မာနထောင်လွှားခြင်းကို သတိပြုလော့
မာနထောင်လွှားခြင်းကို သတိပြုလော့
“မာနထောင်လွှားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။”—ယာကုပ် ၄:၆၊ သမ္မာ။
၁။ ဂုဏ်ယူခြင်းသည် သင့်လျော်ကြောင်း ဥပမာပေးပါ။
သင် ဂုဏ်ယူသည့်ဖြစ်ရပ်တချို့ ရှိဖူးသလော။ ကျွန်ုပ်တို့အများစုတွင် ထိုသို့ကြည်နူးစရာခံစားချက်မျိုး ရှိဖူးပေမည်။ ဂုဏ်ယူတတ်သည့်သဘောရှိခြင်းသည် မမှားပါ။ ဥပမာ၊ ခရစ်ယာန်မောင်နှံတစ်စုံသည် သမီးဖြစ်သူ၏ ပညာရည်တိုးတက်မှုမှတ်တမ်းတွင် အမူအကျင့်ကောင်းမွန်ကြောင်း၊ အလုပ်ကြိုးစားကြောင်း ဖတ်ရသည့်အခါ သမီး၏ထူးချွန်မှုများအတွက် အလွန်ပီတိဖြာခဲ့ကြပေမည်။ တမန်တော်ပေါလုနှင့် သူ၏အပေါင်းပါတို့သည် ၎င်းတို့ဝိုင်းဝန်းတည်ထောင်ခဲ့သော အသင်းတော်အသစ်အတွက် ဂုဏ်ယူခဲ့ကြ၏။ အကြောင်းမှာ ထိုအသင်းတော်ရှိ ညီအစ်ကိုများသည် နှိပ်စက်ညှဉ်းပန်းခြင်းကို သစ္စာရှိရှိခံရပ်ခဲ့ကြခြင်းကြောင့် ဖြစ်သည်။—၁ သက်သာလောနိတ် ၁:၁၊ ၆; ၂:၁၉၊ ၂၀; ၂ သက်သာလောနိတ် ၁:၁၊ ၄။
၂။ ဘဝင်မြင့်ခြင်းသည် အများအားဖြင့် အဘယ်ကြောင့် နှစ်သက်ဖွယ်မကောင်းသနည်း။
၂ အထက်ပါနမူနာများအရ ဂုဏ်ယူမာန်တက်ခြင်းဟူသည် အချို့သောလုပ်ဆောင်မှု သို့မဟုတ် ပိုင်ဆိုင်ရာများကြောင့် ရွှင်လန်းအားရခြင်းကို ဆိုလိုနိုင်ကြောင်း သိရှိရသည်။ သို့သော် လူတစ်ဦး၏အစွမ်းအစ၊ ရုပ်ရည်၊ စည်းစိမ်၊ အဆင့်အတန်းတို့ကြောင့် ကိုယ့်ကိုယ်ကို အလွန်အထင်ကြီးခြင်းနှင့် ဘဝင်မြင့်ခြင်းတို့သည် မာန်တက်ခြင်းပင်ဖြစ်သည်။ ယင်းစိတ်ထားကို မောက်မာထောင်လွှားသည့် ပြုမူပြောဆိုပုံဖြင့် ဖော်ပြလေ့ရှိသည်။ ထိုသို့ဘဝင်မြင့်ခြင်းကို ခရစ်ယာန်များ အမှန်ပင်သတိပြုရှောင်ရှားသင့်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့တွင် ဘိုးဘေးအာဒံထံမှ အမွေရခဲ့သော မွေးရာပါတစ်ကိုယ်ကောင်းစိတ် ရှိထားကြ၍ဖြစ်သည်။ (ကမ္ဘာဦး ၈:၂၁) ထို့ကြောင့် ကျွန်ုပ်တို့ အလွယ်တကူမာန်တက်လာနိုင်သည်။ ဥပမာ၊ ခရစ်ယာန်များသည် လူမျိုးဂုဏ်၊ ဥစ္စာဂုဏ်၊ ပညာဂုဏ်မောက်ခြင်း၊ ပင်ကိုအစွမ်းအစ သို့မဟုတ် လုပ်ရည်ကိုင်ရည်တို့ကြောင့် ဘဝင်မြင့်ခြင်းတို့ကို ချိုးနှိမ်ရပေမည်။ ထိုအရာများကြောင့် မာနတက်ခြင်းသည် မသင့်လျော်သကဲ့သို့ ယင်းကို ယေဟောဝါလည်း နှစ်သက်တော်မမူပါ။—ယေရမိ ၉:၂၃; တမန်တော် ၁၀:၃၄၊ ၃၅; ၁ ကောရိန္သု ၄:၇; ဂလာတိ ၅:၂၆; ၆:၃၊ ၄။
၃။ မာနထောင်လွှားခြင်းဟူသည် အဘယ်နည်း။ ယင်းနှင့်ပတ်သက်၍ ယေရှု အဘယ်အရာမိန့်ဆိုခဲ့သနည်း။
