ပွဲတော်ရာသီ သင်မျှော်လင့်သည့်အတိုင်း ဖြစ်လိမ့်မည်လော
ပွဲတော်ရာသီ သင်မျှော်လင့်သည့်အတိုင်း ဖြစ်လိမ့်မည်လော
“ဇန်နဝါရီ ၁ ရက်နေ့တွင် ချာ့ခ်ျတိုင်း၌ အထူးနှစ်သစ်ကူးပွဲကျင်းပရန် [မဟာ] ပီတာက အမိန့်ပေးခဲ့သည်။ ထို့ပြင် အိမ်တွင်းရှိတံခါးတိုင်များကို အမြဲစိမ်းသစ်ခက်များဖြင့် အလှဆင်ရန် ညွှန်ကြားခဲ့သည်။ နှစ်သစ်တွင် မော်စကိုမြို့သူမြို့သားအားလုံး တစ်ဦးကိုတစ်ဦး ‘အသံကျယ်ကျယ်နှုတ်ဆက်ကာ ပျော်ရွှင်မြူးထူးမှုကိုဖော်ပြ’ ရမည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။”—မဟာပီတာ—သူ့ဘဝနှင့် သူ့လောက။
ပွဲတော်ရာသီဟု ခေါ်ဆိုကြသည့်ကာလအတွင်း အဘယ်အရာကို သင်မျှော်လင့်သနည်း။ ကမ္ဘာတစ်ဝန်းရှိလူတို့က ဤရာသီသည် ခရစ်တော်ဖွားမြင်သည့်နေ့ဖြစ်သော ခရစ္စမတ်ကို အခြေခံသည်ဟုဆိုသော်လည်း ယင်းတွင် နှစ်သစ်ကူးပွဲတော်လည်းပါဝင်သည်ဟု ဆိုကြသည်။ ထို့ကြောင့် ယင်းသည် အချိန်ကြာရှည်သော ပွဲတော်ကာလဖြစ်သည်။ ထိုအချိန်အတွင်း မိဘများနှင့် သားသမီးများသည် အားလပ်ရက်ယူကြသောကြောင့် မိသားစုများ အတူတကွ တွေ့ဆုံပေါင်းသင်းရန် အကောင်းဆုံးအခါသမယ ဖြစ်ဟန်တူသည်။ သို့သော် အချို့က နှစ်၏ဤအချိန်တွင် ခရစ်တော်အား ဂုဏ်တင်လိုသောကြောင့် ဤရာသီကို “ခရစ္စမတ်ရာသီ” ဟုယူမှတ်ကြသည်။ သင်လည်း ယင်းကို ဤရာသီ၏ အရေးအကြီးဆုံးကဏ္ဍဟု ယူမှတ်ပေမည်။
ခရစ်တော်အား ဂုဏ်တင်လို၍ဖြစ်စေ၊ မိသားစုများ ပျော်ရွှင်လို၍ဖြစ်စေ၊ နှစ်မျိုးစလုံးကြောင့်ပင်ဖြစ်စေ ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသော ခင်ပွန်းသည်များ၊ ဇနီးသည်များနှင့် ကလေးများတို့သည် ဤအချိန်ကို စိတ်အားထက်သန်စွာ စောင့်မျှော်ကြသည်။ ဤနှစ်တွင်ကော။ မိသားစုအတွက် အထူးအချိန်အခါ ဖြစ်မည်လော၊ ဘုရားသခင်အတွက် ဖြစ်မည်လော။ မိသားစုလိုက် အတူတကွဆုံဆည်းခွင့်ရပါက ယင်းသည် သင်မျှော်လင့်ထားသည့် အတိုင်းဖြစ်မည်လော သို့မဟုတ် သင့်ကို စိတ်ပျက်စေမည်လော။
ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတို့ကို ကျင်းပရာတွင် ခရစ်တော်၏အသက်တာနှင့် လုံးဝမပတ်သက်သောအရာများပါဝင်ကြောင်း ဘာသာရေးအသွင်အပြင်ကို မျှော်လင့်သူများစွာက သတိပြုမိကြသည်။ ယင်းအစား ပွဲတော်ရာသီသည် လက်ဆောင်များရရှိရန်၊ ခရစ်တော်အား ဂုဏ်ပျက်စေသည့် အကျင့်များပါဝင်သော ပါတီပွဲကျင်းပရန် သို့မဟုတ် မိသားစုပြန်လည်ဆုံတွေ့ပွဲကျင်းပရန်အတွက်မျှသာ ဖြစ်လာသည်။ ထိုသို့ဆုံစည်းခြင်းက မိသားစုဝင်တစ်ဦး သို့မဟုတ် အချို့တို့၏ အစားအသောက်လွန်ကြူးမှု၊ အိမ်တွင်းအကြမ်းဖက်မှုဖြစ်စေသည့် အငြင်းပွားမှုတို့ကြောင့် မကြာခဏ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရသည်။ ယင်းကို သင်သတိပြုမိပေမည် သို့မဟုတ် သင့်ကိုယ်တွေ့ပင်ဖြစ်ခဲ့ပေမည်။
ထိုသို့ဖြစ်ပါက အစပိုင်း၌ဖော်ပြခဲ့သော ရုရှားဇာဘုရင် မဟာပီတာ၏လက်ထက်နှင့်ယှဉ်လျှင် အနည်းငယ်ပြောင်းလဲခဲ့ပြီဟု သင် ယူမှတ်ပေမည်။ လက်ရှိအခြေအနေများကို စိတ်ပျက်သောကြောင့် လူများစွာက ပွဲတော်ရာသီကို ဘာသာရေးအကြောင်း အလေးအနက်စဉ်းစားချိန်နှင့် အကျိုးပြုသောမိသားစုပေါင်းသင်းချိန် ဖြစ်စေလိုကြသည်။ အချို့က ဤရာသီ၏ အကြောင်းရင်းမှာ ယေရှုသာလျှင် အဓိကပါ စသည့်ဆောင်ပုဒ်များသုံးကာ ပြောင်းလဲရန်အတွက်ပင် လှုပ်ရှားခဲ့ကြသည်။ သို့သော် ပြောင်းလဲမှုက ထိရောက်မှုရှိနိုင်ပါမည်လော။ ယင်းက ခရစ်တော်အား အမှန်ပင် ဂုဏ်တင်နိုင်မည်လော။ ပွဲတော်ရာသီကို အခြားရှုထောင့်မှမြင်စေသော အကြောင်းပြချက်များရှိသလော။
ကျေနပ်ဖွယ်အဖြေရရှိရန် နှစ်၏ဤအချိန်ကို တန်ဖိုးထားလေးမြတ်ဖို့ အထူးအကြောင်းပြချက်ရှိသည့် လူမျိုးတစ်မျိုး၏အမြင်မှ အခြေအနေကို သုံးသပ်ကြည့်ကြစို့။