အကောင်းဆုံးပညာရေးမှ အကျိုးရယူ
အကောင်းဆုံးပညာရေးမှ အကျိုးရယူ
ယေဟောဝါဘုရားသခင်သည် လူသားများအပါအဝင် အရာခပ်သိမ်း၏ဖန်ဆင်းရှင်ဖြစ်သည်ဟု သမ္မာကျမ်းစာက ဖော်ပြသည်။ (ကမ္ဘာဦး ၁:၂၇; ဗျာ. ၄:၁၁) မဟာသွန်သင်ရှင်အနေနှင့် ကိုယ်တော်သည် ပထမလူသားမောင်နှံစုံ အာဒံနှင့်ဧဝကို ပညာပေးပြီး လှပသောဧဒင်ဥယျာဉ်တွင် နေရာချထားခဲ့သည်။ သူတို့ကို ဆက်ပညာပေးပြီး ထာဝစဉ်ကြည့်ရှုစောင့်ရှောက်ရန် ကိုယ်တော်ရည်ရွယ်ထားသည်။ (ကမ္ဘာဦး ၁:၂၈၊ ၂၉; ၂:၁၅-၁၇; ဟေရှာယ ၃၀:၂၀၊ ၂၁) အဆိုပါရှေ့အလားအလာကို စဉ်းစားကြည့်လိုက်ပါ။
သို့သော် ဝမ်းနည်းစရာမှာ ပထမမောင်နှံစုံသည် ထိုအလားအလာရှိသမျှကို ပစ်ပယ်ခဲ့ကြသည်။ သူတို့၏မနာခံသောလမ်းစဉ်က လူသားမျိုးနွယ်ကို ကိုယ်ကျင့်တရားနှင့် ကာယရေးတွင် ယုတ်လျော့ကျဆင်းစေခဲ့သည်။ (ကမ္ဘာဦး ၃:၁၇-၁၉; ရောမ ၅:၁၂) လူကိုဖန်ဆင်းပြီးနောက် တိုးပွားလာသော လူမျိုးဆက်အနည်းငယ်သာရှိသေးစဉ် သူတို့နှင့်ပတ်သက်၍ သမ္မာကျမ်းစာက “မြေကြီးပေါ်မှာလူအပြစ်ကြီး၍ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို ဘုရားသခင်သိမြင်တော်မူ” ၏ဟု ဆိုထားသည်။—ကမ္ဘာဦး ၆:၅။
လူသည် ဆိုးသွမ်းမှုဘက်သို့ အစဉ်မပြတ်တိမ်းယိမ်းတတ်သည်ဟု ယေဟောဝါကောက်ချက်ချသည်မှာ နှစ်ပေါင်း ၄,၅၀၀ နီးပါးရှိခဲ့ပြီး ယခု လူ့အခြေအနေမှာ တစ်ခါနှင့်မျှမတူအောင် ဆိုးဝါးနေသည်။ အရှက်အကြောက်မရှိ လိမ်ကြ၊ ခိုးကြ၊ တိုက်ခိုက်ကြသူများစွာရှိ၏။ နေ့စဉ်နှင့်အမျှ ပြဿနာတိုးများလာသော်လည်း လူသားချင်း စာနာစိတ် လျော့နည်းလာသည်။ မိသားစုဆက်ဆံရေးအပါအဝင် လူမှုဆက်ဆံရေးအများစုသည် စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်နေသည်မဟုတ်လော။ သို့သော် လက်ရှိအခြေအနေများသည် ဘုရားသခင်ကြောင့်မဟုတ်သကဲ့သို့ မျက်မှောက်ခေတ်ပြဿနာများကို ကိုယ်တော်အမှုမထားတော့ဘဲ မနေပါ။ ယေဟောဝါသည် လူ့အရေးကိစ္စများကို အမြဲစိတ်ဝင်စားတော်မူပြီး ပျော်ရွှင်သောအသက်တာရရှိရန် ကိုယ်တော်ထံမှ လမ်းညွှန်မှုမျှော်ကိုးသူများအား ပညာပေးရန် အသင့်ရှိတော်မူ၏။ လွန်ခဲ့သောအနှစ် ၂,၀၀၀ ခန့်တွင် သားတော်ယေရှုခရစ်ကို