မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အံ့ဖွယ်ဖန်ဆင်းရာများက ယေဟောဝါ၏ကြီးမြတ်မှုကိုဖော်ပြ

အံ့ဖွယ်ဖန်ဆင်းရာများက ယေဟောဝါ၏ကြီးမြတ်မှုကိုဖော်ပြ

အံ့ဖွယ်​ဖန်ဆင်း​ရာ​များ​က ယေဟောဝါ​၏​ကြီးမြတ်မှု​ကို​ဖော်ပြ

ယေဟောဝါ ဘုရားသခင်​သည် မစုံလင်​သည့် လူသားများ စဉ်းစား​တွေးတော​နိုင်​သည်ထက် ပို​၍​ကြီးမြတ်​တော်​မူ​၏။ ကမ္ဘာ​မြေကြီးပေါ်​နှင့် ကောင်းကင်​ရှိ ကိုယ်တော်​၏​ဖန်ဆင်း​ရာ​များသည် ကိုယ်တော်​အား ချီးမွမ်း​ကာ ကျွန်ုပ်​တို့အား အံ့သြ​မိန်းမော​စေ​သည်။—ဆာလံ ၁၉:၁-၄

ဖန်ဆင်း​ရှင်၊ စကြဝဠာ​ပိုင်သ​အုပ်စိုးရှင်​အနေ​နှင့် ယေဟောဝါ​စကားပြော​ဆို​သည့်​အခါ အမှန်​နားထောင်​သင့်​ပေ​သည်။ သို့သော် ဤ​မြေကြီးပေါ်​မှ လူသား​မျှ​သာ​ဖြစ်သော ကျွန်ုပ်​တို့​နှင့် ကိုယ်တော်​စကားပြော​မည်​ဆိုလျှင် မည်မျှ​အံ့သြ​လိုက်​မည်​ဖြစ်​ခြင်း။ ကိုယ်တော်​သည် ကောင်းကင်တမန်​တစ်ပါး​မှ​တစ်ဆင့် သင့်​အား စကားပြော​ဆို​သည် ဆို​ကြပါစို့။ သင်​ဂရုတစိုက် နားထောင်​မည်​မှာ သေချာ​ပါ​သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃,၅၀၀ ခန့်​က ဖြောင့်မတ်​သော ယောဘ​ကို ဘုရားသခင်​စကားပြော​ဆို​သည့်​အခါ သူ​ဂရုတစိုက် နားထောင်​ခဲ့​မည်​ဖြစ်သည်။ မိုးကောင်းကင်၊ မြေကြီး​တို့​နှင့်​စပ်လျဉ်း၍ ယောဘ​အား ဘုရားသခင်​မိန့်ဆိုခဲ့​ရာ​များ​မှ ကျွန်ုပ်​တို့​အဘယ်အရာ သင်ယူ​နိုင်​သနည်း။

မြေကြီး​တိုက်မြစ်​ကို မည်သူ​တည်​ခဲ့​ပြီး ပင်လယ်​ကို မည်သူ​ထိန်းချုပ်​သနည်း

ဘုရားသခင်​သည် ယောဘ​အား မြေကြီး​နှင့် ပင်လယ်​အကြောင်း မိုးသက်မုန်တိုင်း​ထဲ​က မေး​တော်​မူ​သည်။ (ယောဘ ၃၈:၁-၁၁) မည်သည့် လူသား​ဗိသုကာ​ပညာရှင်​က​မျှ ကမ္ဘာ​သည် မည်မျှ​ကြီး​သင့်​ကြောင်း မဆုံးဖြတ်​ပေး​နိုင်၊ ကမ္ဘာ​ဖြစ်ပေါ်​လာရန် မပြု​လုပ်နိုင်​ကြ​ချေ။ မြေကြီးကို အဆောက်အအုံ​တစ်ခု​နှင့် နှိုင်းယှဉ်​၍ ယောဘ​အား ဘုရားသခင်​က “တိုက်​ထောင့်​အထွတ်​ကျောက်​ကို အဘယ်သူ​တင်ထား​သနည်း” ဟု မေး​တော်​မူ​၏။ မည်သည့်​လူသားက​မျှ မဟုတ်​ချေ။ ဤ​ကမ္ဘာ​ဂြိုဟ်​ကို ယေဟောဝါ​ဖန်ဆင်း​ခဲ့​ချိန်​က ဘုရားသခင့်​ကောင်းကင်သား​တို့သည် ကြည့်ရှု​နေခဲ့​ကြ​ပြီး ဝမ်းမြောက်​ခဲ့​ကြသည်။

