မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခက်အခဲများကြားမှ ပေါ်ထွက်ခဲ့သော အီတလီကျမ်းစာ

အခက်အခဲများကြားမှ ပေါ်ထွက်ခဲ့သော အီတလီကျမ်းစာ

အခက်အခဲ​များ​ကြား​မှ ပေါ်ထွက်​ခဲ့​သော အီတလီ​ကျမ်းစာ

သမ္မာကျမ်းစာ​သည် ကျွန်ုပ်​တို့၏ [အီတလီ] နိုင်ငံ​တွင် အဖြန့်ဝေရဆုံး​စာအုပ်​ဖြစ်သော်လည်း လူ​ဖတ်​အနည်းဆုံး​စာအုပ်​ဖြစ်​နိုင်​သည်။ ဘာသာရေး​ကိုင်းရှိုင်း​သူတို့သည် ကျမ်းစာ​ကို​သိရှိနားလည်​ရန် အားပေး​မခံရ​ကြ။ ဘုရားသခင့်​နှုတ်မြွက်တော်​အဖြစ် ဖတ်ရှု​နိုင်​ရန် အကူအညီ​မရခဲ့​ကြ​ချေ။ သမ္မာကျမ်းစာ​အကြောင်း သိရှိ​လို​သူများ​ရှိနေ​သော်လည်း သမ္မာကျမ်းစာ​ကို သွန်သင်ပေး​မည့်​သူ တစ်ဦးမျှ​မရှိ​ချေ။”

ယင်း​ဖော်ပြချက်​ကို ၁၉၉၅ ခုနှစ်​တွင် အီတလီ​ဘုန်းတော်ကြီး​ညီလာခံ​အဖွဲ့က ထုတ်ပြန်ခဲ့​ရာ မေးခွန်း​များစွာ​ပေါ်ထွက်​စေ​ခဲ့​သည်။ လွန်ခဲ့သော​ရာစုနှစ်များစွာ​က အီတလီ​နိုင်ငံ​တွင် သမ္မာကျမ်းစာ​ကို မည်မျှ​အထိ ကျယ်ကျယ်ပြန့်ပြန့်​ဖတ်ရှု​ခဲ့​သနည်း။ အခြား​နိုင်ငံ​များနှင့်​စာ​လျှင် သမ္မာကျမ်းစာ​ဖြန့်ချိ​မှု အဘယ်ကြောင့် နှောင့်နှေး​ခဲ့​ရသနည်း။ သမ္မာကျမ်းစာ​သည် အီတလီ​နိုင်ငံ​တွင် အဘယ်ကြောင့် လူ​ဖတ်​အနည်းဆုံး​စာအုပ်​ဖြစ်နေ​ရသနည်း။ အီတလီ​ဘာသာပြန်​ကျမ်း​များ​၏ သမိုင်းကြောင်း​ကို ဆန်းစစ်​ကြည့်​ခြင်း​က အဖြေ​အချို့​ရရှိစေ​ပါ​လိမ့်​မည်။

လက်တင်​ဘာသာ​စကား​မှ ပြင်သစ်၊ အီတလီ၊ ပေါ်တူဂီ​နှင့် စပိန်​အစ​ရှိသည့် ဘာသာ​စကား​များ ဆင်းသက်​ကွဲပြား​လာရန် ရာစုနှစ်များစွာ​ကြာ​ခဲ့​သည်။ လက်တင်​စကားပြော​ဆို​သော ဥရောပ​နိုင်ငံ​များစွာ​တွင် တိုင်း​ရင်း​ဘာသာ​စကား​မှာ တဖြည်းဖြည်း​အရေးပါ​လာ​ရာ စာပေ​လောကတွင်​ပင် အသုံးပြု​လာ​ကြသည်။ တိုင်း​ရင်း​ဘာသာ​စကား တွင်ကျယ်​လာ​ခြင်း​က ကျမ်းစာ​ဘာသာပြန်ခြင်း​ကို တိုက်ရိုက်​အကျိုး​သက်ရောက်​စေ​ခဲ့​သည်။ မည်သို့​အားဖြင့်​နည်း။ တစ်ချိန်​တစ်ခါ​က ချာ့ခ်ျ​နှင့်​ဆိုင်သော လက်တင်​ဘာသာ​စကား​နှင့် တိုင်း​ရင်း​ဘာသာ​စကား​၏ ခေတ်သုံး၊ မျိုး​ကွဲ​စကားလုံး​တို့​စပ်ကြား အလွန်​ကွာဟ​လာ​ရာ ကျောင်း​ပညာ​သိပ်​မရှိသူ​တို့သည် လက်တင်​ဘာသာ​စကား​ကို နားမလည်​ကြ​တော့​ချေ။

