မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသည် ကျွန်ုပ်တို့၏သိုးထိန်းရှင်

ယေဟောဝါသည် ကျွန်ုပ်တို့၏သိုးထိန်းရှင်

ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​သိုးထိန်းရှင်

‘ထာဝရ​ဘုရားသခင်​သည် ငါ​၏​သိုးထိန်း​ဖြစ်​တော်​မူ​၏။ ငါ​၌​အဘယ်အရာမျှ​မလို​ရ။’—ဆာလံ ၂၃:၁၊ သမ္မာ။

၁-၃။ ဒါဝိဒ်​သည် ယေဟောဝါ​အား သိုးထိန်း​တစ်ဦး​နှင့် ပုံခိုင်း​ခြင်း​သည် အဘယ်ကြောင့် အံ့အားသင့်​စ​ရာ​မဟုတ်​သနည်း။

မိမိ၏​လူ​တို့အား ယေဟောဝါ ဂရုစိုက်​စောင့်ရှောက်​ပုံ​ကို ဖော်ပြ​ရမည်​ဆိုလျှင် သင်​မည်သို့​ဖော်ပြ​မည်​နည်း။ မိမိ၏​သစ္စာရှိ​ကျေးကျွန်​များ​အား ကိုယ်တော်​တင်ပြသော ကြင်နာ​ယုယ​သည့်​စောင့်ရှောက်မှု​ကို အဘယ်အရာ​ဖြင့် ပုံခိုင်း​ပြ​နိုင်​သနည်း။ လွန်ခဲ့သော​နှစ်ပေါင်း ၃,၀၀၀ ကျော်​က ဆာလံဆရာ ရှင်ဘုရင်​ဒါဝိဒ်​သည် မိမိ​ငယ်​စဉ်​က လုပ်ကိုင်​ခဲ့​သည့် အလုပ်​တစ်ခု​နှင့်​ပုံခိုင်း​၍ ယေဟောဝါ​အကြောင်း ကြည်နူး​ဖွယ်​ကောင်း​အောင် ဖွဲ့နွဲ့​သီကုံး​ခဲ့​သည်။

ဒါဝိဒ်​ငယ်ရွယ်စဉ်​က သိုးထိန်း​ခဲ့​သည်။ ထို့​ကြောင့် သူသည် သိုးများ​ကို ကြည့်ရှု​စောင့်ရှောက်ခြင်း​နှင့်​ပတ်သက်​၍ သိ​နားလည်ခဲ့​ခြင်း​ဖြစ်၏။ သိုးများ​သည် ဂရုစိုက်​မခံရ​လျှင် အလွယ်တကူ ပျောက်​သွား​နိုင်​ကြောင်း သို့​မဟုတ် ဓားပြ​များ၊ တောရိုင်း​တိရစ္ဆာန်​များ​၏​လက်ထဲ ပါသွား​နိုင်​ကြောင်း သူ​ကောင်းစွာ​သိ​သည်။ (၁ ဓမ္မ​ရာဇဝင် ၁၇:၃၄-၃၆) ဂရုစိုက်​တတ်သော သိုးထိန်း​မ​ရှိလျှင် သိုးများ​သည် ၎င်းတို့၏​စားကျက်​ကို ရှာတွေ့နိုင်​မည်​မဟုတ်ပေ။ ဒါဝိဒ်​သည် သိုးများ​ကို လမ်းပြ၊ ကာကွယ်၊ ကျွေးမွေး​ခဲ့​သည့်​အချိန်​များ​ကို အသက်ကြီး​လာချိန်​တွင် ပြန်ပြောင်း​အမှတ်ရနေ​မည်​မှာ သေချာ​၏။

ယေဟောဝါ​သည် မိမိ၏​လူ​တို့ကို ဂရုစိုက်​ကြောင်း ဖော်ပြ​ရန် ဒါဝိဒ် လှုံ့ဆော်​ခံရသော​အခါ သိုးထိန်း​လုပ်ငန်း​ကို သူ​ပြန်​အမှတ်ရ​ခဲ့​ခြင်း​မှာ အံ့အားသင့်​စ​ရာ​မဟုတ်ပေ။ ဒါဝိဒ်​ရေးသားခဲ့​သည့် ဆာလံ​ အခန်းကြီး ၂၃ [သမ္မာ] ကို​ဤ​စကား​များ​ဖြင့် စတင်​၏– ‘ထာဝရ​ဘုရားသခင်​သည် ငါ​၏​သိုးထိန်း​ဖြစ်​တော်​မူ​၏။ ငါ​၌​အဘယ်အရာမျှ​မလို​ရ။’ ယင်းသည် အဘယ်ကြောင့် ဆီလျော်​သော ဖော်ပြချက်​ဖြစ်​ရ​ကြောင်းကို သုံးသပ်ကြည့်​ကြ​စို့။ သိုးများ​ကို ဂရုစိုက်​ကြည့်ရှု​သည့် သိုးထိန်း​တစ်ဦး​နည်းတူ ယေဟောဝါ​သည် မိမိ​အား ဝတ်ပြုသူ​များ​ကို အဘယ်​နည်းများဖြင့် ဂရုစိုက်​ကြည့်ရှု​ကြောင်း ဆာလံ​ အခန်းကြီး ၂၃ ၏​အကူအညီ​ဖြင့် ကျွန်ုပ်​တို့ သိမြင်​လာ​ပါ​လိမ့်​မည်။—၁ ပေတရု ၂:၂၅

ဆီလျော်​သော​ပုံခိုင်း​ချက်

၄၊ ၅။ သမ္မာကျမ်းစာ​က သိုး​တို့၏​သဘောသဘာဝ​ကို မည်သို့​ဖော်ပြ​သနည်း။

သမ္မာကျမ်းစာ​တွင် ယေဟောဝါ​အား ဘွဲ့​နာမ​အမျိုးမျိုးဖြင့် ခေါ်ဝေါ်​သော်လည်း “သိုးထိန်း” ဟူသော ဘွဲ့​နာမ​သည် ယုယ​ကြင်နာ​မှု​အရှိဆုံး​သူနှင့် ကိုက်ညီ​၏။ (ဆာလံ ၈၀:၁) အောက်ပါ​အချက်​နှစ်ချက်​ကို သိရှိ​ထား​လျှင် ယေဟောဝါ​အား သိုးထိန်း​ဟု အဘယ်ကြောင့်​ခေါ်ဆို​ရ​ကြောင်းကို သဘောပေါက်​ရန် အထောက်အကူ​ရ​လိမ့်​မည်။ ပထမ​တစ်ချက်​အနေ​နှင့် သိုး​တို့၏​သဘောသဘာဝ၊ ဒုတိယ​အချက်​အနေ​နှင့် သိုးထိန်း​ကောင်း​တစ်ဦး၏ တာဝန်​များနှင့် အရည်အချင်းများ​ဖြစ်သည်။

