ပြတ်ပြတ်သားသား လုပ်ဆောင်ရမည့်အချိန်သည် ယခုပင်ဖြစ်
ပြတ်ပြတ်သားသား လုပ်ဆောင်ရမည့်အချိန်သည် ယခုပင်ဖြစ်
“သင်တို့သည် ယူဆချက်နှစ်ခုစပ်ကြား မည်မျှကြာ နုန့်နဲ့စွာ ဒွိဟဖြစ်နေကြမည်နည်း။”—၃ ဓမ္မရာဇဝင် ၁၈:၂၁၊ ကဘ။
၁။ အဘယ်အရာက ကျွန်ုပ်တို့၏ခေတ်ကာလကို အတိတ်နှင့်မတူ တစ်မူထူးခြားစေသနည်း။
ယေဟောဝါသည် တစ်ဆူတည်းသော စစ်မှန်သည့်ဘုရားသခင်ဖြစ်ကြောင်း သင်ယုံကြည်ပါသလော။ ထို့ပြင် ကျွန်ုပ်တို့၏ခေတ်ကာလကို စာတန့်စနစ်ဆိုး၏ ‘နောက်ဆုံးသောကာလ’ ဟု ကျမ်းစာပရောဖက်ပြုချက်များက ညွှန်ပြနေသည်ကို သင်ယုံသလော။ (၂ တိမောသေ ၃:၁) သို့ဆိုလျှင် ယခုအချိန်သည် ပြတ်ပြတ်သားသား လုပ်ဆောင်ဖို့ အလိုအပ်ဆုံးအချိန်ဖြစ်ကြောင်း အသင်သဘောတူမည်မှာ သေချာပါသည်။ လူ့သမိုင်းတွင် တစ်ကြိမ်တစ်ခါနှင့်မျှမတူအောင် လူပေါင်းများစွာ အသက်အန္တရာယ်ကြုံနေရ၏။
၂။ ဣသရေလဆယ်နွယ်နိုင်ငံကို အာဟပ်မင်းအုပ်စိုးစဉ် အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။
၂ ဘီ.စီ.အီး. ဆယ်ရာစုတွင် ဣသရေလလူမျိုးသည် အလွန်အရေးကြီးသည့် ဆုံးဖြတ်ချက်ချဖို့ လိုအပ်လာခဲ့၏။ မည်သူ့ကို သူတို့ဝတ်ပြုကြမည်နည်း။ အယူမှားဇနီးဖြစ်သူ ယေဇဗေလ၏သြဇာကြောင့် အာဟပ်မင်းသည် ဣသရေလဆယ်နွယ်နိုင်ငံတွင် ဗာလဝတ်ပြုရေးကို အားပေးအားမြှောက်ပြုခဲ့သည်။ ဗာလသည် မျိုးပွားနတ်ဘုရားဖြစ်ကာ မိုးနှင့် ကောက်ပဲသီးနှံများကို ဖြစ်ထွန်းစေသည်ဟု ယူဆထားကြ၏။ ဗာလဝတ်ပြုသူများစွာသည် နတ်ဘုရားရုပ်ရှေ့တွင် လက်ဟန်ပြအနမ်းပေးကြ သို့မဟုတ် ဒူးထောက်ဦးညွတ်ကြပေမည်။ ဗာလဝတ်ပြုသူများသည် မိမိတို့၏ ကောက်ပဲသီးနှံများနှင့် ခြံမွေးတိရစ္ဆာန်များကို ဗာလ ကောင်းချီးပေးစေရန် ဗာလဝတ်ကျောင်းပြည့်တန်ဆာများနှင့် လိင်ဖောက်ပြန်ခဲ့ကြသည်။ ထို့ပြင် မိမိတို့၏ကိုယ်ခန္ဓာကို သွေးထွက်သံယိုဖြစ်အောင် ထိခိုက်ရှနစေလေ့ရှိကြသည်။—၃ ဓမ္မရာဇဝင် ၁၈:၂၈။
၃။ ဗာလဝတ်ပြုရေးသည် ဘုရားသခင့်လူမျိုးတော်အပေါ် အဘယ်သက်ရောက်မှုရှိခဲ့သနည်း။
၃ ကျန်ကြွင်းသူ ဣသရေလလူမျိုး ၇,၀၀၀ သည် ရုပ်ပုံကိုးကွယ်ခြင်း၊ အကျင့်ယိုယွင်းခြင်း၊ အကြမ်းဖက်ခြင်းတို့ပါဝင်သော ဤဝတ်ပြုရေးပုံစံကို မလိုက်ကြချေ။ (၃ ဓမ္မရာဇဝင် ၁၉:၁၈) သူတို့သည် ယေဟောဝါဘုရားသခင်နှင့်ဖွဲ့ထားသည့် ပဋိညာဉ်ကို သစ္စာရှိရှိ စောင့်ထိန်းခဲ့ကြရာ ယင်းအတွက်နှင့် နှိပ်စက်ညှဉ်းပန်းခံခဲ့ကြရသည်။ ဥပမာ၊ မိဖုရားယေဇဗေလသည် ယေဟောဝါ၏ပရောဖက်များစွာကို သတ်ပစ်ခဲ့၏။ (၃ ဓမ္မရာဇဝင် ၁၈:၄၊ ၁၃) ခဲယဉ်းကျပ်တည်းသည့် ဤအခြေအနေများကြောင့် ဣသရေလလူအများစုသည် ဗာလ၏အကြိုက်ကိုလိုက်လျက်နှင့် ယေဟောဝါ၏စိတ်တော်နှင့်တွေ့ရန် ကြိုးစားကာ ယုံကြည်ကိုးကွယ်မှု ရောနှောခဲ့ကြလေသည်။ သို့သော် ဣသရေလလူတစ်ဦး ယေဟောဝါထံမှ ဖယ်ခွာသွားပြီး ဗာဗုလုန်နတ်ဘုရားကို ဝတ်ပြုခြင်းသည် အယူဖောက်ပြန်ခြင်းပင်။ ဣသရေလလူမျိုးသည် ယေဟောဝါအား ချစ်မြတ်နိုးပြီး ကိုယ်တော်၏ပညတ်တော်များကို လိုက်နာမည်ဆိုလျှင် ကောင်းချီးခံစားရမည်ဟု ကိုယ်တော်ကတိပြုထား၏။ သို့သော် သူတို့သည် ကိုယ်တော်အား “အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုခြင်း” မပြုပါက ရှင်းရှင်းဖျက်ဆီးခံရမည်ဖြစ်ကြောင်း ကိုယ်တော်သတိပေးခဲ့၏။—တရားဟောရာ ၅:၆-၁၀၊ ကဘ; ၂၈: ၁၅၊ ၆၃။
၄။ ခရစ်ယာန်များအကြား အဘယ်အရာဖြစ်ပျက်လာမည်ကို ယေရှုနှင့် သူ၏တမန်တော်များ ကြိုဟောခဲ့ကြပြီး ယင်းသည် မည်သို့ပြည့်စုံခဲ့သနည်း။
၄ ယနေ့ ခရစ်ယာန်ဘောင်တွင်လည်း ထပ်တူအခြေအနေမျိုး ဖြစ်နေပါသည်။ ချာ့ခ်ျအသင်းသားများက မိမိတို့ကိုယ်ကို ခရစ်ယာန်များဟုဆိုကြသော်လည်း ၎င်းတို့၏ အားလပ်ရက်များ၊ အမူအကျင့်နှင့် ယုံကြည်ချက်များကမူ ကျမ်းစာသွန်သင်ရာနှင့် တခြားစီဖြစ်နေ၏။ ယေဇဗေလကဲ့သို့ပင် ခရစ်ယာန်ဘောင်ဓမ္မဆရာများသည် ယေဟောဝါသက်သေများကို နှိပ်စက်ညှဉ်းပန်းရာတွင် ဦးဆောင်ဦးရွက်ပြုခဲ့ကြပြီ။ ထို့ပြင် သူတို့သည် သမိုင်းတစ်လျှောက်တွင် စစ်ပွဲများကို ထောက်ခံအားပေးခဲ့ပြီး ချာ့ခ်ျအသင်းသား သန်းပေါင်းများစွာ သေဆုံးရခြင်းအတွက် တာဝန်ရှိသူများ ဖြစ်ခဲ့ကြပြီ။ ထိုသို့ လောကအစိုးရများကို ဘာသာတရားက ထောက်ခံအားပေးခြင်းကို သမ္မာကျမ်းစာတွင် ဝိညာဉ်ရေးမတရားမေထုန်ပြုခြင်းဟု ဖော်ပြထား၏။ (ဗျာ. ၁၈:၂၊ ၃) ထို့ပြင် ခရစ်ယာန်ဘောင်သည် ဓမ္မဆရာများအကြား၌ပင် ပကတိမတရားမေထုန်ပြုခြင်းကို တိုး၍လက်ခံလာခဲ့သည်။ ယေရှုခရစ်နှင့် သူ၏တမန်တော်များက ဤအယူဖောက်ပြန်မှုကြီးအကြောင်း ကြိုဟောခဲ့ကြ၏။ (မဿဲ ၁၃:၃၆-၄၃; တမန်တော် ၂၀:၂၉၊ ၃၀; ၂ ပေတရု ၂:၁၊ ၂) ခရစ်ယာန်ဘောင်နောက်လိုက် တစ်ဘီလီယံကျော်အတွက် နောက်ဆုံးရလဒ်ကား အဘယ်အရာဖြစ်မည်နည်း။ ယေဟောဝါအား မှန်ကန်စွာ ဝတ်ပြုကိုးကွယ်နေသူများသည် ထိုသူတို့နှင့် မဟာဗာဗုလုန်၏ လှည့်စားမှုကိုခံနေရသည့် အခြားသူတို့အပေါ် အဘယ်တာဝန်ရှိကြသနည်း။ “ဗာလကို ဣသရေလပြည်မှ ပယ်ရှားဖျက်ဆီး” ခဲ့သည့် ထူးခြားသောအဖြစ်အပျက်များကို စေ့စေ့စစ်ဆေးကြည့်ခြင်းအားဖြင့် ထိုမေးခွန်းများအတွက် ရှင်းလင်းသောအဖြေရရှိပါမည်။—၄ ဓမ္မရာဇဝင် ၁၀:၂၈။
ထင်ရာစိုင်းလူမျိုးကို ဘုရားသခင်ချစ်တော်မူ
၅။ ယေဟောဝါသည် မိမိ၏ထင်ရာစိုင်းလူမျိုးကို မေတ္တာပါပါဂရုစိုက်ကြောင်း မည်သို့ဖော်ပြခဲ့သနည်း။
၅ ယေဟောဝါသည် မိမိအပေါ် သစ္စာမဲ့သွားသူတို့အား အပြစ်မပေးလိုချေ။ မေတ္တာပြည့်ဝသည့် ဖခင်တစ်ဦးကဲ့သို့ ကိုယ်တော်သည် လူဆိုးများအား နောင်တယူပြီး မိမိထံ ပြန်လှည့်လာစေလိုတော်မူ၏။ (ယေဇကျေလ ၁၈:၃၂; ၂ ပေတရု ၃:၉) ယင်းကို ထင်ရှားဖော်ပြသည့်အနေနှင့် ယေဟောဝါသည် အာဟပ်နှင့်ယေဇဗေလတို့ခေတ်တွင် မိမိလူမျိုးတော်အား ဗာလဝတ်ပြုရေး၏ ဆိုးကျိုးများအကြောင်း သတိပေးရန် ပရောဖက်များစွာကို အသုံးပြုခဲ့သည်။ ထိုပရောဖက်များတွင် ဧလိယလည်း ပါဝင်၏။ ကြိုတင်အသိပေးခဲ့သည့်အတိုင်း အကြီးအကျယ်မိုးခေါင်ပြီးနောက် ဧလိယသည် ဣသရေလလူတို့နှင့် ဗာလပရောဖက်များကို ကရမေလတောင်တွင် စုရုံးစေဖို့ အာဟပ်မင်းအား ပြောခဲ့၏။—၃ ဓမ္မရာဇဝင် ၁၈:၁၊ ၁၉။
