ကောင်းမှုကိုဆိုးသွမ်းမှု ဝိုင်းရံနေ
ကောင်းမှုကို ဆိုးသွမ်းမှု ဝိုင်းရံနေ
ယနေ့လောကတွင် မိမိတို့ကိုယ်ကို တလိုတလား ပေးဆက်မည့်သူ မရှိသလောက် ဖြစ်ပုံရသည်။ သို့သော် အချို့မူ သူတစ်ပါး၏ ကောင်းကျိုးကို တစ်နည်းနည်းဖြင့် သယ်ပိုးရန် “ထူးထူးခြားခြား လုပ်ဆောင်” လိုစိတ် ရှိနေဆဲပင်။ လူများစွာသည် အလှူဒါန အသင်းအဖွဲ့များသို့ နှစ်စဉ် ဒေါ်လာဘီလီယံနှင့်ချီ လှူဒါန်းကြသည်။ ဥပမာ၊ ၂၀၀၂ ခုနှစ်တွင် ဗြိတိန်နိုင်ငံရှိ လှူဒါန်းထောက်ပံ့ရေး အသင်းအဖွဲ့များသည် အလှူငွေ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံအထိ လက်ခံရရှိခဲ့၏။ ၁၉၉၉ ခုနှစ်မှစ၍ ပရဟိတ ဒါနရှင်ဆယ်ဦးက လိုအပ်နေသူများကို ကူညီရန် အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံကျော် လှူဒါန်းခဲ့ကြသည် သို့မဟုတ် လှူဒါန်းမည်ဟု ကတိပြုခဲ့ကြသည်။
စေတနာရှင်များ လုပ်ဆောင်ခဲ့ကြသည့် ကောင်းမှုတချို့တွင် ဝင်ငွေနည်းသော မိသားစုများကို ဆေးကုသစရိတ် ပေးခြင်း၊ ကြင်ဖော်မဲ့ မိဘတို့၏ သားသမီးများကို ပညာပေးလမ်းညွှန်ခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာကွယ်ဆေး ထိုးပေးရေး အစီအစဉ်အတွက် ငွေကြေးပံ့ပိုးခြင်း၊ ဆင်းရဲသည့် ကလေးများကို ကိုယ်ပိုင်စာအုပ်အသစ် ပေးကမ်းခြင်း၊ နွမ်းပါးသော နိုင်ငံများရှိ လယ်သမားတို့ကို မွေးမြူရေး တိရစ္ဆာန်များ ပေးကမ်းခြင်း၊ သဘာဝ ဘေးဒဏ်ခံရသူများအတွက် ကယ်ဆယ်ရေးပစ္စည်း ပေးကမ်းခြင်း ပါဝင်သည်။
လူတို့သည် သူတစ်ပါး၏ ကောင်းကျိုးကို သယ်ပိုးနိုင်စွမ်း ရှိကြောင်း အထက်ပါအချက်များက ဖော်ပြနေပါသည်။ ဝမ်းနည်းစရာမှာ ပြောမပြနိုင်လောက်အောင် ဆိုးသွမ်းလှသည့် လုပ်ရပ်များကို ကျူးလွန်နေသူများလည်း ရှိနေခြင်း ဖြစ်သည်။
ဆိုးသွမ်းမှု တိုးများလာ
ဒုတိယ ကမ္ဘာစစ် ပြီးချိန်မှစ၍ မျိုးဖြုတ်သတ်ဖြတ်မှုများ၊ နိုင်ငံရေး သွေးထိုးလှုံ့ဆော်မှုကြောင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများအကြောင်း မှတ်တမ်းတင်ထားသည့် ဖြစ်ရပ် ၅၀ နီးပါး ရှိလေသည်။ “ယင်းဖြစ်ရပ်များတွင် အရပ်သား အနည်းဆုံး ၁၂ သန်းနှင့် အများဆုံး ၂၂ သန်း သေဆုံးခဲ့ရပြီး ၁၉၄၅ ခုနှစ်မှစ၍ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်နှင့် အပြည်ပြည်ဆိုင်ရာ စစ်ပွဲများတွင် သေဆုံးခဲ့သူများထက် ပိုများနေသည်” ဟု အမေရိကန် နိုင်ငံရေးသိပ္ပံစာစောင် က ဖော်ပြသည်။