၁၀၀၀ ပြည့်နှစ်​ရောက်​သော် အီတလီကျွန်းဆွယ်​တွင် နေထိုင်သူ​အများစု​သည် လက်တင်ဗားလ်ဂိတ်ကျမ်း​တစ်အုပ်​ကို ပိုင်ဆိုင်​ထား​လျှင်​ပင် မဖတ်​တတ်ကြ​တော့​ပေ။ ထို​ခေတ်​ရှိ တက္ကသိုလ်​အနည်းငယ်​တွင် သင်ကြား​ရာ​များ​အပါအဝင် ပညာရေး​စနစ်​ကို ချာ့ခ်ျ​အကြီးအမှူး​အဖွဲ့​များ​က ရာစုနှစ်များစွာ လက်ဝါး​ကြီး​အုပ်​ထား​ရာ အထက်တန်းလွှာ​များ​သာ အကျိုး​ခံစား​ခဲ့​ရသည်။ သို့​နှင့် နောက်ဆုံး​တွင် သမ္မာကျမ်းစာ​သည် “လူသိ​နည်းသော​စာအုပ်” ဖြစ်လာ​လေ​သည်။ သို့​တိုင် လူများစွာ​သည် မိမိတို့၏​ဘာသာ​စကား​ဖြင့် သမ္မာကျမ်းစာ​ကို​ပိုင်ဆိုင်​လို​ပြီး နားလည်​လို​ကြသည်။

အများအားဖြင့် ဓမ္မ​ဆရာ​တို့​က မိစ္ဆာ​အယူ​ဟု​ဆို​သော အယူဝါဒ​ပျံ့နှံ့​မည်​ကို စိုးရိမ်​သောကြောင့် ကျမ်းစာ​ဘာသာပြန်ခြင်း​ကို ဟန့်တား​ခဲ့​ကြသည်။ သမိုင်း​ပညာရှင် မက်​စီ​မို ဖရို​င်​ပို​၏​အဆို​အရ “တိုင်း​ရင်း​ဘာသာ​စကား​ကို အသုံးပြုခြင်း​သည် ဘာသာရေး​အပေါ် ဓမ္မ​ဆရာများ​၏​လွှမ်းမိုးမှုကို ဆက်​ထိန်းထား​ပေး​သည့် ဘာသာ​စကား​အတားအဆီး [လက်တင်​စကား​အသုံးပြုခြင်း] ကို ဖယ်ရှားပစ်​ရာ​ရောက်​သည်။” ထို့​ကြောင့် အီတလီ​နိုင်ငံ​တွင် ယနေ့​တိုင် ကျမ်းစာ​အသိပညာ​နည်းပါး​ရခြင်း​မှာ ယဉ်ကျေးမှု၊ ဘာသာရေး​နှင့် လူမှုရေး​တို့​ကြောင့်​ဖြစ်သည်။

ကျမ်းစာ​ကို တစ်စိတ်​တစ်ပိုင်း​ဘာသာပြန်ခြင်း

၁၃ ရာစု​တွင် သမ္မာကျမ်းစာ​ကို လက်တင်​မှ​တိုင်း​ရင်း​ဘာသာ​စကား​သို့ ဦးစွာ​ဘာသာ​ပြန်ဆို​ခဲ့​သည်။ အဆိုပါ​တစ်စိတ်​တစ်ပိုင်း ဘာသာပြန်​ကျမ်း​များ​မှာ လက်​ဖြင့်​ကူးရေး​ခြင်း​ဖြစ်​ပြီး အလွန်​အကုန်အကျ​များသည်။ ၁၄ ရာစု​တွင် ကျမ်းစာ​ဘာသာပြန်​ဆို​ခြင်း အရေအတွက်​တိုးများ​လာ​သည်။ ဘာသာပြန်​သူများ၊ အချိန်​နှင့် နေရာ​ဒေသ​တို့ မတူညီ​ကြသော်လည်း တိုင်း​ရင်း​ဘာသာ​စကား​ဖြင့် ကျမ်းစာ​တစ်အုပ်လုံး​နီးပါး ရရှိနိုင်​ခဲ့​သည်။ အမည်​မသိ​ဘာသာပြန်​သူများ​၏ ယင်း​ဘာသာပြန်​ကျမ်း​အများစုကို လူကုံထံ​နှင့် ပညာတတ်​များ​သာ ရရှိနိုင်​ကြသည်။ ပုံနှိပ်​စက်​များ​အသုံးပြုသည့်​အခါ အတော်ပင် အကုန်အကျ​နည်း​သွား​သော်လည်း သမိုင်း​ပညာရှင် ဂျီ​လီ​ယို​လာ ဖ​ရန်​နီ​တို​၏​အဆို​အရ ကျမ်းစာ​ကို “လူ​အနည်းငယ်​သာ ရရှိနိုင်​သည်။”

