မည်သူ၏စကားကို သင်နားထောင်မည်နည်း—ဘုရားသခင်၏စကားတော်ကိုလော၊ လူ၏စကားကိုလော
မည်သူ၏စကားကို သင်နားထောင်မည်နည်း—ဘုရားသခင်၏စကားတော်ကိုလော၊ လူ၏စကားကိုလော
“လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏။”—တမန်တော် ၅:၂၉။
၁။ (က) ဤဆောင်းပါး၏ အဓိကကျမ်းချက်ကား အဘယ်နည်း။ (ခ) အဘယ်အကြောင်းကြောင့် တမန်တော်များ အဖမ်းခံခဲ့ရသနည်း။
ဂျူးတရားရုံးချုပ်မှ တရားသူကြီးများသည် ဒေါသူပုန်ထနေကြပေမည်။ အကျဉ်းသားများ ပျောက်နေ၏။ ထိုသူတို့မှာ အစောပိုင်း ရက်သတ္တပတ်အနည်းငယ်က တရားရုံးချုပ်မှ သေဒဏ်ချမှတ်လိုက်သည့် ယေရှုခရစ်၏ တမန်တော်များဖြစ်ကြသည်။ ယခု တရားရုံးချုပ်သည် ကိုယ်တော်၏အရင်းနှီးဆုံး နောက်လိုက်များ၏အမှုကို ကိုင်တွယ်ဖို့ အသင့်ဖြစ်နေပြီ။ သို့သော် အစောင့်များက သူတို့ကို သွားခေါ်သောအခါ ထောင်တံခါးကို သော့ခတ်ထားသော်လည်း အထဲတွင် တစ်ယောက်မျှမရှိတော့ချေ။ မကြာမီ တမန်တော်များသည် ယေရုရှလင်မြို့ရှိ ဝတ်ပြုရာအိမ်တော်တွင် ယေရှုခရစ်အကြောင်းကို လူတို့အား မကြောက်မရွံ့ သွန်သင်ပေးနေသည်ကို အစောင့်များ သိလိုက်ကြရ၏။ ယခင်က ယင်းသို့သွန်သင်ပေးခြင်းကြောင့်ပင် သူတို့အဖမ်းခံခဲ့ရပြီးဖြစ်သည်။ အစောင့်များသည် ဝတ်ပြုရာအိမ်တော်သို့ ချက်ချင်းသွားကြပြီး တမန်တော်များကိုဖမ်းကာ တရားရုံးချုပ်သို့ ပြန်ခေါ်လာခဲ့ကြသည်။—တမန်တော် ၅: ၁၇-၂၇။
၂။ ကောင်းကင်တမန်တစ်ပါးက တမန်တော်များကို အဘယ်အရာလုပ်ဆောင်ရန် မိန့်မှာခဲ့သနည်း။
၂ ကောင်းကင်တမန်တစ်ပါးက တမန်တော်များကို အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည်။ သို့ပြုခြင်းက သူတို့ နောက်ထပ် နှိပ်စက်ညှဉ်းပန်းခြင်းမှ လွတ်ရန်လော။ မဟုတ်ပါ။ ယေရှုခရစ်နှင့်ပတ်သက်သည့် သတင်းကောင်းကို ယေရုရှလင်မြို့သားများ ကြားနာသင့်၍ဖြစ်၏။ ကောင်းကင်တမန်က “အသက်ရှင်ခြင်းတရားစကားအလုံးစုံကို လူများတို့အား ဟောပြောပြကြလော့” ဟု တမန်တော်များကို ညွှန်ကြားထား၏။ (တမန်တော် ၅:၁၉၊ ၂၀) ထို့ကြောင့် ဝတ်ပြုရာအိမ်တော်သို့ အစောင့်များ ရောက်လာသောအခါ တမန်တော်များသည် ကောင်းကင်တမန်ညွှန်ကြားထားသည့်အတိုင်း နာခံမှုရှိရှိ လုပ်ဆောင်နေသည်ကို တွေ့ရှိခဲ့ကြသည်။
၃၊ ၄။ (က) မဟောပြောရန် အမိန့်ပေးခံရသည့်အခါ ပေတရုနှင့်ယောဟန်တို့သည် မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ (ခ) အခြားသောတမန်တော်တို့ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။
