မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရာဇဝင်ချုပ်ဒုတိယစောင်မှ ပေါ်လွင်ချက်များ

ရာဇဝင်ချုပ်ဒုတိယစောင်မှ ပေါ်လွင်ချက်များ

ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​သည် အသက်ရှင်​၏

ရာဇဝင်ချုပ်ဒုတိယစောင်​မှ ပေါ်လွင်​ချက်​များ

ရာဇဝင်ချုပ်ဒုတိယစောင်​သည် ဣသရေလ​နိုင်ငံ​ကို ဘုရင်​ရှောလမုန် အုပ်စိုးခြင်း​အကြောင်း​ဖြင့် အစပြု​ထား​သည်။ ဤ​စာစောင်​သည် ဗာဗုလုန်​ရှိ ပြည်နှင်ခံ​ဂျူး​များ​ကို​ပြော​သော ပါးရှား​ဘုရင်​ကုရု​၏ အောက်ပါ​စကား​များ​ဖြင့် နိဂုံး​ချုပ်​ထား​သည်– ‘ယုဒပြည်၊ ယေရုရှလင်​မြို့၌ အိမ်တော်ကို ငါ​တည်ဆောက်​ရမည်​အကြောင်း [ယေဟောဝါ] မှာ​ထား​တော်​မူ​ပြီ။ သင်တို့တွင် မိမိ​ဘုရားသခင်​၏​လူ မည်သူ​မဆို ထို​သူနှင့်​အတူ မိမိ​ဘုရားသခင်​ရှိ​တော်​မူ​ပါစေ​သော။ ယုဒပြည် ယေရုရှလင်​မြို့​သို့​တက်​သွား​စေ။’ (၂ ရာဇဝင်ချုပ် ၃၆:၂၃သမ္မာ) ဤ​ကျမ်း​ကို ယဇ်ပုရောဟိတ်​ဧဇရ​က ဘီ.စီ.အီး. ၄၆၀ တွင် ရေးသား​ပြီးစီး​ခဲ့​ကာ ယင်း​တွင် ဘီ.စီ.အီး. ၁၀၃၇ မှ ဘီ.စီ.အီး. ၅၃၇ ခုနှစ်​အတွင်း ဖြစ်ပျက်​ခဲ့​ရာ​များ​ကို ဖော်ပြ​ထား​သည်။

ကုရုမင်း​သည် ဂျူး​များ​ကို ယေရုရှလင်​မြို့​သို့​ပြန်ခွင့်​နှင့် ထို​တွင် ယေဟောဝါ​၏​ဝတ်ပြုရေး ပြန်လည်​တည်ထောင်​ခွင့် ပေး​ခဲ့​သည်။ သို့သော် နှစ်ပေါင်း​များစွာ ဗာဗုလုန်​သုံ့ပန်း​ဖြစ်​ခဲ့​ခြင်း​က သူတို့ကို အကြီးအကျယ် ထိခိုက်​နစ်နာ​စေ​သည်။ ပြည်တော်ပြန်​များသည် သူတို့​နိုင်ငံ​၏​သမိုင်းကြောင်း​ကို မသိတော့​ချေ။ ရာဇဝင်ချုပ်ဒုတိယစောင်​သည် ဒါဝိဒ်​မင်းမျိုး​မှ ဆင်းသက်လာ​သော​ဘုရင်​များ​၏ အုပ်ချုပ်မှု​အောက်​ရှိ အဖြစ်အပျက်​များ​ကို အကျဉ်းချုပ် ရုပ်လုံးဖော်​ထား​သည်။ စစ်မှန်သော​ဘုရားသခင်​ကို နာခံခြင်း​၏​ကောင်းချီး​များနှင့် မနာခံခြင်း​၏​ဆိုးကျိုး​များ​ကို ပေါ်လွင်​စေသော​ကြောင့် ထို​ဇာတ်ကြောင်း​ကို ကျွန်ုပ်​တို့​လည်း စိတ်ဝင်စား​သင့်​သည်။

ဘုရင်​တစ်ပါး ယေဟောဝါ​အိမ်တော် တည်ဆောက်

(၂ ရာဇဝင်ချုပ် ၁:၁-၉:၃၁)

ယေဟောဝါ​သည် ဘုရင်​ရှောလမုန် စိတ်အား​ထက်သန်​စွာ တောင်းလျှောက်​သော ဉာဏ်ပညာ​နှင့် အသိပညာ​အပြင် ချမ်းသာ​ကြွယ်ဝမှု၊ ဂုဏ်​အသရေ​ကိုလည်း ပေး​တော်​မူ​ခဲ့​သည်။ ဘုရင်​သည် ယေရုရှလင်​မြို့တွင် ယေဟောဝါ​အတွက် ခမ်းနား​ထည်ဝါ​လှ​သော​အိမ်တော် ဆောက်လုပ်​၍ လူများ “ဝမ်းမြောက်​ရွှင်လန်း” ကြသည်။ (၂ ရာဇဝင်ချုပ် ၇:၁၀) ရှောလမုန်​သည် “မြေကြီး​ပေါ်မှာ​ရှိသမျှ​သော ရှင်ဘုရင်​တို့​ထက် ပညာ​နှင့်​စည်းစိမ်​အားဖြင့်​လွန်ကဲ​၏။”—၂ ရာဇဝင်ချုပ် ၉:၂၂

