မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသည် သင့်ကိုမစွန့်

ယေဟောဝါသည် သင့်ကိုမစွန့်

ယေဟောဝါ​သည် သင့်ကို​မစွန့်

ယုဒပြည်​ရှိ​ခရစ်ယာန်​များသည် ပြင်းထန်သော​ဆန့်ကျင်မှု​ကို ကြုံတွေ့​နေရ​ပြီး သူတို့​ဝန်းကျင်ရှိ ရုပ်ပစ္စည်း​သာ​ပဓာန​ဟူသော အမြင်ကို တွန်းလှန်​ခဲ့​ကြ​ရသည်။ တမန်​တော်​ပေါလု​သည် ကတိထားရာပြည်​သို့ ဣသရေလလူ​မျိုးဝင်​ခါနီး ယေဟောဝါ မိန့်တော်မူ​ခဲ့​သော​စကား​များ​ကို ကိုးကား​ပြီး သူတို့ကို အားပေး​စကားပြော​ခဲ့​သည်။ “ငါသည် သင့်ကို​မစွန့်၊ သင့်ကို​အလျှင်း​ပစ်​၍​မထား” ဟု ပေါလု​ရေးသားခဲ့​သည်။ (ဟေဗြဲ ၁၃:၅; တရားဟောရာ ၃၁:၆) ဤ​ကတိတော်​သည် ပထမ​ရာစု​မှ ဟေဗြဲ​ခရစ်ယာန်​များ​ကို အားရှိစေ​ခဲ့​မည်​မှာ သေချာ​သည်။

ကျွန်ုပ်​တို့​လည်း ဤ “ခဲယဉ်း​သော​ကာလ” ၏ စိုးရိမ်​ပူပန်မှု​များ​ကို ရင်ဆိုင်​ဖြေရှင်း​ရာ​တွင် အဆိုပါ​ကတိတော်​မှ ခွန်အား​ယူ​သင့်​သည်။ (၂ တိမောသေ ၃:၁) ယေဟောဝါ​အား ယုံကြည်​ကိုးစား​ပြီး ထို​အတိုင်း​ကျင့်ကြံ​ပြုမူ​မည်​ဆိုလျှင် အခက်ခဲဆုံး​အခြေအနေ​များ​၌​ပင် ကျွန်ုပ်​တို့ကို ကိုယ်တော်​ထောက်မပါ​လိမ့်​မည်။ ထို​ကတိတော်​နှင့်​အညီ ယေဟောဝါ​လုပ်ဆောင်​နိုင်​ပုံ​ကို လူတစ်ဦး ရုတ်တရက် အလုပ်ပြုတ်​ခြင်း​အကြောင်း သာဓက​အနေ​နှင့် သုံးသပ်ကြည့်​ကြ​စို့။

မမျှော်လင့်​သော​အခြေအနေ​များ​ကို ရင်ဆိုင်​ခြင်း

ကမ္ဘာ​တစ်ဝန်း​တွင် အလုပ်​လက်မဲ့​ဦးရေ တိုးများ​လာ​နေသည်။ ပိုလန်​မဂ္ဂဇင်း​တစ်စောင်​အရ အလုပ်​လက်မဲ့​ဖြစ်​ခြင်း​ကို “အခက်ခဲဆုံး လူမှု​စီးပွားရေး​ပြဿနာ​တစ်ခု” အဖြစ် ယူဆကြ​သည်။ စက်​မှု​ထွန်းကားသော​နိုင်ငံ​များလည်း မလွတ်ကင်း​ပါ။ ဥပမာ၊ ၂၀၀၄ ခုနှစ်​တွင် စီးပွားရေး​ပူးပေါင်း​ဆောင်ရွက်မှု​နှင့် ဖွံ့ဖြိုးရေး​အဖွဲ့​၏ အဖွဲ့ဝင်​နိုင်ငံ​များ​၌​ပင် အလုပ်​လက်မဲ့​ဦးရေ​သည် “၃၂ သန်း​ကျော် တိုးပွား​လာ​သည်။ ယင်းသည် ၁၉၃၀ ပြည့်လွန်​နှစ်များ​အတွင်း စီးပွားပျက်​ကပ်​ဆိုက်​စဉ်​က​ထက် ပို​များသည်။” ပိုလန်​နိုင်ငံ​၏ ဗဟို​စာရင်းအင်း​ရုံး​က ၂၀၀၃၊ ဒီဇင်ဘာ​လ​တွင် အလုပ်​လက်မဲ့​သုံး​သန်း​ရှိပြီး ထို​တွင် အလုပ်​လုပ်နိုင်​သည့်​အရွယ် ၁၈ ရာခိုင်နှုန်း​ပါဝင်​သည်” ဟု စာရင်းပြု​စု​ထား​သည်။ ၂၀၀၂ ခုနှစ်​တွင် တောင်​အာဖရိက​ရှိ အာဖရိက​နွယ်​ဖွား​များ​အကြား အလုပ်​လက်မဲ့​နှုန်း ၄၇.၈ ရာခိုင်နှုန်း​ရောက်​ခဲ့​သည်​ဟု သတင်း​တစ်ပုဒ်​က​ဆို​သည်။