၃ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားသည့် ဟောပြောသူနှစ်ဦးဖြစ်သော တမန်တော်ပေတရုနှင့် တမန်တော်ယောဟန်တို့သည် ယခင်က တရားရုံးသို့ ရောက်ခဲ့ပြီးဖြစ်သည်။ ထိုစဉ်က တရားသူကြီးချုပ် ယောသပ် ကယာဖသည် သူတို့အား ပြင်းပြင်းထန်ထန် သတိပေးခဲ့၏။ သူက “[ယေရှု၏] နာမကိုအမှီပြု၍ မဆုံးမ၊ မသွန်သင်မည်အကြောင်း ငါတို့သည် သင်တို့အား ကျပ်တည်းစွာ စီရင်မှာထားသည်မဟုတ်လော။ ယခုကြည့်ကြ။ ယေရုရှလင်မြို့ကို သင်တို့အယူဝါဒနှင့်ပြည့်စေသည်” ဟုဆိုခဲ့၏။ (တမန်တော် ၅:၂၈) ကယာဖသည် ပေတရုနှင့် ယောဟန်တို့ကို တရားရုံး၌ ပြန်တွေ့ရသည့်အတွက် မအံ့သြသင့်ချေ။ မဟောပြောရန် ဦးဆုံးအကြိမ် အမိန့်ပေးသောအခါ တမန်တော်နှစ်ဦးက “ဘုရားသခင်၏စကားတော်ကို နားထောင်သည်ထက် သင်တို့၏စကားကို သာ၍နားထောင်သော်၊ ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်းမည်ကို ဆင်ခြင်၍စီရင်ကြလော့။ ငါတို့သည် ကြားလျက်၊ မြင်လျက်ရှိသောအရာတို့ကို မဟောမပြောဘဲမနေနိုင်” ဟု ပြောဆိုခဲ့ကြသည်။ ပေတရုနှင့်ယောဟန်တို့သည် ရှေးပရောဖက်ယေရမိကဲ့သို့ မဟောပြောဘဲ မနေနိုင်ခဲ့ကြချေ။—တမန်တော် ၄:၁၈-၂၀; ယေရမိ ၂၀:၉။
၄ ပေတရုနှင့်ယောဟန်တို့သာမက ရွေးချယ်ထားခါစ တမန်တော်မဿိအပါအဝင် တမန်တော်အားလုံးသည် တရားရုံးတွင် မိမိတို့၏အနေအထားကို ပြောပြခွင့်ရှိကြသည်။ (တမန်တော် ၁:၂၁-၂၆) မဟောပြောရန် အမိန့်ပေးခံရသည့်အခါ အခြားသောတမန်တော်တို့ကလည်း “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏” ဟု ရဲရင့်စွာ ပြန်ပြောခဲ့ကြသည်။—တမန်တော် ၅:၂၉။
ဘုရားသခင်၏စကားတော်ကို နားထောင်ခြင်းနှင့် လူ၏စကားကို နားထောင်ခြင်း
၅၊ ၆။ တမန်တော်များသည် တရားရုံးအမိန့်ကို အဘယ်ကြောင့် မလိုက်နာခဲ့ကြသနည်း။
၅ တမန်တော်များသည် သာမန်အားဖြင့် ဥပဒေကိုလိုက်နာသူများဖြစ်ကြရာ တရားရုံးအမိန့်ကို ဖီဆန်ကြမည်မဟုတ်ပေ။ သို့ရာတွင် အစွမ်းတန်ခိုး မည်မျှရှိသည့် လူသားပင်ဖြစ်ပါစေ အခြားလူတစ်ဦးအား ဘုရားသခင့်မိန့်မှာချက်တစ်ခုကို ဖီဆန်ရန် အမိန့်ပေးပိုင်ခွင့်မရှိချေ။ ယေဟောဝါသည် “မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသော” ဘုရားသခင်ဖြစ်တော်မူ၏။ (ဆာလံ ၈၃:၁၈) ကိုယ်တော်သည် “မြေကြီးတစ်ပြင်လုံးကို တရားစီရင်တော်မူသောအရှင်” ဖြစ်သည်သာမက အကြီးမြတ်ဆုံးသော ပညတ်ပေးရှင်နှင့် ထာဝရဘုရင်လည်း ဖြစ်တော်မူ၏။ ဘုရားသခင့်မိန့်မှာချက်တစ်ခုကို ပယ်ဖျက်ရန်ကြိုးစားသည့် အဘယ်တရားရုံးအမိန့်မဆို ဘုရားသခင်ဘက်မှကြည့်လျှင် တရားမဝင်ချေ။—ကမ္ဘာဦး ၁၈:၂၅၊ သမ္မာ; ဟေရှာယ ၃၃:၂၂။
၆ ဤအချက်ကို အတော်ဆုံးဥပဒေကျွမ်းကျင်သူတချို့ကပင် အသိအမှတ်ပြုခဲ့ကြပြီ။ ဥပမာ၊ ၁၈ ရာစုမှ နာမည်ကြီး အင်္ဂလိပ်ဥပဒေပညာရှင် ဝီလျံ ဘလက်ခ်စတုန်းက သမ္မာကျမ်းစာတွင် တွေ့ရှိရသည့် “ဖွင့်ပြခြင်းဆိုင်ရာ နိယာမတရား” ကို ဆန့်ကျင်ရန် အဘယ်လူ့ဥပဒေကိုမျှ အခွင့်မပေးသင့်ဟု ရေးသားခဲ့သည်။ သို့ဖြစ်၍ တမန်တော်များအား မဟောပြောရန် အမိန့်ပေးသည့်အခါ ဆဲန်ဟီဒရင်သည် ၎င်းရရှိထားသည့် အခွင့်အာဏာဘောင်ကို ကျော်ခြင်းဖြစ်သည်။ ယင်းအမိန့်ကို တမန်တော်များ မလိုက်နာနိုင်ပါ။
၇။ ဟောပြောခြင်းလုပ်ငန်းသည် ယဇ်ပုရောဟိတ်အကြီးများအား အဘယ်ကြောင့် ဒေါသထွက်စေခဲ့သနည်း။