ပြည်သူ​လူထု​အများစုမှာ ရာစု​နှစ်ချီ၍ စာ​မတတ်​ကြ​ပေ။ ၁၈၆၁ ခုနှစ်၊ အီတလီ​နိုင်ငံ​ပြန်လည်​ပေါင်းစည်း​ချိန်​၌​ပင် လူဦးရေ​၏ ၇၄.၇ ရာခိုင်နှုန်း​မှာ စာ​မတတ်​ကြ​ပေ။ အီတလီ​အစိုးရ​အသစ်​က လူတိုင်း အခမဲ့၊ မသင်​မနေ​ရ ပညာရေး​စနစ်​ကို စီစဉ်​သောအခါ စတုတ္ထ​မြောက်​ပုပ် ပိုင်းယပ်စ်​က ထို​စနစ်​သည် “ကက်သလစ်​ကျောင်း​များ​ကို လုံးဝ​ပပျောက်​သွား” စေ​မည့် “ဘေးဆိုး” ဟု​ဖော်ပြ​ကာ ယင်းကို​ဆန့်ကျင်​ရန် ၁၈၇၀ ပြည့်နှစ်​တွင် ဘုရင်​ထံ စာရေး​တိုက်တွန်း​ခဲ့​သည်။

ဦးဆုံး အီတလီ​ဘာသာပြန်​ကျမ်း

ဥရောပ​တွင် ခဲ​စာလုံး​အရှင်​ပုံနှိပ်​စက်​များ အသုံးပြုပြီး​နောက် ၁၆ နှစ်​အကြာ ၁၄၇၁ ခုနှစ်​၌ ဗင်း​နစ်​မြို့တွင် အီတလီ​ကျမ်းစာ​တစ်အုပ်လုံး​ကို ပုံနှိပ်​ခဲ့​သည်။ က​မ်​မာ​လ်​ဒို​လီ​ဘုန်းတော်ကြီး နီ​ကိုး​လို မာ​လ်​ဘီ​သည် ရှစ်​လ​အတွင်း သူ၏​ဘာသာပြန်​ကျမ်း​ကို ထုတ်ဝေ​ခဲ့​သည်။ သူသည် ရှိ​နှင့်​ပြီး​သား ဘာသာပြန်​ကျမ်း​များ​ကို များစွာ​မှီငြမ်း​ကာ လက်တင်ဗားလ်ဂိတ်ကျမ်း​ကို အခြေခံ​တည်းဖြတ်​ထားပြီး သူ၏​ဒေသ ဗ​နီး​ရှား​တွင် အသုံးများ​သော စကားလုံး​အချို့​ဖြင့် အစားထိုး​ခဲ့​သည်။ သူ၏​ဘာသာပြန်​ကျမ်း​သည် ဦးဆုံး​ပုံနှိပ်​ထုတ်ဝေ​သည့် အီတလီ​ဘာသာပြန်​ကျမ်း​ဖြစ်​ပြီး အလွန်​ဖြန့်ဝေ​ခဲ့​ရသည်။

