မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖြောင့်မတ်ခြင်းကိုရှာခြင်းကအကာအကွယ်ပေး

ဖြောင့်မတ်ခြင်းကိုရှာခြင်းကအကာအကွယ်ပေး

ဖြောင့်မတ်ခြင်း​ကို​ရှာ​ခြင်း​က​အကာအကွယ်​ပေး

“ဘုရားသခင်​၏ . . . ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေ့ ဦးစွာရှာ​ကြလော့။”—မဿဲ ၆:၃၃

၁၊ ၂။ ခရစ်ယာန်​လုံမပျို​လေး​တစ်ဦး အဘယ်​ဆုံးဖြတ်ချက်​ကို​ချ​ခဲ့​သနည်း။ အဘယ်ကြောင့် ထိုသို့​ဆုံးဖြတ်​ခဲ့​သနည်း။

အာရှတိုက်​မှ ခရစ်ယာန်​အမျိုးသမီးငယ်​တစ်ဦး​သည် အစိုးရရုံး​တစ်​ရုံး​တွင် အတွင်းရေးမှူး​အဖြစ် အလုပ်လုပ်​ကိုင်​နေသည်။ သူသည် တာဝန်​ကျေပွန်သူ၊ အလုပ်​စောစော​လာပြီး မခိုမကပ်​သူ​ဖြစ်၏။ သို့သော် ယာယီ​လုပ်သား​ဖြစ်၍ သူ့ကို ဆက်​အလုပ်ခန့်​သင့်​မသင့် စဉ်းစား​နေကြ​သည်။ သူ၏​ဌာနမှူး​က မိမိ​အကြိုက်​ပျော်ပါး မည်​ဆိုလျှင် လုံမပျို​လေး​ကို အမြဲတမ်း​လုပ်သား​အဖြစ်​ခန့်အပ်​ပြီး ရာထူး​တိုး​ပေး​မည်​ဟု​ဆို​၏။ ထိုသို့​မပြုလျှင် မိမိ​အလုပ်ပြုတ်​မည်​သိ​သော်လည်း အမျိုးသမီးငယ်​မှာ ယတိပြတ်​ငြင်းဆို​လိုက်​သည်။

ထို​ခရစ်ယာန်​အမျိုးသမီးငယ်​သည် လက်တွေ့​ဘဝ​နှင့် အံဝင်ခွင်ကျ မဖြစ်​သူ​လော။ မဟုတ်ပါ။ “ဘုရားသခင်​၏ . . . ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေ့ ဦးစွာရှာ​ကြလော့” ဟူသော​ယေရှု၏​စကား​ကို သူ​လိုက်လျှောက်​နေခြင်း​ဖြစ်သည်။ (မဿဲ ၆:၃၃) အကျင့်​ယိုယွင်း​ပြီး​မှ အခွင့်အရေး​ရဖို့​ထက် ဖြောင့်မတ်​သော​မူများ​ကို​လိုက်လျှောက်ခြင်းက သူ့​အတွက် ပို​အရေးကြီး​ပေ​သည်။—၁ ကောရိန္သု ၆:၁၈

ဖြောင့်မတ်ခြင်း​၏​အရေးကြီးမှု

၃။ ဖြောင့်မတ်ခြင်း​ဟူသည် အဘယ်နည်း။

“ဖြောင့်မတ်ခြင်း” ဟူသည် သမာဓိ​သိက္ခာ​ရှိ​ခြင်း​နှင့် ရိုးသားခြင်း​ကို ဆိုလို​သည်။ သမ္မာကျမ်းစာ​တွင် ဖြောင့်မတ်ခြင်း​ဟု​ပြန်ဆို​ထားသော ဟေဗြဲ​နှင့် ဂရိ​စကားလုံး​သည် “တော်​တည့်​ခြင်း” သို့ မဟုတ် “ဖြောင့်မှန်ခြင်း” ဟူသော​အဓိပ္ပာယ်​ရှိ၏။ ယင်းသည် မိမိကိုယ်ကို ကိုယ်ပိုင်​စံနှုန်း​နှင့်​အကဲဖြတ်​ကာ ဖြောင့်မတ်​သည်​ဟု ယူမှတ်ခြင်း​မဟုတ်​ချေ။ (လုကာ ၁၆:၁၅) ယေဟောဝါ​၏​စံနှုန်း​များနှင့်​အညီ ရိုး​ဖြောင့်​ခြင်း​ဖြစ်၏။ ဘုရားသခင်​၏​ဖြောင့်မတ်ခြင်း​တရား​လည်း ဖြစ်၏။—ရောမ ၁:၁၇; ၃:၂၁

