မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် “ဘုရားသခင်ရှေ့တော်၌ ဆင်းရဲ” နေသလော

သင်သည် “ဘုရားသခင်ရှေ့တော်၌ ဆင်းရဲ” နေသလော

သင်သည် “ဘုရားသခင်​ရှေ့တော်၌ ဆင်းရဲ” နေ​သလော

ယေရှု​ခရစ်​ပြော​ခဲ့​သော စဉ်းစား​မှု​ကို​လှုံ့ဆော်ပေး​သည့် ပုံ​ဥပမာ​များစွာ​တွင် မြေပိုင်ရှင်​သူကြွယ်​တစ်ဦး​အကြောင်းပါ​ရှိသည်။ မြေပိုင်ရှင်​သည် အနာဂတ်​ကောင်းစား​လုံခြုံရေး​အတွက် စီမံ​ရာ​တွင် သိုလှောင်ရုံ​များ​ဆောက်​ရန် အစီအစဉ်​ဆွဲ​ခဲ့​သည်။ သို့​တိုင် ယေရှု၏​ပုံ​ဥပမာ​တွင် ထို​သူအား “အချင်း​လူ​မိုက်” ဟု​ခေါ်ထား​သည်။ (လုကာ ၁၂:၁၆-၂၁) အဘ​ယ့်​ကြောင့် ဤမျှ​ပြင်းထန်​စွာ ကောက်ချက်​ချ​ရသနည်း။

ဤ​သူကြွယ်​သည် မိမိ​အနာဂတ်​ရေး​ကို​စီမံ​ရာ​တွင် ဘုရားသခင်​အား ထည့်သွင်း​စဉ်းစားခြင်း​မပြု၊ သူ့​လယ်ယာ သီး​ထွက်​ဖြစ်ထွန်း​မှု​အတွက် ဘုရားသခင်​အား စိုး​စဉ်း​မျှ​ဂုဏ်တင်​ခြင်း​မရှိသော​ကြောင့် ဖြစ်ပုံရ​သည်။ (မဿဲ ၅:၄၅) သို့​ပြု​မည့်​အစား “အချင်း​ဝိညာဉ်၊ သင်သည် နှစ်ပေါင်း​များစွာ​သုံးဆောင်​ရန် ဥစ္စာ​များ​ကို သိုထား​လျက်​ရှိ၏။ ငြိမ်​ဝပ်​စွာ​နေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ ခြင်း​ကို​ပြု​လော့” ဟု​သူ​ကြွားလုံး​ထုတ်ခဲ့​သည်။ သူ၏​ကြိုးစား​အားထုတ်မှု​ရလဒ်များ​က “မြင့်သော​မြို့ရိုး” ကဲ့သို့​ဖြစ်​မည်​ဟု သူ​စိတ်ကူးယဉ်​နေသည်။—သု. ၁၈:၁၁

အဆိုပါ​ဘဝင်မြင့်​စိတ်​မျိုးကို တပည့်​ဖြစ်သူ​ယာကုပ်​က ဤသို့​သတိပေး​ရေးသားခဲ့​၏– “‘ယနေ့ နက်ဖြန် ဤ​မည်​သော​မြို့​သို့​သွား​ကြ​ကုန်​အံ့။ ထို​မြို့၌​တစ်နှစ်​ပတ်လုံး​နေ၍ ကုန်သွယ်​သဖြင့် အမြတ်ရ​အောင်​ပြု​ကြ​ကုန်​အံ့’ ဟု​ဆို​တတ်သော​သူတို့ နားထောင်​ကြလော့။ နက်ဖြန်နေ့​၌ အဘယ်​သို့​ဖြစ်​မည်​ကို သင်တို့​မသိကြ။ သင်တို့​အသက်သည် အဘယ်​သို့​သော​အရာ​ဖြစ်သနည်း။ ခဏ​ထင်ရှား​ပြီး​မှ ကွယ်ပျောက်​သော​အခိုးအငွေ့ ဖြစ်၏။”—ယာကုပ် ၄:၁၃၊ ၁၄

ဤ​အတိုင်း​ပင် ယေရှု​ပုံ​ဥပမာ​မှ​သူကြွယ်​ကို ဤသို့​ဆို​ခဲ့​သည်– “အချင်း​လူ​မိုက်၊ ယနေ့​ည​ပင် သင်၏​ဝိညာဉ်​ကို ရုပ်သိမ်း​ရာ​အချိန်​ရောက်​လိမ့်​မည်။ သို့​ဖြစ်၍ သင်သည် ပြင်ဆင်​သိုထား​သော​ဥစ္စာ​ကို အဘယ်သူ​ပိုင်​မည်​နည်း။” ပျောက်ကွယ်​သွားသော အခိုးအငွေ့​ကဲ့သို့​ပင် သူကြွယ်​ကြီး​သည် သူ၏​စိတ်ကူး​အိပ်မက်​ကို အကောင်အထည်​မဖော်​မီ သေဆုံး​သွား​မည်​ဖြစ်သည်။ ကျွန်ုပ်​တို့အတွက် သင်ခန်းစာ​ရှာတွေ့​ပါသလော။ ယေရှု ဤသို့​မိန့်ဆိုခဲ့​၏– “ထို့​အတူ ကိုယ်​အဖို့​ဘဏ္ဍာများ​ကို​ဆည်းပူး​၍ ဘုရားသခင်​ရှေ့တော်၌ ဆင်းရဲသော​သူ​မည်​သည်​ကား ထို​သူဌေး​နှင့်​တူ​သည်​ဟု​မိန့်တော်မူ၏။” သင်သည် “ဘုရားသခင်​ရှေ့တော်၌ ဆင်းရဲ” နေ​သလော။