မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်နှင့်အတူ သင်လျှောက်လှမ်းမည်လော

ဘုရားသခင်နှင့်အတူ သင်လျှောက်လှမ်းမည်လော

ဘုရားသခင်​နှင့်အတူ သင်​လျှောက်လှမ်း​မည်​လော

‘သင်၏​ဘုရားသခင့်​ရှေ့တော်၌ နှိမ့်ချသော​စိတ်​နှင့်​ကျင့် [“လျှောက်လှမ်း၊” က​ဘ] နေလော့။’—မိက္ခာ ၆:၈

၁၊ ၂။ ကျွန်ုပ်​တို့​နှင့်​ပတ်သက်​သည့် ယေဟောဝါ​၏​ခံစားချက်​များ​ကို ကလေး​တစ်ဦး လမ်းလျှောက်​တတ်​ရန် သွန်သင်ပေး​သည့် မိဘ​တစ်ဦး၏​ခံစားချက်​များနှင့် မည်သို့​ပုံခိုင်း​နိုင်​သနည်း။

မခိုင့်တခိုင်​ရပ်နေ​သော ကလေး​တစ်ဦး​သည် မိမိကို​လှမ်း​ခေါ်​နေသော မိဘ​ဆီ​သို့​သွား​ရန် ပထမ​ဆုံး ခြေလှမ်း​အနည်းငယ် လှမ်း​လိုက်​၏။ ယင်းသည် ဘာမျှ​မဟုတ်​ဟု​ထင်​ရ​သော်လည်း မိဘများ​၏​အမြင်​တွင်​မူ နောင်ရေး​အလားအလာ​ကောင်း​ကို​ဖော်ပြ​သည့် ဘဝ​မှတ်တိုင်​တစ်ခု​ဖြစ်သည်။ မိဘများသည် လာ​မည့်​လ​များ၊ နှစ်များ​တစ်လျှောက် မိမိ၏​ကလေး​နှင့်အတူ လက်​ချင်း​တွဲ၍ လျှောက်လှမ်း​ရန် မျှော်လင့်​တ​ကြီး စောင့်ဆိုင်း​နေကြ​သည်။ သူတို့သည် မိမိတို့​ကလေး​အား နောင်​အနာဂတ်​အထိ နည်း​မျိုး​ပေါင်း​စုံ​ဖြင့် လမ်းညွှန်မှု၊ ထောက်ပံ့မှု​တို့​ပေး​နိုင်​ရန် မျှော်လင့်​ကြသည်။

ယေဟောဝါ​ဘုရားသခင်​သည်လည်း မိမိ၏​မြေကြီး​သားသမီး​များ​အပေါ် အလားတူ​ခံစားချက်​မျိုး​ရှိ၏။ ကိုယ်တော်​သည် မိမိ၏​ဣသရေလ​လူမျိုး သို့​မဟုတ် ဧဖရိမ်​နှင့်​စပ်လျဉ်း၍ တစ်ချိန်က ဤသို့​မိန့်ဆိုခဲ့သည်– “ငါသည် သွား​တတ်သော​အတတ်ကို ဧဖရိမ်​အား လက်ဆွဲ​၍​သွန်သင်​၏။ . . . လူကို​ဆွဲ​တတ်သော​ကြိုး​တည်း​ဟူသော မေတ္တာ​ကြိုး​နှင့် ငါ​ဆွဲငင်​၏။” (ဟောရှေ ၁၁:၃၊ ၄) ဤ​ကျမ်းချက်​တွင် ယေဟောဝါ​သည် ကလေးငယ်​တစ်ဦး​ကို လမ်းလျှောက်​တတ်​ရန် စိတ်ရှည်ရှည်​ဖြင့် သင်ပေး​ပြီး လဲကျ​တော့​မည့်​အချိန်တွင် လှမ်းဆွဲ​ပေး​တတ်​သည့် မေတ္တာ​ရှိ​ဖခင်​တစ်ဦး​အဖြစ် မိမိကိုယ်ကို ပုံခိုင်း​ပြ​ထား​၏။ အကောင်းဆုံး​ဖခင်​ဖြစ်သော ယေဟောဝါ​သည် ကျွန်ုပ်​တို့ မည်သို့​လျှောက်လှမ်း​ရမည်ကို သွန်သင်ပေး​လို​စိတ် ပြင်းပြ​၏။ ကိုယ်တော်​သည် ကျွန်ုပ်​တို့ ရှေ့ဆက်​သွား​နေစဉ် ကျွန်ုပ်​တို့​နှင့်အတူ လိုက်ပါ​ရခြင်း​ကိုလည်း အားရ​ကျေနပ်​တော်​မူ​သည်။ အဓိက​ကျမ်းချက်​တွင် ဖော်ပြ​ထား​သည့်​အတိုင်း ကျွန်ုပ်​တို့သည် ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​နိုင်​ကြသည်။ (မိက္ခာ ၆:၈က​ဘ) သို့သော် ဘုရားသခင်​နှင့်အတူ လျှောက်လှမ်းခြင်း​ဟူသည် အဘယ်နည်း။ အဘယ်ကြောင့် ထိုသို့​လျှောက်လှမ်းဖို့​လို​သနည်း။ ယင်းသည် မည်သို့​ဖြစ်​နိုင်​သနည်း။ ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​လျှင် အဘယ်​ကောင်းချီး​များ ရရှိ​မည်​နည်း။ အဆိုပါ​မေးခွန်း​လေးခု​ကို တစ်ခု​ချင်း​စီ သုံးသပ်ကြည့်​ကြ​စို့။

ဘုရားသခင်​နှင့်အတူ လျှောက်လှမ်းခြင်း​ဟူသည် အဘယ်နည်း

၃၊ ၄။ (က) ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​သည့် သရုပ်ဖော်​ချက်​နှင့်​ပတ်သက်​၍ အဘယ်အရာက ထူးခြား​မှတ်သားလောက်ဖွယ်​ကောင်း​သနည်း။ (ခ) ဘုရားသခင်​နှင့်အတူ လျှောက်လှမ်းခြင်း​ဟူသည် အဘယ်နည်း။

