မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်နှင့်အတူ လျှောက်လှမ်းနိုင်ရန် ဟောရှေပရောဖက်ပြုချက်က ကူညီပေး

ဘုရားသခင်နှင့်အတူ လျှောက်လှမ်းနိုင်ရန် ဟောရှေပရောဖက်ပြုချက်က ကူညီပေး

ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​နိုင်​ရန် ဟောရှေ​ပရောဖက်ပြုချက်​က ကူညီပေး

‘သူတို့သည် ထာဝရ​ဘုရားသခင်​၏​နောက်​တော်​သို့ လိုက်​ကြလိမ့်မည်။’—ဟောရှေ ၁၁:၁၀

၁။ ဟောရှေကျမ်း​တွင် အဘယ်​ပုံဆောင်​ဇာတ်လမ်း ပါ​သနည်း။

ဆွဲဆောင်မှု​ရှိသည့် ဇာတ်ကောင်​များ​ပါ​ပြီး စိတ်​လှုပ်ရှား​ဖွယ်​ကောင်း​သည့် ဇာတ်လမ်း​များ​ကို သင်​ကြိုက်​သလော။ ဟောရှေကျမ်း​တွင် ပုံဆောင်​ဇာတ်လမ်း​တစ်ပုဒ်​ပါရှိ​သည်။ * အဆိုပါ​ဇာတ်လမ်း​တွင် ဘုရားသခင်​၏​ပရောဖက် ဟောရှေ​၏​အိမ်တွင်းရေး​ကို ဖော်ပြ​ထား​သည်။ ယင်းက မောရှေ​ပညတ်ပဋိညာဉ်​အားဖြင့် ရှေး​ဣသရေလ​လူမျိုး​နှင့် ယေဟောဝါ​ထိမ်းမြားခြင်း​ကို ပုံဆောင်​၏။

၂။ ဟောရှေ​အကြောင်း အဘယ်အရာ​သိရှိ​ရသနည်း။

ဤ​ဇာတ်လမ်း​၏​နောက်ခံ​ကို ဟောရှေ​ အခန်းကြီး ၁ တွင်​တွေ့ရ​၏။ ဟောရှေ​သည် ဣသရေလ​ဆယ်နွယ် (၎င်း​၏​အထင်ကရ​အနွယ်​ဖြစ်သော ဧဖရိမ်​ဟု​လည်း​ခေါ်ဆို​သည့်) နိုင်ငံ​တွင် နေထိုင်ခဲ့​သည်။ သူသည် ဣသရေလ​နိုင်ငံ​၏​နောက်ဆုံး​ရှင်ဘုရင် ခု​နစ်​ပါး​နှင့် ယုဒ​ရှင်ဘုရင် ဩဇိ​မင်း၊ ယောသံ​မင်း၊ အာခတ်​မင်း၊ ဟေဇကိ​မင်းတို့​၏​နန်းစံချိန်​အတွင်း ပရောဖက်ပြု​ခဲ့​၏။ (ဟောရှေ ၁:၁) သို့​ဖြစ်၍ ဟောရှေ​သည် အနည်းဆုံး ၅၉ နှစ်​ကြာ ပရောဖက်ပြု​ခဲ့​သည်။ သူ၏​အမည်တပ်​ထားသော ကျမ်းစာ​စောင်​သည် ဘီ.စီ.အီး. ၇၄၅ ခုနှစ်​ကျော်​တွင် ရေး​ပြီး​ခဲ့​သော်လည်း ‘သူတို့သည် ထာဝရ​ဘုရားသခင်​၏​နောက်​တော်​သို့ လိုက်​ကြလိမ့်မည်’ ဟု​ကြို​ဟောထား​သည့်​အတိုင်း သန်းနှင့်ချီ​လူ​တို့ ဘုရားသခင်​၏​လမ်းစဉ်​အတိုင်း လိုက်လျှောက်​နေကြ​သည့် မျက်မှောက်ခေတ်​နှင့်​လည်း သက်ဆိုင်​၏။—ဟောရှေ ၁၁:၁၀

ခြုံငုံ​သုံးသပ်မှု​မှ သိရှိရာ

၃၊ ၄။ ဟောရှေ​ အခန်းကြီး ၁ မှ ၅ အတွင်း ပါရှိ​သည့်​အကြောင်းကို အကျဉ်းချုပ်​ဖော်ပြ​ပါ။

ဟောရှေ​ အခန်းကြီး ၁ မှ ၅ အထိ အကျဉ်း​ချုံး​သုံးသပ်မှု​က ယုံကြည်ခြင်း​တင်ပြ​ကာ ဘုရားသခင်​၏​အလိုတော်နှင့်​ညီသည့် လမ်းစဉ်​ကို လိုက်လျှောက်ခြင်း​အားဖြင့် ကိုယ်တော်​နှင့်အတူ လျှောက်လှမ်း​မည်​ဟူသော ကျွန်ုပ်​တို့၏​သန္နိ​ဋ္ဌာန်​ကို ခိုင်မာ​စေ​လိမ့်​မည်။ ဣသရေလလူ​တို့သည် ဝိညာဉ်​ရေး​ဖောက်ပြန်​လာ​ကြသော်လည်း သူတို့ နောင်တ​ယူ​သောအခါ ဘုရားသခင် ကရုဏာ​ပြ​လိမ့်​မည်။ မိမိ၏​ဇနီး ဂေါမာ​ကို ဟောရှေ​ဆက်ဆံပုံ​က ယင်း​အချက်​ကို သရုပ်ဖော်​၏။ ဂေါမာ​သည် ဟောရှေ​နှင့်​ရသည့် ကလေး​တစ်ဦး​ကို​မွေး​ပြီး​နောက် တရား​မဝင်​ကလေး​နှစ်ဦး​ကို နောက်ထပ်​မွေး​ခဲ့​ပုံ​ရသည်။ ယေဟောဝါ​သည် နောင်တ​ယူ​သော​ဣ​သ​ရေ​လူ​တို့ကို တလိုတလား​ကရုဏာ​ပြသ​ကဲ့သို့ ဟောရှေ​သည် သူ့ကို ပြန်​လက်ခံခဲ့သည်။—ဟောရှေ ၁:၁–၃:၅