၄။ ဖြောင့်မတ်ခြင်း​သည် ခရစ်ယာန်​တစ်ဦး​အတွက် အဘယ်ကြောင့်​အရေးကြီး​သနည်း။

ဖြောင့်မတ်ခြင်း​ရှိ​ရန် အဘယ်ကြောင့် အရေးကြီး​သနည်း။ ‘ဖြောင့်မတ်​သော​ဘုရားသခင်’ ယေဟောဝါ​သည် မိမိ၏​လူမျိုး ဖြောင့်မတ်​စွာ​ပြုကျင့်​သောအခါ သူတို့ကို မျက်နှာသာ​ပေး​တော်​မူ​သောကြောင့်​ဖြစ်သည်။ (ဆာလံ ၄:၁; သု. ၂:၂၀-၂၂; ဟဗက္ကုတ် ၁:၁၃) မ​ဖြောင့်​မမှန်​ပြုသူ မည်သူမျှ ကိုယ်တော်​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး ရှိ​နိုင်​မည်​မဟုတ်။ (သု. ၁၅:၈) ထို​အကြောင်းကြောင့် တမန်​တော်​ပေါလု​က “လူပျို​တို့၏​တပ်မက်​ခြင်း​ကိ​လေ​သာ​စိတ်​ကို ကြ​ဉ်​ရှောင်​လော့။ ဖြောင့်မတ်ခြင်း” နှင့် အခြား​အရေးပါသော​အရည်အသွေးများ​ကိုလည်း “မီအောင်လိုက်” လော့​ဟု တိမောသေ​ကို တိုက်တွန်း​ခဲ့​ခြင်း​ဖြစ်သည်။ (၂ တိမောသေ ၂:၂၂) ယင်းကြောင့် ပေါလု​သည် ဝိညာဉ်​ရေး​လက်နက်စုံ​ကို​ဖော်ပြ​ရာ​တွင် ‘ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာ’ ကို​ထည့်သွင်း​ခဲ့​ခြင်း​ဖြစ်သည်။—ဧဖက် ၆:၁၄

၅။ မစုံလင်သူ​များ​အနေ​နှင့် ဖြောင့်မတ်ခြင်း​ကို မည်သို့​ရှာ​နိုင်​သနည်း။

မည်သည့်​လူသား​တစ်ဦးမျှ ပြီးပြည့်စုံ​လင် ဖြောင့်မတ်​သည်မဟုတ်​ပါ။ ကျွန်ုပ်​တို့အားလုံး အာဒံ​ထံ​မှ မစုံလင်မှုကို အမွေ​ရထား​သော အပြစ်သား​များ​ဖြစ်​ကြ​ရာ မွေး​ကတည်းက​ပင် မဖြောင့်မတ်​ကြ​ပေ။ သို့သော် ဖြောင့်မတ်ခြင်း​ကို ကျွန်ုပ်​တို့​ရှာသင့်​သည်​ဟု ယေရှု​မိန့်တော်မူ​ခဲ့​သည်။ မည်သို့​ဖြစ်​နိုင်​မည်​နည်း။ ယေရှုသည် မိမိ၏​စုံလင်သော​အသက်ကို ရွေးဖိုး​အဖြစ်​ပေး​ခဲ့​သည်​ဖြစ်​ရာ ထို​ပူဇော်ရာ​ယဇ်ကို ယုံကြည်​ကြောင်း​တင်ပြ​ပါ​က ကျွန်ုပ်​တို့၏​အပြစ်​များ​ကို ခွင့်လွှတ်​ဖို့ ယေဟောဝါ​အသင့်ရှိ​သောကြောင့် ဖြစ်​နိုင်​ပါ​သည်။ (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆; ရောမ ၅:၈၊ ၉၊ ၁၂၊ ၁၈) ယင်းကို​အခြေခံ​၍ ယေဟောဝါ​၏​ဖြောင့်မတ်​သော​စံနှုန်း​များ​ကို​သင်ယူပြီး အတတ်နိုင်ဆုံး​လိုက်လျှောက်​ကာ ကျွန်ုပ်​တို့၏​အားနည်းချက်များ​ကို ကျော်လွှား​ရန် အကူအညီ​တောင်းခံ​လျှင် ကျွန်ုပ်​တို့၏​ဝတ်ပြု​ကိုးကွယ်​မှု​ကို ယေဟောဝါ​လက်ခံ​တော်​မူ​မည်။ (ဆာလံ ၁:၆; ရောမ ၇:၁၉-၂၅; ဗျာ. ၇:၉၊ ၁၄) အလွန်​အားရှိစရာ​ပင်။