အမှန်​ဆို​သော် အသွေးအသား​ခန္ဓာ​ရှိ လူတစ်ဦး​သည် နာမ်ဝိညာဉ်​ဖြစ်​တော်​မူ​သော ယေဟောဝါ​နှင့်အတူ လက်တွေ့​အားဖြင့် လျှောက်လှမ်း​နိုင်​မည်​မဟုတ်​ချေ။ (ထွက်မြောက်ရာ ၃၃:၂၀; ယောဟန် ၄:၂၄) သို့​ဖြစ်၍ လူသားများ​သည် ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​ကြသည်​ဟု သမ္မာကျမ်းစာ​က ဆို​သည့်​အခါ တင်စား​သုံးနှုန်းထား​ခြင်း​ဖြစ်၏။ ယင်းသည် အချိန်​အခါ​နေရာ​ဒေသ​မရွေး မည်သည့်​လူမျိုး၊ ယဉ်ကျေးမှု​၌​မဆို အားလုံး​နှင့်​သက်ဆိုင်​သော ထူးခြား​မှတ်သားလောက်ဖွယ် သရုပ်ဖော်​ချက်​ဖြစ်သည်။ လူတစ်ဦး​သည် တခြား​တစ်ဦး​နှင့်အတူ လျှောက်လှမ်း​သည်​ဟူသော အတွေး​ကို နေရာ​မရွေး၊ အချိန်ကာလ​မရွေး လူ​တို့​နားလည်​ကြသည်။ ဤ​သရုပ်ဖော်​ချက်​သည် ခင်မင်​ရင်းနှီးမှု​သဘောဆောင်​သည်မဟုတ်​လော။ ဤ​ခံစားချက်​များသည် ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​သည်​ဟူသော အသုံးအနှုန်း​၏ အဓိပ္ပာယ်​ကို ထိုးထွင်း​သိမြင်​စေ​သည်။ သို့သော် အသေးစိတ်​သုံးသပ်ကြည့်​ကြ​စို့။

သစ္စာရှိ​ဧနောက်​နှင့် နောဧ​တို့ကို အမှတ်ရပါ။ ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​သူများ​ဟု သူတို့ကို အဘယ်ကြောင့် ခေါ်ဆိုသနည်း။ (ကမ္ဘာဦး ၅:၂၄; ၆:၉) သမ္မာကျမ်းစာ​တွင် “လျှောက်လှမ်း” ဟူသော ဝေါဟာရ​သည် လမ်းစဉ်​တစ်ခု​ကို လိုက်လျှောက်ခြင်း​ဟု အဓိပ္ပာယ်​သက်ရောက်​လေ့​ရှိသည်။ ဧနောက်​နှင့် နောဧ​တို့သည် ယေဟောဝါ​ဘုရားသခင်​၏​အလိုတော်နှင့်​ညီသည့် ဘဝ​လမ်းစဉ်​ကို ရွေးချယ်​ခဲ့​ကြသည်။ သူတို့​ဝန်းကျင်ရှိ လောကသား​များနှင့်​မတူဘဲ လမ်းညွှန်မှု​အတွက် ယေဟောဝါ​ကို မျှော်ကိုး​ပြီး ကိုယ်တော်​၏​ညွှန်ကြားချက်​အတိုင်း လုပ်ဆောင်ခဲ့​ကြ​၏။ ကိုယ်တော်​ကို ယုံကြည်​ကိုးစား​ကြသည်။ သို့​ပြုခြင်း​ကြောင့် ယေဟောဝါ​သည် သူတို့​အတွက် ဆုံးဖြတ်ချက်​များ​ချပေး​သည်​ဟု ဆိုလို​သလော။ မဆိုလို​ပါ။ ယေဟောဝါ​သည် လူ​တို့ကို လွတ်လပ်​စွာ​ရွေးချယ်ပိုင်ခွင့် ပေး​ထားပြီး ယင်း​ဆုကျေးဇူး​ကို ကျွန်ုပ်​တို့၏ “ဆင်ခြင်​နိုင်စွမ်း” နှင့်​တွဲ၍ အသုံးပြု​စေ​ချင်​သည်။ (ရောမ ၁၂:၁က​ဘ) သို့သော် ကျွန်ုပ်​တို့ ဆုံးဖြတ်ချက်​များ​ချ​သည့်​အခါ ယေဟောဝါ​၏​အတိုင်းမသိ သာလွန်​မြင့်မားသော​ဉာဏ်စွမ်း​က ကျွန်ုပ်​တို့၏​ဆင်ခြင်​နိုင်စွမ်း​အပေါ် လွှမ်းမိုးခြင်း​ကို နှိမ့်ချစွာ​ခံယူ​ကြသည်။ (သု. ၃:၅၊ ၆; ဟေရှာယ ၅၅:၈၊ ၉) ထို​နည်းဖြင့် ကျွန်ုပ်​တို့သည် ဘဝ​ခရီး​ကို လျှောက်လှမ်း​ကြ​ရာ​တွင် ယေဟောဝါ​နှင့် နီးနီးကပ်ကပ်​ရှိနေကြ​၏။

၅။ ယေရှုသည် လူတစ်ဦး​၏​အသက်တာ တစ်​တောင်​ခန့်မျှ ထပ်​တိုး​ခြင်း​အကြောင်းကို အဘယ်ကြောင့် မိန့်ဆိုခဲ့​သနည်း။

သမ္မာကျမ်းစာ​က ဘဝကို ခရီး သို့​မဟုတ် အကွာအဝေး​တစ်ခု​နှင့် ပုံခိုင်း​လေ့​ရှိသည်။ ထို​ပုံခိုင်း​ချက်​သည် အချို့​ကိစ္စ​များ​တွင် တိုက်ရိုက်​သက်ဆိုင်​သော်လည်း အချို့​ကိစ္စ​များ​တွင်​မူ သွယ်ဝိုက်​သက်ဆိုင်​၏။ ဥပမာ၊ ယေရှု​က “အဘယ်သူ​သည် စိုးရိမ်ခြင်း​အားဖြင့် မိမိ​အသက်တာကို တစ်​တောင်​ခန့်မျှ တိုးပွား​စေနိုင်​သနည်း” ဟု​မိန့်ဆိုခဲ့သည်။ (မဿဲ ၆:၂၇) အဆိုပါ​စကား​ကြောင့် သင်သည် ခေါင်းရှုပ်​သွားပေ​မည်။ ယေရှုသည် အချိန်ကာလ​ဖြင့်​တိုင်းတာ​သော လူတစ်ဦး​၏ “အသက်တာ” တွင်​အကွာအဝေး​တိုင်းတာ​သော “တစ်​တောင်” ကို​အဘယ်ကြောင့် ပေါင်း​ထည့်​သနည်း။ * ယေရှုသည် အသက်တာကို ခရီး​တစ်ခု​အနေ​နှင့် ပုံခိုင်း​ဖော်ပြ​ထား​သည်​မှာ ထင်ရှား​၏။ အမှန်​မှာ စိုးရိမ်ခြင်း​သည် သင်၏​အသက်တာ​ခရီး​ကို ခြေ​တစ်​လှမ်း​မျှ​ပင် မ​တိုး​စေနိုင်​ကြောင်း ကိုယ်တော် မိန့်ဆိုခဲ့​ခြင်း​ဖြစ်သည်။ သို့သော် ကျွန်ုပ်​တို့သည် ထို​ခရီး​အကွာအဝေး​ကို မည်သို့​မျှ တိုး​စေနိုင်​မည်​မဟုတ်​ဟု ကောက်ချက်​ချ​သင့်​သလော။ ဝေးလေစွ။ ယင်းက ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​ရန် အဘယ်ကြောင့်​လို​သနည်း​ဟူသော ဒုတိယ​မေးခွန်း​ကို ပေါ်ပေါက်​စေ​၏။

ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​ရန် အဘယ်ကြောင့်​လို​သနည်း

၆၊ ၇။ မစုံလင်​သော​လူသားများ​သည် အဘယ်အရာကို အလွန်​လိုအပ်​သနည်း။ ထို​လိုအပ်မှု​ကို​ဖြည့်ဆည်း​ရန် ယေဟောဝါ​အား အဘယ်ကြောင့် ကိုးစား​သင့်​သနည်း။

ယေဟောဝါ​ဘုရားသခင်​နှင့်အတူ လျှောက်လှမ်းဖို့​လို​ရသည့် အကြောင်းရင်း​တစ်ခု​ကို ယေရမိ ၁၀:၂၃ က​ဤသို့​ဖော်ပြ​သည်– ‘အို​ထာဝရ​ဘုရားသခင် လူသည် မိမိ​သွားရာလမ်းကို အစိုးမရ။ သွားစဉ်​အခါ မိမိ​ခြေလှမ်း​တို့ကို မထိန်းကျောင်း​နိုင်​သည်ကို အကျွန်ုပ်​သိပါ​၏။’ ထို့​ကြောင့် ကျွန်ုပ်​တို့​လူသားများ​သည် ကျွန်ုပ်​တို့၏​ဘဝ​လမ်းစဉ်​ကို ထိန်းကျောင်း​နိုင်စွမ်း​ရော၊ ထိန်းကျောင်း​ပိုင်ခွင့်​ပါ မရှိကြ​ချေ။ ကျွန်ုပ်​တို့သည် လမ်းညွှန်မှု​အလွန်​လိုအပ်​နေကြ၏။ ဘုရားသခင်​ကို မ​မှီခို​ဘဲ မိမိ​ဘာသာရပ်​တည်​ရန် ကြိုးစား​သူများ​သည် အာဒံ​နှင့်​ဧဝ​တို့ မှား​ခဲ့​သော​အမှား​မျိုးကို ပြုလုပ်​တတ်ကြ​၏။ ကနဦး​ဇနီး​မောင်နှံ​သည် အမှားအမှန်​ကို မိမိတို့​ဘာသာ ဆုံးဖြတ်​ပိုင်ခွင့်​ရှိသည်​ဟု ယူမှတ်​ကြ​၏။ (ကမ္ဘာဦး ၃:၁-၆) ကျွန်ုပ်​တို့​တွင် ထိုသို့​ဆုံးဖြတ်​ပိုင်ခွင့်​မရှိကြ​ချေ။

ဘဝ​ခရီးတွင် လမ်းညွှန်မှု​လိုအပ်​သည်​ဟု အသင် မယူမှတ်​ပေ​လော။ ကျွန်ုပ်​တို့သည် ဆုံးဖြတ်ချက် အကြီး​အငယ်​မှန်သမျှကို နေ့စဉ် ချ​နေကြ​ရ၏။ ယင်း​တို့​မှ​အချို့​သည် ဆုံးဖြတ်​ရ​ခက်​ပြီး ကျွန်ုပ်​တို့၏​အနာဂတ်​ကို​သာမက ကျွန်ုပ်​တို့​ချစ်ရသူ​များ​၏ အနာဂတ်​ကို​ပါ သက်ရောက်မှု​ရှိ​နိုင်​သည်။ သို့သော် ကျွန်ုပ်​တို့​ထက် အတိုင်းအဆမဲ့ အသက်​ပို​ကြီး​ပြီး ဉာဏ်ပညာ​ပို​ရှိသူ​တစ်ဦး​သည် အဆိုပါ​ဆုံးဖြတ်ချက်​များ​ချ​နိုင်​ရန် မေတ္တာ​နှင့် လမ်းညွှန်​ပေး​လို​သည်။ ဝမ်းနည်းစရာမှာ ယနေ့ လူအများစု​သည် မိမိတို့၏​အဆုံးအဖြတ်​ကို ကိုးစား​ပြီး မိမိတို့၏​ခြေလှမ်း​များ​ကို မိမိတို့​ဘာသာ ထိန်းကျောင်း​လို​ကြသည်။ နယပုံပြင် ၂၈:၂၆ တွင်​ဖော်ပြ​ထားသော ဤ​အမှန်တရားကို သူတို့ ဥပေက္ခာပြု​ကြ​၏– “မိမိ​စိတ်နှလုံး​ကို ကိုးစား​သော​သူသည် လူ​မိုက်​ဖြစ်၏။ ပညာသတိ​နှင့်​ကျင့်​သော​သူ​မူ​ကား ဘေးလွတ်​တတ်၏။” စဉ်းလဲ​သော​လူ့​စိတ်နှလုံး​ကို ကိုးစားခြင်း​ကြောင့် ဖြစ်ပေါ်​လာသော ဘေးဒဏ်​များ​ကို ကျွန်ုပ်​တို့အား ယေဟောဝါ မခံစား​စေ​လို​ချေ။ (ယေရမိ ၁၇:၉) ကိုယ်တော်​သည် ကျွန်ုပ်​တို့ ပညာသတိ​နှင့်​ကျင့်​ပြီး မိမိ​အား ပညာရှိ​လမ်းညွှန်​သွန်သင်ပေး​ရှင်​အဖြစ် ယုံကြည်​ကိုးစား​ရန် အလိုရှိ​တော်​မူ​၏။ ကျွန်ုပ်​တို့ ထိုသို့​ပြု​သည့်​အခါ ကျွန်ုပ်​တို့၏​ဘဝ​ခရီးတွင် လုံခြုံ​စိတ်ချမှု၊ အားရ​ကျေနပ်မှု​တို့​နှင့် ပြည့်ဝ​နေ​မည်​ဖြစ်သည်။

၈။ အပြစ်​နှင့်​မစုံလင်မှု​တို့​က လူသားများ​ကို အဘယ်​ခရီးလမ်း​ဆုံး​သို့ ပို့ပေး​လေ့​ရှိ​သနည်း။ သို့​တိုင် ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို မည်သို့​ဖြစ်စေ​လို​သနည်း။

