မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်မှန်သောနှိမ့်ချမှုကို မွေးမြူလော့

စစ်မှန်သောနှိမ့်ချမှုကို မွေးမြူလော့

စစ်မှန်သော​နှိမ့်ချမှုကို မွေးမြူ​လော့

“နှိမ့်ချလျက်​ရှိသောသူ​တို့ကို ကိုယ်တော်​သည် . . . ကယ်တင်​တော်​မူ​၏။”—၂ ဓမ္မ​ရာဇဝင် ၂၂:၂၈

၁၊ ၂။ ကမ္ဘာ့​အုပ်စိုးရှင်​များ​တွင် အဘယ်​တူညီချက်​ရှိကြ​သနည်း။

အီဂျစ်​နိုင်ငံ​ရှိ ပိရမစ်​များ​က ထို​နိုင်ငံ​ကို တစ်ချိန်က​အုပ်စိုး​ခဲ့​သူများ​အကြောင်း သက်သေထူ​သည်။ အခြား​သမိုင်းဝင်​ပုဂ္ဂိုလ်​များ​မှာ အာရှုရိရှင်ဘုရင် သနာခရိပ်၊ ဂရိ​နိုင်ငံ​မှ မဟာ​အလက်ဇန္ဒား၊ ရောမ​နိုင်ငံ​မှ ဂျူး​လီးယပ်စ်​ဆီဇာ​တို့​ဖြစ်​ကြသည်။ အဆိုပါ​အုပ်စိုးရှင်​များ​တွင် တူညီသော​အချက် တစ်ချက်​ရှိသည်။ သူတို့သည် အမှန်တကယ်​နှိမ့်ချ​သူများ​ဖြစ်သည်ဟု နာမည်​မရခဲ့​ကြ​ပါ။—မဿဲ ၂၀:၂၅၊ ၂၆

အထက်ပါ​အုပ်စိုးရှင်​များသည် ၎င်း​တို့​နိုင်ငံ​ရှိ နှစ်သိမ့်မှု​လိုနေသော အခြေအနေ​နိမ့်ကျ​သည့် ပြည်သား​များ​ထံ သွားရောက်​လိမ့်​မည်​ဟု တွေးကြည့်​နိုင်​မည်​လော။ မဖြစ်​နိုင်​ချေ။ စိတ်နှလုံး​ကြေကွဲ​နေသော မြို့သား​များ​ကို နှစ်သိမ့်​အားပေးဖို့​ဆင်းရဲ​နုံ​ချာ​လှ​သည့် နေအိမ်များ​သို့ သွားရောက်​လိမ့်​မည်​ဟု​လည်း တွေးကြည့်​နိုင်​မည်​မဟုတ်ပါ။ သာမည​လူတန်းစား​များ​အပေါ် ၎င်း​တို့​သဘောထား​သည် စကြဝဠာ​ကို အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင် ယေဟောဝါ​ဘုရားသခင်​၏​သဘောထား​နှင့် ကွာခြား​လိုက်​လေ​ခြင်း။

နှိမ့်ချမှု​ဆိုင်ရာ အကြီးမြတ်ဆုံး​ပုံ​နမူနာ​ရှင်

၃။ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင်​သည် မိမိ၏​လက်အောက်​လူသားများ​ကို မည်သို့​ဆက်ဆံ​တော်​မူ​သနည်း။

ယေဟောဝါ​ရှင်​သည် စစ်၍​မကုန်နိုင်​အောင် ကြီးမြတ်​လှသော်လည်း “စုံလင်သော​စေတနာ​စိတ်​ရှိသောသူ​တို့​ဘက်၌ ခိုင်ခံ့​စွာ​နေခြင်း​ငှာ မြေကြီး​တစ်ပြင်လုံး​ကို အနှံ့အပြား​ကြည့်ရှု​လျက်​ရှိ​တော်​မူ​၏။” (၂ ရာဇဝင်ချုပ် ၁၆:၉) စမ်းသပ်မှု​အမျိုးမျိုး ကြုံ​ရသော​ကြောင့် စိတ်နှလုံး​ကြေကွဲ​နေသော နှိမ့်ချ​သည့်​ဝတ်ပြုသူ​များ​ကို ကိုယ်တော်​ရှာတွေ့​သောအခါ အဘယ်အရာ​လုပ်ဆောင်​တော်​မူ​သနည်း။ ကိုယ်တော်​သည် “စိတ်​နှိမ့်ချသော​သူနှင့် နှလုံး​ကြေကွဲ​သော​သူတို့၏​စိတ်​ဝိညာဉ် အသက်ရှင်​စေခြင်း​ငှာ” သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် သူတို့နှင့်​အတူ​နေ​တော်​မူ​၏။ (ဟေရှာယ ၅၇:၁၅) သို့ဖြင့် ပြန်လည်​တက်ကြွ​လာသော ဝတ်ပြုသူ​များသည် ကိုယ်တော်​၏​အမှုတော်ကို ရွှင်လန်းစွာ ပြန်​ထမ်းဆောင်​နိုင်​ကြသည်။ ဘုရားသခင်​သည် နှိမ့်ချ​လိုက်​လေ​ခြင်း။

၄၊ ၅။ (က) ဘုရားသခင်​၏ အုပ်ချုပ်ပုံ​နည်းလမ်း​နှင့်​ပတ်သက်​၍ ဆာလံဆရာ မည်သို့​ခံစား​ခဲ့​ရသနည်း။ (ခ) ဘုရားသခင်​သည် “ဆင်းရဲသော​သူကို” ကူညီ​ရန် “မတူမတန်​နှိမ့်ချ” ခြင်း​ဟူသည် အဘယ်အရာကို ဆိုလို​သနည်း။

