ဘုရားသခင်နှင့်အတူ လျှောက်လှမ်းပြီး အကျိုးကျေးဇူးခံစားလော့
ဘုရားသခင်နှင့်အတူ လျှောက်လှမ်းပြီး အကျိုးကျေးဇူးခံစားလော့
“လေမျိုးစေ့ကိုကြဲ၍ လေပွေစပါးကို ရိတ်ရကြလိမ့်မည်။”—ဟောရှေ ၈:၇။
၁။ ယေဟောဝါနှင့်အတူ မည်သို့လျှောက်လှမ်းနိုင်သနည်း။
အတွေ့အကြုံရှိသော လမ်းပြတစ်ဦးက ဦးဆောင်မည်ဆိုလျှင် အန္တရာယ်နယ်မြေကို လုံခြုံစွာ ဖြတ်ကျော်နိုင်မည်။ မိမိတို့ဘာသာသွားလာခြင်းထက် ဤသို့သောလမ်းပြတစ်ဦးနှင့်အတူ သွားခြင်းက ပညာရှိရာရောက်၏။ ယင်းသည် ကျွန်ုပ်တို့၏အခြေအနေကို တစ်နည်းအားဖြင့် ပုံခိုင်းပြသည်။ ယေဟောဝါသည် ဤလက်ရှိဆိုးသွမ်းသောလောက၏ ကြီးမားကျယ်ပြောသောကန္တာရကို ကျွန်ုပ်တို့ ဖြတ်သန်းနေစဉ် လမ်းပြပေးလိုတော်မူသည်။ မိမိတို့ဘာသာ ကြိုးစားလျှောက်သွားမည့်အစား ကိုယ်တော်နှင့်အတူ လျှောက်လှမ်းခြင်းသည် ပညာရှိရာရောက်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူ မည်သို့လျှောက်လှမ်းနိုင်သနည်း။ သမ္မာကျမ်းစာတွင်ပါရှိသည့် ကိုယ်တော်၏လမ်းညွှန်မှုကို လိုက်နာခြင်းအားဖြင့်ဖြစ်သည်။
၂။ ဤဆောင်းပါးတွင် အဘယ်အကြောင်းအရာကို ဆွေးနွေးသုံးသပ်မည်နည်း။
၂ ဟောရှေ အခန်းကြီး ၁ မှ ၅ တွင်ပါရှိသော ပုံဆောင်ဇာတ်လမ်းကို ရှေ့ဆောင်းပါးတွင် ဆွေးနွေးခဲ့ကြပြီဖြစ်သည်။ ကျွန်ုပ်တို့သိရှိခဲ့ရသည့်အတိုင်း ထိုဇာတ်လမ်းတွင် ဘုရားသခင်နှင့်အတူ ကျွန်ုပ်တို့ လျှောက်လှမ်းနိုင်ရန် သင်ခန်းစာများပါရှိ၏။ ယခု ဟောရှေ အခန်းကြီး ၆ မှ ၉ အတွင်း ပေါ်လွင်ချက်အချို့ကို ဆွေးနွေးကြစို့။ အဆိုပါအခန်းကြီးလေးခန်းကို ခြုံငုံသုံးသပ်ကြည့်ခြင်းဖြင့် အစပြုလျှင် ကောင်းမည်။
ခြုံငုံသုံးသပ်ချက်
၃။ ဟောရှေ အခန်းကြီး ၆ မှ ၉ တွင်ပါရှိသည့်အကြောင်းများကို အကျဉ်းချုပ်ဖော်ပြပါ။
၃ ယေဟောဝါသည် အရင်ဦးစွာ မြောက်ပိုင်းဣသရေလဆယ်နွယ်နိုင်ငံကို ပရောဖက်ပြုရန် ဟောရှေကို စေလွှတ်လိုက်သည်။ ယင်း၏သြဇာကြီးသောမျိုးနွယ် ဧဖရိမ်၏အမည်ဖြင့်လည်း အစွဲပြုခေါ်သော ထိုနိုင်ငံသည် ဘုရားသခင်ကို ငြင်းပယ်ခဲ့သည်။ သူတို့သည် ယေဟောဝါ၏ပဋိညာဉ်ကို ချိုးဖောက်ပြီး မကောင်းမှုပြုခြင်းအားဖြင့် တည်ကြည်မှုကင်းမဲ့နေကြကြောင်း ဟောရှေ အခန်းကြီး ၆ မှ ၉ ကဖော်ပြ၏။ (ဟောရှေ ၆:၇) သူတို့သည် ယေဟောဝါထံ ပြန်မလှည့်လာဘဲ လောကမဟာမိတ်များကို ယုံစားနေကြသည်။ မကောင်းမှုကို စိုက်နေကြသောကြောင့် ဆိုးကျိုးကို ရိတ်ကြရလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုလျှင် မကြာမီ တရားစီရင်ခြင်း ခံရတော့မည်။ သို့သော် ဟောရှေ၏ပရောဖက်ပြုချက်တွင် အားရဖွယ်သတင်းတရားလည်းပါရှိသည်။ သူတို့သည် စစ်မှန်သောနောင်တကို တင်ပြလျှင် ယေဟောဝါထံ ပြန်လှည့်လာပြီး ကရုဏာတော်ခံစားနိုင်သည့် အာမခံချက် ရရှိထားကြသည်။