ရှောလမုန်​သည် ဣသရေလ​နိုင်ငံ​ကို အနှစ် ၄၀ စိုးစံ​ပြီး​နောက် ‘ဘိုးဘေး​တို့​နှင့်​အိပ်ပျော်​၍ သားတော်​ရောဗောင်​သည် ခမည်းတော်​အရာ​၌​နန်းထိုင်​၏။’ (၂ ရာဇဝင်ချုပ် ၉:၃၁) စစ်မှန်သော​ဝတ်ပြုရေး​မှ ရှောလမုန် သွေဖည်​သွားခြင်း​ကို ဧဇရ​မဖော်​ပြ​ခဲ့​ပါ။ အီဂျစ်​ပြည်​မှ​မြင်းများ​ကို ပညာ​မဲ့​စွာ​သိမ်းယူ​ခြင်း​နှင့် ဖာရော​ဘုရင်​၏​သမီးတော်​အား ထိမ်းမြားခြင်း​တို့ကို​သာ အပြစ်တင် ဖော်ပြ​ထား​သည်။ ထို့​ကြောင့် ဧဇရ​သည် ဤ​မှတ်တမ်း​ကို အပြုသဘော​ဘက်​မှ ဖော်ပြ​ထား​သည်။

ကျမ်းစာ​မေးခွန်းများ အဖြေ

၂:၁၄—ဤ​တွင်​ဖော်ပြ​ထားသော လက်မှုပညာ​ရှင်​၏​မျိုးရိုး​သည် ၃ ဓမ္မ​ရာဇဝင် ၇:၁၄ တွင်​ဖော်ပြ​ထား​ရာ​နှင့် အဘ​ယ့်​ကြောင့်​မတူညီ​သနည်း။ လက်မှုပညာ​ရှင်​၏​မိခင်​သည် ဒန်​အမျိုး​ဖြစ်သည်။ သို့သော်​နဿလိ​အမျိုးသား​တစ်ဦး​ကို ထိမ်းမြား​ခဲ့​သောကြောင့် ဓမ္မရာဇဝင်တတိယစောင်​တွင် သူ့ကို “နဿလိ​အမျိုး မုဆိုးမ” ဟု​ခေါ်ထား​သည်။ ခင်ပွန်း​သေဆုံး​ပြီး​နောက် တုရု​အမျိုးသား​တစ်ဦး​ကို ထိမ်းမြား​ခဲ့​ရာ အဆိုပါ​လက်မှုပညာ​ရှင်​မှာ ထို​သူတို့၏​သား​ဖြစ်သည်။

၂:၁၈; ၈:၁၀—ဤ​အခန်းငယ်​များ​တွင် အမှုကို​ကြည့်ရှု​စီရင်​သော​သူနှင့် အမှုတော်ထမ်း​များ​ကို​အုပ်​သော မှူးမတ်​ကြီး အဖြစ်​ဆောင်ရွက်​သည့် အမှုထမ်းများ​၏​အရေအတွက်​မှာ ၃,၆၀၀ နှင့် ၂၅၀ ဟု​ဖော်ပြ​ပြီး ၃ ဓမ္မ​ရာဇဝင် ၅:၁၆; ၉:၁၃ အရ သူတို့၏​အရေအတွက်​မှာ ၃,၃၀၀ နှင့် ၅၅၀ ဖြစ်သည်။ အဘ​ယ့်​ကြောင့် အရေအတွက်​ကွာခြား​ရသနည်း။ အမှုထမ်းများ​၏ ရာထူး​အဆင့် မတူ​သောကြောင့် ကွာခြား​ပုံ​ရသည်။ ဖြစ်​နိုင်​သည်​မှာ ရာဇဝင်ချုပ်ဒုတိယစောင်​သည် တစ်ပါး​အမျိုးသား​အမှုထမ်း ၃,၆၀၀၊ ဣသရေလ​အမှုထမ်း ၂၅၀ ဟု​ခွဲခြား​ခဲ့​ပြီး ဓမ္မရာဇဝင်တတိယစောင်​မူ အမှုကို​ကြည့်ရှု​စီရင်​သော​သူ ၃,၃၀၀၊ ရာထူး​ပို​ကြီးသော​မှူးမတ်​ကြီး ၅၅၀ ဟု​ခွဲခြား​ခဲ့​ခြင်း​ဖြစ်​ပေမည်။ မည်သို့​ပင်​ဆို​စေ အမှုတော်ထမ်း​များ​အဖြစ်​ထမ်းဆောင်သူ​တို့၏ စုစုပေါင်း​အရေအတွက်​မှာ ၃,၈၅၀ ယောက်​ဖြစ်သည်။

