက လူတို့သည် “ပိုလွတ်လပ်ပြီး တိုးတက်စည်ပင်သော ရွှေရောင်လွှမ်းသည့်အနာဂတ်ဖြစ်မည်ဟု ယုံကြည်ခဲ့ကြသည်” ဟုဒါ ရှပီဂဲလ်ဂျာမန်သတင်းမဂ္ဂဇင်းက ဆိုသည်။ သို့သော် အရာရာပြောင်းလဲခဲ့သည်။ “၁၉၁၄၊ ဩဂုတ်လတွင်စတင်ခဲ့၍ ၁၉၁၈၊ နိုဝင်ဘာလတွင်ပြီးဆုံးခဲ့သော စစ်သည် ထိတ်လန့်ဖွယ် အဖြစ်ဆိုးကြီးဖြစ်သည်။ ယင်းသည် သမိုင်းတွင်စေသော အပြောင်းအလဲတစ်ရပ်ဖြစ်ပြီး စစ်မတိုင်မီနှင့် ယင်းနောက်ပိုင်းအချိန်ကို ခွဲခြားပေးလိုက်သည်” ဟု ဂျီအီးအိုမဂ္ဂဇင်းတွင် ဖော်ပြသည်။ တိုက်ကြီးငါးတိုက်မှ စစ်သားသန်း ၆၀ ကျော်သည် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုတွင် ပါဝင်ခဲ့ကြသည်။ ပျမ်းမျှအားဖြင့် နေ့စဉ် စစ်သား ၆,၀၀၀ နီးပါးသေဆုံးခဲ့ရသည်။ ထိုအချိန်မှစ၍ မျိုးဆက်တစ်ဆက်စီမှ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးအယူဝါဒများက “၁၉၁၄ မှ ၁၉၁၈ ခုနှစ်သည် သမိုင်းတွင်စေသည့် အချိန်ကာလဖြစ်ကြောင်း” ယူမှတ်ခဲ့ကြသည်။
ပထမကမ္ဘာစစ်က လူ့ဘောင်ကို အပြောင်းလဲကြီးပြောင်းလဲစေပြီး လူသားတို့အား အစီအစဉ်စနစ်၏နောက်ဆုံးကာလသို့ တွန်းပို့လိုက်သည်။ ထိုရာစုနှစ်၏ကျန်ရှိသောနှစ်များတွင် စစ်ပွဲများ၊ လက်နက်ပြိုင်ဆိုင်မှုများ၊ အကြမ်းဖက်မှုများ ပိုတိုးများလာသည်။ လက်ရှိရာစု၏အစောပိုင်းနှစ်များတွင် အခြေအနေတိုးတက်ကောင်းမွန်လာခြင်း မရှိပါ။ စစ်အပြင် နိမိတ်လက္ခဏာထဲတွင်ပါဝင်သော အခြားအသွင်အပြင်များကိုလည်း တွေ့မြင်ကြရသည်။။
ငတ်မွတ်ဘေး၊ ရောဂါဘေးနှင့် မြေငလျင်များ
“အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း။” (မဿဲ ၂၄:၇) ပထမကမ္ဘာစစ်အတွင်း ဥရောပတွင် အငတ်ဘေးဆိုက်ခဲ့ပြီး ထိုအချိန်မှစ၍ အစာခေါင်းပါးမှုသည် လူသားတို့အပေါ် ဘေးသင့်စေခဲ့သည်။ ၁၉၃၃ ခုနှစ်က ရုရှားနှင့်ယူကရိန်းရှိ “တောနယ်များတွင် ငတ်ပြတ်နေသူများ လှည့်လည်ရှာဖွေနေကြပြီး . . . လမ်းဘေးဝဲယာတွင် အလောင်းများ စုပုံနေသည်” ဟုသမိုင်းပညာရှင် အေလဲန်ဘူလက်က ရေးခဲ့သည်။ ၁၉၄၃ ခုနှစ်က စာနယ်ဇင်းသမားတစ်ဦးလည်း တရုတ်ပြည်၊ ဟူနန်ဒေသတွင် အစာခေါင်းပါးခြင်းကို ကိုယ်တိုင်တွေ့မြင်ခဲ့သည်။ “ငတ်ပြတ်နေတော့ အရာအားလုံးနီးပါးဟာ စားနိုင်တယ်၊ ဝါးနိုင်တယ်၊ မျိုနိုင်တယ်၊ ခွန်အားဖြစ်စေနိုင်တယ်လို့ ထင်ရတယ်။ သေရမှာကြောက်တဲ့စိတ်ကြောင့် စားလို့ရတာတွေရော၊ မရတာတွေရော အားလုံးကို စားချင်စိတ်ပေါက်စေတယ်” ဟုသူရေးခဲ့သည်။ ဝမ်းနည်းဖွယ်မှာ လွန်ခဲ့သောဆယ်စုနှစ်များအတွင်း အာဖရိကတွင် ငတ်မွတ်ဘေးမှာ အဆန်းမဟုတ်တော့ချေ။ ကမ္ဘာကြီးသည် လူတိုင်းအတွက် အစာအလုံအလောက်ထုတ်ပေးနေသော်လည်း ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်း ၈၄၀ သည် စားစရာချို့တဲ့နေကြသည်ဟု ယူအဲန်စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က ခန့်မှန်းသည်။
“ကာလနာများပြားခြင်း။” (လုကာ ၂၁:၁၁) “၁၉၁၈ ခုနှစ်တွင် စပိန်တုပ်ကွေးကြောင့် လူသန်းပေါင်း ၂၀ မှ ၅၀ ကြားသေဆုံးခဲ့ရပြီး ပလိပ်ရောဂါကြောင့် သို့မဟုတ် ပထမကမ္ဘာစစ်ကြောင့် သေဆုံးသူများထက် အရေအတွက်ပိုများသည်” ဟု ဇူ့ဒ်ဒွယ်ချက် ဇိုင်တွန်သတင်းစာတွင် ဖော်ပြသည်။ ထိုအချိန်မှစ၍ သန်းနှင့်ချီသောလူတို့သည် ငှက်ဖျား၊ ကျောက်ကြီး၊ တီဘီ၊ ပိုလီယိုနှင့် ကာလဝမ်းအစရှိသည့် ရောဂါများခံစားခဲ့ရသည်။ ကမ္ဘာကြီးတွင် အေ့ဒ်စ်ရောဂါ အဟန့်အတားမရှိ ကူးစက်ပျံ့နှံ့နေသောကြောင့် ထိတ်လန့်တုန်လှုပ်စရာပင်။ အံ့ဖွယ်ကောင်းလောက်အောင် ဆေးပညာတိုးတက်နေသည့်ကြားမှ ဆေးမတိုးသောရောဂါများ ဆက်ရှိနေသည်ကို ကျွန်ုပ်တို့တွေးရခက်နေကြသည်။ ယခုအချိန်တိုင် လူတို့မသိရှိသေးသည့် အဆိုပါရှေ့နောက်မညီသောအခြေအနေများက ကျွန်ုပ်တို့သည် ထူးခြားသောခေတ်ကာလတွင် အသက်ရှင်နေရကြကြောင်း သိသာထင်ရှားသည်။
“မြေကြီးလှုပ်ခြင်း။” (မဿဲ ၂၄:၇) လွန်ခဲ့သောအနှစ် ၁၀၀ အတွင်း ငလျင်ဒဏ်ကြောင့် လူပေါင်းသိန်းနှင့်ချီ သေဆုံးခဲ့ရသည်။ သတင်းရင်းမြစ်တစ်ခုအရ အဆောက်အအုံများကို ပျက်စီးစေကာ မြေကြီးကွဲအက်စေနိုင်သော ငလျင်သည် ၁၉၁၄ ခုနှစ်မှစ၍ တစ်နှစ်လျှင် ၁၈ ကြိမ် လှုပ်ခဲ့သည်။ အဆောက်အအုံများကို ပြားပြားဝပ်သွားစေသည့်အထိ အင်အားပြင်းထန်သော ငလျင်သည် တစ်နှစ်လျှင် တစ်ကြိမ်လှုပ်နေသည်။ နည်းပညာတိုးတက်မှုများရှိသော်လည်း လူဦးရေ တရိပ်ရိပ်တိုးများလာသော မြို့ကြီးများသည် ငလျင်ကြောပေါ်တွင် တည်ရှိနေသောကြောင့် သေဆုံးမှုနှုန်းမှာ လျော့မသွားပေ။
ဝမ်းမြောက်ဖွယ်သတင်း
နောက်ဆုံးကာလ၏ နိမိတ်လက္ခဏာထဲမှ အသွင်အများစုသည် စိတ်ပျက်ဖွယ်ပင်။ သို့သော် ဝမ်းမြောက်ဖွယ်သတင်းတစ်ခုကိုလည်း ယေရှုမိန့်ဆိုတော်မူခဲ့သည်။
