မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တိုးတက်၍ ပြောင်းသာလဲသာရှိသော အမှုတော်ဆောင်များဖြစ်လာခြင်း

တိုးတက်၍ ပြောင်းသာလဲသာရှိသော အမှုတော်ဆောင်များဖြစ်လာခြင်း

တိုးတက်၍ ပြောင်းသာလဲသာ​ရှိသော အမှုတော်​ဆောင်​များ​ဖြစ်လာ​ခြင်း

“အချို့​သော​သူတို့ကို တစ်စုံတစ်ခု​သော​အမှုအရာ​အားဖြင့် ကယ်တင်ခြင်း​အလို​ငှာ [ငါသည်] ခပ်သိမ်း​သော​သူတို့၌​ခပ်သိမ်း​သော​အရာ​ဖြစ်၏။”—၁ ကောရိန္သု ၉:၂၂

၁၊ ၂။ (က) တမန်​တော်​ပေါလု​သည် အဘယ်​နည်းများဖြင့် ထိရောက်​မှု​ရှိသော အမှုတော်​ဆောင်​သူ​တစ်ဦး​ဖြစ်​ခဲ့​သနည်း။ (ခ) မိမိ၏​တာဝန်​ကို ပေါလု​မည်သို့​သဘောထား​ခဲ့​သနည်း။

သူသည် အသိပညာ​နှံ့စပ်သူ​များနှင့်​ဖြစ်စေ၊ တဲရှင်​ချုပ်​သူများ​နှင့်​ဖြစ်စေ အလိုက်အထိုက်​ဆက်ဆံ​တတ်​သည်။ ရောမ​လူကြီး​လူကောင်း​များ​ကို​ဖြစ်စေ၊ ဖြုဂိ​ပြည်​မှ​လယ်သမားများ​ကို​ဖြစ်စေ နား​ဝင်​အောင်​ပြောတတ်​သည်။ သူ၏​အရေးအသား​များသည် အတွေးအခေါ်​သစ်​ကို လက်ခံ​တတ်သော ဂရိ​များ​ကိုလည်း​ကောင်း၊ ရှေး​ရိုး​စွဲ​ဂျူး​များ​ကိုလည်း​ကောင်း လှုံ့ဆော်မှု​ပေး​ခဲ့​သည်။ သူ၏​ကျိုးကြောင်း​ဆင်ခြင်မှု​မှာ ငြင်း​၍​မရအောင်​ပိုင်နိုင်​သကဲ့သို့ ဆွဲဆောင်နိုင်စွမ်း​က​လည်း ကောင်း​လှ​သည်။ ခရစ်တော်​ကို လူ​တို့​ယုံကြည်​လာ​စေရန် အများ​လက်ခံသည့်​အကြောင်းကို သူ​ရှာဖွေ​တတ်​သည်။—တမန်​တော် ၂၀:၂၁

ထို​သူ​မှာ အမှန်တကယ် ထိရောက်​မှု​ရှိပြီး တိုးတက်သော​အမှုတော်​ဆောင်​တစ်ဦး​ဖြစ်သူ တမန်​တော်​ပေါလု​ပင်​ဖြစ်သည်။ (၁ တိမောသေ ၁:၁၂) “တစ်ပါး​အမျိုးသား​တို့​နှင့် ရှင်ဘုရင်​တို့​ထံ​သို့​လည်းကောင်း၊ ဣသရေလ​အမျိုးသား​တို့​ရှိရာသို့​လည်းကောင်း [ခရစ်တော်]၏​နာမကို ပို့ဆောင်” ရန် သူ့ကို ယေရှု​တာဝန်​ပေး​ခဲ့​သည်။ (တမန်​တော် ၉:၁၅) ဤ​တာဝန်​ကို သူ​မည်သို့​သဘောထား​ခဲ့​သနည်း။ ‘အချို့​သော​သူတို့ကို တစ်စုံတစ်ခု​သော​အမှုအရာ​အားဖြင့် ကယ်တင်ခြင်း​အလို​ငှာ၊ ခပ်သိမ်း​သော​သူတို့၌ ခပ်သိမ်း​သော​အရာ​ဖြစ်၏။ ဧဝံဂေလိတရား​ကို သင်တို့​နှင့်အတူ​ဝေမျှခြင်း​အလို​ငှာ၊ ဧဝံဂေလိတရား​ကြောင့် ထိုသို့​ငါ​ပြု​လေ့​ရှိ၏’ ဟု​သူ​အလေးအနက်​ပြော​ခဲ့​သည်။ (၁ ကောရိန္သု ၉:၁၉-၂၃) ဟောပြောခြင်း​နှင့် သွန်သင်ခြင်း​လုပ်ငန်း​တွင် ပိုမို​ထိရောက်​စွာ လုပ်ဆောင်နိုင်ရန် ထောက်ကူ​သော ပေါလု​၏​ပုံ​နမူနာ​မှ ကျွန်ုပ်​တို့​အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

