မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

ဆာလံ ၁၀၂:၂၆ တွင် မိုးကောင်းကင်​နှင့် မြေကြီး​သည် “ပျက်စီးခြင်း​သို့​ရောက်” လိမ့်​မည်​ဟု​ဖော်ပြ​ထား​ရာ ကမ္ဘာ​ဂြိုဟ်​ဖျက်ဆီးခြင်း​ခံရ​မည်​ဟု ဆိုလို​သလော

ဆာလံဆရာ​သည် ယေဟောဝါ​ထံ ဆုတောင်းရာ​တွင် ဤသို့ ဆို ခဲ့​သည်– “ကိုယ်တော်​သည် ရှေ့​ဦးစွာ​၌ မြေကြီးကို​တည်​တော်​မူ​ပြီ။ မိုးကောင်းကင်​သည်လည်း လက်တော်​နှင့်​ဖန်ဆင်း​သော​အရာ​ဖြစ်ပါ​၏။ ထို​အရာ​တို့သည် ပျက်စီးခြင်း​သို့​ရောက်​သော်လည်း ကိုယ်တော်​သည် အမြဲ​တည်​တော်​မူ​၏။ ထို​အရာရှိသမျှ​တို့ သည် အဝတ်​ကဲ့သို့ ဟောင်းနွမ်း​ခြင်း​သို့ ရောက်​၍ ကိုယ်တော်​သည် ဝတ်လုံကို​လဲ​သကဲ့သို့ လဲ​တော်​မူ” မည်။ (ဆာလံ ၁၀၂:၂၅၊ ၂၆) ရှေ့နောက်စကား​အရ ယင်း​အခန်းငယ်​များသည် မြေကြီး​ပျက်စီးခြင်း​အကြောင်း ပြောဆို​နေခြင်း​မဟုတ်ဘဲ ဘုရားသခင်​၏​ထာဝရ​တည်ရှိခြင်း​ကို ပြောဆို​နေကြောင်း ထင်ရှား​သည်။ ထို့​ပြင် ဘုရားသခင့်​ကျေးကျွန်​များ​အတွက် ထို​အရေးပါသော​အမှန်တရားသည် အဘယ်ကြောင့်​နှစ်သိမ့် မှု ဖြစ်​ကြောင်း ၎င်း​ရှေ့နောက်စကား​က ဖော်ပြ​သည်။

ဗာဗုလုန်​၌ ပြည်နှင်ဒဏ်​ခံ​နေရ ပုံ ရှိသော ဆာလံဆရာ​သည် မိမိ၏​စိတ်သောက​ကို အစချီ​ဖော်ပြ​နေခြင်း​ဖြစ်၏။ သူ၏​အသက်တာသည် “မီးခိုး​ကဲ့သို့” ကုန်​တတ်​ကြောင်း ညည်းတွား​ခဲ့​သည်။ အလွန်အမင်း စိတ်သောက​ရောက်နေ​သောကြောင့် သူ၏​အရိုး​တို့သည် “မီး​ချေး​ကဲ့သို့​ကျွမ်း” လောင်​နေ​သလို ခံစားရ​သည်။ သူသည် ပင်ပန်း​နွမ်း​နယ်​နေ​ကာ “မြက်​ပင်​ကဲ့သို့ အထိအခိုက်​ခံရ​၍ ညှိုးနွမ်း​လျက်​ရှိ” ပြီး “အိမ်မိုး​ပေါ်မှာ တစ်ကောင်​တည်းနေ​ရသော ငှက်​ကဲ့သို့” အထီးကျန်​နေသည်။ သူ​ခံရ​သော​စမ်းသပ်မှု​များ​ကြောင့် ခံတွင်း​ပျက်​နေပြီး နေ့စဉ်​နှင့်​အမျှ ညည်းတွား​နေရ ရှာ​သည်။ (ဆာလံ ၁၀၂:၃-၁၁) သို့​တိုင် ဆာလံဆရာ​သည် မျှော်လင့်ချက်​ရှိ​နိုင်​သေး​သည်။ အဘယ်ကြောင့်​နည်း။ ဇိအုန်​ခေါ် ယေရုရှလင်​မြို့​နှင့်​ပတ်သက်သော ယေဟောဝါ​၏ ကတိတော်​များ​ကြောင့်​ဖြစ်၏။