ပင်လယ်​ကို ပုံဆောင်​ဝတ်ရုံ​ဖြင့် ဆင်မြန်း​ပေး​တော်​မူ​သည့် ဘုရားသခင်​နှင့်​နှိုင်းယှဉ်​လိုက်​လျှင် ၎င်း​ပင်လယ်​သည် မွေးကင်းစ​ကဲ့သို့​ဖြစ်သည်။ ပင်လယ်​သည် “အမိဝမ်းထဲ​က​ဖွား၍ ထွက်​လာ” လေ​၏။ ကန့်​လန့်​ကျင်​များ၊ တံခါးပိတ်​များနှင့် ပိတ်​ထား​သည့်​အလား ဘုရားသခင်​သည် ပင်လယ်​ကို ကန့်သတ်​ထားပြီး နေ​နှင့်​လ​တို့၏ ဆွဲငင်​မှု​ကြောင့် ဒီရေ​အတက်အကျ ဖြစ်နေ​၏။

ကမ္ဘာ့​စာအုပ် စွယ်စုံ​ကျမ်း​က ဤသို့​ဆို​သည်– “လှိုင်း​ဂယက်​ငယ်​များ​မှ​စ၍ ပေ ၁၀၀ (မီတာ ၃၀) ကျော်​မြင့်​သည့် ဟာရီကိန်း လှိုင်း​တံပိုး​ကြီး​များ​အထိ​ရှိသော သမုဒ္ဒရာ​လှိုင်း​အများစု​သည် လေ​ကြောင့်​ဖြစ်​ရသည်။ . . . လေ​တိုက်​ရပ်​သွားပြီး​နောက် လှိုင်း​များသည် သမုဒ္ဒရာ​ရေပြင်​ပေါ် ဆက်၍​ရွေ့လျား​သွား​နေ​ကာ ၎င်း​တို့​စ​ဖြစ်သည့်​နေရာ​မှ အလွန်​ဝေးလံ​သည့်​နေရာ​အထိ ခရီးဆန့်​နိုင်​ကြ​၏။ လှိုင်း​တံပိုး​များသည် ပို​၍​ညင်သာ​လာပြီး ပို​၍​ရှည်လျား​လာ​ကြ​၏။ နောက်ဆုံး ကမ်း​စပ်​သို့ ရောက်ရှိ​လာ​ကာ လှိုင်း​အိ​ကလေး​များ​အဖြစ် အဆုံးသတ်​သွား​သည်။” “သင်သည် ဤ​အရပ်​တိုင်အောင်​လာ​ရ၏။ တိုး၍​မ​လွန်​ရ၊ ဤ​အရပ်၌ သင်၏​ထောင်လွှား​သော လှိုင်း​တံပိုး​ဆုံး​ရ၏” ဟူသော ဘုရားသခင့်​မိန့်မှာချက်ကို ပင်လယ် နာခံ​လေ​သည်။

မိုး​သောက်​အလင်း​ကို မည်သူ ဖြစ်ပေါ်​စေ​သနည်း

ဘုရားသခင်​သည် ယောဘ​အား အလင်းရောင်​၏ အကျိုး​သက်ရောက်မှု​များနှင့် အခြားသော​ဖန်ဆင်း​ရာ​များ​အကြောင်း မေးမြန်း​ပြန်​၏။ (ယောဘ ၃၈:၁၂-၁၈) မည်သည့်​လူသားက​မျှ နေ့​နှင့်​ည ဆက်တိုက်​ဖြစ်လာ​မှု​ကို မထိန်းချုပ်​နိုင်​ပေ။ ပုံဆောင်​သဘော​အရ မိုး​သောက်​အလင်း​သည် မြေကြီးစွန်း​ကို​ကိုင်​လျက် လူဆိုး​တို့ကို ခါ​၍​ပစ်လိုက်​၏။ အပြစ်ပြု​သူများ​သည် မတရားမှုများ​ကို “ည​အချိန်” တွင် ပြု​ကြ​ပေမည်။ (ယောဘ ၂၄:၁၅၊ ၁၆) သို့သော် မိုး​သောက်​ချိန်​တွင် ဆိုးညစ်သူ​အများ​သည် ပျောက်ကွယ်​သွား​ကြသည်။