ဗင်း​နစ်​မြို့တွင် ကျမ်းစာ​ထုတ်ဝေ​သူ​နောက်​တစ်ဦး​မှာ အန်တိုနီယို ဘ​ရူ​ကို​လီ​ဖြစ်၏။ သူသည် လူသာ​ပဓာန​ဝါဒီ​တစ်ဦး​ဖြစ်​ပြီး ပရိုတက်စတင့်​ဘက်​သို့ ယိမ်း​နေ​သော်လည်း ကက်သလစ်​ချာ့ခ်ျ​မှ တရားဝင်​နုတ်ထွက်​ခဲ့​ခြင်း​မရှိ​ချေ။ ၁၅၃၂ ခုနှစ်​တွင် ဘ​ရူ​ကို​လီ​သည် မူရင်း​ဟေဗြဲ​နှင့်​ဂရိ​ကျမ်း​ကို အခြေခံ​၍ ဘာသာ​ပြန်ဆို​ခဲ့​သည်။ ယင်းသည် မူရင်း​ကျမ်း​များ​မှ အီတလီ​ဘာသာ​စကား​သို့ ဦးဆုံး​ပြန်ဆို​သော​ကျမ်းစာ​ဖြစ်သည်။ ယင်းသည် လက်ရာမြောက်​လှ​သော အီတလီ​စာပေ​မဟုတ်သော်လည်း ထို​ခေတ်​မှ ဘာသာ​စကား​များ​၏ အကန့်အသတ်​ဖြစ်မှု​ကို​ထည့်တွက်​ပါ​က မူရင်း​ကျမ်း​များ​အတိုင်း အတိအကျ​လိုက်၍ ပြန်ဆို​ထားခြင်း​သည် မှတ်သားဖွယ်​ဖြစ်သည်။ ဘ​ရူ​ကို​လီ​သည် ပြန်လည်​တည်းဖြတ်​ထားသော အချို့​ကျမ်းစောင်​များ​တွင် ဘုရားသခင့်​နာမတော် “ယေ​အို​ဗာ” ကို​ပြန်​ထည့်​ထား​သည်။ သူ၏​ကျမ်းစာ​သည် အီတာလျံ​ပရိုတက်စတင့်​နှင့် ဘာသာရေး​ခွဲထွက်​ရေး​သမားများ​အကြား အနှစ်​တစ်​ရာ​နီးပါး​ကြာ​အောင် လူကြိုက်များ​ခဲ့​သည်။

အမှန်​အားဖြင့် ဘ​ရူ​ကို​လီ​၏​ကျမ်း​ကို ပြန်လည်​တည်းဖြတ်​ထားသော အီတလီ​ဘာသာပြန်​ကျမ်း​များ​ကို ကက်သလစ်​တို့ ထုတ်ဝေ​ခဲ့​သည်။ ယင်း​တို့​တစ်ခု​မျှ ထူးထူးခြားခြား​ဖြန့်ဝေ​နိုင်​ခဲ့​ခြင်း​မရှိ​ချေ။ ဘာသာရေး​နှိပ်စက်​ညှဉ်းပန်းမှု​များ​ကြောင့် ဆွစ်ဇလန်​နိုင်ငံ​သို့ ထွက်ပြေး​ခဲ့​ကြ​သည့်​မိဘများ​မှ မွေးဖွား​လာသော ကယ်​ဗင်​နစ်​ဓမ္မ​ဆရာ ဂျို​ဗန်​နီ ဒီ​ယို​ဒါ​တီ​သည် မူရင်း​ဘာသာ​စကား​များ​မှ ပြန်ဆို​ထား​သည့် အီတလီ​ဘာသာပြန်​ကျမ်း​နောက်​တစ်အုပ်​ကို ၁၆၀၇ ခုနှစ်​၌ ဂျ​နီ​ဗာ​မြို့တွင် ထုတ်ဝေ​ခဲ့​သည်။ သူ၏​ဘာသာပြန်​ကျမ်း​ကို အီတာလျံ​ပရိုတက်စတင့်​များ​က ရာစုနှစ်များစွာ အသုံးပြု​ခဲ့​ကြသည်။ ထုတ်ဝေ​သည့်​အချိန်တွင် ယင်းကို အကောင်းဆုံး​အီတလီ​ဘာသာပြန်​ကျမ်း​ဟု ယူဆ​ခဲ့​ကြသည်။ ဒီ​ယို​ဒါ​တီ​၏​ကျမ်း​သည် အီတလီ​လူမျိုးများ​အား ကျမ်းစာ​သွန်သင်ချက်​များ​ကို နားလည်စေ​ခဲ့​သည်။ သို့သော် ဘာသာရေး​သြဇာလွှမ်း​သော စိစစ်​ရေး​အဖွဲ့က ယင်း​ကျမ်း​နှင့် အခြား​ဘာသာပြန်​ကျမ်း​များ​ထုတ်ဝေ​ခြင်း​ကို ပိတ်ပင်​တားဆီး​ခဲ့​ကြသည်။

ကျမ်းစာ—“လူသိ​နည်းသော စာအုပ်”

