မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေတ္တာ၊ ယုံကြည်မှုနှင့် နာခံမှုတို့၏သက်သေ

မေတ္တာ၊ ယုံကြည်မှုနှင့် နာခံမှုတို့၏သက်သေ

မေတ္တာ၊ ယုံကြည်မှု​နှင့် နာခံမှု​တို့၏​သက်သေ

နယူးယောက်​မြို့၊ ဝေါလ်ကီး​လ်​ရှိ ကင်းမျှော်စင်​ခြံ​တွင် ၂၀၀၅၊ မေလ ၁၆ ရက် နံနက်ခင်း​မှာ ကြည်လင်​အေးမြ​နေသည်။ အရုဏ်​မ​တက်​မီ​က ရွာ​ထားသော​မိုး​ကြောင့် ရိတ်​ထားသော​မြက်ခင်း​နှင့် ပန်း​ခင်း​တို့​မှာ မိုး​စက်​လေး​များ​ဖြင့် တ​လက်​လက်​တောက်​နေသည်။ ရေကန်​စပ်​အနီး ငြိမ်သက်​နေသော​ရေပြင်​ပေါ်​တွင် ဘဲ​မကြီး​တစ်ကောင်​နှင့် ဘဲ​ပေါက်လေး​ရှစ်​ကောင်​တို့​မှာ ညင်သာ​စွာ​ကူး​ခတ်​နေကြ​သည်။ ယင်း​တို့၏ သာယာလှပ​ပုံ​တွင် ဧည့်သည်​များ နစ်မျော​နေကြ​သည်။ သူတို့သည် နံနက်ခင်း​၏ တည်ငြိမ်​အေးချမ်းမှု​ကို မဖျက်ဆီး​လို​သည့်​အလား တီးတိုး​ညင်သာ​စွာ စကားပြော​ဆို​နေကြ​သည်။

ဧည့်သည်​များ​မှာ ကမ္ဘာ​တစ်ဝန်း​ရှိ နိုင်ငံ​ပေါင်း ၄၈ နိုင်ငံ​မှ ယေဟောဝါသက်သေ​များ​ဖြစ်​ကြသည်။ သူတို့သည် ရှုခင်း​အလှ​ကို​ခံစား​ရန် လာ​ကြ​ခြင်း​မဟုတ်ပေ။ ဝေါလ်ကီး​လ်​ရှိ အမေရိကန်​ဗေသလ​အဆောက်အအုံ​တွင် မကြာသေးမီ​ကမှ ထပ်​တိုးချဲ့​လိုက်​သော ကျယ်ဝန်း​သည့် အုတ်​နီ​ရော​င်​အဆောက်အအုံ​အတွင်း ဖြစ်ပျက်​နေရာကို စိတ်ဝင်စား​ကြသည်။ ထို​အဆောက်အအုံ​အတွင်းရှိ မြင်ကွင်း​မှာ တိတ်ဆိတ်​ငြိမ်သက်​မနေ​သော်လည်း သူတို့​ထပ်၍ အံ့သြ​ရ​ပြန်​သည်။

ဧည့်သည်​များသည် ရှုပ်ထွေး​လှ​သည့် စက်ယန္တရား​ကို အပေါ်​စီး​မှ ကြည့်​နေကြ​သည်။ ပုံနှိပ်​စက်​ကြီး​ငါး​လုံး​သည် ဘောလုံးကွင်း ကိုး​ကွင်း​စာ​ထက် ပို​ကြီးသော ချောမွတ်​ပြောင်လက်​နေသည့် ကွန်ကရစ်​ကြမ်းပြင်​ပေါ်​တွင် နေရာယူ​ထား​သည်။ ဤ​နေရာတွင်​ပင် သမ္မာကျမ်းစာ၊ စာအုပ်​နှင့် မဂ္ဂဇင်း​များ​ကို ပုံနှိပ်​သည်။ တစ်လိပ်​လျှင် ပေါင် ၃,၈၀၀ လေး​သော စက္ကူ​လိပ်​ကြီး​များသည် အမြန်​မောင်းနှင်​နေသော ကုန်တင်ကား​ဘီး​များ​ကဲ့သို့ လည်ပတ်​နေသည်။ ၁၄ မိုင်​စီ​ရှည်​သော စက္ကူ​လိပ်​များ​ကို ပုံနှိပ်​ရန် ၂၅ မိနစ်​သာ​ကြာ​သည်။ ဤ​အချိန်​အတောအတွင်း ပုံနှိပ်​စက်​သည် မဂ္ဂဇင်း​များ​အဖြစ်​ခေါက်​ချုပ်​နိုင်​ရန် မင်​ကို​အခြောက်ခံ​ပေး​ပြီး စာရွက်​ကို​အအေး​ခံ​ပေး​သည်။ ပုံး​များ​ထဲ​ထည့်​ပြီး အသင်းတော်များ​သို့ တင်ပို့​နိုင်​ရန် ထို​မဂ္ဂဇင်း​များသည် လူ​တစ်ရပ်​ကျော်​မြင့်သော ရွေ့လျား​စက်​ခါးပတ်​တစ်လျှောက် လျင်မြန်​စွာ​ရွေ့လျား​နေသည်။ အခြား​စက်​များ​မှာ စာအုပ်​ဖောင်​နံပါတ်​များ​ကို ပုံနှိပ်​ပေး​ပြီး ဖောင်​နံပါတ်​ရိုက်​ထားသော ယင်း​စာ​ချ​ပ်​များသည် ကြမ်းပြင်​မှ မျက်နှာကြက်​အမြင့်​ရှိသော သိုလှောင်​သည့်​နေရာသို့ အချိန်တို​အတွင်း လျင်မြန်​စွာ စုပုံ​ရောက်ရှိ​သွား​သည်။ ထို့နောက် ယင်း​တို့ကို စာအုပ်​ချုပ်​ဌာန​သို့​ပို့​သည်။ လုပ်ငန်း​စဉ်​တစ်ခုလုံး စည်းချက်​ညီ​ညီ၊ တိတိကျကျ​လုပ်ဆောင်ရန် ကွန်ပျူတာ​ဖြင့် ထိန်းချုပ်​ထား​သည်။

