မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အာမဂေဒုန်—ပျော်ရွှင်ဖွယ်ကောင်းသောအစ

အာမဂေဒုန်—ပျော်ရွှင်ဖွယ်ကောင်းသောအစ

အာမဂေဒုန်—ပျော်ရွှင်ဖွယ်​ကောင်းသော​အစ

အာမဂေဒုန်​ဟူသော​စကားလုံး​သည် “ဟာ​မဂေဒုန်” သို့​မဟုတ် “မေဂိဒ္ဒေါ​တောင်” ဟူသော ဟေဗြဲ​အသုံးအနှုန်း​မှ ဆင်းသက်လာ​ခြင်း​ဖြစ်သည်။ ယင်းကို ဗျာ. ၁၆:၁၅၊ ၁၆ [သ​မ] ၌ “ဟေဗြဲ​ဘာသာ​ဖြင့် ဟာ​မဂေဒုန်​ခေါ်​အရပ်သို့ စုရုံး​စေ​ကြသည်” ဟု​ဖော်ပြ​ထား​သည်။ အာမဂေဒုန်​၌ မည်သူ​တို့ စုရုံး​ကြ​ပြီး အဘယ်ကြောင့်​စုရုံး​ကြ​မည်​နည်း။ အထက်​အခန်းငယ်​များ​ဖြစ်သော ဗျာ. ၁၆:၁၃၊ ၁၄ [သ​မ] တွင် “တစ်လောက​လုံး​ရှိ ဘုရင်​မင်းတို့” သည် ‘အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင့် နေ့​တော်​ကြီး​စစ်ပွဲ​သို့’ စုရုံး​ကြ​၏​ဟု ဖတ်​ရသည်။ ထို​ဖော်ပြချက်များ​က အလွန်​စိတ်ဝင်စားဖွယ်​ကောင်းသော ထပ်ဆင့်​မေးခွန်းများကို ပေါ်ပေါက်​စေ​သည်။ အဘယ်​နေရာတွင် “ဘုရင်​မင်းတို့” တိုက်ခိုက်​ကြ​မည်​နည်း။ အဘယ်​အရေးကိစ္စ​အတွက်​နည်း၊ မည်သူ​တို့​နှင့် တိုက်ခိုက်​ကြ​မည်​နည်း။ လူအများ​ထင်မှတ်​သည့်​အတိုင်း သူတို့သည် အစုလိုက်​အပြုံလိုက်​ဖျက်ဆီး​နိုင်သော လက်နက်များ​ကို အသုံးပြု​ကြ​မည်​လော။ အာမဂေဒုန်​ကို ကပ်ကျော်​သူ​ရှိ​မည်​လော။ ကျမ်းစာ​က အဖြေပေး​ပါ​လေ​စေ။

“မေဂိဒ္ဒေါ​တောင်” ကို​ညွှန်း​ထား​ရာ အာမဂေဒုန်​သည် အရှေ့​အလယ်ပိုင်းဒေသ​ရှိ သတ်မှတ်​ထားသော​တောင်​တစ်လုံး​၌ တိုက်ခိုက်​မည်​ဟု ဆိုလိုခြင်း​လော။ မဟုတ်ပါ။ တစ်ချက်​အနေ​နှင့်၊ ထို​တောင်​သည် အမှန်​မတည်ရှိ​ပါ။ ရှေး​မေဂိဒ္ဒေါ မြို့​တည်နေရာ​သည် တောင်ကြား​လွင်ပြင်​နှင့်​ကပ်လျက်​ရှိသော ပေ ၇၀ ခန့်​မြင့်တက်​နေသည့် ကုန်း​တစ်ခုမျှသာ​ဖြစ်သည်။ ထို့​ပြင် မေဂိဒ္ဒေါ​မြို့​ဝန်းကျင်​ဧရိယာ​တွင် “မြေကြီး​ဘုရင်​မင်းတို့​နှင့် နောက်​ပါ​ဗိုလ်ခြေများ” အားလုံး တိုက်ပွဲ​ဆင်နွှဲ​နိုင်​သည်​အထိ မ​ကျယ်ဝန်း​ချေ။ (ဗျာ. ၁၉:၁၉သ​မ) သို့ရာတွင် အရှေ့​အလယ်ပိုင်းဒေသ သမိုင်း​တွင် အပြင်းထန်ဆုံး​နှင့် အပြီးသတ်​စစ်ပွဲ​များ တိုက်ခိုက်​ရာ​အရပ်​သည် မေဂိဒ္ဒေါ​အရပ်​ပင်​ဖြစ်၏။ ထို့​ကြောင့် အာမဂေဒုန်​ဟူသော​အမည်​သည် အောင်ပွဲခံ​သူ​တစ်ဦး​သာ​ရှိသည့် အပြီးသတ်​တိုက်ပွဲ​၏ အမှတ်​သင်္ကေတ​ဖြစ်သည်။—စာမျက်နှာ ၅ ရှိ “မေဂိဒ္ဒေါ—သင့်လျော်​သည့် အမှတ်​သင်္ကေတ” လေးထောင့်ကွက်​ကို​ရှု။

