‘ထာဝရဘုရားသခင်၏လမ်းတော်တို့သည် ဖြောင့်ကြ၏’
‘ထာဝရဘုရားသခင်၏လမ်းတော်တို့သည် ဖြောင့်ကြ၏’
‘ထာဝရဘုရားသခင်၏လမ်းတော်တို့သည် ဖြောင့်ကြ၏။ ဖြောင့်မတ်သောသူတို့သည် လိုက်ကြလိမ့်မည်။’—ဟောရှေ ၁၄:၉။
၁၊ ၂။ ယေဟောဝါသည် ဣသရေလလူတို့ကို မည်သို့အစပျိုးခဲ့သနည်း။ သို့သော် သူတို့ အဘယ်သို့ဖြစ်သွားသနည်း။
ပရောဖက် မောရှေလက်ထက်တွင် ယေဟောဝါသည် ဣသရေလလူမျိုးအား ဖြောင့်မတ်သောလမ်းကိုလိုက်ရန် အစပျိုးပေးခဲ့သည်။ သို့ရာတွင် ဘီ.စီ.အီး. ရှစ်ရာစုအစပိုင်းရောက်သော် သူတို့ကို ကြီးလေးသောအပြစ်ပြုသူများအဖြစ် ဘုရားသခင် ရှုမြင်သည့်အထိ သူတို့၏အခြေအနေ လွန်စွာဆိုးရွားလာလေသည်။ ဟောရှေ အခန်းကြီး ၁၀ မှ ၁၄ တွင် ယင်းအကြောင်း ပေါ်လွင်ထင်ရှား၏။
၂ ဣသရေလလူမျိုးသည် အရေခြုံများဖြစ်လာကြသည်။ ဆယ်နွယ်နိုင်ငံသည် မကောင်းမှုကို ကြဲသည့်အတွက် မဖြောင့်မတ်မှုကို ရိတ်ရသည်။ (ဟောရှေ ၁၀:၁၊ ၁၃) ယေဟောဝါက “ဣသရေလသည် အသက်ငယ်သောအခါ ငါသည်ချစ်၍ ငါ့သားကို အဲဂုတ္တုပြည်မှခေါ်ခဲ့ပြီ” ဟုမိန့်ဆိုခဲ့၏။ (ဟောရှေ ၁၁:၁) ဘုရားသခင်သည် ဣသရေလလူတို့ကို အီဂျစ်ကျွန်သပေါက်အဖြစ်မှ ကယ်တင်ခဲ့သော်လည်း သူတို့သည် ကိုယ်တော်အား လိမ်လည်လှည့်ဖြားခဲ့ကြသည်။ (ဟောရှေ ၁၁:၁၂) ထို့ကြောင့် ယေဟောဝါက သူတို့ကို ဤသို့သတိပေးဆုံးမခဲ့သည်– ‘သင်၏ဘုရားသခင့်ထံတော်သို့ ပြန်လာလော့။ ကရုဏာတရား၊ ဖြောင့်မတ်ခြင်းတရားကို စောင့်ရှောက်လော့။’—ဟောရှေ ၁၂:၆။
၃။ ပုန်ကန်တတ်သောရှမာရိလူမျိုးသည် အဘယ်သို့ဖြစ်ရမည်နည်း။ သို့သော် ဣသရေလလူမျိုးသည် မည်သို့ကရုဏာတော် ပြခံရနိုင်သနည်း။
၃ ပုန်ကန်တတ်သောရှမာရိလူမျိုးနှင့် ၎င်း၏ရှင်ဘုရင်သည် ဘေးဆိုးနှင့် ဇာတ်သိမ်းရမည်။ (ဟောရှေ ၁၃:၁၁၊ ၁၆) သို့သော် ဟောရှေပရောဖက်ပြုချက်၏နောက်ဆုံးအခန်းကြီးကို ဤမေတ္တာရပ်ခံချက်ဖြင့် အစပြုထားသည်– ‘အိုဣသရေလ၊ သင်၏ဘုရားသခင် ယေဟောဝါထံတော်သို့ပြန်လာပါ။’ ဣသရေလလူတို့သည် နောင်တရလျက် ခွင့်လွှတ်မှုကို တောင်းဆိုလျှင် ဘုရားသခင်၏ကရုဏာ ခံစားရလိမ့်မည်။ ‘ထာဝရဘုရားသခင်၏လမ်းတော်တို့သည် ဖြောင့်မှန်’ ကြောင်း အသိအမှတ်ပြုပြီး ထိုလမ်းတော်တွင် သူတို့လျှောက်ကြရမည်။—ဟောရှေ ၁၄:၁-၆၊ ၉။
၄။ ဟောရှေပရောဖက်ပြုချက်မှ အဘယ်မူများကို ကျွန်ုပ်တို့သုံးသပ်ကြမည်နည်း။
၄ ဟောရှေပရောဖက်ပြုချက်၏ ဤအပိုင်းတွင် ဘုရားသခင်နှင့်အတူ ကျွန်ုပ်တို့ လျှောက်လှမ်းနိုင်ရန် ထောက်ကူသည့် မူများစွာပါရှိသည်။ အောက်ပါမူများကို ကျွန်ုပ်တို့ သုံးသပ်ကြမည်။ (၁) ယေဟောဝါသည် ဟန်ဆောင်မှုကင်းသည့် ဝတ်ပြုရေးကို တောင်းဆိုတော်မူသည်။ (၂) ဘုရားသခင်သည် မိမိ၏လူတို့ကို မြဲမြံသောမေတ္တာပြတော်မူသည်။ (၃) ကျွန်ုပ်တို့သည် ယေဟောဝါကို အစဉ်မပြတ်မျှော်လင့်ရန်လိုသည်။ (၄) ယေဟောဝါ၏လမ်းတော်တို့သည် အမြဲဖြောင့်မှန်၏။ (၅) အပြစ်ပြုသူများသည် ယေဟောဝါထံ ပြန်လှည့်လာနိုင် ကြသည်။