ပြောင်းလဲ​လာ​သူ​တစ်ဦး ခက်ခဲ​သော​တာဝန်​ကို​ကျေပွန်

၃။ ဘာသာ​မပြောင်းမီ ပေါလု​သည် ခရစ်ယာန်​များ​အပေါ် မည်သို့​သဘောထား​ခဲ့​သနည်း။

ပေါလု​သည် စိတ်ရှည်​၍ စာနာ​ထောက်ထား​တတ်​သူ၊ ထို​တာဝန်​နှင့် ထိုက်တန်​သူ​တစ်ဦး အမြဲတစေ​ဖြစ်​ခဲ့​သလော။ မဖြစ်ခဲ့​ပါ။ ဘာသာရေး​တစ်ယူသန်​စိတ်​ကြောင့် ရှောလု (ပေါလု) သည် ခရစ်တော်​၏​နောက်လိုက်​များ​ကို အပြင်းအထန်​နှိပ်စက်​ညှဉ်းပန်း​ခဲ့​သည်။ လုလင်ပျို​ဘဝတွင် သတေဖန်​အား ကွပ်မျက်ခြင်း​ကို သူ​ထောက်ခံ​ခဲ့​သည်။ ထို့နောက် ပေါလု​သည် ခရစ်ယာန်​များ​ကို ရက်ရက်စက်စက် လိုက်လံ​ဖမ်းဆီး​ခဲ့​သည်။ (တမန်​တော် ၇:၅၈; ၈:၁၊ ၃; ၁ တိမောသေ ၁:၁၃) သူသည် ‘သခင်​ဘုရား​၏​တပည့်​တို့​တစ်ဖက်၌ ခြိမ်းခြောက်​၍ အသေ​သတ်​ခြင်း​ငှာ ပြင်းပြ​စွာ​အသက်ရှူ’ ခဲ့​သည်။ ယုံကြည်သူများ​ကို ယေရုရှလင်​မြို့တွင် လိုက်လံ​ရှာဖွေ​ရုံ​နှင့် မကျေနပ်​သဖြင့် သူ၏​အမုန်း​စစ်ဆင်ရေး​ကို မြောက်ဘက်​ရှိ ဒမာသက်​မြို့​တိုင်အောင် ဖြန့်ကျက်​ခဲ့​သည်။—တမန်​တော် ၉:၁၊ ၂

၄။ ပေါလု​သည် သူ၏​တာဝန်​ကို​ကျေပွန်​ရန် အဘယ်​ပြုပြင်​ပြောင်းလဲမှု​ပြု​ခဲ့​ရသနည်း။

ခရစ်ယာန်​ဘာသာ​ကို ပေါလု​ခါးခါးသီးသီး​မုန်း​ရသည့်​အကြောင်းရင်း​မှာ ယင်း​ဘာသာ​သစ်​က ဂျူး​ဘာသာ​ကို မလိုလား​အပ်သော တိုင်းတစ်ပါး​အယူဝါဒ​များ သွတ်သွင်း​၍ ဖျက်ဆီး​မည်​ဟု သူ​ယုံကြည်​ထားသော​ကြောင့်​ဖြစ်​နိုင်​သည်။ အမှန်​မှာ ပေါလု​သည် “သီးသန့်​နေ​သူ” ဟု​အဓိပ္ပာယ်​ရသော ဖာရိရှဲ​တစ်ဦး​ဖြစ်​ခဲ့​သည်။ (တမန်​တော် ၂၃:၆) တစ်ပါး​အမျိုးသား လူအပေါင်း​တို့အား ခရစ်တော်​အကြောင်း​ဟောပြောရန် သူ့ကို ဘုရားသခင်​ခန့်အပ်​ကြောင်း သိလိုက်ရ​သောအခါ ပေါလု​အလွန်​ထိတ်လန့်​သွား​မည်​ကို စဉ်းစား​ကြည့်​ပါ။ (တမန်​တော် ၂၂:၁၄၊ ၁၅; ၂၆:၁၆-၁၈) ဖာရိရှဲ​များသည် အပြစ်သား​များ​ဟု သူတို့​ယူမှတ်​ထား​သူတို့နှင့် အတူတကွ​အစာ​စားခြင်း​ပင် မပြု​ကြ​ချေ။ (လုကာ ၇:၃၆-၃၉) သူ၏​ရှုမြင်ပုံကို ပြန်လည်​သုံးသပ်​ပြီး ယင်းကို လူမျိုးအပေါင်း ကယ်တင်ခြင်း​ရဖို့​ဟူသော ဘုရားသခင့်​အလိုတော်နှင့်​ညီ​စေရန် သူ့​ဘက်​မှ အတော်ပင်​ကြိုးပမ်း​ယူရ​မည်​မှာ သေချာ​သည်။—ဂလာတိ ၁:၁၃-၁၇

၅။ ခရစ်ယာန်​ဓမ္မ​အမှု​တွင် ပေါလု​ကို ကျွန်ုပ်​တို့​မည်သို့​တုပ​နိုင်​သနည်း။

ကျွန်ုပ်​တို့​လည်း အလားတူ​ပြု​ကောင်း​ပြု​ရ​ပေမည်။ အပြည်ပြည်ဆိုင်ရာ ဘာသာ​စကား​မျိုးစုံ​ပြော​သော​လယ်ကွင်းတွင် လူအမျိုးမျိုး​နှင့် ကျွန်ုပ်​တို့​တွေ့ဆုံ​သောအခါ မိမိတို့​သဘောထားကို ဂရုတစိုက်​စစ်ဆေး​ကြည့်​ပြီး မည်သည့်​ဘက်လိုက်မှု​မျိုးကို​မဆို ဖယ်ရှားပစ်​ဖို့​လို​သည်။ (ဧဖက် ၄:၂၂-၂၄) ကျွန်ုပ်​တို့​သိ​သည်​ဖြစ်စေ၊ မသိ​သည်​ဖြစ်စေ လူမှုရေး​နှင့် ပညာရေး​နောက်ခံ​တို့​ဖြင့် ကျွန်ုပ်​တို့ ပုံသွင်း​ခံ​ထား​ရသည်။ ယင်းကြောင့် ဘက်​လိုက်၍ တရားသေ​ဆန်​သော အမြင်​များ၊ စိတ်သဘောထား​များ ကျွန်ုပ်​တို့​၌ ရှိ​နေနိုင်​သည်။ သိုး​ကဲ့သို့​သော​သူများကို ရှာဖွေပြီး ကူညီပေး​ရာ​၌ အောင်မြင်မှု​ရ​ရန် အဆိုပါ​စိတ်ထား​များ​ကို ကျွန်ုပ်​တို့​နှိမ်နင်း​ပစ်​ရမည်။ (ရောမ ၁၅:၇) ထို​အတိုင်း ပေါလု​ပြု​ခဲ့​သည်။ ခရစ်ယာန်​ဓမ္မ​အမှုကို​တိုးချဲ့​ရာ​၌ ကြုံ​ရသည့်​အခက်အခဲ​ကို သူ​ခံယူ​ခဲ့​သည်။ မေတ္တာ​၏​လှုံ့ဆော်မှု​ကြောင့် သူ့မှာ တုပထိုက်​သော သွန်သင်ခြင်း​စွမ်းရည်​များ တိုးတက်လာ​သည်။ “တစ်ပါး​အမျိုးသား​တို့​နှင့်​ဆိုင်သော တမန်​တော်” ၏​ခရစ်ယာန်​ဓမ္မ​အမှုကို လေ့လာ​ကြည့်​သော် ဟောပြောခြင်း​နှင့် သွန်သင်ခြင်း​လုပ်ငန်း​တွင် သူသည် အရေးစိုက်​တတ်​သူ၊ ပြောင်းသာလဲသာ​ရှိပြီး လုပ်ရည်ကြံရည်​ရှိသူ​ဖြစ်​ကြောင်း သိရှိ​ရသည်။ *ရောမ ၁၁:၁၃