မဖြောင့်မတ်​သော ဤ​လောကတွင် ဖြောင့်မတ်ခြင်း

၆။ ကနဦး​ခရစ်ယာန်​များ​အတွက် လောကသည် အဘယ်ကြောင့် အန္တရာယ်​နယ်မြေ​ဖြစ်​ရသနည်း။

ယေရှု၏​တပည့်​များသည်  “မြေကြီးစွန်း​တိုင်အောင်” ကိုယ်တော်​၏​သက်သေ​များ​ဖြစ်​ရန် တာဝန်ရ​သောအခါ သူတို့​အတွက် မလွယ်ကူ​ချေ။ (တမန်​တော် ၁:၈) သူတို့၏​ခန့်အပ်​ခံ​နယ်မြေ​တစ်ခုလုံး​သည် စာတန့် “လက်၌​ရှိ” နေ​၏။ (၁ ယောဟန် ၅:၁၉) ဤ​လောကတွင် စာတန်​အားပေး​သော ဆိုးညစ်​သည့်​သဘောထား ကူးစက်​ပျံ့နှံ့​နေသည်။ ယင်း​၏​ညစ်ညမ်း​စေသော​ဩဇာ​အောက် ခရစ်ယာန်​များ ရှိနေကြ​ရသည်။ (ဧဖက် ၂:၂) သူတို့​အတွက် ဤ​လောကသည် အန္တရာယ်​နယ်မြေ​ဖြစ်၏။ ဘုရားသခင်​၏​ဖြောင့်မတ်ခြင်း​ကို ရှာ​ခြင်း​အားဖြင့်​သာ သူတို့သည် ခံနိုင်ရည်​ရှိ​ရှိ သမာဓိ​စောင့်ထိန်း​နိုင်​ကြ​ပေမည်။ ခရစ်ယာန်​အများစုမှာ ထိုသို့​ပြု​ခဲ့​ကြသော်လည်း အနည်းငယ်​တို့သည် “ဖြောင့်မတ်ခြင်း​တရားလမ်း” မှ သွေဖည်​သွားခဲ့​ကြသည်။—သု. ၁၂:၂၈; ၂ တိမောသေ ၄:၁၀

၇။ အဘယ်​တာဝန်​များ​ကြောင့် ခရစ်ယာန်​တစ်ဦး​သည် ယိုယွင်း​စေသော​သြဇာ​များ​ကို ခုခံ​တွန်းလှန်​ရမည်​နည်း။

ယခု​ခေတ်​ခရစ်ယာန်​များ​အတွက်​ကော ဤ​လောကသည် အန္တရာယ်ကင်း​ပါသလော။ လုံးဝ​မကင်း​ပါ။ ပထမ​ရာစု​ခေတ်​က​ထက်​ပင် ပို​၍​ယိုယွင်း​ပျက်စီး​နေသည်။ ထို့​ပြင် မြေကြီး​သို့​ပစ်ချ​ခံရ​သော စာတန်​သည် “ဘုရားသခင်​၏​ပညတ်တော်​တို့ကို​ကျင့်​၍၊ ယေရှု၏​သက်သေခံ​တော်​မူ​ချက်​ကို စွဲလမ်း​သော​သူ​တည်း​ဟူသော ထို​မိန်းမ​၌​ကြွင်း​သော​အမျိုးအနွယ်” ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ကို အပြင်းအထန်​တိုက်ခိုက်​နေသည်။ (ဗျာ. ၁၂:၁၂၊ ၁၇) ထို “အမျိုးအနွယ်” အား ထောက်ခံသူ​များ​ကိုလည်း စာတန် တိုက်ခိုက်​နေသည်။ သို့သော် ခရစ်ယာန်​များသည် ဤ​လောက​မှ မလွတ်ကင်း​နိုင်​ကြ​ပါ။ သူတို့သည် ဤ​လောက​၏​အစိတ်အပိုင်း​မဟုတ်သော်လည်း လောက​ထဲ​တွင် နေထိုင်ကြ​ရသည်။ (ယောဟန် ၁၇:၁၅၊ ၁၆) ထို့​ပြင် စိတ်ထားမှန်​ရှိသူတို့​အား ရှာဖွေ​ဟောပြောပြီး ခရစ်တော်​၏​တပည့်​များ​ဖြစ်လာ​စေရန် သွန်သင်ပေး​နေကြ​ရသည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) သို့​ဖြစ်၍ ခရစ်ယာန်​များသည် ဤ​လောက​၏ ယိုယွင်း​စေသော​သြဇာလွှမ်း​မှုများ​ကို လုံးလုံး​မရှောင်​နိုင်​ကြ​သဖြင့် ၎င်းတို့ကို ခုခံ​တွန်းလှန်​နေကြ​ရသည်။ အဆိုပါ​သြဇာ​လေးမျိုးကို သုံးသပ်ကြည့်​ကြ​စို့။