‘လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။’ (မဿဲ ၂၄:၁၄) ယေရှုကိုယ်တိုင် အစပြုလုပ်ဆောင်ခဲ့သော ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းသည် နောက်ဆုံးကာလတွင် အထွတ်အထိပ်ရောက်ပါလိမ့်မည်။ ယင်းသည် အမှန်ဖြစ်ပျက်နေပါသည်။ ယေဟောဝါသက်သေများသည် ကျမ်းစာသတင်းတရားအကြောင်း ဟောပြောကြပြီး သင်ယူခဲ့ရာများကို နေ့စဉ်အသက်တာတွင် ကျင့်သုံးရန် တလိုတလားရှိသူများကို သွန်သင်ပေးနေကြသည်။ ယခု နိုင်ငံပေါင်း ၂၃၅ နိုင်ငံတွင် သက်သေခံ ၆ သန်းကျော်သည် ဘာသာစကားပေါင်း ၄၀၀ ကျော်ဖြင့် ဟောပြောနေကြသည်။
ရတက်မအေးစရာ ကမ္ဘာ့အခြေအနေသည် ယင်းအတိုင်းဆက်ရှိသွားမည်ဟု ယေရှုမမိန့်ဆိုခဲ့ပါ။ နိမိတ်လက္ခဏာအသွင်တစ်မျိုးတည်းကိုသာ တစ်ကမ္ဘာလုံး ကြုံတွေ့ရမည်ဟုလည်း မဆိုထားပါ။ ကမ္ဘာပေါ်ရှိ မည်သည့်နေရာမှမဆို အထင်အရှားတွေ့မြင်ရမည့် ဖြစ်ရပ်များစွာ စုပေါင်းပါဝင်သော နိမိတ်လက္ခဏာတစ်ခုအကြောင်း ကိုယ်တော်ကြိုဟောခဲ့သည်။
အဖြစ်အပျက်တစ်ခု သို့မဟုတ် သီးခြားဖြစ်ရပ်တစ်ခုမျှသာမဟုတ်ဘဲ ကမ္ဘာချီ အထင်အရှားတွေ့မြင်ရသည့် ပေါင်းစပ်နိမိတ်လက္ခဏာတစ်ရပ်ကို သင်တွေ့မြင်ပါသလော။ ဖြစ်ပျက်နေသည့်အရာများက သင်နှင့်သင့်မိသားစုအပေါ် အကျိုးသက်ရောက်မှု ရှိပါသလော။ ဒါပေမဲ့ ဒါကိုသတိပြုမိတဲ့သူ ဘာကြောင့် ဒီလောက်နည်းရတာလဲဟု သင်မေးပေမည်။
မိမိအရေးသာ ဦးစားပေးကြ
“ရေမကူးရ၊” “ဗို့အားများသည်၊” “ဖြည်းဖြည်းမောင်း။” ယင်းတို့သည် သင်တွေ့မြင်နေရသည့် သတိပေးဆိုင်းဘုတ်များဖြစ်သော်လည်း ယင်းတို့ကို လူတို့ လျစ်လျူရှုလေ့ရှိကြသည်။ အဘယ်ကြောင့်နည်း။ ကျွန်ုပ်တို့သည် ကောင်းသည်ဟု မိမိယူမှတ်ရာဘက်သို့ စိတ်တိမ်းညွှတ်တတ်ကြသောကြောင့်ဖြစ်သည်။ ဥပမာ၊ ကျွန်ုပ်တို့သည် ဥပဒေကခွင့်ပြုထားသည့်နှုန်းထက် ကားကို ပို၍မြန်မြန်မောင်းဖို့လိုအပ်နေသည်ဟု ယူမှတ်ပေမည် သို့မဟုတ် တားမြစ်ထားသည့်နေရာတွင် ရေကူးလိုစိတ် ပြင်းပြနေပေမည်။ သို့သော် သတိပေးချက်များကို လျစ်လျူရှုခြင်းက ပညာမဲ့ရာရောက်သည်။