၇ တမန်တော်များသည် ဆက်ဟောပြောရန် ဆုံးဖြတ်ချက်ချထားသည့်အတွက် ယဇ်ပုရောဟိတ်အကြီးများ ဒေါသထွက်ခဲ့ကြသည်။ ကယာဖအပါအဝင် ယဇ်ပုရောဟိတ်အဖွဲ့ဝင်တချို့သည် ရှင်ပြန်ထမြောက်ခြင်းကို မယုံကြည်သော ဇဒ္ဒုကဲများဖြစ်ကြသည်။ (တမန်တော် ၄:၁၊ ၂; ၅:၁၇) သို့တိုင် တမန်တော်များကမူ ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ပြီးဖြစ်ကြောင်း အခိုင်အမာပြောဆိုနေကြ၏။ ထို့အပြင် ယဇ်ပုရောဟိတ်အကြီးတချို့သည် ရောမအာဏာပိုင်များ၏ မျက်နှာသာရဖို့ အကြီးအကျယ် ကြိုးစားအားထုတ်ကြသည်။ ယေရှု၏အမှုကိုစစ်ဆေးစဉ် ကိုယ်တော်အား ၎င်းတို့၏ရှင်ဘုရင်အဖြစ်လက်ခံရန် ပိလတ်ပြောသောအခါ ယဇ်ပုရောဟိတ်အကြီးများက “အကျွန်ုပ်တို့၌ ကဲသာဘုရင်မှတစ်ပါး အဘယ်ရှင်ဘုရင်မျှမရှိပါ” ဟု ဟစ်အော်သည်အထိပင် ဖြစ်ခဲ့ကြသည်။ (ယောဟန် ၁၉:၁၅) * တမန်တော်များသည် ယေရှုရှင်ပြန်ထမြောက်ခဲ့ပြီးဖြစ်ကြောင်း အခိုင်အမာပြောဆိုရုံသာမက ယေရှု၏နာမမှလွဲ၍ “ငါတို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက်လူတို့တွင် မပေါ်မရှိ” ဟုလည်း သွန်သင်ပေးနေကြသည်။ (တမန်တော် ၂:၃၆; ၄:၁၂) လူတို့သည် ရှင်ပြန်ထမြောက်ခဲ့ပြီးဖြစ်သည့် ယေရှုအား ၎င်းတို့၏ခေါင်းဆောင်အဖြစ် တင်မြှောက်မည်ဆိုလျှင် ရောမလူတို့ရောက်လာပြီး ဂျူးခေါင်းဆောင်များ၏ ‘အရပ်ဌာနနှင့် အမျိုး’ ကို ဖျက်ဆီးလိုက်မည်ကို ယဇ်ပုရောဟိတ်များ ပူပန်ခဲ့ကြသည်။—ယောဟန် ၁၁:၄၈။
၈။ ဂါမလျေလသည် ဆဲန်ဟီဒရင်ကို အဘယ်ပညာရှိအကြံဉာဏ် ပေးခဲ့သနည်း။
၈ ယေရှုခရစ်၏တမန်တော်များအတွက် အနာဂတ်အရေးမှာ မျှော်လင့်ချက်မဲ့သယောင်ရှိ၏။ ဆဲန်ဟီဒရင်မှ တရားသူကြီးများသည် ၎င်းတို့ကို သေဒဏ်ပေးဖို့ ဆုံးဖြတ်လိုက်ကြပြီ။ (တမန်တော် ၅:၃၃) သို့သော် မထင်မှတ်ထားသည့် အပြောင်းအလဲတစ်ခု ဖြစ်ပျက်ခဲ့၏။ ပညတ်တရားကျွမ်းကျင်သူ ဂါမလျေလသည် မတ်တတ်ရပ်ပြီး ၎င်း၏လုပ်ဖော်ဆောင်ဖက်များကို အလျင်စလိုမပြုမူကြရန် သတိပေးလိုက်၏။ သူက “ဤအကြံ၊ ဤအမှုသည် လူ၏အကြံ၊ လူ၏အမှုဖြစ်လျှင် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။ ဘုရားသခင်၏အကြံအမှုဖြစ်လျှင် သင်တို့သည် မဖျက်ဆီးနိုင်ကြ” ဟု ပညာရှိရှိ တင်ပြလိုက်သည်။ ထို့နောက် “သင်တို့သည် ဘုရားသခင်၏အာဏာတော်ကို ဆန်သောသူမဖြစ်မည်အကြောင်း သတိပြုကြလော့” ဟုလည်း ဂါမလျေလ ထပ်ဆိုလိုက်သည်။—တမန်တော် ၅:၃၄၊ ၃၈၊ ၃၉။
၉။ တမန်တော်များ၏လုပ်ဆောင်မှုသည် ဘုရားသခင်၏အကြံအစည်ဖြစ်ကြောင်း အဘယ်အရာက သက်သေထူသနည်း။
၉ အံ့ဩစရာမှာ ဂါမလျေလ၏အကြံဉာဏ်ကို တရားရုံးက လက်ခံလိုက်၏။ ဆဲန်ဟီဒရင်သည် “တမန်တော်တို့ကိုခေါ်၍ ရိုက်နှက်ပြီးမှ၊ ယေရှု၏နာမကိုအမှီပြုလျက် မဟောမပြောမည်အကြောင်း မြစ်တား၍လွှတ်” လိုက်၏။ သို့သော် တမန်တော်များသည် ကြောက်ရွံ့မည့်အစား ဟောပြောပါဟူသော ကောင်းကင်တမန်၏ညွှန်ကြားချက်ကို လိုက်နာရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့နှင့် သူတို့လွတ်မြောက်လာကြပြီးနောက် ‘ဝတ်ပြုရာအိမ်တော်၌လည်းကောင်း၊ အိမ်၌လည်းကောင်း နေ့တိုင်းအစဉ် ဆုံးမသွန်သင်လျက်၊ ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏။’ (တမန်တော် ၅:၄၀၊ ၄၂) ၎င်းတို့၏ကြိုးစားအားထုတ်မှုများကို ယေဟောဝါ ကောင်းချီးပေးခဲ့၏။ အဘယ်အတိုင်းအတာထိနည်း။ ‘ဘုရားသခင်၏စကားတော်သည် တိုးပွားသဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန်ပွားများ’ လာလေသည်။ အမှန်ဆိုရလျှင် “ယဇ်ပုရောဟိတ်အပေါင်းတို့” ပင် “ယုံကြည်ခြင်းတရားကို နားထောင်” ခဲ့ကြသည်။ (တမန်တော် ၆:၇) ယဇ်ပုရောဟိတ်အကြီးများ တုန်လှုပ်ချောက်ချားသွားလိုက်မည်ဖြစ်ခြင်း။ တမန်တော်များ၏လုပ်ဆောင်မှုသည် ဘုရားသခင်၏အကြံအစည်ဖြစ်ကြောင်း သက်သေသာဓကများစွာရှိသည်။
ဘုရားသခင်အား ဆန့်ကျင်တိုက်ခိုက်သူများ မအောင်မြင်နိုင်ကြ
၁၀။ လူ့ရှုထောင့်မှကြည့်လျှင် ခေးယာဖတ်စ်သည် ၎င်း၏ရာထူးတည်မြဲမည်ဟု အဘယ်ကြောင့်ယူမှတ်ခဲ့သနည်း။ သို့သော် ၎င်း၏ယုံကြည်ကိုးစားမှုသည် အဘယ်ကြောင့်လွဲမှားခဲ့သနည်း။
၁၀ ပထမရာစုတွင် ဂျူးယဇ်ပုရောဟိတ်မင်းများကို ရောမအာဏာပိုင်များက ခန့်ထားခဲ့ကြသည်။ ချမ်းသာကြွယ်ဝသော ယောသပ် ကယာဖကို ဗလဲရီးယပ်စ် ဂရာတပ်စ်က ခန့်အပ်ခဲ့ရာ ၎င်း၏လုပ်သက်သည် ယခင် ယဇ်ပုရောဟိတ်မင်းများထက် ပို၍ကြာရှည်ခဲ့၏။ မိမိအာဏာတည်တံ့ရခြင်းမှာ ဘုရားသခင်၏အကြံအစည်ကြောင့်ဖြစ်သည်ဟု ယူမှတ်မည့်အစား မိမိ၏လူမှုဆက်ဆံရေးကျွမ်းကျင်မှုကြောင့်၊ ပိလတ်နှင့် ပုဂ္ဂိုလ်ရေးခင်မင်ရင်းနှီးမှုကြောင့်ဖြစ်သည်ဟု ကယာဖယူမှတ်ခဲ့သည်။ အဘယ်အကြောင်းကြောင့်ပင်ဖြစ်ပါစေ လူတို့အပေါ် ကယာဖယုံကြည်ကိုးစားခြင်းက လွဲမှားမှုတစ်ရပ်ဖြစ်ကြောင်း သက်သေထူ၏။ ဆဲန်ဟီဒရင်ရှေ့မှောက် တမန်တော်များ ရောက်လာပြီးနောက် သုံးနှစ်အကြာတွင် ကယာဖသည် ရောမအာဏာပိုင်များ၏ မျက်နှာသာဆုံးရှုံးခဲ့ရပြီး ယဇ်ပုရောဟိတ်မင်းအဖြစ်မှလည်း ဖယ်ရှားခံလိုက်ရလေသည်။
၁၁။ ပုန္တိပိလတ်နှင့် ဂျူးအစီအစဉ်စနစ် အဘယ်သို့အဆုံးသတ်သွားသနည်း။ ယင်းနှင့်စပ်လျဉ်း၍ သင်၏ကောက်ချက်ကား အဘယ်နည်း။
၁၁ ကယာဖအား ရာထူးမှထုတ်ပစ်ရန် ပိလတ်၏အထက်အရာရှိ ရှုရိဘုရင်ခံ လူကီးယပ်စ် ဗိုင်တဲလီးယပ်စ်က အမိန့်ပေးလိုက်ရာ ကယာဖ၏ရင်းနှီးသောမိတ်ဆွေ ပိလတ်မှာ ဘာမျှမတတ်နိုင်တော့ချေ။ အမှန်ဆိုရလျှင် ကယာဖရာထူးကျပြီးနောက် တစ်နှစ်အကြာတွင် ပိလတ်ကိုယ်တိုင်လည်း ရာထူးမှဖယ်ရှားခံလိုက်ရပြီး ပြင်းထန်သောစွဲချက်များကို လျှောက်လဲရန် ရောမသို့ ဆင့်ခေါ်ခံခဲ့ရ၏။ ကဲသာကိုယုံကြည်ကိုးစားခဲ့သော ဂျူးခေါင်းဆောင်များ၏ ‘အရပ်ဌာနနှင့် အမျိုး’ ကို ရောမတို့ အမှန်ပင်ဖယ်ရှားလိုက်လေသည်။ ဝတ်ပြုရာအိမ်တော်နှင့် ဆဲန်ဟီဒရင်ခန်းမအပါအဝင် ယေရုရှလင်မြို့ကို ရောမစစ်တပ် လုံးဝဖျက်ဆီးခဲ့ချိန် စီ.အီး. ၇၀ ပြည့်နှစ်တွင် ယင်းသို့ဖြစ်ပျက်ခဲ့၏။ ဤအဖြစ်သည် “မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်” ဟူသော ဆာလံဆရာ၏စကားများ မည်မျှမှန်ကန်ကြောင်း သက်သေထူလိုက်ခြင်းပါတကား။—ယောဟန် ၁၁:၄၈; ဆာလံ ၁၄၆:၃။