၄:၂-၄—ကြေးဝါ​ရေကန်​၏​အောက်ခြေ​ကို ဆောက်လုပ်​ရာ​တွင် အဘ​ယ့်​ကြောင့် နွား​ရုပ်​များ​ကို ထည့်သွင်း​အသုံးပြု​ရသနည်း။ သမ္မာကျမ်းစာ​တွင် နွား​သည် အစွမ်း​ခွန်အား​ကို ကိုယ်စား​ပြု​သည်။ (ယေဇကျေလ ၁:၁၀; ဗျာ. ၄:၆၊ ၇) တန် ၃၀ လေး​သော “ရေကန်” ကြီး​ကို ထောက်မ​ထား​ရန် ကြေး​နွား​ရုပ် ၁၂ ကောင်​ကို​ရွေးချယ်ခြင်း​မှာ သင့်တော်​လှ​သည်။ ဤ​ရည်ရွယ်ချက်​ဖြင့် နွား​ရုပ်​များ​ကို​ပြုလုပ်ခြင်း​သည် ဝတ်ပြု​ရန်​အတွက် အရာဝတ္ထု​များ​ပြုလုပ်ခြင်း​ကို တားမြစ်​သည့် ဒုတိယ​ပညတ်​ကို ချိုးဖောက်​ရာ​မကျ​ပေ။—ထွက်မြောက်ရာ ၂၀:၄၊ ၅

၄:၅—ကြေးဝါ​ရေကန်​သည် ရေ​မည်မျှ​ဆံ့​သနည်း။ ရေကန်​သည် ရေ​ဗတ်​သုံး​ထောင် သို့​မဟုတ် ရေ​ဂါလံ ၁၇,၄၀၀ ဆံ့​သည်။ သို့သော် ပုံမှန်​အနေ​နှင့် ရေကန်​၏ သုံးပုံနှစ်ပုံ​ကို​သာ ရေဖြည့်​သည်။ ထို့​ကြောင့် ဓမ္မရာဇဝင်တတိယစောင် ၇:၂၆ က “ရေ​ဗတ်​နှစ်ထောင်​ဝင်​၏” ဟု​ဖော်ပြ​ထား​သည်။

၅:၄၊ ၅၊ ၁၀—တဲ​တော်​မှ အဘယ်​ပစ္စည်း​ကို ရှောလမုန်​၏​ဝတ်ပြုရာ​အိမ်တော်တွင် ပြန်​အသုံးပြု​သနည်း။ ဝတ်ပြုရာ​တဲ​တော်​မှ ပဋိညာဉ်သေတ္တာ​တစ်ခု​တည်း​ကို​သာ ရှောလမုန်​၏​ဝတ်ပြုရာ​အိမ်တော်တွင် ထား​ရှိသည်။ ဝတ်ပြုရာ​အိမ်တော်​တည်ဆောက်​ပြီး​နောက်ပိုင်း တဲ​တော်​ကို ဂိဗောင်​မြို့မှ​ယေရုရှလင်​မြို့​သို့ သယ်ဆောင်​သွားပြီး ထို​တွင် ထား​ရှိ​ပုံ​ရသည်။—၂ ရာဇဝင်ချုပ် ၁:၃၊ ၄

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၁:၁၁၊ ၁၂ယေဟောဝါ​ထံ ရှောလမုန်​၏​တောင်းလျှောက်​မှု​က ဉာဏ်ပညာ​နှင့်​အသိပညာကို သူ​အလွန်​ရယူလို​ကြောင်း ဖော်ပြ​သည်။ ကျွန်ုပ်​တို့၏ ဆုတောင်းချက်​များသည် ကျွန်ုပ်​တို့၏​နှလုံး​ထဲ​ရှိရာ​ကို အမှန်တကယ်​ဖော်ပြ​သည်။ ထို့​ကြောင့် ဆုတောင်းချက်​တွင် ပါဝင်​ရာ​များ​ကို အသေအချာ​ဆန်းစစ်ခြင်း​က ပညာရှိရာ​ရောက်​သည်။

၆:၄-၆ယေဟောဝါ​၏​ချစ်ခင်​ကြင်နာ​မှု​နှင့် ကောင်းမြတ်​မှု​ကို အလွန်​တန်ဖိုး​ထား​လေးမြတ်ခြင်းက ကိုယ်တော့်​ကို ချစ်​မြတ်နိုးမှု၊ ကျေးဇူး​တင်​လေးမြတ်မှု​တို့​ဖြင့် ချီးမွမ်း​ရန် ကျွန်ုပ်​တို့ကို လှုံ့ဆော်ပေး​သင့်​သည်။