အပြစ်ရှိ​သော​လူသား​တို့ကို ကူညီ​ရန် အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင် ဘုရားသခင်​လောက် နှိမ့်ချ​နိုင်​သူ စကြဝဠာ​တွင်​မရှိပေ။ ဆာလံဆရာ ဤသို့​ရေးသား​နိုင်​ခဲ့​သည်– ‘ထာဝရ​ဘုရားသခင်​သည် လူမျိုးတကာ​တို့​အပေါ်​၌​လည်းကောင်း၊ ဘုန်းတော်သည် ကောင်းကင်​အပေါ်​၌​လည်းကောင်း မြင့်​တော်​မူ​၏။ ကိုယ်ကို​ချီးမြှင့်​၍ ကျိန်းဝပ်​တော်​မူ​သော်လည်း ကိုယ်ကို​နှိမ့်ချ၍ [“မတူမတန်​နှိမ့်ချ၍၊” က​ဘ] ကောင်းကင်​အရာ​နှင့် မြေကြီး​အရာ​တို့ကို ကြည့်ရှု​တော်​မူ​သော ငါ​တို့၏​ဘုရားသခင်​နှင့် အဘယ်သူ​တူ​သနည်း။ ဆင်းရဲသော​သူကို မြေမှုန့်​ထဲ​က​ကြွ​လျက် ငတ်မွတ်​သော​သူကို နောက်​ချေး​ပုံ​ထဲ​က ချီးမြှောက်​တော်​မူ​သည်။’—ဆာလံ ၁၁၃:၄-၇

“မတူမတန်​နှိမ့်ချ” ဟူသော​စကားလုံး​ကို သတိပြုပါ။ ယင်း​စကားလုံး​သည် လူသားတို့​အတွက်​မူ မကောင်း​သည့်​သဘောဆောင်​ပြီး ‘ကိုယ့်ထက်​နိမ့်​သူ သို့​မဟုတ် ကိုယ့်​လောက်​အခွင့်မသာ​သူ​တစ်ဦး​အား အထက်​စီး​နှင့်​ဆက်ဆံခြင်း’ ဖြစ်၏။ သန့်ရှင်း​စင်ကြယ်​ပြီး “ထောင်လွှား​စော်ကား” ခြင်း​ကင်း​သော ယေဟောဝါ​ဘုရားသခင်​တွင် အဆိုပါ​သဘောထား လုံးဝ​မရှိသော​ကြောင့် ကိုယ်တော်​အား ထောင်လွှား​စော်ကား​သည်​ဟု မဆို​နိုင်​ပေ။ (မာကု ၇:၂၂၊ ၂၃) သို့သော် “မတူမတန်​နှိမ့်ချ” ဟူ​သည့်​စကားလုံး​က အောက်​တန်း​စား​အဆင့်​အထိ ကိုယ့်​ကိုယ်ကို​နှိမ့်ချ​ခြင်း သို့​မဟုတ် ရာထူး​အဆင့်၊ ဂုဏ်​အသရေ​နိမ့်​သူ​တစ်ဦး​နှင့် တန်းတူ ဆက်ဆံခြင်း​ဟူ​သည့် သဘောလည်း​ဆောင်​သည်။ ထို့​ကြောင့် ဆာလံ ၁၁၃:၆ ကို ကျမ်းစာ​အချို့​က ဘုရားသခင်​သည် ကိုယ့်​ကိုယ်ကို​နှိမ့်ချ​တော်​မူ​သည်​ဟု ဘာသာ​ပြန်ဆို​ကြသည်။ ထိုသို့​ပြန်ဆိုခြင်း​က ကိုယ်တော်​အား ဝတ်ပြု​သော မစုံလင်သူ​လူသား​တို့၏ လိုအပ်ရာ​များ​ကို မေတ္တာဖြင့် ဂရုစိုက်​ပေးသနား​တော်​မူ​သည့် နှိမ့်ချသော​ဘုရားသခင်​၏ ပုံသဏ္ဌာန်​တော်​ကို ကောင်းစွာ​မြင်ယောင်​စေ​သည်​တကား။—၂ ဓမ္မ​ရာဇဝင် ၂၂:၃၆

ယေရှု အဘယ်ကြောင့်​နှိမ့်ချ​ခဲ့

၆။ ယေဟောဝါ​၏​နှိမ့်ချမှုကို​ဖော်ပြ​သည့် အကြီးမားဆုံး​လုပ်ရပ်​ကား အဘယ်နည်း။

နှိမ့်ချမှု​နှင့် မေတ္တာ​တင်ပြ​ရာ​တွင် ဘုရားသခင်​၏​အကြီးမြတ်ဆုံး​လုပ်ရပ်​မှာ လူသား​တို့ ကယ်တင်ခြင်း​ရ​ရန် မိမိ​ချစ်​မြတ်နိုး လှ​သော​သားဦး​ကို မြေကြီးပေါ်​စေလွှတ်​ကာ လူသား​တစ်ဦး​အဖြစ်​ဖွားမြင်၍ ကြီးပြင်း​လာ​စေခြင်း​ဖြစ်သည်။ (ယောဟန် ၃:၁၆) ယေရှုသည် ကောင်းကင်​ခမည်းတော်​အကြောင်း အမှန်တရားကို သွန်သင်ပေး​ပြီး “ဤ​လောက​၏​အပြစ်ကို ဆောင်​သွား” ရန် စုံလင်သော​လူသား​အသက်ကို စွန့်​တော်​မူ​ခဲ့​သည်။ (ယောဟန် ၁:၂၉; ၁၈:၃၇) ယေရှုသည် နှိမ့်ချ​ခြင်း​အပါအဝင် ယေဟောဝါ​၏​အရည်အသွေးများ​ကို အပြည့်အဝ​တုပ​ကာ ဘုရားသခင်​တောင်းဆိုရာ​ကို တလိုတလား​လုပ်ဆောင်ခဲ့​သည်။ ယင်းသည် ဘုရားသခင်​၏​ဖန်ဆင်း​ခံ သက်ရှိ​တစ်ဦး တင်ပြ​ခဲ့​သည့် နှိမ့်ချမှု​နှင့်​မေတ္တာ​ဆိုင်ရာ အကြီးမြတ်ဆုံး​ပုံ​နမူနာ​ဖြစ်သည်။ ယေရှု၏​နှိမ့်ချမှုကို လူတိုင်း မ​လေးမြတ်​ကြ​ပါ။ ကိုယ်တော့်​အား “ယုတ်မာ​သော​သူ” ဟု​ပင် ရန်သူများ​ယူမှတ်ခဲ့​ကြသည်။ (ဒံယေလ ၄:၁၇) မည်သို့​ပင်​ဖြစ်စေ၊ တမန်​တော်​ပေါလု​က မိမိ၏​ယုံကြည်သူချင်း​များသည် အချင်းချင်း​ဆက်ဆံ​ရာ​တွင် ယေရှု​နည်းတူ နှိမ့်ချ​သင့်​သည်​ဟု အသိအမှတ်ပြု​ခဲ့​သည်။—၁ ကောရိန္သု ၁၁:၁; ဖိလိပ္ပိ ၂:၃၊ ၄

