သင်မှတ်မိသလော
သင်မှတ်မိသလော
မကြာသေးမီက ထုတ်ဝေခဲ့သော ကင်းမျှော်စင် စာစောင်များကို ဖတ်ရှုရ၍ တန်ဖိုးထားလေးမြတ်ခဲ့ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–
• အာဒံ၏မနာခံမှုဖြစ်သော ပထမအပြစ်သည် မျိုးရိုးလိုက်သောရောဂါနှင့် အဘယ်ကြောင့်တူနိုင်သနည်း။
အာဒံသည် သူ၏သားစဉ်မြေးဆက်များထံ အပြစ်ကို လက်ဆင့်ကမ်းပေးခဲ့သောကြောင့် ယင်းသည် ရောဂါတစ်ခုနှင့်တူသည်။ မိဘများထံမှရောဂါတစ်ခုကို ကလေးများဆက်ခံရရှိသကဲ့သို့ ကျွန်ုပ်တို့သည် အပြစ်၏ချွတ်ယွင်းချက်ကို အမွေရရှိထားသည်။ —၈/၁၅၊ စာမျက်နှာ ၅။
• ယခုအချိန်၌ တိုးများလာသည့် အကြမ်းဖက်မှုများ၏ အဓိကအကြောင်းရင်းများကား အဘယ်နည်း။
ရုပ်ရှင်၊ တေးသီချင်းနှင့် ကစားသူများကို ရက်စက်ကြမ်းကြုတ်မှုများနှင့် သတ်ဖြတ်မှုများကို တုပရန် လှုံ့ဆော်ပေးသည့် ကွန်ပျူတာဂိမ်းများမှတစ်ဆင့် စာတန်သည် လူတို့၏နှလုံးတွင် အကြမ်းဖက်တတ်သည့်သဘောထားများကို ကြဲချပေးခြင်းဖြင့် ယေဟောဝါနှင့်စိမ်းသွားစေရန် ကြိုးပမ်းလျက်ရှိသည်။ ရုပ်ရှင်၊ ရုပ်မြင်သံကြားစသည်တို့တွင် ပြသသောအကြမ်းဖက်မှုက အကြမ်းဖက်လုပ်ရပ်များစွာကို ဖြစ်စေခဲ့ပြီဖြစ်သည်။—၉/၁၊ စာမျက်နှာ ၂၉။
• ပုန္တိပိလတ်ကား မည်သူနည်း။
သူသည် မင်းမျိုးမင်းနွယ်မဟုတ်သော ရောမတစ်ဦးဖြစ်ကာ စစ်တပ်တွင် အမှုထမ်းခဲ့ပုံရသည်။ ရောမဧကရာဇ် တိဗေရိသည် စီ.အီး. ၂၆ တွင် ပိလတ်အား ယုဒနယ်၏ဘုရင်ခံအဖြစ် ခန့်အပ်ခဲ့သည်။ ယေရှုအားစစ်ဆေးချိန်၌ ပိလတ်သည် ဂျူးခေါင်းဆောင်များ၏ စွပ်စွဲချက်များကို ကြားနာခဲ့သည်။ လူအုပ်ကိုကျေနပ်စေလို၍ သူသည် ယေရှုအားကွပ်မျက်ရန် ခွင့်ပြုခဲ့သည်။—၉/၁၅၊ စာမျက်နှာ ၁၀-၁၂။
• မဿဲ ၂၄:၃ တွင်ဖော်ပြထားသည် ‘နိမိတ်လက္ခဏာ’ ကားအဘယ်နည်း။
ယင်းနိမိတ်လက္ခဏာသည် အသွင်အပြင်အမျိုးမျိုးပါဝင်သော ပေါင်းစပ်နိမိတ်လက္ခဏာဖြစ်၏။ ယင်းတို့တွင် စစ်၊ ငတ်မွတ်ဘေး၊ ရောဂါဘေးနှင့် မြေငလျင်များပါဝင်ကာ ယင်းတို့က ယေရှု၏နောက်လိုက်များအား ကိုယ်တော် “ရောက်ရှိနေခြင်း” အပြင် “အစီအစဉ်စနစ်ဆုံးခန်း” ကိုပါ သတိပြုစေနိုင်မည်။—၁၀/၁၊ စာမျက်နှာ ၄-၅။