သိုးထိန်း​၏​မေတ္တာပြ​မှု​ကို တလိုတလား​ခံယူ​တတ်​ခြင်း (၂ ဓမ္မ​ရာဇဝင် ၁၂:၃)၊ ရန်​မလို​တတ်​ခြင်း (ဟေရှာယ ၅၃:၇)၊ အန္တရာယ်ကို မခုခံ​မကာကွယ်​တတ်​ခြင်း (မိက္ခာ ၅:၈) အစ​ရှိသော သိုး​တို့၏​သဘောသဘာဝ​ကို သမ္မာကျမ်းစာ​က မကြာခဏ ဖော်ပြ​တတ်​သည်။ သိုးများ​ကို နှစ်ပေါင်း​များစွာ မွေးမြူ​ခဲ့​သော စာရေး​ဆရာ​တစ်ဦး​က ဤသို့​ဖော်ပြ​ထား​သည်– “အချို့​သူများ ထင်မှတ်​ကြ​သကဲ့သို့​မဟုတ်ဘဲ သိုးများ​သည် ‘မိမိတို့​ကိုယ်ကို ကာကွယ်​စောင့်ရှောက်​နိုင်​ခြင်း’ မရှိ​ချေ။ အခြား​ခြံမွေး​တိရစ္ဆာန်​များ​ထက် သူတို့ကို အမြဲမပြတ် အထူး​ဂရုစိုက်​ကြည့်ရှု​ပေးဖို့​လို​သည်။” မိမိ​ဘာသာ​အသက်ဆက်​ရန် မတတ်စွမ်း​နိုင်သော အဆိုပါ​သတ္တဝါများ​အတွက် သိုးထိန်း​တစ်ဦး၏ ဂရုစိုက်​စောင့်ရှောက်မှု​လို​၏။—ယေဇကျေလ ၃၄:၅

၆။ သမ္မာကျမ်းစာ​အဘိဓာန်​တစ်အုပ်​က ရှေးခေတ်​သိုးထိန်း​ဘဝ၏ နေ့ရက်​တစ်ရက်​အကြောင်း မည်သို့​ရှင်းပြ​သနည်း။

ရှေးခေတ်​သိုးထိန်း​တစ်ဦး​အတွက် တစ်နေ့တာ​အခြေအနေ​သည် မည်သို့​ရှိ​သနည်း။ သမ္မာကျမ်းစာ​အဘိဓာန်​တစ်အုပ်​က ဤသို့​ရှင်းပြသည်– “သိုးထိန်း​သည် နံနက်​နေ​မထွက်မီ သိုးခြံ​ထဲ​မှ သိုး​တို့ကို ခေါ်ထုတ်​ပြီး ၎င်းတို့၏​ရှေ့​မှ ဦးဆောင်​ကာ စားကျက်​ရှိရာသို့ ခေါ်ဆောင်​သွား​သည်။ ဤ​တွင် သိုးအုပ်​ထဲ​မှ သိုး​တစ်ကောင်​မျှ အုပ်စု​နှင့်​မ​ကွဲ​သွားစေရန် တစ်နေ့လုံး စောင့်ကြည့်​ရသည်။ သူသည် တစ်ချက်​သတိလစ်​သွား​၍ သိုး​တစ်ကောင်​ကောင် ပျောက်​သွား​လျှင် မတွေ့မချင်း သဲ​သဲ​မဲ​မဲ​လိုက်ရှာ​ကာ သိုးအုပ်​ထဲ​သို့ ပြန်​ခေါ်ဆောင်​လာ​သည်။ . . . နေဝင်ချိန်​တွင် သိုးအုပ်​ကို သိုးခြံ​သို့ ပြန်​ခေါ်လာ​ပြီး တစ်ကောင်​မျှ မ​ပျောက်​ကြောင်း သေချာ​စေရန် သိုးခြံ​ဝ​ရှိ​တန်း​အောက်​မှ ဖြတ်​ဝင်​သွားသော သိုးများ​ကို ရေတွက်​၏။ . . . တောရိုင်း​တိရစ္ဆာန်​များ သို့​မဟုတ် သိုး​သူခိုး​များ​၏​ရန်​ကြောင့် ည​ပိုင်း​တွင်​လည်း သိုးခြံ​ကို စောင့်ကြပ်​ရလေ့​ရှိသည်။” *

၇။ သိုးထိန်း​တစ်ဦး​သည် တစ်ခါတစ်ရံ စိတ်ရှည်မှု​နှင့် နူးညံ့​ကြင်နာ​မှု​တို့ကို ပုံမှန်​ထက်​ပို​ပြဖို့ အဘယ်ကြောင့်​လို​သနည်း။

သိုးများ​ကို၊ အထူးသဖြင့် ဇီး​ရှိသော​သိုး​မများ​နှင့် သိုးသငယ်​များ​ကို စိတ်ရှည်မှု၊ နူးညံ့​ကြင်နာ​မှု ပုံမှန်​ထက်​ပို​ပြ​ရန်လို​သည့် အချိန်​များလည်း​ရှိသည်။ (ကမ္ဘာဦး ၃၃:၁၃) သမ္မာကျမ်းစာ​ဆိုင်ရာ အကိုးအကား​စာအုပ်​တစ်အုပ်​က ဤသို့​ဖော်ပြ​သည်– “ဇီး​ရှိသော​သိုး​မများ​သည် သိုးခြံ​နှင့် ခပ်​လှမ်း​လှမ်း​ရှိ​တောင်စောင်း​တွင် သား​မွေး​တတ်​လေ့​ရှိ၏။ သိုးထိန်း​သည် မိခင်​သိုး​မ အကူအညီ​မဲ့​နေချိန်​များ​တွင် အထူး​ကာကွယ်​စောင့်ရှောက်​ပေး​ပြီး သိုးသငယ်​ကို ကောက်​ချီ​ကာ သိုးခြံ​သို့ ပြန်​သယ်ယူ​လာ​သည်။ ပေါက်ခါစ​သိုးသငယ် လမ်းမ​လျှောက်​နိုင်​မီ ရက်​အနည်းငယ်​အတွင်း သိုးထိန်း​သည် သူ့ကို ပွေ့ချီ​ထား​ပေမည် သို့​မဟုတ် အပေါ်​အင်္ကျီ​ထဲ​ထည့်၍ ပွေ့ပိုက်​ထား​ပေမည်။” (ဟေရှာယ ၄၀:၁၀၊ ၁၁) သိုးထိန်း​ကောင်း​တစ်ဦး​တွင် ကြံ့ခိုင်​သန်စွမ်းမှု​နှင့် နူးညံ့​ကြင်နာ​မှု အရည်အချင်း​နှစ်မျိုး​စ​လုံး​ရှိဖို့လို​ကြောင်း ထင်ရှား​သည်။

၈။ ယေဟောဝါ​အား မိမိ​ယုံကြည်​စိတ်ချကြောင်း အဘယ်​အချက်များ​ကို ဒါဝိဒ်​ဖော်ပြ​သနည်း။

