မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တွေးတောဆင်ခြင်ခြင်းကို ပျော်ရွှင်စရာဖြစ်စေပါ

တွေးတောဆင်ခြင်ခြင်းကို ပျော်ရွှင်စရာဖြစ်စေပါ

တွေးတော​ဆင်ခြင်ခြင်း​ကို ပျော်ရွှင်စရာ​ဖြစ်စေ​ပါ

တွေးတော​ဆင်ခြင်ခြင်း​သည် လူ​အချို့​အတွက် ထိတ်လန့်စရာ​ဖြစ်​ရခြင်း​မှာ ယင်းကို အကြီးအကျယ်​အာရုံစိုက်​ရသော ခက်ခဲ​သည့်​အလုပ်ကြီး​တစ်ခု​အဖြစ် သူတို့​သဘောထားကြ​သောကြောင့်​ဖြစ်သည်။ တွေးတော​ဆင်ခြင်ခြင်း​သည် အရေးကြီးကြောင်း ဖတ်ရှု​ရ​တိုင်း ထိုသို့​မပြု​သူများ စိတ်မလုံ​မလဲ​ဖြစ်​ကြ​ပေမည်။ (ဖိလိပ္ပိ ၄:၈) သို့ရာတွင် ကျွန်ုပ်​တို့​သင်ယူ​သိရှိခဲ့​သော ယေဟောဝါ​နှင့်​ပတ်သက်​သည့်​အကြောင်း၊ ကိုယ်တော်​၏ နှစ်​လို့​ဖွယ်​အရည်အသွေးများ၊ စိုးရွံ့ဖွယ်​အောင်မြင်​ပြီးမြောက်မှု​များ၊ တောင်းဆိုချက်​များ၊ ကောင်းမြတ်လှ​သော ရည်ရွယ်ချက်​စ​သည့် အမှန်တရား​တို့ကို အချိန်ကုန်​ခံ တွေးတော​ဆင်ခြင်ခြင်း​သည် ပျော်ရွှင်​ကျေနပ်စရာ​ဖြစ်​နိုင်​ပြီး ထိုသို့​လည်း​ဖြစ်​သင့်​သည်။ အဘယ်ကြောင့်​နည်း။

ယေဟောဝါ​ဘုရားသခင်​သည် စကြဝဠာ​တွင် အမြင့်မြတ်ဆုံး​ပိုင်သ​အုပ်စိုးရှင်​ဖြစ်​တော်​မူ​ပြီး မိမိ၏​မဟာ​ရည်ရွယ်ချက် ပြည့်စုံ​ရေး​အတွက် အလုပ်များလျက်​ရှိသည်။ (ယောဟန် ၅:၁၇) ထိုသို့​လုပ်ဆောင်နေ​သည့်​ကြား​မှ မိမိ​အား​ဝတ်ပြုသူ​တစ်ဦးစီ၏ တွေးတော​ဆင်ခြင်မှု​များ​ကို ကိုယ်တော်​အာရုံစိုက်​တော်​မူ​သည်။ ယင်းကို ဆာလံဆရာ​ဒါဝိဒ် သိရှိ​ထား​ရာ ဘုရားသခင့်​မှုတ်သွင်းမှု​ဖြင့် အောက်ပါ​အတိုင်း ရေးသားခဲ့​သည်– “အို​ထာဝရ​ဘုရားသခင် ကိုယ်တော်​သည် အကျွန်ုပ်​ကို​စစ်ကြော​၍ သိတော်မူ၏။ အကျွန်ုပ်​ထိုင်​ခြင်း၊ ထ​ခြင်း​အရာ​တို့ကို​သိတော်မူ၏။ အကျွန်ုပ်​အကြံအစည်​တို့ကို အဝေးက​ပင် နားလည်​တော်​မူ​၏။”—ဆာလံ ၁၃၉:၁၊ ၂

ဆာလံဆရာ​၏​အဆိုပါ​စကား​များ​ကို အချို့​သူတို့က အစပိုင်း​တွင် ‘ဘုရားသခင်​ဟာ ဟိုးအဝေး​ကြီး​မှာ​ရှိနေပေမဲ့ ငါ့ရဲ့​မကောင်းတဲ့​အတွေး မှန်သမျှကို သိတယ်ဆိုတာ ဟုတ်​ပါ့​မလား’ ဟု အပျက်​သဘောဖြင့် တွေးမိ​ပေမည်။ ထိုသို့​အသိအမှတ်​ပြုခြင်း​သည် အကျိုး​ရှိသည်။ သို့ဖြင့် မှားယွင်း​သည့်​အတွေးအခေါ်​များ​ကို ချိုးနှိမ်​နိုင်​ရန် အကူအညီ​ရပြီး ထိုသို့​တွေးခေါ်​မိ​သည့်​အခါ​တွင်​လည်း ဝန်ချ​တောင်းပန်​စေနိုင်​သည်။ ယေရှု၏​ရွေးနုတ်ဖိုး​ပူဇော်ရာ​ယဇ်ကို အခြေပြု​၍ ဘုရားသခင်​ခွင့်လွှတ်​လိမ့်​မည်​ဟု ယုံကြည်​စိတ်ချ​နိုင်၏။ (၁ ယောဟန် ၁:၈၊ ၉; ၂:၁၊ ၂) တစ်ကြိမ်​တည်း​တွင် ယေဟောဝါ​သည် မိမိ​အား ဝတ်ပြုသူ​များ​ကို အပြုသဘောပါပါ​ဆန်းစစ်​ကြောင်း သတိရ​သင့်​သည်။ ကျွန်ုပ်​တို့သည် ကျေးဇူး​တင်​စိတ်ဖြင့် ကိုယ်တော့်​အကြောင်း တွေးတော​ဆင်ခြင်​နေသည်​ကို ကိုယ်တော် သိတော်မူ​သည်။

