မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာတန်ရှိကြောင်း သင်အမှန်တကယ် ယုံကြည်ပါသလော

စာတန်ရှိကြောင်း သင်အမှန်တကယ် ယုံကြည်ပါသလော

စာတန်​ရှိကြောင်း သင်​အမှန်တကယ် ယုံကြည်ပါ​သလော

သမ္မာကျမ်းစာ​က စာတန်​ကို အမှန်တကယ်​ရှိသော ပုဂ္ဂိုလ်​တစ်ဦး​အဖြစ် ဖော်ပြ​သည်။ ဘုရားသခင်​ကို လူ့​မျက်စိဖြင့်​မမြင်​ရသည့်​နည်းတူ သူ့ကိုလည်း​မမြင်​ရ​ပေ။ “ဘုရားသခင်​သည် . . . ဝိညာဉ်​ဖြစ်​တော်​မူ​၏” ဟု သမ္မာကျမ်းစာ​က​ဆို​သည်။ (ယောဟန် ၄:၂၄) စာတန်​သည်လည်း ဝိညာဉ်​သတ္တဝါ​ဖြစ်၏။ သို့သော် ဖန်ဆင်း​ရှင်​နှင့်​မတူ​သည်​မှာ စာတန်​သည် ဖန်ဆင်း​ခံရ​ကာ အစ​ရှိသည်။

လူကို​မဖန်ဆင်းမီ ကြာမြင့်စွာ​ကတည်းက​ပင် ဝိညာဉ်​သတ္တဝါ​အမြောက်အမြား​ကို ယေဟောဝါ​ဘုရားသခင် ဖန်ဆင်း​တော်​မူ​ခဲ့​သည်။ (ယောဘ ၃၈:၄၊) သမ္မာကျမ်းစာ​တွင် ထို​ဝိညာဉ်​သတ္တဝါများ​ကို ကောင်းကင်တမန်​များ​ဟု​ခေါ်​သည်။ (ဟေဗြဲ ၁:၁၃၊ ၁၄) ဘုရားသခင်​သည် သူတို့​အားလုံး​ကို စုံလင်စွာ​ဖန်ဆင်း​တော်​မူ​ခဲ့​သည်။ သူတို့​ထဲ​မှ တစ်ဦး​တစ်ယောက်ကို​မျှ စာတန်​အဖြစ် သို့​မဟုတ် ဉာဉ်ဆိုး​ပါ​လာ​သူ​အဖြစ် မဖန်ဆင်း​ခဲ့​ချေ။ သို့​ဆိုလျှင် စာတန် မည်သို့​ဖြစ်ပေါ်​လာ​သနည်း။ မူရင်း​ကျမ်း​စကားလုံး​သည် “ရှုတ်ချ​ဂုဏ်ဖျက်​သူ” ဟု​အဓိပ္ပာယ်​ရပြီး အခြားသူများ​အကြောင်း မလို​တ​မာ​လိမ်လည်​ပြောဆိုသူ​ကို ဆိုလို​သည်။ “စာတန်” သည် “ခုခံ​သူ” သို့​မဟုတ် ဆန့်ကျင်သူ​ဟု အဓိပ္ပာယ်​ရသည်။ တစ်ချိန်က ရိုးသား​ဖြောင့်မတ်​သူ​တစ်ဦး​သည် ခိုးမှု​ကျူးလွန်​ခြင်း​ဖြင့် မိမိကိုယ်ကို သူခိုး​ဖြစ်စေ​သကဲ့သို့ ဘုရားသခင်​၏ စုံလင်သော ဝိညာဉ်​သား​တစ်ဦး​သည် မှားယွင်းသော​အလိုဆန္ဒ​အတိုင်း​ပြုမူ​ရာ​မှ မိမိကိုယ်ကို စာတန်​ဖြစ်စေ​ခဲ့​သည်။ ဤနည်းဖြင့် မိမိ​ကိုယ်​မိမိ​ဖျက်ဆီးခြင်း​ကို သမ္မာကျမ်းစာ​က ဤသို့​ဖော်ပြ​သည်– ‘မိမိ​တပ်မက်သော​စိတ် ဆွဲငင်​ဖြားယောင်း​ခြင်း​ကို ခံ​သော​သူ​မည်​သည်​ကား အပြစ်​သွေးဆောင်ခြင်း​သို့​ရောက်​တတ်၏။ တပ်မက်သော​စိတ်​သည် ပဋိသန္ဓေ​ယူ၍ မကောင်းမှုကို​ဖွား​တတ်၏။ မကောင်းမှု​သည်လည်း​ပြည့်စုံ​လျှင် သေခြင်းကို​ဖွား​တတ်၏။’—ယာကုပ် ၁:၁၄၊ ၁၅