ယေဟောဝါသည် ဟန်ဆောင်မှုကင်းသည့် ဝတ်ပြုရေးကို တောင်းဆိုတော်မူ
၅။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သို့အမှုထမ်းဆောင်စေလိုသနည်း။
၅ ယေဟောဝါ၏မြင့်မြတ်သောလုပ်ငန်းတော်ကို ကျွန်ုပ်တို့ထမ်းဆောင်သည့်အခါ သန့်ရှင်းစင်ကြယ်ပြီး ဟန်ဆောင်မှုကင်းရန် ကိုယ်တော် တောင်းဆိုတော်မူသည်။ ဣသရေလလူမျိုးမူကား သီးဖျင်းများစွာသီးသည့် စပျစ်နွယ်ပင် ဖြစ်လာသည်။ ဣသရေလလူတို့သည် မှားယွင်းသောဝတ်ပြုရေးအတွက် ‘ယဇ်ပလ္လင်များစွာ’ တည်ဆောက်ခဲ့ကြသည်။ အဆိုပါအယူဖောက်ပြန်သူများသည် မစင်ကြယ်သောဝတ်ပြုရေးအတွက် လေးမြှောင့်ထိပ်ချွန် ကျောက်တိုင်များဖြစ်နိုင်သည့် တိုင်များကိုပင် ဆောက်လုပ်ခဲ့ကြ၏။ ယေဟောဝါသည် ထိုယဇ်ပလ္လင်များကို ဖြိုချပြီး ထိုတိုင်များကို ဖျက်ဆီးပစ်ခဲ့၏။—ဟောရှေ ၁၀:၁၊ ၂။
၆။ ဘုရားသခင်နှင့်အတူ ကျွန်ုပ်တို့ လျှောက်လှမ်းလိုလျှင် အဘယ်အကျင့်စရိုက်ကို ဖယ်ရှားကြရမည်နည်း။
၆ ယေဟောဝါ၏ကျေးကျွန်များတွင် အရေခြုံဟန်ဆောင်မှုအတွက် နေရာမရှိချေ။ သို့တိုင် ဣသရေလလူတို့သည် အဘယ်သို့ဖြစ်လာကြသနည်း။ သူတို့စိတ်နှလုံး ဖောက်ပြန်ကာ အရေခြုံဟန်ဆောင်တတ်လာကြသည်။ သူတို့သည် တစ်ချိန်က ယေဟောဝါထံ ဆက်ကပ်အပ်နှံထားသူများအဖြစ် ကိုယ်တော်နှင့် ပဋိညာဉ်ဖွဲ့ခဲ့ကြသော်လည်း ကိုယ်တော်သည် သူတို့ကို အရေခြုံဟန်ဆောင်သူများအဖြစ် ရှုမြင်တော်မူသည်။ ၎င်းမှ အဘယ်သင်ခန်းစာရရှိနိုင်သနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံထားလျှင် အရေခြုံဟန်ဆောင်သူများ မဖြစ်ကြရချေ။ နယပုံပြင် ၃:၃၂ ကဤသို့သတိပေးသည်– ‘ထာဝရဘုရားသခင်သည် သဘောကောက်သောသူတို့ကို စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်သောသူတို့မူကား ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့ရသောအခွင့်ရှိကြ၏။’ ဘုရားသခင်နှင့်အတူ ကျွန်ုပ်တို့ လျှောက်လှမ်းနိုင်ရန် “စင်ကြယ်သောစိတ်နှလုံးနှင့်လည်းကောင်း၊ ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်ခြင်းနှင့်လည်းကောင်း၊ ဟန်ဆောင်ခြင်းကင်းသော ယုံကြည်ခြင်းနှင့်လည်းကောင်းစပ်ဆိုင်သော” မေတ္တာကို တင်ပြကြရမည်။—၁ တိမောသေ ၁:၅၊ သမ္မာ။
ဘုရားသခင်သည် မိမိ၏လူတို့ကို မြဲမြံသောမေတ္တာပြ
၇၊ ၈။ (က) အဘယ်အခြေအနေမျိုးတွင် ဘုရားသခင်၏မြဲမြံသောမေတ္တာကို ခံစားရနိုင်သနည်း။ (ခ) ကျွန်ုပ်တို့သည် ကြီးလေးသောအပြစ်ပြုမိခဲ့လျှင် အဘယ်အရာ ပြုလုပ်သင့်သနည်း။
၇ ကျွန်ုပ်တို့သည် အရေခြုံဟန်ဆောင်မှုကင်းပြီး ဖြောင့်မတ်သည့်လမ်းစဉ်အတိုင်း ယေဟောဝါအား ကိုးကွယ်လျှင် ကိုယ်တော်၏ချစ်ခင်ကြင်နာမှု သို့မဟုတ် မြဲမြံသောမေတ္တာ ခံစားရမည်။ ထင်ရာစိုင်းတတ်သော ဣသရေလလူတို့သည် ဤသို့မိန့်ဆိုခံခဲ့ရ၏– ‘ကိုယ်အဖို့ ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲ၍ ကရုဏာတော် အသီးအနှံကို ရိတ်ကြလော့။ မလုပ်သေးသောလယ်ကို ထွန်ကြလော့။ ထာဝရဘုရားသခင်သည် ကြွလာ၍ သင်တို့အပေါ်သို့ ဖြောင့်မတ်ခြင်းမိုးကို ရွာစေတော်မမူမီတိုင်အောင် ကိုယ်တော်ကိုရှာရသောအချိန် ရောက်လေပြီ။’—ဟောရှေ ၁၀:၁၂။