၃ ဂုဏ်မာန်တက်ခြင်းကို ဖယ်ရှားရသည့်အကြောင်းရင်း နောက်တစ်ခုရှိပါသည်။ ယင်းမာနစိတ်ကို ဆက်မွေးမြူထားပါက သူတစ်ပါးကို အလွန်အထင်အမြင်သေးတတ်သော မာနထောင်လွှားသည့်သဘော ရှိလာနိုင်သည်။ မာနထောင်လွှားခြင်းဟူသည် အဘယ်နည်း။ မာနထောင်လွှားသူသည် ဘဝင်မြင့်သည့်အပြင် မိမိထက်နိမ့်သည်ဟု သူယူမှတ်သူတို့ကို အထင်အမြင်သေးသည်။ (လုကာ ၁၈:၉; ယောဟန် ၇:၄၇-၄၉) ယေရှုက “ထောင်လွှားစော်ကားခြင်း” ကို “နှလုံးတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေသော” ဉာဉ်ဆိုးများနှင့် တစ်တန်းတစ်စားတည်း ဖော်ပြခဲ့သည်။ (မာကု ၇:၂၀-၂၃) ထို့ကြောင့် ခရစ်ယာန်များသည် မာနထောင်လွှားခြင်းကို ရှောင်ကြဉ်ရန် မည်မျှအရေးကြီးကြောင်း သိရှိကြသည်။
၄။ မာနထောင်လွှားသူတို့အကြောင်း ကျမ်းစာပုံနမူနာများကို သုံးသပ်ခြင်းက မည်သို့အကူအညီဖြစ်စေသနည်း။
၄ ကျမ်းစာမှတ်တမ်းများပါ မာနထောင်လွှားသူတို့အကြောင်း သုံးသပ်ခြင်းဖြင့် မာနထောင်လွှားခြင်းကို ရှောင်ကြဉ်ရန် အကူအညီရနိုင်သည်။ သို့ဖြင့် သင်၌ရှိနေသည့် သို့မဟုတ် နောင်တစ်ချိန်တွင် ရှိလာနိုင်သည့် မာနတက်ခြင်းကို သတိပြုရှောင်ရှားနိုင်လိမ့်မည်။ ယင်းက မာနထောင်လွှားစေနိုင်သည့် အတွေးအခေါ်နှင့် သဘောထားတို့ကို ချိုးနှိမ်နိုင်ရန် ကူညီပေးပါလိမ့်မည်။ ရလဒ်အနေနှင့် “ဝါကြွားသောသူတို့ကို သင့်အလယ်၌ ငါပယ်ရှားမည်။ သင်သည်လည်း ငါ၏သန့်ရှင်းသောတောင်ကို အမှီပြု၍ နောက်တစ်ဖန် မာနမထောင်လွှားရ” ဟူသည့်သတိပေးချက်အတိုင်း ဘုရားသခင်လုပ်ဆောင်တော်မူသည့်အခါ သင်အကျိုးခံစားရလိမ့်မည်။—ဇေဖနိ ၃:၁၁။
မာနထောင်လွှားသူတို့ကို ယေဟောဝါ အရေးယူစီရင်
၅၊ ၆။ ဖာရောသည် မာနထောင်လွှားကြောင်း မည်သို့ဖော်ပြခဲ့သနည်း။ အဘယ်အကျိုးရခဲ့သနည်း။
၅ ဖာရောကဲ့သို့သော အင်အားကြီးအုပ်စိုးရှင်များကို ယေဟောဝါ အရေးယူစီရင်ခဲ့ပုံမှ မာနထောင်လွှားခြင်းကို ကိုယ်တော် မည်သို့ရှုမြင်ကြောင်း သိနားလည်နိုင်သည်။ ဖာရော၌ မာနထောင်လွှားစိတ် အမှန်ရှိသည်မှာ ထင်ရှား၏။ သူသည် မိမိကိုယ်ကို ကိုးကွယ်ခံထိုက်သော ဘုရားသခင်တစ်ပါးအဖြစ်ယူမှတ်ပြီး ဣသရေလကျွန်တို့ကို အထင်အမြင်သေးခဲ့သည်။ထွက်မြောက်ရာ ၅:၁၊ ၂။
ယေဟောဝါအတွက် “ပွဲခံရန်” တောထဲသွားခွင့်ပြုဖို့ ဣသရေလလူတို့က ဖာရောအား တောင်းဆိုကြသည့်အခါ ‘ထာဝရဘုရားသခင်၏စကားကို နားထောင်၍ ဣသရေလအမျိုးသားတို့ကို ငါလွှတ်စေခြင်းငှာ ထိုဘုရားသခင်ကား အဘယ်သူနည်း’ ဟုမောက်မာစွာ တုံ့ပြန်ခဲ့သည်ကိုသာ ကြည့်ပါ။—၆ ကပ်ဘေးကြီးခြောက်ခုကို ဖာရောကြုံတွေ့ခဲ့ပြီးနောက် ယေဟောဝါက အီဂျစ်အုပ်စိုးရှင်အား သင်သည် ငါ့လူမျိုးကိုမလွှတ်ဘဲ သူတို့အပေါ် မောက်မာနေသေးသလောဟုမေးရန် မောရှေကို မိန့်မှာခဲ့သည်။ (ထွက်မြောက်ရာ ၉:၁၇) ထို့နောက် မိုးသီးဖြင့် လယ်မြေကိုပျက်စီးစေသည့် ခုနစ်ခုမြောက်ကပ်ဘေးဖြစ်မည်ဟု မောရှေကြေညာသည်။ ဖာရောသည် ဆယ်ခုမြောက်ကပ်ဘေးဖြစ်ပြီးနောက် ဣသရေလလူတို့ကို သွားခွင့်ပြုလိုက်သော်လည်း တစ်ဖန် စိတ်ပြောင်းကာ သူတို့ကို ပြန်လိုက်ဖမ်းလေသည်။ နောက်ဆုံး ဖာရောနှင့်သူ၏စစ်တပ်သည် ပင်လယ်နီထဲတွင် ပိတ်မိပြီး သူတို့အပေါ် ရေဖုံးလွှမ်းချိန်တွင် အဘယ်သို့စဉ်းစားခဲ့ကြမည်ကို တွေးတောကြည့်ပါလေ။ ဖာရောသည် ထောင်လွှားခဲ့သောကြောင့် အဘယ်အကျိုးရခဲ့သနည်း။ သူ၏လက်ရွေးစဉ်စစ်တပ်က ‘ဣသရေလလူတို့ထံမှ ပြေးကြစို့။ ထာဝရဘုရားသခင်သည် သူတို့ဘက်၊ အဲဂုတ္တုလူတို့တစ်ဖက်၌ စစ်တိုက်သည်’ ဟုပြောဆိုကြ၏။—ထွက်မြောက်ရာ ၁၄:၂၅။
၇။ ဗာဗုလုန်ဘုရင်တို့သည် မည်သို့မာနထောင်လွှားခဲ့ကြသနည်း။
၇ မာနထောင်လွှားသော အခြားအုပ်စိုးရှင်များကိုလည်း ယေဟောဝါရှင် အရှက်ခွဲခဲ့၏။ တစ်ဦးမှာ အာရှုရိရှင်ဘုရင် သနာခရိတ်ဖြစ်သည်။ (ဟေရှာယ ၃၆:၁-၄၊ ၂၀; ၃၇:၃၆-၃၈) အဆုံး၌ အာရှုရိကို ဗာဗုလုန်တို့က သိမ်းပိုက်နိုင်ခဲ့သော်လည်း မောက်မာသော ဗာဗုလုန်ဘုရင်နှစ်ပါးကိုယ်တိုင် အရှက်ခွဲခံခဲ့ကြရသည်။ ဘုရင်ဗေလရှာဇာသည် ဗာဗုလုန်နတ်ဘုရားများကို ချီးမြှောက်ရန် ယေဟောဝါ၏ဗိမာန်တော်မှ သိမ်းယူခဲ့သော ခွက်ဖလားများ အသုံးပြု၍ မှူးမတ်များနှင့်အတူ ပွဲခံခဲ့ချိန်ကို သတိရပါ။ ရုတ်တရက် လူ့လက်ချောင်းပေါ်လာကာ နံရံပေါ် စာရေးချလိုက်သည်။ ထူးဆန်းသောထိုစာကြောင်းကို ရှင်းပြခိုင်းသည့်အခါ ပရောဖက်ဒံယေလက ဗေလရှာဇာအား ဤသို့ပြောကြားခဲ့၏– ‘အမြင့်ဆုံးသောဘုရားသခင်သည် ခမည်းတော်နေဗုခဒ်နေဇာမင်းကြီး၌ နိုင်ငံတော် . . . ကိုပေးသနားတော်မူ၏။ . . . မာန်မာနစိတ်နှင့် ထောင်လွှားစော်ကားခြင်းရှိသောအခါ ဘုန်းတန်ခိုး အာဏာကွယ်ပျောက်၍ နန်းတော်မှကျ၏။ . . . အရှင်သားတော်ဗေလရှာဇာ ကိုယ်တော်သည် ထိုအမှုအလုံးစုံတို့ကို သိသော်လည်း စိတ်နှလုံးကို မနှိမ့်ချ။’ (ဒံယေလ ၅:၃၊ ၁၈၊ ၂၀၊ ၂၂) ထိုညမှာပင် မီဒို-ပါးရှားစစ်တပ်က ဗာဗုလုန်ကိုသိမ်းပိုက်လိုက်ပြီး ဗေလရှာဇာ အသတ်ခံခဲ့ရ၏။—ဒံယေလ ၅:၃၀၊ ၃၁။
၈။ မာနထောင်လွှားသူများကို ယေဟောဝါ မည်သို့အရေးယူစီရင်ခဲ့သနည်း။
၈ ယေဟောဝါ၏လူမျိုးတော်ကို စော်ကားခဲ့ကြသည့် အခြားမာနထောင်လွှားသူများကိုလည်း သတိရပါ။ ဖိလိတ္တိလူ့ဘီလူးကြီး ဂေါလျက်၊ ပါရှားနန်းရင်းဝန် ဟာမန်၊ ယုဒနယ်ကို အုပ်စိုးသော ဘုရင် ဟေရုဒ်အန္တိပတို့ဖြစ်ကြသည်။ ဤပုဂ္ဂိုလ်သုံးဦးစလုံးသည် မာနထောင်လွှားသောကြောင့် ဘုရားသခင်စီရင်ချက်ဖြင့် အရှက်တကွဲ သေဆုံးခဲ့ကြရသည်။ (၁ ဓမ္မရာဇဝင် ၁၇:၄၂-၅၁; ဧသတာ ၃:၅၊ ၆; ၇:၁၀; တမန်တော် ၁၂:၁-၃၊ ၂၁-၂၃) ထိုမာနထောင်လွှားသူတို့ကို ယေဟောဝါအရေးယူစီရင်ခဲ့ပုံက “မာနသည် ပျက်စီးခြင်းအရင်၊ ထောင်လွှားသောသဘောသည် ရှုတ်ချခြင်းအရင်၌ နေရာကျတတ်၏” ဟူသောစကားမှန်ကြောင်း အလေးအနက်ဖော်ပြသည်။ (သု. ၁၆:၁၈) “မာနထောင်လွှားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ” သည်မှာ သေချာသည်။—ယာကုပ် ၄:၆။