၄။ ဟောရှေပရောဖက်ပြုချက်မှ အဘယ်လက်တွေ့ကျသင်ခန်းစာများကို ကျွန်ုပ်တို့ သုံးသပ်ကြမည်နည်း။
၄ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းစေနိုင်မည့် နောက်ထပ်လမ်းညွှန်မှုကို ဟောရှေပရောဖက်ပြုချက်၏ အဆိုပါအခန်းကြီးလေးခန်းမှ ကျွန်ုပ်တို့ရရှိနိုင်ကြသည်။ လက်တွေ့ကျသင်ခန်းစာလေးခုကို သုံးသပ်ကြည့်ကြစို့။ (၁) စစ်မှန်သောနောင်တကို အပြောအားဖြင့်သာမဟုတ်ဘဲ အပြုအမူအားဖြင့် ဖော်ပြရမည်။ (၂) ယဇ်ပူဇော်ခြင်းသက်သက်က ဘုရားသခင့်စိတ်တော်နှင့် တွေ့စေမည်မဟုတ်။ (၃) ယေဟောဝါသည် မိမိအားဝတ်ပြုသူများ မိမိကိုစွန့်သွားသောအခါ စိတ်ထိခိုက်တော်မူ၏။ (၄) ကောင်းရာကို ရိတ်လိုလျှင် ကောင်းရာကို စိုက်ရမည်။
နောင်တစစ်ကို ဖော်ပြနိုင်ပုံ
၅။ ဟောရှေ ၆:၁-၃ ၏ဆိုလိုချက်ကို ဖော်ပြပါ။
၅ ကျွန်ုပ်တို့သည် ဟောရှေပရောဖက်ပြုချက်မှ နောင်တနှင့် ကရုဏာအကြောင်း များစွာသိရှိရသည်။ ဟောရှေ ၆:၁-၃ တွင်ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– ‘လာကြ။ ထာဝရဘုရားသခင်ထံတော်သို့ ပြန်ကြကုန်အံ့။ ကိုယ်တော်သည် ကိုက်ဖြတ်သော်လည်း ပကတိဖြစ်စေတော်မူမည်။ ဒဏ်ခတ်သော်လည်း အနာကို စည်းတော်မူမည်။ နှစ်ရက်လွန်ပြီးမှ ငါတို့ကိုအသက်ရှင်စေ၍ သုံးရက်မြောက်သောနေ့၌ ထမြောက်စေတော်မူသဖြင့် အထံတော်၌ ငါတို့သည် အသက်ရှင်ကြလိမ့်မည်။ ပညာကိုလည်းရကြလိမ့်မည်။ ထာဝရဘုရားသခင်ကိုသိခြင်းငှာ လိုက်ရှာကြလိမ့်မည်။ ထွက်တော်မူချိန်သည် နံနက်ကဲ့သို့ဖြစ်လိမ့်မည်။ ရွာသောမိုးနှင့် မြေအပေါ်သို့ရွာသော နောက်မိုးကဲ့သို့ သက်ရောက်တော်မူလိမ့်မည်။’
၆-၈။ ဣသရေလလူမျိုး၏နောင်တသည် မည်သို့ဖြစ်နေသနည်း။
၆ အဆိုပါအခန်းငယ်များတွင် မှတ်တမ်းတင်ထားသော စကားများကို မည်သူပြောဆိုခဲ့သနည်း။ ထိုစကားကို ပြောဆိုခဲ့ကြသူများမှာ တည်ကြည်မှုမရှိသောဣသရေလလူတို့ဖြစ်ကြောင်း၊ နာခံမှုမရှိသောသူတို့သည် ဟန်ဆောင်နောင်တယူ၍ ဘုရားသခင်၏ကရုဏာကို အခွင့်ကောင်းယူခဲ့ကြကြောင်း အချို့ကဆို၏။ သို့သော် အချို့သူတို့ကမူ ပရောဖက်ဟောရှေသည် လူတို့ကို ယေဟောဝါထံ ပြန်လှည့်လာကြရန် ပြောဆိုတောင်းပန်နေခြင်းဖြစ်သည်ဟု ဆိုကြ၏။ ထိုစကားကို မည်သူပင်ပြောဆိုပါစေ၊ အရေးကြီးသောမေးခွန်းမှာ ဣသရေလဆယ်နွယ်နိုင်ငံသားများသည် ယေဟောဝါထံ ပြန်လှည့်လာပြီး နောင်တစစ်ရကြောင်း ဖော်ပြခဲ့သလော။ မဖော်ပြခဲ့ချေ။ ယေဟောဝါသည် ဟောရှေမှတစ်ဆင့် ဤသို့မိန့်ဆို၏– “အိုဧဖရိမ်၊ သင်၌အဘယ်သို့ငါပြုရမည်နည်း။ အိုယုဒ၊ သင်၌အဘယ်သို့ငါပြုရမည်နည်း။ သင်တို့ကြည်ညိုသောစိတ် [“ချစ်ခင်ကြင်နာမှု၊” ကဘ] သည်နံနက်မိုးတိမ်ကဲ့သို့လည်းကောင်း၊ စောစောပျောက်တတ်သော နှင်းကဲ့သို့လည်းကောင်းဖြစ်၏။” (ဟောရှေ ၆:၄) ယင်းက ဘုရားသခင့်လူမျိုးတော်၏ ဝိညာဉ်ရေးအခြေအနေ ဆိုးရွားနေကြောင်း ဖော်ပြလိုက်ခြင်းပင်။ ချစ်ခင်ကြင်နာမှု၊ သို့မဟုတ် မြဲမြံသောမေတ္တာသည် နေထွက်သည်နှင့် ပျောက်သွားသော နံနက်နှင်းကဲ့သို့ ပျောက်လုမတတ်ဖြစ်ခဲ့သည်။ လူတို့သည် ဟန်ဆောင်နောင်တယူကြသော်လည်း ယေဟောဝါသည် သူတို့ကို ကရုဏာပြစရာအကြောင်း မရှိတော့ချေ။ ပြဿနာကား အဘယ်နည်း။
၇ ဣသရေလလူမျိုး၏နောင်တသည် စိတ်ရင်းမှန်ဖြင့်ရသော နောင်တမဟုတ်ချေ။ ယေဟောဝါသည် မိမိ၏လူတို့ကို မနှစ်သက်ကြောင်း ဟောရှေ ၇:၁၄ ကဤသို့ဖော်ပြသည်– ‘သူတို့သည် အိပ်ရာပေါ်မှာ မြည်တမ်းသော်လည်း စိတ်ရင်းမှန်ဖြင့် ငါ့ကို မအော်ဟစ်ကြ။’ သူတို့သည် ယေဟောဝါနှင့် မိမိတို့၏ဆက်ဆံရေးကို ပြန်လည်ပျိုးထောင်ရန် လိုအပ်သည့်ပြောင်းလဲမှုများပြုကာ ကိုယ်တော်၏မြင့်မြတ်သောဝတ်ပြုရေးသို့ ပြန်လှည့်လာလိုစိတ်မရှိကြချေ။ ဘုရားသခင်နှင့်အတူ အမှန်ပင်လျှောက်လှမ်းလိုစိတ်မရှိကြပေ။
၈ ဣသရေလလူမျိုး၏နောင်တနှင့်ပတ်သက်၍ ပြဿနာနောက်တစ်ခုရှိသေးသည်။ သူတို့သည် လိမ်လည်ခြင်း၊ လူသတ်ခြင်း၊ ခိုးခြင်း၊ ရုပ်ပုံကိုးကွယ်ခြင်း၊ အခြားနိုင်ငံများနှင့် အဆင်အခြင်မဲ့စွာ မဟာမိတ်ဖွဲ့ခြင်းအစရှိသော ကြီးလေးသည့်အပြစ်အမျိုးမျိုးကို ပြုကျင့်နေကြသည်။ သူတို့စိတ်တွင် မကောင်းမှုပြုလိုသည့်ဆန္ဒများ ဟုန်းဟုန်းတောက် လောင်မြိုက်နေသောကြောင့် ဟောရှေ ၇:၄ တွင်သူတို့ကို မုန့်ဖုတ်သော “မီးဖို” နှင့်ခိုင်းနှိုင်းထားသည်။ ဤသို့ဝိညာဉ်ရေးအခြေအနေ အလွန်ဆိုးရွားနေသည့်အတွက် သူတို့သည် ကရုဏာတော် ခံစားထိုက်သလော။ လုံးဝမခံစားထိုက်ပေ။ ထို့ကြောင့် ဟောရှေက ယေဟောဝါသည် ပုန်ကန်သူတို့၏ ‘အပြစ်ကိုအောက်မေ့၍ မကောင်းမှုများကို စစ်ကြောတော်မူမည်’ ဟုပြောဆို၏။ (ဟောရှေ ၉:၉) သူတို့သည် ကရုဏာတော်ကို မည်သည့်နည်းဖြင့်မျှ မခံစားထိုက်ကြချေ။
၉။ နောင်တ၊ ကရုဏာတော်တို့နှင့်ပတ်သက်၍ ဟောရှေ၏စကားများမှ အဘယ်အရာသိရှိရသနည်း။
၉ ဟောရှေ၏စကားများကို ကျွန်ုပ်တို့ဖတ်သည့်အခါ နောင်တနှင့် ကရုဏာတော်အကြောင်း ကျွန်ုပ်တို့ အဘယ်အရာသိရှိရသနည်း။ ယေဟောဝါ၏ကရုဏာတော် ခံစားလိုလျှင် နောင်တစစ်ရသင့်ကြောင်း တည်ကြည်မှုမရှိသောဣသရေလလူမျိုး၏အဖြစ်အပျက်က ကျွန်ုပ်တို့ကို သတိပေး၏။ ဤသို့သောနောင်တကို မည်သို့ဖော်ပြရမည်နည်း။ မျက်ရည် သို့မဟုတ် အပြောဖြင့်သာ ယေဟောဝါအား လှည့်စား၍မရချေ။ နောင်တစစ်ကို လုပ်ရပ်များဖြင့် ထင်ရှားပြရမည်။ အပြစ်ပြုသူတစ်ဦးသည် ကရုဏာတော်ခံစားရရန် သူ၏အပြစ်လမ်းစဉ်ကို လုံးဝစွန့်ပြီး ယေဟောဝါ၏မြင့်မြတ်သောဝတ်ပြုရေးဆိုင်ရာ မြင့်မားသောစံနှုန်းများနှင့်အညီ အသက်ရှင်နေထိုင်ရမည်။
ယဇ်ပူဇော်ခြင်းသက်သက်ကို ဘုရားသခင်စိတ်တော်မတွေ့
၁၀၊ ၁၁။ ဣသရေလလူမျိုးအဖြစ်အပျက်က ဖော်ပြသကဲ့သို့ ယေဟောဝါသည် ယဇ်ပူဇော်ခြင်းသက်သက်ကို အဘယ်ကြောင့် စိတ်တော်မတွေ့သနည်း။
၁၀ ကျွန်ုပ်တို့ ယေဟောဝါနှင့်အတူ လျှောက်လှမ်းရန် အကူအညီဖြစ်စေနိုင်သည့် ဒုတိယသင်ခန်းစာကို ယခု သုံးသပ်ကြည့်ကြစို့။ ယဇ်ပူဇော်ခြင်းသက်သက်က ဘုရားသခင့်စိတ်တော်နှင့်မတွေ့နိုင် ဟူသောအချက်ဖြစ်သည်။ ဟောရှေ ၆:၆ ကဤသို့ဆိုသည်– “ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့် [“ချစ်ခင်ကြင်နာမှု၊” ကဘ] ကိုလည်းကောင်း၊ မီးရှို့ရာယဇ်ပူဇော်ခြင်းထက် ဘုရားသခင်နှင့်ကျွမ်းဝင်ခြင်းကိုလည်းကောင်း ငါ [ယေဟောဝါ] နှစ်သက်၏။” ယေဟောဝါသည် နှလုံးအရည်အသွေးဖြစ်သော ချစ်ခင်ကြင်နာမှု သို့မဟုတ် မြဲမြံသောမေတ္တာနှင့် မိမိအား ကျွမ်းဝင်ခြင်းတို့ကို နှစ်သက်တော်မူကြောင်း သတိပြုပါ။ သို့သော် ဤအခန်းငယ်တွင် ‘“ယဇ်ပူဇော်ခြင်း” နှင့် “မီးရှို့ရာယဇ်ပူဇော်ခြင်း” တို့ကို ယေဟောဝါ မနှစ်သက်ဟု အဘယ်ကြောင့်ဆိုသနည်း။ မောရှေပညတ်က ၎င်းတို့ကို တောင်းဆိုထားသည်မဟုတ်လော’ ဟူ၍ အသင်စဉ်းစားမိပေမည်။
၁၁ ပညတ်တရားက ပူဇော်ရာယဇ်များကို တောင်းဆိုထားသည်မှန်သော်လည်း ဟောရှေ၏တစ်ခေတ်တည်းသားများတွင် ကြီးလေးသည့်ပြဿနာရှိခဲ့သည်။ ဟန်ပြဝတ်ပြုကိုးကွယ်ပြီး ဝတ်ကျေတမ်းကျေ ယဇ်ပူဇော်နေကြသည့် ဣသရေလလူတို့ ရှိနေသည်မှာထင်ရှား၏။ တစ်ချိန်တည်းတွင် သူတို့သည် အပြစ်ပြုနေကြ၏။ သူတို့၏နှလုံးတွင် မြဲမြံသောမေတ္တာမရှိကြောင်း သူတို့ပြုသောအပြစ်က ဖော်ပြသည်။ သူတို့သည် ဘုရားသခင်အား သိကျွမ်းခြင်းပညာနှင့်အညီ မနေထိုင်သည့်အတွက် ကိုယ်တော်အား မသိကျွမ်းလိုကြောင်း ဖော်ပြသည်။ မှန်ကန်သောသဘောထားမရှိ၊ ဖြောင့်မတ်သောဘဝလမ်းစဉ်ကိုမလိုက်လျှင် သူတို့၏ယဇ်များသည် တန်ဖိုးရှိပါမည်လော။ ၎င်းတို့ကို ယေဟောဝါဘုရားသခင် ရွံမုန်းတော်မူ၏။
၁၂။ ဟောရှေ ၆:၆ တွင် မျက်မှောက်ခေတ်လူတို့အတွက် အဘယ်သတိပေးချက် ပါရှိသနည်း။