ဥပမာအနေနှင့် ဩစတြီးယား၊ ပြင်သစ်၊ အီတလီ၊ ဆွစ်ဇလန်နိုင်ငံရှိ အယ်လ်ပိုင်းတောင်တန်းတွင် ဆီးနှင်းပြိုကျ၍ သေဆုံးရသည့် ကမ္ဘာလှည့်ခရီးသည်များသည် သတ်မှတ်ထားသောနေရာ၌သာ ရေခဲပြင်လျောစီးရန် သတိပေးချက်များကို လျစ်လျူရှု၍ဖြစ်သည်ဟု ဆိုကြသည်။ ဇူ့ဒ်ဒွယ်ချက် ဇိုင်တွန်အရ အဆိုပါသတိပေးချက်များကို နားမထောင်သော ကမ္ဘာလှည့်ခရီးသည်များစွာသည် မစွန့်စားရလျှင် ပျော်စရာမကောင်းဟူသော ဆိုရိုးအတိုင်း နေထိုင်ကြသူများဖြစ်သည်။ ဝမ်းနည်းစရာမှာ သတိပေးချက်များကို လျစ်လျူရှုသူများသည် ဝမ်းနည်းဖွယ်အဖြစ်ဆိုးကြုံရနိုင်သည်။
ယေရှုမိန့်ဆိုခဲ့သော နိမိတ်လက္ခဏာကို လူတို့အလေးမထားရသည့် အကြောင်းရင်းများကား အဘယ်နည်း။ သူတို့သည် ဥစ္စာစည်းစိမ်လိုက်စားလွန်းခြင်း၊ လျစ်လျူရှုတတ်သောစိတ်ရှိခြင်း၊ နေ့စဉ်လုပ်ရိုးလုပ်စဉ်များနှင့်လုံးပန်းနေခြင်း၊ ဂုဏ်သိက္ခာကျဆင်းမည်ကို ကြောက်ရွံ့ခြင်းတို့ကြောင့် ဖြစ်ပေမည်။ ယင်းတို့ထဲမှတစ်ခုခုက သင့်အား ယေရှုရောက်ရှိနေခြင်း၏နိမိတ်လက္ခဏာကို လျစ်လျူရှုစေသလော။ ယင်းနိမိတ်လက္ခဏာကို သတိပြုကာ ယင်းနှင့်အညီလုပ်ဆောင်ခြင်းသည် ပညာရှိရာရောက်သည် မဟုတ်လော။
မြေကြီးပရဒိသုတွင် အသက်တာ
ယေရှုရောက်ရှိနေခြင်း နိမိတ်လက္ခဏာကို သတိပြုသူ အရေအတွက်တိုးများလာနေသည်။ ဂျာမနီမှ အိမ်ထောင်သည်လူငယ် ခရစ်တီးယန်းက ဤသို့ဆိုသည်– “စိတ်ပျက်စရာအချိန်ပဲ။ ‘နောက်ဆုံးကာလ’ မှာ အသက်ရှင်နေရတယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူး။” သူတို့ဇနီးမောင်နှံသည် မေရှိယနိုင်ငံတော်အကြောင်း အခြားသူများအား ပြောပြရာတွင် အချိန်များစွာအသုံးပြုကြသည်။ ဖရန့်ခ်လည်း ဂျာမနီတွင်ပင် နေထိုင်သည်။ သူတို့ဇနီးမောင်နှံသည် ကျမ်းစာထဲမှ သတင်းကောင်းဖြင့် အခြားသူတို့ကို အားပေးကြသည်။ “ကမ္ဘာ့အခြေအနေကြောင့် လူတွေဟာ အနာဂတ်ကို စိုးရိမ်နေကြတယ်။ ကျမ်းစာကပရောဖက်ပြုထားတဲ့ မြေကြီးပရဒိသုအကြောင်းပြောပြပြီး သူတို့ကို အားပေးခဲ့တယ်” ဟု ဖရန့်ခ်ကပြောသည်။ ထိုနည်းဖြင့် ခရစ်တီးယန်းနှင့် ဖရန့်ခ်တို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းဟူသည့် ယေရှုဖော်ပြခဲ့သော နိမိတ်လက္ခဏာထဲမှ အသွင်တစ်ရပ်ပြည့်စုံစေရေးတွင် ပါဝင်ကူညီနေကြသည်။—မဿဲ ၂၄:၁၄။