မြေကြီးပေါ်သို့စေလွှတ်ပြီး အောင်မြင်သောဘဝအသက်တာရလိုသူများအား ပညာပေးရန် စိတ်ဝင်စားကြောင်း ကိုယ်တော်ဖော်ပြခဲ့သည်။ ယေရှုသည် မဟာသွန်သင်ရှင်၏သင်ကြားမှုကို အတိုင်းမသိနှစ်ပေါင်းများစွာ ခံယူခဲ့သူဖြစ်သောကြောင့် အကောင်းဆုံးပညာရေးစနစ်တစ်ခုကို ချမှတ်ပေးနိုင်ခဲ့သည်။
စစ်မှန်သောခရစ်ယာန်ဘာသာ—ပညာရေးအစီအစဉ်တစ်ခု
မေတ္တာပေါ်အခြေခံသော ဘဝလမ်းစဉ်တစ်ခုဖြစ်သည့် စစ်မှန်သောခရစ်ယာန်ဘာသာကို ယေရှုခရစ် အစပြုခဲ့သည်။ စစ်မှန်သောခရစ်ယာန်ဘာသာတွင် ဘုရားသခင့်နာမတော် ဂုဏ်တင်ချီးမွမ်းခံရစေဖို့ စဉ်းစားတွေးခေါ်၊ လုပ်ဆောင်လေသမျှသည် အလိုတော်နှင့် ညီရမည်ဖြစ်သည်။ (မဿဲ ၂၂:၃၇-၃၉; ဟေဗြဲ ၁၀:၇) ထိုဘဝလမ်းစဉ်နှင့်ဆိုင်သော ယေရှု၏သွန်သင်ချက်များကို ကိုယ်တော်၏ခမည်းတော် ယေဟောဝါက ကျောထောက်နောက်ခံပေးသည်။ ခမည်းတော်ထံမှ ယေရှုရရှိသော ထောက်ခံအားပေးမှုအကြောင်းကို ယောဟန် ၈:၂၉ တွင် ဤသို့ဖတ်ရသည်– “ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိတော်မူ၏။ ငါ့ကိုတစ်ကိုယ်တည်းနေစေခြင်းငှာ ခမည်းတော်သည် စွန့်ပစ်တော်မမူ။ အကြောင်းမူကား၊ နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်။” ယေရှု၏ဓမ္မအမှုဆောင်ချိန်တစ်လျှောက်တွင် ခမည်းတော်၏ထောက်မမှုနှင့် လမ်းညွှန်မှုကို ကိုယ်တော်ရရှိခဲ့သည်။ ယေရှု၏အစောပိုင်းနောက်လိုက်များလည်း လမ်းညွှန်မှုမရဘဲ ဘဝစိန်ခေါ်ချက်များကို ရင်ဆိုင်ခဲ့ကြရသည်မဟုတ်ပါ။ သားတော်အားဖြင့် သူတို့ကို ယေဟောဝါ ပညာပေးခဲ့သည်။ ယေရှု၏သွန်သင်ချက်များနှင့် ပုံသက်သေကို သူတို့လိုက်လျှောက်ကြသောကြောင့် သာ၍ကောင်းသောလူများဖြစ်လာကြသည်။ မျက်မှောက်ခေတ် ကိုယ်တော့်နောက်လိုက်များလည်း ထိုနည်းအတိုင်းပင်။—စာမျက်နှာ ၆ ပါ “ယေရှုနှင့် ကိုယ်တော့်သွန်သင်ချက်များ၏ ဩဇာလွှမ်းမိုးမှု” လေးထောင့်ကွက်ကိုရှု။