၈ ဣသရေလလူတို့သည် နောင်တရလျက် ယေဟောဝါအား ရှာလျှင် ကောင်းလိုက်မည်ဖြစ်ခြင်း။ ထိုအခါ ကိုယ်တော်သည် သူတို့အား “ဖြောင့်မတ်ခြင်း” တရားကို ဝမ်းသာအားရ သွန်သင်ပေးတော်မူမည်။ ကျွန်ုပ်တို့လည်း ကြီးလေးသောအပြစ်ပြုမိလျှင် ယေဟောဝါအားရှာ၍ ခွင့်လွှတ်မှုရရန် ဆုတောင်းပြီး ခရစ်ယာန်အကြီးအကဲများထံမှ ဝိညာဉ်ရေးအကူအညီ တောင်းခံကြပါစို့။ (ယာကုပ် ၅:၁၃-၁၆) ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုကိုလည်း ရှာယူပါလေ။ အကြောင်းမှာ “မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။” (ဂလာတိ ၆:၈) ကျွန်ုပ်တို့သည် “ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲ” မည်ဆိုလျှင် ဘုရားသခင်၏မြဲမြံသောမေတ္တာကို ခံစားနေကြရလိမ့်မည်။
၉၊ ၁၀။ ဟောရှေ ၁၁:၁-၄ သည်ဣသရေလလူမျိုးနှင့် မည်သို့သက်ဆိုင်သနည်း။
၉ ယေဟောဝါသည် မိမိ၏လူမျိုးကို မေတ္တာဖြင့် အမြဲဆက်ဆံကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ကြသည်။ ယင်းနှင့်ဆိုင်သောအထောက်အထားကို ဟောရှေ ၁၁:၁-၄ တွင်ဤသို့တွေ့ရှိရသည်– ‘ဣသရေလသည် အသက်ငယ်သောအခါ ငါသည်ချစ်၍ ငါ့သားကို အဲဂုတ္တုပြည်မှခေါ်ခဲ့ပြီ။ . . . ဗာလဘုရားတို့အား ယဇ်ပူဇော်၍ ရုပ်ပုံတို့အား နံ့သာပေါင်းကို မီးရှို့ကြ၏။ ငါသည် သွားတတ်သောအတတ်ကို ဧဖရိမ်အား လက်ဆွဲ၍ သွန်သင်၏။ သို့သော်လည်း ငါစောင့်မခြင်းကျေးဇူးကို သူသည် မသိဘဲနေ၏။ လူကိုဆွဲတတ်သောကြိုးတည်းဟူသော မေတ္တာကြိုးနှင့် ငါဆွဲငင်၏။ ပါးရိုးအနားမှ ထမ်းပိုးကိုရွှေ့၍ ဖြည်းညှင်းစွာကျွေး၏။’
၁၀ ဤတွင် ဣသရေလလူမျိုးကို ကလေးငယ်တစ်ဦးနှင့် နှိုင်းယှဉ်ထားသည်။ ယေဟောဝါသည် ဣသရေလလူတို့ကို လက်ဆွဲ၍ လမ်းလျှောက်သင်ပေးသည်။ ထို့ပြင် သူတို့ကို “မေတ္တာကြိုး” နှင့်ဆွဲငင်၏။ ကြည်နူးဖွယ်သရုပ်ဖော်ချက်ပါတကား။ သင်သည် ကလေးလမ်းစလျှောက်ရန် ကူညီပေးနေသော မိဘတစ်ဦးဆိုပါစို့။ ကလေးငယ် လဲမကျသွားစေရန် သင်၏လက်ကို ဆန့်ထားပေမည်။ သူ့ကိုယ်သူ ထိန်းနိုင်ရန် ကြိုးလည်း တန်းထားပေးပေမည်။ ယေဟောဝါ၏မေတ္တာသည်လည်း ထို့အတူ နှစ်သက်ကြည်နူးဖွယ်ကောင်း၏။ ကိုယ်တော်သည် သင့်အား “မေတ္တာကြိုး” ဖြင့်ခေါ်ဆောင်လိုသည်။
၁၁။ ဘုရားသခင်သည် အဘယ်နည်းဖြင့် “ထမ်းပိုးကိုရွှေ့” ပေးသူဖြစ်သနည်း။
၁၁ ဣသရေလလူတို့နှင့် ဆက်ဆံရာတွင် ယေဟောဝါသည် ‘ပါးရိုးအနားမှ ထမ်းပိုးကိုရွှေ့၍ ဖြည်းညှင်းစွာကျွေး’ သူသဖွယ် ဖြစ်လာ၏။ တိရစ္ဆာန်တစ်ကောင် သက်သောင့်သက်သာနှင့် အစာစားနိုင်ရန် ၎င်း၏ထမ်းပိုးကို မ,တင်ပြီး ရွှေ့ပေးသူကဲ့သို့ ဘုရားသခင် ပြုတော်မူခဲ့သည်။ ဣသရေလလူတို့သည် ယေဟောဝါအား လက်အောက်ခံခြင်း ထမ်းပိုးကို ချိုးဖျက်လိုက်သည့်အခါမှသာ ရန်သူများ၏ ဖိနှိပ်ခြင်းထမ်းပိုးအောက် ရောက်ခဲ့ကြရသည်။ (တရားဟောရာ ၂၈:၄၅၊ ၄၈; ယေရမိ ၂၈:၁၄) မဟာရန်သူစာတန်၏ ချုပ်ကိုင်မှုထမ်းပိုးအောက်ရောက်ပြီး သူ၏ဖိနှိပ်မှုဒဏ်ခံရသည့်အဖြစ်သို့ ဘယ်တော့မှ မရောက်ပါစေနှင့်။ သို့ဖြစ်မည့်အစား ကျွန်ုပ်တို့၏မေတ္တာရှင် ဘုရားသခင်နှင့်အတူ တည်ကြည်စွာလျှောက်လှမ်းနေကြပါစို့။