ဘုရားသခင်​နှင့်အတူ လျှောက်လှမ်းဖို့​လို​ရသည့် နောက်​အကြောင်းရင်း​တစ်ခု​သည် ကျွန်ုပ်​တို့​လျှောက်လှမ်း​လို​သည့် အကွာအဝေး​နှင့်​သက်ဆိုင်​၏။ ဝမ်းနည်းဖွယ်​အမှန်တရားကို သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ တစ်နည်း​အားဖြင့်​ဆို​သော် မစုံလင်​သော​လူသား​အားလုံး​သည် တစ်ခု​တည်း​သော​ခရီးလမ်း​ဆုံး​သို့ သွား​နေကြ၏။ သက်ကြီးပိုင်း​တွင်​ခံရ​သည့် အခက်အခဲ​များ​ကို ဖော်ပြ​ရာ​တွင် ဒေ. ၁၂:၅ က​ဤသို့​ဆို​သည်– “လူသည် ထာဝရ​နေရာသို့​သွား​ဆဲ​ရှိ၍ ငိုချင်း​သည်​တို့သည် လမ်းများ​၌ လှည့်လည်​ကြ​၏။” အဆိုပါ “ထာဝရ​နေရာ” ဟူသည် အဘယ်နည်း။ ကျွန်ုပ်​တို့သည် အပြစ်​နှင့် မစုံလင်မှု​ကြောင့် ရောက်​သွားလေ့​ရှိသည့်​နေရာ၊ သင်္ချိုင်း​ကို​ဆိုလို​သည်။ (ရောမ ၆:၂၃) သို့သော် ယေဟောဝါ​သည် ကျွန်ုပ်​တို့ မွေး​ရာ​မှ သေ​သည်​အထိ ဆင်းရဲ​ခက်ခဲ​မှုများ​သော ခရီးတို​လျှောက်​ခြင်း​ကို​သာ လိုလား​တော်​မူ​သည်မဟုတ်​ချေ။ (ယောဘ ၁၄:၁) ဘုရားသခင်​နှင့်အတူ လျှောက်လှမ်းခြင်း​အားဖြင့်​သာ ကျွန်ုပ်​တို့အား ကိုယ်တော် လျှောက်​စေ​လို​သော အဆုံးမဲ့​ကာလ​အထိ လျှောက်​သွား​နိုင်​မည်​ဖြစ်သည်။ ထိုသို့​သင်​လျှောက်လှမ်း​လို​သည်မဟုတ်​လော။ သို့​ဖြစ်​လျှင် သင်၏​ခမည်းတော်​နှင့်အတူ လျှောက်လှမ်းဖို့​လို​ကြောင်း ထင်ရှား​ပါ​သည်။

ဘုရားသခင်​နှင့်အတူ မည်သို့​လျှောက်လှမ်း​နိုင်​သနည်း

၉။ တစ်ခါတစ်ရံ ယေဟောဝါ​သည် အဘယ်ကြောင့် မိမိ၏​လူ​တို့ကို အတွေ့​မခံ​ဘဲ ပုန်းရှောင်​သနည်း။ သို့သော် ဟေရှာယ ၃၀:၂၀ အရ အဘယ်​အာမခံချက်ကို ကိုယ်တော်​ပေး​ခဲ့​သနည်း။

ကျွန်ုပ်​တို့​စဉ်းစား​သုံးသပ်​ရမည့် တတိယ​မေးခွန်း​သည် အထူး​ဂရုစိုက်​ရန် အသင့်တော်ဆုံး​မေးခွန်း​ဖြစ်သည်။ ဘုရားသခင်​နှင့်အတူ မည်သို့​လျှောက်လှမ်း​နိုင်​သနည်း​ဟူသော မေးခွန်း​ဖြစ်၏။ အဖြေကို ဟေရှာယ ၃၀:၂၀၊ ၂၁ တွင်​ဤသို့​တွေ့ရ​သည်– ‘သင်၏​ဆရာ [“မဟာသွန်သင်ရှင်၊” က​ဘ] သည်​နောက်​တစ်ဖန် ပုန်းရှောင်​၍​မနေ။ ကိုယ်​မျက်စိ​နှင့် ကိုယ်​ဆရာ [“မဟာသွန်သင်ရှင်၊” က​ဘ] ကို​မြင်ရ​လိမ့်​မည်။ သင်သည် လက်ယာဘက်၊ လက်ဝဲဘက်​သို့​လမ်းလွဲ​လျှင် “ဤ​မည်​သော​လမ်း​သည် မှန်​၏။ ဤ​လမ်း၌​သွားလော့” ဟု​သင့်​နောက်​၌​ပြော​သော​စကားသံ​ကို ကိုယ်​နား​နှင့်​ကြား​ရ​လိမ့်​မည်။’ အားရှိစရာကောင်း​သော​ဤ​အပိုင်း​ပါ အခန်းငယ် ၂၀ တွင်​မှတ်တမ်း​တင်ထားသော ယေဟောဝါ​၏​စကား​များ​က ကိုယ်တော်​၏​လူမျိုး ပုန်ကန်​သည့်​အခါ ကိုယ်တော်​သည် ပုန်းရှောင်​နေ​တော်​မူ​သည်​ဟူသော​အချက်​ကို သူတို့အား သတိ​ရစေ​ပေမည်။ (ဟေရှာယ ၁:၁၅; ၅၉:၂) ဤ​တွင် ပုန်းရှောင်​သူ​အဖြစ်​မဟုတ်ဘဲ မိမိ၏​သစ္စာရှိ​လူ​တို့​ရှေ့တွင် အထင်အရှား​ရပ်နေသူ​အဖြစ် ယေဟောဝါ​ကို ဖော်ပြ​ထား​သည်။ ကျောင်းသား​များ​ရှေ့တွင်​ရပ်၍ မိမိ​သွန်သင်ပေး​လို​သော​အရာ​ကို ပို့ချ​ပေး​နေသည့် ဆရာ​တစ်ဦး​ကို မြင်ယောင်​ကြည့်​နိုင်​သည်။

၁၀။ “သင့်​နောက်​၌​ပြော​သော” သင့်​မဟာသွန်သင်ရှင်​၏ “စကားသံ​ကို” အဘယ်​သဘော​မျိုး​ဖြင့် ကြား​ရသနည်း။