ယင်း​သို့ အမှန်​ဖြစ်​ခဲ့​သည်။ ပထမ​လူသား​မောင်နှံ​ကို ယေဟောဝါ​ဘုရားသခင် ဖန်ဆင်း​ခဲ့​ချိန်​တွင် ပုန်ကန်​သူ​ဖြစ်လာ​မည့်​ကောင်းကင်တမန်​သည် ယင်းကို ဂရုပြု​ခဲ့​သည်။ ဖန်ဆင်း​ရှင်​ကို ဝတ်ပြု​ကိုးကွယ်​သည့် ဖြောင့်မတ်​သော​လူသားများ​နှင့် ကမ္ဘာ​မြေကြီးကို ပြည့်စေ​ရန် အာဒံ​နှင့်​ဧဝ​ကို ယေဟောဝါ​မိန့်မှာ​ကြောင်း သူသိ​သည်။ (ကမ္ဘာဦး ၁:၂၈) ထို​ကောင်းကင်တမန်​သည် ဂုဏ်တင်​ခံရ​မှု​နှင့် ထင်ပေါ်​မှု​တို့​ရရှိနိုင်​မည့် အလားအလာကို မြင်ခဲ့​သည်။ တပ်မက်​စိတ်​ကြောင့် ဖန်ဆင်း​ရှင်​တစ်ပါး​တည်း​သာ တော်မှန်​စွာ​ပိုင်ဆိုင်ထိုက်​သည့် လူသား​တို့၏ ဝတ်ပြု​ကိုးကွယ်​မှု​ကို သူလို​ချင်စိတ် ပြင်းပြ​ခဲ့​သည်။ ဤ​ဝိညာဉ်​သတ္တဝါ​သည် ထို​မတော်လျော်​သော​စိတ်ဆန္ဒ​ကို ချိုးနှိမ်​ပစ်​မည့် အစား လိမ်လည်မှု​မှ​တစ်ဆင့် ပုန်ကန်မှု​ဖြစ်လာ​သည့်​အထိ ယင်း​စိတ်ဆန္ဒ​ကို ဆက်​မွေးမြူ​ခဲ့​သည်။ သူ​အဘယ်အရာ​ပြုလုပ်​ခဲ့​သည်ကို သုံးသပ်ကြည့်​ပါ။

ပုန်ကန်​သော​ကောင်းကင်တမန်​သည် မြွေ​တစ်ကောင်​ကို အသုံးပြု၍ ပထမ​ဆုံး​အမျိုးသမီး​ဧဝ​နှင့် စကားပြော​ခဲ့​သည်။ မြွေ​က မိန်းမ​အား “သင်တို့သည် ဥယျာဉ်​၌​ရှိသမျှ​သော အပင်​တို့၏​အသီးကို​မစား​ရ​ဟု ဧကန်​စင်စစ် ဘုရားသခင်​မိန့်တော်မူ​သလော” ဟု​မေး​၏။ ဘုရားသခင့်​ပညတ်​နှင့် ယင်းကို မနာခံ​ပါ​က ရရှိ​မည့်​အပြစ်ဒဏ်​ကို ဧဝ​ပြောပြ​သောအခါ မြွေ​က “သင်တို့သည် ဧကန်​အမှန်​သေရ​မည်​မဟုတ်။ အကြောင်း​မူ​ကား ထို​အသီးကို​စား​သော​နေ့၌ သင်တို့သည် မျက်စိပွင့်​လင်း​လျက် ကောင်း​မကောင်း​ကို​သိ၍ ဘုရားသခင်​ကဲ့သို့​ဖြစ်​ကြ​လတ္တံ့​သည်ကို ဘုရားသခင်​သိတော်မူ​သည်” ဟု​ပြော​ခဲ့​သည်။ (ကမ္ဘာဦး ၃:၁-၅) ဘုရားသခင်​သည် အာဒံ​နှင့်​ဧဝ​တို့အား အမှန်တရားကို မပြောပြ​ခဲ့​ဟု သူ​အခိုင်အမာ​စွပ်စွဲ​လိုက်​သည်။ ထို​အပင်​၏​အသီးကို​စားခြင်း​ဖြင့် ဧဝ​သည် အမှားအမှန်​ဆုံးဖြတ်​ပိုင်ခွင့်​ရှိလာပြီး ဘုရားသခင်​ကဲ့သို့ ဖြစ်လာ​မည်။ ယင်းသည် ပထမ​ဆုံး​မုသား​ဖြစ်သည်။ ဤသို့​ပြောဆိုခြင်း​ဖြင့် ထို​ကောင်းကင်တမန်​သည် ရှုတ်ချ​ဂုဏ်ဖျက်​သူ​တစ်ဦး ဖြစ်လာ​သည်။ ဘုရားသခင်​ကို​ဆန့်ကျင်သူ​လည်း ဖြစ်လာ​သည်။ ထို့​ကြောင့် သမ္မာကျမ်းစာ​က ဘုရားသခင်​၏ ဤ​ရန်သူကို “စာတန်​အမည်​ရှိသော ရှေး​မြွေ​ဟောင်း” အဖြစ်​ဖော်ပြ​သည်။—ဗျာ. ၁၂:၉