၁၂ ဟောရှေ၏စကားများတွင် ယနေ့ ချာ့ခ်ျမှန်မှန်တက်သူများအတွက် သတိပေးချက်ပါရှိသည်။ သူတို့သည် ဘာသာရေးထုံးတမ်းအတိုင်း ဝတ်ပြုကိုးကွယ်ခြင်းဖြင့် ဘုရားသခင်ကို ယဇ်ပူဇော်နေကြသည်။ သို့သော် သူတို့၏ကိုးကွယ်မှုသည် သူတို့၏နေ့စဉ်အပြုအမူအပေါ် လွှမ်းမိုးနိုင်စွမ်းမရှိသလောက်ပင်။ ဘုရားသခင်၏တိကျမှန်ကန်သောအသိပညာကို ဆည်းပူးကာ အပြစ်မပြုခြင်းဖြင့် ယင်းအသိပညာကိုကျင့်သုံးရန် လှုံ့ဆော်မခံရလျှင် သူတို့ကို ကိုယ်တော် အမှန်ပင်နှစ်သက်ပါမည်လော။ ဘာသာရေးလုပ်ရုံသက်သက်ဖြင့် ဘုရားသခင့်စိတ်တော်နှင့်တွေ့မည်ဟု မထင်လိုက်ပါနှင့်။ ယေဟောဝါ၏စကားတော်နှင့်အညီ မနေထိုင်ဘဲ ဟန်ပြဝတ်ပြုကိုးကွယ်မှုဖြင့် ကိုယ်တော်၏မျက်နှာသာတော်ရရန် ကြိုးစားသူများကို ကိုယ်တော်နှစ်သက်မည်မဟုတ်ချေ။—၂ တိမောသေ ၃:၅။
၁၃။ ကျွန်ုပ်တို့သည် အဘယ်ယဇ်များကို ပူဇော်ကြသနည်း။ သို့သော် ၎င်းတို့၏တန်ဖိုးနှင့်ပတ်သက်၍ အဘယ်အရာကို စိတ်စွဲမှတ်သင့်သနည်း။
၁၃ ယဇ်ပူဇော်ခြင်းသက်သက်က ဘုရားသခင့်စိတ်တော်နှင့်တွေ့စေမည်မဟုတ်ကြောင်း ခရစ်ယာန်စစ်များ စိတ်စွဲမှတ်ထားကြသည်။ ယေဟောဝါအား တိရစ္ဆာန်ယဇ်များ မပူဇော်ကြတော့သည်မှာ မှန်၏။ သို့သော် ကျွန်ုပ်တို့သည် “ဘုရားသခင်၏ကျေးဇူးတော်ကို ဝန်ခံလျက်၊ နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို . . . ဘုရားသခင့်ရှေ့တော်၌ . . . ပူဇော်ကြ” သည်။ (ဟေဗြဲ ၁၃:၁၅) ကျွန်ုပ်တို့သည် ဟောရှေခေတ်က အပြစ်ကြီးသောဣသရေလလူတို့ကဲ့သို့ ဘုရားသခင်အား ဝိညာဉ်ရေးယဇ်များ ပူဇော်ခြင်းအားဖြင့် အပြစ်ပြေသွားမည်ဟု မထင်မိရန် အရေးကြီးသည်။ တိတ်တိတ်ပုန်း လိင်အကျင့်ယိုယွင်းခဲ့သော လူငယ်တစ်ဦးကို သုံးသပ်ကြည့်ပါ။ သူဤသို့ဝန်ခံခဲ့သည်– “လယ်ကွင်းဓမ္မအမှုမှာ များများပါရင် အပြစ်ပေါ့မယ်လို့ ကျွန်မထင်ခဲ့တယ်။” ထင်ရာစိုင်းတတ်သော ဣသရေလလူတို့၏ လုပ်ကိုင်ခဲ့ပုံနှင့်တူသည်။ သို့သော် ကျွန်ုပ်တို့၏ချီးမွမ်းခြင်းယဇ်သည် မှန်ကန်သောရည်ရွယ်ချက်နှင့် ဘုရားသခင်ရေးရာအမူအကျင့်တို့ဖြင့် ဒွန်တွဲနေမှသာ ယင်းကို ယေဟောဝါနှစ်သက်လက်ခံမည်ဖြစ်သည်။
ယေဟောဝါသည် မိမိအားဝတ်ပြုသူများ မိမိကိုစွန့်သွားသောအခါ စိတ်ထိခိုက်တော်မူ
၁၄။ ဟောရှေ၏ပရောဖက်ပြုချက်က ဘုရားသခင်၏ခံစားချက်များအကြောင်း အဘယ်အရာဖော်ပြသနည်း။
