ကောင်းမှုသည် ဆိုးသွမ်းမှုကို အောင်ပွဲဆင်နိုင်ပုံ
ကောင်းမှုသည် ဆိုးသွမ်းမှုကို အောင်ပွဲဆင်နိုင်ပုံ
ဘုရင်ဒါဝိဒ်သည် သူတော်ကောင်းတစ်ဦး ဖြစ်သည်။ ဘုရားသခင်အား အလွန် ချစ်မြတ်နိုးပြီး တရားမျှတမှုကို လိုလားကာ ဆင်းရဲသားများကို မေတ္တာပါပါ ဂရုစိုက်ပေးသူ ဖြစ်သည်။ သို့တိုင် ထိုဘုရင်သည် သူ ယုံကြည်အားထားရသူတစ်ဦး၏ ဇနီးနှင့် သူ့သားအိမ်ရာ ပြစ်မှားခဲ့သည်။ ဗာသရှေဘ၌ ကိုယ်ဝန်ရှိကြောင်း ဒါဝိဒ် သိလေသော် ခင်ပွန်းဖြစ်သူကို သတ်ပစ်ရန် စီစဉ်လိုက်သည်။ ထို့နောက် သူ့အပြစ်ကို ဖုံးကွယ်ရန် ဗာသရှေဘနှင့် လက်ထပ်ခဲ့သည်။—၂ ဓမ္မရာဇဝင် ၁၁:၁-၂၇။
ယင်းဖြစ်ရပ်က လူတို့သည် ကောင်းကျိုးများစွာ သယ်ပိုးနိုင်စွမ်း ရှိကြောင်း ဖော်ပြသည်။ သို့ဆိုလျှင် သူတို့သည် အဘယ်ကြောင့် ဆိုးသွမ်းမှုများစွာ လုပ်ဆောင်နေကြသနည်း။ အဓိကအကြောင်းရင်းများစွာကို သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။ ထို့ပြင် ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် ဆိုးသွမ်းမှုများကို တစ်ကြိမ်တည်းနှင့် အပြီးတိုင် မည်သို့ ဖယ်ရှားတော်မူမည်ကိုလည်း ဖော်ပြပေးထားသည်။
အဆိုးပြုလိုစိတ်
ဆိုးသွမ်းသော လုပ်ရပ်များ ဖြစ်ရသည့် အကြောင်းရင်းတစ်ခုကို ဘုရင်ဒါဝိဒ်ကိုယ်တိုင် ဖော်ပြခဲ့သည်။ သူ၏ အပြစ်များ ဖော်ထုတ်ခံရပြီးနောက် သူ့လုပ်ရပ်အတွက် အပြည့်အဝ တာဝန်ယူခဲ့သည်။ ထို့နောက် နောင်တအပြည့်ဖြင့် ဤသို့ရေးခဲ့သည်– “အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက် ရှိပါ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏။” (ဆာလံ ၅၁:၅) ဘုရားသခင်သည် မိခင်များအား အပြစ်သားကို သန္ဓေတည်စေရန် မရည်ရွယ်ခဲ့ပေ။ သို့သော် အာဒံနှင့် ဧဝသည် ဘုရားသခင်အား ဆန့်ကျင်ပုန်ကန်ရန် ရွေးချယ်လိုက်သည့်အခါ အပြစ်မဲ့ သားသမီး မွေးဖွားနိုင်စွမ်း ဆုံးရှုံးသွားခဲ့သည်။ (ရောမ ၅:၁၂) မစုံလင်သော လူသားမျိုးနွယ် အရေအတွက် တိုးများလာသည်နှင့်အမျှ “လူတို့သည် ငယ်သောအရွယ်မှစ၍ စိတ်နှလုံး အကြံအစည် ဆိုး” ကြောင်း ထင်ရှားလာလေသည်။—ကမ္ဘာဦး ၈:၂၁။