ရုတ်တရက်​အလုပ်​လက်မဲ့​ဖြစ်​ခြင်း​နှင့် မမျှော်လင့်​ဘဲ​အလုပ်ပြုတ်​ခြင်း​တို့သည် ယေဟောဝါ​၏​ကျေးကျွန်​များ​အပါအဝင် လူများစွာ​အတွက် တကယ့်​ခြိမ်းခြောက်​မှုများ​ဖြစ်သည်။ မည်​သူ့​အပေါ်​မဆို “အချိန်​နှင့်​ကြိုတင်​မမြင်​ရသော​ဖြစ်ပျက်​မှု” များ​ကျရောက်​တတ်​သည်။ (ဒေ. ၉:၁၁က​ဘ) ဆာလံဆရာ​ကဲ့သို့ ‘အကျွန်ုပ်​စိတ်နှလုံး​ဆင်းရဲခြင်း​အကြောင်း များ​ပါ​၏’ ဟု​ပြောဆို​ရသည့်​အခြေအနေ​မျိုး​တွင် ကျွန်ုပ်​တို့​ရောက်နေ​နိုင်​သည်။ (ဆာလံ ၂၅:၁၇က​ဘ) နှစ်သက်ဖွယ်​မကောင်းသော ထို​အခြေအနေ​မျိုးကို သင်ရင်​ဆိုင်​ကျော်လွှား​နိုင်​မည်​လော။ ၎င်းတို့သည် သင်၏​စိတ်​လှုပ်ရှားမှု၊ ဝိညာဉ်​ရေး​နှင့် ကာယရေး​ကို ထိခိုက်​နိုင်​သည်။ အလုပ်​လက်မဲ့​ဖြစ်နေ​မည်​ဆိုလျှင် သင် နာ​လ​န်​ပြန်ထူ​နိုင်​ပါ​မည်​လော။

စိုးရိမ်​သောက​ကို အနိုင်ယူ​ခြင်း

အစဉ်အလာ​အရ အမျိုးသားများ​အား မိသားစုကို ရှာဖွေ​ကျွေးမွေးသူ​များ​ဟု ရှုမြင်​ထားသော​ကြောင့် “အလုပ်ပြုတ်​ခြင်း​သည် အမျိုးသားများ​ကို ပို​၍​ထိခိုက်​နစ်နာ​စေ​သည်” ဟု စိတ်​ပညာရှင် ယာ​နု​ရှ် ဗီ​ရက်​ဇ်​ဇ​ကင်​ကီး​က ရှင်းပြသည်။ အလုပ်​လက်မဲ့​ဖြစ်​ခြင်း​သည် အမျိုးသား​တစ်ဦး​ကို အမျက်ထွက်​လိုက်၊ ငြိမ်ကျ​သွား​လိုက်​နှင့် “စိတ်​အပြောင်းအလဲ​မြန်​သူ” ဖြစ်စေ​နိုင်​သည်​ဟု သူက​ဆို​၏။ အလုပ်​ဖြုတ်​ခံရ​သော ဖခင်​တစ်ဦး​သည် မိမိကိုယ်ကို​လေးစားမှု​မရှိတော့ဘဲ “မိသားစုကို ရန်ရှာ” လာနိုင်​သည်။