ဘုရားသခင့်​လက်တော်​တွင် မိုး​သောက်​အလင်း​သည် မြေကြီးကို လှလှပပ ပုံ​ပေါ်​စေသည့် တံဆိပ်တုံး​အလား​ဖြစ်သည်။ နေရောင်​ကြောင့် အရောင်အသွေး​မျိုးစုံ မြင်တွေ့​နိုင်ရာ ကမ္ဘာလုံး​သည် တ​ဖိတ်ဖိတ်တောက်​ပ​နေသည့် အဝတ်တန်ဆာ​ကို ဆင်မြန်း​ထား​သည့်​အလား ဖြစ်နေ​တော့​၏။ ယောဘသည် ဤ​ကိစ္စ​တွင် ဘာမျှ​မလုပ်ဆောင်​နိုင်​ခဲ့​ပါ။ ရေ​အောက်​ဘဏ္ဍာများ​ကို စာရင်း​ယူ​ရန် သမုဒ္ဒရာ​၏ နက်နဲ​သော​အောက်​ဆုံး​အရပ်​တွင် မ​လှည့်လည်​ခဲ့​ဖူး​ပါ။ ယခု​အချိန်​ထိ သုတေသီ​များသည် အဏ္ဏဝါ​လောက​အကြောင်းကို အနည်း​အကျဉ်း​သာ သိရှိ​ထား​ကြသည်။

ဆီးနှင်း​ဘဏ္ဍာတိုက်​နှင့် မိုးသီး​ဘဏ္ဍာတိုက်​တို့ကို မည်သူ​သိုထား​သနည်း

အလင်း သို့​မဟုတ် အမှောင်​ကို ၎င်း​၏​နေအိမ်​သို့ လိုက်ပါ​ပို့ဆောင်​ပေး​သူ မည်သူမျှ​မရှိ​ချေ။ “စစ်ပြိုင်​၍​တိုက်​ရာ အချိန်ကာလ​အဖို့” ဘုရားသခင်​သိုထား​သည့် ဆီးနှင်း​ဘဏ္ဍာတိုက်​နှင့် မိုးသီး​ဘဏ္ဍာတိုက်​ထဲ​သို့ ဝင်ရောက်​ဖူး​သူလည်း မရှိ​ချေ။ (ယောဘ ၃၈:၁၉-၂၃) ယေဟောဝါ​သည် ဂိဗောင်​မြို့တွင် ရန်သူများ​ကို မိုးသီး​ဖြင့် တိုက်ခိုက်​ခဲ့​ချိန်​က “သူတို့သည် ဣသရေလလူ​တို့၏​ဓား​ကြောင့် သေ​သည်ထက် မိုးသီး​ကြောင့် သာ၍​သေကြ​၏။” (ယောရှု ၁၀:၁၁) ကိုယ်တော်​သည် ဂေါဂ သို့​မဟုတ် စာတန်​ခေါင်းဆောင်​သော ဆိုးညစ်သူ​များ​ကို ဖျက်ဆီး​ရန် အရွယ်အစား​မဖော်​ပြ​ထား​သည့် မိုးသီး​များ​ကို အသုံးပြု​တော်​မူ​မည်။—ယေဇကျေလ ၃၈:၁၈၊ ၂၂