‘သတိရှိ​လျက် စောင့်နေ​ကြလော့’

ဧဝ​ကို​ပြော​ခဲ့​သည့် စာတန်​၏​မုသား​သည် သူ​အကွက်​ချ​စီစဉ်​ထား​သည့်​အတိုင်း အောင်မြင်​ခဲ့​သည်။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “ထို​အပင်​သည် စား​ဖွယ်​ကောင်းခြင်း၊ အဆင်း​လည်း​လှ​ခြင်း၊ ပညာ​တိုးပွား​စေ​လို​သော​ငှာ နှစ်သက်ဖွယ်သော​အပင်​ဖြစ်​ခြင်း​ကို မိန်းမသည်​မြင်လျှင် အသီးကို​ယူ၍​စား​၏။ မိမိ​ခင်ပွန်း​အား​လည်း​ပေး​၍ သူသည်​လည်း​စား​၏။” (ကမ္ဘာဦး ၃:၆) ဧဝ​သည် စာတန်​ကို​ယုံကြည်ခဲ့​ပြီး ဘုရားသခင်​အား မနာခံ​ခဲ့​ချေ။ အာဒံ​ကိုလည်း ဘုရားသခင့်​ပညတ်​ချိုးဖောက်​အောင် လုပ်နိုင်​ခဲ့​သည်။ ထို့​ကြောင့် စာတန်​သည် ပထမ​လူသား​မောင်နှံ​ကို ဘုရားသခင်​အား​ပုန်ကန်​သည့် လမ်းစဉ်​ပေါ်​ရောက်​အောင် လုပ်ဆောင်​နိုင်​ခဲ့​သည်။ ထို​အချိန်​မှ​စ၍ စာတန်​သည် လူ့​ရေးရာ​များ​တွင် မျက်မြင်မရ​နည်းဖြင့် ဩဇာ​လွှမ်းမိုး​လာ​ခဲ့​သည်။ သူ့​ရည်ရွယ်ချက်ကား အဘယ်နည်း။ လူ​တို့ကို စစ်မှန်သော​ဘုရားသခင်​အား ဝတ်ပြု​ကိုးကွယ်​ခြင်း​မှ သွေဖည်​သွား​စေပြီး သူ့ကို​ဝတ်ပြု​လာ​စေရန်​ဖြစ်သည်။ (မဿဲ ၄:၈၊ ၉) ထို့​ကြောင့် အကြောင်းကောင်း​ရှိ၍ သမ္မာကျမ်းစာ​က ဤသို့​သတိပေး​သည်– ‘သတိရှိ​လျက် မ​အိပ်​ဘဲ စောင့်နေ​ကြလော့။ သင်တို့၏​ရန်သူ​တည်း​ဟူသော​စာတန်​သည် ဟောက်​သော​ခြင်္သေ့​ကဲ့သို့ အဘယ်သူ​ကို​မျို​ရမည်​နည်း​ဟူ၍ လှည့်လည်​ရှာဖွေ​လျက်​ရှိ၏။’—၁ ပေတရု ၅:၈