၁၄ ဟောရှေ အခန်းကြီး ၆ မှ ၉ တွင်ပါရှိသည့် တတိယသင်ခန်းစာမှာ ယေဟောဝါသည် မိမိအားဝတ်ပြုသူများ မိမိကိုစွန့်သွားသောအခါ မည်သို့ခံစားရသည်နှင့်ပတ်သက်၍ဖြစ်သည်။ ဘုရားသခင်တွင် ခိုင်မာသည့်သဘောနှင့် နူးညံ့သည့်သဘော နှစ်မျိုးစလုံးရှိသည်။ ကိုယ်တော်သည် နောင်တရသူများအတွက် အားရဝမ်းမြောက်ပြီး သူတို့ကို သနားကြင်နာတတ်၏။ သို့သော် မိမိ၏လူတို့သည် နောင်တမယူလျှင် ခိုင်မာပြတ်သားစွာ အရေးယူသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏အကျိုးကို လိုလားသောကြောင့် ကိုယ်တော်နှင့်အတူ ကျွန်ုပ်တို့ တည်ကြည်စွာလျှောက်လှမ်းသည့်အခါ ဝမ်းသာကြည်နူးတော်မူသည်။ ‘ထာဝရဘုရားသခင်သည် မိမိလူစုကို နှစ်သက်တော်မူ၏’ ဟုဆာလံ ၁၄၉:၄ ကဆိုသည်။ သို့သော် မိမိ၏ကျေးကျွန်များ သစ္စာမရှိသောအခါ ဘုရားသခင် မည်သို့ခံစားရသနည်း။
၁၅။ ဟောရှေ ၆:၇ အရ ဣသရေလလူအချို့သည် မည်သို့ပြုမူနေကြသနည်း။
၁၅ တည်ကြည်မှုမရှိသောဣသရေလလူတို့နှင့်စပ်လျဉ်း၍ ယေဟောဝါက ဤသို့မိန့်ဆိုသည်– “သူတို့သည် အာဒံကဲ့သို့ ပဋိညာဉ်ကိုလွန်ကျူးကြပြီ။ နေရင်းအရပ်၌ ငါ့သစ္စာကို ဖျက်ကြပြီ။” (ဟောရှေ ၆:၇) “သစ္စာဖျက်” ဟုပြန်ဆိုထားသော ဟေဗြဲစကားလုံးသည် “လှည့်စားသည်၊ သစ္စာမဲ့သည်” ဟူ၍လည်း အဓိပ္ပာယ်ရှိ၏။ မာလခိ ၂:၁၀-၁၆ တွင် မိမိတို့၏အိမ်ထောင်ဖက်အပေါ် သစ္စာဖောက်ခဲ့ကြသော ဣသရေလလူတို့၏အကျင့်ကိုဖော်ပြရန် အဆိုပါဟေဗြဲစကားလုံးကို အသုံးပြုထားသည်။ ဟောရှေ ၆:၇ တွင်အဆိုပါစကားလုံးကို အသုံးပြုရခြင်းနှင့်စပ်လျဉ်း၍ ကိုးကားချက်တစ်ခုကဤသို့ဆို၏– ယင်းသည် “အိမ်ထောင်ဆက်ဆံရေးတွင် လူပုဂ္ဂိုလ်၏အရည်အသွေးကို ရုပ်လုံးပေါ်စေသည့် ပုံဆောင်စကားဖြစ်သည်။ . . . မေတ္တာပျက်ပြားသည့် အခြေအနေကိုဖော်ပြသည်။”
၁၆၊ ၁၇။ (က) ဣသရေလလူမျိုးသည် ဘုရားသခင်နှင့်ဖွဲ့ခဲ့သော ပဋိညာဉ်နှင့် ပတ်သက်၍ မည်သို့ပြုမူခဲ့သနည်း။ (ခ) ကျွန်ုပ်တို့၏လုပ်ရပ်များနှင့်စပ်လျဉ်း၍ အဘယ်အရာကို သတိရသင့်သနည်း။
၁၆ ယေဟောဝါသည် ဣသရေလလူမျိုးနှင့် ပဋိညာဉ်ဖွဲ့ထားသောကြောင့် ထိုလူမျိုးကို မိမိ၏ပုံဆောင်ဇနီးအဖြစ် သဘောထားတော်မူသည်။ ထို့ကြောင့် မိမိ၏လူတို့သည် အဆိုပါပဋိညာဉ်၏စည်းကမ်းများကို ချိုးဖောက်သည့်အခါ သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်သည့်အလားဖြစ်ခဲ့၏။ ဘုရားသခင်သည် သစ္စာရှိခင်ပွန်းတစ်ဦးဖြစ်သော်လည်း ကိုယ်တော်၏လူတို့သည် ကိုယ်တော့်ကို စွန့်သွားခဲ့ကြသည်။
၁၇ ကျွန်ုပ်တို့ကော။ ဘုရားသခင်နှင့်အတူ ကျွန်ုပ်တို့လျှောက်လှမ်းခြင်းရှိမရှိ ကိုယ်တော် စိတ်ဝင်စားတော်မူသည်။ ဘုရားသခင်သည် “ချစ်ခြင်းမေတ္တာဖြစ်တော်မူ” ပြီး ကျွန်ုပ်တို့၏လုပ်ရပ်များက ကိုယ်တော့်အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း သတိရသင့်သည်။ (၁ ယောဟန် ၄:၁၆) ကျွန်ုပ်တို့သည် လမ်းမှားလိုက်နေမည်ဆိုလျှင် ယေဟောဝါ စိတ်ထိခိုက်ပေမည်။ ကိုယ်တော်၏စိတ်တော်နှင့်လည်း တွေ့မည်မဟုတ်ချေ။ ယင်းကို စိတ်စွဲမှတ်ထားခြင်းက သွေးဆောင်မှုနောက်လိုက်မပါရန် အကာအကွယ်ဖြစ်နိုင်သည်။