၆၊ ၇။ (က) ဣသရေလလူတို့ အယူဖောက်ပြန်ရသည့် အကြောင်းရင်းကို ဧလိယ မည်သို့ဖော်ထုတ်သနည်း။ (ခ) ဗာလပရောဖက်များ အဘယ်အရာပြုကြသနည်း။ (ဂ) ဧလိယ အဘယ်အရာပြုသနည်း။
၆ ယေဇဗေလ၏အလိုကျအတိုင်း ‘ဖြိုဖျက်’ ခဲ့ဟန်တူသည့် ယေဟောဝါ၏ယဇ်ပလ္လင်တည်ရာအရပ်တွင် စုရုံးခဲ့ကြသည်။ (၃ ဓမ္မရာဇဝင် ၁၈:၃၀) ဝမ်းနည်းစရာမှာ စုရုံးရောက်ရှိလာကြသည့် ဣသရေလလူတို့သည် မိုးရွာစေနိုင်သောသူမှာ ယေဟောဝါလော၊ ဗာလလောဟူ၍ မသေမချာဖြစ်နေခဲ့ကြ၏။ ဗာလကို ကိုယ်စားပြုသည့် ပရောဖက်များမှာ ၄၅၀ ရှိပြီး ယေဟောဝါကို ကိုယ်စားပြုသည့်ပရောဖက်မှာ ဧလိယတစ်ဦးတည်းသာရှိ၏။ ပြဿနာ၏ရင်းမြစ်ကိုသိရှိသည့် ဧလိယက “သင်တို့သည် ယူဆချက်နှစ်ခုစပ်ကြား မည်မျှကြာ နုန့်နဲ့စွာ ဒွိဟဖြစ်နေကြမည်နည်း” ဟု လူများကို မေးလိုက်သည်။ ထို့နောက် အဆိုပါပြဿနာကို ပိုပြီးရိုးရှင်းသည့်စကားများဖြင့် ဤသို့ခင်းပြခဲ့၏– “ယေဟောဝါသည် ဘုရားသခင်မှန်လျှင် ထိုဘုရားသခင်ကို ဆည်းကပ်ကြလော့။ ဗာလသည် ဘုရားသခင်မှန်လျှင် ထိုဘုရားသခင်ကို ဆည်းကပ်ကြလော့။” မပြတ်မသားဖြစ်နေသည့် ဣသရေလလူမျိုးကို ယေဟောဝါအား အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုလာစေရန် လှုံ့ဆော်သည့်အနေနှင့် ဧလိယက မည်သူသည် မှန်သောဘုရားသခင်ဖြစ်ကြောင်း စမ်းသပ်မှုတစ်ခု ပြုလုပ်ဖို့ အဆိုပြုလိုက်သည်။ နွားနှစ်ကောင်ကိုသတ်၍ ယေဟောဝါအတွက်တစ်ကောင်၊ ဗာလအတွက်တစ်ကောင် ယဇ်ပူဇော်ရန်ဖြစ်သည်။ မှန်သောဘုရားသခင်သည် မိမိ၏ယဇ်ကောင်ကို မီးလောင်ကျွမ်းစေရမည်။ ဗာလပရောဖက်များသည် ယဇ်ကောင်ကို အသင့်ပြင်ဆင်ပြီးနောက် “အိုဗာလဘုရား၊ အကျွန်ုပ်တို့အား ထူးတော်မူပါ” ဟု ကြာမြင့်စွာ ဟစ်ခေါ်ကြသည်။ ဧလိယက သူတို့ကို ကဲ့ရဲ့သောအခါ သွေးထွက်သံယိုဖြစ်သည်အထိ မိမိတို့ကိုယ်ကို ထိခိုက်ရှနစေကြပြီး အသံကုန်ဟစ်လေတော့၏။ သို့သော် ထူးသံမကြားရချေ။—၃ ဓမ္မရာဇဝင် ၁၈:၂၁ ကဘ၊ ၂၆-၂၉။
၇ ယခု ဧလိယအလှည့်ရောက်လာပြီ။ ဦးဆုံးအနေနှင့် သူသည် ယေဟောဝါ၏ယဇ်ပလ္လင်ကို ပြုပြင်ကာ အပိုင်းပိုင်းဖြတ်ထားသည့် နွားသငယ်ကို ယဇ်ပလ္လင်ပေါ် တင်လိုက်သည်။ ထို့နောက် ရေအပြည့်ဖြည့်ထားသည့် အိုးကြီးလေးလုံးကို ယဇ်ကောင်အပေါ် လောင်းချဖို့ ညွှန်ကြား၏။ ယဇ်ပလ္လင်ပတ်လည်ရှိကျုံးတွင် ရေပြည့်သွားသည်အထိ သုံးကြိမ်လောင်းလိုက်ကြသည်။ ထို့နောက် ဧလိယက ‘အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်သည် ဣသရေလအမျိုး၏ဘုရားသခင် ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်သည် ကိုယ်တော်၏ကျွန်ဖြစ်၍ အမိန့်တော်အတိုင်း