စာတန်​သည် ဖောက်ပြန်​ကာ အန္တရာယ်​ရှိသော ကောင်းကင်တမန်​တစ်ပါး​ဖြစ်​ပြီး အမှန်တကယ်​ရှိသော ဝိညာဉ်​သတ္တဝါ​တစ်ဦး​ဟု သမ္မာကျမ်းစာ​က ရှင်းလင်းစွာ​ဖော်ပြ​ထား​သည်။ သတိ​နှင့်​စောင့်နေ​ရာ​တွင် အရေးကြီး​သည့် ပထမ​ခြေလှမ်း​မှာ စာတန်​တကယ်​ရှိကြောင်း အသိအမှတ်ပြု​ရမည်။ သို့သော် သတိ​နှင့်​စောင့်နေ​ခြင်း​တွင် ထို​ထက်မက​ပါဝင်​သည်။ စာတန်​၏ “အကြံအစည်​များ” နှင့် လူ​တို့ကို​လမ်းလွဲ​စေသော သူ၏​နည်းလမ်းများ​ကို လျစ်လျူ​မ​ရှု​မိ​ရန်​လည်း အရေးကြီး​သည်။ (၂ ကောရိန္သု ၂:၁၁) သူ၏​အကြံအစည်​များ​ကား အဘယ်နည်း။ ယင်း​တို့ကို ကျွန်ုပ်​တို့ မည်သို့​တွန်းလှန်​နိုင်​မည်​နည်း။

လူ့​မွေးရာပါ​လိုအပ်ချက်​ကို စာတန်​အမြတ်​ထုတ်

လူကို​ဖန်ဆင်း​ပြီး​ချိန်​မှ​စ၍ စာတန်​သည် သူတို့ကို အသေအချာ​အကဲခတ်​နေခဲ့​သည်။ လူတို့၏​လိုအပ်ချက်​များ၊ စိတ်ဝင်စား​ရာ​များ၊ အလိုဆန္ဒ​များ​စ​သည့် လူ့​သဘောသဘာဝ​ကို သူသိ​သည်။ လူသည် ဝိညာဉ်​ရေး​လိုအပ်ချက်​ဖြင့် ဖန်ဆင်း​ခံ​ခဲ့​ရ​ကြောင်း စာတန် ကောင်းစွာ​သိရှိပြီး ယင်း​လိုအပ်ချက်​ကို ပါးနပ်​စွာ​အမြတ်​ထုတ်ခဲ့​သည်။ မည်သို့​အားဖြင့်​နည်း။ လူသားတို့အား ဘာသာရေးဆိုင်ရာ​မုသား​များ​ကို သွန်သင်​ပေးခြင်း​ဖြင့်​ဖြစ်သည်။ (ယောဟန် ၈:၄၄) ဘုရားသခင်​နှင့်​ပတ်သက်​သည့် ဘာသာရေးဆိုင်ရာ​သွန်သင်ချက်​များစွာ​သည် ရှေ့နောက်​မညီ​ဘဲ ရှုပ်ထွေး​နေသည်။ ယင်းသည် မည်သူ​၏​ရည်ရွယ်ချက်ကို အထမြောက်​စေ​သည်​ဟု သင်​ထင်​သနည်း။ ရှေ့နောက်​မညီသော​သွန်သင်ချက်​အားလုံး မမှန်​နိုင်​ပေ။ ထို့​ကြောင့် စာတန်​သည် လူများ​ကို​လှည့်ဖြား​ရန် ရည်ရွယ်​၍ ဘာသာရေး​သွန်သင်ချက်​များစွာကို ဖန်တီး​အသုံးပြု​နေခြင်း​မှာ မဖြစ်​နိုင်​ပေ​လော။ အမှန်​မှာ သမ္မာကျမ်းစာ​က သူ့​အား လူတို့၏​ဉာဏ်​မျက်စိ​များ​ကို ကွယ်​စေသော ‘ဤ​လောကကို​အစိုးရ​သော​ဘုရားသခင်’ ဟု​ခေါ်ထား​သည်။—၂ ကောရိန္သု ၄:၄

ဘုရားသခင်​ရေးရာ​အမှန်တရားသည် လူတစ်ဦးကို ဘာသာရေး​လိမ်လည်​လှည့်ဖြားမှု​များ​မှ ကာကွယ်​ပေး​နိုင်​သည်။ သမ္မာကျမ်းစာ​က ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ အမှန်တရားကို ရှေးခေတ်​မှ​စစ်သား​တစ်ဦး ခါးကို​ကာကွယ်​ရန်​ဝတ်ဆင်​သည့် ခါးပန်း​နှင့် နှိုင်းယှဉ်​ထား​သည်။ (ဧဖက် ၆:၁၄) သင်သည် ခါး​တွင် ခါးပန်းစည်း​ထား​သကဲ့သို့ သမ္မာကျမ်းစာ​အသိပညာကို ဆည်းပူး​ရယူ​ပြီး ယင်း​နှင့်​အညီ အသက်ရှင်​နေထိုင်ပါ​က ဘုရားသခင့်​နှုတ်မြွက်​စကားတော်​သည် ဘာသာရေး​လိမ်လည်မှု​များနှင့် အမှား​များ​မှ သင့်ကို ကာကွယ်​စောင့်ထိန်း​ပေး​လိမ့်​မည်။

