မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပင်လယ်သို့ သင်္ဘောဖြင့်သွားကြသူများ

ပင်လယ်သို့ သင်္ဘောဖြင့်သွားကြသူများ

ပင်လယ်​သို့ သင်္ဘော​ဖြင့်​သွား​ကြ​သူများ

အမေရိကန်​ပြည်ထောင်စု၊ မက်ဆာချူးဆက်​ပြည်နယ်​ရှိ ဂလာ့​စ​တာ​ဆိပ်ကမ်း​မြို့ မျက်နှာစာ​တွင် ကြေးရုပ်​တု​တစ်ခု​ရှိ၏။ မုန်တိုင်း​ကြား​တွင် အာရုံ​စူးစိုက်​ပြီး ပဲ့ကိုင်​နေသော သင်္ဘော​ပဲ့​နင်း​တစ်ဦး၏​ပုံ​ဖြစ်သည်။ ထို​ကြေးရုပ်​သည် ပင်လယ်ပြင်​တွင်​သေဆုံး​ခဲ့​သော ထောင်နှင့်ချီ​သည့် ဂလာ့​စ​တာ​တံငါသည်​များ​ကို အမှတ်ရ​စေ​သည်။ ကြေးရုပ်​၏​အောက်ခြေ​နှင့် ကြေးရုပ်​အနီးရှိ​ကျောက်ပြား​တွင် ဆာလံ ၁၀၇:၂၃၊ ၂၄ ပါ​ဤ​စကား​ကို ထွင်းထား​သည်– “ပင်လယ်​သို့​သင်္ဘော​ဖြင့်​သွား​၍ ရေ​များ​ပေါ်မှာ လုပ်ဆောင်​သော​သူတို့သည် နက်နဲရာ​အရပ်၌ ဘုရားသခင်​၏​အံ့ဖွယ်သော​အမှုတော်​တို့ကို မြင်ရ​ကြ​၏။”— ဂျိမ်းစ်​ဘုရင်​ဘာသာပြန်​ကျမ်း။

အတ္တလန္တိတ်​သမုဒ္ဒရာ​၏ ငါး​ပေါများ​သော​နေရာတွင် ငါးဖမ်း​ခြင်း​သည် အလွန်​အန္တရာယ်များ​သော လုပ်ငန်း​ဖြစ်သည်။ ယခု လူဦးရေ ၃၀,၀၀၀ ခန့်​ရှိပြီ​ဖြစ်သော ဂလာ့​စ​တာ​ဆိပ်ကမ်း​မြို့မှ အမျိုးသား ၅,၃၆၈ ဦး​တို့သည် နှစ်များ​တစ်လျှောက် ပင်လယ်ပြင်​၌ ငါးဖမ်း​ထွက်​စဉ် အသက်ဆုံး​ခဲ့​ကြသည်​ဟု​ဆို​၏။ အထိမ်းအမှတ်​ကျောက်ပြား​က ဤသို့​ဆို​သည်– “အချို့​သူတို့သည် အရှေ့မြောက်​မှ​တိုက်ခတ်​လာသော လေပြင်း​မုန်တိုင်း​နှင့် ဧရာမ​လှိုင်းလုံး​ကြီး​များ​အောက် နစ်မြှုပ်​သွား​ကြသည်။ အချို့​သူတို့​မူ ငါးဖမ်း​ဧရိယာ​သို့​သွားသော ရွက်သင်္ဘော​မှ​ခွဲထွက်​ပြီး ငါး​ရှာ​သည့် လှေ​ငယ်​လေး​ပေါ်​တွင် ထီးတည်း​သေဆုံး​ခဲ့​ကြသည်။ သင်္ဘော​အချို့​မှာ မုန်တိုင်း​များ​တိုက်ခတ်​နေစဉ် အချင်းချင်း​တိုက်မိ​ပြီး နစ်မြှုပ်​သွား​ကြသည်။ သင်္ဘော​လမ်းကြောင်း​အတွင်းရှိ မီး​သင်္ဘော​နှင့်​ဝင်​တိုက်မိ​သည့် သင်္ဘော​များလည်း​ရှိသည်။”

အထိမ်းအမှတ်​ကျောက်ပြား​က ရာစုနှစ်များ​တစ်လျှောက် တံငါသည်​များ ပင်ပန်း​ကြီးစွာ​လုပ်ဆောင်ကြ​ရ​ပုံ​နှင့် သူတို့​ကြုံတွေ့ ကြ​ရသော အန္တရာယ်များ​ကို ပြန်သတိရ​စေ​သည်။ လင်ယောက်ျား​များ၊ ဖခင်​များ၊ ညီအစ်ကို​များနှင့် သားများ ဆုံးပါး​သွား​၍ ကျ​ခဲ့​ရသော ကြေကွဲ​မျက်ရည်များ​ကို မြင်ယောင်​ကြည့်​လိုက်ပါ။ သို့သော် ယေဟောဝါ​ဘုရားသခင်​သည် မုဆိုးမများ၊ မိဘမဲ့​များနှင့် ပင်လယ်ပြင်​တွင် အသက်ဆုံးရှုံး​ခဲ့​သူများကို မေ့လျော့​တော်​မ​မူ​ချေ။ အနာဂတ်​ဖြစ်ရပ်​တစ်ခု​နှင့်​ပတ်သက်​၍ တမန်​တော်​ယောဟန်​က “သမုဒ္ဒရာ​သည် မိမိ​၌​ရှိသော လူသေ​တို့ကို အပ်ပေး​၏။ မရ​ဏာ​နှင့် မရ​ဏာ​နိုင်ငံ​သည်လည်း မိမိတို့​၌​ရှိသော လူသေ​တို့ကို​အပ်ပေး​ကြ​၏” ဟု​ဖော်ပြ​ခဲ့​သည်။ (ဗျာ. ၂၀:၁၃) ‘ပင်လယ်​သို့ သင်္ဘော​ဖြင့်​သွား​ကြ​သူများ’ ရှင်ပြန်ထမြောက်​လာသော​အခါ သူတို့သည် ‘ဘုရားသခင်​၏​အံ့ဖွယ်သော​အမှုတော်​တို့’ ကို မလွဲဧကန် မြင်ရ​ကြ​ပါ​လိမ့်​မည်။