၁၀ အခန်းငယ် ၂၁ တွင် တခြား​ပုံစံ​တစ်မျိုး​နှင့် သရုပ်ဖော်​ထား​သည်။ မိမိလူ​တို့၏​နောက်မှလိုက်​ပြီး လမ်းမှန်​သို့​ရောက်​ရန် ညွှန်ကြား​ပေး​သူ​အဖြစ် ယေဟောဝါ​ကို ဖော်ပြ​ထား​သည်။ တစ်ခါတစ်ရံ သိုးထိန်း​တစ်ဦး​သည် သိုးများ လမ်းမ​မှား​စေရန် နောက်မှလိုက်​ကာ အသံပြု​ထိန်းကျောင်း​ပေးခြင်း​ကို အခြေခံ​၍ ထိုသို့​ဖော်ပြခြင်း​ဖြစ်သည်ဟု ကျမ်းစာ​ပညာရှင်​များ​က မှတ်ချက်ချ​သည်။ အဆိုပါ​သရုပ်ဖော်​ချက်​သည် ကျွန်ုပ်​တို့​နှင့် မည်သို့​သက်ဆိုင်​သနည်း။ လွန်ခဲ့သော​နှစ်ထောင်​ပေါင်း​များစွာက မှတ်တမ်းတင်​ခဲ့​သော စကား​များ​ကို ဖတ်ရှုခြင်း​ဖြင့် ဘုရားသခင်​၏​စကားတော်​ကို လမ်းညွှန်မှု​အဖြစ် ကျွန်ုပ်​တို့ အားထားကြ​သည်။ ကြာမြင့်စွာ​ကတည်းက ရေးသားခဲ့​သော ထိုစကား​များသည် ကျွန်ုပ်​တို့​နောက်​မှ လိုက်ပါ​လာဘိ​သကဲ့သို့​ဖြစ်၏။ သို့​တိုင် ထိုစကား​များသည် ၎င်း​ခေတ်​နှင့်​သက်ဆိုင်​သကဲ့သို့ ယနေ့​အတွက်​လည်း သက်ဆိုင်​၏။ ကျမ်းစာ​ဆုံးမ​စကား​သည် နေ့စဉ် ကျွန်ုပ်​တို့​ချ​ရသော ဆုံးဖြတ်ချက်​များ​အတွက် လမ်းညွှန်​ပေး​နိုင်​သည်။ ကျွန်ုပ်​တို့၏​အနာဂတ်​ဘဝ​လမ်းစဉ်​အတွက် ကြိုတင်​စီစဉ်​ရန်​လည်း ကူညီပေး​နိုင်​သည်။ (ဆာလံ ၁၁၉:၁၀၅) အဆိုပါ​ဆုံးမ​စကား​ကို စိတ်အား​ထက်သန်​စွာ ရှာဖွေပြီး လိုက်နာ​သောအခါ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​လမ်းညွှန်​ပေးရှင် ဖြစ်လာ​သည်။ ဤနည်းဖြင့် ကျွန်ုပ်​တို့သည် ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​နေကြ​သည်။

၁၁။ ယေရမိ ၆:၁၆ အရ ယေဟောဝါ​သည် မိမိ၏​လူမျိုး​အတွက် အဘယ်​ဆွဲဆောင်မှု​ရှိသော သရုပ်ဖော်ချက်ကို ဖော်ပြ​ပေး​သနည်း။ သို့သော် သူတို့ မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။

၁၁ ကျွန်ုပ်​တို့သည် ဘုရားသခင့်​စကားတော်​ကို အမှန်ပင် အနီးကပ်​လမ်းညွှန်ခွင့်​ပြု​နေ​သလော။ တစ်ခါတစ်ရံ မိမိကိုယ်ကို ရိုးသား​စွာ​ဖြင့် ခေတ္တ​ရပ်နား​၍ ဆန်းစစ်​ကြည့်​လျှင် အကျိုး​ရှိ၏။ ထိုသို့​ပြု​နိုင်​ရန် အကူအညီ​ဖြစ်စေ​မည့် ကျမ်းချက်​တစ်ချက်​ကို သုံးသပ်ကြည့်​ပါ။ ‘ထာဝရ ဘုရားသခင်​မိန့်တော်မူသည်​ကား “လမ်း​နား​မှာ​ရပ်၍ ကြည့်ရှု​ကြလော့။ ရှေး​လမ်း​ဟောင်း​တို့ကို ရှာဖွေ​လျက် ကောင်းသော​လမ်း​သည် အဘယ်​မှာ​ရှိ​သနည်း​ဟု မေးမြန်း၍ ထို​လမ်း​သို့​လိုက်​ကြလော့။ သို့ပြုလျှင် စိတ်နှလုံး​သက်သာ​ကြလိမ့်မည်။”’ (ယေရမိ ၆:၁၆) အဆိုပါ​စကား​များ​က လမ်းဆုံ​လမ်းဝ​တွင် ခေတ္တ​ရပ်၍ လမ်းညွှန်​မေး​နေသည့် ခရီးသည်​တစ်ဦး​ကို မြင်ယောင်​စေ​သည်။ ဝိညာဉ်​ရေး​သဘော​အရ​ကြည့်​လျှင် ယေဟောဝါ​အား ပုန်ကန်​သော ဣသရေလ​လူမျိုး​သည် ထို​နည်းတူ​ပြု​ရန် လိုအပ်​ခဲ့​သည်။ သူတို့သည် “ရှေး​လမ်း​ဟောင်း​တို့ကို” ပြန်​ရှာတွေ့​ဖို့​လို​သည်။ သူတို့၏​သစ္စာရှိ​ဘိုးဘေး​များသည် ထို “ကောင်းသော​လမ်း” တွင်​လျှောက်ခဲ့​ကြသော်လည်း သူတို့​မူ ထို​လမ်း​မှ မိုက်မဲ​စွာ လွဲ​ရှောင်​သွားခဲ့​ကြသည်။ ဝမ်းနည်းစရာမှာ ဣသရေလ​လူမျိုး​သည် ယေဟောဝါ​ထံ​မှ မေတ္တာပါ​ဤ​သတိပေး​ချက်​ကို ခေါင်းမာ​မာ​နှင့် ငြင်းပယ်​ခဲ့​ကြ​၏။ အဆိုပါ​အခန်းငယ်​က​ပင် ဤသို့​ဆက်​ပြော​သည်– “‘ငါ​တို့သည် မလိုက်’ ဟု​ပြန်​ပြော​ကြ​၏။” မျက်မှောက်ခေတ် ဘုရားသခင်​၏​လူ​တို့​မူ ဤ​ဆုံးမ​စကား​ကို သူတို့နှင့်​ခြားနား​စွာ တုံ့ပြန်​ကြသည်။

၁၂၊ ၁၃။ (က) ခရစ်တော်​၏​ဝိညာဉ်​တော်​ဖွား​နောက်လိုက်​များသည် ယေရမိ ၆:၁၆ ပါ​ဆုံးမ​စကား​ကို မည်သို့​တုံ့ပြန်​ကြ​သနည်း။ (ခ) ယနေ့ ကျွန်ုပ်​တို့ လျှောက်​နေသည့်​လမ်း​နှင့်​ပတ်သက်​၍ မိမိကိုယ်ကို မည်သို့​ဆန်းစစ်​နိုင်​သနည်း။