အကျင့်​ယိုယွင်းခြင်း​ထောင်ချောက်

၈။ ဣသရေလလူ​တို့သည် မောဘ​ဘုရား​များ​ကို အဘယ်ကြောင့်​ကိုးကွယ်​လာ​ကြ​သနည်း။

တောကန္တာရ​ထဲ အနှစ် ၄၀ ခရီး​လှည့်လည်​ချိန် ကုန်ခါနီး​တွင် ဣသရေလလူ​များစွာတို့သည် ဖြောင့်မတ်​သော​လမ်းစဉ်​ကို စွန့်​သွား​ကြ​၏။ ယေဟောဝါ​ကယ်နုတ်​ပေး​မှုများ​ကို သူတို့​ကိုယ်တိုင် အကြိမ်ကြိမ် ကြုံတွေ့​ရပြီး မကြာမီ ကတိထားရာပြည်​သို့ ဝင်​ကြ​တော့​မည်​ဖြစ်သည်။ သို့သော် အရေးကြီး​သည့် ထို​အချိန်တွင် မောဘ​ဘုရား​များ​ကို သူတို့​ကိုးကွယ်​လာ​ကြသည်။ အဘယ်ကြောင့်​နည်း။ “ကိုယ်ကာယ​တပ်မက်​ခြင်း” ကို သူတို့​အရှုံးပေး​လိုက်​သောကြောင့်​ဖြစ်သည်။ (၁ ယောဟန် ၂:၁၆) “ဣသရေလ​အမျိုးသား​တို့သည် . . . မောဘ​မိန်းမ​တို့​နှင့် မတရားသော​မေထုန်​ကို​ပြု​ကြ​၏” ဟု​မှတ်တမ်းက​ဆို​၏။—တောလည်ရာ ၂၅:၁

၉၊ ၁၀။ ယခု​ခေတ် အဘယ်​အခြေအနေ​ကြောင့် ကိုယ်ကာယ​တပ်မက်​ခြင်း​၏ ဩဇာ​လွှမ်းမိုးမှုကို အစဉ်​သတိ​ရှိဖို့ အရေးကြီး​သနည်း။

အဆိုပါ​အဖြစ်အပျက်က ကိုယ်ကာယ​တပ်မက်​ခြင်း​သည် သတိ​မရှိသော​သူကို  ပျက်စီး​စေနိုင်​ကြောင်း  ဖော်ပြ​သည်။ အထူးသဖြင့် အကျင့်​ယိုယွင်းခြင်း​သည် လက်ခံနိုင်ဖွယ်​ဘဝ​ပုံစံ​ဖြစ်လာ​နေသော​ကြောင့် ထို​အဖြစ်အပျက်​မှ ကျွန်ုပ်​တို့​သင်ခန်းစာယူ​သင့်​သည်။ (၁ ကောရိန္သု ၁၀:၆၊) အမေရိကန်​ပြည်ထောင်စု​မှ သတင်း​တစ်ပုဒ်​က ဤသို့​ဆို​၏– “၁၉၇၀ ပြည့်လွန်​နှစ်​မတိုင်မီ​က အမေရိကန် ပြည်ထောင်စု​တွင် လက်မ​ထပ်​ဘဲ​အတူ​နေခြင်း​သည် တရား​မဝင်​ချေ။ ယခု​မူ ယင်းသည် သာမန်​ကိစ္စ​ဖြစ်နေ​ပြီ။ ပထမ​အကြိမ်​အိမ်ထောင်ပြု​သူ ထက်ဝက်ကျော်​ကျော်​မှာ လက်မ​ထပ်​ဘဲ အတူ​နေခဲ့​ကြ​သူများ​ဖြစ်သည်။” လက်မ​ထပ်​ဘဲ​အတူ​နေခြင်း​နှင့် အကျင့်​ယိုယွင်းမှု​များသည် ထို​တစ်နိုင်ငံ​တည်း​၌​သာ ဖြစ်နေ​သည်မဟုတ်​ပါ။ ကမ္ဘာ​တစ်ဝန်း​၌ ဖြစ်ပျက်​နေသည်။ ဝမ်းနည်းစရာမှာ ခရစ်ယာန်​အချို့​ပင် ထို​အတိုင်း​ပြု​နေကြ​ပြီး အသင်းတော်တွင် မိမိတို့၏​နာမည်​ကောင်း​ကို လက်လွှတ်​ဆုံးရှုံး​ခံ​နေကြ​ခြင်း​ဖြစ်၏။—၁ ကောရိန္သု ၅:၁၁