ကောင်းရာကို ရိတ်နိုင်ပုံ
၁၈၊ ၁၉။ ဟောရှေ ၈:၇ တွင် အဘယ်မူကို တွေ့ရသနည်း။ ယင်းမူမှန်ကန်ကြောင်း ဣသရေလလူတို့အဖြစ်က မည်သို့ဖော်ပြသနည်း။
၁၈ ဟောရှေပရောဖက်ပြုချက်မှ ကျွန်ုပ်တို့သည် ကောင်းရာကို ရိတ်နိုင်ပုံဟူသော လေးခုမြောက်သင်ခန်းစာကို သုံးသပ်ကြည့်ကြစို့။ ဣသရေလလူတို့နှင့် သူတို့၏သစ္စာမဲ့လမ်းစဉ်၏မိုက်မဲမှု၊ အချည်းနှီးဖြစ်မှုတို့နှင့်စပ်လျဉ်း၍ ဟောရှေက “လေမျိုးစေ့ကိုကြဲ၍ လေပွေစပါးကို ရိတ်ရကြလိမ့်မည်” ဟုရေးသား၏။ (ဟောရှေ ၈:၇) ဤတွင် စိတ်စွဲမှတ်သင့်သည့် မူတစ်ခုကို တွေ့ရ၏။ ယခု ကျွန်ုပ်တို့ ပြုလုပ်သည့်အရာနှင့် နောက်ပိုင်းရရှိမည့် အကျိုးရလဒ်များသည် တိုက်ရိုက်ဆက်နွှယ်မှုရှိသည်ဟူသောအချက်ဖြစ်၏။ အဆိုပါမူ မှန်ကန်ကြောင်း တည်ကြည်မှုမရှိသောဣသရေလလူတို့၏အဖြစ်က မည်သို့ဖော်ပြသနည်း။
၁၉ ဣသရေလလူတို့သည် အပြစ်ပြု၍ မကောင်းမှုကို စိုက်နေကြ၏။ ဆိုးကျိုးများကို မရိတ်ရဘဲ ထိုသို့ဆက်ပြုနေနိုင်မည်လော။ သူတို့သည် အမှန်ပင် တရားစီရင်ခံရပေမည်။ ဟောရှေ ၈:၁၃ ကဤသို့ဖော်ပြသည်– ‘ထာဝရဘုရားသခင်သည် သူတို့အပြစ်များကို ချက်ချင်းအောက်မေ့၍ စစ်ကြောတော်မူ’ မည်။ ထို့ပြင် ဟောရှေ ၉:၁၇ တွင်ကျွန်ုပ်တို့ ဤသို့ဖတ်ရ၏– “ငါ့ဘုရားသခင်၏စကားတော်ကို နားမထောင်သောကြောင့် စွန့်ပစ်တော်မူ၍ သူတို့သည် တစ်ပါးအမျိုးသားတို့တွင် အရပ်ရပ်သို့ လှည့်လည်ရကြမည်။” ဣသရေလလူတို့ အပြစ်ပြုသည့်အတွက် သူတို့နှင့် ယေဟောဝါ စာရင်းရှင်းတော်မူမည်။ သူတို့သည် မကောင်းမှုကိုစိုက်ခဲ့ရာ ဆိုးကျိုးကို ရိတ်ကြရလိမ့်မည်။ အာရှုရိလူတို့သည် ဣသရေလဆယ်နွယ်နိုင်ငံကို တိုက်ခိုက်အောင်မြင်ပြီး သူတို့ကို သုံ့ပန်းများအဖြစ် ခေါ်ဆောင်သွားသည့် ဘီ.စီ.အီး. ၇၄၀ ပြည့်နှစ်တွင် သူတို့ကို ဘုရားသခင် တရားစီရင်ခဲ့သည်။
၂၀။ ဣသရေလလူတို့အဖြစ်အပျက်မှ အဘယ်အရာသိရှိရသနည်း။
၂၀ စိုက်သည့်အတိုင်း ရိတ်ရမည်ဟူသော အခြေခံအမှန်တရားကို ဣသရေလလူတို့၏အဖြစ်မှ ကျွန်ုပ်တို့သိရှိရသည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့သတိပေးသည်– “အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်။” (ဂလာတိ ၆:၇) မကောင်းမှုစိုက်လျှင် ဆိုးကျိုးရိတ်ရမည်။ ဥပမာ၊ အကျင့်ပျက်သူများသည် ဝမ်းနည်းဖွယ်ဆိုးကျိုးများကို ခံစားကြရလိမ့်မည်။ နောင်တမယူသော အပြစ်ပြုသူတစ်ဦးသည် စိတ်ဆင်းရဲရလိမ့်မည်။
၂၁။ ကောင်းရာကို မည်သို့ရိတ်နိုင်မည်နည်း။