၉။ တုရုမင်းများသည် မည်သို့ သစ္စာဖောက်များဖြစ်သွားကြသနည်း။
၉ တုရုမင်းသည် အီဂျစ်၊ အာရှုရိ၊ ဗာဗုလုန်အုပ်စိုးရှင်တို့နှင့်မတူဘဲ ဘုရားသခင့်လူမျိုးတော်ကို တစ်ချိန်က အကူအညီပေးခဲ့သည်။ ဘုရင်ဒါဝိဒ်နှင့်ရှောလမုန်တို့ အုပ်စိုးခဲ့ချိန်က နန်းတော်နှင့် ဘုရားသခင်၏ဗိမာန်တော်ဆောက်ရန် ကျွမ်းကျင်သောအတတ်ပညာသည်များနှင့် အသုံးအဆောင်များကိုပါ ဆက်သခဲ့သည်။ (၂ ဓမ္မရာဇဝင် ၅:၁၁; ၂ ရာဇဝင်ချုပ် ၂:၁၁-၁၆) ဝမ်းနည်းစရာမှာ နောက်ပိုင်းတွင် တုရုလူမျိုးသည် ယေဟောဝါ၏လူမျိုးတော်ကို ရန်ဘက်ပြုခဲ့ကြခြင်းဖြစ်သည်။ အဘယ်ကြောင့် ယင်းသို့ဖြစ်သွားသနည်း။—ဆာလံ ၈၃:၃-၇; ယောလ ၃:၄-၆; အာမုတ် ၁:၉၊ ၁၀။
သင်သည် ထောင်လွှားလာ
၁၀၊ ၁၁။ (က) အဘယ်သူကို တုရုမင်းများနှင့် နှိုင်းယှဉ်နိုင်သနည်း။ (ခ) တုရုမြို့သားများသည် ဣသရေလလူမျိုးအပေါ် အဘယ်ကြောင့်စိတ်ပြောင်းလဲသွားသနည်း။
၁၀ တုရုမင်းဆက်၏အပြစ်ကို ဖော်ထုတ်ရှုတ်ချရန် ပရောဖက်ယေဇကျေလကို ယေဟောဝါ လှုံ့ဆော်ခဲ့သည်။ “တုရုရှင်ဘုရင်” ကိုရည်ညွှန်းရေးသားထားသည့် ယင်းစကားတွင် “သစ္စာတရား၌ မတည်မနေသော” မူရင်းသစ္စာဖောက်စာတန်နှင့် တုရုမင်းဆက်အတွက် အံကိုက်ဖြစ်သော အကြောင်းများပါရှိသည်။ (ယေဇကျေလ ၂၈:၁၂; ယောဟန် ၈:၄၄) တစ်ချိန်က ယေဟောဝါ၏ကောင်းကင်သားများဖြင့်ဖွဲ့စည်းထားသော အဖွဲ့အစည်းတွင် စာတန်သည် သစ္စာရှိဝိညာဉ်သတ္တဝါတစ်ပါးဖြစ်ခဲ့၏။ တုရုမင်းဆက်နှင့်စာတန်တို့အား သစ္စာသွေဖည်သွားစေသည့် အကြောင်းရင်းကို ယေဇကျေလမှတစ်ဆင့် ယေဟောဝါ ဤသို့ညွှန်ပြခဲ့သည်–
၁၁ “ဧဒင်အရပ် ဘုရားသခင်၏ဥယျာဉ်တော်၌နေပြီ။ သင်၏ခေါင်းပေါ်မှာ . . . ကျောက်မြတ်အမျိုးမျိုးတို့ကို ဆောင်းလေ၏။ . . . သင်သည် ဖြန့်၍လွှမ်းမိုးသော ခေရုဗိမ်ဖြစ် . . . ၏။ ဖွားသောနေ့မှစ၍ သင့်အပြစ်ထင်ရှားသောနေ့တိုင်အောင် ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။ သို့ရာတွင် ကုန်သွယ်ခြင်းများပြားသောအားဖြင့် မကောင်းမှုတို့နှင့်ပြည့်စုံ၍ ပြစ်မှားသောအပြစ်ရောက်လေပြီ။ ထို့ကြောင့် ဆိုးယုတ်သောသူကဲ့သို့ သင့်ကို . . . ငါနှင်ထုတ်မည်။ အိုလွှမ်းမိုးသောခေရုဗိမ် . . . သင်သည် ကိုယ်၌တင့်တယ်ခြင်းအသရေကြောင့် ဝါကြွားသောစိတ်ရှိလျက် ဂုဏ်ထွန်းတောက်သောကြောင့် သင်၏ပညာသည် ဖောက်ပြန်လျက်ရှိလေပြီ။” (ယေဇကျေလ ၂၈:၁၃-၁၇) တုရုမင်းများသည် ထောင်လွှားသောစိတ်ကြောင့် ယေဟောဝါ၏လူမျိုးတော်ကို တိုက်ခိုက်ခဲ့သည်။ တုရုမြို့သည် ကုန်သွယ်ရေးဗဟိုဒေသဖြစ်သောကြောင့် ကျိကျိတက်ချမ်းသာလာပြီး ၎င်း၏လှပသောထွက်ကုန်များကြောင့် ကျော်ကြားသည်။ (ဟေရှာယ ၂၃:၈၊ ၉) သို့နှင့် တုရုမင်းများသည် အလွန်မာန်တတ်လာကြကာ ဘုရားသခင်၏လူမျိုးတော်ကို ဖိနှိပ်စပြုလေသည်။
၁၂။ အဘယ်အရာက စာတန်ကို သစ္စာမဲ့လမ်းစဉ်ပေါ် ရောက်သွားစေသနည်း။ သို့နှင့် အဘယ်အရာ သူဆက်လုပ်ဆောင်သနည်း။
၁၂ အလားတူပင်၊ စာတန်ဖြစ်လာသော ဝိညာဉ်သတ္တဝါသည် ဘုရားသခင်ပေးတာဝန်ဟူသမျှကို ကျေပွန်စွာထမ်းဆောင်နိုင်သည့် ဉာဏ်ပညာ ရှိခဲ့ဖူးသည်။ သူသည် ကျေးဇူးတင်မည့်အစား “မာနနှင့်ယစ်မူးလျက်” ဘုရားသခင်အုပ်ချုပ်သောနည်းလမ်းကို မခန့်လေးစားပြုခဲ့သည်။ (၁ တိမောသေ ၃:၆) အာဒံနှင့်ဧဝတို့၏ဝတ်ပြုမှုကို တပ်မက်သည့်အထိ မိမိကိုယ်ကို အလွန်အကျွံအထင်ကြီးလာသည်။ ယင်းတပ်မက်စိတ်သည် ပဋိသန္ဓေယူ၍ မကောင်းမှုကိုဖွားစေ၏။ (ယာကုပ် ၁:၁၄၊ ၁၅) စာတန်သည် ဘုရားသခင်တားမြစ်ထားသော အပင်မှ အသီးကိုစားဖို့ ဧဝကိုသွေးဆောင်ခဲ့သည်။ ထို့နောက် ထိုအသီးကို အာဒံအားစားစေရန် ဧဝကို စာတန်အသုံးပြုခဲ့သည်။ (ကမ္ဘာဦး ၃:၁-၆) သို့နှင့် ကနဦးလူသားမောင်နှံသည် ဘုရားသခင်၏အုပ်စိုးပိုင်ခွင့်ကို ငြင်းပယ်ပြီး စာတန်ကို ဝတ်ပြုသူများဖြစ်လာကြသည်။ စာတန်၏မာနထောင်လွှားခြင်းသည် ထိန်းမနိုင်သိမ်းမရဖြစ်လာသည်။ သို့နှင့် ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ငြင်းပယ်ပြီး မိမိအားဝတ်ပြုကြရန် ယေရှုအပါအဝင် ကောင်းကင်နှင့်မြေကြီးပေါ်မှ အသိဉာဏ်ရှိသတ္တဝါများကို သွေးဆောင်လေတော့သည်။—မဿဲ ၄:၈-၁၀; ဗျာ. ၁၂:၃၊ ၄၊ ၉။
၁၃။ မာနထောင်လွှားခြင်း၏အကျိုးဆက်ကား အဘယ်နည်း။
၁၃ သို့ဖြစ်၍ မာနထောင်လွှားခြင်းသည် စာတန်မှ မြစ်ဖျားခံခဲ့ကြောင်း သင်တွေ့ရှိပေမည်၊ ယင်းသည် ယနေ့ကမ္ဘာပေါ်ရှိ အပြစ်တရား၊ ဆင်းရဲခက်ခဲမှုနှင့် ဖောက်ပြန်ယိုယွင်းမှုတို့ကို ဖြစ်ပေါ်စေသော အဓိကအကြောင်းရင်းဖြစ်သည်။ ‘ဤလောကကိုအစိုးရသောဘုရားသခင်’ စာတန်သည် မာန်တက်စိတ်၊ မာနထောင်လွှားစိတ် တိုးပွားစေရန် ဆက်လုပ်ဆောင်နေ၏။ (၂ ကောရိန္သု ၄:၄) မိမိအချိန် တစ်ခဏသာကျန်ရှိတော့ကြောင်း သူသိထားရာ ခရစ်ယာန်စစ်များကို တိုက်ခိုက်နေ၏။ သူ၏ရည်မှန်းချက်မှာ လူတို့အား ဘုရားသခင်ထံမှသွေဖည်သွားရန်၊ မိမိကိုယ်ကိုသာချစ်ရန်၊ ဝါကြွားရန်၊ မာနထောင်လွှားစေရန် ဖြစ်သည်။ ဤနောက်ဆုံးကာလတွင် အဆိုပါတစ်ကိုယ်ကောင်းဆန်သည့် စရိုက်များကို တွေ့မြင်နေရမည်ဖြစ်ကြောင်း သမ္မာကျမ်းစာက ကြိုဟောထားသည်။—၂ တိမောသေ ၃:၁၊ ၂; ဗျာ. ၁၂:၁၂၊ ၁၇။