‘ယေဟောဝါ​သည် ငါ​၏​သိုးထိန်း​ဖြစ်​တော်​မူ​၏’ ဟူသော ဖော်ပြချက်​သည် ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​နှင့် အပ်စပ်​သည်မဟုတ်​လော။ ဆာလံ​ အခန်းကြီး ၂၃ ကို​ဆန်းစစ်​ကြ​သည့်​အခါ ဘုရားသခင်​သည် သိုးထိန်း​တစ်ဦး​တွင်ရှိသော ကြံ့ခိုင်​သန်စွမ်းမှု​နှင့် နူးညံ့​ကြင်နာ​မှု​တို့​ဖြင့် ကျွန်ုပ်​တို့ကို ဂရုစိုက်​ကြည့်ရှု​ကြောင်း သိမြင်​ရ​ပါ​လိမ့်​မည်။ ဘုရားသခင်​သည် မိမိ၏​သိုးများ “အဘယ်အရာမျှ​မလို” ရလေ​အောင် လိုအပ်ရာ​မှန်သမျှ ဖြည့်ဆည်း​ပေး​မည်​ကို ဒါဝိဒ်​ယုံကြည်​စိတ်ချကြောင်း အခန်းငယ် ၁ တွင်​ဖော်ပြ​ထား​၏။ ဤသို့​ယုံကြည်​စိတ်ချ​နိုင်​သည့် အကြောင်း​သုံးချက်​ကို နောက်​အခန်းငယ်​များ​တွင် ဒါဝိဒ် ဖော်ပြ​ထား​သည်။ ယေဟောဝါ​သည် မိမိ၏​သိုးများ​ကို လမ်းပြ​ပေး​သည်။ ကာကွယ်​ပေး​သည်။ ကျွေးမွေး​တော်​မူ​သည်။ ၎င်းတို့ကို တစ်ချက်​ချင်း​စီ ဆွေးနွေး​သုံးသပ်ကြည့်​ကြ​စို့။

“ဦးဆောင်လမ်းပြ​တော်​မူ​၏”

၉။ ဒါဝိဒ်​သည် အဘယ်​အေးဆေး​ငြိမ်သက်​သော​မြင်ကွင်း​ကို ဖော်ပြ​သနည်း။ သိုးများ​သည် ဤသို့​သော​နေရာသို့ မည်သို့​ရောက်လာ​ကြ​သနည်း။

ပထမ​တစ်ချက်​အနေ​နှင့် ယေဟောဝါ​သည် မိမိ၏​လူ​တို့ကို ဦးဆောင်လမ်းပြ​တော်​မူ​၏။ ဒါဝိဒ်က “စိမ်းလန်း​သော​ကျက်စား​ရာ​အရပ်၌ ငါ့ကို​အိပ်​စေတော်မူ​၏။ သာယာသော​မြစ်​နား​သို့ လမ်းပြ​တော်​မူ​၏။ ငါ့​ဝိညာဉ်​ကို​အားဖြည့်​၍ နာမတော်​အဖို့​အလို​ငှာ တရားလမ်း​ထဲ​၌ သွေးဆောင် [“ဦးဆောင်လမ်းပြ၊” က​ဘ] တော်​မူ​၏” ဟု​ရေးသားခဲ့​သည်။ (ဆာလံ ၂၃:၂၊ ၃) သိုးအုပ်​တစ်အုပ်​သည် အစာရေစာ​ဝ​လင်​လျက် အေးဆေး​ငြိမ်သက်​စွာ လဲလျောင်း​နေသည်။ ဒါဝိဒ်​သည် အဆိုပါ​စကား​များ​ဖြင့် ကျေနပ်​ရောင့်ရဲမှု၊ လန်းဆန်းမှု၊ လုံခြုံမှု​ရှိသော​မြင်ကွင်း​ကို သရုပ်ဖော်​ထား​သည်။ “ကျက်စား​ရာ” ဟု​ပြန်ဆို​သော ဟေဗြဲ​စကားလုံး​သည် “သာယာ​ချမ်းမြေ့​ဖွယ်​နေရာ” ဟု​အဓိပ္ပာယ်​ရနိုင်​သည်။ သိုးများ​သည် အေးဆေး​ငြိမ်သက်​စွာ လဲလျောင်း​ရန် လန်းဆန်း​သာယာသော​နေရာကို ၎င်းတို့ကို​ယ်​တိုင် ရှာတွေ့နိုင်​မည်​မဟုတ်ပေ။ ဤသို့​သော “သာယာ​ချမ်းမြေ့​ဖွယ်​နေရာ” ကို​၎င်းတို့၏​သိုးထိန်း​က ဦးဆောင်လမ်းပြ​ပေး​ရ၏။

၁၀။ ဘုရားသခင်​သည် ကျွန်ုပ်​တို့ကို ယုံကြည်​စိတ်ချမှု​ရှိကြောင်း မည်သို့​ဖော်ပြ​သနည်း။

၁၀ ယနေ့ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို မည်သို့​ဦးဆောင်လမ်းပြ​သနည်း။ ကိုယ်တော် ဦးဆောင်လမ်းပြ​သည့်​နည်း​တစ်နည်း​မှာ ပုံသက်သေ​အားဖြင့်​ဖြစ်သည်။ သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့ကို “ဘုရားသခင်​ကျင့်​တော်​မူ​သည်​နည်းတူ ကျင့်​ကြလော့” ဟု​တိုက်တွန်း​၏။ (ဧဖက် ၅:၁) အဆိုပါ​စကား​များ​၏​ရှေ့နောက်စကား​များ​က သနား​ညှာတာ​ခြင်း၊ ခွင့်လွှတ်​ခြင်း​နှင့် ချစ်ခြင်း​တို့ကို ဖော်ပြ​သည်။ (ဧဖက် ၄:၃၂; ၅:၂) ယေဟောဝါ​သည် ဤသို့​သော​နှစ်​လို့​ဖွယ်​အရည်အချင်းများ​ကို တင်ပြခြင်း​တွင် အကောင်းဆုံး​ပုံသက်သေ​ဖြစ်၏။ မိမိကို တုပ​ရန် ကိုယ်တော်​တောင်းဆိုခြင်း​သည် လက်တွေ့​မကျ​ရာ​ရောက်​သလော။ မ​ရောက်​ပါ။ အမှန်​မှာ အဆိုပါ မှုတ်သွင်းခံ​ဆုံးမ​စကား​က ကျွန်ုပ်​တို့ကို ကိုယ်တော် ယုံကြည်​စိတ်ချမှု​ရှိကြောင်း ထူးကဲ​ကောင်းမွန်သော​နည်းဖြင့် ဖော်ပြ​လိုက်ခြင်း​ဖြစ်သည်။ မည်သို့​အားဖြင့်​နည်း။ ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​နှင့်​အညီ ကျွန်ုပ်​တို့ ဖန်ဆင်း​ခံ​ထား​ရသည်။ ဆိုလိုသည်မှာ ကျင့်ဝတ်​ဆိုင်ရာ​အရည်အသွေးများနှင့် ဝိညာဉ်​ရေးရာ​ကို ခံယူ​နိုင်​သည့်​စွမ်းရည်​တို့​ဖြင့် ကျွန်ုပ်​တို့ကို ပြုလုပ်​ထား​၏။ (ကမ္ဘာဦး ၁:၂၆) ထို့​ကြောင့် ယေဟောဝါ​ပုံသက်သေ​ပြ​ခဲ့​သော အဆိုပါ​အရည်အချင်းများ​ကို ကျွန်ုပ်​တို့သည် မစုံလင်​သည့်​ကြား​မှ ပျိုးထောင်နိုင်စွမ်း​ရှိကြောင်း ကိုယ်တော်​သိရှိ​တော်​မူ​သည်။ ကျွန်ုပ်​တို့၏​မေတ္တာရှင်​ဘုရားသခင်​သည် မိမိ​နည်းတူ ကျွန်ုပ်​တို့​ကျင့်​နိုင်​ကြောင်း ယုံကြည်​စိတ်ချမှု​ရှိသည်​ကို စဉ်းစား​ကြည့်​လိုက်ပါ။ ကျွန်ုပ်​တို့သည် ကိုယ်တော်​၏​ပုံသက်သေ​ကို လိုက်လျှောက်​ကြ​လျှင် ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို ပုံဆောင်​သဘော​အရ ‘သာယာသော​နေရာ’ သို့​ဦးဆောင်လမ်းပြ​ပေး​လိမ့်​မည်။ ကျွန်ုပ်​တို့သည် ဤ​အကြမ်းဖက်​လောကတွင် “လုံခြုံစွာ​နေရ” ပြီး ဘုရားသခင်​၏​မျက်နှာသာ ခံစားရ​သည်​ဟူသော အသိ​ကြောင့် စိတ်​ငြိမ်သက်မှု​ရရှိပါ​လိမ့်​မည်။—ဆာလံ ၄: ၈; ၂၉:၁၁