“ချာ့ခ်ျ​သည် စာအုပ်​စာပေ​များ​ကို စိစစ်​ချုပ်ကိုင်​ရာ​တွင် အမြဲ​အောင်မြင်​ခဲ့​သည်။ ပုံနှိပ်​အတတ်​မပေါ်မီ​က ဘေးသင့်​စေ​သည်​ဟု​သတ်မှတ်​သော စာအုပ်​စာပေ​များ​ကို မီးရှို့​ဖျက်ဆီး​ခဲ့​သောကြောင့် တားမြစ်​စာအုပ်​များ​စာရင်း​တစ်ခု​ထား​ရန် လို​သည်​ဟု မယူဆ​ခဲ့​ချေ” ဟု​က​က်​တို​လီ​ကာ​စွယ်စုံ​ကျမ်း​က ဆို​သည်။ ပရိုတက်စတင့် ပြုပြင်​ပြောင်းလဲရေး​စတင်​ပြီး​နောက်​၌​ပင် ဥရောပ​နိုင်ငံ​များစွာ​ရှိ ဓမ္မ​ဆရာများ​သည် မိစ္ဆာ​အယူဝါဒ​ပါ​သည်​ဟု​ဆို​သော စာအုပ်​များ​ထုတ်ဝေ​ခြင်း​ကို အစွမ်းကုန်​ပိတ်ပင်​လိုက်​သည်။ ၁၅၄၆ ခုနှစ်​တွင် ထ​ရ​န့်​ကောင်စီ​က တိုင်း​ရင်း​ဘာသာပြန်​ကျမ်း​များနှင့်​ပတ်သက်​သည့် ကိစ္စရပ်​များ​ကို​သုံးသပ်​ပြီး​နောက် ထူးခြားသော​အပြောင်းအလဲ​တစ်ရပ် ဖြစ်ပျက်​ခဲ့​သည်။ ခြားနား​သည့်​အယူအဆ​နှစ်မျိုး ပေါ်ထွက်​ခဲ့​သည်။ တားမြစ်ချက်​ကို​ထောက်ခံသူ​များ​က အများသုံး​ဘာသာ​စကား​နှင့်​ပြန်ဆို​ထားသော ကျမ်းစာ​သည် “မိစ္ဆာ​အယူဝါဒ​၏​ရင်းမြစ်” ဖြစ်သည်ဟု​ဆို​ကြသည်။ ယင်းကို ကန့်ကွက်​သူများ​က​မူ မိမိတို့၏ “ရန်ဘက်” ပရိုတက်စတင့်​တို့​က ချာ့ခ်ျ​သည် “အရေခြုံ​လိမ်လည်မှု” ကို​ဖုံးကွယ်​ရန် တိုင်း​ရင်း​ဘာသာပြန်​ကျမ်း​ကို တားမြစ်​ပိတ်ပင်​ခြင်း​ဖြစ်​ကြောင်း စွပ်စွဲ​ကြလိမ့်မည်​ဟု ဆို​ကြသည်။

သဘောထား​ကွဲလွဲ​နေခြင်း​က ကောင်စီ​သည် ယင်း​ကိစ္စ​ကို အတိအကျ​မဆုံးဖြတ်​ပေး​ကြောင်း ဖော်ပြ​နေသည်။ ချာ့ခ်ျ​၏​စံ​ကျမ်းစာ​ဖြစ်လာ​သော ဗားလ်ဂိတ်​ကျမ်း စစ်မှန်​ကြောင်းကို​မူ အတည်ပြု​ပေး​ခဲ့​သည်။ သို့သော် ရောမမြို့၊ ပုပ်​ရဟန်း​မင်း​နှင့်​ဆိုင်သော စ​လေး​ရှယ်​န​မ်​တက္ကသိုလ်​မှ​နည်းပြ ကာ​လို ဘူ​ဇ​က်​တီ​က ဤသို့​ဆို​သည်– ဗားလ်ဂိတ်​ကျမ်း​ကို “ကျမ်းစစ်​ကျမ်း​မှန်” ဟု​ဆို​ခြင်း​သည် “အမှန်​အားဖြင့် ယင်းကို တစ်ခု​တည်း​သော တရားဝင်​ကျမ်းစာ​အဖြစ် ထောက်ခံ​ခြင်း​ဖြစ်၏။” နောက်ပိုင်း​အဖြစ်အပျက်​များ​က ယင်းကို​ထောက်ခံ​သည်။