ဇိအုန်​သည် ဖျက်ဆီး​ခံ​ခဲ့​ရ​သော်လည်း ယင်းကို ပြန်လည်​တည်ထောင်​မည်​ဟု ယေဟောဝါ ကတိ​ထား​တော်​မူ​သည်။ (ဟေရှာယ ၆၆:၈) ထို့​ကြောင့် ဆာလံဆရာ​သည် ယေဟောဝါ​အား ဤသို့​ယုံ ကြည်​စိတ်ချ​စွာ လျှောက်တင်​ခဲ့​သည်– ‘ဇိအုန်​မြို့ကို ကယ်မ​သနား​ရသော​အချိန်၊ ချိန်းချက်​တော်​မူ​သော​အချိန်​ရောက်​ပါ​ပြီ။ ဘုရားသခင်​သည် ဇိအုန်​မြို့ကို​တည်ထောင်​၍ ဘုန်းတော်​နှင့်​တကွ ထင်ရှား​တော်​မူ​လိမ့်​မည်။’ (ဆာလံ ၁၀၂:၁၃၊ ၁၆) ထို့နောက် မိမိ​ခံစား​ရသော ဆင်းရဲ​ခက်ခဲ​မှု​အကြောင်း သူ​ဆက်​ပြောဆို​ခဲ့​သည်။ ယေဟောဝါ​သည် ပျက်စီး​နေသော​ယေရုရှလင်​မြို့ကို တန်ခိုးတော်​ဖြင့် ပြန်လည်​တည်ထောင်​ပေး​နိုင်​လျှင် မိမိ၏​အခြေအနေ​ဆိုး​မှ​လည်း ကယ်နုတ်​နိုင်​မည်​ဟု သူ​ဆင်ခြင်​ခဲ့​သည်။ (ဆာလံ ၁၀၂:၁၇၊ ၂၀၊ ၂၃) ဆာလံဆရာ​သည် ယေဟောဝါ​အား အကြွင်းမဲ့ယုံ ကြည်​ကိုးစား​ရသည့် အခြား​အကြောင်း​တစ်ခု​လည်း ရှိသေး​သည်။ ယင်း​ကား​အဘယ်နည်း။ ဘုရားသခင်​သည် ထာဝရ​တည်ရှိ​သည့်​အကြောင်း​ဖြစ်သည်။

ယေဟောဝါ​၏​ထာဝရ​တည် ရှိ မှု​နှင့် ဆာလံဆရာ​၏​တိုတောင်း​သော​အသက်တာသည် အလွန်​ကွာခြား​လိုက်​လေ​ခြင်း။ ထို့​ကြောင့် ဆာလံဆရာ​က ယေဟောဝါ​အား “ကိုယ်တော်​၏​နှစ်​တို့သည် ကာလ​အစဉ်အဆက်​မြဲ​ကြ​ပါ​၏” ဟု​ဆို​ခဲ့​သည်။ (ဆာလံ ၁၀၂:၂၄) ထို့နောက် သူ​ဤသို့​ဆက်ဆို​သည်– “ကိုယ်တော်​သည် ရှေ့​ဦးစွာ​၌ မြေကြီးကို တည်​တော်​မူ​ပြီ။ မိုးကောင်းကင်​သည်လည်း လက်တော်​နှင့်​ဖန်ဆင်း​သော​အရာ​ဖြစ်ပါ​၏။”—ဆာလံ ၁၀၂:၂၅