ယေဟောဝါကို အစဉ်မပြတ်မျှော်လင့်
၁၂။ ဟောရှေ ၁၂:၆ အရ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းနိုင်ရန် အဘယ်အရာလိုအပ်သနည်း။
၁၂ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းနိုင်ရန် ကိုယ်တော့်ကို အစဉ်မပြတ်မျှော်လင့်ရမည်။ ဣသရေလလူတို့သည် ဤသို့မိန့်ဆိုခံခဲ့ရသည်– “သင်၏ဘုရားသခင့်ထံတော်သို့ ပြန်လာလော့။ ကရုဏာတရား [“ချစ်ခင်ကြင်နာမှု၊” ကဘ]၊ ဖြောင့်မတ်ခြင်းကို စောင့်ရှောက်၍ သင်၏ဘုရားသခင်ကို အစဉ်မပြတ်မျှော်လင့်လော့။” (ဟောရှေ ၁၂:၆) ဣသရေလလူတို့သည် ချစ်ခင်ကြင်နာမှုဖော်ပြခြင်း၊ ဖြောင့်မတ်မှုကိုတင်ပြခြင်း၊ “ဘုရားသခင်ကို အစဉ်မပြတ်မျှော်လင့်” ခြင်းတို့အားဖြင့် နောင်တရလျက် ယေဟောဝါထံ ပြန်လာကြောင်း သက်သေပြနိုင်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းနေကြသည်မှာ မည်မျှပင်ကြာနေပါစေ၊ ချစ်ခင်ကြင်နာမှုနှင့် ဖြောင့်မတ်မှုတို့ကိုတင်ပြကာ ဘုရားသခင်အား အစဉ်မပြတ်မျှော်လင့်နေရန် သန္နိဋ္ဌာန်ချထားကြရမည်။—ဆာလံ ၂၇:၁၄။
၁၃၊ ၁၄။ ပေါလုသည် ဟောရှေ ၁၃:၁၄ ပြည့်စုံပုံကို မည်သို့ရှင်းပြသနည်း။ သို့ဖြင့် ယေဟောဝါအား မျှော်လင့်ရန် အဘယ်အကြောင်းရှိစေသနည်း။
၁၃ ဣသရေလလူတို့နှင့်ပတ်သက်သည့် ဟောရှေ၏ပရောဖက်ပြုချက်သည် ဘုရားသခင်ကို မျှော်လင့်ရန် ထူးခြားသည့်အကြောင်းရှိစေသည်။ ယေဟောဝါသည် ဤသို့မိန့်ဆိုခဲ့၏– ‘သူတို့ကို မရဏာနိုင်ငံ တန်ခိုးမှ ငါကယ်လွှတ်မည်။ သေမင်းလက်မှလည်း ရွေးမည်။ အိုသေမင်း၊ သင့်ကို ကာလနာစွဲစေမည်။ အိုမရဏာနိုင်ငံ၊ သင်၌ ဖျက်ဆီးသောဘေးကို ရောက်စေမည်။’ (ဟောရှေ ၁၃:၁၄) ယေဟောဝါသည် ထိုအချိန်က ဣသရေလလူတို့ကို ပကတိသေခြင်းမှ ကယ်တင်ပေးရန် မရည်ရွယ်ခဲ့သော်လည်း နောက်ဆုံးတွင် သေခြင်းနှင့် ၎င်း၏အောင်မြင်မှုကို အစတုံးပစ်လိမ့်မည်။
၁၄ ပေါလုသည် ဟောရှေ၏ပရောဖက်ပြုချက်ကို ကိုးကားပြီး ဝိညာဉ်တော်ဖွားခရစ်ယာန်ချင်းများထံ ဤသို့စာရေးခဲ့သည်– ‘ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့လည်းကောင်း၊ ဤသေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့လည်းကောင်း ဝင်စားသောအခါ သေခြင်းသည် အောင်ခြင်း၌နစ်မြုပ်ပြီဟု ကျမ်းစာ၌လာချက်ပြည့်စုံလိမ့်မည်။ အိုသေမင်း၊ သင်၏လက်နက်သည် အဘယ်မှာရှိသနည်း။ အိုမရဏာနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။ သေမင်း၏လက်နက်ကား၊ မကောင်းမှုအပြစ်ပေတည်း။ မကောင်းမှုအပြစ်၏တန်ခိုးကား၊ ပညတ်တရားပေတည်း။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကိုပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော်သည် ကြီးလှစွတကား။’ (၁ ကောရိန္သု ၁၅:၅၄-၅၇) ယေဟောဝါသည် ယေရှုကို သေခြင်းမှ ထမြောက်စေခြင်းက ဘုရားသခင်၏မှတ်ဉာဏ်တွင်ရှိသူများ ရှင်ပြန်ထမြောက်လာကြလိမ့်မည်ဟူသော စိတ်ချမ်းသာစရာ အာမခံချက်ကိုပေးသည်။ (ယောဟန် ၅:၂၈၊ ၂၉) ယင်းသည် ယေဟောဝါအား မျှော်လင့်သင့်သည့် အားရကျေနပ်ဖွယ်အကြောင်းပါတကား။ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အပြင် ဘုရားသခင်နှင့်အတူ ကျွန်ုပ်တို့လျှောက်လှမ်းရန် စေ့ဆော်ပေးသည့် အခြားအကြောင်းလည်းရှိသေးသည်။
ယေဟောဝါ၏လမ်းတော်တို့သည် အမြဲဖြောင့်မှန်
၁၅၊ ၁၆။ ရှမာရိမြို့နှင့်ပတ်သက်၍ မည်သည့်အရာ ကြိုဟောခဲ့သနည်း။ ထိုပရောဖက်ပြုချက်သည် မည်သို့ပြည့်စုံခဲ့သနည်း။
၁၅ ‘ထာဝရဘုရားသခင်၏လမ်းတော်တို့သည် ဖြောင့်မှန်’ ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချခြင်းက ဘုရားသခင်နှင့်အတူ ဆက်လျှောက်လှမ်းစေနိုင်သည်။ ရှမာရိမြို့သားများသည် ဘုရားသခင်၏ဖြောင့်မတ်သောလမ်းစဉ်အတိုင်း မလျှောက်လှမ်းခဲ့ကြချေ။ သူတို့ပြုသောအပြစ်နှင့် ယေဟောဝါအား ယုံကြည်ခြင်းကင်းမဲ့မှုတို့ကြောင့် ဆိုးကျိုးများခံစားကြရလိမ့်မည်။ ၎င်းနှင့်ပတ်သက်၍ ဤသို့ကြိုဟောခဲ့သည်– “ရှမာရိမြို့သည် မိမိဘုရားသခင်ကို ပုန်ကန်သောကြောင့် ပျက်စီးလိမ့်မည်။ မြို့သားတို့သည် ဓားဖြင့်လဲ၍ သေကြလိမ့်မည်။ သူငယ်တို့သည် မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်သောမိန်းမတို့သည် ဝမ်းခွဲခြင်းကိုလည်းကောင်းခံရကြလိမ့်မည်။” (ဟောရှေ ၁၃:၁၆) ရှမာရိမြို့ကို အနိုင်ရခဲ့သော အာရှုရိလူတို့သည် ဤမျှကြောက်မက်ဖွယ်ကောင်းအောင် ရက်စက်ကြမ်းကြုတ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများက ဖော်ပြသည်။
၁၆ ရှမာရိသည် ဣသရေလဆယ်နွယ်နိုင်ငံ၏မြို့တော်ဖြစ်သည်။ သို့သော် ရှမာရိဟူသည် ထိုတစ်နိုင်ငံလုံးကို ကိုယ်စားပြုသောအမည်ဖြစ်နိုင်၏။ (၃ ဓမ္မရာဇဝင် ၂၁:၁) အာရှုရိရှင်ဘုရင် ပဉ္စမမြောက်ရှာလမနေဇာသည် ရှမာရိမြို့ကို ဘီ.စီ.အီး. ၇၄၂ ခုနှစ်တွင် ဝိုင်းရံပိတ်ဆို့ခဲ့သည်။ ဘီ.စီ.အီး. ၇၄၀ ပြည့်နှစ်တွင် ရှမာရိမြို့ကျဆုံးသွားသောအခါ မြို့မျက်နှာဖုံးများစွာကို မေသောပေါတာမိနှင့် မေဒိသို့ ပြည်နှင်ဒဏ်ပေးလိုက်သည်။ ရှမာရိမြို့ကို သိမ်းပိုက်သူမှာ ပဉ္စမမြောက်ရှာလမနေဇာလော၊ သူ့ကိုဆက်ခံသူ ဒုတိယမြောက်သာဂုန်လောဟူသည်ကို အသေအချာမသိရချေ။ (၄ ဓမ္မရာဇဝင် ၁၇:၁-၆၊ ၂၂၊ ၂၃; ၁၈:၉-၁၂) မည်သို့ပင်ဖြစ်စေ၊ သာဂုန်၏မှတ်တမ်းတွင် ဣသရေလလူ ၂၇,၂၉၀ ကိုဥဖရတ်မြစ်အထက်ပိုင်းနှင့် မေဒိပြည်သို့ ပြည်နှင်ဒဏ်ပေးလိုက်သည်ဟုဆို၏။
၁၇။ ဘုရားသခင်၏စံနှုန်းများကို ပမာမခန့်ပြုမည့်အစား အဘယ်အရာကို ပြုလုပ်သင့်သနည်း။