တိုးတက်သော​အမှုတော်​ဆောင်​တစ်ဦး၏ လှုပ်ရှား​ဆောင်ရွက်မှု

၆။ ပေါလု​သည် သူ့​ပရိသတ်​၏​နောက်ခံ​ကို မည်သို့​အရေးစိုက်​ခဲ့​သနည်း၊ အဘယ်​အကျိုး​ဖြစ်ထွန်း​ခဲ့​သနည်း။

ပေါလု​သည် သူ့​ပရိသတ်​၏ ယုံကြည်ချက်များ​နှင့် သူတို့၏​နောက်ခံ​ကို အရေးစိုက်​ခဲ့​သည်။ အဂြိပ္ပ​မင်း ၂ နှင့် စကားပြော​ဆို​ရာ​တွင် ရှင်ဘုရင်​သည် “ယုဒ​ထုံးတမ်း၊ ပုစ္ဆာ​အမေး​များ​ကို​လေ့​ကျက်” သူ​တစ်ဦး​ဖြစ်​ကြောင်း ပေါလု​အသိအမှတ်ပြု​ခဲ့​သည်။ ထို့နောက် သူသိ​ရှိ​ထားသော အဂြိပ္ပ​မင်း​၏​ယုံကြည်ချက်များ​ကို ကျွမ်းကျင်​စွာ​အသုံးပြုပြီး မင်းကြီး​ကောင်းစွာ​နားလည်​ထား​သည့် ကိစ္စရပ်​များ​ကို ဆွေးနွေး​ခဲ့​သည်။ ပေါလု​၏​သုံးသပ်​တင်ပြချက်​သည် အလွန်​ရှင်းလင်း​ပြီး ကျိုးကြောင်း​ခိုင်လုံ​လှ​သောကြောင့် အဂြိပ္ပ​က “သင်သည်​ဖြားယောင်း​သွေးဆောင်​သော​အားဖြင့် ငါသည်​ခရစ်ယာန်​ဖြစ်​လု​ပြီ” ဟု​ဆို​ရသည့်​အထိ​ပင်​ဖြစ်သည်။—တမန်​တော် ၂၆:၂၊ ၃၊ ၂၇၊ ၂၈

၇။ လုတ္တရ​မြို့ရှိ​လူအုပ်​ကို ဟောပြော​ရာ​တွင် ပြောင်းသာလဲသာ​ရှိကြောင်း ပေါလု​မည်သို့​တင်ပြ​ခဲ့​သနည်း။

ပေါလု​သည် ပြောင်းသာလဲသာ​လည်း ရှိသည်။ သူနှင့် ဗာနဗ​တို့သည် မိမိတို့​အား ဝတ်ပြု​ကိုးကွယ်​ခြင်း​မပြုဖို့ လုတ္တရ​မြို့ရှိ​လူအုပ်​ကို ကြိုးစား​ဖျောင်းဖျ​ရာ​တွင် သူ၏​ချဉ်းကပ်​ပုံ​မှာ တစ်နည်း​ဖြစ်​ကြောင်း သတိပြုပါ။ လုကောနိ​စကားပြော​သူတို့သည် ပညာ​နည်း​၍ အခြားသူများ​ထက် ပို​၍​အယူသီး​ကြသည်​ဟု အဆို​ရှိ၏။ တမန်​တော် ၁၄:၁၄-၁၈ အရ ပေါလု​သည် စစ်မှန်သော​ဘုရားသခင်​၏ သာလွန်​ကြီးမြတ်မှု အထောက်အထား​အဖြစ် ဖန်ဆင်း​ခြင်း​ဆုကျေးဇူး​များ​ကို ထောက်ပြ​ခဲ့​သည်။ လိုက်နာ​ရန်​လွယ်ကူ​သော အကြောင်းပြချက်​ဖြစ်​ရာ ပေါလု​နှင့် ဗာနဗ​တို့အား “ယဇ်​ပူဇော်​ခြင်း​ကို​မပြုရ​မည်​အကြောင်း” လူ​အစုအဝေး​ကို “မြစ်​တား” နိုင်​ခဲ့​ပုံ​ရသည်။

၈။ ပေါလု​သည် တစ်ခါတစ်ရံ ခိုင်မာ​သော​ယူဆချက်များ​ရှိသော်လည်း ပြောင်းသာလဲသာ​ရှိကြောင်း အဘယ်​နည်းများဖြင့် တင်ပြ​ခဲ့​သနည်း။