ဤအမှုအလုံးစုံတို့ကို ပြုကြောင်းကိုလည်းကောင်း၊ ယနေ့သိကြပါစေသော။ အိုယေဟောဝါ၊ ကိုယ်တော်သည် ထာဝရအရှင်ဘုရားသခင် ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ ဤလူတို့စိတ်သဘောကို ပြောင်းလဲစေတော်မူကြောင်းကိုလည်းကောင်း၊ သူတို့သည်သိစေခြင်းငှာ အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ နားထောင်တော်မူပါ’ ဟုဆုတောင်းလေ၏။—၃ ဓမ္မရာဇဝင် ၁၈:၃၀-၃၇။
၈။ ဧလိယ၏ဆုတောင်းသံကို ယေဟောဝါ မည်သို့တုံ့ပြန်သနည်း။ ပရောဖက်သည် အဘယ်သို့လုပ်ဆောင်သနည်း။
၈ စစ်မှန်သောဘုရားသခင်သည် ယဇ်ကောင်နှင့်ယဇ်ပလ္လင်ကို ကောင်းကင်မှမီးကျ၍ လောင်ကျွမ်းစေခြင်းအားဖြင့် တုံ့ပြန်ခဲ့၏။ ယဇ်ပလ္လင်ပတ်လည်ရှိ ကျုံးထဲမှရေကိုပင် ခန်းခြောက်သွားသည်အထိ လောင်ကျွမ်းစေလိုက်သည်တကား။ ဣသရေလလူတို့အပေါ် သက်ရောက်ခဲ့သည့်အကျိုးကို စဉ်းစားကြည့်ပါ။ ‘လူအပေါင်းတို့သည်မြင်လျှင် ပျပ်ဝပ်၍ “ယေဟောဝါသည် ဘုရားသခင်ဖြစ်တော်မူ၏။ ယေဟောဝါသည် ဘုရားသခင်ဖြစ်တော်မူ၏” ဟုဝန်ခံကြ၏။’ ထို့နောက် ဧလိယသည် ဣသရေလလူမျိုးအား “ဗာလ၏ပရောဖက်တို့ကို ဖမ်းဆီးကြလော့။ တစ်ယောက်ကိုမျှမလွတ်စေနှင့်” ဟုညွှန်ကြားကာ ပြတ်ပြတ်သားသား ထပ်လုပ်ဆောင်ခဲ့သည်။ သို့နှင့် ဗာလပရောဖက် ၄၅၀ ကို ကရမေလတောင်ခြေရင်းတွင် အဆုံးစီရင်လိုက်လေသည်။—၃ ဓမ္မရာဇဝင် ၁၈:၃၈-၄၀။
၉။ စစ်မှန်သောဝတ်ပြုသူများသည် နောက်ထပ်အဘယ်သို့စမ်းသပ်ခံရပြန်သနည်း။
၉ အဆိုပါမမေ့နိုင်သည့်နေ့၌ပင် ယေဟောဝါသည် သုံးနှစ်ခွဲကာလအတွင်း ဦးဆုံးအကြိမ် မိုးရွာစေခဲ့သည်။ (ယာကုပ် ၅:၁၇၊ ၁၈) ဣသရေလလူတို့၏အိမ်အပြန်ခရီးတွင် အချင်းချင်းစပ်ကြား ပြောဆိုကြမည့်စကားကို သင်စဉ်းစားကြည့်နိုင်ပါသည်။ ယေဟောဝါသည် မိမိ၏ဘုရားသခင့်အဖြစ်တော်ကို ထင်ရှားဖော်ပြခဲ့သည်။ သို့သော် ဗာလအားဝတ်ပြုသူများသည် ဇွဲမလျှော့ကြသေးချေ။ ယေဇဗေလသည် ယေဟောဝါ၏ကျေးကျွန်များကို နှိပ်စက်ညှဉ်းပန်းနေသေး၏။ (၃ ဓမ္မရာဇဝင် ၁၉:၁၊ ၂; ၂၁:၁၁-၁၆) ထို့ကြောင့် ဘုရားသခင့်လူမျိုးတော်၏ သမာဓိမှာ ထပ်မံစမ်းသပ်ခံခဲ့ရပြန်သည်။ ဗာလဝတ်ပြုသူများအပေါ် ယေဟောဝါ၏တရားစီရင်ရာနေ့ ကျရောက်လာသောအခါ ကိုယ်တော်အား သူတို့အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုခဲ့ကြပါမည်လော။
ယခုပင် ပြတ်ပြတ်သားသား လုပ်ဆောင်လော့
၁၀။ (က) မျက်မှောက်ခေတ်တွင် ဝိညာဉ်တော်ဖွား ခရစ်ယာန်များသည် အဘယ်အရာကို လုပ်ဆောင်နေကြသနည်း။ (ခ) ဗျာ. ၁၈:၄ ပါ မိန့်မှာချက်ကို နာခံခြင်းဟူသည် အဘယ်နည်း။