ဧည့်သည်​များသည် ပုံနှိပ်​စက်ရုံ​မှ ထွက်​လာပြီး​နောက် စာအုပ်​ချုပ်​ဌာန​သို့ လည်ပတ်​ကြသည်။ ဤ​နေရာတွင် အဖုံး​ထူ​စာအုပ်​များနှင့် အထူး​ချုပ် ကျမ်းစာ​အုပ်​များ​ကို တစ်ရက်​လျှင်​အုပ်ရေ ၅၀,၀၀၀ နှုန်း​ဖြင့် ထုတ်လုပ်​လျက်​ရှိသည်။ စာအုပ်​ဖောင်​နံပါတ်​များ​ကို အစဉ်လိုက်​စီ​ပြီး ချုပ်​ကာ ဘေး​သားများ​ကို​ညှိ​ပေး​သည်။ ထို့နောက် အဖုံး​များနှင့်​တွဲ​သည်။ အသင့်​ချုပ်​ပြီး​သော​စာအုပ်​များ​ကို ကတ်​ထူ​ပုံး​များ​ထဲ​ထည့်​ပေး​သည်။ ပုံး​များ​ကို အလိုအလျောက်​တံဆိပ်နှိပ်၊ လိပ်စာ​တပ်​ပြီး သတ်မှတ်​ထားသော​စင်​တွင် စုပုံ​ရောက်ရှိ​လာ​သည်။ ထို့​ပြင် အဖုံး​ပျော့​စာအုပ်​ချုပ်​လိုင်း​သည် တစ်ရက်​လျှင် စာအုပ် ၁၀၀,၀၀၀ ခန့်​ကို စုစည်း​ထုပ်ပိုး​သည်။ ယင်းသည်​လည်း မရေတွက်​နိုင်သော​မော်​တာ​များ၊ ရွေ့လျား​စက်​ခါးပတ်​များ၊ ခွေးသွားစိပ်​ဘီး​များ၊ ဘီး​များနှင့် သားရေ​ပြား​များ ပါဝင်သော စက်ယန္တရား​ကမ္ဘာ​ဖြစ်​ပြီး ယင်း​တို့အားလုံး​သည် သမ္မာကျမ်းစာ,စာပေ​များ ထုတ်ဝေ​ရန် အံ့ဖွယ်​အမြန်​နှုန်း​ဖြင့် လည်ပတ်​နေသည်။

ပုံနှိပ်​စက်​များ အလွန်​တိကျ​စွာ လည်ပတ်ခြင်း၊ မြန်​နှုန်း​အလွန်​မြင့်​ခြင်း​နှင့် အလွန်​ခေတ်မီ​ခြင်း​တို့သည် ခေတ်​သစ်​နည်း​ပညာ​၏ အံ့ဖွယ်​တစ်ခု​ဖြစ်သည်။ ယင်းသည် ဘုရားသခင့်​လူမျိုးတော်​၏ မေတ္တာ၊ ယုံကြည်မှု​နှင့် နာခံမှု​တို့၏ ထင်ရှားသော​သက်သေ​ဖြစ်သည်​ကိုလည်း ကျွန်ုပ်​တို့​တွေ့ရ​မည်​ဖြစ်သည်။ သို့သော် ပုံနှိပ်​လုပ်ငန်းများ​ကို ဘ​ရွတ်​က​လင်၊ နယူးယောက်​မြို့မှ ဝေါလ်ကီး​လ်​သို့ အဘ​ယ့်​ကြောင့်​ပြောင်းရွှေ့​ခဲ့​သနည်း။

အဓိက​အကြောင်းရင်း​မှာ တစ်​နေရာ​တည်း​၌ စုစည်း​လုပ်ဆောင်ခြင်းဖြင့် ပုံနှိပ်ခြင်း​နှင့် ထုပ်​ပို့​ခြင်း​လုပ်ငန်းများ​ကို ရိုးရှင်း​လွယ်ကူ​စေရန်​ဖြစ်သည်။ နှစ်​နှင့်​ချီ​၍ စာအုပ်​များ​ကို ဘ​ရွတ်​က​လင်​တွင် ပုံနှိပ်​ထုပ်​ပို့​ကာ ဝေါလ်ကီး​လ်​တွင် မဂ္ဂဇင်း​များ​ကို ပုံနှိပ်​ထုတ်​ပို့​သည်။ တစ်​နေရာ​တည်း​တွင် စုစည်း​လိုက်ခြင်းက ဝန်ထမ်း​အင်အား​သက်သာ​စေပြီး လှူဒါန်း​ထားသော ရန်ပုံငွေ​များ​ကို ချွေတာ​ရာ​ကျ​သည်။ ထို့​ပြင် ဘ​ရွတ်​က​လင်​ရှိ​စက်​များ​မှာ သက်တမ်း ကြာ​နေပြီ​ဖြစ်​ရာ အမ်​အေ​အဲ​န် ရိုး​လန်း လစ်​သို​မ​န် ပုံနှိပ်​စက်​သစ်​နှစ်လုံး​ကို ဂျာမနီ​မှ ထပ်​မှာ​ယူ​ခဲ့​သည်။ ထို​စက်​များသည် အလွန်​ကြီးသော​ကြောင့် ဘ​ရွတ်​က​လင်​ရှိ​စက်ရုံ​တွင် မဆံ့​နိုင်​ပေ။