၁၁။ ယေဟောဝါ​သည် မိမိ၏​သိုးများ​ကို ဦးဆောင်လမ်းပြ​ရာ​တွင် အဘယ်အရာကို ထည့်တွက်​သနည်း။ ကိုယ်တော်​၏​တောင်းဆိုချက်​တွင် ယင်း​အချက်​မည်သို့​ပေါ်လွင်​သနည်း။

၁၁ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို ဦးဆောင်လမ်းပြ​သည့်​အခါ ကြင်နာ​ယုယ​ပြီး စိတ်ရှည်​တော်​မူ​သည်။ သိုးထိန်း​တစ်ဦး​သည် မိမိ​သိုးများ​၏​အကန့်အသတ်​ဖြစ်မှု​များ​ကို ထည့်​စဉ်းစားတတ်​သည့်​အတွက် “တိရစ္ဆာန်​များ . . . တတ်နိုင်​သမျှ​အတိုင်း” လမ်းပြ​ခေါ်ဆောင်​သည်။ (ကမ္ဘာဦး ၃၃:၁၄) ထို​နည်းတူ ယေဟောဝါ​သည်လည်း မိမိ၏​သိုးများ “တတ်နိုင်​သမျှ​အတိုင်း” ဦးဆောင်လမ်းပြ​တော်​မူ​သည်။ ကိုယ်တော်​သည် ကျွန်ုပ်​တို့၏​လုပ်ကိုင်​နိုင်စွမ်း​နှင့် အခြေအနေ​တို့ကို ထည့်တွက်​၏။ ကျွန်ုပ်​တို့၏​တတ်နိုင်​စွမ်း​ကို ချင့်ချိန်​ပြီး ကျွန်ုပ်​တို့​ပေးဆက်​နိုင်​သည်ထက် ဘယ်တော့မှ ပို​မတောင်းဆို​ချေ။ ကျွန်ုပ်​တို့ စိုးလ်​အကြွင်းမဲ့​လုပ်ဆောင်ခြင်း​ကို​သာ ကိုယ်တော် တောင်းဆို​တော်​မူ​၏။ (ကောလောသဲ ၃:၂၃) သင်သည် အသက်ကြီး​လာပြီး ယခင်​က​လောက် မလုပ်ဆောင်​နိုင်​လျှင်​ကော အသို့နည်း။ သို့​မဟုတ် သင်၏​လုပ်ဆောင်မှုကို အကန့်အသတ်​ဖြစ်စေ​သည့် ရောဂါ​ကြီး​တစ်မျိုး ခံစား​နေရ​လျှင်​ကော အသို့နည်း။ ဤ​တွင် ကျွန်ုပ်​တို့ကို စိုးလ်​အကြွင်းမဲ့​လုပ်ဆောင်ဖို့ တောင်းဆိုခြင်း​သည် တင့်တယ်​လျောက်ပတ်​လှ​ပါ​ပေ​သည်။ လူ​နှစ်ဦး​သည် အတိအကျ​မတူ​နိုင်​ပေ။ စိုးလ်​အကြွင်းမဲ့ အမှုဆောင်ခြင်း​ဟူသည် ဘုရားသခင်​၏​လုပ်ငန်းတော်တွင် သင်၏​ခွန်အား​နှင့် စွမ်းအင်​ရှိသမျှကို အတတ်နိုင်ဆုံး အပြည့်အဝ​အသုံးပြုခြင်း​ဖြစ်သည်။ ကျွန်ုပ်​တို့၏ လုပ်ဆောင်​နိုင်စွမ်း​ကို ထိခိုက်​နိုင်​သည့် အားနည်းချက်များ​ရှိ​လင့်​ကစား ယေဟောဝါ​သည် ကျွန်ုပ်​တို့၏ စိတ်နှလုံး​အကြွင်းမဲ့​ကိုးကွယ်​ခြင်း​ကို တန်ဖိုး​ထား​တော်​မူ​သည်။—မာကု ၁၂:၂၉၊ ၃၀

၁၂။ ယေဟောဝါ​သည် မိမိ၏​သိုးများ “တတ်နိုင်​သမျှ​အတိုင်း” ဦးဆောင်လမ်းပြ​ကြောင်း မောရှေ​ပညတ်​မှ အဘယ်​ပုံ​နမူနာ​က ဖော်ပြ​သနည်း။

၁၂ ယေဟောဝါ​သည် မိမိ၏​သိုးများ “တတ်နိုင်​သမျှ​အတိုင်း” သာ​ဦးဆောင်လမ်းပြ​ကြောင်း ပေါ်လွင်​စေရန် မောရှေ​ပညတ်​မှ အပြစ်ဖြေရာ​ယဇ်နှင့်​ပတ်သက်​၍ အဘယ်အရာ​ဆို​ထား​သည်ကို သုံးသပ်ကြည့်​ပါ။ ကျေးဇူး​တင်​စိတ်ဖြင့် ပူဇော်​သော အနာအဆာ​မဲ့​ယဇ်များ​ကို ယေဟောဝါ အလိုရှိ​တော်​မူ​သည်။ တစ်ချိန်တည်း​တွင် ယဇ်​ပူဇော်​သူ တတ်နိုင်​သော​အတိုင်းအတာ​အလိုက် ယဇ်များ​ကို အဆင့်​ခွဲထား​သည်။ ပညတ်​က ဤသို့​ဆို​သည်– “သိုးသငယ်​ကို မတတ်နိုင်​လျှင် . . . ခို​နှစ်ကောင် သို့​မဟုတ် ချိုးကလေး​နှစ်ကောင်ကို . . . ဆောင်​ခဲ့​၍ ဆက်​ရမည်။” သူသည် ချိုးကလေး​နှစ်ကောင်​ပင် မတတ်နိုင်​လျှင်​ကော။ “မုန့်​ည​က်” အနည်းငယ်​ကို ဆက်သ​နိုင်​သည်။ (ဝတ်ပြုရာ ၅:၇၊ ၁၁) ယင်းက ယဇ်​ပူဇော်​သူ မတတ်နိုင်​သော​ယဇ်ကို ဘုရားသခင် မတောင်းဆို​ခဲ့​ကြောင်း ဖော်ပြ​သည်။ ဘုရားသခင်​သည် ပြောင်းလဲခြင်း​မရှိသော​ကြောင့် ကျွန်ုပ်​တို့​မတတ်နိုင်​ရာ​ကို ဘယ်တော့မှ​မတောင်းဆို​ဘဲ ကျွန်ုပ်​တို့ တတ်နိုင်​သမျှ​ပေးဆက်​ရာ​ကို​သာ နှစ်သက်​လက်ခံ​ကြောင်း သိရှိ​ရသည့်​အတွက် စိတ်သက်သာ​မှု​ရနိုင်​ကြသည်။ (မာလခိ ၃:၆) ထိုသို့​နားလည်​ပေး​တတ်သော​သိုးထိန်း​တစ်ဦး၏ ဦးဆောင်လမ်းပြမှု​ကို​ခံယူ​ခြင်း​သည် တကယ့်ကို​ရွှင်လန်းစရာ​ပင်။