၆:၁၈-၂၁မည်သည့်​အဆောက်အအုံ​က​မျှ ဘုရားသခင်​ကို မဆံ့​မခံနိုင်​သော်လည်း ဝတ်ပြုရာ​အိမ်တော်​သည် ယေဟောဝါ​အား​ဝတ်ပြုရေး​၏​ဗဟို​ဖြစ်သည်။ ယနေ့ ယေဟောဝါသက်သေ​များ​၏ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များသည် စစ်မှန်သော​ဝတ်ပြုရေး​၏​ဗဟို​ဖြစ်သည်။

၆:၁၉၊ ၂၂၊ ၃၂ယေဟောဝါ​သည် ဘုရင်​မှ​အစ တိုင်းပြည်​ရှိ အနိမ့်ကျဆုံး​သူ​အပါအဝင် တိုင်းတစ်ပါးသား​များ​၏ စိတ်ရင်းမှန်​ဖြင့်​တောင်းလျှောက်​သော ဆုတောင်းချက်​များ​ကို နားညောင်း​တော်​မူ​သည်။ *ဆာလံ ၆၅:၂

ဒါဝိဒ်​မျိုးရိုး​မှ မင်းဆက်​များ

(၂ ရာဇဝင်ချုပ် ၁၀:၁–၃၆:၂၁)

စည်းလုံး​သော​ဣသရေလ​နိုင်ငံ​သည် မြောက်ပိုင်း​ဆယ်နွယ်​နိုင်ငံ၊ ယုဒ​နှင့်​ဗင်ယာမိန်​အမျိုး​၏ တောင်ပိုင်း​နှစ်နွယ်​နိုင်ငံ​အဖြစ် နှစ်ခြမ်း​ကွဲ​သွား​သည်။ ဣသရေလ​နိုင်ငံတစ်ဝန်း​ရှိ ယဇ်ပုရောဟိတ်​များနှင့် လေဝိ​သားများ​သည် လူမျိုးရေး​စိတ်ဓာတ်​ထက် နိုင်ငံတော်​ပဋိညာဉ်​ကို ဆက်​တည်ကြည်​ကြ​ပြီး ရှောလမုန်​၏​သား​ရောဗောင်​ဘက် ရပ်တည်ခဲ့​ကြသည်။ ဝတ်ပြုရာ​အိမ်တော်​ဆောက်လုပ်​ပြီးစီး​ပြီး အနှစ် ၃၀ ကျော်​အတွင်း ယင်း​၏​ဘဏ္ဍာများ တိုက်ခိုက်​လုယက်​ခြင်း​ခံ​ခဲ့​ရသည်။

ရောဗောင်​နောက်ပိုင်း ဘုရင် ၁၉ ပါး​အနက် ၅ ပါး​မှာ​တည်ကြည်​ပြီး ၃ ပါး​မှာ အစပိုင်း​တွင်​တည်ကြည်​သော်လည်း နောက်ပိုင်းမတည်​ကြည်​တော့​ပေ။ တစ်ပါး​မှာ​မူ သူ၏​မှားယွင်းသော​လမ်းစဉ်​မှ ပြန်​လှည့်လာ​ခဲ့​သည်။ ကျန်​ဘုရင်​များ​မှာ ယေဟောဝါ​ရှေ့တော်၌ မကောင်းမှု​ပြု​ခဲ့​ကြသည်။ * ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ခဲ့​သော ဘုရင်​ငါးပါး​၏ လုပ်ဆောင်မှုများ​ကို အလေးပေး​ဖော်ပြ​ထား​သည်။ ဟေဇကိ​၏ ဝတ်ပြုရာ​အိမ်တော်​လုပ်ငန်းများ​ကို ပြန်လည်​သက်ဝင်​လှုပ်ရှား​လာ​စေခြင်း​နှင့် ပသခါပွဲ​အတွက် ယောရှိ​ပြင်ဆင်ခြင်း​တို့​က ယေရုရှလင်​တွင် ယေဟောဝါ​၏​ဝတ်ပြုရေးကို ပြန်လည်​တည်ထောင်​လို​သော​ဂျူး​များ​အတွက် အလွန်​အားပေးမှု​ဖြစ်​ခဲ့​ပေမည်။

ကျမ်းစာ​မေးခွန်းများ အဖြေ

၁၃:၅—“ဆား​နှင့်ယှဉ်သော​ပဋိညာဉ်” ဟူ​သည့် အသုံးအနှုန်း​က အဘယ်အရာကို​ဆိုလို​သနည်း။ ဆား​သည် မ​ပုပ်​မ​သိုး​အောင် ထိန်းသိမ်း​နိုင်​သည့်​ဂုဏ်သတ္တိ​ကြောင့် မ​ပြောင်း​မလဲ​တည်မြဲခြင်း​၏ အမှတ်လက္ခဏာ​ဖြစ်လာ​ခဲ့​သည်။ ထို့​ကြောင့် “ဆား​နှင့်ယှဉ်သော​ပဋိညာဉ်” သည် တည်မြဲသော​သဘောတူညီ​မှု​ကို ဆိုလို​သည်။