ထို​နိုင်ငံ​တွင် အမှန်တရား​မရှိ၊ ချစ်ခင်​ကြင်နာ​မှုမရှိ၊ ဘုရား သခင်​နှင့်​ပတ်သက်​သည့် အသိပညာ​မရှိသော​ကြောင့် ယေဟောဝါ​သည် ဣသရေလ​လူမျိုး​ကို အမှု​လုပ်ခဲ့​၏။ ရုပ်ပုံ​ကိုးကွယ်​သော ဣသရေလ​လူမျိုး​နှင့် ထင်ရာစိုင်း​တတ်သော​ယုဒ​လူမျိုး​တို့ကို ကိုယ်တော် စာရင်း​ရှင်း​ရ​လိမ့်​မည်။ သို့သော် ဘုရားသခင်​၏​လူမျိုးတော်သည် အကျပ်အတည်း​ကြုံ​ရသောအခါ ယေဟောဝါ​ကို ရှာ​ကြလိမ့်မည်။—ဟောရှေ ၄:၁–၅:၁၅

ဇာတ်​ရည်​လည်​လာ

၅၊ ၆။ (က) ဣသရေလ​ဆယ်နွယ်​နိုင်ငံ​၏​မှားယွင်းမှု​သည် မည်မျှ​ဆိုးရွား​ခဲ့​သနည်း။ (ခ) ရှေး​ဣသရေလ​လူမျိုး​ကို​ပေး​သော သတိပေး​ချက်​သည် ကျွန်ုပ်​တို့အတွက်​လည်း အဘယ်ကြောင့် အရေးပါ​သနည်း။

ဘုရားသခင်​က ဟောရှေ​အား ‘သင်​သွား​၍ ပြည့်တန်ဆာ​မိန်းမ​နှင့်​တကွ သူ​ဖွားမြင်​သော​သားသမီးတို့ကို သိမ်းပိုက်​လော့။ အကြောင်း​မူ​ကား ပြည်သား​တို့သည် ထာဝရ​ဘုရားသခင်​ကို​စွန့်​၍ အထပ်ထပ်​မှားယွင်း​ကြပြီ’ ဟု​မိန့်မှာ​တော်​မူ​သည်။ (ဟောရှေ ၁:၂) ဣသရေလ​လူမျိုး၏​မှားယွင်းမှု​သည် မည်မျှ​ဆိုးရွား​ခဲ့​သနည်း။ ကျွန်ုပ်​တို့ကို ဤသို့​ဖော်ပြ​ထား​၏– “ကိ​လေ​သာ​စိတ်အားကြီး​သောကြောင့် [ဣသရေလ​ဆယ်နွယ်သား​များ] သည်​လမ်း​လွှဲ​၍ မိမိတို့​ဘုရားသခင့်​ထံ​မှာ​မနေ၊ မှားယွင်း​တတ်ကြ​၏။ . . . သင်တို့​သမီးတို့​သည် ယောက်ျား​နှင့်​မှားယွင်း​၍ ချွေး​မတို့​သည် မျောက်​မထားတတ်​ကြ​၏။ . . . ယောက်ျား​တို့သည် ကိုယ်​မယား​ကို​စွန့်ပစ်​၍ ပြည့်တန်ဆာ​တို့​နှင့်​ပေါင်းဖော်​တတ်ကြ​၏။ မိန်းမ​ရွှင်​တို့​နှင့်အတူ ယဇ်​ပူဇော်​တတ်ကြ​၏။”—ဟောရှေ ၄:၁၂-၁၄

ဣသရေလ​လူမျိုး​သည် ကာယရေး၊ ဝိညာဉ်​ရေး နှစ်တန်စလုံး​တွင် အကြီးအကျယ်​မှားယွင်း​နေကြ​သည်။ သို့​ဖြစ်၍ ယေဟောဝါ​သည် ဣသရေလလူ​တို့ကို “စစ်ကြော” စီရင်​ခဲ့​သည်။ (ဟောရှေ ၁:၄; ၄:၉) မျက်မှောက်ခေတ်​၌ ကိုယ်​ကျင့် တရား​ပျက်ပြား​သူများ​နှင့် မစင်ကြယ်​သော​ဝတ်ပြုရေးတွင် ပါဝင်သူ​များ​ကို ယေဟောဝါ စစ်ကြော​စီရင်​မည်​ဖြစ်သော​ကြောင့် အဆိုပါ​သတိပေး​ချက်​သည် ကျွန်ုပ်​တို့အတွက်​လည်း အရေးပါ​၏။ သို့သော် ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​နေ​သူများ​သည် စင်ကြယ်သော​ဝတ်ပြုရေး စံနှုန်း​များ​ကို လိုက်မီ​ကြသည်။ “မတရားသော​မေထုန်​၌ မှီဝဲ​သော​သူ . . . တစ်စုံ​တစ်ယောက်မျှ ခရစ်တော်​နှင့် ဘုရားသခင်​၏​နိုင်ငံ​၌ အမွေမခံ​ရ” ကြောင်း သူတို့​သိရှိ​ကြသည်။—ဧဖက် ၅:၅; ယာကုပ် ၁:၂၇

၇။ ဂေါမာ​ကို ဟောရှေ​အိမ်ထောင်ပြုခြင်း​က အဘယ်အရာကို သရုပ်ဖော်​ပြသ​နည်း။

ဟောရှေ​သည် ဂေါမာ​နှင့် လက်ထပ်​စဉ်​က ဂေါမာ​သည် အပျိုကညာ​တစ်ဦး​ဖြစ်​ပြီး “သား​ယောက်ျား​ကို​ဖွားမြင်” သည့်​အချိန်​ထိ သစ္စာရှိခဲ့​သော​ဇနီး​တစ်ဦး​ဖြစ်၏။ (ဟောရှေ ၁:၃) ပုံဆောင်​ဇာတ်လမ်း​က သရုပ်ဖော်​သကဲ့သို့ ဣသရေလ​လူမျိုး​သည် ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်​တွင် အီဂျစ်​၏​ချုပ်နှောင်​မှု​အောက်​မှ လွတ်မြောက်​လာပြီး မကြာမီ သူတို့နှင့် ဘုရားသခင်​ပဋိညာဉ်ဖွဲ့​ခဲ့​သည်။ ယင်းသည် သန့်ရှင်း​စင်ကြယ်​စွာ အိမ်ထောင်ပြု​သော လက်ထပ်​စာချုပ်​နှင့်​တူ​သည်။ ဣသရေလ​လူမျိုး​သည် ပဋိညာဉ်ဖွဲ့​ရန် သဘောတူ​ခြင်း​ဖြင့် ယေဟောဝါ​အား မိမိ၏ ‘ခင်ပွန်း’ အဖြစ် သစ္စာရှိ​ရန် ကတိပြု​လိုက်​၏။ (ဟေရှာယ ၅၄:၅) ဂေါမာ​ကို သန့်ရှင်း​စင်ကြယ်​စွာ ဟောရှေ​အိမ်ထောင်ပြုခြင်း​သည် ဘုရားသခင်​နှင့် ဣသရေလ​လူမျိုး​တို့၏ ပုံဆောင်​အိမ်ထောင်ပြုခြင်း​ကို သရုပ်ဖော်​သည်။ သို့သော် အခြေအနေ လုံးလုံး​ပြောင်းလဲ​သွား​သည်။