၁၀ မျက်မှောက်ခေတ်တွင် ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ဧလိယပြုခဲ့သည့်အတိုင်း ပြုခဲ့ကြပြီ။ မဟာဗာဗုလုန်၏အန္တရာယ်အကြောင်းကို နှုတ်အားဖြင့်ဖြစ်စေ၊ စာပေစာတမ်းအားဖြင့်ဖြစ်စေ ခရစ်ယာန်ဘောင်အတွင်းအပြင်ရှိ လူမျိုးအသီးသီးတို့အား သတိပေးခဲ့ကြပြီ။ ထို့ကြောင့် သန်းပေါင်းများစွာသောသူတို့သည် မဟာဗာဗုလုန်အသင်းသားအဖြစ်ကို အဆုံးသတ်ရန် ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့ကြပြီ။ သူတို့၏ဘဝအသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံပြီး ယေရှုခရစ်၏ တပည့်များအဖြစ် နှစ်ခြင်းခံခဲ့ကြပြီ။ မဟာဗာဗုလုန်နှင့်ပတ်သက်၍ ဘုရားသခင်က “ငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကိုဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ဘေးဒဏ်များကိုခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှာ၊ သူ၏အထဲကထွက်ကြလော့” ဟူ၍ အရေးတကြီး မေတ္တာရပ်ခံခဲ့သည်ကို သူတို့အလေးဂရုပြုခဲ့ကြပြီ။—ဗျာ. ၁၈:၄။
၁၁။ ယေဟောဝါ၏နှစ်သက်လက်ခံမှုရရန် အဘယ်အရာလိုအပ်သနည်း။
၁၁ သန်းပေါင်းများစွာသော အခြားသူတို့မှာမူ ယေဟောဝါသက်သေများ ဖြန့်ချိသည့် ကျမ်းစာအခြေပြု သတင်းတရားကို နှစ်သက်ကြသော်လည်း အဘယ်သို့ပြုသင့်သည်ကို အသေအချာမသိဖြစ်နေကြဆဲပင်။ တချို့ဆိုလျှင် သခင့်ညစာစားပွဲ သို့မဟုတ် ခရိုင်စည်းဝေးကြီးအစရှိသည့် ခရစ်ယာန်အစည်းအဝေးများသို့ ရံဖန်ရံခါ ရောက်လာတတ်ကြသည်။ ထိုသို့သောသူအားလုံး “မည်မျှကြာကြာ လှေနံနှစ်ဖက်နင်းနေကြမည်နည်း” ဟူသည့် ဧလိယ၏စကားကို အသေအချာဆင်ခြင်ရန် ကျွန်ုပ်တို့တိုက်တွန်းပါသည်။ (၃ ဓမ္မရာဇဝင် ၁၈:၂၁၊ အင်္ဂလိပ်ကျမ်းစာသစ်) အချိန်ဆွဲနေမည့်အစား ယခုပင် ပြတ်ပြတ်သားသား လုပ်ဆောင်ပြီး ဆက်ကပ်အပ်နှံနှစ်ခြင်းခံသည့် ယေဟောဝါအားကိုးကွယ်သူများဖြစ်လာရန် စိတ်အားထက်သန်စွာ ကြိုးစားဖို့လိုပေသည်။ ထိုသူတို့၏ ထာဝစဉ်အသက်ရှင်နိုင်မည့်အလားအလာသည် သေရေးရှင်ရေးကိစ္စဖြစ်သတည်း။—၂ သက်သာလောနိတ် ၁: ၆-၉။
၁၂။ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တချို့သည် အဘယ်အန္တရာယ်ရှိ အခြေအနေထဲသို့ ကျရောက်သွားခဲ့ပြီနည်း။ ထိုသူတို့သည် အဘယ်အရာလုပ်ဆောင်သင့်သနည်း။
၁၂ ဝမ်းနည်းစရာမှာ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တချို့သည် ဝတ်ပြုရေးတွင် မှန်မှန်မပါဝင် သို့မဟုတ် မလှုပ်မရှားဖြစ်လာကြ၏။ (ဟေဗြဲ ၁၀:၂၃-၂၅; ၁၃:၁၅၊ ၁၆) တချို့ကမူ နှိပ်စက်ညှဉ်းပန်းခံရမည်စိုးခြင်း၊ စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်ခြင်း၊ ချမ်းသာကြွယ်ဝဖို့ကြိုးစားခြင်း၊ တစ်ကိုယ်ကောင်းဆန်ဆန် ကိုယ့်အလိုဆန္ဒနောက်လိုက်ခြင်းတို့ကြောင့် ၎င်းတို့၏ဇွဲလုံ့လ ပျောက်ဆုံးသွားခဲ့ကြပြီ။ ထိုအရာများသည် မိမိနောက်လိုက်တချို့အတွက် ကျော့ကွင်း၊ အတားအဆီးနှင့် ထိမိလဲစရာဖြစ်မည်ဟု ယေရှုသတိပေးခဲ့သည်။ (မဿဲ ၁၀:၂၈-၃၃; ၁၃:၂၀-၂၂; လုကာ ၁၂:၂၂-၃၁; ၂၁:၃၄-၃၆) ထိုသို့သောသူတို့သည် ‘ယူဆချက်နှစ်ခုအပေါ် နုန့်နဲ့စွာ ဒွိဟ’ ဖြစ်နေမည့်အစား ဘုရားသခင်ထံ ဆက်ကပ်အပ်နှံထားသည့်အတိုင်း ပီပြင်ပြတ်သားစွာ လုပ်ဆောင်ခြင်းဖြင့် ‘ကိုယ်စိတ်ကိုကိုယ်နှိုးဆော်၍ နောင်တရ’ ကြောင်း တင်ပြသင့်သည်။—ဗျာ. ၃:၁၅-၁၉။