လူတို့၏ ဝတ်ပြု​ကိုးကွယ်​လို​စိတ်​က မိမိတို့​မသိသော​အရာများ​ကို စူးစမ်း​လေ့လာ​စေ​သည်။ ယင်းက သူတို့ကို စာတန်​၏​လှည့်စား​တတ်သော ပရိယာယ်​နောက်တစ်ခု​နှင့် ရင်ဆိုင်​တွေ့ကြုံ​စေ​သည်။ ထူးဆန်းသော၊ လျှို့ဝှက်​နက်နဲ​သော​အရာများ​ကို စပ်စု​လို​သည့်​လူ့​သဘာဝ​ကို စာတန် အမြတ်​ထုတ်​လျက် နတ်​ဝိဇ္ဇာ​အတတ်ပညာ​များ​ကို​သုံး​ခြင်း​ဖြင့် လူများစွာကို သူ့​လက်အောက်​ကျရောက်​စေ​ခဲ့​သည်။ မုဆိုး​သည် သားကောင်​ကို​မျှား​ရန် အစာကို​အသုံးပြု​သကဲ့သို့ စာတန်​သည် ကမ္ဘာ​တစ်ဝန်း​ရှိ​လူများ​ကို ဆွဲဆောင်​ရန်​နှင့် ကျော့မိ​စေရန် အနာဂတ်​ဟောခြင်း၊ ဗေဒင်​အတတ်၊ စိတ်​ညှို့​ပညာ၊ စုန်းအတတ်၊ လက္ခဏာ​ကြည့်​ဟော​သည့်​အတတ်​နှင့် မှော်အတတ် စ​သည့်​နည်း​ပရိယာယ်​များ​ကို အသုံးပြု​သည်။—ဝတ်ပြုရာ ၁၉:၃၁; ဆာလံ ၁၁၉:၁၁၀

နတ်​ဝိဇ္ဇာ​အတတ်ပညာ​များ​တွင် မ​ကျော့မိ​စေရန် သင့်ကိုယ်​သင် မည်သို့ ကာကွယ်​မည်​နည်း။ တရားဟောရာ ၁၈:၁၀-၁၂ က ဤသို့​ဖော်ပြ​သည်– ‘သင်တို့တွင် မိမိ​သားသမီးကို မီး​ဖြင့်​ပူဇော်​သော​သူ၊ ဖြစ်လတ္တံ့​သော​အမှုကို ကိုယ်​ဉာဏ်​နှင့်​ဟောပြောသော​သူ၊ ကာလ​ဗေဒင်​ကို​ကြည့်​သော​သူ၊ မကောင်းသော​အတတ်ကို​ပြုစု​သော​သူ၊ ပြုစား​တတ်သော​သူ၊ စာတန်​နှင့်​ပေါင်း​သော​သူ၊ ဝိဇ္ဇာ​အတတ်ကို​ပြုစု​သော​သူ၊ လူသေကို​မေးမြန်း​သော​သူ တစ်စုံ​တစ်ယောက်မျှ​မရှိ​ရ။ ထိုသို့​ပြု​တတ်သော​သူအပေါင်း​တို့ကို ထာဝရ​ဘုရားသခင် စက်ဆုပ်​ရွံရှာ​တော်​မူ​၏။ ထို​စက်ဆုပ်​ရွံရှာဖွယ်​သော​အမှု​များ​တို့​ကြောင့် သင်၏​ဘုရားသခင်​သည် ထို​လူမျိုး​တို့ကို သင့်​ရှေ့​မှ​နှင်ထုတ်​တော်​မူ​၏။’