လုပ်ငန်း​ကို ယေဟောဝါ​ထောက်မ

ပုံနှိပ်​လုပ်ငန်း​၏​ရည်ရွယ်ချက်မှာ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ပို​၍ ပျံ့နှံ့​စေရန်​ဖြစ်သည်။ ဤ​လုပ်ငန်း​ကို အစ​ဦး​ကတည်းက ယေဟောဝါ​ကောင်းချီး​ပေး​ကြောင်း သက်သေ​ထင်ရှား​ခဲ့ပြီ။ ၁၈၇၉ ခုနှစ်​မှ ၁၉၂၂ ခုနှစ်​အတွင်း စီးပွား​ဖြစ်​လုပ်ကိုင်​သော​ပုံနှိပ်​စက်ရုံ​များ​တွင် စာအုပ်​များ​ကို ပုံနှိပ်​ခဲ့​သည်။ ၁၉၂၂ ခုနှစ်​တွင် အမှတ် ၁၈၊ ကန်​ကော့ဒ်​လမ်း၊ ဘ​ရွတ်​က​လင်​တွင် ခြောက်​ထပ်​အဆောက်အအုံ​တစ်ခု ငှား​ရမ်း​ပြီး စာအုပ်​များ​ပုံနှိပ်​ရန် စက်ပစ္စည်း​များ ဝယ်ယူ​ခဲ့​သည်။ ထို​အချိန်တွင် အချို့​သူတို့က ညီအစ်ကို​များ​၏ လုပ်ဆောင်​နိုင်စွမ်း​ကို သံသယဝင်​ခဲ့​ကြသည်။

ထိုသို့ သံသယဝင်​သူ​တစ်ဦး​မှာ ကျွန်ုပ်​တို့၏ စာအုပ်​အများစုကို​ပုံနှိပ်​ပေး​သော ကုမ္ပဏီ​၏​ဥက္ကဋ္ဌ​ဖြစ်သည်။ ကန်​ကော့ဒ်​လမ်း​ရှိ အဆောက်အအုံ​သို့​လာလည်​ပတ်စဉ် သူ​ဤသို့​ဆို​သည်– “ခင်ဗျား​တို့​မှာ တကယ့်​ကောင်း​တဲ့​စက်​တွေ​ရှိတယ်။ ဒါပေမဲ့ အဲဒီ​စက်​တွေ​ကို ဘယ်လို​ကိုင်တွယ်​ရမယ်ဆိုတာ ခင်ဗျား​တို့ တစ်ယောက်မှ​မသိကြဘူး။ ခြောက်​လ​အတွင်း စက်​တွေ​အတော်များများ ပျက်စီး​ကုန်​မှာ။ အဲဒီ​အချိန်​ကျ​မှ ပုံနှိပ်​လုပ်ငန်း​ကို အမြဲ​လုပ်နေတဲ့ တကယ်​ကျွမ်းကျင်​သူတွေ​သာ ဒီ​လုပ်ငန်း​ကို လုပ်​နိုင်တယ်​ဆိုတာ ခင်ဗျား​တို့ သိ​လိမ့်မယ်။”

ထို​အချိန်​က ပုံနှိပ်​စက်ရုံ​ကြီးကြပ်မှူး ရောဘတ် ဂျေ. မာတင်​က ဤသို့​ဆို​သည်– “သူပြောတာ သဘာဝ​ကျ​ပါ​တယ်။ ဒါပေမဲ့ သူက ဘုရားသခင်​ကို ဘေးချိတ်​ထား​တယ်။ ကျွန်တော်​တို့​နဲ့​အတူ ကိုယ်တော်​အမြဲ​ရှိတဲ့​အတွက် . . . သိပ်​မကြာခင်​မှာပဲ စာအုပ်​တွေ​ကို ပုံနှိပ်​နိုင်​ခဲ့တယ်။” နောက်​အနှစ် ၈၀ အတွင်း ယေဟောဝါသက်သေ​များသည် ကိုယ်ပိုင်​ပုံနှိပ်​စက်​ဖြင့် သန်း​ထောင်နှင့်ချီ​သော စာပေ​စာတမ်း​များ​ကို ပုံနှိပ်​ခဲ့​သည်။

ထို့နောက် ၂၀၀၂၊ အောက်တိုဘာ ၅ ရက်​တွင် ပဲ​င်​စီ​လ်​ဘေး​နီး​ယား​ရှိ ကင်းမျှော်စင် သမ္မာကျမ်းစာ​နှင့်​ဝေစာ​အသင်း​၏ နှစ်ပတ်လည်​အစည်းအဝေး​၌ အုပ်ချုပ်ရေး​အဖွဲ့က အမေရိကန်​ဌာနခွဲ​ရှိ ပုံနှိပ်​လုပ်ငန်းများ​ကို ဝေါလ်ကီး​လ်​သို့​ပြောင်းရွှေ့​ရန် သဘောတူ​ကြောင်း ကြေညာ​ခဲ့​သည်။ ပုံနှိပ်​စက်​အသစ်​နှစ်လုံး​ကို ၂၀၀၄၊ ဖေဖော်ဝါရီ​တွင် အရောက်​ပို့ပေး​ရန် မှာ​ယူ​ခဲ့​သည်။ ထို​ပုံနှိပ်​စက်​အသစ်များ​ထား​နိုင်​ရန် ညီအစ်ကို​များသည် ၁၅ လ​အတွင်း​တွင် ပုံနှိပ်​စက်ရုံ​ကို ဒီဇိုင်းဆွဲ​ကာ တိုးချဲ့​ပြီး အသင့်​ဖြစ်နေ​စေ​ရမည်။ ထို့​ပြင် စာအုပ်​ချုပ်စက်​အသစ်​နှင့် ထုပ်​ပို့​ခြင်း​လုပ်ငန်းများ​အတွက် စက်​တပ်ဆင်​ခြင်း​ကို နောက်ထပ်​ကိုး​လ​အတွင်း​တွင် ပြီးစီး​စေ​ရမည်​ဖြစ်သည်။ ယင်း​အလုပ်ချိန်​ဇယား​ကို ကြား​သောအခါ အချို့​သူတို့က ဤ​အချိန်အတွင်း ပြီးစီး​နိုင်​မည်​မဟုတ်​ဟု စောဒကတက်​ကြသည်။ သို့သော် ယေဟောဝါ​၏​ကောင်းချီး​ဖြင့် ပြီးမြောက်​နိုင်​မည်​ကို ညီအစ်ကို​များ​သိ​ကြသည်။