၁၄:၂-၅—ဘုရင်​အာသ​သည် “မြင့်သော​အရပ်” အားလုံး​ကို ဖယ်ရှား​ခဲ့​သလော။ ဖယ်ရှား​ခဲ့​ပုံ​မရပါ။ အာသ​သည် မှားယွင်းသော​ဝတ်ပြုရေး​နှင့် ဆက်နွှယ်​နေသည့် မြင့်သော​အရပ်​တို့ကို​သာ ဖယ်ရှား​ခဲ့​ပြီး ယေဟောဝါ​အား ဝတ်ပြု​သည့်​နေရာများ​ကို​မူ မဖယ်ရှား​ခဲ့​ပါ။ အာသ​စိုးစံချိန်​နှောင်းပိုင်းတွင် မြင့်သော​အရပ်​များ​ကို ထပ်၍ ဆောက်လုပ်​ခဲ့​ခြင်း​လည်း​ဖြစ်​နိုင်​သည်။ ယင်း​တို့ကို သူ၏​သားတော်​ယောရှဖတ်​က ဖယ်ရှား​ခဲ့​သည်။ အမှန်​မှာ ယောရှဖတ်​အုပ်စိုးချိန်​အတွင်း​၌​ပင် မြင့်သော​အရပ်​များသည် အကုန်အစင်​ပျောက်ကွယ်​မသွား​ခဲ့​ပါ။—၂ ရာဇဝင်ချုပ် ၁၇:၅၊ ၆; ၂၀:၃၁-၃၃

၁၅:၉; ၃၄:၆—ဣသရေလ​နိုင်ငံ နှစ်ခြမ်း​ကွဲ​သွားခြင်း​နှင့်​ပတ်သက်ပြီး ရှိမောင်​အမျိုး​၏​ရပ်တည်ချက်​ကား အဘယ်နည်း။ ရှိမောင်​အမျိုး​၏​အမွေမြေ​သည် ယုဒ​နယ်​အတွင်း​၌ ရှိသောကြောင့် ပထဝီ​အနေအထား​အရ ယုဒ​နှင့်​ဗင်ယာမိန်​နိုင်ငံ​အတွင်း​တွင် ရှိသည်။ (ယောရှု ၁၉:၁) သို့သော် ဘာသာရေး​နှင့်​နိုင်ငံရေး​အရ မြောက်ပိုင်း​နိုင်ငံ​နှင့် ပူးပေါင်း​ခဲ့​သည်။ (၃ ဓမ္မ​ရာဇဝင် ၁၁:၃၀-၃၃; ၁၂:၂၀-၂၄) ထို့​ကြောင့် ရှိမောင်​အမျိုး​ကို ဆယ်နွယ်​နိုင်ငံ​ဝင်​အဖြစ် ထည့်တွက်​ကြသည်။

၁၆:၁၃၊ ၁၄—ဘုရင်​အာသ​ကို မီး​ဖြင့် သင်္ဂြိုဟ်ခြင်း​လော။ မဟုတ်ပါ။ “အလွန်​ကြီးသော​မီးရှို့​ပွဲ” သည် ဘုရင်​အာသ​ကို မီး​သင်္ဂြိုဟ်ခြင်း​မဟုတ်ဘဲ နံ့သာပေါင်း​မီးရှို့ခြင်း​ဖြစ်သည်။—အောက်ခြေမှတ်ချက်။

၃၅:၃—ယောရှိ​သည် သန့်ရှင်းသော​သေတ္တာတော်​ကို အဘယ်​မှ​ရသနည်း။ ဆိုးသွမ်း​သော​ဘုရင်​တစ်ပါးပါး​က သေတ္တာတော်​ကို ပြောင်းရွှေ့​ခဲ့​ခြင်း​လော၊ သို့​မဟုတ် ယောရှိ​သည် ဝတ်ပြုရာ​အိမ်တော် အကြီးအကျယ်​ပြုပြင်​ချိန်​အတွင်း လုံခြုံ​စိတ်ချ​ရ​ရန် ယင်းကို တခြား​နေရာသို့ ပြောင်းရွှေ့​လိုက်ခြင်း​လော​ဟူသည်​ကို သမ္မာကျမ်းစာ​တွင် ဖော်ပြ​မထား​ပါ။ ရှောလမုန်​လက်ထက်​နောက်ပိုင်း သေတ္တာတော်​နှင့်​ပတ်သက်ပြီး သမ္မာကျမ်းစာ​ဖော်ပြ​သည့် တစ်ခု​တည်း​သော​သမိုင်း​မှတ်တမ်းမှာ ယင်းကို ဝတ်ပြုရာ​အိမ်တော်​သို့ ယောရှိ ယူဆောင်​လာ​ခြင်း​ပင်​ဖြစ်သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၁၃:၁၃-၁၈; ၁၄:၁၁၊ ၁၂; ၃၂:၉-၂၃ယေဟောဝါ​ကို မှီခို​အားထားခြင်း​နှင့်​ပတ်သက်​သည့် အလွန်​ကောင်းသော​သင်ခန်းစာ​ပါ​တကား။