ကလေး​နှစ်ယောက်​ဖခင် အယ်​ဒမ်​က သူ​အလုပ်ပြုတ်​ချိန်​၌ ခံစား​ခဲ့​ရ​ပုံ​ကို ဤသို့​ရှင်းပြသည်– “ကျွန်တော် စိတ်​လှုပ်ရှား​လွယ်​သူ​ဖြစ်လာ​တယ်။ ဘာ​တစ်ခု​ကို​မှ စိတ်​အလိုမကျ​ဘူး။ အိပ်မက်​မက်​လိုက်ရင်​လည်း အလုပ်နဲ့​ပတ်သက်​တာ​တွေ၊ ပြီး​တော့ သားသမီးတွေ​နဲ့ မမျှော်လင့်​ဘဲ​အလုပ်ပြုတ်​သွားတဲ့ ကျွန်တော့်​မိန်းမကို ဘယ်လို​ရှာကျွေး​ရ​ပါ့​မလဲ​ဆို​တဲ့ အကြောင်း​တွေ​ချည်း​ပဲ။” ကလေး​တစ်ယောက်​ရှိသော ရီ​ရှ​တ်ဒ်​နှင့် မာ​ရီ​အို​လာ​တို့သည် အလုပ်​လက်မဲ့​ဖြစ်သွား​ကြ​ပြီး ပြန်ပေး​ဆပ်​ရမည့် ဘဏ်​ချေးငွေ​အမြောက်အမြား​ရှိ၏။ ဇနီးသည်​က ဤသို့​ပြန်​ပြောပြ​သည်– “ကျွန်မ တစ်ချိန်​လုံး ပူပန်​သောကရောက်​ခဲ့​ရတယ်။ အဲဒီ​ချေးငွေ​ထုတ်ယူ​မိ​တာ မှားတာ​ပဲ​ဆိုပြီး ကျွန်မ​ရဲ့​စိတ်​က ဒုက္ခ​ပေး​နေတယ်။ အားလုံး ကျွန်မ​ရဲ့​အမှားတွေ​ပါ​ပဲ​လို့ တွေး​နေ​မိတယ်။” ထို​အခြေအနေ​မျိုး ကြုံတွေ့​ရ​လျှင် ကျွန်ုပ်​တို့သည် စိတ်ဆိုး​လွယ်​သူ​ဖြစ်လာ​ပြီး စိုးရိမ်​ကြောင့်ကြ​မှု​တို့​ဖြင့် သောက​ဖိစီး​လာနိုင်​သည်။ သို့​ဖြစ်၍ ကျွန်ုပ်​တို့​စိတ်​တွင် ပေါ်လာ​နိုင်သော မနှစ်မြို့ဖွယ်​စိတ်​လှုပ်ရှားမှုများ​ကို မည်သို့​ထိန်းချုပ်​မည်​နည်း။

အပြုသဘော​ဆက်​ရှိစေ​နိုင်သော ထိရောက်​သည့်​အကြံပြုချက်ကို သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထား​သည်။ “အဘယ်​အမှုကို​မျှ စိုးရိမ်ခြင်း​မရှိဘဲ အရာရာ၌ ကျေးဇူးတော်​ကို​ချီးမွမ်း​ခြင်း​နှင့်​တကွ ဆုတောင်း [ခြင်း] ဖြင့် သင်တို့​တောင်းပန်​လို​သော​အရာများ​တို့ကို ဘုရားသခင်​အား​ကြားလျှောက်​ကြလော့။ ထို​သို့ပြုလျှင် အဘယ်သူမျှ​ကြံ​၍​မမီ​နိုင်သော ဘုရားသခင်​၏​ငြိမ်သက်ခြင်း​သည် ယေရှု​ခရစ်​အားဖြင့် သင်တို့၏​စိတ်နှလုံး​တို့ကို စောင့်မ​လိမ့်​မည်” ဟု တမန်​တော်​ပေါလု​က တိုက်တွန်း​ခဲ့​သည်။ (ဖိလိပ္ပိ ၄:၆၊ ၇) ယေဟောဝါ​ထံ ဆုတောင်း၍​ချဉ်းကပ်​ခြင်း​သည် “ဘုရားသခင်​၏​ငြိမ်သက်ခြင်း” တည်း​ဟူသော ကိုယ်တော်​အား ယုံကြည်ခြင်း​ပေါ်​အခြေပြု​သည့် စိတ်​တည်ငြိမ်မှု​ကို ရရှိစေ​ပါ​လိမ့်​မည်။ အယ်​ဒမ်​၏​ဇနီး အယ်​ရီး​နာ​က ဤသို့​ဆို​၏– “ယေဟောဝါ​ထံ ဆုတောင်း​တဲ့​အခါ ကျွန်မ​တို့​ရဲ့​အခြေအနေ​အကြောင်း​ပြောပြ​ပြီး အခု​ထက် ပို​ရိုးရှင်းတဲ့​ဘဝနဲ့​နေ​ပါ့​မယ်​လို့ ပြောပြ​တယ်။ ခါ​တိုင်း​ကျွန်မ​ထက်​ပို​စိုးရိမ်​တတ်​တဲ့ ကျွန်မ​အမျိုးသား​က​တောင် ပြေလည်​သွားမှာပါ​လို့ ပြော​လှာ​တယ်။”