နောက်ဆုံးကာလ အဆုံးတိုင်သောသောအခါ ယေရှုသည် စနစ်ဟောင်းနှင့် ယင်းကိုထောက်ခံသူတို့အား ဖယ်ရှားတော်မူမည်။ ထို့နောက် မေရှိယနိုင်ငံတော်သည် ကမ္ဘာကိုအုပ်စိုး၍ ကြိုဟောထားသော ပရဒိသုအခြေအနေဖြစ်လာအောင် ဆောင်ကြဉ်းပေးမည်။ လူသားတို့သည် အဖျားအနာ၊ သေခြင်းနှင့်ကင်းမည်ဖြစ်ကာ သေလွန်သူများသည် ကမ္ဘာပေါ် အသက်ပြန်ရှင်လာကြပါလိမ့်မည်။ ယင်းတို့သည် အချိန်ကာလ၏ နိမိတ်လက္ခဏာအကြောင်း သိနားလည်သူတို့အား စောင့်ကြိုနေသော ဝမ်းမြောက်ဖွယ်အလားအလာဖြစ်သည်။ ယင်းနိမိတ်လက္ခဏာအကြောင်းနှင့် ဤစနစ်ဆုံးခန်းကို ကပ်ကျော်ရန် လူတစ်ဦး အဘယ်အရာလုပ်ဆောင်ရမည်ကို လေ့လာခြင်းက ပညာရှိရာရောက်သည် မဟုတ်လော။ ယင်းသည် လူတိုင်း အရေးတကြီးလုပ်ဆောင်ရမည့်အရာ ဖြစ်သည်မှာ သေချာသည်။—ယောဟန် ၁၇:၃။
[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]
ကမ္ဘာပေါ်ရှိ မည်သည့် နေရာမှမဆို အထင်အရှားတွေ့မြင်ရမည့် ဖြစ်ရပ်များစွာ စုပေါင်းပါဝင်သော နိမိတ်လက္ခဏာတစ်ခုအကြောင်း ယေရှုကြိုဟောခဲ့သည်
[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]
ကမ္ဘာချီ အထင်အရှားတွေ့ မြင်ရသည့် ပေါင်းစပ်နိမိတ်လက္ခဏာတစ်ရပ်ကို သင်တွေ့မြင်ပါသလော
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံများ]
နောက်ဆုံးကာလကို ခွဲခြားဖော်ပြသည့်အမှတ်အသားများ
မကြုံစဖူးသောစစ်မက်။—မဿဲ ၂၄:၇; ဗျာ. ၆:၄။
ငတ်မွတ်ဘေး။—မဿဲ ၂၄:၇; ဗျာ. ၆:၅၊ ၆၊ ၈။
ရောဂါ။—လုကာ ၂၁:၁၁; ဗျာ. ၆:၈။
မတရားမှုတိုးပွားခြင်း။—မဿဲ ၂၄:၁၂။
မြေငလျင်လှုပ်ခြင်း။—မဿဲ ၂၄:၇။
ကိုင်တွယ်ဖြေရှင်းရန်မလွယ်သည့် ခဲယဉ်းကျပ်တည်းသောကာလ။—၂ တိမောသေ ၃:၁။
ငွေကို အငမ်းမရတပ်မက်ခြင်း။—၂ တိမောသေ ၃:၂။
မိဘစကားကိုနားမထောင်ခြင်း။—၂ တိမောသေ ၃:၂။
ပကတိကြင်နာစုံမက်မှုကင်းခြင်း။—၂ တိမောသေ ၃:၃။
ဘုရားသခင်ကိုနှစ်သက်သည်ထက် အပျော်အပါးကို သာ၍နှစ်သက်ခြင်း။—၂ တိမောသေ ၃:၄။
ကိုယ်ကိုမချုပ်တည်းခြင်း။—၂ တိမောသေ ၃:၃။
မကောင်းမှုကိုနှစ်သက်ခြင်း။—၂ တိမောသေ ၃:၃။
ကျရောက်ဆဲအန္တရာယ်ကို အရေးမစိုက်ခြင်း။—မဿဲ ၂၄:၃၉။
ပြက်ရယ်ပြုသူတို့က နောက်ဆုံးကာလဆိုင်ရာ သက်သေအထောက်အထားကို ငြင်းပယ်ခြင်း။—၂ ပေတရု ၃:၃၊ ၄။
ဘုရားသခင့်နိုင်ငံတော်သတင်းကို ကမ္ဘာချီဟောပြောခြင်း။—မဿဲ ၂၄:၁၄။
[Picture Credit Lines on page 5]
ပထမကမ္ဘာစစ်မှစစ်သားများ– From the book The World War—A Pictorial History, 1919; နွမ်းပါးသောမိသားစု– AP Photo/Aijaz Rahi; ပိုလီယိုရောဂါသည်– © WHO/P. Virot