၂၀၀၂၊ ဇူလိုင်​လ​တွင် တရုတ်​ပြည်၊ ဟေး​န​န်​ပြည်နယ်​အလယ်ပိုင်း​၌ ကြက်​ဥ​အရွယ်အစား​ရှိ မိုးသီး​များ ရွာ​ကျ​ခဲ့​ရာ လူ ၂၅ ဦး​သေဆုံး​ပြီး ၂၀၀ ဒဏ်ရာ​ရရှိခဲ့​ကြသည်။ ၁၅၄၅ ခုနှစ်​က တိုက်ခတ်​ခဲ့​သည့် မိုးသီး​မုန်တိုင်း​နှင့်​စပ်လျဉ်း၍ အီတလီ​လူမျိုး ပန်း​ပု​ဆရာ ဘ​န်ဗီနူ​တို စီ​လ​နီ​က ဤသို့​ရေးသားခဲ့​သည်– “မိုးကောင်းကင်​တွင် မိုးခြိမ်းသံ​များ ကျယ်လောင်​စွာ မြည်ဟည်း​စဉ်​က . . . ကျွန်ုပ်​တို့သည် လီယွန်​မြို့မှ တစ်ရက်​ခရီး​အကွာ​တွင် ရှိနေကြ​သည်။ . . . မိုးခြိမ်းသံ​များ​မှာ ဆူညံ​လွန်း​ပြီး ကြောက်မက်​ဖွယ်​ကောင်း​ရာ ကမ္ဘာ​ကုန်ဆုံး​ပြီ​ဟု ထင်​လိုက်​မိ​သည်။ သို့​နှင့် မြင်း​စီး​ခေတ္တ​ရပ်နေ​လိုက်​၏။ ထို​စဉ် ရေ​တစ်​စက်​မျှ မပါဘဲ မိုးသီး​များ ရွာ​ကျ​လာ​သည်။ . . . တဖြည်းဖြည်း​နှင့် ရှောက်​သီး​အရွယ်​ရှိ မိုးသီး​များ ကျ​လာ​၏။ . . . မုန်တိုင်း တစ်ခဏမျှ ထ​န်​ခဲ့​သော်လည်း နောက်ဆုံး စဲ​သွားခဲ့သည်။ . . . ကျွန်ုပ်​တို့၏ ဒဏ်ရာ​ဒဏ်ချက်​များ​ကို အချင်းချင်း​ပြသ​ခဲ့​ကြ​၏။ သို့သော် တစ်မိုင်​ခန့် ဆက်သွား​လိုက်​သောအခါ ကျွန်ုပ်​တို့​ခံ​ခဲ့​ရသည်​ထက် ပို​ဆိုး​သည့်၊ ပြော​မပြ​နိုင်​လောက်​သည့် အပျက်အစီး​မြင်ကွင်း​ကို တွေ့​လိုက်ရ​သည်။ သစ်ပင်​အားလုံး သစ်​ရွက်​များ မကျန်ရစ်​တော့​ဘဲ ဖရိုဖရဲ​ဖြစ်နေ​ကြ​၏။ စားကျက်​ကွင်း​တွင် တိရစ္ဆာန်​များ လဲကျ​သေဆုံး​နေကြ၏။ နွား​ကျောင်းသား​များလည်း သေဆုံး​နေကြ၏။ လက်နှစ်ဖက်​ဖြင့် ဆုပ်ကိုင်​၍​ပင်မ​ရသည့် မိုးသီး​များစွာကို တွေ့ရှိ​လိုက်ရ​သည်။”—ကိုယ်ရေး​အတ္ထုပ္ပတ္တိ (စာအုပ် ၂၊ ၅၀)၊ ဟားဗတ် က​လက်​ဆစ်​ခ်၊ အတွဲ ၃၁၊ စာမျက်နှာ ၃၅၂-၃။

ယေဟောဝါ​သည် မိမိ၏​ရန်သူများ​ကို တိုက်ခိုက်​ရန် ဆီးနှင်း​နှင့် မိုးသီး​ဘဏ္ဍာတိုက်​တို့ကို ဖွင့်​သောအခါ အဘယ်အရာ ဖြစ်ပျက်​လိမ့်​မည်​နည်း။ ကိုယ်တော်​၏​အလိုတော်ကို ဆောင်ရွက်ရန် ဆီးနှင်း သို့​မဟုတ် မိုးသီး​ကို အသုံးပြု​သောအခါ ရန်သူများ အသက်ရှင်​နိုင်​ကြ​မည်​မဟုတ်​ချေ။