မမျှော်လင့်​ဘဲ အလုပ်ပြုတ်​သွားပါ​က သင်သည် တောင်ပေါ်​တရားတော်​မှ ယေရှု​ခရစ်​၏ ဤ​တိုက်တွန်းချက်​ကို လက်တွေ့​ကျင့်သုံး​ခွင့်​ရ​ပေမည်– “အဘယ်​သို့​စားသောက်​ရမည်ဟု အသက်​အဖို့ မစိုးရိမ်​ကြ​နှင့်။ အဘယ်​သို့​ဝတ်​ရမည်ဟု ကိုယ်​အဖို့ မစိုးရိမ်​ကြ​နှင့်။ . . . ဘုရားသခင်​၏ နိုင်ငံတော်​နှင့်​ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေးဦး​စွာ​ရှာ​ကြလော့။ နောက်​မှ ထို​အရာများ​ကို​ထပ်၍ ပေး​တော်​မူ​လတ္တံ့။” (မဿဲ ၆:၂၅၊ ၃၃) ရီ​ရှ​တ်ဒ်​နှင့် မာ​ရီ​အို​လာ​တို့သည် စိတ်​လှုပ်ရှားမှုများ​ကို အနိုင်ယူ​ရာ​၌ အဆိုပါ​အကြံပြုချက်ကို လက်တွေ့​ကျင့်သုံး​ခဲ့​ကြသည်။ “ကျွန်မ​ရဲ့​အမျိုးသား​က ကျွန်မ​ကို အမြဲ​နှစ်သိမ့်​စကားပြော​ပြီး ယေဟောဝါ​စွန့်ပစ်​မှာ​မဟုတ်ဘူးဆိုတာ​ကို အလေးပေး​ပြော​တတ်တယ်” ဟု​မာ​ရီ​အို​လာ ပြန်​ပြောပြ​သည်။ “ထပ်ခါထပ်ခါ အတူတူ​ဆုတောင်း​တဲ့​အတွက် ဘုရားသခင်​နဲ့​ကော ကျွန်တော်​တို့​အချင်းချင်း​ပါ ပို​ပြီး​ရင်းနှီး​လာတယ်။ အဲဒါ​က နှစ်သိမ့်မှု​ရရှိ​စေတယ်” ဟု​သူ၏​အမျိုးသား​က ထပ်​ပြော​သည်။

ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​က​လည်း ရင်ဆိုင်​ကျော်လွှား​ရန် ကျွန်ုပ်​တို့ကို ကူညီပေး​နိုင်​သည်။ ဝိညာဉ်​တော်​က သီးပွင့်​စေနိုင်​သော စိတ်​ချုပ်တည်း​ခြင်း​သည် ကျွန်ုပ်​တို့​ကိုယ်တိုင်​နှင့် စိတ်​လှုပ်ရှားမှုများ​ကို တည်တည်ငြိမ်ငြိမ် ရှိစေ​နိုင်​ပါ​သည်။ (ဂလာတိ ၅:၂၂၊ ၂၃) ယင်း​သို့​ဖြစ်​ရန် မလွယ်ကူ​သော်လည်း ဖြစ်​နိုင်​ပါ​သည်။ အကြောင်း​မှာ “ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘသည် ဆုတောင်း​သော​သူတို့အား သန့်ရှင်းသော​ဝိညာဉ်​တော်​ကို . . . ပေး​တော်​မူ​မည်” ဟု ယေရှု​ကတိပြု​ထားသော​ကြောင့်​ဖြစ်သည်။—လုကာ ၁၁:၁၃; ၁ ယောဟန် ၅:၁၄၊ ၁၅