အပြစ်ပြုလိုစိတ်ကို မချိုးနှိမ်ပါက “ဇာတိပကတိအကျင့်” များဟု ကျမ်းစာတွင် ဖော်ပြထားသော “မတရားသောမေထုန်၌ မှီဝဲခြင်း၊ . . . ရန်ငြိုးဖွဲ့ ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်း ကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့အကျိုးကို ငြူစူခြင်း” နှင့် အခြားအကျင့်ဆိုးများကို ပြုမူမိနိုင်သည်။ (ဂလာတိ ၅:၁၉-၂၁) ဘုရင်ဒါဝိဒ်၏ ဖြစ်ရပ်တွင် သူသည် သွေးသားအားနည်းချက်ကို မလွန်ဆန်နိုင်ဘဲ မတရားမေထုန် ကျူးလွန်ခဲ့သည်။ ယင်းကြောင့် အကြမ်းဖက်မှုပင် ဖြစ်သွားခဲ့သည်။ (၂ ဓမ္မရာဇဝင် ၁၂:၁-၁၂) သူသည် အကျင့်ပျက်ပြားလိုစိတ်ကို တွန်းလှန်မည့်အစား ဗာသရှေဘအပေါ် တပ်မက်စိတ် ထားခြင်းဖြင့် တပည့်ဖြစ်သူ ယာကုပ် နောက်ပိုင်း ဖော်ပြခဲ့သော လမ်းစဉ်နောက် လိုက်ခဲ့သည်– ‘မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူ မည်သည်ကား အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။ တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ မကောင်းမှုကို ဖွားတတ်၏။ မကောင်းမှုသည်လည်း ပြည့်စုံလျှင် သေခြင်းကို ဖွားတတ်၏။’—ယာကုပ် ၁:၁၄၊ ၁၅။
ရှေ့ဆောင်းပါးတွင် ဖော်ပြခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ တိုက်ခိုက်လုယက်ခြင်းတို့က လူတို့သည် မိမိတို့၏ ဆိုးညစ်သော ဆန္ဒအတိုင်း ပြုမူသည့်အခါ အဘယ်သို့ ဖြစ်တတ်ကြောင်း ဖော်ပြသည့် ပြင်းထန်သော နမူနာများ ဖြစ်ကြသည်။
ဆိုးသွမ်းမှုသည် အသိပညာ မဲ့မှုကြောင့် ဖြစ်
တမန်တော် ပေါလု၏ ကိုယ်တွေ့ဖြစ်ရပ်က ဆိုးသွမ်းမှုများကို လူတို့ ပြုမူနေရခြင်း၏ ဒုတိယ အကြောင်းရင်းကို ပေါ်လွင်စေသည်။ ပေါလု ကွယ်လွန်ချိန်တွင် နူးညံ့သိမ်မွေ့သူ၊ ချစ်သနားတတ်သူအဖြစ် နာမည်ကောင်း ရခဲ့၏။ သူသည် ခရစ်ယာန် ညီအစ်ကို ညီအစ်မများအတွက် ကိုယ်ကျိုးမငဲ့ဘဲ အသုံးတော်ခံခဲ့သည်။ (၁ သက်သာလောနိတ် ၂:၇-၉) သို့သော် ရှောလုအဖြစ် လူသိများခဲ့ချိန်က သူသည် ထိုသူတို့ကို “ခြိမ်းခြောက်၍ အသေသတ်ခြင်းငှာ ပြင်းပြစွာ အသက်ရှူ” သောသူ ဖြစ်ခဲ့သည်။ (တမန်တော် ၉:၁၊ ၂) ကနဦး ခရစ်ယာန်တို့အပေါ် ပြုကျင့်ခဲ့သည့် ဆိုးသွမ်းမှုများတွင် ပေါလု အဘယ်ကြောင့် ပါဝင်ခဲ့သနည်း။ “အမှန်မသိဘဲ ပြုသောကြောင့်” ဖြစ်သည်ဟု သူ ဆိုခဲ့သည်။ (၁ တိမောသေ ၁:၁၃) ယခင်က ပေါလုသည် “မှန်သောပညာ မရှိသော်လည်း ဘုရားသခင်ဘက်၌ စိတ်အားကြီး” သူ ဖြစ်သည်။—ရောမ ၁၀:၂။