၇၊ ၈။ (က) ယေရှုသည် နှိမ့်ချမှုကို မည်သို့​သင်ယူ​ခဲ့​သနည်း။ (ခ) ယေရှုသည် တပည့်​ဖြစ်လာ​မည့်​သူများကို မည်သို့​ဖိတ်ခေါ်​ထား​သနည်း။

ယေရှု၏​ထူးခြားသော​ပုံသက်သေ​ကို ပေါလု ဤသို့​အလေးပေး​ဖော်ပြ​ခဲ့​၏–“ယေရှု​ခရစ်​၌​ရှိသော ထို​စိတ်​သဘောကို သင်တို့၌​လည်း​ရှိစေ​ကြလော့။ ထို​သခင်သည် ဘုရားသခင်​၏​သဏ္ဌာန်တော်​နှင့် ပြည့်စုံ​တော်​မူ​သည်​ဖြစ်၍ ဘုရားသခင်​နှင့်​ပြိုင်​သော​အမှုကို လုယူခြင်း​အမှု​ဟူ၍ မထင်မမှတ်​လျက်​ပင် မိမိ​အသရေ​ကို​စွန့်​၍ အစေခံကျွန်​၏​သဏ္ဌာန်​ကို ယူဆောင်​လျက် လူ​ကဲ့သို့​သော​အဖြစ်​၌ ဖွားမြင်ခြင်း​ကို​ခံ​တော်​မူ​၏။ ထိုသို့ လူ​၏​ဂုဏ်အင်္ဂါ​လက္ခဏာ​နှင့်​ပြည့်စုံ​လျက် အသေခံ​ခြင်း​သာ​မဟုတ်၊ လက်ဝါးကပ်တိုင်​မှာ အသေခံ​ခြင်း​တိုင်အောင် အစေ​ကျွန်ခံ​၍ ကိုယ်ကို​ကိုယ်​နှိမ့်ချ​တော်​မူ​၏။”—ဖိလိပ္ပိ ၂:၅-၈

အချို့​က ‘နှိမ့်ချမှုကို ယေရှု ဘယ်လို​သင်ယူ​ခဲ့​သလဲ’ ဟု​မေး​ပေမည်။ အရာခပ်သိမ်း​ကို​ဖန်ဆင်း​ရာ အတိုင်းမသိ​ကာလ​တစ်လျှောက် ‘ကျွမ်းကျင်​လုပ်သား’ အဖြစ် ယေရှု​အမှုဆောင်​စဉ် ကောင်းကင်​ခမည်းတော်​နှင့် ရင်းရင်းနှီးနှီး​ပေါင်းသင်း​ခဲ့​ရခြင်း အကျိုး​တစ်ခု​ဖြစ်သည်။ (သု. ၈:၃၀က​ဘ) ဧဒင်​တွင် ပုန်ကန်မှု​ဖြစ်​ပြီး​နောက် ဘုရားသခင်​၏​သားဦး​သည် အပြစ်သား​များနှင့် ကိုယ်တော်​ဆက်ဆံပုံ​ကို သိမြင်​ခွင့်​ရခဲ့​သည်။ သို့​ဖြစ်၍ ယေရှုသည် ကမ္ဘာ​ပေါ်​ရှိခဲ့​စဉ်​က ခမည်းတော်​နည်းတူ နှိမ့်ချမှု​တင်ပြ​ပြီး ဤသို့​ဖိတ်ခေါ်​ခဲ့​သည်– “ငါ့​ထမ်းပိုး​ကို​တင်၍ ထမ်း​ကြလော့။ ငါ့ထံ၌ နည်းခံ​ကြလော့။ ငါသည် နူးညံ့​သိမ်မွေ့​နှိမ့်ချသော စိတ်သဘော​ရှိ၏။ သင်တို့​စိတ်နှလုံး​သည် သက်သာခြင်း​ကို​ရ​လိမ့်​မည်။”—မဿဲ ၁၁:၂၉; ယောဟန် ၁၄:၉

၉။ (က) ကလေး​များ​တွင် ချစ်ခင်​စ​ရာ​ကောင်းသော အဘယ်အရာကို ယေရှု​တွေ့မြင်​ခဲ့​သနည်း။ (ခ) ယေရှုသည် ကလေး​တစ်ဦး​ကို​အသုံးပြု၍ အဘယ်​သင်ခန်းစာပေး​ခဲ့​သနည်း။