၁၇ ရှမာရိမြို့သားများသည် ယေဟောဝါ၏ဖြောင့်မတ်သောလမ်းအတိုင်း မလျှောက်လှမ်းကြသောကြောင့် ဆိုးကျိုးများခံစားခဲ့ရသည်။ ဆက်ကပ်အပ်နှံထားသောခရစ်ယာန်များဖြစ်ကြသည့် ကျွန်ုပ်တို့သည်လည်း ဘုရားသခင်၏ဖြောင့်မတ်သောစံနှုန်းများကို ပမာမခန့်ပြုပြီး အပြစ်ပြုကျင့်နေမည်ဆိုလျှင် ဝမ်းနည်းဖွယ်အကျိုးဆက်များ ခံစားကြရလိမ့်မည်။ ဤသို့သောဆိုးညစ်သည့်လမ်းစဉ်ကို ဘယ်တော့မှမလိုက်ပါနှင့်လေ။ ယင်းအစား၊ ကျွန်ုပ်တို့တစ်ဦးစီသည် တမန်တော်ပေတရု၏ဤအကြံပြုချက်အတိုင်း လိုက်လျှောက်ကြပါစို့။ ‘လူအသက်ကိုသတ်သောအပြစ်၊ သူ့ဥစ္စာကိုခိုးသောအပြစ်၊ မကောင်းမှုကိုပြုသောအပြစ်၊ သူတစ်ပါးအမှု၌ရောနှောသောအပြစ်ရှိ၍ သင်တို့တွင် အဘယ်သူမျှမခံစေနှင့်။ ခရစ်ယာန်ဖြစ်သောကြောင့်ခံရလျှင်မူကား၊ ရှက်ကြောက်ခြင်းမရှိစေနှင့်။ ထိုအမှုကြောင့်ခံရလျှင် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းစေ။’—၁ ပေတရု ၄:၁၅၊ ၁၆။
၁၈။ “ဘုရားသခင်ဂုဏ်တော်ကို” မည်သို့ဆက်၍ “ချီးမွမ်း” နေနိုင်ကြမည်နည်း။
၁၈ ကျွန်ုပ်တို့သည် အရာရာ၌ မိမိတို့သဘောအတိုင်း မပြုလုပ်ဘဲ ဘုရားသခင်၏ဖြောင့်မတ်သောလမ်းစဉ်အတိုင်း လိုက်လျှောက်ခြင်းအားဖြင့် “ဘုရားသခင်ဂုဏ်တော်ကို ချီးမွမ်း” နေကြ၏။ ကာဣနသည် အပြစ်ပြုမိလိမ့်မည်ဟု ယေဟောဝါ၏သတိပေးချက်ကို ဂရုမစိုက်ဘဲ ထင်ရာစိုင်းသောကြောင့် လူသတ်မှုကျူးလွန်ခဲ့သည်။ (ကမ္ဘာဦး ၄:၁-၈) ဗာလမ်သည် မောဘရှင်ဘုရင်ထံမှ အခကြေးငွေယူပြီး ဣသရေလလူမျိုးကို ကျိန်ဆဲရာတွင် မအောင်မြင်ခဲ့ချေ။ (တောလည်ရာ ၂၄:၁၀) ထို့ပြင် လေဝိအမျိုးသား ကောရနှင့် အခြားသူများသည် မောရှေနှင့် အာရုန်တို့၏ အခွင့်အာဏာကို ဆန့်ကျင်သောကြောင့် သူတို့ကို ဘုရားသခင် သေဒဏ်ပေးခဲ့သည်။ (တောလည်ရာ ၁၆:၁-၃၊ ၃၁-၃၃) ကျွန်ုပ်တို့သည် လူသတ်မှုကျူးလွန်ခဲ့သော “ကာဣနနောက်သို့လိုက်” လိုကြမည်မဟုတ်၊ “ဗာလမ်မှားယွင်းသကဲ့သို့” မှားလိုကြမည်မဟုတ်၊ “ကောရ၏ငြင်းခုံခြင်းအပြစ်နှင့်” ဖျက်ဆီးခံလိုကြမည်မဟုတ်သည်မှာ သေချာ၏။ (ယုဒ ၁၁) သို့သော် ကျွန်ုပ်တို့ အပြစ်ပြုမိလျှင် ဟောရှေ၏ပရောဖက်ပြုချက်က ကျွန်ုပ်တို့ကို နှစ်သိမ့်မှုပေးသည်။
အပြစ်ပြုသူများသည် ယေဟောဝါထံ ပြန်လှည့်လာနိုင်
၁၉၊ ၂၀။ နောင်တယူသောဣသရေလလူတို့သည် အဘယ်ယဇ်များကို ပူဇော်နိုင်ကြသနည်း။
၁၉ ကြီးလေးသောအပြစ်ပြု၍ ထိမိလဲသောသူများပင်လျှင် ယေဟောဝါထံ ပြန်လှည့်လာနိုင်ကြသည်။ ဟောရှေ ၁၄:၁၊ ၂ တွင်ဤမေတ္တာရပ်ခံချက်ကို ကျွန်ုပ်တို့တွေ့ရှိရသည်– ‘အိုဣသရေလ၊ သင်သည် ကိုယ်ပြုသောမကောင်းမှုအပြစ်အားဖြင့် အကျိုးနည်းရှိသောကြောင့် သင်၏ဘုရားသခင် ထာဝရဘုရားသခင်ထံတော်သို့ပြန်ပါ။ ဆုတောင်းစကားကိုပြင်ဆင်၍ ထာဝရဘုရားသခင်ထံတော်သို့ပြန်လျက် “အကျွန်ုပ်တို့၌ရှိသမျှသောအပြစ်တို့ကို ပယ်ရှင်းတော်မူပါ။ ကျေးဇူးပြု၍ လက်ခံတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်နှုတ်ခမ်းတည်းဟူသော နွားသငယ်တို့ကို ပူဇော်ပါမည်” ဟုလျှောက်ကြလော့။’