၂၀ ရာစုအလယ်နှောင်းပိုင်းအတွင်း ကမ္ဘောဒီးယားနိုင်ငံတွင် နိုင်ငံရေးကြောင့် လူ ၂.၂ သန်းကျော် သေဆုံးခဲ့ရသည်။ ရဝမ်ဒါတွင် လူမျိုးရေး မုန်းတီးမှုကြောင့် အမျိုးသား၊ အမျိုးသမီးနှင့် ကလေး ၈၀၀,၀၀၀ ကျော် သေဆုံးခဲ့ရသည်။ ဘော့စနီးယားတွင် ဘာသာရေးနှင့် နိုင်ငံရေး၏ သွေးထိုးမှုကြောင့် လူ ၂၀၀,၀၀၀ ကျော် သေဆုံးခဲ့ရသည်။
မကြာသေးခင်က ဖြစ်ခဲ့သော ဆိုးသွမ်းမှု လုပ်ရပ်များကို ရည်ညွှန်း၍ ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ်က ၂၀၀၄ ခုနှစ်တွင် ဤသို့ဆိုသည်– “ကျွန်ုပ်တို့ သိကြသည့်အတိုင်း အီရတ်နိုင်ငံသားများသည် ရက်ရက်စက်စက် သိမ်းရုံးသတ်ဖြတ်ခံနေရသည်။ ကယ်ဆယ်ရေး လုပ်သားများ၊ စာနယ်ဇင်းသမားများနှင့် အရပ်သားများသည် ဓားစာခံအဖြစ် ဖမ်းဆီးခံရကာ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည်။ တစ်ချိန်တည်းတွင် အီရတ်အကျဉ်းသားများသည် လူမဆန်စွာ ပြုမူဆက်ဆံခံနေရ၏။ ဒါဖာနယ်မြေတွင် လူအားလုံး အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ရပြီး သူတို့နေအိမ်များ ဖျက်ဆီးခံရသည်၊ တစ်ချိန်တည်းတွင် မုဒိမ်းကျင့်ခြင်းကို တမင်တကာ နည်းပရိယာယ်အဖြစ် သုံးကြသည်။ ယူဂန္ဓာနိုင်ငံမြောက်ပိုင်းတွင် ကလေးများစွာသည် ကိုယ်အင်္ဂါ ဖြတ်တောက်ခံရကာ ပြောမပြနိုင်လောက်အောင် ရက်စက်စွာ ပြုမူရန် ဖိအားပေးခံရကြသည်။ ဘတ်စလန်မြို့တွင် ကလေးများစွာ ဓားစာခံအဖြစ် ဖမ်းဆီးခံရကာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည်။”
ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပင် မုန်းတီးမှုကြောင့် ဖြစ်ပွားသည့် ရာဇဝတ်မှုများ တဖြည်းဖြည်း တိုးများလာပုံရသည်။ ဥပမာ၊ ၂၀၀၄ ခုနှစ်တွင် ထုတ်ပြန်သော အင်ဒီပန်ဒန့် သတင်းစာက ဗြိတိန်နိုင်ငံတွင် “လူမျိုးရေး တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်သည် လွန်ခဲ့သော ဆယ်စုနှစ်ကထက် ဆယ့်တစ်ဆ တိုးများလာနေကြောင်း” ဖော်ပြသည်။
ကောင်းကျိုးသယ်ပိုးနိုင်စွမ်းရှိသော လူတို့သည် အဘယ်ကြောင့် ဤမျှ ဆိုးသွမ်းသည့် လုပ်ရပ်များ ကျူးလွန်နေကြသနည်း။ ဆိုးသွမ်းမှုများ ပပျောက်သွားပါမည်လော။ နောက်ဆောင်းပါးတွင် ဖော်ပြထားသည့်အတိုင်း သမ္မာကျမ်းစာက ဤစိတ်ရှုပ်စရာ မေးခွန်းများအတွက် ကျေနပ်ဖွယ်အဖြေများ ပေးထားပါသည်။
[Picture Credit Line on page 2]
COVER: Mark Edwards/Still Pictures/Peter Arnold, Inc.