၈။ ဣသရေလ​ဆယ်နွယ်​နိုင်ငံ​သည် မည်သို့​ဖြစ်ပေါ်​လာ​သနည်း။ ၎င်း​၏​ကိုးကွယ်​မှု​အကြောင်း အဘယ်အရာ​သိရ​သနည်း။

ဟောရှေ​၏​ဇနီးသည် “တစ်ဖန် ပဋိသန္ဓေ​ယူ၍ သမီးကို ဖွားမြင်​လေ​၏။” အဆိုပါ​သမီး​နှင့် နောက်ထပ်​ရရှိသော ကလေး တစ်ဦး​သည် ဂေါမာ မတရားမေထုန်​ပြု​၍ ရရှိခဲ့​ပုံ​ပေါက်​၏။ (ဟောရှေ ၁:၆၊ ၈) ဂေါမာ​သည် ဣသရေလ​လူမျိုး​ကို ပုံဆောင်​သောကြောင့် ‘ဣသရေလ​လူမျိုး​သည် မည်သို့​ပြည့်တန်ဆာမ ဖြစ်လာ​သနည်း’ ဟု​မေးစရာ​ပေါ်လာ​သည်။ ဘီ.စီ.အီး. ၉၉၇ ခုနှစ်​တွင် ဣသရေလ​ဆယ်နွယ်​သည် တောင်ပိုင်း ယုဒ​နှင့် ဗင်ယာမိန်​အနွယ်​တို့​မှ ခွဲထွက်​လိုက်​သည်။ မြောက်ပိုင်း​ဣသရေလ ဆယ်နွယ်​နိုင်ငံ​သည် မိမိ​နိုင်ငံသား​များ​ကို ယေရုရှလင်​မြို့ရှိ ဗိမာန်တော်တွင် ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​ရန် ယုဒ​နိုင်ငံ​သို့ မသွား​စေလို၍ မိမိတို့​နိုင်ငံ​တွင် နွား​ရုပ်​ကိုးကွယ်​မှု​ကို တည်ထောင်​ခဲ့​ကြသည်။ သို့ဖြင့် ဣသရေလ​နိုင်ငံ​တွင် လိင်​ဖောက်ပြန်သော​ပွဲလမ်းသဘင်​များနှင့်​အတူ မှားယွင်းသော​ဗာလ​နတ်​ဘုရား​ကိုးကွယ်​မှု အမြစ်စွဲ​လာ​လေ​သည်။

၉။ ဟောရှေ ၁:၆ တွင်​ကြို​ဟောထား​သည့်​အတိုင်း ဣသရေလ​လူမျိုး မည်သို့​ဖြစ်သွား​သနည်း။

ဒုတိယ​မြောက်​တရား​မဝင်​ကလေး​ကို ဂေါမာ​မွေးဖွားချိန်​တွင် ဘုရားသခင်​သည် ဟောရှေ​အား ဤသို့​မိန့်ဆို​၏– “ထို​သမီးကို [“ကရုဏာ​မခံရ” ဟု​အဓိပ္ပာယ်​ရသော] လော​ရု​ဟာ​မာ​အမည်​ဖြင့် မှည့်​လော့။ အကြောင်း​မူ​ကား ငါသည် ဣသရေလ​အမျိုး​ကို နောက်​တစ်ဖန် မ​သနား​မ​စုံမက်​ဘဲ ဧကန်​အမှန်​ပယ်ရှင်း​မည်။” (ဟောရှေ ၁:၆) ဘီ.စီ.အီး. ၇၄၀ ပြည့်နှစ်​တွင် အာရှုရိလူတို့​သည် ဣသရေလလူ​တို့ကို ဖမ်းဆီး​ခေါ်ဆောင်​သွားစဉ်​က သူတို့ကို ယေဟောဝါ “ပယ်ရှင်း” ခဲ့​သည်။ ဘုရားသခင်​သည် ယုဒ​နှစ်နွယ်​နိုင်ငံ​ကို ကရုဏာ​ပြ​ခဲ့​သော်လည်း လေး၊ ဓား၊ စစ်တိုက်​လက်နက်၊ မြင်း၊ မြင်းစီးသူရဲ​အားဖြင့် ကယ်တင်​ခဲ့​ခြင်း​မဟုတ်​ချေ။ (ဟောရှေ ၁:၇) ဘီ.စီ.အီး. ၇၃၂ ခုနှစ်​တွင် ကောင်းကင်တမန်​တစ်ပါး​တည်း​က ယုဒ​နိုင်ငံ​၏​မြို့တော် ယေရုရှလင်​ကို ခြိမ်းခြောက်​ခဲ့​ကြသော အာရှုရိတပ်သား ၁၈၅,၀၀၀ ကို တစ်ည​ချင်း​တွင် သတ်ပစ်ခဲ့​သည်။—၄ ဓမ္မ​ရာဇဝင် ၁၉:၃၅