မိုး၊ ဆီးနှင်း​ပေါက်၊ ဆီးနှင်း​ခဲ​နှင့် ရေခဲ​တို့သည် မည်သူ​၏​လက်ရာများ​နည်း

ယေဟောဝါ​သည် ယောဘ​အား မိုး၊ ဆီးနှင်း​ပေါက်၊ ဆီးနှင်း​ခဲ​နှင့် ရေခဲ​တို့​အကြောင်း မေး​ပြန်​၏။ (ယောဘ ၃၈:၂၄-၃၀) ဘုရားသခင်​သည် မိုး​ကို​ဖြစ်ပေါ်​စေသည့် အရှင်ဖြစ်​ကာ “လူ​မနေ​သော တော” ပင်​လျှင် မိုး​ကြောင့် အကျိုး​ခံစားရ​၏။ မိုး၊ ရေခဲ​နှင့် ဆီးနှင်း​ခဲ​တို့သည် လူသား​ဖခင် သို့​မဟုတ် လူသား​ဖန်တီးရှင်​ကြောင့် ဖြစ်ပေါ်​လာ​ခြင်း​မဟုတ်ပါ။

နေ​ချား သတင်း​လွှာ​က ဤသို့​ဖော်ပြ​သည်– “[ရေခဲ​၏] အထူး​ဆန်း​ဆုံး​နှင့် အထူးခြားဆုံး​ဂုဏ်သတ္တိ​မှာ ရေ​သည် အေးခဲ​သွားသော​အခါ ပြန့်ကား​သွားခြင်း​ဖြစ်သည်။ . . . ဆောင်း​ရာသီ​တွင် ရေကန်​ငယ်​တစ်ခုပေါ်​၌ ပေါလောပေါ်​နေသည့် ရေခဲပြင်​လွှာ​ကြောင့် ရေ​နေ​အပင်များ​နှင့် (ငါး​များ​စ​သည်) သတ္တဝါ​တို့အား ရေ​အောက်တွင် အသက်ဆက်ရှင်​သန်​နေ​စေ​သည်။ အကယ်၍ . . . ရေ​သည် အစိုင်အခဲ​ဖြစ်သွား​သည်​နှင့်​အမျှ ကျုံ့​သွားပြီး သိပ်​သည်း​လာ​ပါ​က ရေ​ထက် ပို​လေး​လာပြီး ရေ​ကြမ်းပြင်​သို့ နစ်​မြုပ်​သွား​မည်​ဖြစ်သည်။ ရေခဲ​များ​က​လည်း ရေကန် အေးခဲ​သွား​သည်​အထိ ရေ​လွှာ​ပြင်​ပေါ် တိုး၍​တိုး၍ ဖွဲ့စည်း​လာ​မည်။ . . . ကမ္ဘာ့​အအေး​ပိုင်း​ဒေသ​များ​ရှိ မြစ်များ၊ ရေကန်​များ၊ ရေအိုင်​များ၊ သမုဒ္ဒရာ​များ​ပင်​လျှင် အမြဲ အေးခဲ​နေ​ပေ​လိမ့်​မည်။”

ရေထု​များ အစိုင်အခဲ​အဖြစ် အေးခဲ​မသွားကြ​သည့်​အတွက် ကျေးဇူး​တင်စရာ​ပင်။ ယေဟောဝါ​၏ လက်ရာ​ဖြစ်သော မိုး​နှင့် ဆီးနှင်း​ပေါက်​တို့သည် မြေ​ကမ္ဘာ​၏ သစ်ပင်​မြက်​ပင်​တို့ကို သန်စွမ်း​စေသည့်​အခါ ကျွန်ုပ်​တို့ အမှန်ပင် ကျေးဇူး​တင်​ကြသည်။