ယေရှုသည် စစ်မှန်​သည့်​နှိမ့်ချ​စိတ်​ရှိသောကြောင့် ကလေး​များ​ပင် ကိုယ်တော်​ကို ကြောက်​မည့်​အစား ခင်တွယ်​ကြ​၏။ ကိုယ်တော်​လည်း ကလေး​များ​ကို ချစ်ခင်​တွယ်တာ​ကြောင်း​ပြ​ကာ သူတို့ကို​အရေးစိုက်​ခဲ့​သည်။ (မာကု ၁၀:၁၃-၁၆) ယေရှုသည် ကလေး​များ​ကို အဘယ်ကြောင့် စိတ်ဝင်စား​ပြီး ချစ်ခင်​ခဲ့​ရသနည်း။ လူကြီး​များ​ဖြစ်နေ​သည့် ကိုယ်တော်​၏​တပည့်​အချို့ တစ်ခါတစ်ရံ​မတင်ပြ​ကြသော နှစ်​လို့​ဖွယ်​အရည်အသွေးများ ထို​ကလေး​တို့​တွင်​ရှိ၍​ဖြစ်သည်။ ကလေး​များသည် လူကြီး​တို့အား ကိုယ့်ထက်​သာ​သည်​ဟု ရှုမြင်​တတ်ကြ​သည်​မှာ လူအများ​သိ​ဖြစ်သည်။ ထိုသို့​ဖြစ်​ကြောင်း သူတို့​မေး​သည့် မေးခွန်းများ​စွာ​က ဖော်ပြ​သည်။ လူကြီး​များနှင့်​စာ​လျှင် ကလေး​တို့သည် သွန်သင်​ရ​ပို​လွယ်ကူ​သည်။ လူကြီး​များ​လောက် မာန​မကြီး​တတ်ကြ​ပါ။ တစ်ခါ​က ယေရှုသည် ကလေး​တစ်ဦး​ကို​ခေါ်​ကာ တပည့်​များ​ကို ဤသို့​မိန့်ဆိုခဲ့​၏– “ငါ​အမှန်​ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ​၍ သူငယ်​ကဲ့သို့​မဖြစ်​လျှင် ကောင်းကင်​နိုင်ငံတော်​သို့ မရောက်ရ​ကြ။” ထို့နောက် ကိုယ်တော်​က “အကြင်သူသည် ဤ​သူငယ်​ကဲ့သို့ မိမိကို​မိမိ​နှိမ့်ချ​အံ့၊ ထို​သူသည် ကောင်းကင်​နိုင်ငံတော်​၌ သာ၍​ကြီးမြတ်​လိမ့်​မည်” ဟု​ဆက်​မိန့်ဆို​သည်။ (မဿဲ ၁၈:၃၊ ၄) “ကိုယ်ကို​ကိုယ်​ချီးမြှောက်​သော​သူ​မည်​သည်​ကား နှိမ့်ချ​ခြင်း​သို့​ရောက်​လတ္တံ့။ ကိုယ်ကို​ကိုယ်​နှိမ့်ချသော​သူ​မည်​သည်​ကား ချီးမြှောက်​ခြင်း​သို့​ရောက်​လတ္တံ့” ဟူသော​စည်းမျဉ်း​ကို ယေရှု​ချမှတ်​ခဲ့​သည်။—လုကာ ၁၄:၁၁; ၁၈:၁၄; မဿဲ ၂၃:၁၂

၁၀။ အဘယ်​မေးခွန်းများကို ကျွန်ုပ်​တို့​သုံးသပ်ကြ​မည်​နည်း။

၁၀ ယင်း​အမှန်တရား​ကြောင့် အရေးကြီး​သည့်​မေးခွန်းများ ပေါ်ပေါက်​လာ​သည်။ ကျွန်ုပ်​တို့​ထာဝရ​အသက်​ရနိုင်​ရေး​သည် စစ်မှန်သော​နှိမ့်ချမှု တင်ပြခြင်း​အပေါ် တစ်စိတ်​တစ်​ဒေသ​မူတည်​သည်​မှန်​သော်လည်း ခရစ်ယာန်​များ နှိမ့်ချမှု​တင်ပြ​ဖို့ တစ်ခါတစ်ရံ အဘယ်ကြောင့်​ခက်ခဲ​ရသနည်း။ မာန်​မာန​ကို​ချိုးနှိမ်​ကာ နှိမ့်ချမှု​ပြ​၍ စမ်းသပ်မှု​များ​ကို​ရင်ဆိုင်​ရန် အဘယ်ကြောင့်​ခက်ခဲ​ရသနည်း။ စစ်မှန်သော​နှိမ့်ချမှု မွေးမြူ​ရာ​တွင် အောင်မြင်​ရန် အဘယ်အရာက အကူအညီ​ပေး​မည်​နည်း။—ယာကုပ် ၄:၆၊ ၁၀

နှိမ့်ချမှု​ရှိ​ရန် အဘယ်ကြောင့် ခက်ခဲ​ရ​ကြောင်း

၁၁။ နှိမ့်ချမှု​ရှိ​ရန် ကြိုးစား​နေရ​ခြင်း​သည် အဘယ်ကြောင့် အံ့ဩစရာ​မဟုတ်​သနည်း။

၁၁ သင်သည် နှိမ့်ချမှု​ရှိဖို့ ကြိုးစား​နေရ​ပါ​က သင်​တစ်ဦးတည်း မဟုတ်ပါ။ ၁၉၂၀ ပြည့်နှစ်​က ဤ​မဂ္ဂဇင်း​တွင် နှိမ့်ချမှု​ရှိဖို့လို​သည့် ကျမ်းစာ​အကြံပြုချက်​အကြောင်း ဤသို့​ဆွေးနွေး​တင်ပြ​ခဲ့​သည်– “နှိမ့်ချမှုကို သခင်​အရှင် အလွန်​တန်ဖိုး​ထား​ကြောင်း ကျွန်ုပ်​တို့ သိမြင်​လာ​သည်​နှင့်​အမျှ တပည့်စစ်​တပည့်​မှန်​အားလုံး ယင်း​အရည်အသွေးကို နေ့စဉ်​တင်ပြ​ရန် အားပေးခံရ​သင့်​သည်။” ထို့နောက် ဤသို့​ပွင့်လင်း​စွာ​ဝန်ခံ​ထား​သည်– “ယင်း​ကျမ်းစာ​ဆုံးမ​စကား​များ ရှိ​လျက်​ပင် လူ့​သဘာဝ​သည် မည်မျှ​အထိ မူမမှန်​သနည်း​ဟူ​မူ နှိမ့်ချ​ခြင်း​နှင့်​ပတ်သက်​လျှင် သခင့်​လူမျိုး​ဖြစ်လာ​ပြီး သခင့်​လမ်းစဉ်​ကို​လိုက်​သူတို့သည် အခြား​အရာ​တို့​ထက် ဤ​ကိစ္စ​တွင် အခက်အခဲ​ပို​တွေ့​ကြောင်း၊ ပို​တွန်းလှန်​ရ​ကြောင်း တွေ့ရှိ​ရသည်။” ခရစ်ယာန်စစ်​များသည် နှိမ့်ချမှု​ရှိ​ရန် ကြိုးစား​အားထုတ်​ရသည့်​အကြောင်း​တစ်ရပ်​ကို ယင်းက​ဖော်ပြ​သည်။ ကျွန်ုပ်​တို့၏​အပြစ်ရှိ​လူ့​သဘာဝ​အရ အလွန်အကျွံ ချီးမွမ်း​ခံ​လို​သောကြောင့်​ဖြစ်သည်။ ယင်း​သို့​ဖြစ်​ရခြင်း​မှာ ကျွန်ုပ်​တို့သည် တစ်ကိုယ်ကောင်း​ဆန်​သည့် အပြစ်သား​မောင်နှံ အာဒံ​နှင့်​ဧဝ​တို့၏ သားစဉ်မြေးဆက် ဖြစ်နေ​ကြ​ခြင်း​ကြောင့်​တည်း။—ရောမ ၅:၁၂

၁၂၊ ၁၃။ (က) ခရစ်ယာန်​များ နှိမ့်ချမှု​မတင်ပြ​နိုင်​ရန် ဤ​လောက,က မည်သို့​တားဆီး​သနည်း။ (ခ) နှိမ့်ချမှု​မွေးမြူရန် ကြိုးစား​ရာ​၌ ပိုမို​ခက်ခဲ​စေရန် မည်သူ​လုပ်ဆောင်နေ​သနည်း။

၁၂ နှိမ့်ချမှု​ပြဖို့​ခက်ခဲ​ရသည့် နောက်​အကြောင်းရင်း​တစ်ခု​မှာ သူတစ်ပါး​ထက်သာ​ရန် အားပေး​အား​မြှောက်​ပြု​နေသူတို့ ဝန်းကျင်​တွင် အသက်​ရှင်​နေကြ​ရ​၍​ဖြစ်၏။ ဤ​လောက​၏​အဓိက​ရည်မှန်းချက်​များ​တွင် “ကိုယ်ကာယ​တပ်မက်​ခြင်း၊ မျက်စိ​တပ်မက်​ခြင်း” ကို​ပြေစေ​ခြင်း​နှင့် ‘လောက​စည်းစိမ်​၌​ဝါကြွားခြင်း’ တို့​ပါဝင်​သည်။ (၁ ယောဟန် ၂:၁၆) အဆိုပါ​လောကလို​အင်​ဆန္ဒ​၏ လွှမ်းမိုးမှုကို​ခံ​မည့်​အစား ယေရှု၏​တပည့်​များသည် မျက်စိ​ကို​ရိုးရှင်း​စေ​ကာ ဘုရားသခင့်​အလိုတော်​ဆောင်ခြင်း​အပေါ် အာရုံစိုက်​သင့်​သည်။—မဿဲ ၆:၂၂-၂၄၊ ၃၁-၃၃; ၁ ယောဟန် ၂:၁၇

၁၃ နှိမ့်ချ​စိတ်​မွေးမြူ​ကာ ယင်းကို​တင်ပြ​ဖို့ ခက်ခဲ​ရသည့် တတိယ​အကြောင်းရင်း​မှာ ထောင်လွှား​မှု​၏​ပင်ရင်း စာတန်​သည် ဤ​ကမ္ဘာ​ကို​အုပ်စိုး​နေသော​ကြောင့်​ဖြစ်၏။ (၂ ကောရိန္သု ၄:၄; ၁ တိမောသေ ၃:၆) စာတန်​သည် မိမိ၏​ဉာဉ်ဆိုး​များ တိုးပွား​ပျံ့နှံ့​အောင် လှုံ့ဆော်​နေသည်။ ဥပမာ၊ စာတန်​သည် ယေရှု​အား ‘တိုင်းနိုင်ငံ​နှင့် ထို​တိုင်းနိုင်ငံ​တို့၏​ဘုန်း​စည်းစိမ်’ ပေး​မည်​ဟု​ကမ်း​လှမ်း​ကာ မိမိကို ကိုယ်တော်​ဝတ်ပြု​စေရန် ကြိုးစား​ခဲ့​သည်။ နှိမ့်ချမှု​အမြဲ​ရှိသော​ယေရှုသည် စာတန်​ကမ်း​လှမ်း​ရာ​ကို ခပ်​ပြတ်​ပြတ်​ငြင်းပယ်​ခဲ့​သည်။ (မဿဲ ၄:၈၊ ၁၀) အလားတူ​ပင်၊ ခရစ်ယာန်​များ​ကိုလည်း ဘုန်း​အသရေ​ရှိ​သူများ​ဖြစ်​လို​ကြ​ရန် စာတန်​သွေးဆောင်​နေသည်။ သို့သော် နှိမ့်ချသော​ခရစ်ယာန်​များ​မူ ယေရှု၏​ပုံသက်သေ​ကို​တုပ​ကာ ယေဟောဝါ​အား ဂုဏ်တင်​ချီးမွမ်း​ကြသည်။—မဿဲ ၄:၈၊ ၁၀

စစ်မှန်သော​နှိမ့်ချမှု မွေးမြူ၍ တင်ပြခြင်း

၁၄။ ဟန်ဆောင်​နှိမ့်ချ​ခြင်း​ဟူသည် အဘယ်နည်း။

၁၄ ကောလောသဲ​အသင်းတော်​ထံ တမန်​တော်​ပေါလု စာရေး​သည့်​အခါ လူ​တို့​အထင်ကြီး​စေရန် ဟန်ဆောင်​နှိမ့်ချ​ခြင်း​ဟု သူ​ဖော်ပြ​ခဲ့​သော သဘောထား​မရှိစေရန် သတိပေး​ခဲ့​သည်။ ဟန်ဆောင်​နှိမ့်ချ​သူများ​သည် ဝိညာဉ်​ရေး​ကောင်း​သူများ​မဟုတ်​ချေ။ အမှန်​မှာ သူတို့သည် မာန်​မာန​ထောင်လွှား​သူများ​ဖြစ်​ကြ​၏။ (ကောလောသဲ ၂:၁၈) ထိုသို့​ဟန်ဆောင်​နှိမ့်ချ​သူတို့​အကြောင်း ယေရှု​ဖော်ပြ​ခဲ့​သည်။ ဖာရိရှဲ​များ​၏ ဟိတ်​ဟန်​ထုတ်​ဆုတောင်းခြင်း၊ လူ​မြင်​ကောင်း​အောင် ညှိုးငယ်​သော​မျက်နှာထား​ဖြင့် အစာ​ရှောင်ခြင်း​အကျင့်​တို့ကို ယေရှု​ပြစ်တင်​ရှုတ်ချခဲ့​သည်။ သို့​ဖြစ်၍ ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​ဆုတောင်းချက်​များ​ကို ဘုရားသခင်​တန်ဖိုး​ထား​စေ​လိုလျှင် နှိမ့်ချစွာ​တောင်းလျှောက်​သင့်​သည်။—မဿဲ ၆:၅၊ ၆၊ ၁၆