‘အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင့် နေ့​တော်​ကြီး​စစ်ပွဲ’ ၌ “တစ်လောက​လုံး​ရှိ ဘုရင်​မင်းတို့” သည် တပ်​ပေါင်းစု​တစ်စု​အဖြစ် စုရုံး​ကြ​ကြောင်း ဗျာ. ၁၆:၁၃၊ ၁၄ [သ​မ] က​ဖော်ပြ​ထား​ရာ အာမဂေဒုန်​သည် မြေကြီး​နိုင်ငံ​များ​ကြား တိုက်ခိုက်​သည့် တိုက်ပွဲ​မျှ​သာ​မဟုတ်ပါ။ ယေရမိ​၏ မှုတ်သွင်းခံ​ပရောဖက်ပြုချက်​တွင် ‘ထာဝရ​ဘုရားသခင် ကွပ်မျက်​တော်​မူ​ခြင်း​ကို ခံရ​သော​သူတို့သည် မြေကြီး​တစ်ဖက်​မှ​တစ်ဖက်​တိုင်အောင်’ နှံ့ပြား​ကြလိမ့်မည်​ဟု ဖော်ပြ​ထား​သည်။ (ယေရမိ ၂၅:၃၃) ထို့​ကြောင့် အာမဂေဒုန်​သည် အရှေ့​အလယ်ပိုင်းဒေသ​ရှိ နေရာတစ်ခု​တွင် သတ်မှတ်​ထား​သည့် လူ့​စစ်​မဟုတ်ပေ။ ယင်းသည် ယေဟောဝါ​၏​စစ်ပွဲ​ဖြစ်၍ ကမ္ဘာချီ​ဖြစ်​မည်။

သို့သော် ဗျာ. ၁၆:၁၅ ၌ အာမဂေဒုန်​ကို “အရပ်” တစ်ခု​အဖြစ် ခေါ်ဆို​ထား​သည်။ ကျမ်းစာ​၌ “အရပ်” ဟု​ဆို​ရာ​တွင် အခြေအနေ​တစ်ရပ်​ကို ရည်ညွှန်း​နိုင်​သည်။ ဤ​ကိစ္စ​တွင် ယေဟောဝါ​အား​ဆန့်ကျင်​ရန် ကမ္ဘာ​တစ်ခုလုံး​က စုရုံး​ကြ​မည့်​အခြေအနေ​ဖြစ်သည်။ (ဗျာ. ၁၂:၆၊ ၁၄) အာမဂေဒုန်​၌ မြေကြီးပေါ်​ရှိ တိုင်းနိုင်ငံ​အားလုံး​သည် စုပေါင်း​၍ “ဘုရင်​တို့၏​ဘုရင်၊ သခင်​တို့၏​သခင်” ယေရှု​ခရစ်​၏ စစ်​အာဏာ​အောက်​ရှိ “ကောင်းကင်​ဗိုလ်ခြေ​တို့” နှင့် တိုက်ခိုက်​မည်​ဖြစ်သည်။—ဗျာ. ၁၉:၁၄၊ ၁၆

အာမဂေဒုန်​ဟူသည် အစုလိုက်​အပြုံလိုက်​ဖျက်ဆီး​နိုင်သော လက်နက်များ​ပါဝင်​သည့် မီးလောင်​တိုက်​သွင်း​ခြင်း သို့​မဟုတ် ဂြိုဟ်​တစ်လုံး​နှင့် တိုက်မိခြင်း​ဖြစ်​မည်​ဟူ​သည့် အဆို​များနှင့်​ပတ်သက်​၍​ကော။ မေတ္တာရှင်​ဘုရားသခင်​သည် လူသားများ​နှင့် သူတို့​နေထိုင်ရာ​ကမ္ဘာ​ကို ထိုသို့​သော​ကြောက်မက်​ဖွယ်​နိဂုံး​မျိုး​ဖြစ်စေ​ရန် ခွင့်ပြု​ပါ​မည်​လော။ ခွင့်ပြု​မည်​မဟုတ်ပါ။ ကိုယ်တော်​က ကမ္ဘာ​ကို “အချည်းနှီး​ဖန်ဆင်း​သည်မဟုတ်၊ သတ္တဝါ​နေစရာ​ဖို့ ဖန်ဆင်း​တော်​မူ” သည်​ဟု အတိအလင်း​မိန့်ဆို​တော်​မူ​သည်။ (ဟေရှာယ ၄၅:၁၈; ဆာလံ ၉၆:၁၀) အာမဂေဒုန်​၌ ယေဟောဝါ​သည် ကျွန်ုပ်​တို့​ကမ္ဘာ​ကို ဟုန်းဟုန်းတောက်​လောင်​သော​မီး​ဖြင့် ဖျက်ဆီး​ပစ်​မည်​မဟုတ်ပါ။ ယင်းအစား ကိုယ်တော်​သည် “မြေကြီးကို​ဖျက်ဆီး​သော​သူတို့ကို ဖျက်ဆီး​တော်​မူ” မည်။—ဗျာ. ၁၁:၁၈