ဣသရေလ​လူမျိုး​ကို ယေဟောဝါ အမှု​လုပ်

၁၀။ ဂေါမာ​၏​ဖောက်ပြန်မှု​သည် အဘယ်အရာကို သရုပ်ဖော်​သနည်း။

၁၀ ဂေါမာ​သည် ဟောရှေ​ကို စွန့်​သွားပြီး တခြား​ယောက်ျား​နှင့်​ဖောက်ပြန်​ကာ “ပြည့်တန်ဆာ” ဖြစ်လာ​လေ​သည်။ ဣသရေလ​နိုင်ငံ​သည် ရုပ်ပုံ​ကိုးကွယ်​သော​နိုင်ငံ​များနှင့် မဟာမိတ်ဖွဲ့​ပြီး သူတို့ကို အားကိုးခဲ့​ခြင်း​ကို ယင်းက သရုပ်ဖော်​သည်။ ဣသရေလ​လူမျိုး​က မိမိ​ကောင်းစား​နေရ​ခြင်း​သည် ယေဟောဝါ​ကြောင့်​မဟုတ်ဘဲ တိုင်းတစ်ပါး​နတ်​ဘုရား​များ​ကြောင့် ဖြစ်သည်ဟု​ဆို​ကာ မှားယွင်းသော​ဝတ်ပြုရေးတွင် ပါဝင်ခြင်း​ဖြင့် ဘုရားသခင်​နှင့် မိမိ၏​အိမ်ထောင်​ပဋိညာဉ်​ကို ချိုးဖောက်​ခဲ့​သည်။ ဝိညာဉ်​ရေး​အရ ဖောက်ပြန်သော​ထို​လူမျိုး​ကို ယေဟောဝါ စစ်ကြော​စီရင်​ခဲ့​ခြင်း​သည် အံ့အားသင့်​စ​ရာ​မဟုတ်ပေ။—ဟောရှေ ၁:၂; ၂:၂၊ ၁၂၊ ၁၃

၁၁။ ယေဟောဝါ​သည် ဣသရေလ​လူမျိုး​နှင့် ယုဒ​လူမျိုး​တို့ကို ပြည်နှင်ဒဏ်​ပေး​ချိန်​တွင် ပညတ်​ပ​ဋိ​ပညာ​ဉ် မည်သို့​ဖြစ်သွား​သနည်း။

၁၁ ဣသရေလ​လူမျိုး​သည် သူ၏​ခင်ပွန်း​ကို စွန့်ပစ်ခြင်း​ကြောင့် အဘယ်​အပြစ်ဒဏ်​ကို​ခံ​ခဲ့​ရသနည်း။ ဘီ.စီ.အီး. ၇၄၀ ပြည့်နှစ်​တွင် ဣသရေလလူ​တို့သည် အာရှုရိ​နိုင်ငံ​သို့ ပြည်နှင်ခံရ​သည်။ ထို​နိုင်ငံ​ကို အနိုင်​ရသည့် ဗာဗုလုန်​နိုင်ငံ​၏ “တောလမ်း” ကို​ဖြတ်၍ သူတို့ကို​ခေါ်ဆောင်​သွား​ရန် ဘုရားသခင်​စီရင်​ခဲ့​သည်။ (ဟောရှေ ၂:၁၄) ယေဟောဝါ​သည် ၁၀ နွယ်​နိုင်ငံ​ကို အဆုံးစီရင်​ချိန်​တွင် ဣသရေလ ၁၂ နွယ်​နှင့် ကနဦး​က ကိုယ်တော်​ပြု​ခဲ့​သည့် အိမ်ထောင်​ပဋိညာဉ်​ကို မ​ပယ်ဖျက်​ချေ။ ဘီ.စီ.အီး. ၆၀၇ ခုနှစ်​တွင် ဘုရားသခင်​သည် ဗာဗုလုန်​လက်ချက်​ဖြင့် ယေရုရှလင်​မြို့ကို ပျက်စီး​စေပြီး ယုဒ​လူ​တို့ကို သုံ့ပန်းများ​အဖြစ် ခေါ်ဆောင်​သွား​စေ​သော်လည်း ဣသရေလ ၁၂ နွယ်​နှင့် ပုံဆောင်​ထိမ်းမြားခြင်း​အတွက်​ဖွဲ့​ခဲ့​သည့် မောရှေ​ပညတ်ပဋိညာဉ်​ကို မ​ပယ်ဖျက်​ခဲ့​ချေ။ ဂျူး​ခေါင်းဆောင်​များသည် ယေရှု​ခရစ်​ကို ငြင်းပယ်​ပြီး ကိုယ်တော့်​ကို ကွပ်မျက်​သည့် စီ.အီး. ၃၃ ခုနှစ်​နောက်​မှ​သာ အဆိုပါ​ဆက်ဆံ​ရေး​ကို ဖြတ်တောက်​လိုက်​၏။—ကောလောသဲ ၂:၁၄

ယေဟောဝါ​သည် ဣသရေလ​လူမျိုး​ကို သတိပေး​ဆုံးမ

၁၂၊ ၁၃။ ဟောရှေ ၂:၆-၈ ၏​ဆိုလိုရင်း​ကား အဘယ်နည်း။ အဆိုပါ​စကား​များသည် ဣသရေလ​လူမျိုး​နှင့် မည်သို့​သက်ဆိုင်​သနည်း။

၁၂ ဘုရားသခင်​သည် ဣသရေလ​လူမျိုး​အား “မှားယွင်း​ခြင်း​အမှုကို​ရှောင်” ရန်​သတိပေး​ဆုံးမ​သော်လည်း ထို​လူမျိုး​သည် သူ၏​ရည်းစား​များ​နောက် လိုက်​ချင်​သည်။ (ဟောရှေ ၂:၂၊ ၅) ထို့​ကြောင့် ယေဟောဝါ​က ဤသို့​မိန့်ဆိုခဲ့သည်– “သို့​ဖြစ်၍ သူ့ကို ဆူး​စောင်​ရန်း​နှင့်​ကာ​ထား​မည်။ ထွက်​စ​ရာ​မရှိစေ​ခြင်း​ငှာ သူ့​ပတ်လည်​၌ ကျောက်ရိုး​ကိုလည်း​တည်​မည်။ သူသည် ရည်းစား​တို့ကို လိုက်​သော်လည်း​မမီ၊ ရှာ​သော်လည်း မ​တွေ့​ဘဲ​နေရ​သောအခါ လင်​ဟောင်း​ထံ​သို့ ငါ​ပြန်သွား​မည်။ ယခု​နေရာ​ထက် အရင်​နေရာ သာ၍​ကောင်း​သည်​ဟု​ဆို​လိမ့်​မည်။ ဆန်​စပါး၊ စပျစ်​ရည်၊ ဆီ​တို့ကို . . . လည်းကောင်း၊ ဗာလ​ဘုရား​အား ပူဇော်​သော​ရွှေ​နှင့်​ငွေ​ကို . . . လည်းကောင်း” ငါ​ပေးသနား​ရာ​ဖြစ်သည်ဟု သူတို့​မ​အောက်မေ့​ကြ​ချေ။—ဟောရှေ ၂:၆-၈