သမ္မာကျမ်းစာ​၏ တိကျ​ပြတ်သား​သော အကြံဉာဏ်​မှာ နတ်​ဝိဇ္ဇာ​အတတ်​နှင့် လုံးဝ​မပတ်သက်​ရန်ဖြစ်​သည်။ သင်သည် တစ်ချိန်က နတ်​ဝိဇ္ဇာ​အတတ်​တစ်မျိုး​မျိုး​တွင် ပါဝင်​ပတ်သက်​ခဲ့​ပြီး ယခု ယင်း​တို့​နှင့် အဆက်ဖြတ်​လိုလျှင်​ကော အသို့နည်း။ ဧဖက်​မြို့ရှိ အစောပိုင်း​ခရစ်ယာန်​တို့၏ ပုံသက်သေ​ကို သင်​လိုက်လျှောက်​နိုင်​သည်။ သူတို့သည် ယေဟောဝါ​၏​နှုတ်မြွက်တော်​ကို လက်ခံ​ပြီး​သောအခါ “နတ်​ဝိဇ္ဇာ​အတတ်ကို သုံးဆောင်​သော​သူ​အများ​တို့သည်​လည်း မိမိတို့​စာစောင်​ကို​ယူ​ခဲ့​၍ လူအပေါင်း​တို့​ရှေ့မှာ မီးရှို့​ကြ​၏” ဟု​သမ္မာကျမ်းစာ​က​ဆို​သည်။ ယင်း​စာအုပ်​များ​မှာ တန်ဖိုး​ကြီး​ပြီး ငွေ​အသပြာ​ငါး​သောင်း​အဖိုးထိုက်​သည်။ (တမန်​တော် ၁၉:၁၉၊ ၂၀) သို့သော် ဧဖက်​မြို့ရှိ​ခရစ်ယာန်​များသည် ယင်း​တို့ကို ဖျက်ဆီး​ပစ်​ရန် မတွန့်​ဆုတ်​ခဲ့​ကြ​ချေ။

လူ့​အားနည်းချက်များ​ကို စာတန် အမြတ်​ထုတ်

စုံလင်သော​ကောင်းကင်တမန်​သည် မာန်​မာနစိတ်ကို အညံ့​ခံ​ခဲ့​သောကြောင့် စာတန်​ဖြစ်လာ​ခဲ့​သည်။ ဧဝ​ကိုလည်း မာန​စိတ်၊ ဘုရားသခင်​နှင့်​တူ​လို​သည့် ကိုယ်ကျိုးရှာ​စိတ်ဝင်​လာအောင် သူ​နှိုးဆွ​ပေး​ခဲ့​သည်။ ယနေ့ စာတန်​သည် လူ​တို့​တွင်ရှိသော မာနစိတ်ကို နှိုးဆွ​ပေးခြင်း​ဖြင့် လူများစွာကို သူ့​လက်ခုပ်​တွင်း​သို့ ရောက်ရှိ​စေ​ခဲ့ပြီ။ ဥပမာ​အနေ​နှင့် အချို့​သူတို့က ကိုယ့်​လူမျိုး၊ ကိုယ့်​မျိုးနွယ်စု၊ ကိုယ့်​နိုင်ငံသား​သည် အခြားသူ​တို့​ထက် သာလွန်​သည်​ဟု ထင်မှတ်​ကြ​၏။ ယင်းသည် သမ္မာကျမ်းစာ​သွန်သင်ရာ​နှင့် မည်မျှ​ခြားနား​လိုက်​လေ​ခြင်း။ (တမန်​တော် ၁၀:၃၄၊ ၃၅) သမ္မာကျမ်းစာ​က ဤသို့​ရှင်းရှင်းလင်းလင်း ဖော်ပြ​သည်– “ဘုရားသခင်​သည် မြေတစ်ပြင်လုံး၌​နေရ​သော လူအမျိုးမျိုး​တို့ကို တစ်​သွေး​တည်း​နှင့်​ဖန်ဆင်း​တော်​မူ” ၏။—တမန်​တော် ၁၇:၂၆