၁၀ ထို့​ပြင် အကျင့်​ယိုယွင်းမှု​ကို နေရာတကာ​၌ လှုံ့ဆော်​အားပေးနေ​သည်ကို တွေ့ရ​၏။ရုပ်ရှင်​နှင့် ရုပ်မြင်သံကြား​အစီအစဉ်များ​က လူငယ်များ​လက်မထပ်မီ လိင်ဆက်ဆံခြင်း​သည် မမှား​ဟု ထင်မြင်​စေ​သည်။ လိင်​တူ​ဆက်ဆံခြင်း​ကိုလည်း သာမန်​ကိစ္စ​အဖြစ် တင်ပြ​နေ​၏။ လိင်​ကိစ္စ​များ​ကိုလည်း ယခင်​က​ထက် ပို​၍​ကွက်ကွက်ကွင်းကွင်း ဖော်ပြ​နေသည်။ ထို​ပုံ​များ​ကို အင်တာနက်​တွင်​လည်း အလွယ်တကူ ဖမ်းယူ​ကြည့်ရှု​နိုင်​ကြသည်။ ဥပမာ၊ မိမိ၏​ခု​နစ်​နှစ်အရွယ် သားငယ်​က သူ၏​ကျောင်းနေ​ဖက်​တစ်ဦး​သည် လိင်မှု​ကိစ္စ​ပြု​နေကြ​သော ဝတ်​လ​စ်​စ​လ​စ်​အမျိုးသမီးများ​၏​ပုံ​ကို အင်တာနက်​ဆိုက်​တစ်ခု​တွင် တွေ့ရှိ​ခဲ့​ကြောင်း ကျောင်း​မှ​ပြန်လာ​သောအခါ မိမိကို အားတက်သရော​ပြောပြ​သည်​ဟု သတင်းစာ​ပင်တိုင်​ဆောင်းပါး​ရှင်​တစ်ဦး ဖော်ပြ​သည်။ ဖခင်​ဖြစ်သူ​မှာ ထိတ်လန့်​သွား​သည်။ အဆိုပါ​ဝက်ဘ်ဆိုက်​များ​ကို ကြည့်မိ​သော်လည်း မိဘများ​အား ထုတ်​မပြော​သည့်​ကလေး အတော်များများ​ရှိပါ​လိမ့်​မည်။ ထို့​ပြင် မိမိတို့​သားသမီး​များ ကစား​သည့် ဗီဒီယို​ဂိမ်း​များ​တွင် အဘယ်အရာ​ပါဝင်​ကြောင်း မိဘ​အများစု မသိကြ​ချေ။ လူကြိုက်များ​သော​ဂိမ်း​များစွာ​တွင် စက်ဆုပ်​ရွံရှာဖွယ် အကျင့်​ယိုယွင်းမှု​များ​သာမက နတ်​ဝိဇ္ဇာ​အတတ်​နှင့် အကြမ်းဖက်မှု​တို့ကို​လည်း အသားပေး​တင်ဆက်​ထား​သည်။

၁၁။ ဤ​လောက​၏​အကျင့်​ယိုယွင်းမှု​မှ မိသားစု​လိုက် မည်သို့​အကာအကွယ်​ယူ​နိုင်​သနည်း။

၁၁ မိသားစု​အနေ​နှင့် ထိုသို့​သော​ယုတ်ညံ့​သည့် “ဖျော်ဖြေမှု” ကို မည်သို့​ခုခံ​တွန်းလှန်​နိုင်​သနည်း။ ဘုရားသခင့်​ဖြောင့်မတ်ခြင်း​ကို​ရှာ​ကာ အကျင့်​ယိုယွင်း​စေသော​အရာ​မှန်သမျှ​နှင့် ကင်း​ကင်း​နေခြင်း​အားဖြင့် ဖြစ်သည်။ (၂ ကောရိန္သု ၆:၁၄; ဧဖက် ၅:၃) မိမိတို့​သားသမီး​များ​၏​အပြုအမူကို ကြပ်မတ်​ပေး​ကာ ယေဟောဝါ​နှင့် ကိုယ်တော်​၏​ဖြောင့်မတ်​သော​ပညတ်​များ​ကို သွတ်သွင်း​ပေး​သော မိဘများသည် အညှီအ​ဟောက်​စာပေ၊ အကျင့်ပျက်​ရုပ်ရှင်​ဇာတ်လမ်း၊ လိင်​ညစ်ညမ်းမှု​ပါဝင်သော​ဗီဒီယို​ဂိမ်း​များနှင့် မဖြောင့်မတ်​သည့် အခြား​သွေးဆောင်မှုများ​မှ သားသမီး​များ​ကို ကာကွယ်​ပေး​ကြသည်။—တရားဟောရာ ၆:၄-၉ *