‘ပျော်ရွှင်စွာ ပူးပေါင်း​ဆောင်ရွက်​လို​စိတ်’

ယေဟောဝါ​၏​လူမျိုး​သည် မိမိတို့​ကိုယ်ကို စေတနာ​စိတ်ဖြင့် ပေးဆက်​ကြ​မည်​ကို ညီအစ်ကို​များ သိ​သောကြောင့် စီမံကိန်း​ကို​စတင်​ခဲ့​ကြသည်။ (ဆာလံ ၁၁၀:၃) စီမံကိန်း​၏​ကြီးကျယ်​မှု​ကြောင့် ဗေသလ​ဆောက်လုပ်ရေး​ဌာန​ရှိ လုပ်သား​အရေအတွက်​ထက် ပို​၍​လိုအပ်​သည်။ အမေရိကန်​ပြည်ထောင်စု​နှင့် ကနေဒါ​နိုင်ငံ​တို့​မှ ဆောက်လုပ်ရေး​တွင်​ကျွမ်းကျင်​သော ညီအစ်ကို​ညီအစ်မ ၁,၀၀၀ ကျော်​သည် တစ်ပတ်​မှ​သုံးလ​အထိ ယာယီ​စေတနာ့​ဝန်ထမ်း​အစီအစဉ်​တွင် ပါဝင်​အမှုထမ်း​ကြသည်။ အပြည်ပြည်ဆိုင်ရာ​အမှုထမ်းများ​နှင့် စေတနာ့​ဝန်ထမ်း​အစီအစဉ်များ​မှ အခြားသူများ​လည်း စီမံကိန်း​တွင်​ပါဝင်​ရန် ဖိတ်ခေါ်​ခံရ​သည်။ ဒေသန္တရ​ဆောက်လုပ်ရေး​ကော်မတီ​မှ​လည်း အကူအညီ​များစွာ​ပေး​ခဲ့​သည်။

လူများစွာ​သည် ဝေါလ်ကီး​လ်​စီမံကိန်း​တွင် စေတနာ့​ဝန်ထမ်း​နိုင်​ရန် ခရီး​စရိတ်​များစွာ​ကုန်ကျ​ပြီး လောက​လုပ်ငန်း​မှ ခွင့်ရက်​ရှည်​ယူ​ခဲ့​ရသည်။ သို့သော် သူတို့သည် ပျော်ရွှင်စွာ ကိုယ်ကျိုး​စွန့်ခဲ့​ကြသည်။ ဗေသလ​မိသားစု​သည် ဤ​စေတနာ့​ဝန်ထမ်း​များ​အတွက် နေရာ​ထိုင်​ခင်း​နှင့် အစားအစာ​ပြင်ဆင်​ပေးခြင်း​ဖြင့် စီမံကိန်း​တွင် တစ်တပ်​တစ်​အားပါ​ဝင်ခွင့်​ရခဲ့​ကြသည်။ ဘ​ရွတ်​က​လင်၊ ပက်​တာ​စင်​နှင့် ဝေါလ်ကီး​လ်​ရှိ ဗေသလ​မိသားစုဝင် ၅၃၅ ဦး​ကျော်​တို့သည် သူတို့၏​တစ်ပတ်​အတွင်း ပုံမှန်​တာဝန်​များ​အပြင် စနေနေ့​များ​တွင် စီမံကိန်း​၌ လာရောက်​စေတနာ့​ဝန်ထမ်း​ကြသည်။ ဤ​သမိုင်း​တွင်​မည့် ကြိုးစား​လုပ်ဆောင်မှု​တွင် ယေဟောဝါ​လူမျိုးတော်​၏ ထောက်ပံ့​ကူညီ​မှု အောင်မြင်​ရခြင်း​မှာ စီမံကိန်း​ကို ယေဟောဝါ​ထောက်မ​နေ၍​သာ​ဖြစ်သည်။

အခြားသူ​တို့​မှာ ငွေကြေး​လှူဒါန်းခဲ့​ကြသည်။ ဥပမာ၊ ညီအစ်ကို​များသည် ကိုးနှစ်​သမီး အက်​ဘီ​ထံ​မှ စာ​တစ်စောင်​လက်ခံရ​ရှိခဲ့​သည်။ သူ​ဤသို့​ရေး​သည်– “သိပ်​ကောင်း​တဲ့​စာအုပ်​တွေ ထုတ်ဝေ​ပေး​တဲ့​အတွက် ကျွန်မ တကယ်​ကျေးဇူး​တင်​တယ်။ မကြာခင် ကျွန်မ အဲဒီကို လာလည်​မယ်။ နောက်​နှစ်​လို့ အဖေက​ပြော​တယ်။ အဲဒီ​အချိန်ကျရင် ကျွန်မ ဘယ်သူလဲ​ဆိုတာ​သိရ​အောင် ရင်ထိုးကတ်​တစ်ခု တပ်​ခဲ့မယ်။ ပုံနှိပ်​စက်​အသစ်​အတွက် ဒေါ်လာ ၂၀ ထည့်​ပေး​လိုက်ပါ​တယ်။ ကျွန်မ​ရဲ့​မုန့်ဖိုး​ပါ၊ ဒါပေမဲ့ ညီအစ်ကို​တွေ​ကို ပေး​ချင်​တယ်။”