အာမဂေဒုန်—မည်သည့်​အချိန်တွင်​နည်း

ရာစုနှစ်များ​တစ်လျှောက် အတော​မ​သတ်​နိုင်​သည့် ထင်ကြေး​များ​ကို ဖြစ်ပေါ်​စေ​ခဲ့​သော အရေးတကြီး​မေးခွန်း​မှာ မည်သည့်​အချိန်တွင် အာမဂေဒုန်​လာ​မည်​နည်း​ဟူ၍​ဖြစ်သည်။ သမ္မာကျမ်းစာ​၏ အခြားအပိုင်း​များ​၌ ဖော်ပြ​ထား​ရာ​များ​ကို ထည့်သွင်း​စဉ်းစား​ကာ ဗျာ.ကျမ်းစာ​အုပ်​ကို​ဆန်းစစ်​ကြည့်​ခြင်း​က အရေးပါသည့်​တိုက်ပွဲ​၏​အချိန်ကို ပိုင်းဖြတ်​ရန် ကူညီပေး​နိုင်​သည်။ ဗျာ. ၁၆:၁၆ က အာမဂေဒုန်​ကို သူခိုး​ကဲ့သို့​ယေရှု​လာ​ခြင်း​နှင့် ချိတ်ဆက်​ထား​သည်။ ထို့​ပြင် ယေရှု​က ဤ​အစီအစဉ်​စနစ်​ကို တရား​စီရင်​ရန် မိမိ​ကြွလာ​မည်​ဟု ဖော်ပြ​ရာ​၌ ထို​ပုံဆောင်ချက်​ကို အသုံးပြု​ခဲ့​သည်။—မဿဲ ၂၄:၄၃၊ ၄၄; ၁ သက်သာလောနိတ် ၅:၂

ကျမ်းစာ​ပရောဖက်ပြုချက်​များ ပြည့်စုံချက်​က ဖော်ပြ​သည့်​အတိုင်း ၁၉၁၄ ခုနှစ်​ကတည်းက ကျွန်ုပ်​တို့သည် ဤ​အစီအစဉ်​စနစ်​၏ နောက်ဆုံးသော​နေ့ရက်​များ​တွင် အသက်​ရှင်​နေကြ​ရသည်။ * နောက်ဆုံးသော​နေ့ရက်​များ​၏ နိဂုံးပိုင်း​ကို မှတ်သား​ပြ​သည့်​အရာ​မှာ ယေရှု​ခေါ်ဆို​ခဲ့​သည့် ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ အချိန်ကာလ​ဖြစ်​မည်။ ကျမ်းစာ​က ထို​ကာလ​မည်မျှ​ကြာရှည်​မည်​ကို မဖော်ပြသော်လည်း ယင်းက​ဖြစ်စေ​မည့်​ဘေးများ​သည် ဤ​လောကတွင် ဖြစ်​ခဲ့​ဖူး​သမျှ​ထက် ပို​ဆိုးပေ​လိမ့်​မည်။ ထို​ကြီးစွာ​သော​ဆင်းရဲခြင်း​သည် အာမဂေဒုန်​၌ အထွတ်အထိပ်​ရောက်​လိမ့်​မည်။—မဿဲ ၂၄:၂၁၊ ၂၉

အာမဂေဒုန်​သည် ‘အတိုင်းအဆမဲ့ တန်ခိုးရှင်​ဘုရားသခင့် နေ့​တော်​ကြီး​စစ်ပွဲ’ ဖြစ်သော​ကြောင့် လူသား​တို့​က ယင်းကို ရက်​ရွှေ့ဆိုင်း​၍​မရပါ။ စစ်ပွဲ​စတင်​မည့် “ချိန်းချက်သော​အချိန်” ကို ယေဟောဝါ​သတ်မှတ်​ထား​သည်။ ယင်းသည် “နောက်​မကျ​ဘဲ ဧကန်​အမှန်​ရောက်​လိမ့်​မည်။”—ဟဗက္ကုတ် ၂:၃