မိုးကောင်းကင်​တရား​တို့ကို မည်သူ​သတ်မှတ်​သနည်း

ဘုရားသခင်​သည် ယောဘ​အား မိုးကောင်းကင်​အကြောင်း မေး​ပြန်​၏။ (ယောဘ ၃၈:၃၁-၃၃) ဖျောက်​ဆိပ်​ကြယ်​ပြွတ်​ဟု သတ်မှတ်​လေ့​ရှိသည့် ခိမ​ကြယ်စု​သည် နေ​မှ အလင်း​နှစ် ၃၈၀ ခန့် ကွာဝေး​ပြီး ကြယ်ကြီး ခု​နစ်​လုံး​နှင့် သေးငယ်သော ကြယ်တာရာ အတော်များများ​ပါဝင်​သည့် အ​စု​တစ်စု​ဖြစ်သည်။ လူသား​တို့သည် “ခိမ​ကြယ်စု” ကို တစ်စု​တ​ဝေး​တည်း​ဖြစ်အောင် ‘သာယာ​စွာ​ပြုပြင် ချည်နှောင်’ နိုင်​ခြင်း​မရှိ​ချေ။ လိပ်​တာ​ရာ​ဟု သတ်မှတ်​ထား​သည့် “က​သိလ​ကြယ်​၏ ချည်နှောင်ခြင်း​ကို ဖြေနိုင်” သည့်​လူသား မရှိ​ချေ။ အဘယ်​ကြယ်တာရာစု​က မာ​ဇ​ရုတ်​ဖြစ်သည်၊ အာရှ​ဖြစ်သည်​ကို ကျွန်ုပ်​တို့​မသိ​ရ​သော်လည်း လူသား​တို့သည် ယင်း​တို့ကို မထိန်းချုပ်​နိုင်၊ မ​ညွှန်ကြား​နိုင်​ကြ​ပါ။ လူသား​တို့သည် စကြဝဠာ​ကို ထိန်းချုပ်​ထား​သည့် နိယာမ​များ​ဖြစ်သော “မိုးကောင်းကင်​တရား​တို့ကို” မပြောင်းလဲ​နိုင်​ကြ​ပေ။

ဘုရားသခင်​သည် ဤ​ကမ္ဘာ​ဂြိုဟ်​၏ ရာသီဥတု၊ ဒီရေ၊ လေထု​နှင့် သက်ရှိ​သတ္တဝါ​တို့​အပေါ် ဩဇာ​ညောင်း​သည့် ကောင်းကင်​တန်ဆာ​များ​ကို ညွှန်ကြား​သော နိယာမ​များ​ကို ဖွဲ့စည်း​ခဲ့​၏။ နေကို သုံးသပ်ကြည့်​ပါ။ ယင်း​နှင့်​စပ်လျဉ်း၍ အမေရိကားနား​စွယ်စုံ​ကျမ်း (၁၉၉၆ ထုတ်) က ဤသို့​ဖော်ပြ​ထား​သည်– “နေရောင်​ခြည်​သည် မြေ​ကမ္ဘာ​ကို အပူ​နှင့်​အလင်း​တို့​ဖြင့် ထောက်ပံ့​ပေး​သည်။ အပင်​လောက ရှင်သန်​ကြီးထွား​ရေး​ကို တိုးမြှင့်​ပေး​သည်။ သမုဒ္ဒရာ​ရေ​နှင့် အခြားသော​ရေထု​များ​မှ ရေ​ကို အငွေ့ ပြန်​စေ​သည်။ လေကို​ဖြစ်ပွား​စေ​ရာ​တွင် အဓိကကျ​ပြီး မြေ​ကမ္ဘာ​ပေါ် သက်ရှိ​တည်ရှိရေး​အတွက် အရေးပါသည့် အခြားသော လုပ်ငန်းဆောင်တာ​များစွာ ဆောင်ရွက်​ပေး​သည်။” ထို​စာအုပ်​က​ပင် ဤသို့​ဆို​သည်– “လေ၊ ရေကာတာ​များနှင့် မြစ်များ​တွင်​ရှိသည့် စွမ်းအင်​ရှိရှိသမျှ၊ ထင်း၊ ကျောက်မီးသွေး၊ ရေနံ​အစ​ရှိသည့် သဘာဝ​လောင်စာများ​တွင် ရှိသည့် စွမ်းအင်​ရှိရှိသမျှ​သည် နေ​မှ မိုင်​ပေါင်း ၉၃ သန်း​အကွာ​တွင်​ရှိသည့် သေးငယ်သော ဤ​ကမ္ဘာ​ဂြိုဟ်​ပေါ် သက်ရောက်​သည့် နေရောင်​ခြည်​စွမ်းအင်​လောက်​ပင် မရှိကြောင်း စဉ်းစား​သုံးသပ်​ရုံ​နှင့် နေရောင်​ခြည်​တွင်​ရှိသည့် စွမ်းအင်​၏ ကြီးမားမှု​ကို နားလည်​သဘောပေါက်​နိုင်​ပါ​သည်။”