ညီအစ်မ​တစ်ဦး​က ဤသို့​ရေး​သည်– “ကျွန်မ​ကိုယ်တိုင်​ထိုး​ထား​တဲ့ လက်​ထိုး​ဇာ​ဦးထုပ်​လေး​တွေ​ကို ကျေးဇူးပြု​ပြီး လက်ခံ​ပေး​ပါ။ ဒီ​ဦးထုပ်​တွေ​ကို ဝေါလ်ကီး​လ် စီမံကိန်း​မှာ အလုပ်​လုပ်နေတဲ့ လုပ်သားတွေကို ပေး​ချင်​ပါ​တယ်။ ပြက္ခဒိန်​တစ်ခု​မှာ ဒီ​နှစ်​ဆောင်း​ရာသီ အရမ်း​အေး​မယ်​လို့ ခန့်မှန်း​ထား​တယ်။ မှန်,မမှန်​တော့ မသိ​ဘူး။ ဒါပေမဲ့ ဝေါလ်ကီး​လ်​မှာ​ရှိတဲ့ အလုပ်​အများစုက အပြင်ဘက်မှာ​လုပ်​ရတာ​ဆိုတော့ ညီအစ်ကို​ညီအစ်မ​တွေ​ရဲ့​ခေါင်း​ကို နွေး​နေ​စေချင်တယ်။ ကျွန်မ​မှာ ညီအစ်ကို​တွေ​လိုချင်​တဲ့ ကျွမ်းကျင်​မှု​မျိုး​မရှိပေမဲ့ ကျွန်မ​က ဇာ​ထိုး​တတ်​တော့ တတ်နိုင်​တာ​နဲ့ လှူဒါန်း​ဖို့ အဲဒီ​ကျွမ်းကျင်​မှု​ကို​အသုံးပြုမယ်​လို့ ဆုံးဖြတ်​လိုက်တယ်။” ယင်း​စာ​နှင့်အတူ ဇာ​ထိုး​ဦးထုပ် ၁၀၆ လုံး ထည့်​ပေး​လိုက်​သည်။

ပုံနှိပ်​စက်ရုံ​သည် အစီအစဉ်​ဆွဲ​ထား​သည့်​အတိုင်း ပြီးစီး​ခဲ့​သည်။ ပုံနှိပ်​စက်ရုံ​ကြီးကြပ်ရေးမှူး ဂျွန် လာ​စ​န်​က “တကယ့်ကို ပျော်ရွှင်​တဲ့ ပူးပေါင်း​ဆောင်ရွက်​လို​စိတ်ပါ​ပဲ။ ဒီ​လုပ်ငန်း​ကို ယေဟောဝါ ထောက်မ​နေတယ်​ဆိုတာ ဘယ်သူ​ငြင်း​ဝံ့​မှာ​လဲ။ စီမံကိန်း​ကြီး​ဟာ မြန်မြန်ဆန်ဆန်​ပြီး​သွားတယ်။ ၂၀၀၃၊ မေလ​တုန်း​က ညီအစ်ကို​တွေ အဆောက်အအုံ​အုတ်မြစ်ချ​တာ​ကို ရွှံ့​ထဲမှာ​ရပ်ကြည့်​ခဲ့​တာ ကျွန်တော်​မှတ်မိ​သေး​တယ်။ နောက်​တစ်နှစ်​မပြည့်​ခင်​မှာ​တော့ အဲဒီ​နေရာမှာပဲ​ရပ်​ပြီး ပုံနှိပ်​စက်​လည်ပတ်​နေတာကို ကျွန်တော် ကြည့်​ခဲ့​ရတယ်” ဟု​ပြောပြ​သည်။

အပ်နှံ​ပွဲ​အစီအစဉ်

၂၀၀၅၊ မေလ ၁၆၊ တနင်္လာ​နေ့တွင် လူနေ​အဆောက်အအုံ​သုံးခု​နှင့်အတူ ပုံနှိပ်​စက်ရုံ​အသစ်​အပ်နှံ​ပွဲ​ကို ဝေါလ်ကီး​လ်​တွင် ကျင်းပ​ခဲ့​သည်။ အပ်နှံ​ပွဲ​အစီအစဉ်ကို ပက်​တာ​စင်၊ ဘ​ရွတ်​က​လင်​နှင့် ကနေဒါ​ရှိ ဗေသလ​အဆောက်အအုံ​များ​တွင် ဗီဒီယို​ဖြင့်​ချိတ်ဆက်​ထား​သည်။ စုစုပေါင်း ၆,၀၄၉ ဦး​တက်ရောက်​ခဲ့​သည်။ ယေဟောဝါသက်သေ​များ​၏ အုပ်ချုပ်ရေးအဖွဲ့ဝင် သီအိုဒေါရ် ဂျဲရက်စ်​က သဘာပတိ​အဖြစ် ဆောင်ရွက်​ပြီး ပုံနှိပ်​လုပ်ငန်း​၏​သမိုင်း​ကို အကျဉ်းချုပ် ပြန်လည်​သုံးသပ်​သည်။ ဌာနခွဲ​ကော်မတီဝင်​ဖြစ်သူ ဂျွန် လာ​စ​န်​နှင့် ဂျွန် ကီး​ကော့တ်​တို့​က လူတွေ့မေးမြန်းခန်း​နှင့် ဗီဒီယို​တင်ဆက်မှု​များ​ဖြင့် အမေရိကန်​ပြည်ထောင်စု​ရှိ ဆောက်လုပ်ရေး​စီမံကိန်း​နှင့် ပုံနှိပ်​လုပ်ငန်းများ​၏​သမိုင်း​ကို ပြန်​သုံးသပ်​သည်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ဂျွန် ဘားရ်​က နိဂုံး​ချုပ်​ဟောပြောချက်​ပေး​ပြီး ပုံနှိပ်​စက်ရုံ​အသစ်​နှင့် လူနေ​အဆောက်အအုံ​သုံးခု​ကို ယေဟောဝါ​အား​အပ်နှံ​ခဲ့​သည်။