ပတ်ဝန်းကျင်​ဖိအားပေး​မှု​အန္တရာယ်

၁၂။ ပထမ​ရာစု​တွင် အဘယ်​ပြဿနာ​ပေါ်ပေါက်​ခဲ့​သနည်း။

၁၂ ပေါလု​သည် အာရှမိုင်းနား​ရှိ လုတ္တရ​မြို့တွင် အံ့ဖွယ်​နည်းဖြင့် လူတစ်ဦးကို ကုသ​ပေး​ခဲ့​သည်။ မှတ်တမ်းက​ဤသို့​ဆို​၏– “ပေါလု​ပြုသော​အမှုကို မြင်​သော​လူ​အစုအဝေး​တို့​က၊ နတ်​ဘုရား​တို့သည် လူ​အယောင်​ကို​ဆောင်​၍ ငါ​တို့​ရှိရာသို့​ဆင်းသက်​ပါ​သည်​တကား​ဟု လုကောနိ​ဘာသာ​စကား​အားဖြင့် အသံကို​လွှင့်၍​ဆို​ကြ​၏။ ပေါလု​သည် သာ၍​ဟောပြောသော​ကြောင့် သူ့ကို ဟေ​ရ​မေ​ဟူ၍လည်း​ကောင်း၊ ဗာနဗ​ကို ဇုသ​ဟူ၍လည်း​ကောင်း ခေါ်ဝေါ်​ကြ​၏။” (တမန်​တော် ၁၄:၁၁၊ ၁၂) နောက်ပိုင်း ထို​လူအုပ်​က​ပင် ပေါလု​နှင့် ဗာနဗ​ကို သတ်ပစ်​လို​ကြသည်။ (တမန်​တော် ၁၄:၁၉) ထို​သူတို့သည် ပတ်ဝန်းကျင်​ဖိအား​ကို မလွန်ဆန်​နိုင်​ကြောင်း ထင်ရှား​သည်။ အဆိုပါ​ဒေသ​မှ​လူ​အချို့ ခရစ်ယာန်​များ​ဖြစ်လာ​ကြသောအခါ သူတို့၌ အယူသီးမှု​များ​ရှိနေဆဲ​ဖြစ်​နိုင်​သည်။ ကောလောသဲ​မြို့ရှိ ခရစ်ယာန်​များ​ထံ ရေး​သော​စာ​တွင် ပေါလု​က “ကောင်းကင်တမန်​ကိုကိုး​ကွယ်​ခြင်း” အကြောင်း သတိပေး​ခဲ့​သည်။—ကောလောသဲ ၂:၁၈

၁၃။ အဘယ်​ထုံးစံ​အချို့​ကို ခရစ်ယာန်​တစ်ဦး ရှောင်​ရမည်​နည်း။ ထိုသို့​ပြု​ရန် မည်သို့​ခွန်အား​ရနိုင်​သနည်း။