၁၄။ ယေဟောဝါသည် အသိဉာဏ်ရှိသတ္တဝါများကို အဘယ်စည်းမျဉ်းဖြင့် ဆက်ဆံတော်မူသနည်း။
၁၄ ယေရှုခရစ်မူ စာတန်၏မာနထောင်လွှားမှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို သတ္တိရှိရှိ ဖော်ထုတ်တော်မူသည်။ ယေရှုသည် လူသားတို့နှင့် ယေဟောဝါဆက်ဆံသော ဤစည်းမျဉ်းကို မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုယူမှတ်သော ရန်သူတို့ရှေ့မှောက်တွင်အပါအဝင် အနည်းဆုံးသုံးကြိမ် မိန့်ဆိုခဲ့သည်– “ကိုယ်ကိုကိုယ်ချီးမြှောက်သောသူမည်သည်ကား နှိမ့်ချခြင်းသို့ရောက်လတ္တံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသောသူမည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့။”—လုကာ ၁၄:၁၁; ၁၈:၁၄; မဿဲ ၂၃:၁၂။
မာနထောင်လွှားစိတ်မရှိရန် သင့်နှလုံးကို စောင့်ရှောက်ပါ
၁၅၊ ၁၆။ ဟာဂရကို အဘယ်အရာက မာနထောင်လွှားစေခဲ့သနည်း။
၁၅ အထက်ပါ မာနထောင်လွှားသောပုံနမူနာများသည် ထင်ပေါ်ကျော်ကြားသူတို့နှင့်ပတ်သက်ကြောင်း သင်သတိပြုမိပေမည်။ ယင်းကြောင့် သာမန်လူများသည် မာနထောင်လွှားစိတ်မရှိနိုင်ဟု ဆိုလိုနေသလော။ လုံးဝမဆိုလိုပါ။ အာဗြဟံ၏အိမ်ထောင်တွင် ပေါ်ပေါက်ခဲ့သော ဖြစ်ရပ်တစ်ခုကို သုံးသပ်ကြည့်ပါ။ ဘိုးဘေးအာဗြဟံ၌ အမွေဆက်ခံမည့်သားမရှိ၊ ဇနီးစာရာမှာလည်း သားဖွားမည့်အရွယ် လွန်နေပြီဖြစ်သည်။ အာဗြဟံ၏အနေအထားမျိုးရှိ အမျိုးသားတစ်ဦးအနေနှင့် မယားငယ်ယူပြီး သားသမီးယူနိုင်သည့် ထုံးစံရှိသည်။ ထိုသို့အိမ်ထောင်ပြုခြင်းကို ဘုရားသခင်ခွင့်ပြုရခြင်းမှာ စစ်မှန်သောဝတ်ပြုသူများကြား မူလအိမ်ထောင်ရေးအစီအစဉ်ကို ပြန်လည်အတည်ပြုပေးရန် အချိန်မတန်သေးသောကြောင့်ဖြစ်၏။—မဿဲ ၁၉:၃-၉။
၁၆ အာဗြဟံသည် ဇနီးစာရာ၏တိုက်တွန်းမှုကြောင့် အီဂျစ်ကျွန်မ ဟာဂရအားဖြင့် အမွေဆက်ခံမည့်သူ မွေးဖွားရန် သဘောတူလိုက်သည်။ သို့နှင့် အာဗြဟံ၏ဒုတိယဇနီး ဟာဂရသည် ကိုယ်ဝန်ရှိလာလေသည်။ ဤသို့ချီးမြှောက်ခံရခြင်းကို ဟာဂရ အလွန်ကျေးဇူးတင်သင့်ပေသည်။ သို့သော် သူမာနထောင်လွှားခဲ့လေသည်။ ‘ဟာဂရသည် မိမိတွင် ပဋိသန္ဓေစွဲနေကြောင်းကိုသိလျှင် မိမိသခင်မကို မထီမဲ့မြင်ပြုလေ၏’ ဟုကျမ်းစာကဆိုသည်။ ယင်းကြောင့် အာဗြဟံ၏အိမ်ထောင်တွင် ခိုက်ရန်ဖြစ်ပွားခဲ့ရာ စာရာသည် ဟာဂရကို နှင်ထုတ်လိုက်ရသည်။ သို့သော် ထိုပြဿနာကိုဖြေရှင်းရန် ဘုရားသခင့်ကောင်းကင်တမန်က ဟာဂရအား “သင်၏သခင်မထံသို့ပြန်၍ သူ၏အုပ်စိုးခြင်းကိုခံလော့” ဟုဆုံးမခဲ့သည်။ (ကမ္ဘာဦး ၁၆:၄၊ ၉) ဤဆုံးမစကားကို ဟာဂရလိုက်နာပြီး စာရာအပေါ် သူ၏ သဘောထား ပြုပြင်ပြောင်းလဲခဲ့ရာ လူမျိုးကြီးတစ်မျိုး၏ဘေးမ ဖြစ်လာသည်။