၁၅၅၉ ခုနှစ်​တွင် စတုတ္ထ​မြောက်​ပုပ် ပေါလ်​က ကက်သလစ်​များ ဖတ်ရှု​ခွင့်၊ ရောင်းချ​ခွင့်၊ ဘာသာပြန်​ခွင့်​နှင့် လက်ဝယ်​ပိုင်ဆိုင်ခွင့်​မရှိသော စာအုပ်​များ​စာရင်း​တစ်ခု​ကို ဦးဆုံး​အကြိမ် ထုတ်ပြန်ခဲ့​သည်။ ထို​စာအုပ်​များသည် ယုံကြည်ခြင်း​နှင့် ကျင့်ဝတ်​စောင့်စည်း​မှု​ကို ဘေးသင့်​စေ​သည်​ဟု ယူဆ​ခဲ့​ကြသည်။ ဘ​ရူ​ကို​လီ​၏​ကျမ်း​အပါအဝင် တိုင်း​ရင်း​ဘာသာပြန်​ကျမ်း​များ ဖတ်ရှုခြင်း​ကို ထို​စာရင်း​က တားမြစ်​ထား​သည်။ မနာခံ​သူကို ခရစ်ယာန်​အသိုင်းအဝိုင်း​မှ နှင်ထုတ်​သည်။ ၁၅၉၆ ခုနှစ်​ထုတ် တားမြစ်​စာရင်း​မှာ ပို​၍​စည်းကမ်း​တင်းကျပ်​လာ​သည်။ တိုင်း​ရင်း​ဘာသာ​စကား​သို့ ကျမ်းစာ​ကို ဘာသာပြန်၊ ပုံနှိပ်​ခွင့်​မပြု​တော့​ပေ။ အဆိုပါ​ကျမ်း​အားလုံး ဖျက်ဆီး​ခံ​ခဲ့​ရသည်။

အကျိုးဆက်​အနေ​နှင့် ၁၆ ရာစု​အကုန်ပိုင်း​၌ ချာ့ခ်ျ​ရင်ပြင်​တွင် ကျမ်းစာ​မီးရှို့​မှု တိုးများ​လာ​သည်။ လူထု​၏​စိတ်ထဲ​တွင် သမ္မာကျမ်းစာ​သည် မိစ္ဆာ​အယူဝါဒ​ပြည့်နေ​သော​စာအုပ်​တစ်အုပ်​ဖြစ်လာ​ပြီး ယင်း​ယူဆချက်​သည် ဆက်၍​အမြစ်စွဲ​နေသည်။ လူထု​နှင့် ပုဂ္ဂလိက​စာကြည့်တိုက်​များ​ရှိ ကျမ်းစာ​နှင့် . . . အားလုံးနီးပါး ဖျက်ဆီး​ခံရ​ကာ နောက်​နှစ်ပေါင်း ၂၀၀ အထိ ကက်သလစ်​တို့သည် ကျမ်းစာ​ကို အီတလီ​ဘာသာ​စကား​သို့ မပြန်​ဆို​ကြ​တော့​ပေ။ ပရိုတက်စတင့်​ကျမ်း​ပညာရှင်​များ ဘာသာ​ပြန်ဆို​ခဲ့​သော ကျမ်းစာ​များ​ကို​သာ အီတလီကျွန်းဆွယ်​တွင် လျှို့ဝှက်​စွာ​ထုတ်ဝေ​ခဲ့​သည်။ ထို့​ကြောင့် သမိုင်း​ပညာရှင် မာ​ရီ​အို စီ​နို​နီ​က ဤသို့​ဖော်ပြ​သည်– “သာမန်​လူများ​သည် သမ္မာကျမ်းစာ​ကို လုံးဝ​မဖတ်​ကြ​တော့​သည်​မှာ ရာစုနှစ်ချီ​ကြာ​ပေ​ပြီ။ သမ္မာကျမ်းစာ​ကို လူ​မသိ​သလော​က်​ဖြစ်လာ​ပြီး သန်းနှင့်ချီ​သည့် အီတလီ​လီ​မျိုး​တို့၏​အသက်တာတွင် ကျမ်းစာ​ကို တစ်​မျက်နှာ​ပင် မဖတ်ဖူး​ကြ​ချေ။”