၁၃ ယနေ့လည်း စစ်မှန်သော​ခရစ်ယာန်​များသည် ခရစ်ယာန်မူ​များ​ကို​ဆန့်ကျင်​သည့် ဘာသာရေး​အယူအဆ​များ​အပေါ်​အခြေပြု​သော လူအများ​ကြိုက် ထုံးစံ​များ​ကို ရှောင်​ဖို့​လို​သည်။ ဥပမာ၊ အချို့​သော​နိုင်ငံ​များ​ရှိ သေခြင်း၊ မွေးဖွားခြင်း​နှင့်​ပတ်သက်သော ထုံးတမ်း​စဉ်​လာ​အခမ်းအနား​များသည် လူ​တွင် မသေ​နိုင်သော​ဝိညာဉ်​ရှိသည်​ဟူ​သည့် မုသား​အပေါ်​အခြေပြု​သည်။ (ဒေ. ၉:၅၊ ၁၀) အမျိုးသမီး​အရေဖျားလှီး​ခြင်း​ထုံးစံ​ရှိသော နိုင်ငံ​များလည်း​ရှိသေး​သည်။ ယင်းသည် သားသမီး​များ​အပေါ်​ထား​ရှိ​သင့်​သော ခရစ်ယာန်​မိဘ​မေတ္တာ​နှင့် မအပ်စပ်​ဘဲ အလွန်​ရက်စက်​၍ မလိုလား​အပ်သော အကျင့်​ဖြစ်သည်။ (တရားဟောရာ ၆:၆၊ ၇; ဧဖက် ၆:၄) ခရစ်ယာန်​များသည် ပတ်ဝန်းကျင်​ဖိအား​ပေး​မှု​ကို တွန်းလှန်​ပြီး ထို​အကျင့်​များ​ကို မည်သို့​စွန့်လွှတ်​နိုင်​မည်​နည်း။ ယေဟောဝါ​ကို အကြွင်းမဲ့ယုံ​ကြည်​ကိုးစားခြင်း​အားဖြင့်​ဖြစ်သည်။ (ဆာလံ ၃၁:၆) ‘ထာဝရ​ဘုရားသခင်​သည် ငါ​ခိုလှုံရာ၊ ငါ​၏​ရဲတိုက်၊ ငါ​ကိုးစား​သော​ဘုရားသခင်​ဖြစ်​တော်​မူ​သည်’ ဟု မိမိတို့​နှလုံး​ထဲ​မှ​ဆို​သူများကို ဖြောင့်မတ်​တော်​မူ​သော ဘုရားသခင်​သည် ခွန်အား​ပေး၍ စောင့်ရှောက်​တော်​မူ​လိမ့်​မည်။—ဆာလံ ၉၁:၂; သု. ၂၉:၂၅

ယေဟောဝါ​ကို မမေ့လျော့​နှင့်

၁၄။ ကတိထားရာပြည်​ထဲ ဝင်ရောက်​ခါနီး​တွင် ဣသရေလ​လူမျိုး​ကို ယေဟောဝါ​မည်သို့​သတိပေး​ခဲ့​သနည်း။

၁၄ ဣသရေလ​လူမျိုး ကတိထားရာပြည်​ထဲ ဝင်ရောက်​ခါနီး​တွင် ယေဟောဝါ​က မိမိကို​မမေ့လျော့​ဖို့ ဤသို့​သတိပေး​ခဲ့​သည်– “ယနေ့ ငါ​ဆင့်ဆို​သော​စီရင်ထုံး​ဖွဲ့​ချက် ပညတ်တရား​တော်​တို့ကို သင်သည်​မ​စောင့်၊ သင်၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို မေ့လျော့​သော​အပြစ်ကို သတိ​နှင့်​ရှောင်​လော့။ သင်သည် ဝ​စွာ​စား၍ ကောင်းသော​အိမ်ကို​ဆောက်​လျက်​နေရ​စဉ်၊ သင်၏​သိုး၊ နွား၊ ရွှေ၊ ငွေ​အစ​ရှိသော​ဥစ္စာ​မျိုး များပြား​စဉ်​အခါ၊ သင်သည် မာန​ထောင်လွှား​ခြင်း​သို့​ရောက်​၍ . . . သင်၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို မေ့လျော့ . . . ခြင်း​အပြစ်ကို သတိ​နှင့်​ကြ​ဉ်​ရှောင်​လော့။”—တရားဟောရာ ၈:၁၁-၁၇

၁၅။ ယေဟောဝါ​ကို ကျွန်ုပ်​တို့ မမေ့လျော့​ကြောင်း မည်သို့​အသေအချာ​သိနိုင်​မည်​နည်း။

၁၅ ယနေ့​ကော အလားတူ​ဖြစ်ပျက်​နိုင်​သလော။ ဦးစား​ပေး​သင့်​ရာ​ကို ဦးစား​မပေး​လျှင် ထိုသို့​ဖြစ်​နိုင်​ပါ​သည်။ သို့သော် ဘုရားသခင့်​ဖြောင့်မတ်ခြင်း​ကို ကျွန်ုပ်​တို့​ရှေးဦး​ထား​ပါ​က စစ်မှန်သော​ဝတ်ပြုရေးသည် ကျွန်ုပ်​တို့​ဘဝတွင် အရေး​အကြီးဆုံး ဖြစ်ပါ​လိမ့်​မည်။ ခရစ်ယာန်​ဓမ္မ​အမှုကို အရေးတကြီး​သဘောထား​နှင့် ဆောင်ရွက်​ပြီး ပေါလု​တိုက်တွန်း​သည့်​အတိုင်း “ကာလ​အချိန်ကို​ရွေးနုတ်” ကြ​မည်။ (ကောလောသဲ ၄:၅; ၂ တိမောသေ ၄:၂) သို့သော် အစည်းအဝေး​တက်​ခြင်း​နှင့် အမှုဆောင်ထွက်​ခြင်း​တို့ကို ပျော်ရွှင်မှု​ရှာ​ခြင်း၊ အပန်းဖြေ​ခြင်း​တို့​လောက် အရေးမထား​ပါ​က ကျွန်ုပ်​တို့​ဘဝတွင် ယေဟောဝါ​အား ဦးစား​မထား​တော့​သဖြင့် ကိုယ်တော်​ကို မေ့လျော့​သွား​နိုင်​သည်။ နောက်ဆုံး​ကာလ​တွင် လူတို့သည် “ဘုရားသခင်​ကို​နှစ်သက်​သည်ထက် ကာ​မ​ဂုဏ်​ခံစားခြင်း​ကို​သာ၍​နှစ်သက်” ကြလိမ့်မည်​ဟု ပေါလု​ပြော​ခဲ့​သည်။ (၂ တိမောသေ ၃:၄) စိတ်ရင်းမှန်​သော​ခရစ်ယာန်​များသည် ထို​အတွေးအခေါ်​မျိုး​၏ ဩဇာ​လွှမ်း​ခံရ​ခြင်း​ရှိမရှိ သေချာ​စေရန် မိမိတို့​ကိုယ်ကို မှန်မှန်​ဆန်းစစ်​ကြည့်​ကြသည်။—၂ ကောရိန္သု ၁၃:၅

