မည်သည့်ပညာရေးမျိုးက သင့်ဘဝကိုအောင်မြင်စေနိုင်သနည်း
မည်သည့်ပညာရေးမျိုးက သင့်ဘဝကိုအောင်မြင်စေနိုင်သနည်း
ဝဲကတော့ထဲရောက်နေသည့်အလား ပြဿနာများ ပတ်ချာဝိုင်းနေသည်ဟု သင်ခံစားရဖူးပါသလော။ အဆိုပါပြဿနာတစ်ခု သို့မဟုတ် ထိုထက်မကကို ကိုင်တွယ်ဖြေရှင်းရာ၌ တစ်ချက်ကလေး မှားသွားပါက မည်မျှထိခိုက်နစ်နာမည်ကို စဉ်းစားကြည့်လိုက်ပါ။ ပြဿနာအားလုံးကို အောင်မြင်စွာဖြေရှင်းပြီး အမြဲတမ်း မှန်ကန်စွာဆုံးဖြတ်နိုင်သည့်အစွမ်းနှင့် မွေးဖွားလာသူ တစ်ဦးမျှမရှိချေ။ ဤတွင် ပညာရေးအကျုံးဝင်လာပါသည်။ ဘဝပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်သော ပညာရေးကို အဘယ်မှရယူနိုင်သနည်း။
လူကြီးလူငယ် များစွာတို့က ကျောင်းပညာရေး အရေးကြီးပုံကို အမွှမ်းတင်ပြောဆိုကြသည်။ ပညာရှင်အချို့က “ဘွဲ့တစ်ခုမရှိဘဲ အလုပ်တစ်ခု ဘယ်တော့မျှ မရနိုင်ဟု လုံးလုံးယုံကြည်” သည်ဟုပင် ဆိုကြ၏။ သို့တိုင် လူ့လိုအပ်ချက်အချို့ကို ရုပ်ပစ္စည်းများဖြင့် မဖြည့်ဆည်းနိုင်ပါ။ ဥပမာအနေနှင့် အဆင့်မြင့်ပညာရေးသည် သင့်ကို မိဘကောင်း၊ အိမ်ထောင်ဖက်ကောင်း သို့မဟုတ် မိတ်ဆွေကောင်းတစ်ဦး ဖြစ်စေနိုင်သလော။ အမှန်မှာ မိမိတို့၏ပညာရေးအောင်မြင်မှုများကို အလေးထားလွန်းသူတို့တွင် ဉာဉ်ဆိုးများပေါ်လာနိုင်သည်။ မိသားစုဘဝတွင် မအောင်မြင်တတ်၊ သေကြောင်းကြံစည်သည့်အထိပင် ဖြစ်နိုင်သည်။
လူအချို့သည် ဘာသာရေးကို ပညာရေးတစ်ခုအဖြစ် သဘောထားပြီး ၎င်းမှ လမ်းညွှန်မှုရဖို့ အားကိုးတကြီးမျှော်လင့်ကြသည်။ သို့သော် ဘဝအခက်အခဲများကို ရင်ဆိုင်ဖြေရှင်းဖို့ လက်တွေ့ကျအကူအညီ မရသဖြင့် စိတ်ပျက်အားလျော့လာကြသည်။ မက္ကဆီကိုနိုင်ငံမှ အယ်မီလီယာ * ၏ပြောပြချက်က ထိုအချက်ကို ပေါ်လွင်စေပါသည်– “လွန်ခဲ့တဲ့ ၁၅ နှစ်ကဆိုရင် ကျွန်မအမျိုးသားနဲ့ဆက်ပေါင်းဖို့ မဖြစ်နိုင်တော့ဘူးလို့ထင်ရတယ်။ ကျွန်မတို့ တစ်ချိန်လုံး ရန်ဖြစ်ကြတယ်။ သူအရက်ပြတ်အောင် ကျွန်မမလုပ်နိုင်ခဲ့ဘူး။ ကလေးတွေကို ဒီတိုင်းထားခဲ့ပြီး သူ့ကိုလိုက်ရှာရတာ ခဏခဏပဲ။ စိတ်မောလူမောဖြစ်ခဲ့ရတယ်။ ဖြေရှင်းနည်းများတွေ့မလားဆိုပြီး မကြာမကြာ ချာ့ခ်ျသွားတက်တယ်။ ကျမ်းစာကို ရံဖန်ရံခါ သုံးပေမဲ့ ကျွန်မရဲ့အခြေအနေနဲ့ တိုက်ရိုက်ပတ်သက်တဲ့ အကြံပေးချက်တစ်ခုမှ မကြားခဲ့ဖူးဘူး။ ဘာလုပ်ရမယ်ဆိုတာကိုလည်း ဘယ်သူကမှ လာမပြောပြကြဘူး။ ချာ့ခ်ျထဲမှာ ခဏလောက်ထိုင်ပြီး ဆုတောင်းချက်တွေ ရွတ်ဆိုပေမဲ့ ကျေနပ်နှစ်သိမ့်မှုမရခဲ့ဘူး။” အခြားသူတို့မူ သူတို့၏ ဝိညာဉ်ရေးခေါင်းဆောင်များကိုယ်နှိုက်တွင် စံထားလောက်သောဘဝပုံစံမရှိကြောင်း သိမြင်လာသောအခါ စိတ်ပျက်လာကြသည်။ ရလဒ်အနေနှင့် လူအများသည် ဘာသာရေးကို ဘဝအောင်မြင်မှုအတွက် ပညာရေးလေ့ကျင့်မှုတစ်ခုအဖြစ် အားကိုးအားထားမပြုကြတော့ချေ။
ထို့ကြောင့် ‘ကျွန်ုပ်၏ဘဝ အောင်မြင်စေဖို့ အဘယ်ပညာရေးမျိုးကို ဆည်းပူးရယူသင့်သနည်း’ ဟု သင့်ကိုယ်သင်မေးပေမည်။ အရေးပါသောဤမေးခွန်းကို စစ်မှန်သောခရစ်ယာန်ဘာသာက အဖြေပေးနိုင်သလော။ ဤအကြောင်းကို နောက်ဆောင်းပါး၌ ဆွေးနွေးသုံးသပ်ပါမည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 နာမည်ပြောင်းထားသည်။