စစ်မှန်သောခရစ်ယာန်ဘာသာ၏ ထူးခြားချက်တစ်ခုမှာ ယင်း၏ပညာရေးသည် လူတစ်ဦးကို ပြောင်းလဲစေနိုင်သည့်အထိ စိတ်နှလုံးအပေါ် အကျိုးသက်ရောက်ခြင်းဖြစ်သည်။ (ဧဖက် ၄:၂၃၊ ၂၄) ဥပမာ၊ မိမိအိမ်ထောင်ဖက်အပေါ် သစ္စာရှိခြင်းအကြောင်း ယေရှုသွန်သင်ရာကို သုံးသပ်ကြည့်ပါ– “သူ့မယားကိုမပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။ ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်သောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ။” (မဿဲ ၅:၂၇၊ ၂၈) စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စွာ ထားသင့်ကြောင်းနှင့် မတော်လျော်သောအတွေးများနှင့် ဆန္ဒများသည် အကောင်အထည်မပေါ်သေးသော်လည်း ဆိုးရွားသောအကျိုးဆက်များ ဖြစ်ပေါ်စေနိုင်ကြောင်း ထိုစကားဖြင့် ယေရှုသွန်သင်ပေးခဲ့သည်။ မကောင်းသောစဉ်းစားတွေးတောမှုများသည် ဘုရားသခင်ကိုပြစ်မှား၍ သူတစ်ပါးကိုထိခိုက်နစ်နာစေသည့် အပြုအမူများ ပြုမူစေနိုင်သည်မဟုတ်လော။
ထို့ကြောင့် သမ္မာကျမ်းစာက ဤသို့သွန်သင်ပေးသည်– ‘သင်တို့သည် လောကပုံသဏ္ဌာန်ကိုမဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့။’ (ရောမ ၁၂:၂) ‘စိတ်နှလုံးကို ပညာရေးနဲ့ အမှန်တကယ် အသစ်ပြင်ဆင်နိုင်ပါ့မလား’ ဟု သင်မေးပေမည်။ စိတ်နှလုံးကိုအသစ်ပြင်ဆင်ခြင်းဆိုသည်မှာ ဘုရားသခင့်နှုတ်မြွက်စကားတော်ပါ မူများ၊ သွန်သင်ချက်များကို စိတ်နှလုံးထဲဖြည့်ထားခြင်းဖြင့် ဦးတည်ချက်ပြောင်းလိုက်ခြင်းဖြစ်သည်။ သမ္မာကျမ်းစာမှတစ်ဆင့် ဘုရားသခင်ပေးသနားသည့် ပညာရေးကို ဆည်းပူးယူခြင်းဖြင့် ထိုသို့ပြုနိုင်ပါသည်။
ပြောင်းလဲရန် လှုံ့ဆော်ခံရ
‘ဘုရားသခင်၏နှုတ်မြွက်တရားတော်သည် အသက်ရှင်၍ တန်ခိုးနှင့်ပြုပြင်တတ်၏။’ (ဟေဗြဲ ၄:၁၂) သမ္မာကျမ်းစာသည် လူတို့အပေါ် တန်ခိုးပါစွာ ဩဇာညောင်းဆဲဖြစ်သောကြောင့် ခေတ်နောက်မကျသေးကြောင်း သက်သေထူ၏။ ယင်းသည် လူတစ်ဦး၏ ဘဝလမ်းစဉ်ကို ပြောင်းလဲစေနိုင်ပြီး စစ်မှန်သောခရစ်ယာန်ဘာသာကို လက်ခံယုံကြည်စေကာ သာ၍ကောင်းသောသူဖြစ်လာစေသည်။ ကျမ်းစာပညာရေး၏တန်ဖိုးကို အောက်ပါဥပမာများက ဖော်ပြပါသည်။