ပေါလု​သည် မစုံလင်သူ​ဖြစ်​ပြီး တစ်ခါတစ်ရံ ကိစ္စရပ်​အချို့​တွင် ခိုင်မာ​သော​ယူဆချက်​ရှိသည်​မှာ မှန်ပါသည်။ ဥပမာ၊ အာနနိ​အမည်​ရှိ​ဂျူး​တစ်ဦး​က သူ့ကို အရှက်တကွဲ​ဖြစ်အောင် မတရား​သဖြင့် ထိုးနှက်​သောအခါ ထို​သူကို သူ​နှုတ်​လှံ​ထိုး​လိုက်​သည်။ သို့သော် ယဇ်ပုရောဟိတ်မင်း​ကို မသိဘဲ နင့်​နင့်​သီး​သီး​ပြော​မိ​ပြီ​ဟု သိလိုက်ရ​သောအခါ သူ​ချက်ချင်း ဝန်ချ​တောင်းပန်​ခဲ့​သည်။ (တမန်​တော် ၂၃:၁-၅) အာသင်မြို့​သို့ သူ​ရောက်ခါစ​တွင် ‘ထို​မြို့​သည် အရုပ်​တို့​နှင့်​အပြည့်​ရှိသည်​ကို​မြင်လျှင် စိတ်​အနှောင့်အယှက်​ဖြစ်’ ခဲ့​သည်။ သို့သော် အာရေ​တောင်ပေါ် ဟောပြော​ချိန်​တွင် ထို​စိတ်​အနှောင့်အယှက်​ဖြစ်မှု​ကို မဖော်​ပြ​ခဲ့​ပါ။ ယင်းအစား “ငါ​တို့​မသိသော​ဘုရားသခင်​အဖို့” ဟူ၍​အက္ခရာ​တင်သော ယဇ်​ပလ္လင်​တစ်ခု​နှင့် သူတို့၏​လင်္ကာ​တစ်ပုဒ်​ကို ကိုးကား​ဖော်ပြ​ကာ အများ​လက်ခံသည့်​အကြောင်းကို အခြေ​ပြုပြီး အာသင်မြို့​သားများ​နှင့် စကားပြော​ခဲ့​သည်။—တမန်​တော် ၁၇:၁၆-၂၈

၉။ လူ​ပရိသတ်​အမျိုးမျိုးနှင့် ဆက်ဆံ​ရာ​တွင် ပေါလု​သည် လုပ်ရည်ကြံရည်​ရှိကြောင်း မည်သို့​တင်ပြ​ခဲ့​သနည်း။

လူအမျိုးမျိုး​နှင့်​ဆက်ဆံ​ရာ​တွင် မှတ်သားလောက်ဖွယ် လုပ်ရည်ကြံရည်​ရှိကြောင်း ပေါလု​တင်ပြ​ခဲ့​သည်။ လူတို့၏​စဉ်းစား​တွေးခေါ်ပုံ​ကို လွှမ်းမိုး​ပုံသွင်း​သော ယဉ်ကျေးမှု​နှင့် ပတ်ဝန်းကျင်​ကို သူ​ထည့်တွက်​သည်။ ရောမမြို့​ရှိ​ခရစ်ယာန်​များ​ထံ စာရေး​သောအခါ ထို​သူတို့သည် ထို​ခေတ်​မှ ဩဇာ​အကြီးဆုံး​မြို့တော်​တွင် နေထိုင်ကြ​ကြောင်း သူ​ကောင်းကောင်း​သိထား​သည်။ ထို​မြို့ရှိ​ခရစ်ယာန်​များ​ထံ ပေါလု​ရေး​သော​စာ​၏ အဓိက​အချက်​တစ်ချက်​မှာ အာဒံ့​အပြစ်​၏​အဖျက်သြဇာ​ကို ယေရှု၏​ရွေးနုတ်​နိုင်စွမ်း​က အောင်ပွဲခံ​ခြင်း​အကြောင်း​ဖြစ်သည်။ သူတို့၏​နှလုံးကို ထိမိ​လှုပ်ရှား​စေ​မည့် စကားလုံး​အသုံးအနှုန်း​ဖြင့် ရောမမြို့​နှင့် ထို​မြို့​ဝန်းကျင်ရှိ ခရစ်ယာန်​များ​ကို ပေါလု​ပြော​ခဲ့​သည်။—ရောမ ၁:၂-၄; ၅:၁၄၊ ၁၅

၁၀၊ ၁၁။ ပေါလု​သည် သူ့​ပရိသတ်​ကို​လိုက်၍ မည်သို့သော​ပုံ​ဥပမာ​များ​ကို ပေး​သနည်း။ (အောက်ခြေမှတ်ချက်ကို​လည်း​ရှု။)

၁၀ ပေါလု​သည် သမ္မာ​ကျမ်းစာ​ပါ နက်နဲ​သော​အမှန်တရား​များ​ကို ပရိသတ်​အား မည်သို့​ရှင်းပြ​ခဲ့​သနည်း။ တမန်​တော်​သည် သမ္မာ​ကျမ်းစာ​ပါ ရှုပ်ထွေး​သော​အကြောင်းအရာများ​ကို ရှင်းလင်း​စေဖို့ ရိုးရှင်း၍ နားလည်​လွယ်​သော ပုံ​ဥပမာ​များ​ကို​သုံး​ရာ​၌ အလွန်​ကျွမ်းကျင်​သည်။ သာဓက​အနေ​နှင့် ရောမမြို့​ရှိ​လူတို့သည် ရောမ​အင်ပါယာ​၏​ကျွန်​စနစ်​ကို နောကျေ​ပြီး​သားဖြစ်ကြောင်း ပေါလု​သိထား​သည်။ အမှန်​မှာ သူ​စာရေး​လိုက်​သူ​အများ​မှာ ကျွန်​များ​ဖြစ်ဖွယ်​ရှိ၏။ ထို့​ကြောင့် ပေါလု​သည် အပြစ်​တရား​၏​ကျွန်ခံ​မည်​လော သို့​မဟုတ် ဖြောင့်မတ်ခြင်း​တရား​၏​ကျွန်ခံ​မည်​လော​ဟူ​သည့် လူတစ်ဦး​၏​ရွေးချယ်မှု​အကြောင်း ထိရောက်​သော သူ၏​အကြောင်းပြချက်ကို ထောက်ခံ​ရန် ကျွန်​ဘဝကို သာဓက​ပြ​ခဲ့​သည်။—ရောမ ၆:၁၆-၂၀