သို့​တိုင် မိုးကောင်းကင်​နှင့် မြေကြီး​၏ သက်တမ်းကြာ​ညောင်း​မှု​ပင်​လျှင် ယေဟောဝါ​၏​ထာဝရ​အဖြစ်တော်​နှင့် မယှဉ်နိုင်​ပေ။ ဆာလံဆရာ​သည် ထပ်ဆင့်၍ ဤသို့​ဆို​၏– “ထို​အရာ [မိုးကောင်းကင်​နှင့်​မြေကြီး] တို့သည် ပျက်စီးခြင်း​သို့​ရောက်​သော်လည်း ကိုယ်တော်​သည် အမြဲ​တည်​တော်​မူ​၏။” (ဆာလံ ၁၀၂:၂၆) ပကတိ​မိုးကောင်းကင်​နှင့် မြေကြီး​သည် ပျက်စီး​သွား​နိုင်​သည်။ ယင်း​တို့​အစဉ်အမြဲ​တည်ရှိ​လိမ့်​မည်​ဟု အခြား​ကျမ်းချက်​များ​တွင် ယေဟောဝါ​မိန့်ဆိုခဲ့သည်​မှာ မှန်ပါသည်။ (ဆာလံ ၁၁၉:၉၀; ဒေ. ၁:၄) သို့သော် ဘုရားသခင်​အလိုတော်​ရှိလျှင် ယင်း​တို့ကို ဖျက်ဆီး​ပစ်​နိုင်​သည်။ ဘုရားသခင်​မူ​ကား မသေဆုံး​နိုင်​ပေ။ ထို​ဖန်ဆင်း​ရာ​တို့ “အမြဲ​တည်” ရှိနေခြင်း​မှာ ယင်း​တို့ကို ဘုရားသခင် ဆက်​တည်ရှိ​နေ​စေသော​ကြောင့်​သာ ဖြစ်၏။ (ဆာလံ ၁၄၈:၆) ထို​မျက်မြင်ရ​ဖန်ဆင်း​ရာ​များ​ကို ယေဟောဝါ ဆက်၍​အသစ်​ပြုပြင်​မပေး​လျှင် ယင်း​တို့သည် “အဝတ်​ကဲ့သို့ ဟောင်းနွမ်း​ခြင်း​သို့​ရောက်” လိမ့်​မည်။ (ဆာလံ ၁၀၂:၂၆) လူတစ်ဦး​၏​အဝတ်အစား​သည် သုံး​မရ​ဖြစ်သွား​ပြီး​သည့်​တိုင် ထို​သူ​ဆက်​ရှိ​နေနိုင်​သကဲ့သို့ ယေဟောဝါ​အလိုတော်​ကြောင့် မိမိ၏​ဖန်ဆင်း​ရာ ပျက်စီး​သွား​သည့်​တိုင် ကိုယ်တော်​ဆက်လက်​တည်ရှိ​ပေမည်။ သို့ရာတွင် ထိုသို့​ဖြစ်​ရန် ဘုရားသခင်​အလိုတော်​မရှိကြောင်း အခြား​ကျမ်းချက်​များ​က ဖော်ပြ​သည်။ ယေဟောဝါ​သည် ပကတိ​မိုးကောင်းကင်​နှင့် မြေကြီးကို ထာဝရ​တည်စေ​တော်​မူ​မည်​ဟု သမ္မာကျမ်းစာ​က အာမခံ​ထား​သည်။—ဆာလံ ၁၀၄:၅

ယေဟောဝါ​သည် မိမိ၏​ကတိတော်​အားလုံး​ကို ပြည့်စုံစေရန် အမြဲ​တည်ရှိ​နေ​မည်​ဖြစ်​ကြောင်း သိရခြင်းက အားရှိစရာ​ပင်။ အဘယ်​စမ်းသပ်မှု​မျိုးကို​မဆို ကျွန်ုပ်​တို့​ရင်ဆိုင်​ကြ​ရ​ပါစေ၊ ကိုယ်တော်​အား အကူအညီ​တောင်းခံ​လျှင် “ကိုးကွယ်​ရာ​မဲ့​သော​သူတို့ ဆုတောင်းခြင်း​အကြောင်းကို မထီမဲ့မြင်​မပြု၊ သူတို့၏[ဆုတောင်းခြင်း]ကို မှတ်တော်မူ” မည်​ကို ယုံကြည်​စိတ်ချ​နိုင်​ကြသည်။ (ဆာလံ ၁၀၂:၁၇) မှန်ပါသည်၊ ဆာလံ ၁၀၂ တွင် တွေ့ ရှိ​ရသည့် ယေဟောဝါ​၏​ကတိတော်​သည် ကျွန်ုပ်​တို့​နေထိုင်​သည့် ကမ္ဘာ​မြေကြီး​ထက်​ပင် ပို ၍​ခိုင်မာ​ပါ​သည်။