မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာတန် တကယ်ရှိသလော

စာတန် တကယ်ရှိသလော

စာတန် တကယ်​ရှိသလော

စာတန်​နှင့်​ပတ်သက်​သည့် သင့်​အယူအဆ​ကား​အဘယ်နည်း။ လူ​တို့ကို မကောင်းမှု​များ​ပြု​စေရန် လှည့်ဖြား​သည့် တကယ့်​ပုဂ္ဂိုလ်​တစ်ဦး​ဟု ယူဆ​သလော သို့​မဟုတ် မကောင်းသော​စိတ်​တစ်ခုမျှသာ​လော။ စာတန်​သည် ကြောက်စရာ​ကောင်းသော ပုဂ္ဂိုလ်​တစ်ဦး​လော။ အယူသီး​သော​စိတ်ကူး​စိတ်​သန်း သို့​မဟုတ် ဒဏ္ဍာရီ​လာ​ပုဂ္ဂိုလ်​တစ်ဦး​ဟု​သာ​ယူမှတ်​ပြီး ပေါ့ပေါ့တန်တန် သဘောထား​သင့်​သလော။ “စာတန်” ဟူသော​စကားလုံး​သည် စကြဝဠာ​တွင်ရှိသော အကောင်အထည်မဲ့​အဖျက်​စွမ်းအား​စု​ကို ဆိုလို​သလော။ မျက်မှောက်ခေတ် ကျမ်း​ပညာရှင်​များ​ဆို​သကဲ့သို့ ဤ​ဝေါဟာရ​သည် လူ​တို့​တွင်​ကိန်းအောင်း​နေသည့် ဉာဉ်ဆိုး​၏ အမှတ်လက္ခဏာ​တစ်ခု​လော။

စာတန်​မည်သူ​ဖြစ်သည်​နှင့်​ပတ်သက်​၍ လူတို့၏ အမြင်​သဘောထား အမျိုးမျိုး​ကွဲလွဲ​နေကြ​သည်​မှာ အဆန်း​မဟုတ်ပေ။ ရုပ်​ပြောင်း​ရုပ်​လွှဲ​ဝိဇ္ဇာ​တစ်ဦး၏ ဥပဓိရုပ်​မှန်​ကို ဖော်ထုတ်​ရန် မည်မျှ​ခက်ခဲ​သည်ကို စဉ်းစား​ကြည့်​ပါ။ အထူးသဖြင့် သူ၏​ဥပဓိရုပ်​မှန်​ကို ဖုံးကွယ်​ထား​ဖို့ စိတ်ပိုင်းဖြတ်​ထားသော​အခါ​တွင်​ဖြစ်သည်။ သမ္မာကျမ်းစာ​က စာတန်​ကို ထိုသို့​သော​ပုဂ္ဂိုလ်​ဖြစ်သည်ဟု ဆို​သည်။ သူ့ကို ရည်ညွှန်း​၍ “စာတန်​ပင်​လျှင် လင်း​သော​ကောင်းကင်တမန် ဖြစ်ယောင်ဆောင်​တတ်၏” ဟု​ပြော​သည်။ (၂ ကောရိန္သု ၁၁:၁၄) စာတန်​သည် ဆိုးညစ်​ယုတ်မာ​သော်လည်း အခြား​သူများကို လှည့်စား​ရန် သူတော်ကောင်း​ယောင်ဆောင်​တတ်​သည်။ မိမိ တကယ်​မရှိကြောင်း လူများ​ကို အယုံသွင်း​နိုင်​ပါ​က မိမိ၏​ရည်ရွယ်ချက်များ​ကို စိတ်တိုင်းကျ အကောင်အထည်ဖော်​နိုင်​မည်​ဖြစ်သည်။

ထိုသို့​ဆိုလျှင် စာတန် အမှန်တကယ် မည်သူ​နည်း။ အဘယ်​အချိန်တွင် အဘယ်​နည်းဖြင့် စာတန်​ဖြစ်ပေါ်​လာ​သနည်း။ ယနေ့ လူများ​ကို သူ​မည်သို့ ဩဇာ​လွှမ်းမိုး​နေသနည်း။ ထို​သြဇာ​လွှမ်းမိုးမှုကို တွန်းလှန်​ဖို့ ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။ သမ္မာကျမ်းစာ​တွင် စာတန်​နှင့်​ပတ်သက်သော တိကျ​မှန်ကန်​သည့် သမိုင်းကြောင်း​ပါဝင်​ပြီး ထို​မေးခွန်းများ​၏ အဖြေ​မှန်​ကို​ပေး​ထား​သည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

မျက်နှာဖုံး​နောက်ကွယ်​ရှိ​လူတစ်ဦး​၏ ဥပဓိရုပ်​မှန်​ကို ဖော်ထုတ်​ရန် ခက်ခဲ​လှ​သည်