ဝိညာဉ်​ရေး​လိုအပ်ချက်​များ​ကို လျစ်လျူ​မ​ရှု​နှင့်

မမျှော်လင့်​ဘဲ​အလုပ်ပြုတ်​ခြင်း​သည် အလွန်​တည်ငြိမ်​ရင့်ကျက်သော ခရစ်ယာန်​တစ်ဦး​ကို​ပင် အစပိုင်း​တွင် စိတ်ပျက်​အားလျော့​စေ​ပေမည်။ သို့သော် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​လိုအပ်ချက်​များ​ကို လျစ်လျူ​မ​ရှု​သင့်​ပါ။ အသက် ၄၀ အရွယ်​တွင် မင်းမျိုး​မင်း​နွယ်​ဘဝ​မှ အီဂျစ်​လူမျိုး​တို့ အထင်သေး​သည့် သိုးထိန်း​ဘဝ​ရောက်သွား​ချိန်​၌ တစ်ဘဝလုံး ပြောင်းလဲ​သွားခဲ့​သူ မောရှေ၏​အဖြစ်ကို သုံးသပ်ကြည့်​ပါ။ (ကမ္ဘာဦး ၄၆:၃၄) မောရှေ​သည် အခြေအနေ​သစ်​များ​တွင် နေသားကျ​အောင် ပြုပြင်​ခဲ့​ရသည်။ လုပ်ငန်း​တာဝန်​အသစ်​အတွက် နောက်​အနှစ် ၄၀ ကြာ ယေဟောဝါ​ပုံသွင်း​ပေး​သည်ကို သူ​လက်ခံခဲ့သည်။ (ထွက်မြောက်ရာ ၂:၁၁-၂၂; တမန်​တော် ၇:၂၉၊ ၃၀; ဟေဗြဲ ၁၁:၂၄-၂၆) မောရှေ​သည် အခက်အခဲ​များ​ကြုံတွေ့​ရ​သော်လည်း ဝိညာဉ်​ရေးရာ​များ​ကို အာရုံစိုက်​ကာ ယေဟောဝါ​၏​လေ့ကျင့်ပေး​မှု​ကို တလိုတလား​ခံယူ​ခဲ့​သည်။ နှစ်သက်ဖွယ်​မကောင်းသော အခြေအနေ​များ​ကြောင့် ဝိညာဉ်​ရေး​စံ​များ​ကို သေးသိမ်​မှေးမှိန်​သွား​စေဖို့ ကျွန်ုပ်​တို့ ဘယ်​သောအခါ​မျှ ခွင့်​မပြု​ကြ​စို့​နှင့်။

ရုတ်တရက်​အလုပ်ပြုတ်​ခြင်း​သည် သောကရောက်​စေနိုင်​သည်​မှန်​သော်လည်း ယေဟောဝါ​ဘုရားသခင်​နှင့်​လည်းကောင်း၊ ကိုယ်တော့်​လူမျိုးတော်​နှင့်​လည်းကောင်း ကျွန်ုပ်​တို့၏​နှောင်ကြိုး​ကို ခိုင်မြဲ​စေ​ရမည့်​အချိန်​ပင်​ဖြစ်သည်။ အစောပိုင်း​တွင်​ဖော်ပြ​ခဲ့​သော အယ်​ဒမ် ထို​အတိုင်း​ယူဆ​ခဲ့​သည်။ သူ​ဤသို့​ဆို​၏– “ကျွန်တော်​တို့​လင်မယား​နှစ်ယောက်စလုံး အလုပ်ပြုတ်​သွားတဲ့အခါ ခရစ်ယာန်​အစည်းအဝေးတွေ မ​တက်​ဘဲ​နေဖို့၊ ဟောပြောခြင်း​လုပ်ငန်းမှာ အရှိန်​လျှော့​လိုက်​ဖို့ တစ်ခါ​မှ မစဉ်း​စား​ခဲ့​ဖူး​ဘူး။ အဲဒီ​အမြင်​သဘော​ကြောင့် မနက်ဖြန်​အတွက် အစိုး​ရိမ်​မ​လွန်​အောင် ထိန်း​နိုင်​ခဲ့တယ်။” ရီ​ရှ​တ်ဒ်​လည်း ထို​နည်းတူ​ပြော​သည်– “အစည်းအဝေးတွေနဲ့ ခရစ်ယာန်​ဓမ္မ​အမှု​ကြောင့်​သာ​မဟုတ်​ခဲ့ရင် ကျွန်တော်​တို့​ဘယ်​နည်းနဲ့​မှ ရင်ဆိုင်​ကျော်လွှား​နိုင်​မှာ​မဟုတ်ဘူး။ ပူပန်​သောက​တွေ​နဲ့​ပဲ လုံး​ပါး​ပါး​နေမှာ။” အခြား​သူများ​နှင့် ဝိညာဉ်​ရေး​အကြောင်း​ပြောဆိုခြင်း​သည် စိတ်ဓာတ်​မြှင့်တင်​ပေး​သည်။ ထိုသို့​ပြောဆိုခြင်း​က ကိုယ်တိုင်​၏​လိုအပ်ချက်​ထက် သူတစ်ပါး​၏​လိုအပ်ချက်​ကို အာရုံစိုက်​စေသော​ကြောင့်​ဖြစ်၏။—ဖိလိပ္ပိ ၂:၄