မိုးတိမ်​ထဲ​သို့ ဉာဏ်ပညာ​ကို အဘယ်သူ​သွင်း​သနည်း

ယေဟောဝါ​သည် ယောဘ​အား မိုးတိမ်​များ​ကို ဆင်ခြင်​သုံးသပ်ရန် မိန့်ဆို​တော်​မူ​၏။ (ယောဘ ၃၈:၃၄-၃၈) လူသား​တို့သည် မိုးတိမ်​တစ်ခု​ဖြစ်ပေါ်​လာရန်၊ ၎င်း​မှ​မိုးရွာ​လာ​စေရန် အမိန့်​မပေးနိုင်ပါ။ သို့​အစား လူသားများ​သည် ဖန်ဆင်း​ရှင် ဖွဲ့စည်း​ပေး​ထား​သည့် ရေသံသရာ​အပေါ် အားထား​မှီခို​နေကြ​ရသည်။

ရေသံသရာ​ဟူသည် အဘယ်နည်း။ အကိုးအကား​စာအုပ်​တစ်အုပ်​က ဤသို့​ဆို​သည်– “ရေသံသရာ​တွင် သိုလှောင်​ခြင်း၊ အငွေ့ပျံ​ခြင်း၊ ရွာသွန်း​ခြင်း​နှင့် စီးဆင်း​ခြင်း​ဟူ၍ သိသာ​ထင်ရှား​သည့် အဆင့်​လေးဆ​င့်​ပါဝင်​၏။ ရေ​ကို မြေကြီး​ထဲ​တွင်၊ သမုဒ္ဒရာ​များ၊ ရေအိုင်​များ၊ မြစ်များ၊ ရေခဲပြင်​များနှင့် ရေခဲမြစ်​များ​တွင် ခေတ္တ​ယာယီ သိုလှောင်​ထား​ပေမည်။ ထို့နောက် မြေမျက်နှာပြင်​မှ အငွေ့ပျံ​၍ မိုးတိမ်​များ​တွင် ငွေ့ရည်​ဖွဲ့​ကာ မြေကြီးပေါ်​သို့ (မိုး သို့​မဟုတ် ဆီးနှင်း) အဖြစ် ရွာသွန်း​ပြီး နောက်ဆုံး ပင်လယ်​ထဲ​သို့ စီးဝင်​သွား​သည် သို့​မဟုတ် လေထု​ထဲ​သို့ ပြန်​အငွေ့ပျံ​သွား​သည်။ မြေကြီးပေါ်​ရှိ ရေ​အားလုံးနီးပါး​သည် ရေသံသရာ​လည်​ခဲ့​သည်​မှာ အကြိမ်ပေါင်း မရေမတွက်​နိုင်အောင်​ရှိခဲ့​ပြီ​ဖြစ်သည်။—၂၀၀၅ ခုနှစ်၊ မိုက်ခရို​ဆော့​ဖ် အင်​ကာ​တာ​ရည်ညွှန်း​စာကြည့်တိုက်။

မိုး​ရေ​နှင့်​ပြည့်နေ​သည့် မိုးတိမ်​များသည် ကောင်းကင်​မှ ရေ​ဘူး​များနှင့်​တူ​၏။ ယေဟောဝါ​သည် ယင်း​တို့ကို စောင်း​၍ မိုး​ရေ​များ​အဖြစ် သွန်​ချ​လိုက်​သောအခါ မြေမှုန့်​များသည် ရွှံ့​ဖြစ်လာ​ပြီး မြေ​စိုင်​ခဲ​များ​က စေး​ကပ်​လာ​ကြသည်။ ဘုရားသခင်​သည် မိုး​ကို​ရွာ​စေနိုင် သို့​မဟုတ် မ​ရွာ​အောင်​ထိန်းထား​နိုင်​သည်။—ယာကုပ် ၅: ၁၇၊ ၁၈