မာန်​မာနစိတ်ကို နှိုးဆွ​ပေး​သည့် စာတန်​၏​ကြိုးစား​အားထုတ်မှု​များ​ကို ကာကွယ်​နိုင်သော ထိရောက်​သည့်​နည်း​တစ်နည်း​မှာ စိတ်​နှိမ့်ချ​ခြင်း​ဖြစ်သည်။ သမ္မာကျမ်းစာ​က “ကိုယ်ကို ထင်​သင့်​သည်​အတိုင်း​ထက်​လွန်​၍​မထင်” ရန် ကျွန်ုပ်​တို့ကို တိုက်တွန်း​ထား​သည်။ (ရောမ ၁၂:၃) “ထောင်လွှား​စော်ကား​သော​သူတို့ကို ဘုရားသခင်​ဆီးတား​တော်​မူ​၏။ စိတ်​နှိမ့်ချသော​သူတို့အား ကျေးဇူးပြု​တော်​မူ​၏” ဟု​လည်း ဖော်ပြ​သည်။ (ယာကုပ် ၄:၆) ထို့​ကြောင့် စာတန်​၏​ကြိုးစား​အားထုတ်မှု​များ​ကို တွန်းလှန်​နိုင်​သည့် ထိရောက်​သော​နည်း​မှာ သင့်​ဘဝ​အသက်တာတွင် နှိမ့်ချ​ခြင်း​နှင့် ဘုရားသခင်​နှစ်သက်သော အခြား​အရည်အသွေးများ​ကို ထင်ရှားပြ​ခြင်း​ဖြစ်သည်။

စာတန်​သည် လူ့​အားနည်းချက်​ဖြစ်သည့် မှားယွင်းသော​သွေးသား​လိုအင်ဆန္ဒ​ကို အမြတ်​ထုတ်​ရန်​လည်း ကြိုးစား​သည်။ ယေဟောဝါ​ဘုရားသခင်​သည် လူသားများ​အား ဘဝကို ပျော်မွေ့​စေ​လို​တော်​မူ​သည်။ ကျွန်ုပ်​တို့၏ အလိုဆန္ဒများကို ဘုရားသခင့်​အလိုတော်​ဆိုင်ရာ ဘောင်​အတွင်း​တွင် ဖြည့်ဆည်း​ပါ​က စစ်မှန်သော​ပျော်ရွှင်မှု​ခံစားရ​မည်။ သို့သော် စာတန်​သည် လူသားများ​အား သူတို့၏​အလိုဆန္ဒများကို အကျင့်​ယိုယွင်းသော​နည်းများဖြင့် ဖြည့်ဆည်း​ရန် သွေးဆောင်​တော်​မူ​သည်။ (၁ ကောရိန္သု ၆:၉၊ ၁၀) ထို့​ကြောင့် သန့်ရှင်း​စင်ကြယ်သော​အရာများ​အပေါ် အာရုံစိုက်​နေခြင်း​က သာ၍​ကောင်း​သည်။ (ဖိလိပ္ပိ ၄:၈) ယင်းက သင့်​အတွေးအခေါ်​များနှင့် စိတ်​လှုပ်ရှားမှုများ​ကို ကောင်းစွာ​ထိန်းချုပ်​နိုင်​ရန် သင့်​အား ကူညီပေး​လိမ့်​မည်။

စာတန်​ကို တွန်းလှန်​နေလော့

စာတန်​ကို တွန်းလှန်​ရာ​တွင် သင်​အောင်မြင်​နိုင်​သလော။ အောင်မြင်​နိုင်​ပါ​သည်။ သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့ကို ဤသို့​အာမခံ​သည်– ‘စာတန်​ကို​ဆီးတား​ကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့​ထံ​က​ပြေး​သွား​လိမ့်​မည်။’ (ယာကုပ် ၄:၇) စာတန်​ကို သင်​ဆန့်ကျင်​နေလျှင်​ပင် သူသည် ချက်ချင်း​အရှုံးပေး​မည်​မဟုတ်ပါ၊ ဘုရားသခင်​ရေးရာ​အသိပညာ ဆည်းပူး​ရယူ​သည်​နှင့်​အမျှ သင့်​တွင် အခြား​ပြဿနာ​များ ဖြစ်ပေါ်​စေခြင်း​ကို ရပ်တန့်​လိမ့်​မည်​မဟုတ်ပေ။ “အခွင့်အခါ​ကောင်း” သော​နောင်​တစ်ချိန်ချိန်​တွင် ထပ်​ကြိုးစား​ဦး​မည်​ဖြစ်သည်။ (လုကာ ၄:၁၃သတင်းကောင်း) သို့သော် စာတန်​ကို သင်​ကြောက်​ဖို့​မလိုပါ။ သူ့ကို ဆက်​တွန်းလှန်​နေပါက စစ်မှန်သော​ဘုရားသခင်​ထံ​မှ ဝေးကွာ​သွားစေရန် သူတတ်​စွမ်း​နိုင်​မည်​မဟုတ်ပေ။