၁၆:၁-၅၊ ၇; ၁၈:၁-၃၊ ၂၈-၃၂; ၂၁:၄-၆; ၂၂:၁၀-၁၂; ၂၈:၁၆-၂၂တိုင်းတစ်ပါးသား​များ သို့​မဟုတ် မယုံကြည်​သူများ​နှင့် မိတ်ဖွဲ့ခြင်း​သည် ကြေကွဲဖွယ်​ဆိုးကျိုး​များ​ကို ခံစားရ​စေ​သည်။ လောက​နှင့် မလိုအပ်ဘဲ မပတ်သက်​ခြင်း​က ပညာရှိရာ​ရောက်​သည်။—ယောဟန် ၁၇:၁၄၊ ၁၆; ယာကုပ် ၄:၄

၁၆:၇-၁၂; ၂၆:၁၆-၂၁; ၃၂:၂၅၊ ၂၆မာန​ထောင်လွှား​မှု​က ဘုရင်​အာသ​၏​ဘဝ​နှောင်းပိုင်းတွင် ဆိုးသွမ်း​စွာ​ပြုမူ​စေ​သည်။ မာန​ထောင်လွှား​သော​စိတ်​က ဩဇိ​မင်းကို ကျဆုံး​စေ​ခဲ့​သည်။ ဟေဇကိ​သည် မိမိ၏​ဘဏ္ဍာများ​ကို ဗာဗုလုန်​သံတမန်များ​အား ပညာ​မဲ့​စွာ​နှင့် မာန​ထောင်လွှား​စွာ ပြသ​ခဲ့​သည်။ (ဟေရှာယ ၃၉:၁-၇) “မာန​သည် ပျက်စီးခြင်း​အရင် ထောင်လွှား​သော​သဘော​သည် ရှုတ်ချခြင်း​အရင်​၌ နေရာကျ​တတ်၏” ဟု​သမ္မာကျမ်းစာ​က သတိပေး​သည်။—သု. ၁၆:၁၈

၁၆:၉ယေဟောဝါ​သည် မိမိ​ဘက်၌ စုံလင်သော​စေတနာ​စိတ်​ရှိသူ​များ​ကို ကူညီ​ပြီး သူတို့​အတွက် မိမိ၏​တန်ခိုးတော်​ကို အသုံးပြု​လို​တော်​မူ​သည်။

၁၈:၁၂၊ ၁၃၊ ၂၃၊ ၂၄၊ ၂၇ကျွန်ုပ်​တို့သည် ယေဟောဝါ​နှင့် ကိုယ်တော့်​ရည်ရွယ်တော်မူချက်​များ​အကြောင်း ပြောဆို​ရာ​တွင် မိက္ခာ​ကဲ့သို့ ရဲစွမ်းသတ္တိ​ရှိ​သင့်​သည်။

၁၉:၁-၃ယေဟောဝါ အမျက်ထွက်​အောင် ကျွန်ုပ်​တို့ တစ်ခါတစ်ရံ ပြုလုပ်​မိ​သောအခါ​များ​၌​ပင် ကိုယ်တော်​သည် ကျွန်ုပ်​တို့၏​ကောင်းကွက်​ကို ရှာ​တော်​မူ​သည်။

၂၀:၁-၂၈ယေဟောဝါ​ထံ​မှ လမ်းညွှန်မှု​ရ​ရန် ကိုယ်တော်​ကို နှိမ့်ချစွာ​ရှာ​သောအခါ ကိုယ်တော်​အတွေ့ခံ​လိမ့်​မည်​ကို ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​နိုင်​သည်။—သု. ၁၅:၂၉

၂၀:၁၇ယေဟောဝါ​၏ “ကယ်တင်​တော်​မူ​ခြင်း​ကျေးဇူး” ကို​တွေ့မြင်​နိုင်​ရန် ကျွန်ုပ်​တို့သည် ဘုရားသခင့်​နိုင်ငံတော်​ကို တက်ကြွ​စွာ​ထောက်ခံ​ရေး​တွင် “နေရာယူ [က​ဘ]” ရမည်။ ကိစ္စရပ်​များ​ကို ကျွန်ုပ်​တို့​ကိုယ်တိုင် ကိုင်တွယ်​ဖြေရှင်း​မည့်​အစား ယေဟောဝါ​ကို လုံးလုံးလျားလျား ယုံကြည်​ကိုးစား​လျက် “တည်ကြည်​စွာ​မတ်တတ်​နေ” ရမည်။