၁၃ ဣသရေလ​လူမျိုး​သည် သူ၏ “ရည်းစား” များ​ဖြစ်​ကြသော လူမျိုးခြား​တို့၏​အကူအညီကို တောင်းခံ​သော်လည်း မည်သူမျှ မပေးနိုင်​ခဲ့​ကြ​ချေ။ သူ့ကို လုံးဝ​မ​ဖောက်ထွင်း​နိုင်​သည့် ဆူး​စောင်​ရန်း​နှင့်​ကာ​ထား​သကဲ့သို့ ဖြစ်သော​ကြောင့် လူမျိုးခြား​တို့သည် အကူအညီ​မပေးနိုင်​ခဲ့​ကြ​ချေ။ အာရှုရိလူတို့​သည် ဆယ်နွယ်​နိုင်ငံ​၏​မြို့တော် ရှမာရိ​ကို သုံးနှစ်​တိုင် ဝိုင်းရံပြီး​နောက် ဘီ.စီ.အီး. ၇၄၀ ပြည့်နှစ်​တွင် ဖျက်ဆီး​ပစ်လိုက်​ရာ ၎င်း​နိုင်ငံ​သည် လုံးဝ​နာ​လ​န်​မ​ထူ​နိုင်​တော့​ချေ။ ဘိုးဘေး​များသည် ယေဟောဝါ​အား ဝတ်ပြု​ချိန်​က သာယာ​ချမ်းမြေ့​ခဲ့​ကြောင်း ဣသရေလ​သုံ့ပန်း​အချို့သာ​လျှင် သိရှိ​ကြလိမ့်မည်။ ကျန်ကြွင်း​သူတို့သည် ဗာလ​ဘုရား​ဝတ်ပြုရေးကို ငြင်းပယ်​ပြီး ယေဟောဝါ​နှင့် ပြန်လည်​ပဋိညာဉ်ဖွဲ့​လို​ကြ​ပေမည်။

ဇာတ်လမ်း​ကို ပြန်​ဆန်းစစ်​ကြည့်

၁၄။ ဟောရှေ​သည် ဂေါမာ​နှင့် အဘယ်ကြောင့် ပြန်ပေါင်း​ခဲ့​သနည်း။

၁၄ ဟောရှေ​၏​အိမ်တွင်းရေး​နှင့် ယေဟောဝါ​နှင့်​ဣသရေလ​လူမျိုး ဆက်ဆံ​ရေး​တို့၏​ဆက်နွှယ်မှု​ကို အပြည့်အဝ​နားလည်​ရန် ဤ​စကား​များ​ကို သုံးသပ်ကြည့်​ပါ– ‘တစ်ဖန်၊ ထာဝရ​ဘုရားသခင်​က ခင်ပွန်း​၏​ချစ်ခြင်း​ကို​ခံ​လျက် မျောက်​မထား​သော​မိန်းမကို​သွား​၍ ချစ်ဦး​လော့​ဟု ငါ့​အား မှာ​ထား​တော်​မူ​သည်။’ (ဟောရှေ ၃:၁) ဟောရှေ​သည် ဂေါမာ​ကို သူ​ပေါင်းဖော်​နေသည့်​ယောက်ျား​ထံ​မှ ပြန်​ရွေးယူခြင်း​ဖြင့် အဆိုပါ​မိန့်မှာချက်ကို လိုက်နာ​ခဲ့​သည်။ ထို့နောက် ဟောရှေ​သည် သူ၏​ဇနီး​ကို ဤသို့​ပြတ်သား​စွာ​သတိပေး​ဆုံးမ​ခဲ့​သည်– “သင်သည် ငါ့​အဖို့ နေ့ရက်​များစွာ​စောင့်​၍​နေရ​မည်။ ပြည့်တန်ဆာမ​လုပ်​ရ။ အခြားသော​ယောက်ျား​နှင့် မပေါင်းဖော်​ရ။” (ဟောရှေ ၃:၂၊ ၃) ဂေါမာ​သည် ဆုံးမ​စကား​ကို နားထောင်​သောကြောင့် ဟောရှေ​သည် သူနှင့် ပြန်ပေါင်း​ခဲ့​၏။ ဣသရေလ​လူမျိုး၊ ယုဒ​လူမျိုး​တို့​နှင့် ဘုရားသခင်​၏​ဆက်ဆံ​ရေး​သည် ယင်း​အဖြစ်အပျက်​နှင့် မည်သို့​သက်ဆိုင်​သနည်း။

၁၅၊ ၁၆။ (က) ဘုရားသခင်​၏​ဆုံးမမှု​ကို​ခံရ​သော လူမျိုးတော်သည် အဘယ်​အခြေအနေ​မျိုး​တွင် ကိုယ်တော်​၏​ကရုဏာ​ကို ခံစား​ရနိုင်​သနည်း။ (ခ) ဟောရှေ ၂:၁၈ သည် မည်သို့​ပြည့်စုံ​ခဲ့​သနည်း။

၁၅ ဣသရေလ​နှင့် ယုဒ​နိုင်ငံ​တို့​မှ ပြည်နှင်ဒဏ်​ခံရ​သူများ​သည် ဗာဗုလုန်​တွင် သုံ့ပန်းများ​ဖြစ်နေ​စဉ်​က ဘုရားသခင်​သည် မိမိ၏​ပရောဖက်​များ​မှ​တစ်ဆင့် “နှစ်သိမ့်​စေသော​စကား​ကို​ပြော” ခဲ့​သည်။ ဘုရားသခင်​၏​လူမျိုး​သည် ကိုယ်တော်​၏​ကရုဏာ​ရရှိရန် နောင်တ​ယူပြီး ခင်ပွန်း​ထံ​ပြန်လာ​သော ဂေါမာ​နည်းတူ သူတို့၏​ခင်ပွန်း​ထံ ပြန်လာ​ကြ​ရမည်​ဖြစ်သည်။ ထို့နောက် ယေဟောဝါ​သည် ဆုံးမခံ​ထား​ရသော ဇနီး​ဖြစ်သည့် ထို​လူမျိုး​ကို ဗာဗုလုန်​နိုင်ငံ​၏ “တောလမ်း” မှ​ပြန်​ခေါ်ဆောင်​လာပြီး ယုဒ​နိုင်ငံ၊ ယေရုရှလင်​မြို့​သို့ ပို့ဆောင်​မည်။ (ဟောရှေ ၂:၁၄၊ ၁၅) ကိုယ်တော်​သည် ဘီ.စီ.အီး. ၅၃၇ ခုနှစ်​တွင် ထို​ကတိတော်​ကို ပြည့်စုံ​စေ​ခဲ့​၏။