ပေါလုနည်းတူ စိတ်ရင်းမှန်သူများသည် ဘုရားသခင့်အလိုတော်ကို တိကျမှန်ကန်စွာ မသိသောကြောင့် ဆိုးသွမ်းမှုများတွင် ပါဝင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဥပမာ၊ ယေရှုသည် တပည့်များအား ဤသို့သတိပေးခဲ့၏– ‘လောကသားတို့သည် သင်တို့ကို တရားဇရပ်မှ နှင်ထုတ်လိမ့်မည်။ သင်တို့ကို သတ်သောသူ မည်သည်ကား ဘုရားသခင်ဝတ်ကို ငါပြုပြီဟု မိမိ ထင်မှတ်သောအချိန်ကာလ ရောက်လိမ့်မည်။’ (ယောဟန် ၁၆:၂) မျက်မှောက်ခေတ် ယေဟောဝါသက်သေများသည် ယေရှု၏ စကား မှန်ကန်ကြောင်း တွေ့ကြုံနေကြပြီ။ နိုင်ငံများစွာတွင် သူတို့သည် ဘုရားသခင့်အလိုတော် ထမ်းဆောင်နေပါသည်ဟု ဆိုသူတို့၏ နှိပ်စက်ညှဉ်းပန်းခြင်း ခံနေရပြီး သတ်ဖြတ်ခြင်းပင် ခံနေရသည်။ အဆိုပါ လွဲမှားသော ဇွဲကို စစ်မှန်သော ဘုရားသခင် နှစ်သက်တော်မမူချေ။—၁ သက်သာလောနိတ် ၁:၆။
ဆိုးသွမ်းမှုကို အစပြုသူ
ဆိုးသွမ်းမှုများ တည်ရှိနေရသည့် အဓိကအကြောင်းရင်းကို ယေရှု ဖော်ပြခဲ့သည်။ မိမိအား သတ်လိုသည့် ဘာသာရေး ခေါင်းဆောင်များကို ကိုယ်တော် ဤသို့မိန့်ဆိုလေသည်– ‘သင်တို့သည် သင်တို့၏အဘ တည်းဟူသော စာတန်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ စာတန်သည် ရှေးဦးစွာမှစ၍ လူအသတ်ကို သတ်သောသူ ဖြစ်၏။’ (ယောဟန် ၈:၄၄) စာတန်သည် မိမိကိုယ်ကျိုးအတွက် ဘုရားသခင်အား ပုန်ကန်ရန် အာဒံနှင့် ဧဝတို့ကို သွေးဆောင်ခဲ့၏။ ထိုပုန်ကန်မှုကြောင့် လူတို့သည် အပြစ်နှင့် သေခြင်းအောက် ကျရောက်ခဲ့သည်။
စာတန်၏ သတ်ဖြတ်လိုသော သဘောသည် ယောဘအား ပြုမူဆက်ဆံခဲ့ရာတွင် ပို၍ ထင်ရှားသည်။ ယောဘ၏ သမာဓိကို စမ်းသပ်ရန် ဘုရားသခင် ခွင့်ပြုလိုက်သည့်အခါ စာတန်သည် ယောဘ၏ ပိုင်ဆိုင်ရာများကို လုယူရုံမျှနှင့် မကျေနပ်နိုင်ခဲ့ပေ။ ယောဘ၏ သားသမီးဆယ်ဦးကိုလည်း သေဆုံးစေခဲ့၏။ (ယောဘ ၁:၉-၁၉) လွန်ခဲ့သော ဆယ်စုနှစ်များက ဆိုးသွမ်းမှု သိသိသာသာ တိုးများလာကြောင်း လူတို့ တွေ့ကြုံခဲ့ကြရသည်။ ယင်းတို့သည် မစုံလင်မှုနှင့် အသိပညာ မဲ့မှုတို့အပြင် လူ့ရေးရာများတွင် စာတန် တိုး၍ ဝင်ရောက်စွက်ဖက်လာခြင်းတို့ကြောင့် ဖြစ်ရလေသည်။ စာတန်နှင့်အတူ “သူ၏ တမန်တို့ကိုလည်းကောင်း မြေကြီးသို့ ချလိုက်ကြ၏” ဟု ကျမ်းစာက ဖော်ပြသည်။ စာတန်ကို နှင်ချလိုက်ခြင်းကြောင့် “မြေကြီး. . . သည် အမင်္ဂလာရှိ၏” ဟု ထိုပရောဖက်ပြုချက်ကပင် အတိအကျ ကြိုဟောခဲ့သည်။ စာတန်သည် လူတို့ကို မကောင်းမှု ပြုရန် အတင်းအကျပ် မစေခိုင်းနိုင်သော်လည်း “ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား” ရာတွင် အလွန်ကျွမ်းကျင်သူ ဖြစ်၏။—ဗျာ. ၁၂:၈၊ ၉၊ ၁၂။
အဆိုးပြုလိုစိတ်ကို ဖယ်ရှားခြင်း
ဆိုးသွမ်းမှုကို လူ့အသိုင်းအဝိုင်းမှ အပြီးတိုင် ဖယ်ရှားပစ်ရန် လူတို့၏ မွေးရာပါ အဆိုးပြုလိုစိတ်၊ အသိပညာ မဲ့မှုနှင့် စာတန်၏ သြဇာလွှမ်းမိုးမှုတို့ကို ဖယ်ရှားရမည်။ ဦးဆုံးအနေနှင့် လူတစ်ဦး၏ မွေးရာပါ အပြစ်ပြုလိုစိတ်ကို နှလုံးထဲမှ မည်သို့ ဖယ်ရှားနိုင်သနည်း။
အဘယ်ခွဲစိတ်ဆရာဝန်၊ အဘယ်စက်ပစ္စည်းကမျှ ယင်းကို ဖယ်ရှားနိုင်မည် မဟုတ်ချေ။ သို့ရာတွင် ယေဟောဝါ ဘုရားသခင်သည် အပြစ်နှင့် မစုံလင်မှုကို ကုစားပေးနိုင်သည့် နည်းကို လက်ခံလိုသူတိုင်းအတွက် ပြင်ဆင်ပေးထားသည်။ “ယေရှုခရစ်၏ အသွေးတော်သည် ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏” ဟု တမန်တော် ယောဟန် ရေးခဲ့သည်။ (၁ ယောဟန် ၁:၇) စုံလင်သော လူသား ယေရှုသည် မိမိ၏ အသက်ကို တလိုတလား စွန့်ခဲ့ပြီး ကျွန်ုပ်တို့သည် “အပြစ်နှင့် ဆိုင်သောအရာ၌ သက်သေ ဖြစ်၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည်အကြောင်း” ကျွန်ုပ်တို့၏ “အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာ ခံတော်မူ” ခဲ့သည်။ (၁ ပေတရု ၂:၂၄) ပူဇော်ရာယဇ်အဖြစ် ယေရှု၏ သေခြင်းသည် အာဒံ၏ ဆိုးမွေကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ဖယ်ရှားပေးမည်။ ပေါလုက ခရစ်တော် ယေရှုသည် “လူအပေါင်းတို့အဖို့ တန်ဖိုးတူ ရွေးနုတ်ဖိုး” ဖြစ်လာသည်ဟု ဆိုသည်။ (၁ တိမောသေ ၂:၆၊ ကဘ) အာဒံ ဆုံးရှုံးခဲ့သော စုံလင်မှုကို လူသားအားလုံး ပြန်ရရှိရန် ခရစ်တော်၏ သေခြင်းက လမ်းဖွင့်ပေးခဲ့သည်။