ဖြောင့်မတ်​သော​ဘုရားသခင်​သည် တရားသော​စစ်​ကို​ဆင်နွှဲ

သို့သော် ဘုရားသခင်​သည် အဘယ်ကြောင့် ကမ္ဘာချီ​စစ်ပွဲ​ဆင်နွှဲ​ရသနည်း။ အာမဂေဒုန်​သည် ကိုယ်တော်​၏ အဓိက​ဂုဏ်ရည်တော်​တစ်ခု​ဖြစ်သော တရား​မျှတမှု​နှင့် အနီးကပ်​ဆက်စပ်​နေသည်။ ကျမ်းစာ​က ‘ထာဝရ​ဘုရားသခင်​သည် တရား​မျှတမှုကို နှစ်သက်​တော်​မူ​၏’ ဟု​ဆို​သည်။ (ဆာလံ ၃၇:၂၈) လူ့​သမိုင်း​တစ်လျှောက် ကျူးလွန်​ခဲ့​သည့် မတရားသော လုပ်ရပ်​မှန်သမျှကို ကိုယ်တော်​တွေ့မြင်​တော်​မူ​၏။ ယင်း​တို့​က ကိုယ်တော်​၏ ဖြောင့်မတ်​သော​အမျက်​ကို နှိုးဆော်​ရာ​ရောက်​သည်။ ထို့​ကြောင့် ဤ​ဆိုးညစ်သော​စနစ်​တစ်ခုလုံး​ကို ဖျက်ဆီး​ရာ​တွင် တရားသော​စစ်​ဆင်နွှဲ​ရန် သားတော်​အား ခန့်​ထား​တော်​မူ​သည်။

အမှန်တကယ်​တရား​မျှတ​ပြီး ဖျက်ဆီး​ခံထိုက်​သူများကို​သာ ဖျက်ဆီး​မည့်​စစ်ပွဲ​ကို ယေဟောဝါ​တစ်ပါး​တည်း​သာ ဆင်နွှဲ​နိုင်​သည်။ ထို​အတောအတွင်း နှလုံး​ရိုး​ဖြောင့်​သူများ​သည် ကမ္ဘာ​၏​မည်သည့်​နေရာတွင်​ရှိပါစေ ကာကွယ်​ခံရ​မည်။ (မဿဲ ၂၄:၄၀၊ ၄၁; ဗျာ. ၇:၉၊ ၁၀၊ ၁၃၊ ၁၄) ကမ္ဘာ​ကို ကိုယ်တော်​ဖန်ဆင်း​ထားသော​ကြောင့် ကိုယ်တော်​တစ်ပါး​တည်း​သာ ကမ္ဘာ​တစ်ခွင် ပိုင်သ​အုပ်စိုးခွင့်​ရှိသည်။—ဗျာ. ၄:၁၁

ရန်သူများ​ကို​တိုက်​ရန် အဘယ်​အဖျက်​စွမ်းအား​ကို ယေဟောဝါ​သုံး​မည်​နည်း။ ကျွန်ုပ်​တို့ လုံးဝ​မသိ​ပါ။ ဆိုးညစ်သော​လူမျိုးများ​ကို လုံးလုံး​ဖျက်ဆီး​ပစ်​ရန် လို​သလို​အသုံးပြုနိုင်​သည့် နည်းလမ်းများ ကိုယ်တော်၌​ရှိသည်​ကို​မူ ကျွန်ုပ်​တို့​သိထားကြသည်။ (ယောဘ ၃၈:၂၂၊ ၂၃; ဇေဖနိ ၁:၁၅-၁၈) သို့သော် ဘုရားသခင်​အား​ဝတ်ပြု​သည့် ကမ္ဘာ​မြေပေါ်​ရှိသူတို့​မူ ထို​တိုက်ပွဲ​တွင် ပါဝင်​မည်​မဟုတ်ပေ။ ယေရှု​ခရစ်​နှင့်အတူ ကောင်းကင်​တပ်မဟာ​သာ ပါဝင်​ဆင်နွှဲ​ကြ​မည့်​အကြောင်း ဗျာ.ကျမ်း​အခန်းကြီး ၁၉ ပါ​မြင်ကွင်းက ဖော်ပြ​သည်။ ကမ္ဘာ​ပေါ်​ရှိ ယေဟောဝါ​၏​ခရစ်ယာန်​ကျေးကျွန် တစ်ဦး​တစ်ယောက်မျှ ပါဝင်​မည်​မဟုတ်ပါ။—၂ ရာဇဝင်ချုပ် ၂၀:၁၅၊ ၁၇

ဉာဏ်ပညာ​ရှင်​ဘုရားသခင်​သည် သတိပေး​ချက်​များစွာ​ပေး

ဘေးဒုက္ခ​ကပ်ကျော်​သူများ​ကော အသို့နည်း။ အမှန်​မှာ အာမဂေဒုန်​၌ အဘယ်သူမျှ ပျက်စီး​စ​ရာ​မလိုပါ။ တမန်​တော်​ပေတရု​က ‘ထာဝရ​ဘုရားသခင်​သည် . . . အဘယ်သူမျှ​မပျက်စီး​ဘဲ၊ ရှိသမျှ​တို့သည် နောင်တ​ရစေ​ခြင်း​ငှာ အလိုတော်​ရှိ’ ၏​ဟု​ဆို​သည်။ (၂ ပေတရု ၃:၉) တမန်​တော်​ပေါလု​က​လည်း ‘လူအပေါင်း​တို့သည်​ကယ်တင်ခြင်း​သို့​ရောက်​၍ အမှန်တရားကို​သိစေ​ခြင်း​ငှာ ဘုရားသခင်​အလိုတော်​ရှိ၏’ ဟု​ရေးသား​ဖော်ပြ​သည်။—၁ တိမောသေ ၂:၄