ရှေ့ဆောင်းပါးတွင် ဖော်ပြထားသော အယ်မီလီယာက ဤသို့ပြောပြသည်– “ကိုယ့်ဘာသာကိုယ် ကြိုးစားလုပ်ဆောင်နေရုံနဲ့ အိမ်ရဲ့အခြေအနေက ထူးမလာဘူး။ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာကြည့်တော့ မျှော်လင့်ချက်ရှိသေးတယ်ဆိုတာသိရလို့ ကျွန်မရဲ့စိတ်သဘောထား ပြောင်းလဲစပြုလာတယ်။ ကျွန်မ ပိုစိတ်ရှည်လာပြီး ဒေါသလည်း ထိန်းနိုင်လာတယ်။ အချိန်တန်တော့ ကျွန်မရဲ့အမျိုးသားလည်း ကျွန်မနဲ့အတူ ကျမ်းစာလေ့လာတယ်။ အရက်ဖြတ်တာ သူ့အတွက်မလွယ်ပေမဲ့ သူအရက်ပြတ်သွားတယ်။ အဲဒါကြောင့် ကျွန်မတို့ရဲ့အိမ်ထောင်ရေးကို တစ်ကနေ ပြန်စနိုင်ခဲ့တယ်။ အခုဆိုရင် ကျွန်မတို့ဟာ ပျော်ရွှင်တဲ့ခရစ်ယာန်တွေဖြစ်နေကြပြီး ကျမ်းစာမူတွေကို သားသမီးတွေ စွဲမှတ်သွားစေဖို့ သွန်သင်ပေးနေပါတယ်။”—တရားဟောရာ ၆:၇။
စစ်မှန်သောခရစ်ယာန်ဘာသာ၏ ပညာရေးအစီအစဉ်သည် လူတစ်ဦးကို စရိုက်ဆိုးများမှလည်းကောင်း၊ အကျင့်ပျက်ဘဝပုံစံမှလည်းကောင်း လွတ်မြောက်စေနိုင်သည်။ ထိုသို့အမှန်ဖြစ်ကြောင်း မယ်နူအယ်လ် *တွေ့ရှိခဲ့သည်။ အသက် ၁၃ နှစ်အရွယ်တွင် သူသည် အိမ်မှထွက်ပြေးကာ ဆေးခြောက်စရှူသည်။ ထို့နောက် ဘိန်းဖြူစွဲသွားသည်။ နေစရာနေရာနှင့် ငွေရဖို့ ကျားမ,မရွေးနှင့် လိင်ဆက်ဆံခဲ့သည်။ တစ်ခါတစ်ရံ လူတို့ကို ရိုက်နှက်လုယက်ပြီး အသက်ဆက်ခဲ့ရချိန်လည်းရှိသည်။ မူးယစ်ဆေးများကို အချိန်ပြည့်ဆိုရမလောက် သုံးစွဲခဲ့သည်။ အကြမ်းဖက်အမူအကျင့်ကြောင့် မကြာခဏ ထောင်နန်းစံခဲ့ရသည်။ တစ်ကြိမ်တွင် ထောင်လေးနှစ်ကျပြီးနောက် တရားမဝင်လက်နက်ရောင်းဝယ်ရေး၌ ပါဝင်ခဲ့သည်။ မယ်နူအယ်လ်သည် အိမ်ထောင်ပြုပြီးနောက်၌ပင် သူ့ဘဝလမ်းစဉ်၏ဆိုးကျိုးများကို ခံစားခဲ့ရသည်။ သူဤသို့ပြောပြသည်– “နောက်ဆုံးတော့ ကြက်ခြံဟောင်းတစ်ခုမှာ နေရတဲ့ဘဝရောက်သွားခဲ့တယ်။ အုတ်ခဲတွေကို ဖိုခုံလောက်လုပ်ပြီး ကျွန်တော့်မိန်းမ ချက်ပြုတ်ခဲ့ရတာကို ကျွန်တော်မှတ်မိသေးတယ်။ ဘဝကြီးက ဘယ်လောက်တောင် မရေရာခဲ့သလဲဆိုရင် ကျွန်တော့်ကိုပစ်သွားပါတော့လို့ ကျွန်တော့်ဆွေမျိုးအရင်းတွေက သူ့ကို တိုက်တွန်းခဲ့ကြတဲ့အထိပါပဲ။”
အဘယ်အရာက သူ့ဘဝကို ပြောင်းလဲစေခဲ့သနည်း။ မယ်နူအယ်လ် ဤသို့အဖြေပေးသည်– “အသိတစ်ယောက်က အိမ်ကိုလာပြီး ကျမ်းစာအကြောင်းပြောပြတယ်။ သူ့ရဲ့လည်ပတ်မှုတွေကို ကျွန်တော်လက်ခံခဲ့တာက လူကိုစိတ်ဝင်စားတဲ့ ဘုရားသခင်မရှိဘူးဆိုတာ သူ့ကိုသိစေချင်လို့ပဲ။ အဲဒီအချက်မှန်ကြောင်းပြတဲ့ သက်ရှိအထောက်အထားက ကျွန်တော်ပဲလို့ယူဆခဲ့တာ။ သက်သေခံက စိတ်ရှည်သည်းခံပြီး ယဉ်ကျေးသိမ်မွေ့တဲ့အတွက် ကျွန်တော်အံ့အားသင့်ခဲ့ရတယ်။ ဒါကြောင့် ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ အစည်းအဝေးတွေတက်ရောက်ဖို့ ကျွန်တော်သဘောတူလိုက်တယ်။ အဲဒီကလူတချို့က ကျွန်တော့်ရာဇဝင်ကို သိထားကြပေမဲ့ ဖော်ဖော်ရွေရွေနှုတ်ဆက်ကြတယ်။ ကျွန်တော့်ကို သူတို့ထဲကတစ်ယောက်လိုပဲ သဘောထားဆက်ဆံခဲ့ကြတယ်။ တကယ်စိတ်သက်သာရာ ရသွားတယ်။ မူးယစ်ဆေးလောက,ကထွက်ပြီး ရိုးရိုးသားသားလုပ်ကိုင်စားသောက်ဖို့ ဆုံးဖြတ်လိုက်တဲ့အထိ ကျွန်တော်လှုံ့ဆော်ခံခဲ့ရတယ်။ လေးလလောက် ကျမ်းစာလေ့လာပြီးတဲ့နောက် ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ဖို့ ကျွန်တော်အရည်အချင်းပြည့်မီလာတယ်။ နောက်ထပ်လေးလအကြာမှာ ယေဟောဝါသက်သေတစ်ဦးအဖြစ် ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။”
စစ်မှန်သောခရစ်ယာန်ဘာသာသည် မယ်နူအယ်လ်နှင့် သူ့မိသားစုအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ “ကျမ်းစာပညာရေးသာမရခဲ့ရင် ကျွန်တော်သေတာကြာပြီ။ ယေရှုသင်ပေးခဲ့တဲ့ ဘဝလမ်းစဉ်ကြောင့် ကျွန်တော့်မိသားစုကို ကျွန်တော်ပြန်ရခဲ့တာ။ လူငယ်ဘဝက ကျွန်တော်ဖြတ်သန်းခဲ့ရတာတွေကို ကျွန်တော့်သားနဲ့သမီး ကြုံတွေ့စရာမလိုတော့ဘူး။ အခုဆိုရင် ကျွန်တော့်ဇနီးနဲ့ ဆက်ဆံရေးကောင်းရှိတဲ့အတွက် ကျေနပ်နှစ်သက်သလို ယေဟောဝါကိုလည်း ကျေးဇူးတင်လို့မဆုံးဘူး။ အရင်က အပေါင်းအသင်းတချို့က ကျွန်တော့်ကိုချီးမွမ်းစကားပြောတဲ့အပြင် အခု ကျွန်တော်လိုက်နေတဲ့ ဘဝလမ်းစဉ်က အကောင်းဆုံးပဲလို့ ပြောကြတယ်။”
ခရစ်ယာန်ဘဝလမ်းစဉ်တွင် ကိုယ်ကျင့်တရားစင်ကြယ်ခြင်းအပြင် ကာယရေးတွင် သန့်ရှင်းစင်ကြယ်ဖို့လည်းလိုသည်။ ယင်းကို သိနားလည်ခဲ့သူတစ်ဦးမှာ တောင်အာဖရိကနိုင်ငံ၏ ဆင်းရဲမွဲတေသောဒေသတွင်နေထိုင်သူ ဂျောန်ဖြစ်သည်။ “တစ်ခါတလေ ကျွန်တော့်သမီး တစ်ပတ်လောက် ရေမချိုးဘဲနေလည်း ကျွန်တော်တို့တစ်ယောက်မှ အရေးမလုပ်ခဲ့ကြဘူး” ဟုသူရှင်းပြသည်။ သူတို့၏နေအိမ်မှာ ရှုပ်ပွညစ်ပေနေခဲ့ကြောင်း သူ့ဇနီးကပြောပြသည်။ သို့သော် ခရစ်ယာန်ပညာရေးကြောင့် အခြေအနေ တိုးတက်ပြောင်းလဲလာသည်။ ဂျောန်သည် ကားသူခိုးဂိုဏ်းနှင့် ဆက်မပေါင်းတော့ဘဲ မိသားစုကို ပိုအချိန်ပေးအာရုံစိုက်လာသည်။ “ခရစ်ယာန်တွေအနေနဲ့ ကိုယ်ခန္ဓာကိုရော အဝတ်အစားကိုပါ သန့်သန့်ရှင်းရှင်းထားရမယ်ဆိုတာ ကျွန်တော်တို့သိလာတယ်။ ယေဟောဝါဘုရားသခင်ဟာ သန့်ရှင်းတဲ့အတွက် ကျွန်တော်တို့လည်း သန့်ရှင်းရမယ်ဆိုတဲ့ ၁ ပေတရု ၁:၁၆ ရဲ့တိုက်တွန်းချက်ကို ကျွန်တော်သဘောကျတယ်။ အခုဆိုရင် အတတ်နိုင်ဆုံး ကျွန်တော်တို့ရဲ့အိမ်လေးကို သပ်ရပ်သန့်ရှင်းအောင်ထားတယ်။”
အကောင်းဆုံးပညာရေးကို သင်ရှာတွေ့နိုင်
အထက်ပါတွေ့ကြုံမှုများသည် ဖြစ်တောင့်ဖြစ်ခဲဖြစ်ရပ်များ မဟုတ်ပါ။ ထောင်ပေါင်းများစွာသောသူတို့သည် သမ္မာကျမ်းစာပေါ်အခြေပြုသော ပညာရေးအစီအစဉ်ကြောင့် သာ၍ကောင်းသောအသက်တာဖြင့် အသက်ရှင်တတ်လာကြသည်။ ရိုးသား၍ အလုပ်ကြိုးစားသောကြောင့် အလုပ်ရှင်များက သူတို့ကို တန်ဖိုးထားကြသည်။ အချင်းချင်း၏ကောင်းကျိုးကို စိတ်ဝင်စားကြသော အိမ်နီးချင်းကောင်းများနှင့် မိတ်ဆွေကောင်းများ ဖြစ်လာကြသည်။ စရိုက်ဆိုးများနှင့် ဇာတိသဘောထားများကိုရှောင်ရန် ဆုံးဖြတ်ထားကြရာ မိမိတို့ကိုယ်တိုင်၏ ကာယရေး၊ စိတ်ဓာတ်ရေးနှင့် စိတ်လှုပ်ရှားမှုတို့ ကျန်းမာကြံ့ခိုင်စေဖို့ ဂရုပြုကြသည်။ စရိုက်ဆိုးများအတွက် မိမိတို့၏အစွမ်းအစများကို ဖြုန်းတီးမည့်အစား ကိုယ်တိုင်နှင့် မိသားစု၏ကောင်းကျိုးအတွက် အသုံးပြုကြသည်။ (၁ ကောရိန္သု ၆:၉-၁၁; ကောလောသဲ ၃:၁၈-၂၃) သမ္မာကျမ်းစာတွင် ယေဟောဝါပြဋ္ဌာန်းထားရာများကို လက်တွေ့ကျင့်သုံးခြင်း၏ အကျိုးဆက်များက စစ်မှန်သောခရစ်ယာန်ဘာသာနှင့်အညီ အသက်ရှင်ခြင်းသည် အကောင်းဆုံးပညာရေးကိုရရှိစေသည့် အကောင်းဆုံးဘဝလမ်းစဉ်ဖြစ်ကြောင်း ဧကန်အမှန်ဖော်ပြသည်။ ဘုရားသခင့်ပညတ်တော်များအတိုင်း အသက်ရှင်နေထိုင်သူတစ်ဦးသည် “ပြုလေသမျှတို့၌ အောင်လိမ့်မည်” ဟုသမ္မာကျမ်းစာကဆို၏။—ဆာလံ ၁:၃။