၁၂ ၁၉ ရာစု​နှောင်းပိုင်း​ကတည်းက ခရစ်တော်​၏​ဝိညာဉ်​တော်​ဖွား​နောက်လိုက်​များသည် ယေရမိ ၆:၁၆ ပါ​ဆုံးမ​စကား​ကို ကျင့်သုံး​လာ​ခဲ့​ကြသည်။ အုပ်စု​တစ်စု​အနေ​နှင့် သူတို့သည် “ရှေး​လမ်း​ဟောင်း​တို့ကို” ပြန်လှည့်​လာရန် စိတ်အား​ထက်သန်​စွာ ဦးဆောင်​ခဲ့​ကြသည်။ သူတို့သည် အယူဖောက်ပြန်​သော ခရစ်ယာန်ဘောင်​နှင့်​မတူဘဲ ယေရှု​ခရစ် ပြဋ္ဌာန်း​ပြီး စီ.အီး. ပထမ​ရာစု​ရှိ ကိုယ်တော်​၏​သစ္စာရှိ​နောက်လိုက်​များ လိုက်လျှောက်​ခဲ့​ကြ​သည့် “စင်ကြယ်သော​တရား​စကားပုံ​စံ” ကို​တည်ကြည်​စွာ စွဲကိုင်​ထား​ကြ​၏။ (၂ တိမောသေ ၁:၁၃သမ္မာ) ဝိညာဉ်​တော်​ဖွား​များသည် ခရစ်ယာန်ဘောင်​က ပစ်ပယ်​ထား​သည့် စင်ကြယ်​ပြီး နှစ်မြို့​ဖွယ်​ဘဝ​ပုံစံ​ကို လိုက်စား​ရန် သူတို့​အချင်းချင်း​ကို​သာမက သူတို့၏​အပေါင်းအပါ “အခြားသိုး” ကိုလည်း ယနေ့​ထိ​တိုင် ကူညီပေး​လျက်​ရှိသည်။—ယောဟန် ၁၀:၁၆

၁၃ သစ္စာရှိ​ကျေးကျွန်​အတန်းအစား​သည် သန်းနှင့်ချီ​သော​သူများ​အား အချိန်တန်​ဝိညာဉ်​ရေး​အစာ ကျွေးမွေးခြင်း​ဖြင့် “ရှေး​လမ်း​ဟောင်း​တို့ကို” ရှာတွေ့​ပြီး ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​နိုင်​ရန် ကူညီပေး​လျက်​ရှိသည်။ (မဿဲ ၂၄:၄၅-၄၇) အဆိုပါ​သန်းနှင့်ချီ​သော​သူတို့တွင် အသင်​ပါဝင်​သလော။ သို့​ဆိုလျှင် ထို​ရှေး​လမ်း​ဟောင်း​မှ သွေဖည်ပြီး မိမိ၏​လမ်းစဉ် ပြန်​လိုက်ခြင်း​ကို ရှောင်နိုင်​ရန် အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။ ဘဝတွင် အသင်​လျှောက်​နေသည့်​လမ်းကို အချိန်​မှန်မှန် စစ်ဆေး​ကြည့်​လျှင် ပညာရှိရာ​ရောက်​၏။ သင်သည် သမ္မာကျမ်းစာ​နှင့် ကျမ်းစာ​အခြေပြု​စာပေ​များ​ကို စွဲမြဲ​စွာ​ဖတ်ရှု​ပြီး ယနေ့ ဝိညာဉ်​တော်​ဖွား​များ​က ကြီးကြပ်​ပေး​နေသည့် သွန်သင်မှု​အစီအစဉ်များ​ကို တက်ရောက်​မည်​ဆိုလျှင် ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​နိုင်​ရန် လေ့ကျင့်ပေး​ခံရ​လိမ့်​မည်။ ယင်း​တို့​မှ​ရရှိသော သွန်သင်ချက်​များ​ကို နှိမ့်ချစွာ​ကျင့်သုံး​လျှင် သင်သည် “ရှေး​လမ်း​ဟောင်း” အတိုင်း​လိုက်ပြီး ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​နေခြင်း​ပင်​ဖြစ်သည်။

“မျက်မြင်မရ​သော​ဘုရားသခင်​ကို မြင်ရ​ဘိ​သကဲ့သို့” လျှောက်လှမ်း​လော့

၁၄။ ယေဟောဝါ​သည် ကျွန်ုပ်​တို့အတွက် တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​ဖြစ်​ကြောင်း ကျွန်ုပ်​တို့၏​ဆုံးဖြတ်ချက်​များ​က မည်သို့​ထင်ဟပ်ပြ​မည်​နည်း။

၁၄ ယေဟောဝါ​နှင့်အတူ လျှောက်လှမ်း​လိုလျှင် ကိုယ်တော်​သည် ကျွန်ုပ်​တို့အတွက် တကယ့်​ပုဂ္ဂိုလ်​ဖြစ်​ရမည်။ ယေဟောဝါ​သည် ပုန်းရှောင်​မည်​မဟုတ်​ကြောင်း ရှေး​ဣသရေလ​ပြည်​မှ သစ္စာရှိ​သူများ​အား အာမခံခဲ့​သည်ကို သတိရပါ။ ထို​နည်းတူ ယနေ့လည်း ကိုယ်တော်​သည် မိမိ၏​လူ​တို့အား မဟာသွန်သင်ရှင်​အဖြစ် မိမိကိုယ်ကို ထင်ရှားပြ​၏။ ယေဟောဝါ​သည် သင်၏​ရှေ့တွင်​ရပ်၍ သွန်သင်ပေး​နေသည့်​အလား သင့်အတွက် တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​ဖြစ်သလော။ ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​နိုင်​ရန် ထိုသို့​သော​ယုံကြည်ခြင်း​မျိုး​ရှိ​ရမည်။ မောရှေ​တွင် ထိုသို့​သော​ယုံကြည်ခြင်း​မျိုး​ရှိခဲ့​သည်။ “အကြောင်း​မူ​ကား မျက်မြင်မရ​သော​ဘုရားသခင်​ကို မြင်ရ​ဘိ​သကဲ့သို့ တည်ကြည်​ခြင်း​ရှိ၏။” (ဟေဗြဲ ၁၁:၂၇) ယေဟောဝါ​သည် ကျွန်ုပ်​တို့အတွက် တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​ဖြစ်​မည်​ဆိုလျှင် ကျွန်ုပ်​တို့ ဆုံးဖြတ်ချက်​ချ​သည့်​အခါတိုင်း ကိုယ်တော်​၏​ခံစားချက်​များ​ကို ထည့်​စဉ်းစား​ကြလိမ့်မည်။ ဥပမာ၊ ကျွန်ုပ်​တို့သည် အမှား​ပြုပြီး ခရစ်ယာန်​အကြီးအကဲ​များ သို့​မဟုတ် အိမ်သား​များ​ရှေ့တွင် ကျွန်ုပ်​တို့၏​အပြစ်​များ​ကို ကြိုးစား​ကွယ်ဝှက်​ဖို့ စဉ်းစား​ဝံ့​မည်​မဟုတ်​ချေ။ လူသားချင်း​က ကျွန်ုပ်​တို့ကို​မမြင်နိုင်​သည့်​အချိန်၌​ပင် ဘုရားသခင်​နှင့်​လျှောက်လှမ်း​ရန် ကြိုးစား​ကြ​မည်။ သက်ကြီးရွယ်အို​ရှင်ဘုရင်​ဒါဝိဒ်​ကဲ့သို့​ပင် ကျွန်ုပ်​တို့ ဤသို့​သန္နိ​ဋ္ဌာန်​ချ​ကြသည်– “ကိုယ့်​အိမ်​တွင် စုံလင်သော​စိတ်နှလုံး​နှင့် လိုက်လျှောက်ပါ​မည်။”—ဆာလံ ၁၀၁:၂ သမ္မာ။