၁၂။ ဘုရားသခင်၏စကားတော်ကို နားထောင်ခြင်းသည် ဉာဏ်ပညာရှိလမ်းစဉ်ဖြစ်ကြောင်း ယေရှု၏ဖြစ်ရပ်က မည်သို့သက်သေထူသနည်း။
၁၂ အခြားတစ်ဖက်၌မူ ဘုရားသခင်သည် ရှင်ပြန်ထမြောက်ခဲ့ပြီးဖြစ်သော ယေရှုခရစ်အား မဟာဝိညာဉ်ရေးဝတ်ပြုရာအိမ်တော်၏ ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ခန့်အပ်ခဲ့သည်။ အဆိုပါခန့်အပ်မှုကို မည်သူကမျှ မပယ်ဖျက်နိုင်ပါ။ အမှန်မှာ ယေရှုသည် “မပြောင်းမလဲသော ယဇ်ပုရောဟိတ်အရာကို ရရှိတော်မူ၏။” (ဟေဗြဲ ၂:၉; ၇:၁၇၊ ၂၄; ၉:၁၁) ထို့ပြင် ဘုရားသခင်သည် ယေရှုအား အသက်ရှင်သောသူနှင့် သေသောသူတို့ကို စီရင်သောတရားသူကြီးအဖြစ် ခန့်အပ်ခဲ့သည်။ (၁ ပေတရု ၄:၅) ထိုရာထူးဖြင့် ယေရှုသည် အနာဂတ်တွင် ကယာဖနှင့် ပုန္တိပိလတ်တို့ အသက်ပြန်ရှင်နိုင်ခွင့်ရှိမရှိ ဆုံးဖြတ်ပါလိမ့်မည်။—မဿဲ ၂၃:၃၃; တမန်တော် ၂၄:၁၅။
မျက်မှောက်ခေတ် ရဲရင့်သော ဘုရားသခင့်နိုင်ငံတော်ဟောပြောသူများ
၁၃။ မျက်မှောက်ခေတ်တွင် အဘယ်လုပ်ဆောင်မှုသည် လူ၏အကြံအစည်ဖြစ်ကြောင်း၊ အဘယ်လုပ်ဆောင်မှုကမူ ဘုရားသခင်၏အကြံအစည်ဖြစ်ကြောင်း သက်သေထူခဲ့သနည်း။ အဘယ်ကြောင့် ထိုသို့ပြောနိုင်သနည်း။
၁၃ ပထမရာစုကဲ့သို့ ကျွန်ုပ်တို့၏ခေတ်တွင်လည်း “ဘုရားသခင်၏အာဏာတော်ကို ဆန်သောသူ” များစွာရှိ၏။ (တမန်တော် ၅:၃၉) ဥပမာ၊ ဂျာမနီနိုင်ငံတွင် ယေဟောဝါသက်သေများသည် အဒေါ့ဖ် ဟစ်တလာအား မိမိတို့၏ခေါင်းဆောင်အဖြစ် မချီးမွမ်းကြသည့်အတွက် ဟစ်တလာက ၎င်းတို့ကို မျိုးဖြုတ်ရန် ကြိမ်းဝါးခဲ့သည်။ (မဿဲ ၂၃:၁၀) ဟစ်တလာ၏ ကျွမ်းကျင်သော သေမင်းတမန်အဖွဲ့သည် လိုသည်ထက်ပို၍ စွမ်းဆောင်နိုင်ခဲ့ပုံရ၏။ နာဇီတို့သည် သက်သေခံထောင်ပေါင်းများစွာအား ဖမ်းဆီးခြင်းနှင့် ချွေးတပ်စခန်းများသို့ပို့ခြင်းတွင် အောင်မြင်ခဲ့ကြသည်။ သူတို့သည် သက်သေခံတချို့ကိုပင် ကွပ်မျက်နိုင်ခဲ့ကြ၏။ သို့သော် နာဇီတို့သည် ဘုရားသခင်တစ်ပါးတည်းကိုသာ ကိုးကွယ်မည်ဟူသော သက်သေခံတို့၏ဆုံးဖြတ်ချက်ကို မချိုးဖျက်နိုင်ခဲ့သည့်အပြင် ဘုရားသခင့်ကျေးကျွန်များကို အုပ်စုလိုက်အနေနှင့်လည်း မဖယ်ရှားနိုင်ခဲ့ကြချေ။ ထိုခရစ်ယာန်များ၏လုပ်ဆောင်မှုသည် လူ၏အကြံအစည်မဟုတ်ဘဲ ဘုရားသခင်၏အကြံအစည်ဖြစ်သည်။ ထို့ကြောင့် မှောက်လှန်၍မရနိုင်ချေ။ နှစ်ပေါင်းခြောက်ဆယ်ကြာပြီးနောက် ဟစ်တလာ၏ချွေးတပ်စခန်းများမှ အသက်ရှင်လွတ်မြောက်လာသော သစ္စာရှိသူများသည် ယေဟောဝါ၏အမှုတော်ကို “စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှနှင့်” ထမ်းဆောင်နေဆဲဖြစ်သော်လည်း ဟစ်တလာနှင့် သူ၏နာဇီပါတီမှာမူ နာမည်ဆိုးဖြင့် သမိုင်းတွင်ရစ်သွားလေသည်။—မဿဲ ၂၂:၃၇။