၂၁ သို့ဆိုလျှင် ကောင်းရာကို မည်သို့ရိတ်နိုင်မည်နည်း။ ထိုမေးခွန်းကို ရိုးရှင်းသည့်ပုံဥပမာတစ်ခုဖြင့် ဖြေဆိုနိုင်သည်။ လယ်သမားတစ်ဦးသည် စပါးကိုရိတ်လိုလျှင် ဂျုံကို စိုက်မည်လော။ စိုက်မည်မဟုတ်။ ရိတ်လိုသည့်အရာကို စိုက်ရမည်။ ထိုနည်းတူ၊ ကျွန်ုပ်တို့သည် ကောင်းရာကို ရိတ်လိုလျှင် ကောင်းရာကို စိုက်ရလိမ့်မည်။ သင်သည် ဘုရားသခင့်ကမ္ဘာသစ်တွင် ထာဝရအသက်ရရန် မျှော်လင့်လျက် ယခုပင် ကျေနပ်အားရစွာနေထိုင်ရသည့် အသက်တာတည်းဟူသော ကောင်းရာကို ဆက်ရိတ်ချင်သလော။ သို့ဆိုလျှင် သင်သည် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းပြီး ကိုယ်တော်၏ဖြောင့်မတ်သော စံနှုန်းများနှင့်အညီ နေထိုင်ခြင်းဖြင့် ကောင်းရာကို စိုက်နေရမည်။
၂၂။ ဟောရှေ အခန်းကြီး ၆ မှ ၉ တွင် အဘယ်သင်ခန်းစာများ ရရှိသနည်း။
၂၂ ဟောရှေ အခန်းကြီး ၆ မှ ၉ တွင် ဘုရားသခင်နှင့်အတူ ကျွန်ုပ်တို့လျှောက်လှမ်းစေနိုင်သည့် သင်ခန်းစာလေးခုကို သိရှိခဲ့ကြရပြီ။ (၁) စစ်မှန်သောနောင်တကို လုပ်ရပ်များဖြင့် ဖော်ပြရမည်။ (၂) ယဇ်ပူဇော်ခြင်းသက်သက်က ဘုရားသခင့်စိတ်တော်နှင့် တွေ့စေမည်မဟုတ်။ (၃) ယေဟောဝါသည် မိမိအားဝတ်ပြုသူများ မိမိကိုစွန့်သွားသောအခါ စိတ်ထိခိုက်တော်မူ၏။ (၄) ကောင်းရာကို စိုက်လျှင် ကောင်းရာကို ရိတ်ရမည်။ ဤကျမ်းစာစောင်၏ နောက်ဆုံးအခန်းကြီးငါးခန်းက ဘုရားသခင်နှင့်အတူ ကျွန်ုပ်တို့ လျှောက်လှမ်းရန် မည်သို့ထောက်ကူပေးနိုင်သနည်း။
သင်မည်သို့ဖြေဆိုမည်နည်
• နောင်တစစ်ကို မည်သို့ဖော်ပြရမည်နည်း။
• ယဇ်ပူဇော်ခြင်းသက်သက်က ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်စိတ်တော်နှင့် အဘယ်ကြောင့်မတွေ့သနည်း။
• ဘုရားသခင်သည် မိမိအားဝတ်ပြုသူများ မိမိကိုစွန့်သွားသောအခါ မည်သို့ခံစားရသနည်း။
• ကျွန်ုပ်တို့သည် ကောင်းရာကို ရိတ်လိုလျှင် အဘယ်အရာကို စိုက်ရမည်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဣသရေလလူမျိုး၏ မြဲမြံသောမေတ္တာသည် နံနက်မိုးတိမ်ကဲ့သို့ ပျောက်ကွယ်ခဲ့
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဣသရေလလူမျိုး၏စိတ်တွင် မကောင်းမှုပြုလိုသည့်ဆန္ဒများသည် မီးဖိုကဲ့သို့ ဟုန်းဟုန်းတောက် လောင်မြိုက်ခဲ့
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ယေဟောဝါသည် မိမိလူတို့၏ပူဇော်ရာယဇ်များကို အဘယ်ကြောင့် ငြင်းပယ်ခဲ့သနည်း
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ကောင်းရာကို ရိတ်နိုင်ရန် ကောင်းရာကို စိုက်ရမည်