၁၅။ (က) နှိမ့်ချမှု​အမြဲ​ရှိ​ရန် အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။ (ခ) နှိမ့်ချ​ခြင်း​ဆိုင်ရာ ပုံ​နမူနာ​ကောင်း​အချို့​ကား အဘယ်နည်း။

၁၅ ခရစ်ယာန်​များသည် နှိမ့်ချမှု​၏ အကောင်းဆုံး​ပုံ​နမူနာ​ရှင်​များ​ဖြစ်​ကြသော ယေဟောဝါ​ဘုရားသခင်​နှင့် ယေရှု​ခရစ်​တို့ကို အမြဲ​သတိရ​နေခြင်း​ဖြင့် စစ်မှန်သော​နှိမ့်ချမှုကို အမြဲ​မွေးမြူရန် အကူအညီ​ရ​ကြသည်။ ဤသို့​ပြုခြင်း​တွင် ကျမ်းစာ​နှင့် ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျွန်’ ပြင်ဆင်​ပေး​သော ကျမ်းစာ​လေ့လာမှု​အထောက်အကူ​ပြု​စာပေ​များ​ကို ပုံမှန်​လေ့လာခြင်း​ပါဝင်​သည်။ (မဿဲ ၂၄:၄၅) ခရစ်ယာန်​ကြီးကြပ်မှူး​များသည် ‘ညီအစ်ကို​တို့ကို မထီမဲ့မြင်​ပြု​၍ မာန​ထောင်လွှား​ခြင်း’ မရှိကြ​ရန် ထိုသို့​လေ့လာ​ဖို့ အလွန်​အရေးကြီး​၏။ (တရားဟောရာ ၁၇:၁၉၊ ၂၀; ၁ ပေတရု ၅:၁-၃) နှိမ့်ချသော​ကြောင့် ကောင်းချီး​ခံစား​ခဲ့​ရသည့် ရုသ၊ ဟန္န၊ ဧလိရှဗက်​နှင့် အခြား​ပုဂ္ဂိုလ်​များစွာ​၏​ပုံ​နမူနာကို သုံးသပ်ကြည့်​ပါ။ (ရုသ ၁:၁၆၊ ၁၇; ၁ ဓမ္မ​ရာဇဝင် ၁:၁၁၊ ၂၀; လုကာ ၁:၄၁-၄၃) ဒါဝိဒ်၊ ယောရှိ၊ နှစ်ခြင်း​ဆရာ​ယောဟန်​နှင့် တမန်​တော်​ပေါလု​တို့​ကဲ့သို့ နှိမ့်ချမှု​ရှိခဲ့​သော ထင်ပေါ်​ကျော်ကြား​သူများ​၏ ပုံ​နမူနာ​ကောင်း​များ​ကိုလည်း စဉ်းစား​ကြည့်​ပါ။ (၂ ရာဇဝင်ချုပ် ၃၄:၁၊ ၂၊ ၁၉၊ ၂၆-၂၈; ဆာလံ ၁၃၁:၁; ယောဟန် ၁:၂၆၊ ၂၇; ၃:၂၆-၃၀; တမန်​တော် ၂၁:၂၀-၂၆; ၁ ကောရိန္သု ၁၅:၉) မျက်မှောက်ခေတ် ခရစ်ယာန်​အသင်းတော်တွင်​တွေ့ရ​သော နှိမ့်ချမှု​ရှိ​သူများ​၏ ပုံ​နမူနာ​များလည်း ရှိပါ​သေး​သည်။ ထို​ပုံ​နမူနာ​များ​ကို တွေးတော​ဆင်ခြင်ခြင်း​ဖြင့် ခရစ်ယာန်စစ်​များသည် “အချင်းချင်း တစ်ယောက်​အောက်​တစ်ယောက် နှိမ့်ချလျက်​နေ” နိုင်​ကြ​ပါ​လိမ့်​မည်။—၁ ပေတရု ၅:၅

၁၆။ ခရစ်ယာန်​အမှုဆောင်​လုပ်ငန်း​က နှိမ့်ချမှု​ရှိ​ရန် မည်သို့​ကူညီပေး​သနည်း။

၁၆ ခရစ်ယာန်​အမှုဆောင်​လုပ်ငန်း​တွင် မှန်မှန်​ပါဝင်ခြင်း​က​လည်း နှိမ့်ချမှု​ရှိစေသည်။ အိမ်များ​နှင့် အခြား​နေရာများ​တွင် တွေ့ရှိ​သော​သူစိမ်း​တို့အား ဘုရားသခင့်​နိုင်ငံတော်​သတင်း​ဟောပြောသော​အခါ နှိမ့်ချ​စိတ်​က ထိရောက်​မှု​ရှိစေသည်။ အထူးသဖြင့် အိမ်ရှင်​တို့​က သတင်းတရားကို​ကြားကြားချင်း အရေးမစိုက်၊ ရိုင်းစိုင်း​စွာ​တုံ့ပြန်​ကြသောအခါ​ဖြစ်သည်။ ကျွန်ုပ်​တို့၏​ယုံကြည်ချက်များ​ကို မေးမြန်း​စစ်ဆေး​လာ​ကြသောအခါ “နူးညံ့​သော​သဘော၊ ကြောက်ရွံ့​သော​သဘော​နှင့်” ပြန်ဖြေ​ဆိုနိုင်​ရန် နှိမ့်ချမှု​က အကူအညီ​ပေး​ပါ​လိမ့်​မည်။ (၁ ပေတရု ၃:၁၅) ဘုရားသခင်​၏ နှိမ့်ချမှု​ရှိသော​ကျေးကျွန်​များသည် ဒေသ​အသစ်များ​သို့​ပြောင်းရွှေ့​ပြီး ယဉ်ကျေးမှု​နှင့် လူနေမှု​အဆင့်အတန်း​မတူ​သူများကို အကူအညီ​ပေး​ခဲ့​ကြပြီ။ အဆိုပါ​အမှုဆောင်​များသည် သတင်းကောင်း​ဟောပြောခြင်းကို ထိရောက်​စေ​မည့် ဘာသာ​စကား​အသစ်​ကို ခက်ခက်ခဲခဲ​သင်ယူ​ကြ​ရာ​တွင် နှိမ့်ချမှု​တင်ပြ​ကြ​ရ​ပေမည်။ တကယ်​ချီးမွမ်း​ထိုက်​ပေ​စွ။—မဿဲ ၂၈:၁၉၊ ၂၀