၁၄။ (က) ဆန့်ကျင်သူများသည် ဘုရားသခင့်ကျေးကျွန်များအကြောင်း မဟုတ်မမှန်ပြောဆိုရန် အဘယ်သို့ကြိုးပမ်းခဲ့ကြပြီး ရလဒ်ကားအဘယ်နည်း။ (ခ) ထိုသို့သောကြိုးပမ်းမှုများက ဘုရားသခင့်လူမျိုးတော်ကို အမြဲထိခိုက်စေမည်လော။ (ဟေဗြဲ ၁၃:၅၊ ၆)
၁၄ နာဇီတို့နှိပ်စက်ညှဉ်းပန်းသည့် နှစ်များတစ်လျှောက်တွင် အခြားသူတို့သည်လည်း ယေဟောဝါနှင့် ကိုယ်တော့်လူမျိုးကို ဆန့်ကျင်ကြသော်လည်း အနိုင်မရပါ။ ဥရောပနိုင်ငံများစွာတွင် စဉ်းလဲကောက်ကျစ်သော ဘာသာရေးနှင့် နိုင်ငံရေးအင်အားစုများသည် ယေဟောဝါသက်သေများအား ‘အန္တရာယ်ဂိုဏ်း’ တစ်ဂိုဏ်းဟု ရှုတ်ချဖော်ပြရန် ကြိုးစားခဲ့ကြသည်။ ပထမရာစုခရစ်ယာန်များသည်လည်း ထပ်တူစွပ်စွဲခံခဲ့ကြရ၏။ (တမန်တော် ၂၈:၂၂) အမှန်မှာ ဥရောပလူ့အခွင့်အရေးတရားရုံးက ယေဟောဝါသက်သေများသည် ဂိုဏ်းတစ်ဂိုဏ်းအဖြစ်မဟုတ်ဘဲ ဘာသာတရားတစ်ခုအဖြစ် အသိအမှတ်ပြုထားသည်။ ယင်းကို ဆန့်ကျင်သူများ သိရှိကြမည်မှာမလွဲပေ။ သို့တိုင် သူတို့သည် သက်သေခံများအား မဟုတ်မမှန် ပြောမြဲပြောဆိုနေကြသည်။ ထိုသို့မဟုတ်မမှန်ပြောဆိုမှုကြောင့် ခရစ်ယာန်တချို့ အလုပ်ဖြုတ်ခံခဲ့ရ၏။ ကျောင်းများတွင် သက်သေခံကလေးများ နှောင့်ယှက်ခံကြရသည်။ ကြောက်ရွံ့နေသော မြေပိုင်ရှင်များသည် အစည်းအဝေးကျင်းပရာ နေရာများအဖြစ် သက်သေခံများ ကြာမြင့်စွာ အသုံးပြုခဲ့သည့် အဆောက်အအုံများကို ဆက်မငှားပေးတော့ချေ။ အချို့အခြေအနေများတွင် ယေဟောဝါသက်သေဖြစ်ခြင်းဟူသော အကြောင်းတစ်ခုတည်းကြောင့် အစိုးရဌာနများသည် သူတို့ကို နိုင်ငံသားခံယူခွင့်ပင် မပေးကြချေ။ သို့တိုင် သက်သေခံများမူကား မဖြုံကြချေ။
၁၅၊ ၁၆။ ပြင်သစ်နိုင်ငံရှိ ယေဟောဝါသက်သေများသည် မိမိတို့၏ခရစ်ယာန်လုပ်ငန်း ဆန့်ကျင်ခံရမှုကို မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ သူတို့ အဘယ်ကြောင့်မပြတ်ဟောပြောနေကြသနည်း။
၁၅ ဥပမာ၊ ပြင်သစ်နိုင်ငံသားများသည် အများအားဖြင့် အကျိုးသင့်အကြောင်းသင့်ရှိပြီး ဘက်မလိုက်တတ်ကြချေ။ သို့ရာတွင် ဆန့်ကျင်သူတချို့သည် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို နှောင့်ယှက်ဟန့်တားရန်ရည်ရွယ်သည့် ဥပဒေများကို ထောက်ခံအားပေးကြသည်။ ယေဟောဝါသက်သေများ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ ဟောပြောခြင်းလုပ်ငန်းတွင် တစ်ခါနှင့်မျှမတူအောင် အရှိန်မြှင့်၍ ပါဝင်လုပ်ဆောင်ခဲ့ကြရာ အားရကျေနပ်စရာ အကျိုးဖြစ်ထွန်းခဲ့လေသည်။ (ယာကုပ် ၄:၇) ထိုနိုင်ငံတွင် ခြောက်လတာအတွင်း အိမ်တွင်းကျမ်းစာသင်အံမှု အရေအတွက်သည် အံ့သြလောက်အောင်ပင် ၃၃ ရာခိုင်နှုန်း တိုးတက်ခဲ့၏။ ပြင်သစ်နိုင်ငံရှိ စိတ်နှလုံးရိုးဖြောင့်သူများသည် သတင်းကောင်းကို တုံ့ပြန်ကြသည့်အတွက် စာတန် ဒေါသထွက်ပေမည်။ (ဗျာ. ၁၂:၁၇) “သင့်တစ်ဖက်၌လုပ်သော လက်နက်တစ်စုံတစ်ခုမျှ အထမမြောက်ရ။ သင်နှင့်တရားတွေ့ ၍ သက်သေခံသောလျှာတိုင်းသည် အရှုံးခံရလိမ့်မည်” ဟူသော ပရောဖက်ဟေရှာယ၏စကားများသည် မိမိတို့အတွက်လည်းပြည့်စုံကြောင်း ပြင်သစ်နိုင်ငံမှ ကျွန်ုပ်တို့၏ယုံကြည်သူချင်းများက ယုံကြည်စိတ်ချကြသည်။—ဟေရှာယ ၅၄:၁၇၊ သမ္မာ။