၁၇၊ ၁၈။ ကျွန်ုပ်တို့အားလုံး မာနထောင်လွှားခြင်းကို အဘယ်ကြောင့် သတိပြုရှောင်ရှားရမည်နည်း။
၁၇ လူတစ်ဦးသည် အဆင့်မြင့်လာသည့်အခါ အောက်ခြေလွတ်တတ်ကြောင်း ဟာဂရ၏အဖြစ်မှ သိရှိရသည်။ ထို့ကြောင့် ကျွန်ုပ်တို့ရသည့်သင်ခန်းစာမှာ စိတ်ထားမှန်နှင့် ဘုရားသခင်ကိုဝတ်ပြုနေသူ ခရစ်ယာန်တစ်ဦးပင်လျှင် ကြွယ်ဝချမ်းသာလာသည့်အခါ သို့မဟုတ် အာဏာရှိလာသည့်အခါ မောက်မာတတ်ခြင်းဖြစ်သည်။ မိမိ၏တတ်မြောက်မှုများ ချီးမွမ်းခံရလျှင်လည်း ယင်းစိတ်ထား ပေါ်လာနိုင်သည်။ ယင်းကြောင့် ခရစ်ယာန်တစ်ဦးသည် ထောင်လွှားစိတ်ပေါ်မလာစေရန် အမြဲသတိထားသင့်သည်။ အထူးသဖြင့် အောင်မြင်လာမည်၊ သို့မဟုတ် တာဝန်ပိုရလာမည်ဆိုလျှင် သတိထားသင့်သည်။
၁၈ မာနထောင်လွှားခြင်းကို ချိုးနှိမ်သင့်သည့် အခိုင်လုံဆုံးအကြောင်းရင်းမှာ ယင်းနှင့်ပတ်သက်သည့် ဘုရားသခင့်အမြင်ဖြစ်သည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ထောင်လွှားသောမျက်နှာ၊ မာနကြီးသောနှလုံး၊ မတရားသောသူတို့၏ အလင်းသော်လည်း အပြစ်ပါ၏။” (သု. ၂၁:၄) စိတ်ဝင်စားစရာမှာ အထူးသဖြင့် “ဤဘဝ၌ငွေရတတ်သော” ခရစ်ယာန်များကို “မာနစိတ်” သို့မဟုတ် “မာနထောင်လွှားခြင်း” မရှိရန် သမ္မာကျမ်းစာ သတိပေးထားသည်။ (၁ တိမောသေ ၆:၁၇; တရားဟောရာ ၈:၁၁-၁၇) တစ်ချိန်တည်းတွင် မချမ်းသာသော ခရစ်ယာန်များသည် “ငြူစူခြင်း” ကိုရှောင်သင့်၏။ အကြောင်းမှာ ဆင်းရဲချမ်းသာမရွေး စိတ်ကြီးဝင်လာနိုင်သောကြောင့်ဖြစ်သည်။—မာကု ၇:၂၁-၂၃; ယာကုပ် ၄:၅။
၁၉။ ဩဇိသည် အဘယ်နည်းဖြင့် နာမည်ကောင်းဆုံးရှုံးခဲ့သနည်း။
၁၉ မာနထောင်လွှားခြင်းနှင့်အတူ အခြားဉာဉ်ဆိုးများသည် ယေဟောဝါနှင့် ကောင်းသောဆက်ဆံရေးရှိခြင်းကို ပြတ်တောက်သွားစေနိုင်သည်။ ဥပမာ၊ ဩဇိမင်းနန်းစံချိန် အစပိုင်းကို သုံးသပ်ကြည့်ပါ၊ ‘ထိုမင်းသည် ထာဝရဘုရားသခင်ရှေ့တော်၌ တရားသောအမှုကိုပြု၏။ . . . ဘုရားသခင်ကိုဆည်းကပ်၏။ ထာဝရဘုရားသခင်ကို ဆည်းကပ်သောကာလပတ်လုံး ဘုရားသခင်သည် အကြံထမြောက်ရသောအခွင့်ကို ပေးတော်မူ၏။’ (၂ ရာဇဝင်ချုပ် ၂၆:၄၊ ၅) သို့သော် ဝမ်းနည်းစရာမှာ ဘုရင်သြဇိသည် “ကိုယ်အကျိုးနည်းအောင် ထောင်လွှားသောစိတ်” ရှိသောကြောင့် နာမည်ကောင်း ဆုံးရှုံးခဲ့ရ၏။ သူသည် စိတ်ကြီးဝင်လာသဖြင့် နံ့သာပေါင်းကိုမီးရှို့ရန် ဗိမာန်တော်ထဲသို့ဝင်လေ၏။ ဤသို့ရောင့်တက်သည့်လုပ်ရပ်ကို မပြုမိရန် ယဇ်ပုရောဟိတ်တို့ ဆီးတားကြသောအခါ ‘ဩဇိမင်း ဒေါသထွက်’ လေသည်။ ယင်းကြောင့် ယေဟောဝါသည် သူ့ကိုနူနာစွဲစေရာ သူသည် ဘုရားသခင့်မျက်နှာသာမရဘဲ သေဆုံးခဲ့သည်။—၂ ရာဇဝင်ချုပ် ၂၆:၁၆-၂၁။