၁၇။ အဘယ်​ခရစ်ယာန်​တာဝန်​များ​ကို နှိမ့်ချမှု​ဖြင့်​ထမ်းဆောင်​ရန် လို​သနည်း။

၁၇ မိမိ​အကျိုး​ထက် သူတစ်ပါး​အကျိုးကို နှိမ့်ချစွာ​ဖြင့် ဦးစားပေး​သယ်ပိုး​ကာ ခရစ်ယာန်​တာဝန်​များ​ကို ကျေပွန်​ခဲ့​ကြ​သူများစွာ​ရှိသည်။ ဥပမာ၊ ခရစ်ယာန်​ဖခင်​တစ်ဦး​သည် သားသမီး​များ​ကို ထိရောက်​စွာ ကျမ်းစာ​သင်ပေးဖို့ ကြိုတင်​ပြင်ဆင်​နိုင်​ရန် အချိန်​ယူရ​ပေမည်။ ထိုသို့​ပြု​ရန် နှိမ့်ချမှု​လို​သည်။ သားသမီး​များသည်​လည်း မစုံလင်​သော​မိဘတို့ကို ရိုသေ​လေးစား​စွာ နာခံမှု​ပြ​ရန် နှိမ့်ချမှု​ရှိ​ရ​ပေမည်။ (ဧဖက် ၆:၁-၄) မယုံကြည်​သူ​ခင်ပွန်း​ရှိသည့် ဇနီး​များလည်း “ကြောက်ရွံ့​ခြင်း​နှင့် စင်ကြယ်သော​အကျင့်” ဖြင့် မိမိတို့​အိမ်ထောင်ဖက်​များ​အား အမှန်တရားကို​နှစ်သက်​လာ​စေရန် ကြိုးစား​ကြ​သည့်​အခါ အောက်ကျို့​ကြ​ရ၏။ (၁ ပေတရု ၃:၁၊ ၂) နာမကျန်း​ဖြစ်နေ​သော ဇ​ရာ​အို​မိဘများ​ကို မေတ္တာဖြင့် ဂရုစိုက်​စောင့်ရှောက်​ပေး​ရာ​တွင်​လည်း နှိမ့်ချမှု​နှင့်​အနစ်နာခံ​စိတ်​တို့သည် များစွာ​အထောက်အကူ​ဖြစ်သည်။—၁ တိမောသေ ၅:၄

နှိမ့်ချမှု​က ပြဿနာ​များ ပြေလည်​စေ

၁၈။ နှိမ့်ချမှု​က ပြဿနာ​ကို မည်သို့​ပြေလည်​စေနိုင်​သနည်း။

၁၈ ဘုရားသခင်​၏ လူသား​ကျေးကျွန်​အားလုံး​သည် မစုံလင်​ကြ​ချေ။ (ယာကုပ် ၃:၂) တစ်ခါတစ်ရံ ခရစ်ယာန်​နှစ်ဦး​စပ်ကြား စိတ်ဝမ်းကွဲ​ခြင်း၊ နားလည်မှု​လွဲ​ခြင်း​တို့ ဖြစ်ပေါ်​တတ်​သည်။ တစ်ဦး​ကိုတစ်​ဦး မကျေမနပ်​ဖြစ်စရာ ခိုင်လုံ​သော​အကြောင်း​ရှိ​ပေမည်။ သို့သော် ဤ​အကြံပြုချက်ကို လိုက်နာခြင်း​ဖြင့် ပြဿနာ​ပြေလည်​သွားလေ့​ရှိသည်– “တစ်ယောက်​၌​တစ်ယောက် အပြစ်တင်စရာ​အခွင့်​ရှိလျှင် အချင်းချင်း​သည်းခံ၍ အပြစ်ကို​လွှတ်​ကြလော့။ ယေဟောဝါ​သည် သင်တို့၏​အပြစ်ကို လွှတ်တော်​မူ​သကဲ့သို့ ထို​နည်းတူ​ပြု​ကြလော့။” (ကောလောသဲ ၃:၁၃က​ဘ) ယင်း​အကြံပြုချက်​အတိုင်း​လိုက်နာ​ဖို့ မလွယ်ကူ​သည်​မှာ မှန်​သော်လည်း နှိမ့်ချ​စိတ်​ရှိပါက ယင်းကို​လိုက်နာ​နိုင်​သည်။

၁၉။ ကျွန်ုပ်​တို့ကို စိတ်ထိခိုက်​စေ​သူ​တစ်ဦးထံ ချဉ်းကပ်​၍ စကားပြော​ဆိုတော့​မည်​ဆိုလျှင် အဘယ်အရာကို စိတ်​စွဲမှတ်​ထား​သင့်​သနည်း။