၁၆ ယေဟောဝါသက်သေများသည် နှိပ်စက်ညှဉ်းပန်းခံရခြင်းကို မနှစ်သက်ကြပါ။ သို့သော် ခရစ်ယာန်အားလုံးသည် ဘုရားသခင်မိန့်မှာထားရာကို လိုက်နာခြင်းဖြင့် မိမိတို့ကြားသိရာများကို မဟောဘဲ မနေနိုင်၊ မဟောဘဲလည်း နေကြမည်မဟုတ်ချေ။ သူတို့သည် နိုင်ငံသားကောင်းပီသရန် ကြိုးစားကြ၏။ သို့သော် ဘုရားသခင့်ဥပဒေနှင့် လူ့ဥပဒေတို့ ဆန့်ကျင်လာလျှင်မူ ဘုရားသခင်အား အုပ်စိုးရှင်အဖြစ် သူတို့နာခံကြရမည်ဖြစ်သည်။
သူတို့ကို မကြောက်ကြနှင့်
၁၇။ (က) ကျွန်ုပ်တို့၏ရန်သူများကို အဘယ်ကြောင့် ကြောက်ဖို့မလိုသနည်း။ (ခ) ညှဉ်းပန်းနှိပ်စက်သူတို့အပေါ် အဘယ်သဘောထားသင့်သနည်း။
၁၇ ကျွန်ုပ်တို့၏ရန်သူများသည် အလွန်အန္တရာယ်ရှိသည့် အနေအထားတွင် ရောက်ရှိနေကြသည်။ သူတို့သည် ဘုရားသခင်အား ဆန့်ကျင်နေကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် နှိပ်စက်ညှဉ်းပန်းသူများကို ကြောက်ရွံ့မည့်အစား ယေရှုမိန့်မှာထားသည့်အတိုင်း သူတို့အတွက် ဆုတောင်းပေးကြပါသည်။ (မဿဲ ၅:၄၄) တစ်ဦးတစ်ယောက်သည် တာရှုမြို့သားရှောလုကဲ့သို့ အကြောင်းစုံမသိဘဲ ယေဟောဝါအား ဆန့်ကျင်နေမည်ဆိုလျှင် အမှန်တရားတွေ့ရှိဖို့ သူ့ကို ဘုရားသခင် သနားကြင်နာစွာ လမ်းဖွင့်ပေးပါရန် ကျွန်ုပ်တို့ ဆုတောင်းပေးကြသည်။ (၂ ကောရိန္သု ၄:၄) ရှောလုသည် ခရစ်ယာန်တမန်တော်ပေါလုဖြစ်လာပြီး သူ့ခေတ်က အာဏာပိုင်များ၏လက်တွင် အကြီးအကျယ် ဆင်းရဲခံခဲ့ရသည်။ သို့တိုင် သူသည် ယုံကြည်သူချင်းများကို “အထွတ်အမြတ်အာဏာစက်၏အုပ်စိုးခြင်းကို ဝန်ခံစေခြင်းငှာလည်းကောင်း၊ မင်း၏စကားကိုနားထောင်စေခြင်းငှာလည်းကောင်း၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြု၍ အသင့်ဖြစ်စေခြင်းငှာလည်းကောင်း၊ အဘယ်သူကိုမျှ [ရက်ရက်စက်စက်ညှဉ်းပန်းသူတို့ကိုပင်] မကဲ့ရဲ့၊ ရန်တွေ့ ခြင်းကိုမပြု၊ ဖြည်းညင်းသောသဘောရှိ၍ ခပ်သိမ်းသောသူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာ ပြုစေခြင်းငှာလည်းကောင်း” မပြတ်သတိပေးနေခဲ့သည်။ (တိတု ၃:၁၊ ၂) ပြင်သစ်နိုင်ငံနှင့် အခြားနိုင်ငံများရှိ ယေဟောဝါသက်သေများသည် ဤဆုံးမစကားကို ကြိုးစားနှလုံးသွင်းကြသည်။
၁၈။ (က) ယေဟောဝါသည် မိမိလူမျိုးကို အဘယ်နည်းများဖြင့် ကယ်တင်နိုင်သနည်း။ (ခ) အဘယ်ရလဒ် ထွက်ပေါ်လာမည်နည်း။
၁၈ ပရောဖက်ယေရမိကို ဘုရားသခင်က “သင့်ကိုကယ်နုတ်ခြင်းငှာ သင်နှင့်အတူငါရှိသည်” ဟုမိန့်တော်မူ၏။ (ယေရမိ ၁: ၈) ယနေ့ ကျွန်ုပ်တို့ကို နှိပ်စက်ညှဉ်းပန်းမှုမှ ယေဟောဝါ မည်သို့ကယ်တင်နိုင်သနည်း။ ဂါမလျေလကဲ့သို့သော ဘက်မလိုက်တတ်သည့် တရားသူကြီးတစ်ဦးကို ပေါ်ထွက်စေခြင်းအားဖြင့် ဖြစ်နိုင်သည်။ သို့မဟုတ် အကျင့်ပျက်သော၊ ဆန့်ကျင်တိုက်ခိုက်သော အရာရှိတစ်ဦး၏နေရာတွင် သူ့ထက်ပို၍အကျိုးသင့်အကြောင်းသင့်ရှိသည့် အရာရှိတစ်ဦးက