နောက်​တစ်ပတ်​အတွင်း​တွင် ပက်​တာ​စင်​နှင့်​ဘ​ရွတ်​က​လင်​မှ ဗေသလ​အိမ်သား​များသည် အဆောက်အအုံ​အသစ်​ကို လည်ပတ်​ကြည့်ရှု​ခွင့်​ရခဲ့​ကြသည်။ စုစုပေါင်း ၅,၉၂၀ ဦး ဖြစ်သည်။

ပုံနှိပ်​စက်​အပေါ် ကျွန်ုပ်​တို့၏​အမြင်

အပ်နှံ​ပွဲ​ဟောပြောချက်​တွင် ညီအစ်ကို ဂျွန် ဘားရ်​က စက်​များသည် အထင်ကြီး​ဖွယ်​ကောင်း​လှသော်လည်း ယင်း​တို့သည် အဓိက​မဟုတ်ဘဲ လူများ​သာ​အဓိက​ဖြစ်​ကြောင်း ပရိသတ်​ကို သတိပေး​နှိုးဆော်​ခဲ့​သည်။ ကျွန်ုပ်​တို့​ပုံနှိပ်​လိုက်​သော စာပေ​စာတမ်း​များသည် လူတို့၏​အသက်တာအပေါ် များစွာ​အကျိုး​သက်ရောက်မှု​ရှိသည်။

ပုံနှိပ်​စက်​အသစ်များ​သည် တစ်​နာရီ​လျှင် ဝေစာ​တစ်သန်း​ပုံနှိပ်​နိုင်​သည်။ သို့သော် ဝေစာ​လေး​တစ်စောင်​သည် လူတစ်ဦး​၏​အသက်တာအပေါ် အလွန်​အကျိုး​သက်ရောက်​သည်။ ဥပမာ၊ ၁၉၂၁ ခုနှစ်​က တောင်​အာဖရိက​ရှိ သံ​လမ်း​ထိန်းသိမ်းရေး​အဖွဲ့​တစ်ဖွဲ့​သည် သံ​လမ်းတစ်လျှောက် အလုပ်လုပ်​နေကြ​သည်။ ထို​အဖွဲ့​ထဲ​မှ ခရစ္စတီးယန်း​အမည်​ရှိသော လူတစ်ဦး​သည် သံ​လမ်း​အောက်တွင်​ညှပ်​နေသည့် စာရွက်​တစ်​ရွက်​ကို သတိထား​မိ​လိုက်​သည်။ ယင်း​မှာ ကျွန်ုပ်​တို့၏​ဝေစာ​ဖြစ်နေ​သည်။ ခရစ္စတီးယန်း​သည် ထို​ဝေစာ​ကို စိတ်ဝင်တစား​ဖတ်ရှု​သည်။ ထို့နောက် သားမက်​ထံ သုတ်​ခြေ​တင်​ပြေး​သွားပြီး “ဒီနေ့ ငါ​အမှန်တရား​တွေ့​ပြီ” ဟု​အားတက်သရော ပြောပြ​လိုက်​သည်။ များ​မကြာမီ သူတို့သည် ပိုမို​သိ​လို​သဖြင့် စာရေး​ဆက်သွယ်​ရာ တောင်​အာဖရိက​ဌာနခွဲရုံး​က သမ္မာကျမ်းစာ,စာပေ​များ ထပ်​ပို့ပေး​လိုက်​သည်။ ထို​သူ​နှစ်ယောက်​တို့သည် လေ့လာ​ပြီး နှစ်ခြင်း​ခံ​ကာ အခြား​သူများကို သမ္မာကျမ်းစာ​အမှန်တရား ဝေမျှ​ခဲ့​ကြသည်။ ရလဒ်​အနေ​နှင့် လူများစွာ အမှန်တရားကို လက်ခံခဲ့သည်။ ၁၉၉၀ ပြည့်လွန်​နှစ်များ​အစောပိုင်း​မှ​စ၍ သူတို့၏​သားမြေး​တစ်​ရာ​ကျော်​မှာ ယေဟောဝါသက်သေ​များ​ဖြစ်နေ​ကြပြီ။ ယင်း​တို့အားလုံး​မှာ လူတစ်ဦး​တွေ့ရှိ​ခဲ့​သော သံ​လမ်းပေါ်​မှ​ဝေစာ​တစ်စောင်​ကြောင့်​ဖြစ်သည်။