၁၁ “ရောမ​လူမျိုး​တွင် သခင်​တစ်ဦး​သည် သူ၏​ကျွန်​ကို အပြီးအပိုင်​လွတ်လပ်ခွင့်​ပေး​နိုင်​သည် သို့​မဟုတ် ကျွန်​တစ်ဦး​သည် သူ၏​လွတ်လပ်မှုကို သခင်​ထံ​မှ ပြန်​ဝယ်ယူ​နိုင်​သည်။ ဘုရား​ကျွန်​အဖြစ် လွှဲအပ်​ခံရ​ပါ​က​လည်း လွတ်မြောက်​နိုင်​သည်” ဟု အကိုးအကား​စာအုပ်​တစ်အုပ်​က​ဆို​၏။ လွတ်မြောက်​သွားသော​ကျွန်​သည် သူ၏​သခင်​ထံ​တွင် လခစား​ပြန်​လုပ်နိုင်​သည့် ထုံးစံ​ရှိသည်။ အပြစ်​တရား​၏​ကျွန်​ဖြစ်​မည်​လော ဖြောင့်မတ်ခြင်း​တရား​၏​ကျွန်​ဖြစ်​မည်​လော​ဟူသော လူတစ်ဦး​၏​ရွေးချယ်မှု​အကြောင်း ရေးသားသော​အခါ အဆိုပါ​ထုံးစံ​ကို ပေါလု​ရည်ညွှန်းခြင်း​ဖြစ်​နိုင်​သည်။ ရောမမြို့​ရှိ​ခရစ်ယာန်​များသည် အပြစ်​တရား​လက်​မှ​လွတ်​ပြီး ယခု ဘုရားသခင့်​ပိုင်ဆိုင်ရာ​များ​ဖြစ်နေ​သည်။ ဘုရားသခင့်​အမှုတော်​ဆောင်ရန် လွတ်လပ်​နေကြပြီ​ဖြစ်သော်လည်း သူတို့​အလိုရှိ​ပါ​က သခင်​ဟောင်း​ဖြစ်သော အပြစ်​တရား​၏​စေ​စား​မှု​ကို ခံ​လို​က​ခံနိုင်​ဆဲ​ဖြစ်သည်။ ရိုးရှင်း​ပြီး အကျွမ်းတဝင်​ရှိသည့် အဆိုပါ​ပုံ​ဥပမာ​က ‘ငါ​ဘယ်သူ့​ကျွန်​ဖြစ်နေ​သလဲ’ ဟု မိမိတို့​ကိုယ်ကို​ဆန်းစစ်​ရန် ရောမမြို့​ရှိ​ခရစ်ယာန်​များ​အား လှုံ့ဆော်ပေး​ခဲ့​ပေမည်။ *

ပေါလု​၏​ပုံ​နမူနာ​မှ သင်ယူခြင်း

၁၂၊ ၁၃။ (က)ယနေ့ လူအမျိုးမျိုး​ပါဝင်သော​ပရိသတ်​၏ နှလုံးကို​ထိမိဖို့ အဘယ်​ကြိုးပမ်း​အားထုတ်မှု လိုအပ်​သနည်း။ (ခ) နောက်ခံ​အသီးသီး​မှ လူ​တို့ကို​ဟောပြော​ရာ​တွင် အဘယ်​ထိရောက်​သည့်​နည်းကို သင်​တွေ့ရှိ​ထား​သနည်း။

၁၂ လူအမျိုးမျိုး​ပါဝင်သော​ပရိသတ်​၏ နှလုံးကို​ထိမိဖို့​ဆိုလျှင် ကျွန်ုပ်​တို့သည် ပေါလု​ကဲ့သို့ အရေးစိုက်​တတ်​သူ၊ ပြောင်းသာလဲသာ​ရှိပြီး လုပ်ရည်ကြံရည်​ရှိ​သူများ ဖြစ်​ကြ​ရမည်။ နားထောင်သူ​များ သတင်းကောင်းကို နားလည်​သဘောပေါက်​စေရန် သူတို့ကို ဝတ်​ကျေ​တန်း​ကျေ​တွေ့ဆုံ​ပြီး သတင်းတရား​ပြောပြ သို့​မဟုတ် ကျမ်းစာ​စာပေ​ဝေငှ​ရုံ​ထက်မက ကျွန်ုပ်​တို့​ပြု​လို​ကြသည်။ ထိုသို့​ပြု​ရုံ​မ​က သူတို့၏​လိုအပ်ချက်​များနှင့် စိုးရိမ်​ပူပန်မှု​များ၊ သူတို့၏​ကြိုက်​နှစ်သက်ရာ​နှင့် မနှစ်သက်​ရာ​များ၊ သူတို့၏​ကြောက်ရွံ့​မှုများ​နှင့် အစွဲအလမ်း​များ​ကို သိမြင်​ရန် ကြိုးစား​သင့်​သည်။ ထိုသို့​ပြု​ရန် ထောက်ထား​မှု​နှင့် ကြိုးပမ်း​အားထုတ်မှု များစွာ​လိုအပ်​သော်လည်း ကမ္ဘာ​တစ်ဝန်း​ရှိ ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ​များသည် ထိုသို့ အားကြိုးမာန်တက်​ပြု​နေကြပါ​သည်။ ဥပမာ ဟန်​ဂေ​ရီ​နိုင်ငံ​မှ ယေဟောဝါသက်သေ​များ​၏​ဌာနခွဲရုံး​က ဤသို့​သတင်းပို့​သည်– “ညီအစ်ကို​များသည် လူမျိုးခြား​တို့၏​ဓလေ့​ထုံးစံ​များနှင့် ဘဝ​ပုံစံ​များ​ကို လေးစားမှု​ပြ​ကြသည်။ ဒေသခံ​ထုံးစံ​များနှင့်​အညီ သူတို့​ပြုပြင်​နေထိုင်​လာရန် မမျှော်လင့်​ကြ​ပါ။” အခြား​နေရာတွင်​ရှိသော သက်သေခံ​များလည်း ထို​အတိုင်း​ဖြစ်​ရန် ကြိုးပမ်း​ကြ​ပါ​သည်။