အလုပ်အကိုင်​နှင့်​ပတ်သက်​၍ ပူ​ပင်​သောကရောက်​နေ​မည့်​အစား ပို​နေသော​အချိန်ကို ဝိညာဉ်​ရေးရာ​လုပ်ဆောင်မှုများ​၌ အသုံးပြုပါ။ ကိုယ်ပိုင်​လေ့လာမှု​ပြုခြင်း၊ အသင်းတော် လုပ်ငန်းဆောင်တာ​များ​၌​ပါဝင်ခြင်း သို့​မဟုတ် ခရစ်ယာန်​ဓမ္မ​အမှုကို တိုးချဲ့​ခြင်း​တို့​ဖြစ်သည်။ အလုပ်​လက်မဲ့​ဘဝ​နှင့် အသက်ရှင်​မည့်​အစား သင်သည် “သခင်​ဘုရား​၏​အမှုတော်​၌ လုပ်ကိုင်​စ​ရာ​များစွာ” ရှိပါ​လိမ့်​မည်။ ထို​အလုပ်​က အသင်​ကိုယ်တိုင်​ကို​သာမက သင်​ဟောပြော​သည့် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို စိတ်ရင်းမှန်​ဖြင့် တုံ့ပြန်​သူများကို​ပါ ပျော်ရွှင်​စေပါ​လိမ့်​မည်။—၁ ကောရိန္သု ၁၅: ၅၈က​ဘ။

မိသားစုကို ရုပ်ပစ္စည်း​အရ ထောက်ပံ့​ပေးခြင်း

သို့သော် ဝိညာဉ်​အစာ​က ဆာလောင်​နေသော​ဝမ်းဗိုက်​ကို ဖြည့်ပေး​မည်​မဟုတ်။ အောက်ပါ​မူကို ကျွန်ုပ်​တို့​စိတ်စွဲ​မှတ်​သင့်​သည်– “မိမိလူ​တို့ကို​မပြု​စု၊ ထို​မျှ​မ​က၊ မိမိ​အိမ်သူအိမ်သား​တို့ကို​မပြု​စု​သော​သူ​မည်​သည်​ကား၊ ယုံကြည်ခြင်း​တရားကို​ငြင်းပယ်​၏။ မယုံကြည်​ဖူး​သော​သူ​ထက် သာ၍​ယုတ်မာ​၏။” (၁ တိမောသေ ၅:၈) “အသင်းတော်က​ညီအစ်ကို​တွေ​က ကျွန်တော်​တို့​ရဲ့ ကာယ​လိုအပ်ချက်​တွေ​ကို ချက်ချင်း​ဖြည့်ဆည်း​ပေး​ကြ​ပေမဲ့ အလုပ်အကိုင်​ရှာဖွေ​ဖို့​က ခရစ်ယာန်​များ​ဖြစ်​တဲ့ ကျွန်တော်​တို့​ရဲ့​တာဝန်​ဖြစ်တယ်” ဟု​အက်​ဒမ်​က ပြောပြ​သည်။ ယေဟောဝါ​နှင့် ကိုယ်တော့်​လူမျိုးတော်​၏​ထောက်မ​ကူညီ​မှု​ကို အားကိုး​အားထား​ပြု​နိုင်​သော်လည်း ကျွန်ုပ်​တို့​ဘက်​မှ​စ၍ အလုပ်ရှာ​ဖို့​လို​ကြောင်း ဘယ်တော့​မျှ​မမေ့​သင့်​ပါ။