အတိုင်းအဆမဲ့တန်ခိုးရှင်ယေဟောဝါသည် ကျွန်ုပ်တို့အား ပညာပေးလိုစိတ်ရှိကြောင်း သိရှိရခြင်းက အားရှိစရာပင်။ ကိုယ်တော်တိုင်နှင့်ပတ်သက်၍ ဘုရားသခင်က “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်၍ သင်သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏” ဟုမိန့်တော်မူ၏။ (ဟေရှာယ ၄၈:၁၇) မှန်၏၊ သားတော်ယေရှုခရစ်၏ ပုံသက်သေနှင့် သွန်သင်ချက်များအားဖြင့် ကျွန်ုပ်တို့သွားအပ်သောလမ်းကို ယေဟောဝါပြသခဲ့ပြီ။ ယေရှု၏သွန်သင်ချက်များသည် ကိုယ်တော်မြေကြီးပေါ်ရှိစဉ် လူများစွာ၏အသက်တာကို အကြီးအကျယ်ပြောင်းလဲစေသကဲ့သို့ ယနေ့ ၎င်းသွန်သင်ချက်များအတိုင်း အသက်ရှင်နေထိုင်ကြသူတို့၌လည်း ထိုအတိုင်းဖြစ်သည်။ ဤသွန်သင်ချက်များအကြောင်း အချိန်ယူပြီး လေ့လာကြည့်ပါလေ။ ဤအဖိုးတန်ပညာရေးကို သင့်နယ်မြေရှိ ယေဟောဝါသက်သေများက ဝမ်းသာအားရ ဝေမျှပေးပါလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 12 နာမည်အချို့ပြောင်းထားသည်။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
“ယေရှုနှင့် ကိုယ်တော့်သွန်သင်ချက်များ၏ ဩဇာလွှမ်းမိုးမှု”
အခွန်ခံခေါင်း ဇက္ခဲသည် သူ၏ရာထူးဖြင့် သာမန်လူတန်းစားထံမှ ငွေညှစ်ယူပြီး ချမ်းသာကြွယ်ဝလာသည်။ သို့သော် ယေရှု၏သွန်သင်ချက်များကို လက်တွေ့ကျင့်သုံးခြင်းဖြင့် သူ့ဘဝလမ်းစဉ် ပြောင်းခဲ့သည်။—လုကာ ၁၉:၁-၁၀။
တာရှုမြို့သားရှောလုသည် ခရစ်ယာန်များကို မနှိပ်စက်တော့ဘဲ ခရစ်ယာန်ဘာသာဝင်ဖြစ်လာပြီး တမန်တော်ပေါလု ဖြစ်လာသည်။—တမန်တော် ၂၂:၆-၂၁; ဖိလိပ္ပိ ၃:၄-၉။
ကောရိန္သုမြို့မှ ခရစ်ယာန်အချို့သည် ‘မတရားသောမေထုန်၌မှီဝဲသူများ၊ . . . ရုပ်ပုံကိုးကွယ်သူများ၊ သူ့မယားပြစ်မှားသူများ၊ ယောက်ျားချင်းမေထုန်ကိုပြုသူများ၊ သူ့ဥစ္စာကိုခိုးသူများ၊ လောဘလွန်ကျူးသူများ၊ သေရည်သေရက်နှင့်ယစ်မူးသူများ၊ ဆဲရေးကဲ့ရဲ့သူများနှင့် အနိုင်အထက်လုယူသူများ’ ဖြစ်ခဲ့ကြဖူးသည်။ သို့သော် စစ်မှန်သောခရစ်ယာန်ဘာသာဝင်များဖြစ်လာကြသောအခါ သူတို့သည် ‘သခင်ယေရှုခရစ်၏ နာမတော်အားဖြင့် ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ရောက်’ခဲ့ကြသည်။—၁ ကောရိန္သု ၆:၉-၁၁။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အောင်မြင်နိုင်ပုံကိုသမ္မာကျမ်းစာကဖော်ပြနိုင်