၁၆ ဘုရားသခင်​သည် ဤ​ကတိတော်​ကိုလည်း ပြည့်စုံ​စေ​ခဲ့​သည်– “ထို​ကာလ​၌ ငါသည် သူတို့​အတွက် တောသား​ရဲ၊ မိုးကောင်းကင်​ငှက်၊ မြေပေါ်မှာ​တွား​တတ်သော တိရစ္ဆာန်​များနှင့် မိတ်သဟာယ​ဖွဲ့​၍ လေး၊ ဓား၊ စစ်တိုက်​လက်နက်​တို့ကို မြေပေါ်​က​ပယ်ရှား​သဖြင့် သူတို့သည် စိုးရိမ်ခြင်း​မရှိဘဲ အိပ်​ရ​ကြလိမ့်မည်။” (ဟောရှေ ၂:၁၈) မိမိတို့၏​ဇာတိမြေ​ကို ပြန်ရောက်​ရှိလာ​ကြသော ဂျူး​အကြွင်းအကျန်​သည် မည်သည့်​တိရစ္ဆာန်​၏​ရန်ကို​မှ မကြောက်​ရတော့​ဘဲ လုံခြုံ​စိတ်ချ​စွာ နေထိုင်ခဲ့​ကြသည်။ ဝိညာဉ်​ရေး​ဣသရေလ​အကြွင်းအကျန်​သည် ကမ္ဘာ့​ဘာသာရေး​အင်ပါယာ မဟာ​ဗာဗုလုန်​မှ လွတ်မြောက်​လာ​ခဲ့​သည့် ၁၉၁၉ ခုနှစ်​တွင်​လည်း အဆိုပါ​ပရောဖက်ပြုချက် ပြည့်စုံ​ခဲ့​၏။ ယခု သူတို့သည် ကမ္ဘာ​ပေါ်​တွင် ထာဝစဉ်​နေထိုင်ရန် မျှော်လင့်​နေကြ​သော သူတို့၏​အပေါင်းအပါ​များနှင့်​အတူ ဝိညာဉ်​ရေး​ပရဒိသု​၌ လုံခြုံစွာ နေထိုင်​လျက်​ရှိကြသည်။ အဆိုပါ​စစ်မှန်သော​ခရစ်ယာန်​အသိုင်းအဝိုင်း​တွင် လူ​မ​ဆန်​သော​စရိုက်​များ မရှိ​ချေ။—ဗျာ. ၁၄:၈; ဟေရှာယ ၁၁:၆-၉; ဂလာတိ ၆:၁၆

သင်ခန်းစာယူ

၁၇-၁၉။ (က) ဘုရားသခင်​၏​အဘယ်​အရည်အသွေးများ​ကို တုပ​ရန် ကျွန်ုပ်​တို့ တိုက်တွန်း​ခံရ​သနည်း။ (ခ) ယေဟောဝါ​၏​ကရုဏာ​နှင့် သနား​ကြင်နာ​မှု​တို့​က ကျွန်ုပ်​တို့​အပေါ် မည်သို့​အကျိုး​သက်ရောက်​သင့်​သနည်း။

၁၇ ဘုရားသခင်​သည် ကရုဏာ​ရှိပြီး သနား​ကြင်နာ​တတ်​သကဲ့သို့ ကျွန်ုပ်​တို့​ဖြစ်​သင့်​သည်။ ဟောရှေကျမ်း​၏ အစပိုင်း​အခန်းကြီး​များ​မှ ထို​သင်ခန်းစာ​ကို ရရှိ​သည်။ (ဟောရှေ ၁:၆၊ ၇; ၂:၂၃) နောင်တ​ယူ​သော​ဣသရေလလူ​တို့ကို ဘုရားသခင် စိတ်လို​ကိုယ်​လျောက် ကရုဏာ​ပြ​ခြင်း​သည် မှုတ်သွင်းခံ​ဤ​နယပုံပြင်​ကျမ်း​နှင့် ကိုက်ညီ​၏– “မိမိ​အပြစ်ကို​ဝှက်ထား​သော​သူသည် ချမ်းသာမရ။ မိမိ​အပြစ်ကို​ဖော်ပြ​ဝန်ချ​၍ စွန့်ပစ်​သော​သူ​မူ​ကား ကရုဏာတော်​ကို ခံရ​လိမ့်​မည်။” (သု. ၂၈:၁၃) ထို့​ပြင် ဆာလံဆရာ​၏ အောက်ပါ​စကား​များသည် နောင်တ​ယူ​သော​အပြစ်ပြု​သူများ​အတွက် အားရှိစရာ​ဖြစ်သည်။ “ဘုရားသခင်​နှစ်သက်​တော်​မူ​သော ယဇ်​မူ​ကား ကျိုးပဲ့​သော​စိတ်​ပေ​တည်း။ အို​ဘုရားသခင် ကိုယ်တော်​သည် ကျိုးပဲ့​ကြေမွ​သော​နှလုံးကို ငြင်းပယ်​တော်​မ​မူ​တတ်​ပါ။”—ဆာလံ ၅၁:၁၇