ထိုသို့​ဖြစ်စေ​ရန် ယေဟောဝါ​သည် ‘ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း’ ကို ရာ​နှင့်​ချီ​သော​ဘာသာ​စကား​ဖြင့် ကမ္ဘာ​အနှံ့​ကြေညာ​ရန် ပညာရှိ​စွာ​စီစဉ်​ထား​သည်။ ကပ်ကျော်​ပြီး ကယ်တင်ခြင်း​ရ​ရန် နေရာတိုင်း​ရှိ​လူ​တို့ကို အခွင့်အလမ်း​ပေး​ထားပြီး​ဖြစ်သည်။ (မဿဲ ၂၄:၁၄; ဆာလံ ၃၇:၃၄; ဖိလိပ္ပိ ၂:၁၂) သတင်းကောင်းကို တလိုတလား​တုံ့ပြန်​သူများ​သည် အာမဂေဒုန်​ကို​ကပ်ကျော်​ကာ ကမ္ဘာ့​ပရဒိသု​တွင် စုံလင်သော​ထာဝရ​အသက် ရရှိနိုင်​ကြသည်။ (ယေဇကျေလ ၁၈:၂၃၊ ၃၂; ဇေဖနိ ၂:၃; ရောမ ၁၀:၁၃) မေတ္တာရှင်​ဖြစ်သော​ဘုရားသခင်​သည် ထိုသို့​ပင်​ပြု​မည်​ဟု မည်သူ​မဆို​မျှော်လင့်​မည် မဟုတ်လော။—၁ ယောဟန် ၄:၈

မေတ္တာရှင်​ဘုရားသခင်​သည် စစ်​ဆင်နွှဲ​မည်​လော

သို့သော် လူအများ​က မေတ္တာ​၏​ပြယုဂ်​ဖြစ်သော ဘုရားသခင်​သည် မြောက်မြားစွာ​သော​လူ​တို့ကို အဘယ်ကြောင့်​သေဒဏ်​စီရင်၍ ဖျက်ဆီး​မည်​ကို သိ​လို​ကြသည်။ ဤ​အခြေအနေ​ကို ကြွက်​သောင်းကျန်း​သည့် အိမ်တစ်လုံး​နှင့် နှိုင်းယှဉ်​နိုင်​သည်။ ဂရုစိုက်​တတ်သော အိမ်ရှင်​တစ်ဦး​သည် ကြွက်​များ​ကို လက်စတုံး​ဖျက်ဆီး​ပစ်​ခြင်း​ဖြင့် သူ့​မိသားစု​၏​ကျန်းမာ​ရေး​နှင့် ကောင်းကျိုး​အတွက် ကာကွယ်​ပေး​သင့်​ကြောင်း သင်​သဘောမတူ​ပေ​လော။

အလားတူ ယေဟောဝါ​သည် လူသားများ​ကို အလွန်​ချစ်သော​ကြောင့် အာမဂေဒုန်စစ်​ကို ဆင်နွှဲ​မည်​ဖြစ်သည်။ ဘုရားသခင့်​ရည်ရွယ်ချက်မှာ ကမ္ဘာ​ကို​ပရဒိသု​ဖြစ်စေ​ရန်​နှင့် လူသားများ​ကို စုံလင်​လာ​စေပြီး “ကြောက်​စေသော​သူ တစ်ယောက်မျှ​မရှိ” မည့် ငြိမ်းချမ်း​သည့်​အဖြစ်သို့ မြှင့်တင်​ပေး​ရန်ဖြစ်​သည်။ (မိက္ခာ ၄:၃၊ ၄; ဗျာ. ၂၁:၄) သို့​ဖြစ်​လျှင် လူသားချင်း​၏ ငြိမ်သက်မှု​နှင့် လုံခြုံမှု​ကို ခြိမ်းခြောက်​နေ​သူများ​အား ဘာလုပ်သင့်​သနည်း။ ဖြောင့်မတ်​သူများ​၏​အကျိုးအတွက် “ကြွက်​များ” ကဲ့သို့​သော ပဲ့ပြင်​ဆုံးမ​၍​မရ​သည့် လူဆိုး​တို့ကို ဘုရားသခင် ပယ်ရှင်း​မည်​ဖြစ်သည်။—၂ သက်သာလောနိတ် ၁:၈၊ ၉; ဗျာ. ၂၁:၈