“ဘေးအန္တရာယ်​ကို​မကြောက်​ပါ။ အကြောင်း​မူ​ကား ကိုယ်တော်​သည် အကျွန်ုပ်​နှင့်အတူ​ရှိ​တော်​မူ​သည်”

၁၃။ ဆာလံ ၂၃:၄ တွင်​ဒါဝိဒ်​သည် ယေဟောဝါ​နှင့် ပိုမို​ရင်းနှီး​စွာ မည်သို့​ပြောဆို​လာ​သနည်း။ ယင်းသည် အဘယ်ကြောင့် အံ့အားသင့်​စ​ရာ​မဟုတ်​သနည်း။

၁၃ ဒါဝိဒ်​ယုံကြည်​စိတ်ချ​ရသည့် ဒုတိယ​အကြောင်း​မှာ ယေဟောဝါ​သည် ကိုယ်တော်​၏​သိုးများ​ကို ကာကွယ်​တော်​မူ​သည့်​အတွက်​ဖြစ်သည်။ ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရ၏– “သေ​မင်း​၏​အရိပ်​လွှမ်းမိုး​သော​ချိုင့်​ထဲ​သို့ လျှောက်​သွား​ရ​သော်လည်း ဘေးအန္တရာယ်​ကို မကြောက်​ပါ။ အကြောင်း​မူ​ကား ကိုယ်တော်​သည် အကျွန်ုပ်​နှင့်အတူ ရှိ​တော်​မူ​သည်​ဖြစ်၍ လှံတံ​တော်​နှင့် တောင်ဝှေး​တော်​သည် အကျွန်ုပ်​ကို ချမ်းသာ​စေပါ​၏။” (ဆာလံ ၂၃:၄) ယခု ဒါဝိဒ်​သည် ယေဟောဝါ​အား “ကိုယ်တော်” ဟု​ခေါ်ဆို​ခြင်း​ဖြင့် ယခင်​က​ထက် ပို​၍​ရင်းနှီး​စွာ စကားပြော​ဆို​လာ​သည်။ ဆင်းရဲ​ခက်ခဲ​မှု​ခံရပ်​နိုင်​ရန် မိမိကို ဘုရားသခင် မည်သို့ ကူညီပေး​ခဲ့​ကြောင်း ဒါဝိဒ်​ပြောဆို​နေခြင်း​ဖြစ်​ရာ ယင်း​သို့​ခေါ်ဆို​ခြင်း​သည် အံ့အားသင့်​စ​ရာ​မဟုတ်ပေ။ ဒါဝိဒ်​သည် အသက်ဘေး​နှင့်​ကြုံတွေ့​ရချိန်​များ​တွင် သေ​မင်း​၏​အရိပ်​လွှမ်းမိုး​သော​ချိုင့်​များ​ကို ဖြတ်ကျော်​ခဲ့​ရသည်။ သို့သော် သူ​မကြောက်​ပါ။ အကြောင်း​မှာ ဘုရားသခင်​သည် မိမိ​နှင့်အတူ ရှိ​တော်​မူ​ပြီး လိုအပ်​လာ​လျှင် ကိုယ်တော်​၏ “လှံတံ​တော်” နှင့် “တောင်ဝှေး​တော်” တို့​ဖြင့် ကာကွယ်​ပေး​မည်​ကို သူသိ​ရှိသောကြောင့်​ဖြစ်သည်။ ဒါဝိဒ်​သည် ဤသို့​ကာကွယ်​ခံရ​မည်​ဟူသော အသိ​ကြောင့် စိတ်သက်သာ​မှု​ရပြီး ယေဟောဝါ​နှင့် ပို​၍​ရင်းနှီး​လာ​၏။ *

၁၄။ ယေဟောဝါ​၏​ကာကွယ်​မှု​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့ကို အဘယ်​အာမခံချက်​ပေး​ထား​သနည်း။ သို့သော် ယင်း​အာမခံချက်​က အဘယ်အရာကို ဆိုလိုခြင်း​မဟုတ်​သနည်း။

၁၄ ယခု​အချိန်တွင် ယေဟောဝါ​သည် မိမိ၏​သိုးများ​ကို မည်သို့​ကာကွယ်​ပေး​သနည်း။ စာတန်​ဖြစ်စေ၊ လူ​ဖြစ်စေ မည်သည့်​ဆန့်ကျင်သူ​က​မျှ ကမ္ဘာ​မြေပေါ်​ရှိ ကိုယ်တော်​၏​သိုးများ​ကို ပပျောက်​စေနိုင်​မည်​မဟုတ်​ဟု သမ္မာကျမ်းစာ​က အာမခံ​ထား​သည်။ ယေဟောဝါ​သည် ဘယ်တော့​မျှ ထိုသို့​အဖြစ်​ခံ​မည်​မဟုတ်​ချေ။ (ဟေရှာယ ၅၄:၁၇; ၂ ပေတရု ၂:၉) သို့​ဆို​သောကြောင့် ကျွန်ုပ်​တို့၏​သိုးထိန်းရှင်​သည် ကပ်ဘေး​တိုင်း​မှ ကျွန်ုပ်​တို့ကို ကာကွယ်​ပေး​မည်​ဟု မဆိုလို​ချေ။ ကျွန်ုပ်​တို့သည် လူ​တို့​ကြုံတွေ့​နေကျ အကျပ်အတည်း​များ​ကို ကြုံ​ကြ​ရပြီး ခရစ်ယာန်စစ်​အားလုံး​အပေါ် ကျရောက်​သည့် ဆန့်ကျင်မှု​ကို ရင်ဆိုင်​ကြ​ရသည်။ (၂ တိမောသေ ၃:၁၂; ယာကုပ် ၁:၂) ပုံဆောင်​စကား​အရ ကျွန်ုပ်​တို့သည် “သေ​မင်း​၏​အရိပ်​လွှမ်းမိုး​သော​ချိုင့်​ထဲ​သို့ လျှောက်​သွား​ရ” သည့်​အချိန်​များ​ရှိ၏။ ဥပမာ၊ ကျွန်ုပ်​တို့သည် ညှဉ်းပန်း​နှိပ်စက်မှု​ကြောင့် သို့​မဟုတ် ကျန်းမာ​ရေး​ဖိစီးမှု​တစ်ခုခု​ကြောင့် အသက်ဆုံးရှုံး​လု​နီးပါး​ဖြစ်​ခဲ့​ပေမည်။ ကျွန်ုပ်​တို့၏ ချစ်​မြတ်နိုးသူ​တစ်ဦးဦး​သည် အသက်ဆုံး​လု​နီးပါး သို့​မဟုတ် အသက်ဆုံး​ပါး​ခြင်း​ပင် ဖြစ်​ခဲ့​ပေမည်။ ဘဝတွင် အ​မှောင်မိုက်​ဆုံး​ဟု​ထင်​ရသည့်​အချိန်​များ​၌ ကျွန်ုပ်​တို့၏​သိုးထိန်းရှင်​သည် ကျွန်ုပ်​တို့​နှင့်အတူ​ရှိပြီး ကာကွယ်​မှု​ပေး​ပါ​လိမ့်​မည်။ မည်သို့​အားဖြင့်​နည်း။