မည်သို့​အစပြု​ရှာဖွေ​မည်​နည်း။ အက်​ဒမ်​ဤသို့​ရှင်းပြသည်– “အံ့ဖွယ်​နည်းနဲ့ ဘုရားသခင်​ကူညီပေး​မှာ​ကို လက်ပိုက်​ပြီး စောင့်မ​နေပါ​နဲ့။ အလုပ်ရှာ​တဲ့​အခါမှာလည်း ကိုယ်ဟာ ယေဟောဝါသက်သေ​တစ်ယောက်​ဖြစ်​ကြောင်း မပြော​ဘဲ​မနေ​ပါ​နဲ့။ အလုပ်ရှင်တွေ​က ဒါကို အလေးထား​လေ့​ရှိတယ်။” ရီ​ရှ​တ်ဒ်​က ဤသို့​အကြံပြု​သည်– “အလုပ်အကိုင်​အခွင့်အလမ်း​အကြောင်း သိထား​သူတွေကို​မေးပါ။ အလုပ်အကိုင်​ရှာဖွေရေး​အေဂျင်စီ​မှာ စုံစမ်း​ကြည့်​ပါ။ ‘မသန်စွမ်း​သူကို ကြည့်ရှု​ပြုစုပေး​မည့် အမျိုးသမီး​တစ်ဦး အလို​ရှိသည်’ ဒါမှ​မဟုတ် ‘ကလေးထိန်း​တစ်ဦး​အလို​ရှိသည်’ စတဲ့ ကြော်ငြာ​တွေ​ကို ရှာ​ဖတ်​ကြည့်​ပါ။ ရှာ​မြဲ​ရှာနေ​ပါ။ နိမ့်ကျတဲ့​အလုပ် ဒါမှ​မဟုတ် သင့်​စိတ်တိုင်းကျ​အလုပ်​မျိုး​မဟုတ်​ရင်​လည်း ချေး​မများ​ပါ​နဲ့။”

‘ယေဟောဝါ​သည် သင်၏​ကယ်တင်​မစ​ရှင် ဖြစ်​တော်​မူ​၏။’ ကိုယ်တော်​သည် “သင့်ကို​မစွန့်၊ သင့်ကို​အလျှင်း​ပစ်​၍​မထား” ပါ။ (ဟေဗြဲ ၁၃:၅၊ ၆) အလွန်အမင်း စိုးရိမ်​နေဖို့​မလိုပါ။ ဆာလံဆရာ​ဒါဝိဒ်က ‘ကိုယ်​အမှုအရာ​ကို ထာဝရ​ဘုရားသခင်​၌​အပ်​လော့။ ကိုယ်တော်​ကိုကိုး​စား​လော့။ သို့ပြုလျှင် စီရင်တော်မူ​မည်’ ဟု​ရေးသားခဲ့​သည်။ (ဆာလံ ၃၇:၅) ‘ကိုယ်​အမှုအရာ​ကို ဘုရားသခင်​၌​အပ်​ခြင်း’ ဟူသည် ကျွန်ုပ်​တို့အတွက် မနှစ်မြို့ဖွယ်​အခြေအနေ​များ​၌​ပင် ကိုယ်တော်​အား ယုံကြည်​ကိုးစား​ပြီး ကိုယ်တော့်​နည်းလမ်းတော်​အတိုင်း လုပ်ဆောင်ခြင်း​ဖြစ်သည်။

အယ်​ဒမ်​နှင့် အယ်​ရီး​နာ​တို့သည် ပြတင်းပေါက်​နှင့် လှေကား​ခွင်​သန့်ရှင်းရေး​လုပ်ခြင်း၊ အသုံးအစွဲ​ချွေတာ​ခြင်း​ဖြင့် ကိုယ့်ကို​ကိုယ်​ထောက်ပံ့​နိုင်​ခဲ့​ကြသည်။ အလုပ်အကိုင်​ရှာဖွေရေး​အေဂျင်စီ​သို့​လည်း မကြာမကြာ​သွား​ကြသည်။ “ကျွန်မ​တို့​လိုအပ်​နေချိန်မှာ အမြဲတမ်း အကူအညီ​ရောက်​လာတယ်” ဟု အယ်​ရီး​နာ​ပြောပြ​သည်။ သူ၏​အမျိုးသား​က ဤသို့​ထပ်​ပြော​သည်– “အချိန်တန်​တော့ ကျွန်တော်​တို့​တောင်းလျှောက်​တဲ့ ကိစ္စ​တွေ​အားလုံး ဘုရားသခင့်​အလိုတော်​နဲ့​မညီ​ဘူးဆို​တာ သိလာ​ရတယ်။ အဲဒါ​ကြောင့် ကိုယ့်​ဉာဏ်​ကို​မဟုတ်ဘဲ ဘုရားသခင့်​ဉာဏ်ပညာ​ကို မှီခို​အားထား​လုပ်ဆောင်ဖို့ သင်ခန်းစာ​ရခဲ့တယ်။ ဘုရားသခင်​ဖြေရှင်း​ပေး​မယ့်​နည်းကို တည်တည်ငြိမ်ငြိမ် စောင့်ဆိုင်းခြင်း​က အကောင်းဆုံးပါပဲ။”—ယာကုပ် ၁:၄