‘လွန်ခဲ့တဲ့ အနှစ် ၂၀၀၀ ကျော်က ယေရှုရဲ့ သေခြင်းဟာ လူတွေကို ပြန်စုံလင်လာစေနိုင်တယ်ဆိုရင် ဘာကြောင့် အခုထိ ဆိုးသွမ်းမှုနဲ့ သေခြင်းတရား ရှိနေရသလဲ’ ဟု သင် မေးပေမည်။ ထိုမေးခွန်း၏ အဖြေကို သိရှိမည်ဆိုလျှင် ဘုရားသခင့် ရည်ရွယ်ချက်အကြောင်း မသိရှိခြင်းဟူသော ဆိုးသွမ်းမှု ဖြစ်ရသည့် ဒုတိယ အကြောင်းရင်းကို ပပျောက်စေနိုင်မည်။
ကောင်းမှုသည် တိကျမှန်ကန်သော အသိပညာကြောင့် ဖြစ်
ယေဟောဝါနှင့် ယေရှုသည် ဆိုးသွမ်းမှုကို ဖယ်ရှားရန် ယခု အဘယ်အရာ လုပ်ဆောင်နေကြောင်း တိကျမှန်ကန်စွာ သိထားခြင်းက စိတ်ရင်းမှန်သူတစ်ဦးအား ဆိုးသွမ်းသည့် လုပ်ရပ်များကို မသိဘဲ ကျူးလွန်ကာ “ဘုရားသခင်၏ အာဏာတော်ကို ဆန်သောသူ” ဖြစ်လာခြင်းမှ တားဆီးပေးမည်။ (တမန်တော် ၅:၃၈၊ ၃၉) အတိတ်က မသိဘဲလျက် ပြုမိသော အပြစ်များကို ယေဟောဝါ ဘုရားသခင် ခွင့်လွှတ်တော်မူသည်။ အေသင်မြို့သားများကို တမန်တော် ပေါလု ဤသို့ပြောသည်– “ဘုရားသခင်သည် မိုက်မဲသော အချိန်ကာလတို့ကို အမှုမထားဖူးသော်လည်း ယခုမှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရကြလော့ဟု ခပ်သိမ်းသောအရပ်တို့၌ ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏။ အကြောင်းမူကား ခန့်ထားတော်မူသောသူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့် ညီလျော်စွာ စစ်ကြောစီရင်မည့် နေ့ရက်ကို ချိန်းချက်တော်မူပြီ။ ထိုသူကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့် ခပ်သိမ်းသော လူတို့အား ယုံလောက်သော သက်သေကို ပြတော်မူပြီ။”—တမန်တော် ၁၇:၃၀၊ ၃၁။
ယေရှုသည် သေခြင်းမှ ထမြောက်ခဲ့ပြီ ဖြစ်ကြောင်း ပေါလု ကိုယ်တွေ့သိရှိခဲ့သည်။ အကြောင်းမှာ ကနဦး ခရစ်ယာန်များအား နှိပ်စက်ညှဉ်းပန်းခြင်း မပြုရန် ရှင်ပြန်ထမြောက်လာသူ ယေရှုကိုယ်တိုင် ပေါလုကို မိန့်ဆိုခဲ့ခြင်းကြောင့် ဖြစ်၏။ (တမန်တော် ၉:၃-၇) ပေါလုသည် ဘုရားသခင့် ရည်ရွယ်ချက်အကြောင်း တိကျမှန်ကန်စွာ သိရှိလာသည်နှင့် ချက်ချင်းပြောင်းလဲကာ ခရစ်တော်ကို တုပရာတွင် အကောင်းဆုံးပုဂ္ဂိုလ် ဖြစ်လာလေသည်။ (၁ ကောရိန္သု ၁၁:၁; ကောလောသဲ ၃:၉၊ ၁၀) ထို့ပြင် ပေါလုသည် ‘ဘုရားသခင့်နိုင်ငံတော်နှင့် ယှဉ်သော သတင်းကောင်း’ ကို စိတ်ထက်သန်စွာ ဟောပြောခဲ့သည်။ (မဿဲ ၂၄:၁၄) ယေရှု ကွယ်လွန်ပြီး ရှင်ပြန်ထမြောက်ခဲ့ချိန်မှစ၍ အနှစ် ၂၀၀၀ နီးပါးအတွင်း ပေါလုကဲ့သို့သော ပုဂ္ဂိုလ်များကို ဘုရားသခင့်နိုင်ငံတော်တွင် ခရစ်တော်နှင့်အတူ အုပ်ချုပ်ရန် ရွေးချယ်ခဲ့သည်။—ဗျာ. ၅:၉၊ ၁၀။
လွန်ခဲ့သော ရာစုနှစ်တစ်လျှောက်အပြင် ယနေ့ထိတိုင် ယေဟောဝါသက်သေများသည် ယေရှု၏ ဤမိန့်မှာချက်ကို စိတ်ထက်သန်စွာ လိုက်နာဆောင်ရွက်နေကြသည်– ‘သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ နှစ်ခြင်းမင်္ဂလာကို ပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသွန်သင်ကြလော့။’ (မဿဲ ၂၈:၁၉၊ ၂၀) ယင်းသတင်းစကားကို တုံ့ပြန်သူများသည် ခရစ်တော် အုပ်စိုးမည့် ကောင်းကင်အုပ်ချုပ်မှုအောက် ကမ္ဘာပေါ်တွင် ထာဝစဉ် နေထိုင်နိုင်မည့် အလားအလာ ရှိကြသည်။ “ထာဝရအသက် ဟူမူကား မှန်သော ဘုရားသခင် . . . ဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း” ဟု ယေရှု မိန့်ဆိုလေသည်။ (ယောဟန် ၁၇:၃) ထိုအသိပညာ ရရှိအောင် တစ်ဦးဦးကို ကူညီပေးခြင်းသည် ပြုနိုင်သမျှ ကောင်းမှုတွင် အကောင်းဆုံး ဖြစ်ပေသည်။
ဘုရားသခင့် နိုင်ငံတော် သတင်းကောင်းကို လက်ခံယုံကြည်သူတို့သည် ဆိုးသွမ်းမှုများစွာ ဝန်းရံနေသည့်ကြားမှ “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း” အစရှိသည့် အရည်အသွေးများကို တင်ပြကြသည်။ (ဂလာတိ ၅:၂၂၊ ၂၃) သူတို့သည် ယေရှုကို တုပသည့်အနေနှင့် “အဘယ်သူကိုမျှ ရန်တုံ့မမူကြ” ပါ။ (ရောမ ၁၂:၁၇) တစ်ဦးချင်းစီအနေနှင့်လည်း “အကောင်းအားဖြင့် အဆိုးကို နိုင်” ရန် ကြိုးစားကြသည်။—ရောမ ၁၂:၂၁; မဿဲ ၅:၄၄။
ဆိုးသွမ်းမှုကို အပြီးသတ် အောင်ပွဲဆင်