မဟာဗာဗုလုန် ရုတ်တရက် ဇာတ်သိမ်းခြင်း
၁၃။ ယေဟုကို ဘုရင်အဖြစ် တင်မြှောက်ချိန်တွင် ဣသရေလပြည်၏အခြေအနေကို ဖော်ပြပါ။
၁၃ လူသားတို့အတွက် ယခုပင် ပြတ်ပြတ်သားသားလုပ်ဆောင်ရန် အရေးကြီးရသည့် အကြောင်းရင်းကို ကရမေလတောင်ပေါ်တွင် ဘုရားသခင့်အဖြစ်တော်ဆိုင်ရာကိစ္စ ဖြေရှင်းခဲ့ပြီးနောက် ၁၈ နှစ်အကြာ ဣသရေလပြည်၌ ဖြစ်ပျက်ခဲ့ရာတွင် တွေ့ မြင်ရ၏။ ဗာလဝတ်ပြုရေးကို တရားစီရင်မည့် ယေဟောဝါ၏နေ့သည် ဧလိယ၏နေရာကိုဆက်ခံသူ ဧလိရှဲ အမှုဆောင်စဉ်အတွင်း မမျှော်လင့်ဘဲ ရုတ်တရက်ရောက်လာသည်။ အာဟပ်မင်း၏သား ယောရံသည် ဣသရေလပြည်ကို အုပ်စိုးနေပြီး ယေဇဗေလမူကား ဘုရင့်မယ်တော်အဖြစ် အသက်ရှင်နေဆဲရှိ၏။ ဧလိရှဲသည် ဣသရေလစစ်ဗိုလ်ချုပ် ယေဟုကို ရှင်ဘုရင်အသစ်အဖြစ် တင်မြှောက်ရန် မိမိ၏နောက်လိုက်ကို တိတ်တဆိတ် စေလွှတ်ခဲ့၏။ ထိုအချိန်၌ ယေဟုသည် ယော်ဒန်မြစ်အရှေ့ဖက် ဂိလဒ်ပြည်ရာမုတ်မြို့တွင်ရှိနေပြီး ဣသရေလလူမျိုး၏ရန်သူများနှင့် စစ်ဆင်နွှဲနေ၏။ ယောရံမင်းမှာမူ တိုက်ပွဲတွင်ရခဲ့သည့်ဒဏ်ရာ သက်သာစေရန် မေဂိဒ္ဒေါမြို့အနီး ချိုင့်ဝှမ်းလွင်ပြင်ရှိ ယေဇရေလမြို့တွင် အနားယူနေ၏။—၄ ဓမ္မရာဇဝင် ၈:၂၉–၉:၄။
၁၄၊ ၁၅။ အဘယ်တာဝန်ကို ယေဟုရရှိခဲ့ပြီး သူမည်သို့တုံ့ပြန်ခဲ့သနည်း။
၁၄ ယေဟုလုပ်ဆောင်ရမည့်အရာကို ယေဟောဝါဤသို့မိန့်မှာခဲ့၏– “ငါ့ကျွန်ပရောဖက်တို့ကိုသတ်သောအပြစ်၊ [ယေဟောဝါ] ၏ပရောဖက်အပေါင်းကို သတ်သောအပြစ်အလျောက် ယေဇဗေလ၌ ငါဒဏ်ပေးမည်အကြောင်း သင်သည် သင့်သခင်အာဟပ်အမျိုးကို လုပ်ကြံရမည်။ အာဟပ်အမျိုးသားရှိသမျှတို့ကို ပျက်စီးစေ . . . မည်။ . . . ယေဇဗေလကို သင်္ဂြိုဟ်သောသူမရှိ။ ယေဇရေလမြေကွက်၌ ခွေးတို့သည် သူ့ကိုစားကြလိမ့်မည်။”—၄ ဓမ္မရာဇဝင် ၉:၇-၁၀။
၁၅ ယေဟုသည် ပြတ်ပြတ်သားသား လုပ်ဆောင်တတ်သူတစ်ဦးဖြစ်၏။ သူသည် အချိန်ဆွဲမနေဘဲ ယေဇရေလမြို့သို့ မြင်းရထားစီး၍ ထွက်ခွာသွားသည်။ ယေဇရေလမြို့စောင့်တစ်ဦးသည် ယေဟု၏မြင်းရထားစီးပုံကို မှတ်မိသွားကာ ယောရံမင်းထံ သတင်းသွားပို့၏။ ယောရံမင်းသည် မိမိ၏စစ်ဗိုလ်ချုပ်နှင့်တွေ့ရန် မြင်းရထားစီး၍ ထွက်လာခဲ့သည်။ ဆုံတွေ့ ကြသောအခါ ယောရံက “ယေဟု၊ ငြိမ်သက်ခြင်းရှိသလော” ဟုမေးရာ ယေဟုက “သင့်အမိ ယေဇဗေလပြုသော အဓမ္မမေထုန်အမှု၊ ပြုစားသောအမှုများသောကာလအတွင်းတွင် အဘယ်သို့သောငြိမ်သက်ခြင်းရှိလိမ့်မည်နည်း” ဟု ပြန်ပြောသည်။ ထို့နောက် ယောရံမင်း မထွက်ပြေးနိုင်မီ ယေဟုသည် လေးနှင့်ပစ်လိုက်ရာ မြားသည် ယောရံ၏နှလုံးကို ထုတ်ချင်းဖောက်သွား၏။—၄ ဓမ္မရာဇဝင် ၉:၂၀-၂၄။
၁၆။ (က) ယေဇဗေလ၏ မိန်းမစိုးများသည် အဘယ်အခြေအနေနှင့် ရုတ်တရက် ရင်ဆိုင်ခဲ့ကြရသနည်း။ (ခ) ယေဇဗေလနှင့်ပတ်သက်သည့် ယေဟောဝါ၏စကားတော် မည်သို့ပြည့်စုံခဲ့သနည်း။