• ဒိုင်အာစပေါရာဟူသည် အဘယ်နည်း။ အဘယ်ဒေသများ ပါဝင်ခဲ့သနည်း။
ထိုအသုံးအနှုန်းသည် ပါလက်စတိုင်းဒေသ ပြင်ပတွင်နေထိုင်သည့် ဂျူးလူမျိုးများနှင့် သက်ဆိုင်သည်။ ပထမရာစုတွင် ဂျူးလူမျိုးများသည် ဆီးရီးယား၊ အာရှမိုင်းနား၊ ဗာဗုလုန်နှင့် အီဂျစ်တို့တွင် အများအပြားနေထိုင်ကြပြီး ရောမအင်ပါယာပိုင် ဥရောပနယ်မြေဒေသတွင် အနည်းအကျဉ်း နေထိုင်ကြသည်။—၁၀/၁၅၊ စာမျက်နှာ ၁၂။
• ခရစ်ယာန်တစ်ဦးသည် လက်နက်ကိုင်ဆောင်ရသည့် အလုပ်အကိုင်မျိုးကို လက်ခံလိုက်ပါက သူ၏ ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်နိုင်ဦးမည်လော။
သေနတ် သို့မဟုတ် အခြားလက်နက်တစ်မျိုး ကိုင်ဆောင်ရသည့် လောကအလုပ် လုပ်ကိုင်ခြင်းသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်၏။ သို့သော် လက်နက်ကိုင်ဆောင်ရသောအလုပ်သည် လက်နက်သုံးဖို့လိုအပ်လာပါက လူတစ်ဦးကို သွေးပြစ်မကင်းသူဖြစ်လာစေရန်နှင့် တိုက်ခိုက်သည့်အခါ သို့မဟုတ် ခုခံသည့်အခါ ဒဏ်ရာရစေ သို့မဟုတ် သေစေရန် အကြောင်းများသည်။ ထိုသို့သော လက်နက်ကိုင်ဆောင်သည့် ခရစ်ယာန်တစ်ဦးသည် အသင်းတော်တွင် မည်သည့်အခွင့်အရေးကိုမျှ ရရှိမည်မဟုတ်ပါ။ (၁ တိမောသေ ၃:၃၊ ၁၀)—၁၁/၁၊ စာမျက်နှာ ၃၁။
• “အာမဂေဒုန်” ဟူသောစကားလုံးသည် “မေဂိဒ္ဒေါတောင်” ဟူသည့် အသုံးအနှုန်းမှဆင်းသက်လာရာ အာမဂေဒုန်စစ်ပွဲကို အရှေ့အလယ်ပိုင်းဒေသရှိ တောင်တစ်လုံး၌ ဆင်နွှဲလိမ့်မည်လော။
မဟုတ်ပါ။ မေဂိဒ္ဒေါတောင်ဟူ၍ မရှိပါ။ ယင်းသည် ဣသရေလပြည်၌တည်ရှိသည့် တောင်ကြားလွင်ပြင်နှင့်ကပ်လျက်ရှိသော မြင့်တက်နေသည့် ကုန်းတစ်ခုမျှသာဖြစ်သည်။ ယင်းဧရိယာတွင် “မြေကြီးဘုရင်မင်းတို့နှင့် နောက်ပါဗိုလ်ခြေများ” အားလုံး တိုက်ပွဲဆင်နွှဲနိုင်သည်အထိ မကျယ်ဝန်းချေ။ ဘုရားသခင့်စစ်ပွဲကြီးကို ကမ္ဘာတစ်ဝန်းလုံး၌ ဆင်နွှဲမည်ဖြစ်ပြီး ယင်းက စစ်ပွဲအားလုံးကို အဆုံးတိုင်စေမည်ဖြစ်သည်။ (ဗျာ. ၁၆:၁၄၊ ၁၆; ၁၉:၁၉၊ သမ; ဆာလံ ၄၆:၈၊ ၉)—၁၂/၁၊ စာမျက်နှာ ၄-၇။