လူသားတို့ချည်းအနေဖြင့်ဆိုလျှင် ဆိုးသွမ်းမှု၏ အဓိက တာဝန်ခံ စာတန်အပေါ် ဘယ်တော့မျှ အောင်ပွဲဆင်နိုင်မည် မဟုတ်ပါ။ သို့သော် မကြာမီ ယေဟောဝါသည် ယေရှုကို အသုံးပြုကာ စာတန်၏ ခေါင်းကို ကြိတ်တော်မူမည်။ (ကမ္ဘာဦး ၃:၁၅; ရောမ ၁၆:၂၀) ထို့ပြင် ယေဟောဝါသည် သမိုင်းတစ်လျှောက် ဆိုးသွမ်းမှုများစွာ ဖြစ်ပေါ်စေခဲ့သော နိုင်ငံရေးစနစ်အားလုံးကို “ချိုးဖဲ့ဖျက်ဆီး” ရန် ယေရှုခရစ်ကို ညွှန်ကြားတော်မူမည်။ (ဒံယေလ ၂:၄၄၊ ၄၅; ဒေ. ၈:၉) လာလတ္တံ့သော ထိုတရားစီရင်ချိန်အတွင်း “ငါတို့သခင် ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို . . . တရားသဖြင့် စီရင်တော်မူလိမ့်မည်။”—၂ သက်သာလောနိတ် ၁:၈၊ ၉; ဇေဖနိ ၁:၁၄-၁၈။
စာတန်နှင့် ၎င်းအား ထောက်ခံသူတို့ကို ဖယ်ရှားပြီးလျှင်ပြီးချင်း ကပ်ကျော်သူများက မြေကြီးကို နဂိုမူလအတိုင်း ပြန်ဖြစ်ရန် လုပ်ဆောင်ရာတွင် ယေရှုသည် ကောင်းကင်မှ ကူညီတော်မူမည်။ ထို့ပြင် ယေရှုသည် ပြန်လည်ထူထောင်ထားသည့် မြေကြီးပေါ်တွင် နေထိုင်ခွင့်ရသော ထိုက်တန်သူအားလုံးကို ရှင်ပြန်ထမြောက်စေတော်မူမည်။ (လုကာ ၂၃:၃၂၊ ၃၉-၄၃; ယောဟန် ၅:၂၆-၂၉) ထိုသို့ပြုခြင်းဖြင့် ကိုယ်တော်သည် လူသားများ တွေ့ကြုံခံစားနေရသော ဆိုးသွမ်းမှု၏ အကျိုးဆက်များကို ဖယ်ရှားပေးတော်မူမည်။
ယေဟောဝါသည် ယေရှုနှင့်ပတ်သက်သော သတင်းကောင်းကို လူတို့ နားထောင်ရန် အတင်းအကျပ် ပြုတော်မူမည် မဟုတ်ပါ။ သို့သော် ကိုယ်တော်သည် အသက်ရစေသော အသိပညာကို လူတို့ ဆည်းပူးနိုင်မည့် အခွင့်အလမ်းကိုကား ပေးထားတော်မူသည်။ ယခုပင် ဤအခွင့်ထူးမှ အကျိုးရယူရန် အရေးကြီးသည်။ (ဇေဖနိ ၂:၂၊ ၃) သို့ပြုလျှင် ယခုပင် သင့်ဘဝကို ထိခိုက်ပျက်စီးစေသော မည်သည့်ဆိုးသွမ်းမှုကိုမဆို ကိုင်တွယ်ဖြေရှင်းတတ်လာပါလိမ့်မည်။ ထို့ပြင် ဆိုးသွမ်းမှုများကို ယေရှု မည်သို့ အပြီးသတ်အောင်ပွဲဆင်မည် ဖြစ်ကြောင်း သင် မြင်တွေ့ရပါလိမ့်မည်။—ဗျာ. ၁၉:၁၁-၁၆; ၂၀:၁-၃၊ ၁၀; ၂၁:၃၊ ၄။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ရှောလုသည် တိကျမှန်ကန်သော အသိပညာ မရှိသောကြောင့် ဆိုးသွမ်းမှုများကို ပြုကျင့်ခဲ့
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဘုရားသခင်အကြောင်း တိကျမှန်ကန်စွာ သိစေရန် တစ်ဦးဦးကို ကူညီပေးခြင်းသည် ပြုနိုင်သမျှ ကောင်းမှုတွင် အကောင်းဆုံးဖြစ်