၁၅၊ ၁၆။ (က) ကျွန်ုပ်​တို့သည် ရင်ဆိုင်​ရနိုင်​သည့် အခက်အခဲ​များ​ကို ကိုင်တွယ်​နိုင်​ရန် မည်သည့်​နည်းများဖြင့် ယေဟောဝါ​ကူညီပေး​သနည်း။ (ခ) ကျွန်ုပ်​တို့ စမ်းသပ်မှု​ခံရ​ချိန်​များ​တွင် ယေဟောဝါ မည်သို့​ကူညီပေး​ကြောင်း​ဖော်ပြ​သော တွေ့ကြုံမှု​တစ်ခု​ကို ပြောပြ​ပါ။

၁၅ ယေဟောဝါ​သည် အံ့ဖွယ်​နည်းဖြင့် ကြားဝင်​ဆောင်ရွက်​ပေး​မည်​ဟု ကတိ​မပြု​ချေ။ * သို့သော် ကျွန်ုပ်​တို့​ရင်ဆိုင်​နေရ​သည့် မည်သည့်​အခက်အခဲ​ကို​မဆို ကျော်လွှား​အောင်မြင်​နိုင်​ရန် ယေဟောဝါ ကူညီပေး​မည်​ကို စိတ်ချ​နိုင်​ကြသည်။ ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို “အထူးထူး​အပြားပြား​စုံစမ်း​နှောင့်ယှက်ခြင်း” ကို​ကျော်လွှား​နိုင်​ရန် ဉာဏ်ပညာ​ကို ပေးသနား​နိုင်​သည်။ (ယာကုပ် ၁:၂-၅) သိုးထိန်း​တစ်ဦး​သည် သူ၏​လှံတံ သို့​မဟုတ် တောင်ဝှေး​ကို အသုံးပြု၍ မိမိ​သိုးများ​ကို သားရဲတိရစ္ဆာန်​များ​၏​ရန်​မှ ကာကွယ်​ပေး​သည့်​အပြင် လမ်းမှန်​အတိုင်း​သွား​ရန် အသာအယာ တို့​ထိ​ပေး​၏။ ကျွန်ုပ်​တို့၏​အခြေအနေ​ကို အကြီးအကျယ်​ပြောင်းလဲ​ပေး​နိုင်​သည့် ကျမ်းစာ​အခြေပြု​ဆုံးမ​စကား​ကို လိုက်လျှောက်ရန် ဝတ်ပြုသူချင်း​တစ်ဦး​အားဖြင့် ကျွန်ုပ်​တို့ကို ယေဟောဝါ “တို့​ထိ” ပေး​နိုင်​သည်။ ထို့​ပြင် ယေဟောဝါ​သည် ကျွန်ုပ်​တို့ ခံနိုင်ရည်​ရှိ​နိုင်​ရန်​လည်း ခွန်အား​ပေး​နိုင်​သည်။ (ဖိလိပ္ပိ ၄:၁၃) ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် ကျွန်ုပ်​တို့ကို “သာမန်​ထက်​ထူးကဲ​သော တန်ခိုးတော်” ပေးသနား​ထား​သည်။ (၂ ကောရိန္သု ၄:၇က​ဘ) ဘုရားသခင်​၏​ဝိညာဉ်တော်သည် စာတန်​ဖြစ်ပေါ်​စေသော မည်သည့်​စမ်းသပ်မှု​ကို​မဆို ခံရပ်​စေနိုင်​သည်။ (၁ ကောရိန္သု ၁၀:၁၃) ယေဟောဝါ​သည် ကျွန်ုပ်​တို့အား ကူညီပေး​ရန် အမြဲ​အသင့်ရှိနေ​ကြောင်းကို သိရ​ခြင်း​သည် ကျွန်ုပ်​တို့အတွက် စိတ်သက်သာ​စ​ရာ​မဟုတ်ပေ​လော။

၁၆ မဲ​မှောင်​သော​မည်သည့်​ချိုင့်​ထဲ​တွင် ကျွန်ုပ်​တို့​ရောက်နေ​ပါစေ၊ ကျွန်ုပ်​တို့​တစ်ဦးတည်း ယင်းကို ဖြတ်ကျော်​ရမည်​မဟုတ်ပါ။ ကျွန်ုပ်​တို့၏​သိုးထိန်းရှင်​သည် ကျွန်ုပ်​တို့​နှင့်အတူ​ရှိပြီး အစပိုင်း​တွင် ကျွန်ုပ်​တို့ အပြည့်အဝ​နားမလည်​နိုင်​သည့်​နည်းများဖြင့် ကူညီပေး​တော်​မူ​သည်။ မိမိ​တွင် အသက်​အန္တရာယ်​ဖြစ်​နိုင်သော ဦးနှောက်​အကြိတ်​ရှိကြောင်း သိရှိ​ခဲ့​သည့် ခရစ်ယာန်​အကြီးအကဲ​တစ်ဦး၏​ကိုယ်တွေ့​ကို သုံးသပ်ကြည့်​ပါ။ “ပထမ​တော့ ကျွန်တော့်​ကို ယေဟောဝါ စိတ်ဆိုး​နေတာလား၊ ဒါမှ​မဟုတ် ချစ်​ကော​ချစ်​ရဲ့​လား​ဆိုပြီး သိချင်​ခဲ့​တာ အမှန်​ပဲ။ ဒါပေမဲ့ ယေဟောဝါ​နဲ့​ဝေးကွာ​သွားဖို့ စိတ်​မ​ကူး​ခဲ့​ဘူး။ ကိုယ်တော့်​ကို ကျွန်တော့်​ရဲ့​စိုးရိမ်​ပူပန်​တွေ ပြောပြ​တယ်။ အဲ့ဒီ​အခါမှာ ညီအစ်ကို၊ ညီအစ်မ​တွေ​ကနေ​တစ်ဆင့် ကျွန်တော့်​ကို ယေဟောဝါ​ကူညီပေး​ပြီး နှစ်သိမ့်​ပေး​တယ်။ ဆိုးရွား​တဲ့​ရောဂါ​ကြီး​တွေ​ကို ထိုးထွင်း​ပိုင်းခြား​ဉာဏ်​နဲ့ သူတို့ ဘယ်လို​ကျော်လွှား​နိုင်​ခဲ့တယ်​ဆို​တဲ့ ကိုယ်ပိုင်​အတွေ့အကြုံ​တွေ​ကို ပြောပြ​ကြတယ်။ သူတို့ရဲ့ အကျိုးသင့်အကြောင်းသင့်​ဖြစ်​တဲ့​မှတ်ချက်​တွေ​ကြောင့် ကျွန်တော်​ခံစား​နေရ​တာ သူတို့ထက် ဘာမှ​ပို​ထူး​တာ​မဟုတ်ဘူးဆိုတာ သတိပေး​ခံ​လိုက်ရတယ်။ တချို့​သူတွေရဲ့ ကြင်ကြင်နာနာ​ပေး​တဲ့ လက်တွေ့ကျ​အကူအညီ​ကြောင့် ကျွန်တော့်​ကို ယေဟောဝါ စိတ်မဆိုး​ဘူးဆို​တာ သိလိုက်​ရတယ်။ ကျွန်တော့်​ရောဂါ​နဲ့​တော့ တိုက်ပွဲဝင်​နေရ​ဦး​မှာပဲ။ နောက်​ဘာတွေ​ဖြစ်လာ​မလဲ​ဆိုတာ ကျွန်တော်​မသိ​ဘူး။ ဒါပေမဲ့ ယေဟောဝါ​ဟာ ကျွန်တော်​နဲ့​အတူ​ရှိပြီး ဒီ​စမ်းသပ်မှု​တစ်လျှောက် ကျွန်တော့်​ကို ကူညီပေး​သွားမယ်​ဆိုတာ ကျွန်တော်​ယုံကြည်​စိတ်ချ​တယ်။”

“အကျွန်ုပ်​အဖို့ စားပွဲ​ကို​ခင်း​တော်​မူ​၏”

၁၇။ ဒါဝိဒ်​သည် ဆာလံ ၂၃:၅ တွင် ယေဟောဝါ​အား အဘယ်အရာ​နှင့်​ပုံခိုင်း​ထား​သနည်း။ ယင်းသည် သိုးထိန်း​ပုံခိုင်း​ချက်​နှင့် အဘယ်ကြောင့် သဘောတရား​တူ​သနည်း။

၁၇ ယခု ဒါဝိဒ်က မိမိ၏​သိုးထိန်းရှင်​ကို ယုံကြည်​စိတ်ချ​ရသည့် တတိယ​အကြောင်းကို ဖော်ပြ​၏။ ယေဟောဝါ​သည် မိမိ၏​သိုးများ​ကို အလျှံပယ်​ကျွေးမွေး​တော်​မူ​သည်။ ဒါဝိဒ်က “အကျွန်ုပ်၏​ရန်သူ​တို့​ရှေ့မှာ အကျွန်ုပ်​အဖို့ စားပွဲ​ကို​ခင်း​တော်​မူ​၏။ အကျွန်ုပ်၏​ခေါင်း​ကို ဆီ​နှင့်​လိမ်း​တော်​မူ​၏။ အကျွန်ုပ်​ခွက်ဖလား​သည် လျှံ​လျက်​ရှိပါ၏” ဟု​ရေးသား​သည်။ (ဆာလံ ၂၃:၅) ဒါဝိဒ်​သည် ဤ​အခန်းငယ်​တွင် မိမိ၏​သိုးထိန်းရှင်​ကို အလျှံပယ်​ကျွေးမွေး​တတ်သော ရက်ရော​သည့်​အိမ်ရှင်​အဖြစ် ဖော်ပြ​ထား​သည်။ ဂရုစိုက်​စောင့်ရှောက်သော​သိုးထိန်း​နှင့် ရက်ရော​သော​အိမ်ရှင်​ဟူ​သည့် ပုံခိုင်း​ချက်​နှစ်ခုစလုံး​သည် သဘောတရား​အတူတူ​ပင်​ဖြစ်၏။ သိုးထိန်း​ကောင်း​တစ်ဦး​သည် မိမိ၏​သိုးအုပ် “အဘယ်အရာမျှ​မလို” စေရန် အစာရေစာ​ပေါကြွယ်ဝ​သည့်​စားကျက် အဘယ်​နေရာတွင်​ရှိကြောင်း သိရှိ​ရမည်​ဖြစ်သည်။—ဆာလံ ၂၃:၁၊ ၂သမ္မာ။

၁၈။ ယေဟောဝါ​သည် ရက်ရော​သော​အိမ်ရှင်​တစ်ဦး​ဖြစ်​ကြောင်း အဘယ်အရာက​ဖော်ပြ​သနည်း။

၁၈ ကျွန်ုပ်​တို့၏​သိုးထိန်းရှင်​သည် ရက်ရော​သော​အိမ်ရှင်​လည်း ဖြစ်ပါ​သလော။ ယင်း​နှင့်​ပတ်သက်​၍ စောဒကတက်​စ​ရာ​အကြောင်း​မရှိပါ။ ယခု ကျွန်ုပ်​တို့​စားသုံး​နေသော ဝိညာဉ်​ရေး​အစာ​၏ အရည်အသွေး၊ ပမာဏ​နှင့် အမျိုး​အမည်​စုံလင်မှု​ကို စဉ်းစား​ကြည့်​လိုက်ပါ။ ယေဟောဝါ​သည် သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်​အတန်းအစား​မှ​တစ်ဆင့် အကျိုးရှိ​စာပေ​များ၊ လမ်းညွှန်​သွန်သင်မှု​ပေး​သော အစည်းအဝေး​များ၊ စည်းဝေးပွဲ​များ၊ စည်းဝေးကြီး​များ​အားဖြင့် ဝိညာဉ်​အစာ​ကျွေးမွေး​လျက်​ရှိသည်။ ယင်း​တို့အားလုံး​သည် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​လိုအပ်ချက်​များ​ကို ဖြည့်ဆည်း​ပေး​သည်။ (မဿဲ ၂၄:၄၅-၄၇) ဝိညာဉ်​အစာ ပြတ်လပ်​သွား​သည်​ဟူ၍​မရှိ​ချေ။ ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်’ သည် သမ္မာကျမ်းစာ​နှင့် ကျမ်းစာ​လေ့လာ​ရန် အထောက်အကူ​ပြု​စာအုပ်စာတမ်း​များ​ကို ထုတ်ဝေ​လျက်​ရှိရာ ယခု​အခါ ဤ​စာပေ​များ​ကို ဘာသာ​စကား​ပေါင်း ၄၁၃ မျိုး​ထက်မက ရရှိနိုင်​သည်။ ယေဟောဝါ​သည် “နို့” နှင့်​တူသော အခြေခံ​ကျမ်းစာ​သွန်သင်ချက်​များ​မှ “ကြေ​ခဲ​သော​အစာ” နှင့်​တူ​သည့် နက်နဲ​သော​ကျမ်းစာ​အကြောင်းအရာများ​အထိ ဝိညာဉ်​ရေး​အစာ အမျိုးမျိုး​အဖုံဖုံ​ကျွေးမွေး​တော်​မူ​သည်။ (ဟေဗြဲ ၅:၁၁-၁၄) ထို့​ကြောင့် ကျွန်ုပ်​တို့သည် အခက်အခဲ​များ သို့​မဟုတ် ဆုံးဖြတ်​စ​ရာ​များနှင့် ရင်ဆိုင်​ရသည့်​အခါ လိုအပ်​သည့်​လမ်းညွှန်မှုကို ရှာဖွေ​တွေ့ရှိ​နိုင်​သည်။ ထိုသို့​သော ဝိညာဉ်​အစာ​သာ​မ​ရှိလျှင် ကျွန်ုပ်​တို့ မည်သို့​ဖြစ်သွား​မည်​နည်း။ ကျွန်ုပ်​တို့၏​သိုးထိန်းရှင်​သည် အရက်​ရော​ဆုံး ကျွေးမွေး​ထောက်ပံ့​ပေးရှင်​ဖြစ်သည်​မှာ အမှန်ပင်။—ဟေရှာယ ၂၅:၆; ၆၅:၁၃