၂၄:၁၇-၁၉; ၂၅:၁၄ရုပ်ပုံ​ကိုးကွယ်​ခြင်း​သည် ယောရှ​နှင့်​အာမဇိ​အတွက် ကျော့ကွင်း​ဖြစ်​ခဲ့​သည်။ ယနေ့လည်း ရုပ်ပုံ​ကိုးကွယ်​ခြင်း​သည် လှည့်ဖြား​တတ်​ပြီး အထူးသဖြင့် ယင်း​၏ မသိသာ​သော​ပုံစံ​တစ်မျိုး​ဖြစ်သည့် လို​ဘ​ကြီးခြင်း၊ မျိုးချစ်​စိတ်ဓာတ်​တို့​နှင့် ပတ်သက်​လာ​လျှင်​ဖြစ်သည်။—ကောလောသဲ ၃:၅; ဗျာ. ၁၃:၄

၃၂:၆၊ ၇။ ကျွန်ုပ်​တို့​လည်း “ဘုရားသခင် ပြင်ဆင်​တော်​မူ​သော​လက်နက်စုံ​ကို ဝတ်ဆောင်” ၍ ဝိညာဉ်​ရေး​စစ်ပွဲ ဆက်လက်​ဆင်နွှဲ​နေစဉ် အားယူ၍​ရဲရင့်ခြင်း​ရှိ​ရမည်။—ဧဖက် ၆:၁၁-၁၈

၃၃:၂-၉၊ ၁၂၊ ၁၃၊ ၁၅၊ ၁၆လူတစ်ဦး​သည် မှားယွင်းသော​လမ်းစဉ်​ကို ကျောခိုင်း​စွန့်ခွာ​ခြင်း​နှင့် မှန်ရာကို​ပြုလုပ်​ရန် ကြိုးစား​တိုက်လှန်​ခြင်း​ဖြင့် စစ်မှန်သော​နောင်တ​ကို တင်ပြ​သည်။ လူတစ်ဦး​သည် ဘုရင် မနာရှေ​ကဲ့သို့ ဆိုးသွမ်း​ခဲ့​သူ​ပင်​ဖြစ်ပါစေ သူ၏​နောင်တ​စစ်​ပေါ်​မူတည်ပြီး ယေဟောဝါ​၏​သနား​ကြင်နာ​မှု​ကို ရနိုင်​သည်။

၃၄:၂-၃ကလေး​ဘဝ၏ ဆိုးရွား​သော မည်သည့်​အခြေအနေ​မျိုး​မဆို​သည် ဘုရားသခင်​ကို​သိရှိခြင်း​နှင့် ကိုယ်တော့်​အလိုတော်​ဆောင်ခြင်း​အတွက် အတားအဆီး​မဖြစ်​သင့်​ပေ။ ယောရှိ ကလေး​ဘဝက သူ့ကို​လွှမ်းမိုး​ခဲ့​သော အပြုသဘော​သြဇာ​မှာ အဘိုး​ဖြစ်သူ​မနာရှေ​၏ နောင်တ​တရား​ဖြစ်ပုံရ​သည်။ ယောရှိ​အား မည်သည့်​အပြုသဘော​သြဇာ လွှမ်းမိုး​ခဲ့​ပါစေ ယင်း​တို့သည် နောက်ဆုံး ရလဒ်ကောင်း​များ ဖြစ်ထွန်း​ခဲ့​သည်။ ကျွန်ုပ်​တို့​တွင်​လည်း ယင်း​သို့ ဖြစ်​နိုင်​ပါ​သည်။

၃၆:၁၅-၁၇ယေဟောဝါ​သည် သနား​ကြင်နာ​ပြီး စိတ်ရှည်​တော်​မူ​သည်။ သို့သော် ကိုယ်တော်​၏​သနား​ကြင်နာ​မှု​နှင့် စိတ်ရှည်မှု​တို့​မှာ အကန့်အသတ်မဲ့​မဟုတ်​ချေ။ ဤ​အစီအစဉ်​စနစ်ဆိုး​ကို ယေဟောဝါ အဆုံးတိုင်​စေသည့်​အခါ ကပ်ကျော်​လွတ်မြောက်​လို​ပါ​က ဘုရားသခင့်​နိုင်ငံတော်​သတင်းကို တလိုတလား​တုံ့ပြန်​ရမည်။

၃၆:၁၇၊ ၂၂၊ ၂၃ (သမ္မာ)။ ယေဟောဝါ​၏​နှုတ်ထွက်​စကားတော်​သည် အမြဲ​ပြည့်စုံ​မှန်ကန်​တော်​မူ​သည်။—၃ ဓမ္မ​ရာဇဝင် ၉:၇၊ ၈; ယေရမိ ၂၅:၉-၁၁