၂၀ နောင်တယူသောဣသရေလလူတို့သည် “ကိုယ်နှုတ်ခမ်းတည်းဟူသော နွားသငယ်တို့ကို” ဘုရားသခင်ထံ ပူဇော်နိုင်ကြသည်။ ယင်းတို့သည် စိတ်ရင်းမှန်ဖြင့်ပူဇော်သော ချီးမွမ်းရာယဇ်များဖြစ်၏။ ပေါလုသည် ဤပရောဖက်ပြုချက်ကို ရည်ညွှန်း၍ ခရစ်ယာန်များအား “ငါတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကိုဝန်ခံလျက်၊ နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို . . . ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့” ဟုတိုက်တွန်းခဲ့သည်။ (ဟေဗြဲ ၁၃:၁၅) ယနေ့ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းပြီး အဆိုပါယဇ်များကို ပူဇော်ရခြင်းသည် တကယ့်အခွင့်ထူးပါတကား။
၂၁၊ ၂၂။ နောင်တယူသောဣသရေလလူတို့သည် အဘယ်သို့ ပြန်လည်ထူထောင်ခြင်းခံကြရမည်နည်း။
၂၁ ထင်ရာစိုင်းတတ်သည့်လမ်းစဉ်ကိုစွန့်ပြီး ဘုရားသခင်ထံ ပြန်လှည့်လာကြသော ဣသရေလလူတို့သည် “ကိုယ်နှုတ်ခမ်းတည်းဟူသော နွားသငယ်တို့ကို” ပူဇော်ကြ၏။ သို့နှင့် ဘုရားသခင် ကတိပြုထားသည့်အတိုင်း သူတို့သည် ဝိညာဉ်ရေးပြန်လည်ထူထောင်ခွင့်ရရှိခဲ့ကြသည်။ ဟောရှေ ၁၄:၄-၇ တွင်ဤသို့ဆိုသည်– “ငါ [ယေဟောဝါ] သည် အမျက်ပြေသောကြောင့် သူတို့ဖောက်ပြန်ခြင်းကို ပြုပြင်မည်။ ကိုယ်အလိုအလျောက် စုံမက်မည်။ ငါသည် နှင်းကဲ့သို့ ဣသရေလအပေါ်မှာနေမည်။ သူသည် နှင်းပွင့်ကဲ့သို့ပွင့်လိမ့်မည်။ လေဗနုန်တောကဲ့သို့ အမြစ်စွဲလိမ့်မည်။ အညွန့်တို့သည် ပြန့်ပွား၍ သံလွင်ပင်ကဲ့သို့ အသရေတင့်တယ်လိမ့်မည်။ လေဗနုန်တောကဲ့သို့ မွှေးကြိုင်လိမ့်မည်။ ထိုအပင်၏အရိပ်အောက်၌နေသောသူတို့သည် အသစ်ပြုပြင်ခြင်းရှိ၍ စပါးကိုပြုစုကြလိမ့်မည်။ စပျစ်နွယ်ပင်ကဲ့သို့တိုးပွား၍ လေဗနုန်စပျစ်ရည်ကဲ့သို့ ကျော်စောကြလိမ့်မည်။”
၂၂ နောင်တယူသောဣသရေလလူတို့သည် ဝိညာဉ်ရေးကောင်းမွန်ပြီး ဘုရားသခင်၏မေတ္တာတော်တွင် တစ်ဖန်ပျော်မွေ့လာကြလိမ့်မည်။ သူတို့ကို ကောင်းချီး ကြွယ်ဝစွာပေးခြင်းဖြင့် ယေဟောဝါသည် သူတို့အတွက် လန်းဆန်းစေသောနှင်းကဲ့သို့ဖြစ်လာပေမည်။ ဘုရားသခင် ပြန်လည်ထူထောင်ထားသောသူတို့သည် “သံလွင်ပင်ကဲ့သို့” ဂုဏ်အသရေရှိပြီး ကိုယ်တော်၏လမ်းစဉ်အတိုင်း လျှောက်လှမ်းကြလိမ့်မည်။ ကျွန်ုပ်တို့သည် ယေဟောဝါဘုရားသခင်နှင့်အတူ လျှောက်လှမ်းရန် သန္နိဋ္ဌာန်ချထားသောကြောင့် ကျွန်ုပ်တို့ထံမှ ကိုယ်တော် အဘယ်အရာတောင်းဆိုသနည်း။
ယေဟောဝါ၏ဖြောင့်မတ်သောလမ်းတော်တို့တွင် လျှောက်လှမ်းနေကြလော့
၂၃၊ ၂၄။ ဟောရှေကျမ်းစာစောင်ကို အဘယ်အားရှိစရာပရောဖက်ပြုချက်ဖြင့် နိဂုံးချုပ်ထားသနည်း။ ယင်းသည် ကျွန်ုပ်တို့ကို မည်သို့အကျိုးသက်ရောက်သနည်း။
၂၃ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူ ဆက်၍လျှောက်လှမ်းနေမည်ဆိုပါက “အထက်မှသက်ရောက်သောပညာ” ကိုကျင့်သုံးပြီး ကိုယ်တော်၏ဖြောင့်မတ်သောလမ်းစဉ်နှင့်အညီ အမြဲပြုမူကျင့်ကြံနေရမည်။ (ယာကုပ် ၃:၁၇၊ ၁၈) ဟောရှေပရောဖက်ပြုချက်၏ နောက်ဆုံးအခန်းငယ်ကို ဤသို့ဖတ်ရသည်– ‘အဘယ်သူသည် ပညာရှိသနည်း။ ထိုသူသည် ဤအရာတို့ကို နားလည်လိမ့်မည်။ အဘယ်သူသည် ဉာဏ်ကောင်းသနည်း။ ထိုသူသည် ဤအရာတို့ကိုသိရလိမ့်မည်။ ထာဝရဘုရားသခင်၏လမ်းတော်တို့သည် ဖြောင့်ကြ၏။ ဖြောင့်မတ်သောသူတို့သည် လိုက်ကြလိမ့်မည်။ ဆိုးသောသူတို့မူကား ထိုလမ်းတို့၌ ထိမိ၍လဲကြလိမ့်မည်။’—ဟောရှေ ၁၄:၉။