ကျွန်ုပ်​တို့​ပုံနှိပ်​လိုက်​သော စာပေ​စာတမ်း​များသည် လူများ​ကို အမှန်တရား​သိရှိ​စေပြီး ယင်း​တွင် ဆက်​တည်မြဲ​နေ​စေသည့်​အပြင် ပို​၍​ဇွဲ​ထက်သန်​စေ​ကာ ညီအစ်ကို​အသင်းအပင်း​ကို စည်းလုံးစေ​သည်​ဟု ညီအစ်ကို ဘားရ်​က ပြော​သည်။ ယင်း​တို့​ထက် ကျွန်ုပ်​တို့အားလုံး​ဝေငှ​နေသော စာပေ​စာတမ်း​များသည် ယေဟောဝါ​ဘုရားသခင်​၏ ဘုန်းတော်​ကို ထင်ရှားစေ​သည်။

ပုံနှိပ်​စက်​အပေါ် ယေဟောဝါ​၏​အမြင်

ညီအစ်ကို ဘားရ်​က ပုံနှိပ်​စက်​ကို ယေဟောဝါ​မည်သို့​ရှုမြင်​ကြောင်း​လည်း ပရိသတ်​အား သုံးသပ်​စေ​သည်။ ကိုယ်တော်​သည် ထို​စက်​များ​ကို လုံးဝ​မှီခို​ရသည်​တော့​မဟုတ်ပါ။ ကျောက်ခဲ​များ​ကို​ပင် သတင်းကောင်း​ဟော​စေနိုင်​သည်။ (လုကာ ၁၉:၄၀) ထို့​ပြင် စက်​များ​၏ ရှုပ်ထွေးမှု၊ အရွယ်အစား၊ အမြန်​နှုန်း၊ လုပ်ဆောင်​နိုင်စွမ်း​တို့ကို ယေဟောဝါ​အထင်မကြီး​ပါ။ အကြောင်း​မှာ ကိုယ်တော်​သည် စကြဝဠာကြီး​ကို​ပင် ဖန်ဆင်း​ခဲ့​၍​ဖြစ်သည်။ (ဆာလံ ၁၄၇:၁၀၊ ၁၁) စာပေ​စာတမ်း​များ​ထုတ်ဝေ​ရန် ပို​၍​အဆင့်မြင့်​သော​နည်းလမ်းများ​ကို ယေဟောဝါ သိတော်မူ​သည်။ လူ​တို့ မတီထွင် မ​ကြံဆ​ရ​သေး​သော​နည်းလမ်းများ၊ လူ​တို့ စိတ်​ပင်မ​ကူး​မိ​သော​နည်းလမ်းများ​ကို ကိုယ်တော် သိတော်မူ​သည်။ သို့​ဆိုလျှင် ယေဟောဝါ အမှန်​တန်ဖိုး​ထားသော အဘယ်အရာ​များ​ကို မြင်တော်မူ​သနည်း။ ကိုယ်တော့်​လူမျိုးတော်​၏ တန်ဖိုး​ရှိ​အရည်အသွေးများ​ဖြစ်သည့် မေတ္တာ၊ ယုံကြည်မှု​နှင့် နာခံမှု​တို့ကို ဤ​ပုံနှိပ်​စက်​တွင် ကိုယ်တော် အမှန်​တွေ့မြင်​တော်​မူ​သည်။

ညီအစ်ကို ဘားရ်​သည် မေတ္တာ​၏​ကဏ္ဍ​ကို ဤသို့​ဥပမာ​ပေး ဖော်ပြ​ခဲ့​သည်။ မိန်းကလေး​တစ်ဦး​သည် သူ့​မိဘများ​အတွက် ကိတ်မုန့်​ဖုတ်​ပေး​ရာ မိဘများ ကြည်နူး​ကြ​ပေမည်။ ကိတ်မုန့်​အရသာ​မည်သို့​ပင်​ရှိပါစေ မိဘများ အမှန်​တန်ဖိုး​ထား​သည်​မှာ ကလေး​၏​ရက်ရော​သော​အပြုအမူက ဖော်ပြ​နေသည့် မေတ္တာ​ပင်​ဖြစ်သည်။ ထို​နည်းတူ ယေဟောဝါ​သည် ပုံနှိပ်​စက်​သစ်​ကို​ကြည့်ရှု​သောအခါ အဆောက်အအုံ​နှင့် စက်ယန္တရား​ထက် ကျော်​၍​မြင်တော်မူ​သည်။ ယင်းကို မိမိ၏​နာမတော်​ကို​ထောက်၍ ပြ​သော​မေတ္တာ​အဖြစ် ကိုယ်တော် ရှုမြင်တော်မူ​သည်။—ဟေဗြဲ ၆:၁၀

ထို့​ပြင် ယေဟောဝါ​သည် နောဧ​ဆောက်​ခဲ့​သော​သင်္ဘော​ကို သူ၏​ယုံကြည်ခြင်း​တင်ပြမှု​အဖြစ် ရှုမြင်​သကဲ့သို့ ဤ​ပုံနှိပ်​စက်ရုံ​ကိုလည်း ကျွန်ုပ်​တို့​ယုံကြည်ခြင်း​၏ ထင်ရှားသော​သက်သေ​အဖြစ် ကိုယ်တော်​ရှုမြင်တော်မူ​သည်။ အဘယ်အရာကို ယုံကြည်ခြင်း​နည်း။ ယေဟောဝါ​ကြို​ဟောထား​ရာ​များ အမှန်တကယ်​ဖြစ်ပျက်​လာ​မည်​ကို နောဧ​ယုံကြည်ခဲ့​သည်။ ကျွန်ုပ်​တို့သည် နောက်ဆုံး​ကာလ​တွင် အသက်ရှင်နေ​ကြောင်း၊ သတင်းကောင်းသည် ကမ္ဘာ​ပေါ်​တွင်​ကြေညာ​နေသော အရေးကြီးဆုံး​သတင်း​ဖြစ်​ကြောင်း၊ ယင်းကို လူများ​ကြား​ရန် အရေးတကြီး​လိုအပ်​နေကြောင်း ကျွန်ုပ်​တို့ ယုံကြည်​ကြသည်။ သမ္မာကျမ်းစာ​သတင်း​စကား​သည် လူ့​အသက်ကို ကယ်တင်​နိုင်​ကြောင်း ကျွန်ုပ်​တို့​သိ​ကြသည်။—ရောမ ၁၀:၁၃၊ ၁၄