၁၆ ယေဟုသည် အချိန်ဖြုန်းမနေဘဲ မြင်းရထားဖြင့် မြို့ထဲသို့ အမြန်စီးဝင်သွား၏။ အလွန်အကျွံအလှပြင်ထားသည့် ယေဇဗေလသည် ပြတင်းပေါက်မှငုံ့ကြည့်ကာ ယေဟုအား ခြိမ်းခြောက်စိန်ခေါ်သည့်စကားဖြင့် နှုတ်ဆက်လိုက်သည်။ ယေဟုသည် သူ့ကို ဂရုစိုက်မနေဘဲ “ငါ့ဘက်မှာဘယ်သူနေသနည်း။ ဘယ်သူနည်း” ဟု အကူအညီတောင်းလိုက်သည်။ ယေဇဗေလ၏ အခြွေအရံတို့သည် ယခု ပြတ်ပြတ်သားသား လုပ်ဆောင်ကြရတော့မည်။ မိန်းမစိုးနှစ်ယောက်သုံးယောက်တို့သည် ပြတင်းပေါက်မှ ငုံ့ကြည့်ကြ၏။ ၎င်းတို့၏သစ္စာစောင့်သိမှုသည် ချက်ချင်းပင် စမ်းသပ်ခံခဲ့ရသည်။ ယေဟုက “သူ့ကို တွန်းချလိုက်” ဟုအမိန့်ပေးသည့်အခါ မိန်းမစိုးများက ယေဇဗေလကို လမ်းပေါ်သို့တွန်းချလိုက်ရာ ယေဟု၏မြင်းရထားက သူ့ကို နင်းချေလိုက်၏။ ဤသို့ဖြင့် ဣသရေလပြည်တွင် ဗာလဝတ်ပြုရေးကို သွေးထိုးလှုံ့ဆော်ပေးသူသည် မရှုမလှဇာတ်သိမ်းသွားလေသည်။ ကြိုပြောထားသည့်အတိုင်းပင် သူ့အားမြေမမြှုပ်မီ ခွေးများက သူ၏အသားကို စားပစ်ကြ၏။—၄ ဓမ္မရာဇဝင် ၉:၃၀-၃၇၊ သမ္မာ။
၁၇။ ယေဇဗေလအပေါ် ဘုရားသခင့်တရားစီရင်မှုက အဘယ်အနာဂတ်ဖြစ်ရပ်အတွက် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေသင့်သနည်း။
၁၇ “မဟာဗာဗုလုန်” ဟူသောအမည်ရှိသည့် ပုံဆောင်ပြည့်တန်ဆာမထံ ထပ်တူတုန်လှုပ်ဖွယ် နိဂုံးရောက်လာပါတော့မည်။ အဆိုပါပြည့်တန်ဆာမသည် ရှေးဗာဗုလုန်မြို့မှ မြစ်ဖျားခံလာသည့် စာတန့်လောက၏မဟာဗာဗုလုန်ကို ကိုယ်စားပြု၏။ မဟာဗာဗုလုန် ဇာတ်သိမ်းသွားပြီးနောက် ယေဟောဝါဘုရားသခင်သည် စာတန့်လောက၏ တခြားအစိတ်အပိုင်းမှ လူသားအားလုံးကို အာရုံစိုက်မည်ဖြစ်သည်။ ဖြောင့်မတ်သောကမ္ဘာသစ်ကို လမ်းဖွင့်ပေးသည့်အနေနှင့် ၎င်းတို့ကိုလည်း ဖျက်ဆီးပစ်မည်။—ဗျာ. ၁၇:၃-၆; ၁၉:၁၉-၂၁; ၂၁: ၁-၄။
၁၈။ ယေဇဗေလသေဆုံးပြီးနောက် ဣသရေလပြည်ရှိ ဗာလဝတ်ပြုသူများ မည်သို့ဖြစ်သွားသနည်း။
၁၈ ယေဇဗေလသေဆုံးပြီးနောက် ဘုရင်ယေဟုသည် အချိန်ဆွဲမနေဘဲ အာဟပ်၏သားမြေးအားလုံးနှင့် အမာခံဘက်တော်သားများကို အဆုံးစီရင်လိုက်လေသည်။ (၄ ဓမ္မရာဇဝင် ၁၀:၁၁) သို့သော် တိုင်းပြည်တွင် ဗာလအားဝတ်ပြုနေသည့် ဣသရေလလူများစွာ ကျန်ရှိနေသေး၏။ ထိုသူတို့နှင့်ပတ်သက်ပြီး ယေဟုသည် ‘ထာဝရဘုရားသခင်ဘက်၌ စိတ်အားကြီးကြောင်း’ ပြရန် ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့သည်။ (၄ ဓမ္မရာဇဝင် ၁၀:၁၆) ယေဟုသည် သူ့ကိုယ်သူ ဗာလဝတ်ပြုသူတစ်ဦးအဖြစ် ဟန်ဆောင်ကာ ရှမာရိမြို့တွင် အာဟပ်တည်ဆောက်ခဲ့သည့် ဗာလဝတ်ကျောင်း၌ ကြီးကျယ်သောပွဲတော်တစ်ခုကို စနစ်တကျစီစဉ်လိုက်သည်။ အဆိုပါပွဲတော်သို့ ဣသရေလနိုင်ငံရှိ ဗာလကိုဝတ်ပြုသူအားလုံး ရောက်လာကြ၏။ ဗာလဝတ်ကျောင်းအတွင်း ချောင်ပိတ်မိနေသည့် သူတို့အားလုံးကို ယေဟု၏လူများက ကွပ်မျက်လိုက်ကြသည်။ သမ္မာကျမ်းစာက “ဗာလကို ဣသရေလပြည်မှ ပယ်ရှားဖျက်ဆီးလေ၏” ဟူ၍ ယင်းမှတ်တမ်းကို နိဂုံးချုပ်ထားသည်။—၄ ဓမ္မရာဇဝင် ၁၀:၁၈-၂၈။