၂၄ ဤလောက၏ဉာဏ်ပညာနှင့် စံနှုန်းများ၏လမ်းညွှန်မှုကို ခံယူမည့်အစား ဘုရားသခင်၏ဖြောင့်မတ်သောလမ်းတော်အတိုင်း လျှောက်လှမ်းရန် သန္နိဋ္ဌာန်ချကြပါစို့။ (တရားဟောရာ ၃၂:၄) ဟောရှေသည် ထိုလမ်းတော်တွင် ၅၉ နှစ်ထက်မနည်း လျှောက်လှမ်းခဲ့၏။ သူသည် ဘုရားသခင်၏သတင်းစကားကို တည်ကြည်စွာဟောပြောခဲ့ပြီး သတိပညာရှိသူတို့သည် အဆိုပါသတင်းစကားများကို နားလည်မည်ဖြစ်ကြောင်း သိရှိခဲ့သည်။ ကျွန်ုပ်တို့ကော။ ယေဟောဝါသည် ကျွန်ုပ်တို့အား သက်သေခံခွင့်ပေးနေသရွေ့ ကိုယ်တော်၏မခံစားထိုက်သော ကရုဏာကို ပညာရှိရှိ လက်ခံမည့်သူများအား ကျွန်ုပ်တို့ ရှာဖွေနေကြမည်ဖြစ်သည်။ ထို့ပြင် ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ နှင့်အပြည့်အဝပူးပေါင်း၍ ထိုသို့လုပ်ဆောင်လိုကြသည်။—မဿဲ ၂၄:၄၅-၄၇။
၂၅။ ဟောရှေပရောဖက်ပြုချက်ကို ဆင်ခြင်သုံးသပ်ခြင်းက ကျွန်ုပ်တို့ အဘယ်အရာ ပြုလုပ်ရန် အကူအညီဖြစ်စေသင့်သနည်း။
၂၅ ဟောရှေ၏ပရောဖက်ပြုချက်ကို ကျွန်ုပ်တို့ဆင်ခြင်သုံးသပ်ခြင်းက ဘုရားသခင့်ကတိထားရာကမ္ဘာသစ်တွင် ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ချက်ဖြင့် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းနေဖို့ အကူအညီဖြစ်သင့်သည်။ (၂ ပေတရု ၃:၁၃; ယုဒ ၂၀၊ ၂၁) ထူးမြတ်လှသောမျှော်လင့်ချက်ပါတကား။ ‘ထာဝရဘုရားသခင်၏လမ်းတော်တို့သည် ဖြောင့်ကြ၏’ ဟု စိတ်ရင်းမှန်အတိုင်း ကျွန်ုပ်တို့ပြောကြောင်း စကားနှင့် အပြုအမူတို့ဖြင့် သက်သေထူလျှင် မိမိအတွက် ထိုမျှော်လင့်ချက် အမှန်ပင်ပြည့်စုံလာပါလိမ့်မည်။
သင်မည်သို့ဖြေဆိုမည်နည်း
• ကျွန်ုပ်တို့သည် ဘုရားသခင်အား သန့်ရှင်းစင်ကြယ်စွာ ဝတ်ပြုကိုးကွယ်လျှင် ကိုယ်တော်သည် ကျွန်ုပ်တို့ကို မည်သို့ဆက်ဆံမည်နည်း။
• ယေဟောဝါကို အဘယ်ကြောင့် အစဉ်မပြတ်မျှော်လင့်သင့်သနည်း။
• ယေဟောဝါ၏လမ်းတော်တို့သည် ဖြောင့်မှန်သည်ဟု အဘယ်ကြောင့် သင်ယုံကြည်စိတ်ချသနည်း။
• ကျွန်ုပ်တို့သည် ယေဟောဝါ၏ဖြောင့်မှန်သောလမ်းတော်တွင် မည်သို့လျှောက်လှမ်းနေနိုင်မည်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ခရစ်ယာန်အကြီးအကဲများထံမှ ဝိညာဉ်ရေးအကူအညီကို လက်ခံပါ
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ဟောရှေ၏ပရောဖက်ပြုချက်က ယေဟောဝါ၏ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ ကတိတော်များကို မျှော်လင့်ရန် အကြောင်းဖြစ်စေ
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ချက်ဖြင့် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းနေပါ