မမျှော်လင့်ဘဲ အစားဝင်ရောက်လာရန် လမ်းကြောင်းပေးခြင်းအားဖြင့် ဖြစ်နိုင်သည်။ သို့သော် တစ်ခါတစ်ရံ ယေဟောဝါသည် မိမိ၏လူမျိုးကို ဆက်၍နှိပ်စက်ညှဉ်းပန်းခံခွင့်ပြုပေမည်။ (၂ တိမောသေ ၃:၁၂) ဘုရားသခင်သည် ကျွန်ုပ်တို့ကို နှိပ်စက်ညှဉ်းပန်းခံခွင့်ပြုသည့်အခါတိုင်း ခံနိုင်ရည်ရှိရန် ခွန်အားပေးပါလိမ့်မည်။ (၁ ကောရိန္သု ၁၀:၁၃) အဘယ်အရာကိုပင် ဘုရားသခင်ခွင့်ပြုပါစေ ဘုရားသခင့်လူမျိုးကို ဆန့်ကျင်တိုက်ခိုက်သူများသည် ဘုရားသခင်ကို ဆန့်ကျင်နေခြင်းဖြစ်ပြီး အောင်မြင်မည်မဟုတ်ဟူသော နောက်ဆုံးရလဒ်ထွက်ပေါ်လာမည်ကို ကျွန်ုပ်တို့သံသယမရှိပါ။
၁၉။ ၂၀၀၆ နှစ်ချုပ်ကျမ်းချက်ကား အဘယ်နည်း။ ယင်းသည် အဘယ်ကြောင့် သင့်လျော်သနည်း။
၁၉ မိမိ၏တပည့်များသည် ဆင်းရဲခံရဖို့အကြောင်းရှိကြောင်း ယေရှုမိန့်ဆိုခဲ့၏။ (ယောဟန် ၁၆:၃၃) ယင်းကြောင့် “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏” ဟူသော တမန်တော် ၅:၂၉ ပါစကားများက တစ်ခါနှင့်မျှမတူအောင် အချိန်သင့်အခါသင့်ဖြစ်နေပြီ။ ထိုအကြောင်းကြောင့် စိတ်လှုပ်ရှားဖွယ် ဤစကားများကို ယေဟောဝါသက်သေများ၏ ၂၀၀၆ နှစ်ချုပ်ကျမ်းချက်အဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်သည်။ လာမည့်နှစ်အတွင်းနှင့် ထာဝရကာလပတ်လုံး မည်သို့သောအခြေအနေတွင်မဆို ဘုရားသခင်၏စကားကိုနားထောင်ဖို့ ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 7 ထိုအချိန်က ယဇ်ပုရောဟိတ်အကြီးများ လူသိရှင်ကြား ထောက်ခံခဲ့ကြသည့် “ကဲသာ” သည် အရေခြုံနှင့် လူသတ်သမားဖြစ်သော စက်ဆုပ်ဖွယ် ရောမဧကရာဇ် တိဗေရိဖြစ်၏။ ထို့ပြင် တိဗေရိသည် ယုတ်ညံ့သည့် လိင်ဆိုင်ရာအမူအကျင့်များကြောင့်လည်း လူသိများသည်။—ဒံယေလ ၁၁:၁၅၊ ၂၁။
သင်ဖြေဆိုနိုင်မည်လော
• ဆန့်ကျင်မှုကို တမန်တော်များရင်ဆိုင်ခဲ့ပုံက ကျွန်ုပ်တို့အတွက် အားရှိစရာ ပုံသက်သေမည်သို့ဖြစ်သနည်း။
• ကျွန်ုပ်တို့သည် လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို အဘယ်ကြောင့် အမြဲနားထောင်သင့်သနည်း။
• ကျွန်ုပ်တို့ကို ဆန့်ကျင်သူတို့သည် အမှန်တကယ်တွင် မည်သူ့ကို ဆန့်ကျင်နေကြသနည်း။
• နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရပ်သူတို့အတွက် အဘယ်ရလဒ်ထွက်ပေါ်လာမည်ကို မျှော်လင့်နိုင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၃ ပါ အကျဉ်းဖော်ပြချက်]
၂၀၀၆ နှစ်ချုပ်ကျမ်းချက်မှာ “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကိုနားထောင်သင့်ပါ၏” ဖြစ်သည်။—တမန်တော် ၅:၂၉
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
“လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏”
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ကယာဖသည် ဘုရားသခင်ကိုယုံကြည်ကိုးစားမည့်အစား လူကိုယုံကြည်ကိုးစားခဲ့