“သန်းနဲ့ချီတဲ့​ဝတ်ပြု​သူတွေရဲ့ ကောင်း​တဲ့​အတွေးအခေါ်​တိုင်း​ကို ယေဟောဝါ တကယ်ပဲ​သတိပြုမိ​ရဲ့​လား” ဟု​သင်​မေး​ပေမည်။ ကိုယ်တော် အမှန်ပင် သတိပြု​သည်။ စာငှက်​လေး​များ​ကို​ပင် ယေဟောဝါ​ဂရုစိုက်​တော်​မူ​ကြောင်း ယေရှု​မိန့်ဆို​ပြီး “သင်တို့သည် စာငှက်​အများ​တို့​ထက် သာ၍​မြတ်​ကြ​၏” ဟု​ဆက်​ပြော​ခြင်း​ဖြင့် ကျွန်ုပ်​တို့ကို ဘုရားသခင်​ဂရုစိုက်​ကြောင်း အလေးပေး​ဖော်ပြ​ခဲ့​သည်။ (လုကာ ၁၂:၆၊ ၇) စာငှက်​များသည် ယေဟောဝါ​အကြောင်း မတွေး​တော​နိုင်​ကြ​ချေ။ ထို​စာငှက်​များ​ကို ဘုရားသခင် ဂရုစိုက်​တော်​မူလျှင် ကိုယ်တော့်​အကြောင်း စဉ်းစား​တွေးတော​နိုင်​သည့် ကျွန်ုပ်​တို့​တစ်ဦးစီ​ကို သာ၍​ပင် ဂရုစိုက်​ကာ အားရ​ကျေနပ်​တော်​မူ​မည်​ဖြစ်​ခြင်း။ ဒါဝိဒ်​ကဲ့သို့​ပင် ကျွန်ုပ်​တို့​လည်း ယုံကြည်​စိတ်ချ​စွာ​ဖြင့် ဤသို့​တောင်းလျှောက်​နိုင်​ကြသည်– ‘အကျွန်ုပ်၏ . . . စိတ်နှလုံး​အကြံအစည်​သည် ရှေ့တော်၌ နှစ်သက်ဖွယ်​ဖြစ်ပါစေ​သော။ အို​ထာဝရ​ဘုရားသခင် အကျွန်ုပ်၏​ကျောက်၊ အကျွန်ုပ်​ကို​ရွေးနုတ်​တော်​မူ​သော​ဘုရားသခင်။’—ဆာလံ ၁၉:၁၄

သစ္စာရှိ​စွာ​ဝတ်ပြုသူ​များ​၏ တွေးတော​ဆင်ခြင်မှု​ကို ယေဟောဝါ အမှန်ပင်​အလေးထား​တော်​မူ​ကြောင်း ပရောဖက်​မာလခိ​၏ မှုတ်သွင်းခံ​စကား​က​လည်း ထပ်ဆင့်​သက်သေထူ​သည်။ ကျွန်ုပ်​တို့​ခေတ်​နှင့်​စပ်လျဉ်း၍ သူ​ဤသို့​ကြို​ဟောခဲ့​သည်– ‘ထို​အခါ ယေဟောဝါ​ကို​ကြောက်ရွံ့​သော​သူတို့သည် တစ်ယောက်ကို​တစ်ယောက်​နှုတ်​ဆက်၍ ပြောဆို​ကြ​၏။ ယေဟောဝါ​သည်လည်း နားထောင်​၍ ကြား​တော်​မူ​၏။ ယေဟောဝါ​ကို ကြောက်ရွံ့​၍ နာမတော်​ကို​အောက်မေ့​သော​သူတို့​အဖို့ ရှေ့တော်တွင် စာရင်း​၌ မှတ်သား​လျက်​ရှိ၏။’ (မာလခိ ၃:၁၆) ယေဟောဝါ​အကြောင်း ကျွန်ုပ်​တို့​တွေးတော​ဆင်ခြင်​သည့်​အခါ ကိုယ်တော် “နားထောင်​၍ ကြား​တော်​မူ” ကြောင်း သတိရ​နေခြင်း​က ထိုသို့​တွေးတော​ဆင်ခြင်ခြင်း​ကို ပျော်ရွှင်စရာ ဖြစ်စေ​နိုင်​သည်။ ထို့​ကြောင့် “ပြု​တော်​မူသမျှ​တို့ကို​ဆင်ခြင်​၍ စီရင်တော်မူ​သော​အရာ​တို့ကို မြွက်ဆို​ပါ​မည်” ဟူ​သည့် ဆာလံဆရာ​၏​စကား​အတိုင်း ကျွန်ုပ်​တို့ ပြောဆို​နိုင်​ကြ​ပါစေ။—ဆာလံ ၇၇:၁၂