မျက်မှောက်ခေတ် ပဋိပက္ခ​နှင့် သွေးသွန်းမှု​များစွာ​သည် မစုံလင်​သော​လူ့​အုပ်ချုပ်မှု​နှင့် အမျိုးသားရေး အကျိုး​စီးပွား​အတွက် တစ်ကိုယ်ကောင်း​ဆန်​ဆန် အားထုတ်မှု​များ​ကြောင့် ဖြစ်ပွား​ရခြင်း​ဖြစ်သည်။ (ဒေ. ၈:၉) လူသား​အုပ်စိုးရှင်​များသည် မိမိတို့​အာဏာ​တိုးချဲ့​ရန်​ကြိုးစား​ခြင်း​ဖြင့် တည်ထောင်​ပြီး​သော ဘုရားသခင့်​နိုင်ငံတော်​ကို လုံးလုံး​လျစ်လျူရှု​ကြသည်။ မိမိတို့၏​အာဏာကို​စွန့်​ကာ ဘုရားသခင်​နှင့် ယေရှု​အား လက်အောက်ခံ​လိမ့်​မည်​ဟူသော​ဖော်ပြချက် မရှိပါ။ (ဆာလံ ၂:၁-၉) ထို့​ကြောင့် ခရစ်တော်​လက်အောက်​ရှိ ယေဟောဝါ​နိုင်ငံတော်​၏ ဖြောင့်မတ်​သော​အုပ်ချုပ်မှု​ကို လမ်းဖွင့်​ပေး​ရန် ယင်း​အုပ်စိုးရှင်​များ​ကို ဖယ်ရှားပစ်​ရမည်​ဖြစ်သည်။ (ဒံယေလ ၂:၄၄၊ ၄၅) ဤ​ကမ္ဘာ​ဂြိုဟ်​နှင့် လူသားတို့အား မည်သူ​အုပ်ချုပ်ပိုင်ခွင့်​ရှိသည်​ဟူသော အရေးကိစ္စကို တစ်ကြိမ်​တည်း​နှင့် အပြီး​ဖြေရှင်းရန် အာမဂေဒုန်စစ်​ကို ဆင်နွှဲ​ရမည်။

အာမဂေဒုန်​၌ ယေဟောဝါ​၏ ကြားဝင်​ဆောင်ရွက်မှု​သည် လူသားများ​အကျိုးအတွက်​ဖြစ်​မည်။ ပို​၍​ဆိုးဝါး​လာသော ကမ္ဘာ့​အခြေအနေ​များ​ကို ရင်ဆိုင်​နေရ​သဖြင့် ဘုရားသခင့် စုံလင်သော​အုပ်ချုပ်မှု​က​သာ လူသား​တို့​လိုအပ်ရာ​များ​ကို အပြည့်အဝ ဖြည့်ဆည်း​ပေး​မည်​ဖြစ်သည်။ ကိုယ်တော့်​နိုင်ငံတော်​အားဖြင့်​သာ စစ်မှန်သော​ငြိမ်သက်မှု​နှင့် သာယာ​ဝ​ပြော​မှု လွှမ်းမိုး​မည်။ ဘုရားသခင်​သာ ကြားဝင်​ဆောင်ရွက်ခြင်း​မရှိပါ​က ကမ္ဘာ့​အခြေအနေ​များ မည်သို့​ရှိ​မည်​နည်း။ လူ့​အုပ်ချုပ်မှု​ကြောင့် ရာစုနှစ်များ​တစ်လျှောက် ကြုံတွေ့​ရသည့် မုန်းတီးမှု၊ အကြမ်းဖက်မှု​နှင့် စစ်ပွဲ​များ​က လူသား​တို့ကို ဆက်၍​ဒုက္ခ​ပေး​နေ​မည်​မဟုတ်လော။ အမှန်​အားဖြင့် အာမဂေဒုန်​စစ်ပွဲ​သည် လူသားထု​အကျိုးအတွက်​ပင်။—လုကာ ၁၈:၇၊ ၈; ၂ ပေတရု ၃:၁၃

စစ်ပွဲ​အားလုံး​ကို အဆုံးတိုင်​စေ​မည့်​စစ်

အခြား​အဘယ်​စစ်ပွဲ​က​မျှ ပြီးမြောက်​အောင် မ​ဆောင်ရွက်​နိုင်​ခဲ့​ရာ​ကို အာမဂေဒုန်​စစ်ပွဲ​က ပြီးမြောက်​စေမည်။ ယင်း​မှာ စစ်ပွဲ​အားလုံး​ကို အဆုံးတိုင်​စေခြင်း​ဖြစ်သည်။ စစ်ပွဲ​များသည် အတိတ်​တွင်​ကျန်ရစ်​ရာ​များ​ဖြစ်​မည့်​နေ့ကို မတောင့်တ​သူ မည်သူ​ရှိ​မည်​နည်း။ သို့ရာတွင် စစ်မှု​ကို​အဆုံးတိုင်​စေရန် လူ့​ကြိုးပမ်းမှု​မှန်သမျှ ရှုံးနိမ့်​ခဲ့​ရသည်။ စစ်မှု​အဆုံးတိုင်​ရန် လူ့​ကြိုးပမ်းမှု​များ အကြိမ်ကြိမ်​ရှုံးနိမ့်​ခြင်း​က ယေရမိ​၏ ဤ​စကား​များ​မှန်​ကြောင်း အလေးအနက်​ပေါ်လွင်​စေ​သည်– ‘အို​ထာဝရ​ဘုရားသခင် လူသည် မိမိ​သွားရာလမ်းကို အစိုးမရ။ သွားစဉ်​အခါ မိမိ​ခြေရာ​တို့ကို မစီရင်​တတ်​သည်ကို အကျွန်ုပ်​သိပါ​၏။’ (ယေရမိ ၁၀:၂၃) ယေဟောဝါ ပြီးမြောက်​စေ​မည့်​အရာ​နှင့်​ပတ်သက်​၍ ကျမ်းစာ​ဤသို့​ကတိပြု​သည်– “လေး​ကို​ချိုး​လျက်၊ လှံ​ကို​အပိုင်းပိုင်း​ဖြတ်​လျက်၊ ရထား​ကို​မီးရှို့​လျက် မြေကြီးစွန်း​တိုင်အောင် စစ်မှု​ကို​ငြိမ်း​စေတော်မူ​၏။”—ဆာလံ ၄၆:၈၊ ၉