၁၈ ဟောရှေ​၏​ပရောဖက်ပြုချက်​သည် ကျွန်ုပ်​တို့​ကိုးကွယ်​နေသော ဘုရားသခင်​၏​သနား​ကြင်နာ​မှု​နှင့် ကရုဏာ​ကို ပေါ်လွင်​စေ​၏။ အချို့​သူများ​သည် ကိုယ်တော်​၏​ဖြောင့်မတ်​သော​နည်းလမ်းများ​မှ သွေဖည်​သွား​သည့်​တိုင် နောင်တ​ယူပြီး ပြန်​လှည့်လာ​နိုင်​သည်။ ထိုသို့​သာ​ပြု​လျှင် ယေဟောဝါ​သည် သူတို့ကို လက်ခံ​၏။ ကိုယ်တော်​သည် ပုံဆောင်​သဘော​အရ မိမိ​ထိမ်းမြား​ထား​သည့် ဣသရေလ​လူမျိုး​ထဲ​မှ နောင်တ​ယူ​သူများကို ကရုဏာ​ပြတော်မူ​၏။ သူတို့သည် ယေဟောဝါ​ကို ပုန်ကန်​၍ ‘ဣသရေလ​အမျိုး​၌ သန့်ရှင်း​တော်​မူ​သော​ဘုရားသခင်​ကို စိတ်တော်​နာ’ စေ​ကြသော်လည်း ကိုယ်တော်​သည် ကရုဏာ​စိတ်​ရှိပြီး သူတို့ အသွေးအသား​ဖြစ်​ကြောင်းကို သတိရ​တော်​မူ​၏။ (ဆာလံ ၇၈:၃၈-၄၁) ထို​ကရုဏာတော်​က သနား​ကြင်နာ​တတ်သော​ဘုရားသခင် ယေဟောဝါ​နှင့်အတူ ကျွန်ုပ်​တို့ လျှောက်လှမ်း​နေ​ရန် စေ့ဆော်​ပေး​သင့်​၏။

၁၉ လူ့​အသက်​သတ်​ခြင်း၊ သူ့​ဥစ္စာ​ခိုးခြင်း၊ သူ့​မယား​ပြစ်မှားခြင်း​အစ​ရှိသော အပြစ်​များသည် ဣသရေလ​နိုင်ငံ​တွင် ပျံ့နှံ့​နေ​သော်လည်း ယေဟောဝါ​သည် “နှစ်သိမ့်​စေသော​စကား​ကို​ပြော” ခဲ့​သည်။ (ဟောရှေ ၂:၁၄; ၄:၂) ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​ကရုဏာ​နှင့် သနား​ကြင်နာ​မှု​တို့ကို အလေးအနက် သုံးသပ်ကြ​စဉ် ကိုယ်တော်​အား ပိုမို​တွယ်တာ​စေရန် လှုံ့ဆော်​ခံရ​သင့်​သည်။ ထို့​ကြောင့် ကျွန်ုပ်​တို့​ကိုယ်ကို ဤသို့​မေး​ကြ​စို့– ‘အခြား​သူများ​နှင့် ကျွန်ုပ်​ဆက်ဆံ​ရာ​တွင် ယေဟောဝါ​၏​ကရုဏာ​နှင့် သနား​ကြင်နာ​မှု​ကို မည်သို့​တုပ​နိုင်​သနည်း။ ကျွန်ုပ်​ကို​ပြစ်မှား​ထားသော ယုံကြည်ခြင်း​တူ​သူ​တစ်ဦး​က ခွင့်လွှတ်​ရန် တောင်းပန်​လျှင် ကျွန်ုပ်​သည် ဘုရားသခင်​နည်းတူ ခွင့်လွှတ်​ဖို့ အသင့်ရှိ​သလော။’—ဆာလံ ၈၆:၅

၂၀။ ကျွန်ုပ်​တို့သည် ဘုရားသခင်​ပေး​ထားသော မျှော်လင့်ချက်​ပြည့်စုံ​လာ​မည်​ကို ယုံကြည်​စိတ်ချ​သင့်​ကြောင်း ဖော်ပြ​သည့် ဥပမာတစ်ခု​ပေး​ပါ။

၂၀ ဘုရားသခင်​သည် စစ်မှန်သော​မျှော်လင့်ချက် ပေး​တော်​မူ​သည်။ ဥပမာ၊ ကိုယ်တော်​က “အာခေါ်ချိုင့်​၌ မျှော်လင့်​ရာ​တံခါး​ကို . . . ငါ​ပေး​မည်” ဟု​ကတိပြု​ခဲ့​သည်။ (ဟောရှေ ၂:၁၅) ယေဟောဝါ​၏​ဇနီး​နှင့်​တူသော ရှေးခေတ်​အဖွဲ့အစည်း​သည် “အာခေါ်ချိုင့်” ရှိ ၎င်း​၏​ဇာတိမြေ​သို့ ပြန်ရောက်​မည်​ဟူသော ခိုင်မာ​သည့်​မျှော်လင့်ချက်ကို ရရှိခဲ့သည်။ ဘီ.စီ.အီး. ၅၃၇ ခုနှစ်​တွင် အဆိုပါ​ကတိတော် ပြည့်စုံခြင်း​က ကျွန်ုပ်​တို့သည် ယေဟောဝါ​ပေး​ထားသော စိတ်ချ​ရသည့်​မျှော်လင့်ချက်​ကြောင့် ရွှင်လန်း​ဝမ်းမြောက်​နိုင်​ကြောင်း ခိုင်လုံ​သည့်​သာဓက​ဖြစ်သည်။

၂၁။ ဘုရားသခင်​နှင့်အတူ ကျွန်ုပ်​တို့​လျှောက်လှမ်း​နိုင်​ရန် အသိပညာက မည်သို့​ထောက်ကူ​သနည်း။

၂၁ ကျွန်ုပ်​တို့သည် ဘုရားသခင်​နှင့်အတူ ဆက်လျှောက်​လှမ်း​နိုင်​ရန် ကိုယ်တော်​နှင့်​ပတ်သက်​သည့် အသိပညာကို ဆည်းပူး​ကာ ဘဝတွင် ကျင့်သုံး​နေဖို့လို​သည်။ ဣသရေလ​နိုင်ငံ​တွင် ယေဟောဝါ​အား သိကျွမ်းခြင်း​အသိပညာ အလျှင်း​မရှိ​ချေ။ (ဟောရှေ ၄:၁၊ ၆) အချို့​သူများ​မှာ​မူ ဘုရားသခင်​၏​သွန်သင်ချက်​ကို အလွန်​တန်ဖိုး​ထားပြီး ၎င်း​အတိုင်း ပြုမူ​နေထိုင်ခဲ့​ရာ ကောင်းချီး ကြွယ်ဝ​စွာ ခံစား​ကြ​ရသည်။ ဟောရှေ​သည် သူတို့​ထဲ​မှ တစ်ဦး​ဖြစ်သည်။ ဧလိယ​ခေတ်​က ဗာလ​ရှေ့၌​ဒူး​မ​ထောက်​သူ ၇,၀၀၀ လည်း ထို့​အတူ​ဖြစ်သည်။ (၃ ဓမ္မ​ရာဇဝင် ၁၉:၁၈; ရောမ ၁၁:၁-၄) ကျွန်ုပ်​တို့​လည်း ဘုရားသခင်​၏​သွန်သင်ချက်​ကို ကျေးဇူး​တင်​လေးမြတ်မှု​ရှိလျှင် ဘုရားသခင်​နှင့်အတူ ဆက်လျှောက်​လှမ်း​နေနိုင်​ကြ​မည်။—ဆာလံ ၁၁၉:၆၆; ဟေရှာယ ၃၀:၂၀၊ ၂၁