တားမြစ်​ပိတ်ပင်​မှု လျော့နည်းလာ

နောက်ပိုင်း ၁၇၅၇၊ ဇွန် ၁၃ ရက်​တွင် (၁၄) ဆက်​မြောက်​ပုပ် ဘင်နီဒစ်​က ယခင်​စည်းမျဉ်း​ကို အနည်းငယ်​ပြုပြင်​ထား​သည့် ဥပဒေ​တစ်ရပ် ပြဋ္ဌာန်း​လိုက်​သည်။ ယင်း​ဥပဒေ​တွင် “ရဟန်း​မင်းကြီး​ရုံး​၏ ထောက်ခံချက်​ဖြင့် ဘိရှော့များ ထုတ်ဝေ​ခွင့်ပြု​ထား​သည့် တိုင်း​ရင်း​ဘာသာပြန်​ကျမ်း​များ​ကို ဖတ်ရှု​ခွင့်​ပေး​လိုက်​သည်။” ယင်းကြောင့် ဖ​လောရင့်​မြို့​၏ ဂိုဏ်းချုပ်​ဖြစ်လာ​မည့် အန်​ထို​နီ​ယို မာ​တီ​နီ​သည် ဗားလ်ဂိတ်​ကျမ်း​ကို​ဘာသာပြန်​ရန် ပြင်ဆင်​ခဲ့​သည်။ ၁၇၆၉ ခုနှစ်​တွင် ပထမ​အပိုင်း​ကို​ထုတ်ဝေ​ခဲ့​ပြီး ၁၇၈၁ ခုနှစ်​တွင် ကျမ်း​တစ်အုပ်လုံး အပြီးသတ်​ခဲ့​သည်။ ကက်သလစ်​စာစောင်​တစ်ခု​အရ မာ​တီ​နီ​၏​ဘာသာပြန်​ကျမ်း​သည် “အထူးတလည်​ဖော်ညွှန်း​ထိုက်​သော ဦးဆုံး​ကျမ်း” ဖြစ်​ခဲ့​သည်။ ထို​အချိန်​မတိုင်မီ​က လက်တင်​စကား​မတတ်​သော ကက်သလစ်​များသည် ချာ့ခ်ျ​ခွင့်ပြု​ထား​သည့် ကျမ်းစာ​ကို မဖတ်​ရှု​နိုင်​ကြ​ချေ။ မာ​တီ​နီ​၏​ကျမ်းစာ​သည် နောင်​အနှစ် ၁၅၀ တိုင် အီတလီ​လူမျိုး​ကက်သလစ်​များ ဖတ်ရှု​ခွင့်​ရှိသည့် တစ်ခု​တည်း​သော ဘာသာပြန်​ကျမ်း​ဖြစ်​ခဲ့​သည်။

ဒုတိယ​အကြိမ် ဗာတီကန်​ကောင်စီ​အစည်းအဝေး​တွင် အပြောင်းအလဲ​တစ်ရပ် ဖြစ်ပျက်​ခဲ့​သည်။ ၁၉၆၅ ခုနှစ်၊ ဒေး​ယာ ဗာ​ဘ​မ် မှတ်တမ်း​တွင် “အထူးသဖြင့် မြင့်မြတ်​သော​စာစောင်​၏ မူရင်း​ကျမ်း​မှ ဘာသာ​စကား​အသီးသီး​သို့ ဘာသာ​ပြန်ဆို​သောအခါ . . . သင့်တော်​လျောက်ပတ်​၍ တိကျ​မှန်ကန်​စွာ​ပြန်ဆို​ရန်” ဦးဆုံး​အကြိမ်​တိုက်တွန်း​ထား​သည်။ မကြာမီ ၁၉၅၈ ခုနှစ်​တွင် (ပုပ်​ရဟန်း​မင်း​၏​ကျမ်းစာ​ကျောင်း) က “မူရင်း​ကျမ်း​မှ ဦးဆုံး​အကြိမ် လုံးချင်း​ကက်သလစ်​ဘာသာပြန်​ကျမ်း” ကို​ထုတ်ဝေ​ခဲ့​သည်။ ယင်း​ဘာသာပြန်​ကျမ်း​သည် ဘုရားသခင့်​နာမတော်​ပါ​သော နေရာ​အချို့​တွင် “ဂျာဗီ” ဟူသော​ပုံစံ​ဖြင့် ပြန်လည်​ထည့်သွင်း​ထား​သည်။

တိုင်း​ရင်း​ဘာသာပြန်​ကျမ်း​များ​ကို တားမြစ်​ပိတ်ပင်​မှု​သည် အဖျက်​စွမ်းအား​ကြီး​လှ​သောကြောင့် ယင်း​၏​အကျိုးဆက်များ​ကို ခံစား​နေရ​ဆဲ​ပင်။ ဂျီ​လီ​ယို​လာ ဖ​ရန်​နီ​တို ဖော်ပြ​ခဲ့​သည့်​အတိုင်း ယင်းသည် “ယုံကြည်သူများ​အား မိမိတို့၏​စဉ်းစားဉာဏ်​နှင့် ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို ယုံကြည်မှု​ကင်းမဲ့​စေ​သည်။” ထို့​ပြင် ကျမ်းစာ​ထက် ပို​အရေးကြီး​သည်​ဟု​ယူဆ​စေသော ဘာသာရေး​ထုံးတမ်း​စဉ်​လာ ပြဋ္ဌာန်းချက်​လည်း ရှိ​နေသည်။ ယင်း​တို့အားလုံး​က စာ​မတတ်​သူ​ပပျောက်​ပြီး​နောက်​ပင် လူ​တို့ကို သမ္မာကျမ်းစာ​နှင့် စိမ်းကား​လာ​စေ​သည်။

