မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နားမကြားသူတို့ကို သတင်းကောင်းဟောပြောကြ

နားမကြားသူတို့ကို သတင်းကောင်းဟောပြောကြ

နား​မကြား​သူတို့ကို သတင်းကောင်း​ဟောပြောကြ

“သူတို့ဟာ ဝိညာဉ်​ရေး​နဲ့​ဆိုင်​တဲ့ သတင်းကောင်းကို ယူလာ​ပေး​တယ်။” ယင်းသည် စပိန်​နိုင်ငံ၊ မဒရစ်​မြို့၊ န​ဗဲလ်​ကာ​နီရို ဘိုးဘွား​ရိပ်သာ​၏​ဒါရိုက်တာ​က ထို​ရိပ်သာ​သို့ လာ​လည်ပတ်​သော ယေဟောဝါသက်သေ​များ​အကြောင်း မကြာသေးမီ​က ပြောပြ​ခဲ့​ပုံ​ဖြစ်သည်။ ယင်း​သို့​ပြောဆို​ရန် အဘယ်အရာက လှုံ့ဆော်​ခဲ့​သနည်း။

ရို​ဆက်​ဒဲလ်​က​မီ​နို​တွင် နေထိုင်သူ​များစွာ​သည် နား​မကြား​သူများ​ဖြစ်​ကြသည်။ သို့သော် သက်သေခံ​များ​မူ စပိန်​လက်ဟန်ပြ​ဘာသာ​စကား​ကို သင်ယူ​ခဲ့​သောကြောင့် ထို​သူတို့နှင့် ပြောဆို​ဆက်သွယ်​နိုင်​ခဲ့​သည်။ လိုအပ်​နေသူတို့​အား ကျမ်းစာ​ထဲ​မှ အဖိုးထိုက်တန်​ရာ​များ သင်ကြား​ပေး​ရန် မိမိတို့​အချိန်ကို အခမဲ့​ပေး​နေကြ​သည့် သက်သေခံ​များ​ကို ဒါရိုက်တာ​က ချီးမွမ်း​ခဲ့​သည်။ ထို​တွင်​နေထိုင်သူ​များ​အား ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း​အကြောင်း သင်ကြား​ပေးခြင်း​က အလွန်​ပင်​အကျိုး​ဖြစ်ထွန်း​ကြောင်း သူ​သတိပြုမိ​သည်။ ထို​တွင်​နေထိုင်ကြ​သူများ အထူးသဖြင့် အကြား​အမြင်​အာရုံ​အားနည်းနေ​သူများ​လည်း သက်သေခံ​တို့၏​လည်ပတ်မှု​ကို အလွန်​တန်ဖိုး​ထားခဲ့​ကြသည်။

ထို​တွင်​နေထိုင်​သော မျက်မမြင်​နား​မကြား​တစ်ဦး​ဖြစ်သည့် ယူ​လို​ဂျီ​အို​သည် ယခု ယေဟောဝါသက်သေ​များနှင့် ကျမ်းစာ​လေ့လာ​နေသည်။ တစ်နေ့၊ သင်အံမှု​ကျင်းပ​နေစဉ် သက်ကြီး​ပိုင်း​အမျိုးသား​တစ်ဦး ချဉ်းကပ်​လာပြီး ကျေးဇူး​တင်​ကြောင်း သူတို့​ရေးစပ်​ထားသော​ကဗျာ​ကို သက်သေခံ​အား ပေး​ခဲ့​သည်။ “သက်သေခံ​တစ်ဦး​မည်​သည်” ဟူ၍ ခေါင်းစဉ်​တပ်ထား​သည့် ကဗျာ​ထဲ​တွင် “ကျေနပ်ဖွယ်​ရာ အသက်တာနဲ့ စည်းကမ်း​တ​ကျ သက်ရှင်​ကာ၊ ရွှင်လန်းဖွယ်​ရာ ဉာဏ်ပညာ​ကို ယေဟောဝါ​ထံ​မှ​ရရှိတာ။ ယေဟောဝါ​အား ကိုးစား​ကာ လူး​လာ​ခေါက်​ပြန်လည်ပတ်​တာ” ဟု​ပါရှိ​သည်။

ကမ္ဘာ​တစ်ဝန်း​ရှိ သက်သေခံ​များစွာ​သည် ယေဟောဝါ​အား ယုံကြည်​ကိုးစား​ကြသော​ကြောင့် မိမိတို့​နိုင်ငံ​ရှိ နား​မကြား​သူများ​၏ လက်ဟန်ပြ​ဘာသာ​စကား​ကို သင်ယူ​ခဲ့​ကြသည်။ ဤနည်းဖြင့် သူတို့သည် သမ္မာ​ကျမ်းစာ​ပါ အားတက်ဖွယ် မျှော်လင့်ချက်​သတင်းစကားကို ထို​သူတို့အား မျှဝေ​ပေးကမ်း​ကြသည်။