၂၂။ အယူဖောက်ပြန်​ခြင်း​ကို မည်သို့​သဘောထား​သင့်​သနည်း။

၂၂ ယေဟောဝါ​၏​လူမျိုးတော်ကို ဦးဆောင်နေသူ​များသည် အယူဖောက်ပြန်​ခြင်း​ကို လက်မခံ​ရန် ကိုယ်တော် မျှော်လင့်​တော်​မူ​သည်။ သို့သော် ဟောရှေ ၅:၁ က​ဤသို့​ဆို​သည်– “အို​ယဇ်ပုရောဟိတ်​တို့ ကြားကြ​လော့။ အို​ဣသရေလ​အမျိုးသား​တို့ နားထောင်​ကြလော့။ အို​နန်းတော်သား​တို့ မှတ်မိ​ကြလော့။ သင်တို့သည် စစ်ကြော​စီရင်ခြင်း​ကို​ခံရ​ကြ​မည်။ အကြောင်း​မူ​ကား သင်တို့သည် မိဇပါ​တောင်ပေါ်​မှာ​ကျော့ကွင်း၊ တာဗော်​တောင်ပေါ်​မှာ​ထောင်​သော​ပိုက်​ဖြစ်​ကြပြီ။” ဣသရေလလူ​တို့ကို ရုပ်ပုံ​ကိုးကွယ်​ရန် သွေးဆောင်​ခဲ့​ကြ​သည့် အယူဖောက်ပြန်​သော ခေါင်းဆောင်​များသည် ကျော့ကွင်း​နှင့် ပိုက်ကွန်​ဖြစ်​ကြ​၏။ တာဗော်​တောင်​နှင့် မိဇပါ​ဒေသ​တို့သည် ထို​မှားယွင်းသော​ဝတ်ပြုရေး​၏​ဗဟို​များ ဖြစ်​နိုင်​ဖွယ်​ရှိသည်။

၂၃။ သင်သည် ဟောရှေ​ အခန်းကြီး ၁ မှ ၅ အထိ လေ့လာခြင်း​မှ အဘယ်​အကျိုးကျေးဇူး​ရရှိခဲ့​သနည်း။

၂၃ ယေဟောဝါ​သည် မိမိ၏​သွန်သင်ချက်​ကို လိုက်လျှောက်ပြီး အယူဖောက်ပြန်မှု​ကို ငြင်းပယ်​သူများ​အား မျှော်လင့်ချက်​နှင့် ကောင်းချီး​များ​ပေး​တော်​မူ​သော ကရုဏာရှင် ဘုရားသခင်​ဖြစ်​ကြောင်း ယခု​ထိ​လေ့လာ​ခဲ့​သည့် ဟောရှေ​ပရောဖက်ပြုချက်​က ဖော်ပြ​၏။ အတိတ်​က နောင်တ​ယူ​သော​ဣသရေလလူ​တို့​ကဲ့သို့ ကျွန်ုပ်​တို့သည် ယေဟောဝါ​အား ရှာဖွေပြီး ကိုယ်တော်​၏​စိတ်တော်နှင့်​တွေ့​ရန် အမြဲ​ကြိုးစား​ကြပါစို့။ (ဟောရှေ ၅:၁၅) ကျွန်ုပ်​တို့သည် ထိုသို့​ပြုခြင်း​ဖြင့် အကျိုး​ခံစား​ရပြီး ဘုရားသခင်​နှင့်အတူ သစ္စာရှိ​ရှိ​လျှောက်လှမ်း​ခဲ့​ကြ​သူအား​လုံး​ရရှိ​သည့် တု​နှိုင်း​မ​မှီ​သော အားရ​ရွှင်လန်းမှု​နှင့် ငြိမ်သက်မှု​တို့ကို ရရှိကြ​ပါ​လိမ့်​မည်။—ဆာလံ ၁၀၀:၂; ဖိလိပ္ပိ ၄:၆၊ ၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 1 ဂလာတိ ၄:၂၁-၂၆ တွင် ပုံဆောင်​ဇာတ်လမ်း​တစ်ပုဒ်​ကို ဖော်ပြ​ထား​သည်။ ယင်း​နှင့်​စပ်လျဉ်း၍ ယေဟောဝါသက်သေ​များ ထုတ်ဝေ​ထားသော ဟေရှာယ​ ပရောဖက်ပြုချက် တွဲ ၂၊ စာမျက်နှာ ၁၀၁ မှ​လေးထောင့်ကွက်​ကို​ရှု။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ဂေါမာ​ကို ဟောရှေ​အိမ်ထောင်ပြုခြင်း​သည် အဘယ်အရာကို ပုံဆောင်​သနည်း။

• ယေဟောဝါ​သည် ဣသရေလ​လူမျိုး​ကို အဘယ်ကြောင့် အမှု​လုပ်ခဲ့​သနည်း။

ဟောရှေ​ အခန်းကြီး ၁ မှ ၅ တွင်​အဘယ်​သင်ခန်းစာ​ကို သင်​စိတ်စွဲ​မှတ်​သွား​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဟောရှေ​၏​ဇနီးသည်​မည်​သူ့ကို ပုံဆောင်​ကြောင်း သင်​သိ​သလော

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ဘီ.စီ.အီး. ၇၄၀ ပြည့်နှစ်​တွင် အာရှုရိလူတို့​သည် ရှမာရိ​မြို့သား​များ​ကို အနိုင်​ရခဲ့

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

မိမိတို့၏​ဇာတိမြေ​သို့ ပြန်လာ​ကြ​သည့် အားရ​ရွှင်လန်း​နေ​သူများ