၂၀။ (က) ဘုရင်ဟေဇကိသည် အဘယ်နည်းဖြင့် နာမည်ကောင်းဆုံးရှုံးလုနီးပါးဖြစ်ခဲ့သနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်းအရာကို သုံးသပ်ကြမည်နည်း။
၂၀ ဘုရင်ဟေဇကိမှာမူ ဩဇိနှင့်မတူပေ။ တစ်ခါက ထိုဘုရင်သည် “ထောင်လွှားသောစိတ်” ရှိလာသောကြောင့် နာမည်ကောင်းဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သည်။ ဝမ်းသာစရာမှာ “ဟေဇကိသည် မိမိစိတ်ထောင်လွှားသောအပြစ်ကြောင့် . . . ကိုယ်တိုင် ကိုယ်ကိုနှိမ့်ချ” ခဲ့ပြီး ဘုရားသခင်၏မျက်နှာသာ ပြန်ရရှိခဲ့သည်။ (၂ ရာဇဝင်ချုပ် ၃၂:၂၅၊ ၂၆) ဟေဇကိ၏မာနထောင်လွှားမှုသည် နှိမ့်ချသောစိတ်ကြောင့် ပပျောက်သွားခဲ့ကြောင်း သတိပြုပါ။ နှိမ့်ချခြင်းသည် ထောင်လွှားခြင်းနှင့် ဆန့်ကျင်သည်။ ထို့ကြောင့် ခရစ်ယာန်တို့သည် နှိမ့်ချစိတ်ကို မည်သို့မွေးမြူပြီး ထိန်းသိမ်းထားနိုင်ကြောင်း နောက်ဆောင်းပါးတွင် သုံးသပ်ကြပါလိမ့်မည်။
၂၁။ စိတ်နှိမ့်ချသောခရစ်ယာန်များသည် အဘယ်အရာကို စောင့်မျှော်နိုင်ကြသနည်း။
၂၁ သို့ဖြစ်၍ ထောင်လွှားခြင်းကြောင့်ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို မမေ့ကြစို့နှင့်။ ဟေရှာယ ၂:၁၇၊ ကဘ။
“ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ” သောကြောင့် မာနစိတ်ကိုချိုးနှိမ်ရန် စိတ်ပိုင်းဖြတ်ထားကြပါစို့။ စိတ်နှိမ့်ချသော ခရစ်ယာန်တစ်ဦးဖြစ်အောင် ကျွန်ုပ်တို့ကြိုးစားကြမည်ဆိုလျှင် ထောင်လွှားသူများနှင့် ယင်း၏ဆိုးကျိုးများကို ကမ္ဘာပေါ်မှ ဖယ်ရှားပစ်မည့်အချိန်ဖြစ်သော ဘုရားသခင့်နေ့ကြီးတွင် ကပ်ကျော်ရန် စောင့်မျှော်နိုင်ပါသည်။ ထိုအခါ “ထိုကာလ၌ လူတို့၏မာနကိုရှုတ်ချ၍ လူတို့၏စိတ်မြင့်သောသဘောကို နှိမ့်ရမည်။ ယေဟောဝါတစ်ပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့်မည်။”—တွေးတောဆင်ခြင်ရန် အချက်များ
• မာနထောင်လွှားသူတစ်ဦးကို သင်မည်သို့ဖော်ပြမည်နည်း။
• မာနထောင်လွှားခြင်း၏ ဇာစ်မြစ်ကား အဘယ်နည်း။
• အဘယ်အရာက လူတစ်ဦးကို မာနထောင်လွှားစေနိုင်သနည်း။
• မာနထောင်လွှားခြင်းကို အဘယ်ကြောင့် သတိပြုရှောင်ရှားရမည်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဖာရောသည်မာနထောင်လွှားသောကြောင့်အရှက်ကွဲခဲ့
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
အဆင့်မြင့်လာခြင်းကြောင့် ဟာဂရ မာနထောင်လွှား
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ဟေဇကိသည် နှိမ့်ချမှုပြခဲ့ရာ ဘုရားသခင့်မျက်နှာသာကို ပြန်ရရှိ