၁၅။ ကျွန်ုပ်​တို့၏​ခရစ်ယာန်​ညီအစ်ကို၊ ညီအစ်မ​များနှင့်​ပေါင်းသင်း​ခြင်း​က ယေဟောဝါ​ကို တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​အဖြစ် သိမြင်​ခံစားရ​ရန် မည်သို့​အကူအညီ​ဖြစ်စေ​နိုင်​သနည်း။

၁၅ ကျွန်ုပ်​တို့သည် မစုံလင်​သော၊ အသွေးအသား​ခန္ဓာ​ရှိ​သတ္တဝါများ​ဖြစ်​ပြီး တစ်ခါတစ်ရံ ကျွန်ုပ်​တို့​မမြင်နိုင်​ရာ​ကို​ယုံ​ရန် ခက်ခဲ​နိုင်​ကြောင်း ယေဟောဝါ သိရှိ​တော်​မူ​၏။ (ဆာလံ ၁၀၃:၁၄) ဤသို့​သော​အားနည်းချက်ကို ကျွန်ုပ်​တို့ ကျော်လွှား​နိုင်​ရန် ကိုယ်တော်​များစွာ​ကူညီပေး​သည်။ ဥပမာ၊ ကိုယ်တော်​သည် “မိမိ​နာမ​အဖို့” ကမ္ဘာ​မြေပေါ်​ရှိ လူမျိုးတကာ​တို့​မှ ‘လူ​တို့ကို’ စုသိမ်း​ခဲ့​၏။ (တမန်​တော် ၁၅:၁၄) ကျွန်ုပ်​တို့သည် စည်းလုံး​ညီညွတ်​စွာ​ဖြင့် အတူတကွ​အမှုဆောင်​ကြသောအခါ အချင်းချင်း​တို့​ထံ​မှ အားပေးမှု​ရ​ကြသည်။ ယေဟောဝါ​သည် ဝိညာဉ်​ရေး​ညီအစ်ကို​တစ်ဦး သို့​မဟုတ် ညီအစ်မ​တစ်ဦး​ကို အားနည်းချက်​တစ်ခု သို့​မဟုတ် ခက်ခဲ​သည့်​စမ်းသပ်မှု​တစ်ခု​ကို ကျော်လွှား​နိုင်​ရန် မည်သို့​ကူညီပေး​ခဲ့​ကြောင်း ကြား​ရသည့်​အခါ ဘုရားသခင်​သည် ကျွန်ုပ်​တို့အတွက် ပို​၍​ပင် တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​ဖြစ်လာ​လေ​သည်။—၁ ပေတရု ၅:၉

၁၆။ ယေရှု​အကြောင်း​သုံးသပ်ခြင်းက ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​ရန် မည်သို့​ထောက်ကူ​ပေး​နိုင်​သနည်း။

၁၆ ထို့​ထက်​ကား ယေဟောဝါ​သည် မိမိ​သားတော်​၏​ပုံသက်သေ​ကို ဖော်ပြ​ပေး​ထား​သည်။ ယေရှု​က ‘ငါသည် လမ်းခရီး​ဖြစ်၏။ အမှန်တရား​လည်း​ဖြစ်၏။ အသက်လည်း​ဖြစ်၏။ ငါ့ကို​အ​မှီ​မပြုလျှင် အဘယ်သူမျှ ခမည်းတော်​ထံ​သို့​မရောက်ရ’ ဟု​မိန့်ဆိုခဲ့သည်။ (ယောဟန် ၁၄:၆) ယေဟောဝါ​သည် ကျွန်ုပ်​တို့အတွက် တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​ဖြစ်စေ​ရန် အကောင်းဆုံးနည်း​တစ်နည်း​မှာ ယေရှု၏​မြေကြီး​အသက်တာ​လမ်းစဉ်​ကို လေ့လာခြင်း​ဖြစ်သည်။ ယေရှု​မိန့်ဆိုခဲ့​သမျှ၊ ပြုလုပ်​ခဲ့​သမျှ​သည် ကောင်းကင်​ခမည်းတော်​၏ အရည်အသွေး​တော်​များနှင့် နည်းလမ်းတော်​များ​ကို အပြည့်အဝ​ထင်ဟပ်​ခဲ့​သည်။ (ယောဟန် ၁၄:၉) ကျွန်ုပ်​တို့သည် ဆုံးဖြတ်ချက်​များ​ချ​ရာ​တွင် ကိစ္စရပ်​များ​ကို ယေရှု​မည်သို့​ကိုင်တွယ်​ခဲ့​ပုံ​နှင့်​ပတ်သက်​၍ အသေအချာ​သုံးသပ်ရန်​လို​သည်။ ကျွန်ုပ်​တို့ ဆုံးဖြတ်ချက်​များ​ချ​သည့်​အခါ ဤသို့​အလေးအနက်​သုံးသပ်​ပြီး ဆု​တောင်းလျှင် ခရစ်တော်​၏​ခြေရာ​အတိုင်း လိုက်လျှောက်​နေကြ​ခြင်း​ဖြစ်သည်။ (၁ ပေတရု ၂:၂၁) ထိုသို့​ဖြင့် ဘုရားသခင်​နှင့်အတူ ကျွန်ုပ်​တို့​လျှောက်လှမ်း​လာ​နေကြ၏။

အဘယ်​ကောင်းချီး​များ​ရရှိ​သနည်း

၁၇။ ယေဟောဝါ​၏​လမ်းတော်​တွင် ကျွန်ုပ်​တို့ လျှောက်​သွားသော​အခါ အဘယ် “စိတ်နှလုံး​သက်သာ” မှု​ကို ရှာတွေ့နိုင်​မည်​နည်း။