စာအုပ်​တစ်အုပ်​က လုပ်ဆောင်ရန် စေ့ဆော်​ပေး

‘ယောရှိ​မင်း​သည်လည်း ရွံရှာဖွယ်​သော​အရာရှိသမျှ​တို့ကို ဣသရေလ​အမျိုးသား​ပိုင်​သော ပြည်​အရပ်ရပ်​တို့​မှ​ပယ်ရှား​၍ ဣသရေလ​ပြည်​၌ နေသော​သူအပေါင်း​တို့သည် မိမိတို့​ဘုရားသခင်​ကို ဝတ်ပြု​ရမည်​အကြောင်း စီရင်တော်မူ​၏’ ဟု ရာဇဝင်ချုပ်ဒုတိယစောင် ၃၄:၃၃ က​ဖော်ပြ​သည်။ အဘယ်အရာက ယောရှိ​မင်း​အား ထိုသို့​လုပ်ဆောင်ရန် စေ့ဆော်​ပေး​သနည်း။ စာရေးတော်​ရှာဖန်​သည် အသစ်​ရှာဖွေ​တွေ့ရှိ​သော ယေဟောဝါ​၏​ပညတ်တော်​စာအုပ်​ကို ယောရှိ​မင်း​ထံ​ယူလာ​သောအခါ ဘုရင်​က ယင်းကို ကျယ်လောင်​စွာ​ဖတ်​စေ​သည်။ ကြား​ရသော​အရာ​က ယောရှိ​၏​စိတ်​ကို အလွန်​ထိမိ​ရာ သူ၏​ဘဝ​တစ်လျှောက်​လုံး စစ်မှန်သော​ဝတ်ပြုရေးကို ထက်သန်​စွာ မြှင့်တင်​ခဲ့​သည်။

ဘုရားသခင့်​စကားတော်​ကို ဖတ်ရှုခြင်း​နှင့် ဖတ်ရှု​ရာ​ကို တွေးတော​ဆင်ခြင်ခြင်း​က ကျွန်ုပ်​တို့​အပေါ် အလွန်​အကျိုး​သက်ရောက်​သည်။ ဒါဝိဒ်​မျိုးရိုး​မှ​ဘုရင်​များ​၏ မှတ်တမ်း​ကို တွေးတော​ဆင်ခြင်ခြင်း​က ယေဟောဝါ​အား ယုံကြည်​ကိုးစား​ခဲ့​သူများကို အတုယူ​စေ​ကာ မကိုးစား​ခဲ့​သူများ​၏ အကျင့်ကို​ရှောင်ရန် ကျွန်ုပ်​တို့အား တွန်းအား​ပေး​သည် မဟုတ်လော။ ရာဇဝင်ချုပ်ဒုတိယစောင်​သည် စစ်မှန်သော​ဘုရားသခင်​ကို အကြွင်းမဲ့​ဆည်းကပ်​ဝတ်ပြု​ရန်​နှင့် ကိုယ်တော်​ကို ဆက်​တည်ကြည်​ရန် ကျွန်ုပ်​တို့ကို လှုံ့ဆော်ပေး​သည်။ ယင်း​၏​သတင်း​စကား​မှာ အမှန်တကယ်​အသက်ရှင်ပြီး တန်ခိုး​နှင့်​ပြုပြင်​တတ်​သည်။—ဟေဗြဲ ၄:၁၂

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 9 ဝတ်ပြုရာ​အိမ်တော် အပ်နှံခြင်း​နှင့်​ပတ်သက်သော​မေးခွန်းများ၊ ဤ​အခါသမယ​တွင် ရှောလမုန်​၏​ဆုတောင်းချက်​မှ အခြား​သင်ခန်းစာများ​ကို ၂၀၀၅၊ ဇူလိုင် ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၈-၃၁ တွင်​ရှု။

^ အပိုဒ်၊ 11 ယုဒဘုရင်​များ​၏ ဆွေစဉ်မျိုးဆက်​စာရင်း​ကို ၂၀၀၅၊ ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၂ တွင်​ရှု။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ကြေးဝါ​ရေကန်​၏​အောက်ခြေ​တွင် နွား​ရုပ်​အသုံးပြု​ထားခြင်း​မှာ အဘ​ယ့်​ကြောင့် သင့်လျော်​ကြောင်း သင်​သိပါသလော

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံများ]

ယောရှိ​သည် ကလေး​ဘဝက​ကူညီ​ထောက်မမှု အနည်းငယ်​သာ​ရခဲ့​သော်လည်း ယေဟောဝါ​အပေါ် တည်ကြည်သူ​အဖြစ် ကြီးပြင်း​လာ​ခဲ့​သည်