၁၃ အရှေ့​ဖျား​ဒေသ​ရှိ နိုင်ငံ​တစ်နိုင်ငံ​တွင် လူအများစု​သည် ကျန်းမာ​ရေး၊ သားသမီး​လေ့ကျင့်​သင်ကြားရေး​နှင့် ပညာရေး​တို့ကို စိတ်ဝင်စား​ကြသည်။ ထို​နိုင်ငံ​မှ ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ​များသည် ဆိုးရွား​လာသော​ကမ္ဘာ့​အခြေအနေ​များ သို့​မဟုတ် ရှုပ်ထွေး​သော​လူမှုရေး​ပြဿနာ​များ​စ​သည့်​အကြောင်း ဆွေးနွေး​မည့်​အစား ဖော်ပြ​ပါ​အကြောင်းအရာများ​ကို အလေးပေး​ပြော​ကြသည်။ အလားတူ၊ မိမိတို့၏​ရပ်ကွက်​တစ်ခု​သည် အကျင့်ပျက်မှု၊ ယာဉ်ကြော​ပိတ်ဆို့​မှု​နှင့် ရာဇဝတ်မှု​တို့ကို ပို​စိတ်ဝင်စား​ကြောင်း အမေရိကန်​ပြည်ထောင်စု​ရှိ မြို့ကြီး​တစ်မြို့​မှ ကြေညာ​သူများ သတိပြုမိ​ကြသည်။ ထို​အကြောင်းအရာများ​ဖြင့် ကျမ်းစာ​ဆွေးနွေးမှု​များ အစပြု​ရာ​တွင် အောင်မြင်​ကြသည်။ ထိရောက်​သော​ကျမ်းစာ​သွန်​သူများ​သည် မည်သည့်​အကြောင်းအရာကို ရွေးချယ်​ပြောပါ​စေ ကျမ်းစာ​မူများ​ကို လက်တွေ့​ကျင့်သုံး​ခြင်း​၏ လတ်တလော​အကျိုးကျေးဇူး​နှင့် ဘုရားသခင်​ကမ်း​လှမ်း​ထား​သည့် တောက်ပ​သော​အနာဂတ်​မျှော်လင့်ချက်များ​အကြောင်း​တို့ကို အလေးပေး​ကာ အပြုသဘော​ရှိပြီး အားပေး​တတ်​သူများ​ဖြစ်နေ​ရန် သေချာ​စေ​ကြသည်။—ဟေရှာယ ၄၈:၁၇၊ ၁၈; ၅၂:၇

၁၄။ လူတို့၏​လိုအပ်ချက်​များ၊ အခြေအနေ​များနှင့်​အညီ ကျွန်ုပ်​တို့​ပြုပြင်​ပြောင်းလဲ​နိုင်သော​နည်း​များ​ကို ဖော်ပြ​ပါ။

၁၄ အလွန်အမင်း​ကွာခြား​လှ​သည့် ယဉ်ကျေးမှု၊ ပညာရေး​နှင့် ဘာသာရေး​နောက်ခံ​အမျိုးမျိုး​ရှိကြ​သောကြောင့် အမှုဆောင်ရာတွင် ကျွန်ုပ်​တို့၏​ချဉ်းကပ်​ပုံ​ကို​ပြောင်းလဲခြင်း​က​လည်း အထောက်အကူ​ပြု​သည်။ ဖန်ဆင်း​ရှင်​ကို​ယုံ​သော်လည်း သမ္မာကျမ်းစာ​မယုံ​သူကို ချဉ်းကပ်​ပုံ​နှင့် ဘုရားသခင်​မရှိ​ဟု​ယူဆ​သူကို ချဉ်းကပ်​ပုံ​တို့ တူ​ကြ​မည်​မဟုတ်ပေ။ ဘာသာရေး​စာပေ​အားလုံး ဘာသာဆွယ်​သည့်​ကိရိယာ​ဖြစ်သည်ဟု ယူဆ​သူ​တစ်ဦး​နှင့် ကျမ်းစာ​သွန်သင်ချက်​များ​ကို လက်ခံသူ​တစ်ဦး​အား ကျွန်ုပ်​တို့​တင်ပြ​ပြောဆို​ပုံ​တို့ တူ​ကြ​မည်​မဟုတ်ပါ။ ပညာ​အဆင့်အတန်း​အသီးသီး​မှ​လူ​တို့​နှင့် ပြောဆို​ဆက်ဆံ​ရာ​တွင်​လည်း ပြောင်းသာလဲသာ​ရှိဖို့ လို​သည်။ ကျွမ်းကျင်​သော​သွန်သင်သူ​များသည် လတ်တလော​အခြေအနေ​နှင့် သင့်လျော်​မည့် သုံးသပ်​တင်ပြချက်​နှင့် ပုံ​ဥပမာ​များ​ကို အသုံးပြုပါ​လိမ့်​မည်။—၁ ယောဟန် ၅:၂၀

အမှုတော်​ဆောင်​အသစ်များ​အတွက် အကူအညီ

၁၅၊ ၁၆။ အမှုတော်​ဆောင်​အသစ်များ​ကို လေ့ကျင့်ပေး​ရန် အဘယ်ကြောင့်​လိုအပ်​နေသနည်း။

၁၅ ပေါလု​သည် သူကိုယ်တိုင်​၏​သွန်သင်နည်း​များ တိုးတက်​ဖို့​ကို​သာ စိတ်ဝင်စားသူ​မဟုတ်ပါ။ တိမောသေ​နှင့် တိတု​တို့​ကဲ့သို့​သော မျိုးဆက်သစ်​လူငယ်များ​ကို ထိရောက်​မှု​ရှိသော အမှုတော်​ဆောင်​များ​ဖြစ်လာ​စေရန် လေ့ကျင့်ပေး​ပြီး အသင့်ပြင်​ပေးဖို့​လိုအပ်ကြောင်း သူသိ​မြင်ခဲ့​သည်။ (၂ တိမောသေ ၂:၂; ၃:၁၀၊ ၁၄; တိတု ၁:၄) အလားတူ ယနေ့လည်း လေ့ကျင့်မှု​ပေးခြင်း​နှင့် လေ့ကျင့်မှု​ခံယူ​ခြင်း​တို့ အရေးတကြီး​လိုအပ်​လျက်​ရှိသည်။