သို့သော် စာတန်​ကို​တွန်းလှန်​ရန် သူ​မည်သူ​ဖြစ်​ကြောင်း၊ လူများ​ကို သူ​မည်သို့​လှည့်ဖြား​ကြောင်း​နှင့် သူ့​အကြံအစည်​များ​ကို ကာကွယ်​ရန် သင်​ပြုလုပ်​နိုင်ရာ​များ​ကို​ပါ သိရှိ​ထား​ရန်လို​အပ်​သည်။ ထို​အသိပညာ​ရနိုင်​သည့် တစ်ခု​တည်း​သော တိကျ​မှန်ကန်​သည့်​ရင်းမြစ်​မှာ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ဖြစ်သည့် သမ္မာကျမ်းစာ​ဖြစ်သည်။ ထို့​ကြောင့် မှုတ်သွင်းခံ​သမ္မာကျမ်းစာ​ကို လေ့လာ​ရန်​နှင့် သင်ယူ​သိရှိလာရာ​များ​ကို အသက်တာတွင် လက်တွေ့​ကျင့်သုံး​ရန် အခိုင်အမာ​ဆုံးဖြတ်​ပါ။ သင့်​ဒေသ​ရှိ ယေဟောဝါသက်သေ​များသည် သင်​အဆင်ပြေ​သည့်​အချိန်တွင် ထိုသို့​လေ့လာ​နိုင်​ရန် အ​ခ​မယူ​ဘဲ သင့်ကို ဝမ်းသာ​အားရ​ကူညီပေး​လို​ကြသည်။ သူတို့ကို​ဆက်သွယ်​ရန် သို့​မဟုတ် ဤ​မဂ္ဂဇင်း​ထုတ်ဝေ​သူတို့​ထံ စာရေး​ရန် ကျေးဇူးပြု​၍ မတွန့်​ဆုတ်​ပါ​နှင့်။

သင်​ကျမ်းစာ​လေ့လာ​သည်​နှင့်​အမျှ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ အမှန်တရား​သင်ယူ​နေခြင်း​ကို ရပ်တန့်​သွားစေရန် ဆန့်ကျင်မှု သို့​မဟုတ် ညှဉ်းပန်း​နှိပ်စက်မှု​များ​ကို စာတန် အသုံးပြုနိုင်​ကြောင်း သင်​သိထား​ရန်လို​အပ်​သည်။ သင်​ကျမ်းစာ​လေ့လာ​နေသော​ကြောင့် သင်​ချစ်​မြတ်နိုး​ရသူ​အချို့ စိတ်ဆိုး​ပေမည်။ အကြောင်း​မှာ ကျမ်းစာ​ပါ အံ့ချီးဖွယ်​အမှန်တရားကို သူတို့​မသိသော​ကြောင့် ဖြစ်​မည်။ အခြားသူများ​မူ သင့်ကို​ပြောင်လှောင်​ကြ​ပေမည်။ သို့သော် ထိုသို့​သော​ဖိအားပေး​မှုများ​ကို သင်​အရှုံးပေး​လိုက်ပါ​က ဘုရားသခင် ပျော်ရွှင်​ကျေနပ်​ပါ​မည်​လော။ စစ်မှန်သော​ဘုရားသခင်​အကြောင်း သင်ယူ​နေခြင်း​ကို ရပ်တန့်​လိုက်​သည်​အထိ သင့်ကို စာတန် စိတ်ပျက်​အားလျော့​စေ​လို​သည်။ စာတန်​ကို အရှုံးမပေး​လိုက်ပါ​နှင့်။ (မဿဲ ၁၀:၃၄-၃၉) သင်သည် စာတန့်​အပေါ် ပေး​ဆပ်​စ​ရာ မည်သည့်​အကြွေး​မျှ​မရှိပါ။ သင့်​အသက်​အတွက် ယေဟောဝါ​အပေါ် အကြွေးတင်​နေသည်။ ထို့​ကြောင့် စာတန်​ကို တွန်းလှန်​ရန်​အခိုင်အမာ​ဆုံးဖြတ်ပြီး ‘ယေဟောဝါ​၏ စိတ်တော်​ကို​ရွှင်လန်း​စေ’ ပါ။—သု. ၂၇:၁၁

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ခရစ်ယာန်​ဖြစ်လာ​သူများ​သည် သူတို့၏​နတ်​ဝိဇ္ဇာ​အတတ်ပညာ​ဆိုင်ရာ စာအုပ်​များ​ကို မီးရှို့​ခဲ့​ကြ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ​ကို လေ့လာ​ရန် အခိုင်အမာ​ဆုံးဖြတ်​ပါ