တိုင်းနိုင်ငံ​များ​အချင်းချင်း သေစေနိုင်​သော​လက်နက်များ​သုံး​ခြင်း၊ ဝန်းကျင်​ကို​ဖျက်ဆီး​ရန်​ခြိမ်းခြောက်​ခြင်း ပြု​လာ​ပါ​က မြေကြီးကို​ဖန်ဆင်း​ရှင်​သည် ကျမ်းစာ​ပါ အာမဂေဒုန်​၌ အရေးယူ​ဆောင်ရွက်​တော်​မူ​မည်။ (ဗျာ. ၁၁:၁၈) ထို့​ကြောင့် ဤ​စစ်ပွဲ​သည် ခေတ်​အဆက်ဆက် ဘုရားသခင်​ကို​ကြောက်ရွံ့​သူများ​၏ တစ်ခု​တည်း​သော​မျှော်လင့်ချက်ကို ပြည့်စုံ​စေမည်။ ယင်းက ဖန်ဆင်း​ရာ​အားလုံး​အပေါ် ကမ္ဘာ​မြေ​၏​အရှင် ယေဟောဝါ​ဘုရားသခင်​၏ အုပ်ချုပ်ပိုင်ခွင့်​ကို ထင်ရှားပြ​မည်။

ထို့​ကြောင့် ဖြောင့်မတ်ခြင်း​တရားကို မြတ်နိုးသူ​များ​အဖို့ အာမဂေဒုန်​ကို ကြောက်စရာ​မလိုပါ။ ယင်းအစား မျှော်လင့်​ရန်​အကြောင်းရင်း​ဖြစ်စေ​သည်။ အာမဂေဒုန်​စစ်ပွဲ​သည် ဖောက်ပြန်​ယိုယွင်းမှု​နှင့် ဆိုးယုတ်မှု​တို့​ဖြင့်​ပြည့်နေ​သည့် ကမ္ဘာ​ကို​သန့်စင်​ကာ ဘုရားသခင့် မေရှိယနိုင်ငံတော်​အုပ်ချုပ်မှု​အောက် ဖြောင့်မတ်​သော​အစီအစဉ်​သစ်​အတွက် လမ်းဖွင့်​ပေး​မည်​ဖြစ်သည်။ (ဟေရှာယ ၁၁:၄၊ ၅) အာမဂေဒုန်​သည် ထိတ်လန့်ဖွယ် ရုတ်တရက်​ကမ္ဘာ​ကုန်​ခြင်း​ဖြစ်​မည့်​အစား ပရဒိသု​မြေကြီးပေါ် ထာဝစဉ်​အသက်ရှင်​မည့် ဖြောင့်မတ်​သူများ​အတွက် ပျော်ရွှင်ဖွယ်​ကောင်းသော​အစ​ကို မှတ်သား​ပြ​ပါ​လိမ့်​မည်။—ဆာလံ ၃၇:၂၉

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် ထာဝရ​အသက်​ ရစေသော အသိပညာ​စာအုပ် အခန်း ၁၁ ကို​ရှု။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