၁၇ ယေဟောဝါ​ဘုရားသခင်​နှင့်အတူ လျှောက်လှမ်းခြင်း​ဖြင့် ကျေနပ်​အားရ​သော​ဘဝကို ပိုင်ဆိုင်​နိုင်​သည်။ “ကောင်းသော​လမ်း” ကို​ကြိုးစား​ရှာဖွေခြင်း​နှင့်​ပတ်သက်​၍ မိမိ၏​လူ​တို့အား ယေဟောဝါ ကတိပြု​ခဲ့​ရာ​ကို သတိရပါ။ ကိုယ်တော်​က “ထို​လမ်း​သို့​လိုက်​ကြလော့။ သို့ပြုလျှင် စိတ်နှလုံး​သက်သာ​ကြလိမ့်မည်” ဟု​မိန့်ဆိုခဲ့သည်။ (ယေရမိ ၆:၁၆) အဆိုပါ “သက်သာ” ခြင်း​ဟူသည် အဘယ်နည်း။ အားရ​ကျေနပ်​ပြီး စည်းစိမ်​အပြည့်​နှင့် သက်သောင့်သက်သာ​ရှိသော​ဘဝ​လော။ မဟုတ်ပါ။ ယေဟောဝါ​သည် များစွာ​သာလွန်​ကောင်းမွန်သော၊ အချမ်းသာဆုံး​လူသားများ တွေ့​နိုင်​ခဲ​သည့် တန်ဖိုး​အရှိဆုံး​သော​အရာ​ကို ပေးသနား​ထား​သည်။ စိတ်နှလုံး​သက်သာမှု​ကို​ရှာ​ခြင်း​ဟူသည် စိတ်​ငြိမ်သက်မှု၊ ပျော်ရွှင်မှု၊ ကျေနပ်​အားရ​မှု​နှင့် ဝိညာဉ်​ရေး​ပြည့်စုံမှု​တို့ကို ရှာ​ခြင်း​ပင်​ဖြစ်သည်။ ဤသို့​သော​သက်သာမှု​က အကောင်းဆုံး​ဘဝ​လမ်းစဉ်​ကို သင်​ရွေးချယ်​ခဲ့​ကြောင်း ယုံကြည်​စိတ်ချ​စေ​သည်။ ထိုသို့​သော​စိတ်​ငြိမ်သက်မှု​သည် ခက်ခဲ​ရှုပ်ထွေး​နေသော ဤ​လောကတွင် ရတောင့်ရခဲ​ကောင်းချီး​တစ်ခု​ဖြစ်၏။

၁၈။ ယေဟောဝါ​သည် သင့်ကို အဘယ်​ကောင်းချီး ပေး​လို​သနည်း။ သင်၏​သန္နိ​ဋ္ဌာန်​ကား အဘယ်နည်း။

၁၈ အမှန်​ဆို​သော် အသက်​ကိုယ်နှိုက်​က​ပင် ကြီးမားသော​ကောင်းချီး​တစ်ခု​ဖြစ်၏။ ခဏတာ​လျှောက်လှမ်းခြင်းက​ပင် လုံးဝ​မလျှောက်​ခြင်း​ထက် သာ၍​ကောင်း​သည်။ သို့သော် ယေဟောဝါ​သည် သင့်ကို အားမာန်​အပြည့်​ရှိသော လူငယ်​ဘဝ​မှ ဝေဒနာ​ခံစား​ရသော ဇ​ရာ​ပိုင်း​အထိ​ဖြစ်သည့် ခရီးတို​ကို​သာ လျှောက်လှမ်း​ရန် ရည်ရွယ်​ခဲ့​ခြင်း​မဟုတ်​ချေ။ ယေဟောဝါ​သည် သင့်​အား ကောင်းချီး​ရှိသမျှ​တွင် အကြီးမြတ်ဆုံး​ကောင်းချီး​ကို ရရှိစေ​လို​သည်။ မိမိ​နှင့်အတူ ထာဝစဉ်​လျှောက်လှမ်း​စေ​လို​သည်။ မိက္ခာ ၄:၅ တွင်​ယင်းကို ဤသို့​ဖော်ပြ​ထား​သည်– “ငါ​တို့​မူ​ကား ကိုယ်​ဆိုင်သော​ဘုရားသခင် . . . ၏​နာမတော်​ကို ကာလ​အစဉ်အမြဲ​ခိုလှုံ​လျက် ကျင့် [“လျှောက်လှမ်း၊” က​ဘ] နေကြ​မည်။” အဆိုပါ​ကောင်းချီး​ကို လိုလား​တမ်းတ​ပါသလော။ ယေဟောဝါ​က “မှန်သော​အသက်” ဟု​ခေါ်​သော မြတ်နိုးဖွယ်​အသက်တာကို အသင် ရယူလို​ပါသလော။ (၁ တိမောသေ ၆:၁၉) သို့​ဖြစ်​လျှင် ယနေ့၊ မနက်ဖြန်၊ နေ့တိုင်း ထာဝရ​အထိ ယေဟောဝါ​နှင့်အတူ လျှောက်လှမ်း​ရန် အခိုင်အမာ​သန္နိ​ဋ္ဌာန်​ချပါ​လေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ဘာသာပြန်​ကျမ်း​အချို့​သည် ဤ​အခန်းငယ်​ပါ “တစ်​တောင်” ကို အချိန်​အတိုင်းအတာ​ဖြစ်သည့် “တဒင်္ဂ” (သည်​အဲ​န်း​ဖက်​တစ် ဒို​င်​ဂ​လော့​ထ်) သို့​မဟုတ် “တစ်​မိနစ်” (ချားလ်စ် ဘီ. ဝီလျမ်စ် ရေးသား​သည့် လူ​တို့​ဘာသာ​စကား​ဖြင့် ဘာသာပြန်​ကျမ်း) ဟု​ပြောင်းလဲ​ဖော်ပြ​ထား​သည်။ သို့သော် မူရင်း​ကျမ်း​တွင် အသုံးပြု​ထားသော အဆိုပါ​စကားလုံး​သည် ၁၈ လက်မ​ခန့်​အရှည်​ဖြစ်သော တစ်​တောင်​ဟု အဓိပ္ပာယ်​အတိအကျ​ရသည်။

သင် မည်သို့​ဖြေဆို​မည်​နည်း

• ဘုရားသခင်​နှင့်အတူ လျှောက်လှမ်းခြင်း​ဟူသည် အဘယ်နည်း။

• ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​ရန် လိုအပ်​သည်​ဟု အဘယ်ကြောင့် အသင်​ယူမှတ်​သနည်း။

• ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​ရန် သင့်ကို အဘယ်အရာ​များ​က ထောက်ကူ​ပေး​မည်​နည်း။

• ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​သူများ​သည် အဘယ်​ကောင်းချီး​များ​ကို ရရှိ​မည်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ​အားဖြင့် “ဤ​မည်​သော​လမ်း​သည် မှန်​၏” ဟူ၍ ကျွန်ုပ်​တို့​နောက်​မှ​ပြော​သော ယေဟောဝါ​၏​စကားသံ​ကို ကြား​ရ

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

အစည်းအဝေး​များ​တွင် အချိန်တန်​ဝိညာဉ်​ရေး​အစာကို ကျွန်ုပ်​တို့​ရရှိကြ