၁၆ ၁၉၁၄ ခုနှစ်​တွင် ကမ္ဘာ​တစ်ဝန်း​၌ ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ ၅,၀၀၀ ခန့်​ရှိသည်။ ယနေ့ အပတ်စဉ်​အပတ်​တိုင်း နှစ်ခြင်း​ခံ​သူ​လူသစ် ၅,၀၀၀ ခန့်​ရှိနေပြီ။ (ဟေရှာယ ၅၄:၂၊ ၃; တမန်​တော် ၁၁:၂၁) လူသစ်​များသည် ခရစ်ယာန်​အသင်းတော်​နှင့် စတင်​ပူးပေါင်း​လာပြီး ခရစ်ယာန်​ဓမ္မ​အမှု၌ ကျွန်ုပ်​တို့​နှင့်အတူ​ပါဝင်​လို​သောအခါ လေ့ကျင့်မှု​နှင့် လမ်းညွှန်မှု​လိုအပ်​ကြသည်။ (ဂလာတိ ၆:၆) တပည့်​များ​ကို သွန်သင်ခြင်း​နှင့် လေ့ကျင့်​ပေးခြင်း​ဆိုင်ရာ သခင်​ယေရှု၏​နည်းလမ်းများ​ကို အသုံးချ​ရန် အရေးကြီး​ပါ​သည်။ *

၁၇၊ ၁၈။ လယ်ကွင်း​ဓမ္မ​အမှု​တွင် မိမိကိုယ်ကို​စိတ်ချမှု​ရှိဖို့ လူသစ်များ​ကို မည်သို့​ကူညီပေး​နိုင်​သနည်း။

၁၇ ယေရှုသည် လူအုပ်​တစ်အုပ်​ကို​တွေ့​သည်​နှင့် စ​ဟော​တော့​ဟု တမန်​တော်​များ​ကို ပြော​ရုံ​ပြော​ခြင်း​မပြု​ခဲ့​ပါ။ ဦးဆုံး ဟောပြောခြင်း​လုပ်ငန်း လိုအပ်ကြောင်း အလေးပေး​ဖော်ပြ​ပြီး ထို​လုပ်ငန်း​အတွက် ဆုတောင်း​ကြ​ရန် တိုက်တွန်း​ခဲ့​သည်။ ထို့နောက် အခြေခံကျ​သည့် လိုအပ်ချက်​သုံးခု​ဖြစ်သော တွဲဖက်၊ ခန့်အပ်​ခံရပ်​ကွက်​နှင့် သတင်းတရား​တို့ကို ပြင်ဆင်​ပေး​ခဲ့​သည်။ (မဿဲ ၉:၃၅-၃၈; ၁၀:၅-၇; မာကု ၆:၇; လုကာ ၉:၂၊) ကျွန်ုပ်​တို့​လည်း အလားတူ​ပြု​နိုင်​သည်။ ကျွန်ုပ်​တို့၏​သားသမီးကို​ဖြစ်စေ၊ သင်သား​အသစ်​ကို​ဖြစ်စေ သို့​မဟုတ် ဟောပြောခြင်း​လုပ်ငန်း​တွင် မပါဝင်​သည်​မှာ အတန်ကြာ​ပြီ​ဖြစ်သော​သူ​တစ်ဦး​ကို​ဖြစ်စေ၊ ကူညီပေး​နေရ​သည်​ဆိုလျှင် ထို​နည်း​အတိုင်း ကြိုးစား​လေ့ကျင့်​ပေးခြင်း​သည် သင့်လျော်​ပေ​သည်။

၁၈ လူသစ်​များသည် ဘုရားသခင့်​နိုင်ငံတော်​သတင်းတရား တင်ဆက်​ရာ​တွင် မိမိကိုယ်ကို​စိတ်ချမှု​ရှိ​ရန် အကူအညီ​အတော်အတန်​လိုအပ်​ကြသည်။ ရိုးရှင်း၍ စိတ်ဝင်စားဖွယ်​ကောင်းသော တင်ဆက်မှု​တစ်ခု​ကို သူတို့နှင့်​အတူ ကြိုတင်​ပြင်ဆင်၊ လေ့ကျင့်​နိုင်​မည်​လော။ လယ်ကွင်း​၌ ပထမ​အိမ်​အနည်းငယ်​တွင် သင်၏​ဟောပြောပုံ​မှ သင်ယူ​စေပါ။ “ငါ့ကို​ကြည့်​၍ ငါ​ပြု​သည်​အတိုင်း​ပြု​ကြ” ဟု သူ့​လူများ​ကို ပြော​ခဲ့​သော ဂိဒေါင်​ကို သင်​တုပ​နိုင်​သည်။ (တရားသူကြီး ၇:၁၇) ထို့နောက် လူသစ်​အား ပါဝင်​ဟောပြော​ခွင့်​ပေး​ပါ။ သူတို့၏​အားထုတ်မှုကို လှိုက်လှိုက်လှဲလှဲ​ချီးမွမ်း​ကာ တိုးတက်​ဖို့​လို​သည့်​နေရာတွင် တိုတုတ်​သော​အကြံပြုချက်များ​ပေး​ပါ။

၁၉။ ‘သင်၏​ခရစ်ယာန်​ဓမ္မ​အမှုကို အပြည့်အဝ​ကျေပွန်’ ဖို့ ကြိုးစား​နေစဉ် သင့်​စိတ်ပိုင်းဖြတ်​ချက်​ကား အဘယ်နည်း။