၁၉ တစ်ခါတစ်ရံ အပြစ်တင်စရာ​အကြောင်း​မှာ ခိုင်လုံ​လွန်း​လှ​၍ လျစ်လျူရှု​ရန်​မဖြစ်​နိုင်​ဟု ခရစ်ယာန်​တစ်ဦး ယူဆ​ပေမည်။ သို့​ဖြစ်​လျှင် ပြစ်မှား​သည်​ဟု မိမိ​ယူဆ​ထား​သူ​ထံ ပြန်လည်​သင့်မြတ်​လို​စိတ်ဖြင့် ချဉ်းကပ်​နိုင်​ရန် နှိမ့်ချမှု​က ကူညီပေး​မည်။ (မဿဲ ၁၈:၁၅) တစ်ခါတစ်ရံ ခရစ်ယာန်​ချင်း ပြဿနာ​မပြေလည်​နိုင်​သည့် အကြောင်းရင်း​တစ်ခု​မှာ တစ်ဦးဦး သို့​မဟုတ် နှစ်ဦးစလုံး​က မိမိ​မှား​ပါ​သည်​ဟု မ​ဝန်ခံ​လို​သည်​အထိ မာနကြီးလွန်း​ခြင်း​ဖြစ်သည်။ သို့​မဟုတ် ပြန်လည်​သင့်မြတ်မှု​ရှိ​ရန် အစပြု​လုပ်ဆောင်​သူက ကိုယ်​သာ​မှန်သည်​ဟူ​သည့်​သဘော၊ အပြစ်ရှာ​လို​သည့်​သဘောဖြင့် ချဉ်းကပ်​သောကြောင့် ဖြစ်​ပေမည်။ သို့သော် စစ်မှန်သော​နှိမ့်ချ​စိတ်​က သဘောထား​ကွဲလွဲ​မှုများ​စွာ​ကို ပြေလည်​စေရန် အထောက်အကူ​များစွာ​ပြု​နိုင်၏။

၂၀၊ ၂၁။ နှိမ့်ချမှု​ရှိ​ရန် အကောင်းဆုံး​အကူအညီ​တစ်ခု​ကား အဘယ်နည်း။

၂၀ နှိမ့်ချ​စိတ်​မွေးမြူ​ရာ​တွင် ဘုရားသခင်​နှင့် ဝိညာဉ်​တော်​အကူအညီ​ရရှိရန် ဆုတောင်းခြင်း​သည် အဓိက​ဖြစ်သည်။ ဘုရားသခင်​သည် စိတ်​နှိမ့်ချ​သူတို့အား သန့်ရှင်းသော​ဝိညာဉ်​တော်​ပေးခြင်း​အပါအဝင် မခံစားထိုက်သော​ကြင်နာ​မှု ပြတော်မူ​ကြောင်း သတိရပါ​လေ။ (ယာကုပ် ၄:၆) ထို​ကြောင့် ယုံကြည်သူချင်း​တစ်ဦး​နှင့် သင်​စိတ်ဝမ်းကွဲ​နေ​မည်​ဆိုလျှင် သင့်​ဘက်​မှ မည်သည့်​အမှား​ကို​မဆို နှိမ့်ချစွာ​ဝန်ခံ​နိုင်​ရန် ယေဟောဝါ​ထံ ဆုတောင်း​ပါ။ သင့်ကို​စိတ်နာ​စေသော ပြစ်မှားသူ​က “တောင်းပန်​ပါ​တယ်” ဟု​စိတ်ရင်းမှန်​နှင့်​ပြော​လာသော​အခါ နှိမ့်ချစွာ​ခွင့်လွှတ်​လိုက်ပါ။ ထိုသို့​ပြု​ရန်​ခက်ခဲ​လျှင် အရိုးစွဲ​နေသည့် မာနစိတ်ကို​ချိုးနှိမ်​နိုင်​ရန် ယေဟောဝါ​ထံ အကူအညီ​တောင်းခံ​ပါ​လေ။

၂၁ နှိမ့်ချ​ခြင်း​၏​အကျိုးကျေးဇူးများ​ကို သိ​နားလည်​ထားခြင်း​က ယင်း​အဖိုးထိုက်​အရည်အသွေးကို မွေးမြူ၍ ဆက်​ထိန်းသိမ်း​ထား​နိုင်​ရန် လှုံ့ဆော်ပေး​ပါ​လိမ့်​မည်။ ထိုသို့​ပြု​နိုင်​ရန် ယေဟောဝါ​ဘုရားသခင်​နှင့် ယေရှု​ခရစ်​တို့ ပြသ​ခဲ့​သော အလွန်​ကောင်းမွန်​သည့်​ပုံ​နမူနာ​များ​ကို တုပ​နိုင်​ကြသည်။ ‘စိတ်​နှိမ့်ချ​ခြင်း၊ ထာဝရ​ဘုရားသခင်​ကို ကြောက်ရွံ့​ခြင်း​ကျေးဇူး​ကြောင့် စည်းစိမ်၊ ဂုဏ်​အသရေ၊ အသက်ကို​ရ​တတ်၏’ ဟု​ဘုရားသခင်​အာမခံ​တော်​မူ​သည်ကို မမေ့​ကြ​စို့​နှင့်။—သု. ၂၂:၄

တွေးတော​ဆင်ခြင်​ရန် အချက်များ

• နှိမ့်ချမှု​ပြ​ရာ​တွင် အကောင်းဆုံး​ပုံ​နမူနာ​ရှင်​များ​ကား​မည်သူ​တို့​နည်း။

• နှိမ့်ချမှု​မွေးမြူရန် အဘယ်ကြောင့်​ခက်ခဲ​သနည်း။

• နှိမ့်ချမှု​ရှိ​ရန် အဘယ်အရာ​များ​က အကူအညီ​ပေး​သနည်း။

• အမြဲ​နှိမ့်ချ​နေ​ရန် အဘယ်ကြောင့် အလွန်​အရေးကြီး​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ယေရှုသည် အမှန်တကယ်​နှိမ့်ချမှု​ရှိ

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ဤ​လောကသည် အခြားသူများ​ထက်သာ​အောင်​ကြိုးစား​ရန် လူ​တို့ကို အားပေးနေ

[Credit Line]

WHO photo by L. Almasi/K. Hemzǒ

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

အမှုဆောင်​လုပ်ငန်း​တွင်​သူစိမ်း​များ​ထံ​ချဉ်းကပ်​ရန် နှိမ့်ချမှု​က အကူအညီ​ပေး

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့သည် စိတ်ဝမ်းကွဲ​မှုများ​ကို မေတ္တာ​နှင့် နှိမ့်ချစွာ​ဖုံးအုပ်ခြင်း​ဖြင့် ဖြေရှင်း​နိုင်

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ခရစ်ယာန်​များသည် နည်းလမ်း​များစွာ​ဖြင့်​နှိမ့်ချမှု​ပြ​ကြ