မေဂိဒ္ဒေါ—သင့်လျော်​သည့် အမှတ်​သင်္ကေတ

ရှေး​မေဂိဒ္ဒေါ​မြို့​သည် ဣသရေလ နိုင်ငံ​မြောက်ပိုင်း​ရှိ သီးပွင့်​ဖြစ်ထွန်း​သော ယေဇရေလ​ချိုင့်ဝှမ်း​၏ အနောက်ပိုင်း​ကို အပေါ်​စီး​မှ မြင်ရ​သည့်​နေရာတွင် မဟာ​ဗျူဟာမြောက်​စွာ​တည်ရှိ​၏။ နိုင်ငံတကာ​ကုန်သွယ်​ရေး​နှင့် စစ်ရေး​လမ်းကြောင်း​များ ဆုံ​ရာ​ဖြစ်သော​ကြောင့် ယင်း​တို့ကို ထိန်းချုပ်​ထားခဲ့​သည်။ ထို့​ကြောင့် မေဂိဒ္ဒေါ​မြို့​သည် အပြီးသတ်​စစ်ပွဲ​များ​ဖြစ်ပွား​ရာ စစ်​တ​လင်း​ဖြစ်လာ​သည်။ ပါမောက္ခ ဂ​ရေ​ဟ​မ် ဒေးဗစ်​က ကျမ်းစာ​လောက​မှ​မြို့များ—မေဂိဒ္ဒေါ ဟူ​သည့် သူ၏​စာအုပ်​တွင် ဤသို့​ရေးသား​ထား​သည်– “မေဂိဒ္ဒေါ​မြို့ . . . သည် အရပ်ရပ်​မှ ကုန်သည်​များနှင့် ရွှေ့​ပြောင်း​နေထိုင်သူ​များ ဝင်​ရလွယ်​ကူ​သည့်​မြို့​ဖြစ်သည်။ သို့သော် တစ်ချိန်တည်း​တွင် အင်အားကြီး​ပါ​က ထို​လမ်းကြောင်း​များ​ဖြင့်​ဝင်ရောက်​မှု​ကို ထိန်းချုပ်​နိုင်​ကာ ကုန်သွယ်​ရေး​နှင့် စစ်ရေး​တိုးတက်မှု​ကို ဦးစီး​နိုင်​သည်။ ထို့​ကြောင့် ဤ​မြို့ကို​ရ​ရန် မကြာခဏ​တိုက်ပွဲ​ဖြစ်လေ့​ရှိပြီး အနိုင်​ရသည့်​အခါ အစွမ်းကုန် ကာကွယ်​ကြသည်​မှာ အံ့ဩစရာ​မဟုတ်ပါ။”

မေဂိဒ္ဒေါ​မြို့​၏ ရှည်လျား​လှ​သော​သမိုင်း​သည် အီဂျစ်​ဘုရင် တတိယ​မြောက် သွတ်မို့စ်​က ခါ​နာ​န်​ဘုရင်​များ​ကို တိုက်ခိုက် အောင်မြင်​ခဲ့​သည့် ဘီ.စီ.အီး. ဒုတိယ​ထောင်စုနှစ်​မှ စတင်​ခဲ့​သည်။ ယင်းသည် ဗြိတိသျှ​ဗိုလ်ချုပ်ကြီး အက်ဒ်​မ​န် အယ်လန်​ဘီ​၏​လက်ချက်​ဖြင့် တူရကီ​စစ်တပ်​များ မ​ရှု​မလှ​ရှုံးနိမ့်​သွား​သည့် ၁၉၁၈ ခုနှစ်​အထိ ရာစုနှစ်များစွာ ဆက်သွား​ခဲ့​သည်။ ခါ​နာ​န်​ဘုရင်​ယာဘိန်​၏​စစ်တပ် အစိတ်​စိတ်​ပြိုကွဲ​သွား​ရန် တရားသူကြီး​ဗာရက်​အား ဘုရားသခင်​စွမ်းဆောင်​စေ​ခဲ့​သည့်​အရပ်မှာ မေဂိဒ္ဒေါ​ပင်​ဖြစ်သည်။ (တရားသူကြီး ၄:၁၂-၂၄; ၅:၁၉၊ ၂၀) ဤ​အရပ်​ဝန်းကျင်​၌ တရားသူကြီး​ဂိဒေါင်​သည် မိဒျန်​လူမျိုးများ​ကို အပြီးအပိုင်​ချေမှုန်း​ခဲ့​သည်။ (တရားသူကြီး ၇:၁-၂၂) ဘုရင်​အာခဇိ​နှင့် ယောရှိ​တို့ အသတ်ခံရ​သည့်​နေရာလည်း​ဖြစ်သည်။—၄ ဓမ္မ​ရာဇဝင် ၉:၂၇; ၂၃:၂၉၊ ၃၀

ဤ​နေရာတွင် အပြီးသတ်​စစ်ပွဲ​များစွာ ဖြစ်ပွား​ခဲ့​သောကြောင့် အာမဂေဒုန်​ကို ဤ​အရပ်​ဝန်းကျင်​နှင့် ဆက်စပ်​ထားခြင်း​သည် သင့်လျော်​၏။ မေဂိဒ္ဒေါ​သည် ဆန့်ကျင်​သော​တပ်​အားလုံး​အပေါ် ဘုရားသခင့် အပြီးသတ်​အောင်ပွဲ​၏ သင့်လျော်​သည့် အမှတ်​သင်္ကေတ​ဖြစ်​ပေ​သည်။

[Credit Line]

Pictorial Archive (Near Eastern History) Est.

[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]

ကမ္ဘာ​တစ်ဝန်း​ရှိ လူ​တို့ကို သတိပေး​နေပြီး အာမဂေဒုန်​ကို​ကပ်ကျော်​ရန် အခွင့်အရေး​ပေး​ထား

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အာမဂေဒုန်​သည် ပျော်ရွှင်ဖွယ်​ကောင်းသော​အစ​ကို မှတ်သား​ပြ​မည်