ရီ​ရှ​တ်ဒ်​နှင့် မာ​ရီ​အို​လာ​တို့သည် ကျပန်း​အလုပ်များ​လုပ်ကိုင်​ရင်း သာ၍​လိုအပ်သော​နေရာများ​၌ သက်သေခံခြင်း​လုပ်ငန်း​တွင် ပါဝင်​ခဲ့​ကြသည်။ ရီ​ရှ​တ်ဒ်​က ဤသို့​ပြောပြ​သည်– “ကျွန်တော်​တို့​မှာ စားစရာ​လုံးဝ​မရှိတော့​တဲ​အခါ အလုပ်​ပေါ်လာ​တတ်တယ်။ လခ​ကောင်း​ပေမဲ့ ကျွန်တော်​တို့​ရဲ့ သီအိုကရက်တစ်​တာဝန်​တွေ​ကို အနှောင့်အယှက်​ဖြစ်စေ​မယ့်​အလုပ်​မျိုးကို ကျွန်တော်​တို့​လက်မခံ​ဘူး။ ယေဟောဝါ​ကို​စောင့်ဆိုင်း​ရတာ ကျွန်တော်​တို့ ပို​ကြိုက်တယ်။” တိုက်ခန်း​တစ်ခန်း​ကို ဈေး​ပေါ​ပေါ​နှင့် ငှား​ရမ်း​နိုင်​ရန်၊ အဆုံး​တွင် ရီ​ရှ​တ်ဒ် အလုပ်အကိုင်​တစ်ခု​ရှာတွေ့နိုင်​ရန် ယေဟောဝါ​လမ်းဖွင့်​ပေး​ခဲ့​သည်​ဟု သူတို့​ယုံကြည်​ထား​သည်။

အသက်မွေး​လုပ်ငန်း ဆုံးရှုံး​ခြင်း​သည် အလွန်​အထိ​နာ​နိုင်​သည်။ သို့သော် သင့်ကို ယေဟောဝါ ဘယ်တော့​မျှ​မစွန့်​ကြောင်း တွေ့ကြုံ​ခံစား​နိုင်​သည့် အခွင့်အရေး​အဖြစ် ယင်းကို ရှုမြင်​ကြည့်​ပါ။ သင့်ကို ယေဟောဝါ​စောင့်ရှောက်​နေပါ​သည်။ (၁ ပေတရု ၅:၆၊ ၇) ပရောဖက်​ဟေရှာယ​အားဖြင့် ကိုယ်တော်​ဤသို့​ကတိပြု​ထား​သည်– “ငါသည် သင်၏​ဘုရားသခင်​ဖြစ်သော​ကြောင့် စိတ်မပျက်​နှင့်။ သင်​ကို ငါ​ခိုင်ခံ့​စေမည်။ သင်​ကို​စောင့်မ​မည်။” (ဟေရှာယ ၄၁:၁၀သမ္မာ) အလုပ်ပြုတ်​ခြင်း​အပါအဝင် မျှော်လင့်​မထား​သော​ဖြစ်ရပ်​ကြောင့် နာ​လ​န်​မ​ထူ​နိုင်​သည့် အဖြစ်မျိုး​ရောက်​ရန် ဘယ်တော့​မျှ အခွင့်မပေး​ပါ​နှင့်။ သင်​တတ်နိုင်​သမျှ လုပ်ဆောင်​ပြီး​နောက် ကျန်​သည့်​ကိစ္စ​များ​ကို ယေဟောဝါ​လက်တော်​တွင် အပ်​လိုက်ပါ။ ယေဟောဝါ​အား “ငြိမ်​ဝပ်​စွာ” စောင့်မျှော်​ပါ။ (မြည်တမ်းစကား ၃:၂၆) ကြွယ်ဝသော​ကောင်းချီး​များ​ကို သင်​ခံစားရ​ပါ​လိမ့်​မည်။—ယေရမိ ၁၇:၇

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

အချိန်ကို ဝိညာဉ်​ရေးရာ​လုပ်ဆောင်မှုများ​၌ အသုံးပြုပါ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံများ]

ခြိုးခြံ​ချွေတာ​တတ်​ရန် သင်ယူပါ၊ အလုပ်ရှာ​ရာ​တွင်​ချေး​မများ​လွန်း​ပါ​နှင့်