မိုးရွာ​သည့်​အခါ လျှပ်စီးလက်​လေ့​ရှိ၏။ သို့သော် လူသား​တို့သည် ဆန္ဒ​ရှိလျှင်​ပင် ယင်းကို မဖြစ်​ပေါ်​စေနိုင်​ကြ​ပေ။ လျှပ်စီး​များ​က “ကျွန်တော်​တို့​ရှိပါ၏” ဟု ဘုရားသခင်​အား လျှောက်ဆို​နေသည့်​အလား တင်စား​ဖော်ပြ​ထား​သည်။ ကန်​ပ်​တန်​စွယ်စုံ​ကျမ်း​က ဤသို့​ဆို​သည်– “လျှပ်စီးလက်​ခြင်း​သည် လေထု​ထဲ​တွင် အရေးပါသည့် ဓာတု​အပြောင်းအလဲ​များ​ကို ဖြစ်ပွား​စေ​၏။ လေ​ထဲ​တွင် လျှပ်စီး​တစ်ချက်​လက်​လိုက်​သည်​နှင့် ဧရာမ​အပူ​ထွက်ပေါ်​လာပြီး နို​က်​ထ​ရို​ဂျင်​နှင့် အောက်​စီ​ဂျင်​တို့ ပေါင်းစပ်​သွား​ကာ နို​က်​ထ​ရိတ်​နှင့် အခြား​ဒြပ်​ပေါင်း​များ​ကို ဖြစ်ပေါ်​စေ​သည်။ ထို​ဒြပ်​ပေါင်း​များသည် မိုး​ရေ​နှင့်အတူ ကမ္ဘာ​မြေပေါ်​သို့ ကျရောက်​လာ​၏။ ဤ​နည်း​အားဖြင့် အပင်များ​ပေါက်ရောက်​ရန် မြေ​ဆီ​တွင် လိုအပ်​သည့် မြေ​သြဇာ​ဓာတ်​များ​ကို လေထု​က အဆက်မပြတ် ဖြည့်ဆည်း​ထောက်ပံ့​ပေး​နိုင်​လေ​သည်။” လျှပ်စီးလက်​ခြင်း​အကြောင်း အပြည့်အဝ​သိရှိ​ရန်​မှာ လူသားတို့​အတွက် လျှို့ဝှက်​နက်နဲရာ ဖြစ်နေ​သေး​သော်လည်း ဘုရားသခင်​အတွက်​ကား ထိုသို့​မဟုတ်ပေ။

အံ့ဖွယ်​ဖန်ဆင်း​ရာ​များ ဘုရားသခင်​အား ဂုဏ်တင်​ချီးမွမ်း

အံ့ဖွယ်​ဖန်ဆင်း​ရာ​များသည် အရာခပ်သိမ်း​ဖန်ဆင်း​ရှင်​၏ ကြီးမြတ်မှု​ကို အမှန်ပင် ဖော်ပြ​ပါ​သည်။ (ဗျာ. ၄:၁၁) ကမ္ဘာ​မြေကြီး၊ အာကာသ​ရှိ ကောင်းကင်​တန်ဆာ​များနှင့်​စပ်လျဉ်း၍ ယေဟောဝါ​မိန့်ဆို​ရာ​များ​ကို ယောဘ အလွန်​ပင် စွဲမှတ်​သွားခဲ့​ပေမည်။

ယခု ကျွန်ုပ်​တို့​ဆင်ခြင်​သုံးသပ်​ခဲ့​ကြသော အံ့ဖွယ်​ဖန်ဆင်း​ရာ​များသည် ယောဘ​အား မေးခဲ့​သည့် မေးခွန်းများ​နှင့် ဖော်ပြချက်များ​မျှ​သာ မဟုတ်​ချေ။ သို့​တိုင်၊ ကျွန်ုပ်​တို့​သုံးသပ်​ခဲ့​ကြ​သည့် ထို​အရာ​တို့သည်​ပင် “ဘုရားသခင်​သည် ကြီးမြတ်​တော်​မူ​၏။ ငါ​တို့သည် ဘုရားသခင်​ကို​မသိနိုင်” ဟု ကျွန်ုပ်​တို့အား ဟစ်ကြွေး​စေပါ​သည်။—ယောဘ ၃၆:၂၆

[Picture Credit Line on page 14]

ဆီးနှင်း​ပွင့်– snowcrystals.net

[Picture Credit Lines on page 15]

ဖျောက်​ဆိပ်​ကြယ်– NASA, ESA and AURA/Caltech; ငါး– U.S. Fish & Wildlife Service, Washington, D.C./William W. Hartley