‘အကျွန်ုပ်သည် ထာဝရ​ဘုရားသခင်​၏​အိမ်တော်မှာ အစဉ်အမြဲ​နေရ​ပါ​လိမ့်​မည်’

၁၉၊ ၂၀။ (က) ဒါဝိဒ်​သည် ဆာလံ ၂၃:၆ တွင်​အဘယ်​ယုံကြည်​စိတ်ချမှု​ကို​ဖော်ပြ​သနည်း။ ကျွန်ုပ်​တို့သည် ထိုသို့​သော​ယုံကြည်​စိတ်ချမှု​ကို မည်သို့​ရရှိနိုင်​သနည်း။ (ခ) နောက်​ဆောင်းပါး​တွင် အဘယ်​အကြောင်းကို ဆွေးနွေး​ကြ​မည်​နည်း။

၁၉ ဒါဝိဒ်​သည် မိမိ​သိုးထိန်းရှင်​၏​ထိန်းကျောင်း​ပုံ​များနှင့် ထောက်ပံ့​သူ၏​ကျွေးမွေး​ပုံ​များ​ကို သုံးသပ်​ပြီး​နောက် ဤသို့​နိဂုံး​ချုပ်​လိုက်​၏– ‘အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူး​နှင့်​ကရုဏာ​ကို တစ်သက်လုံး​ခံ​စား၍ ထာဝရ​ဘုရားသခင်​၏​အိမ်တော်မှာ အစဉ်အမြဲ​နေရ​ပါ​လိမ့်​မည်။’ (ဆာလံ ၂၃:၆) ဒါဝိဒ်​သည် အတိတ်ကို​ပြန်​အမှတ်ရ​ပြီး အလွန်​ကျေးဇူး​တင်​စွာ​ဖြင့်၊ အနာဂတ်​ကို ယုံကြည်မှု​အပြည့်​နှင့် စောင့်မျှော်​ရင်း​ဖြင့် ဤ​စကား​များ​ကို လှိုက်လှိုက်လှဲလှဲ​ပြောဆို​နေခြင်း​ဖြစ်သည်။ ယခင်​က သိုးထိန်း​လုပ်ခဲ့ဖူး​သူ ဒါဝိဒ်​သည် ယေဟောဝါ​၏​အိမ်တော်တွင် နေထိုင်​နေသည်​အလား မိမိ၏​ကောင်းကင်​သိုးထိန်းရှင်​နှင့် ရင်းနှီး​နေသရွေ့ ကိုယ်တော်​၏​မေတ္တာပါ​ဂရုစိုက်​စောင့်ရှောက်မှု အမြဲ​ခံစားရ​မည်​ဟူသော​အသိ​ဖြင့် လုံခြုံမှု​ရှိခဲ့​၏။

၂၀ ဆာလံ​ အခန်းကြီး ၂၃ တွင်​မှတ်တမ်း​တင်ထား​သည့် လှပ​တင့်တယ်​သော​စကား​များ​အတွက် ကျွန်ုပ်​တို့ အမှန်ပင် ကျေးဇူး​တင်​ကြ​ပါ​သည်။ ယေဟောဝါ​သည် မိမိ၏​သိုးများ​ကို ဦးဆောင်လမ်းပြ​ပြီး ကာကွယ်​ကာ အစာ​ကျွေးမွေး​ပုံ​တို့ကို အဆီ​လျော်​ဆုံး​ပုံခိုင်း​ချက်​ဖြင့် ဒါဝိဒ်​ဖော်ပြ​နိုင်​ခဲ့​သည်။ ကျွန်ုပ်​တို့​လည်း ယေဟောဝါ​အား ကျွန်ုပ်​တို့၏​သိုးထိန်းရှင်​အဖြစ် အားထား​နိုင်​သည့် ယုံကြည်​စိတ်ချမှု​မျိုး​ရှိစေရန် ဒါဝိဒ်​၏​နှစ်​လို့​ဖွယ်​စကား​များ​ကို သမ္မာကျမ်းစာ​တွင် မှတ်တမ်းတင်​ထားခဲ့​သည်။ ယေဟောဝါ​နှင့် ကျွန်ုပ်​တို့ ရင်းနှီး​နေသရွေ့ မေတ္တာ​ရှိ​သိုးထိန်းရှင်​အနေ​ဖြင့် ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို “အစဉ်အမြဲ” ထာဝရ​ကာလပတ်လုံး ဂရုစိုက်​စောင့်ရှောက်​သွားပါ​လိမ့်​မည်။ သို့သော် ကြီးမြတ်သော​သိုးထိန်းရှင် ယေဟောဝါ​၏​သိုးများ​အနေ​နှင့် ကျွန်ုပ်​တို့သည် ကိုယ်တော်​နှင့်အတူ လျှောက်လှမ်း​ရန် တာဝန်​ရှိ၏။ ၎င်း​တွင် အဘယ်အရာ​ပါဝင်​ကြောင်း နောက်​ဆောင်းပါး​တွင် ဆွေးနွေး​ကြ​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 13 ဒါဝိဒ်​သည် မိမိ၏​အသက်​အန္တရာယ်​မှ ကယ်နုတ်​ပေး​သော ယေဟောဝါ​အား ချီးမွမ်း​ထား​သည့် ဆာလံ​သီချင်းများ​စွာ စပ်ဆို​ခဲ့​သည်။ ဥပမာ၊ ဆာလံ အခန်းကြီး ၁၈၊ ၃၄၊ ၅၆၊ ၅၇၊ ၅၉၊ ၆၃ တို့၏​ခေါင်းစီး​များ​ကို​ရှု။

သင်​မှတ်မိ​သလော

• ဒါဝိဒ်​သည် ယေဟောဝါ​အား သိုးထိန်း​တစ်ဦး​နှင့် ပုံခိုင်း​ခြင်း​သည် အဘယ်ကြောင့်​ဆီလျော်​သနည်း။

• ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို စာနာ​စွာ​ဖြင့် မည်သို့​ဦးဆောင်လမ်းပြ​သနည်း။

• စမ်းသပ်မှု​များ​ကို ကျွန်ုပ်​တို့ ခံရပ်​နိုင်​ရန် အဘယ်​နည်းများဖြင့် ယေဟောဝါ ကူညီပေး​သနည်း။

• ယေဟောဝါ​သည် ရက်ရော​သော​အိမ်ရှင်​တစ်ဦး​ဖြစ်​ကြောင်း အဘယ်အရာက ဖော်ပြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဣသရေလ​သိုးထိန်း​တစ်ဦး​ကဲ့သို့ ယေဟောဝါ​သည် မိမိ၏​သိုးများ​ကို ဦးဆောင်လမ်းပြ​တော်​မူ​၏