၁၉။ ယေဟောဝါအပေါ်သစ္စာရှိသည့် ဝတ်ပြုသူများတွင် ပါဝင်သော “လူအုပ်ကြီး” ကို အဘယ်ထူးမြတ်သည့်အလားအလာက စောင့်ကြိုနေသနည်း။
၁၉ ဗာလဝတ်ပြုရေးသည် ဣသရေလပြည်မှ လုံးဝပပျောက်သွားခဲ့သည်။ ထိုနည်းတူ ဤလောက၏ မဟာဗာဗုလုန်သည်လည်း ရုတ်တရက် တုန်လှုပ်ဖွယ် ဇာတ်သိမ်းသွားတော့မည်။ ထိုတရားစီရင်ရာနေ့ကြီးတွင် အသင် မည်သူ့ဘက်ရပ်တည်မည်နည်း။ သင်သည် ယခုပင် ပြတ်ပြတ်သားသား လုပ်ဆောင်မည်ဆိုပါက “ကြီးစွာသောဆင်းရဲ” ခြင်းတွင် ကပ်ကျော်ကြမည့် ‘လူအုပ်ကြီး’ အဝင် ဖြစ်ခွင့်ရပေမည်။ ထို့နောက် သင်သည် ရွှင်လန်းမှုဖြင့် အတိတ်ကို အမှတ်ရပြီး “မိမိမတရားသောမေထုန်အားဖြင့် မြေကြီးကို ပုပ်ပျက်စေသော ပြည့်တန်ဆာကြီး” အပေါ် ဘုရားသခင်တရားစီရင်လိုက်သည့်အတွက် ကိုယ်တော်အား ချီးမွမ်းပါလိမ့်မည်။ ‘အတိုင်းအဆမဲ့တန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင်သည် စိုးစံတော်မူ၏’ ဟူ၍ ကောင်းကင်တမန်များ သီဆိုနေကြသည့် အဆိုပါပီတိဖြစ်ဖွယ်စာသားများကို စစ်မှန်သော အခြားဝတ်ပြုသူများနှင့် တညီတညွတ်တည်း သင်လက်ခံပေမည်။—ဗျာ. ၇:၉၊ ၁၀၊ ၁၄; ၁၉: ၁၊ ၂၊ ၆။
တွေးတောဆင်ခြင်ရန် မေးခွန်းများ
• ရှေးဣသရေလနိုင်ငံသည် ဗာလကိုးကွယ်သည့်အပြစ်ကို မည်သို့ကျူးလွန်ခဲ့သနည်း။
• အဘယ်အယူဖောက်ပြန်မှုကြီးအကြောင်း ကျမ်းစာကြိုဟောခဲ့ပြီး မည်သို့ပြည့်စုံခဲ့သနည်း။
• ဗာလဝတ်ပြုရေးကို ယေဟုမည်သို့ဖယ်ရှားခဲ့သနည်း။
• ကျွန်ုပ်တို့သည် ဘုရားသခင်၏တရားစီရင်ရာနေ့ကို ကပ်ကျော်ရန် အဘယ်အရာပြုလုပ်ကြရမည်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၅ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
စောခေါ
အာဖက်
ဟေလကတ်
ယောကနမ်
မေဂိဒ္ဒေါ
တာနက်
ဒေါသန်
ရှမာရိ
အင်ဒေါရ
ရှုနင်
ဩဖရ
ယေဇရေလ
ဣဗလံ (ဂါသ-ရိမ္မုန်)
တိရဇ
ဗက်-ရှေမက်
ဗက်ရှန်
ဂိလဒ်-ယာဗက်?
အာဗေလမဟောလ
ဗေသာဗေလ
ဂိလဒ်-ရာမုတ်
Mountain Peaks
ကရမေလတောင်
တာဗော်တောင်
မောရေ
ဂိလဗောတောင်
[Bodies of water]
မြေထဲပင်လယ်
ဂါလိလဲပင်လယ်
[River]
ယော်ဒန်မြစ်
[Spring and well]
ဟာရုတ်ရေတွင်း
[Credit Line]
Based on maps copyrighted by Pictorial Archive (Near Eastern History) Est. and Survey of Israel
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံများ]
ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းတွင် မှန်မှန်ပါဝင်ခြင်းနှင့် ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရောက်ခြင်းတို့သည် စစ်မှန်သောဝတ်ပြုရေး၏ အရေးကြီးကဏ္ဍများဖြစ်
[စာမျက်နှာ ၂၈၊ ၂၉ ပါ ရုပ်ပုံ]
ယေဟောဝါ၏နေ့ကို ကပ်ကျော်လိုသူအားလုံး ယေဟုကဲ့သို့ ပြတ်ပြတ်သားသား လုပ်ဆောင်ကြရမည်