၁၉ ‘ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှုကို အပြည့်အဝ​ကျေပွန်​စေ’ ဖို့ လူ​တို့ကို​ချဉ်းကပ်​ရာ​၌ ပို​၍​ပြောင်းသာလဲသာ​ရှိသူ​ဖြစ်လာ​ရန် ကျွန်ုပ်​တို့​စိတ်​ဆုံးဖြတ်ထား​ကြ​ပြီး အမှုတော်​ဆောင်​အသစ်များ​ကိုလည်း ထို​နည်း​အတိုင်း လေ့ကျင့်ပေး​လို​ကြ​ပါ​သည်။ ကယ်တင်ခြင်း​ရစေ​သည့် ဘုရားသခင်​နှင့်​ဆိုင်သော​အသိပညာကို ဝေမျှပေး​ရန်​ဟူ​သည့်​ပန်းတိုင် အရေးကြီးကြောင်း သုံးသပ်ကြည့်​သည့်​အခါ ကျွန်ုပ်​တို့သည် “အချို့​သော​သူတို့ကို တစ်စုံတစ်ခု​သော​အမှုအရာ​အားဖြင့် ကယ်တင်ခြင်း​အလို​ငှာ၊ ခပ်သိမ်း​သော​သူတို့၌ ခပ်သိမ်း​သော​အရာ​ဖြစ်” ဖို့ အစွမ်းကုန်​ကြိုးစား​ထိုက်​သည်​ဟု ယုံကြည်​ကြသည်။—၂ တိမောသေ ၄:၅; ၁ ကောရိန္သု ၉:၂၂

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 5 ခရစ်ယာန်​ဓမ္မ​အမှု​တွင် အဆိုပါ​အရည်အသွေးများ ပေါလု​တင်ပြ​ခဲ့​သည့် ပုံ​နမူနာ​များ​အကြောင်း တမန်​တော် ၁၃:၉၊ ၁၆-၄၂; ၁၇:၂-၄; ၁၈:၁-၄; ၁၉:၁၁-၂၀; ၂၀:၃၄; ရောမ ၁၀:၁၁-၁၅; ၂ ကောရိန္သု ၆:၁၁-၁၃ တွင် သုံးသပ်ကြည့်​ပါ။

^ အပိုဒ်၊ 11 အလားတူ၊ ဘုရားသခင်​နှင့် ဝိညာဉ်​တော်​ဖွား “သား” များ​၏ ဆက်ဆံ​ရေး​အသစ်​အကြောင်း ရှင်းပြ​ရာ​တွင် ရောမ​အင်ပါယာ​ရှိ စာဖတ်​ပရိသတ်​များ အတော်ပင်​ရင်းနှီး​ကျွမ်းဝင်​သည့် ဥပဒေ​ဆိုင်ရာ​အယူအဆ​တစ်ခု​ကို ပေါလု​အသုံးပြု​ခဲ့​သည်။ (ရောမ ၈:၁၄-၁၇) “မွေးစား​ခြင်း​သည် အခြေခံ​အားဖြင့် ရောမ​ထုံးစံ​တစ်ခု​ဖြစ်​ပြီး ရောမ​မိသားစု​ဆိုင်ရာ အစီအစဉ်များ​နှင့် အတော်ပင်​ဆက်နွှယ်​သည်” ဟု ရောမမြို့​ရှိ​စိန့်​ပေါလ်​ဟူသော​စာအုပ်​က​ဆို​၏။

^ အပိုဒ်၊ 16 ယခု​အခါ ယေဟောဝါသက်သေ​များ​၏ အသင်းတော်​အားလုံး​တွင် အခြား​သူများကို ရှေ့ဆောင်​များ​ထောက်ကူ​သည့်​အစီအစဉ်​ရှိသည်။ ယင်း​အစီအစဉ်​တွင် အချိန်ပြည့်​အမှုတော်​ဆောင်​များသည် မိမိတို့၏ အတွေ့အကြုံ​များ​ကို​သုံးပြီး အတွေ့အကြုံ​နည်း​သည့် ကြေညာသူ​များ​ကို လေ့ကျင့်ပေး​ကြသည်။

သင်​မှတ်မိ​သလော

• ခရစ်ယာန်​ဓမ္မ​အမှု​တွင် ပေါလု​ကို အဘယ်​နည်းများဖြင့် တုပ​နိုင်​သနည်း။

• ကျွန်ုပ်​တို့၏​စဉ်းစား​တွေးခေါ်ပုံ​ကို မည်သို့​ပြောင်းလဲ​ရန် လို​ကောင်း​လို​မည်​နည်း။

• ကျွန်ုပ်​တို့၏​သတင်းတရားကို မည်သို့​အပြုသဘော​ရှိစေ​နိုင်​သနည်း။

• အမှုတော်​ဆောင်​အသစ်များ ယုံကြည်​စိတ်ချမှု​ရှိလာ​စေရန် အဘယ်အရာ​လိုအပ်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၉ ပါ အကျဉ်း​ဖော်ပြချက်]

တမန်​တော်​ပေါလု​သည် ဟောပြောခြင်း​နှင့် သွန်သင်ခြင်း​လုပ်ငန်း​တွင် အရေးစိုက်​တတ်​သူ၊ ပြောင်းသာလဲသာ​ရှိပြီး လုပ်ရည်ကြံရည်​ရှိသူ​ဖြစ်

[စာမျက်နှာ ၃၁ ပါ အကျဉ်း​ဖော်ပြချက်]

ယေရှုသည် တပည့်​များ​အတွက် အခြေခံကျ​သော လိုအပ်ချက်​သုံးခု​ဖြစ်သည့် တွဲဖက်၊ ခန့်အပ်​ခံရပ်​ကွက်​နှင့် သတင်းတရား​တို့ကို ပြင်ဆင်​ပေး

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံများ]

ပေါလု​သည် ပြောင်းသာလဲသာ​ရှိ​ခြင်း​ဖြင့် ပရိသတ်​အမျိုးမျိုးကို ထိမိအောင်​ဟောပြောနိုင်​ခဲ့

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ထိရောက်​မှု​ရှိသော​အမှုတော်​ဆောင်​များသည် နားထောင်သူ​တို့၏​ယဉ်ကျေးမှု​နောက်ခံ​ကို ထည့်​စဉ်းစား​ပေး

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

တိုးတက်သော​အမှုတော်​ဆောင်​များသည် လူသစ်များ​ကို အမှုဆောင်​လုပ်ငန်း​အတွက် ကူညီ​ပြင်ဆင်​ပေး