ဤ​ပုံနှိပ်​စက်​တွင် ကျွန်ုပ်​တို့၏ နာခံမှု​တင်ပြခြင်း​ကိုလည်း ယေဟောဝါ​တွေ့မြင်​သည်​မှာ ယုံမှားဖွယ်​မရှိ​ချေ။ ကျွန်ုပ်​တို့​သိ​ကြ​သည့်​အတိုင်း အဆုံး​မရောက်မီ သတင်းကောင်းကို ကမ္ဘာ​တစ်ဝန်း​ကြေညာ​ရန် ကိုယ်တော် အလို​ရှိသည်။ (မဿဲ ၂၄:၁၄) ယင်း​တာဝန်​ကျေပွန်​ရေး​တွင် ဤ​ပုံနှိပ်​စက်​နှင့် ကမ္ဘာ့​အခြား​ဒေသ​များ​ရှိ စက်​များသည် တစ်ခန်း​တစ်​ကဏ္ဍ​မှ ပါဝင်​နေကြ​သည်။

ငွေကြေး​လှူဒါန်းခြင်း၊ ဆောက်လုပ်​ခြင်း​နှင့် ထို​လုပ်ငန်းများ​ကို လုပ်ကိုင်​ဆောင်ရွက်ခြင်း​တို့​တွင် ထင်ဟပ်​နေသည့် မေတ္တာ၊ ယုံကြည်မှု​နှင့် နာခံမှု​တို့သည် နားထောင်​လို​သူများကို အမှန်တရား​ဆက်​ကြေညာ​နေ​မည့် နေရာ​ဒေသ​တိုင်း​ရှိ ယေဟောဝါ​လူမျိုးတော်​၏ ဇွဲရှိ​ရှိ​လုပ်ဆောင်မှုကို​လည်း ဖော်ကျူး​နေ​ပေ​သည်။

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်/ ရုပ်ပုံများ]

အမေရိကန်​ပြည်ထောင်စု​တွင် ပုံနှိပ်​လုပ်ငန်း​တိုးချဲ့​ခြင်း

၁၉၂၀– အမှတ် ၃၅၊ မာ​တဲ​လ်​ရိပ်သာ​လမ်း၊ ဘ​ရွတ်​က​လင်​မြို့၌ မဂ္ဂဇင်း​များ​ကို ပထမ​ဆုံး​ပတ်လည်​ပုံနှိပ်​စက်​ဖြင့် ပုံနှိပ်​ခဲ့​သည်။

၁၉၂၂– ပုံနှိပ်​စက်ရုံ​ကို အမှတ်​၁၈၊ ကန်​ကော့ဒ်​လမ်း​ရှိ ခြောက်​ထပ်​အဆောက်အအုံ​သို့ ပြောင်းရွှေ့​ခဲ့​သည်။ ယခု​တိုင် စာအုပ်​များ​ကို ပုံနှိပ်​နေဆဲ​ဖြစ်သည်။

၁၉၂၇– ပုံနှိပ်​စက်ရုံ​ကို အမှတ် ၁၁၇၊ အာဒံ​လမ်း၌ ဆောက်လုပ်​သော အဆောက်အအုံ​သစ်​သို့ ပြောင်းရွှေ့​ခဲ့​သည်။

၁၉၄၉– တိုးချဲ့​လိုက်​သော ကိုး​ထပ်​အဆောက်အအုံ​ကြောင့် ပုံနှိပ်​စက်ရုံ​အရွယ်အစား​မှာ နှစ်ဆ​ဖြစ်လာ​သည်။

၁၉၅၆– အမှတ် ၇၇၊ စဲန်း​လမ်း၌ အဆောက်အအုံ​အသစ် ဆောက်​လိုက်​သောအခါ အာဒံ​လမ်း​ရှိ ပုံနှိပ်​စက်ရုံ​အရွယ်အစား​မှာ ထပ်၍​နှစ်ဆ​ဖြစ်လာ​သည်။

၁၉၆၇– ဆယ်​ထပ်​အဆောက်အအုံ​ကို တည်ဆောက်​လိုက်ပြီး ယင်းသည် မူလ​အဆောက်အအုံ​ထက် ဆယ်​ဆ​ကြီးသော တစ်ခု​နှင့်​တစ်ခု​ဆက်သွယ်​ထား​သည့် ပုံနှိပ်​စက်ရုံ​ဖြစ်သည်။

၁၉၇၃– မဂ္ဂဇင်း​ကို​အဓိက​ပုံနှိပ်​ရန် ဝေါလ်ကီး​လ်​၌ အရန်​ပုံနှိပ်​စက်ရုံ​ဆောက်လုပ်​ခဲ့​သည်။

၂၀၀၄– ပုံနှိပ်ခြင်း၊ စာအုပ်​ချုပ်​ခြင်း​နှင့် ထုပ်​ပို့​ခြင်း​လုပ်ငန်းများ​အားလုံး​ကို​အမေရိကန်​ပြည်ထောင်စု၊ ဝေါလ်ကီး​လ်​တွင် စုစည်း​ခဲ့​သည်။