သို့သော် အီတလီ​နိုင်ငံ​တွင် ယေဟောဝါသက်သေ​များ​၏ ဧဝံဂေလိ​ဟောပြောခြင်း​လုပ်ငန်း​ကြောင့် သမ္မာကျမ်းစာ​ကို စိတ်ဝင်စားမှု ပြန်​ပေါ်ထွက်​လာ​သည်။ ၁၉၆၃ ခုနှစ်​တွင် သက်သေခံ​များသည် ခရစ်ယာန်​ဂရိ​ကျမ်း​စာစောင်​များ​၏ ကမ္ဘာသစ်​ဘာသာပြန်​ကျမ်း ကို အီတလီ​ဘာသာ​စကား​ဖြင့် ထုတ်ဝေ​ခဲ့​သည်။ ၁၉၆၇ ခုနှစ်​တွင် ကျမ်းစာ​တစ်အုပ်လုံး ရရှိနိုင်​ခဲ့​သည်။ ဤ​ဘာသာပြန်​ကျမ်း​ကို အီတလီ​တစ်နိုင်ငံ​တည်း​တွင်​ပင် အုပ်ရေ ၄,၀၀၀,၀၀၀ ကျော်​ဖြန့်ဝေ​ခဲ့​သည်။ ဘုရားသခင့်​နာမတော်​ယေဟောဝါ​ကို ပြန်လည်​ထည့်သွင်း​ထားသော ကမ္ဘာသစ်​ဘာသာပြန်​ကျမ်း​သည် မူရင်း​ကျမ်း​အတိုင်း အတိအကျ​လိုက်နာ​သောကြောင့် ထူးခြား​သည်။

ယေဟောဝါသက်သေ​များသည် တစ်အိမ်​မှ​တစ်အိမ်​သွား​ကာ နားထောင်သူ​တိုင်း​အား မျှော်လင့်ချက်​ပေး​သည့် ကျမ်းစာ​သတင်းတရားကို ဖတ်ရှု​ပြီး ရှင်းပြ​နေကြ​သည်။ (တမန်​တော် ၂၀:၂၀) ယေဟောဝါသက်သေ​များနှင့် နောက်​တစ်ကြိမ်​ပြန်​ဆုံ​သည့်​အခါ မကြာမီ “ဖြောင့်မတ်ခြင်း​တရား​တည်နေရာ . . . မြေကြီး​သစ်” ကို​တည်ထောင်​ပေး​မည့် ဘုရားသခင်​၏ အံ့ဖွယ်​ကတိတော်​အကြောင်း သင့်ကိုယ်​ပိုင်​ကျမ်းစာ​တွင် မည်သို့​ဖော်ပြ​ထား​သည်ကို မေးမြန်း​ကြည့်​ပါ​လေ။—၂ ပေတရု ၃:၁၃

[စာမျက်နှာ ၁၃ ပါ မြေပုံ]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

ဗင်း​နစ်​မြို့

ရောမ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဘ​ရူ​ကို​လီ​ဘာသာပြန်​ကျမ်း​တွင် ဘုရားသခင့်​နာမတော် ယေ​အို​ဗာ​ကို အသုံးပြု​ထား

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

တားမြစ်​စာအုပ်​များ​စာရင်း​တွင် တိုင်း​ရင်း​ဘာသာပြန်​ကျမ်း​များ​ကို​ဘေးသင့်​စေသည့်​စာအုပ်​အဖြစ် ဖော်ပြ​ထား

[Picture Credit Line on page 13]

ကျမ်းစာ​အတွင်း​မျက်နှာဖုံး​စာမျက်နှာ– Biblioteca Nazionale Centrale di Roma

[Picture Credit Lines on page 15]

ဘ​ရူ​ကို​လီ​ဘာသာပြန်– Biblioteca Nazionale Centrale di Roma; အညွှန်း– Su concessione del Ministero per i Beni e le Attività Culturali