လွတ်လပ်​လို​စိတ်​ကို သတိပြု

၁၆။ ဧဝ​နှင့် ပထမ​ရာစု​ခေတ်​မှ လူ​အချို့​သည် အဘယ်​မှားယွင်းသော​စိတ်ဓာတ်​ကို တင်ပြ​ခဲ့​ကြ​သနည်း။

၁၆ ဧဒင်ဥယျာဉ်​တွင် ဧဝ​၏​တစ်ကိုယ်ကောင်း​ဆန်​သော လွတ်လပ်​လို​စိတ်​ကို စာတန်​အခွင့်ကောင်း​ယူ​ခဲ့​သည်။ ဧဝ​သည် အမှားအမှန်​ကို မိမိ​ဘာသာ ဆုံးဖြတ်​လို​ခဲ့​သည်။ (ကမ္ဘာဦး ၃:၁-၆) ပထမ​ရာစု​တွင် ကောရိန္သု​အသင်းတော်​မှ အချို့​သူတို့သည် အလားတူ​စိတ်ဓာတ်​မျိုး ရှိခဲ့​ကြသည်။ ပေါလု​ထက် သူတို့​ပို​သိ၊ ပို​တတ်​သည်​ဟု ထင်မှတ်​ကြ​သဖြင့် ပေါလု​က သူတို့ကို ထူးချွန်​သော​တမန်​တော်​များ​ဟု ခနဲ့တဲ့တဲ့​ခေါ်​ခဲ့​သည်။—၂ ကောရိန္သု ၁၁:၃-၅သ​မ; ၁ တိမောသေ ၆:၃-၅

၁၇။ လွတ်လပ်​လို​စိတ်​ကို ကျွန်ုပ်​တို့ မည်သို့​ရှောင်နိုင်​သနည်း။

၁၇ မျက်မှောက်​လောကတွင် အများ​သော​သူတို့သည် ‘သတိပေး​ခြင်း​ကို​မခံ၊ မာန်​မာန​နှင့်​ယစ်​မူး’ ကြ​ပြီး ခရစ်ယာန်​အချို့​လည်း ထို​စိတ်ထား​၏​သြဇာလွှမ်း​မှု​အောက် ရောက်​ခဲ့​ကြသည်။ အချို့​ဆိုလျှင် အမှန်တရားကို ဆန့်ကျင်​လာ​ကြ​သည့်​အထိ​ဖြစ်သည်။ (၂ တိမောသေ ၃:၄; ဖိလိပ္ပိ ၃:၁၈) စစ်မှန်သော​ဝတ်ပြုရေး​နှင့်​ပတ်သက်​သည့်​ကိစ္စ​များ​တွင် ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​လမ်းညွှန်မှုကို မျှော်ကိုး​ပြီး ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျွန်’ နှင့် အသင်းတော်​အကြီးအကဲ​များ​တို့​နှင့် ပူးပေါင်း​လုပ်ဆောင်ရန် အရေးကြီး​သည်။ ယင်းသည် ဖြောင့်မတ်ခြင်း​ကို​ရှာ​သည့်​နည်း​တစ်နည်း​ဖြစ်​ပြီး လွတ်လပ်​လို​စိတ် မ​ပေါ်ပေါက်​စေရန် ကာကွယ်​ပေး​သည်။ (မဿဲ ၂၄:၄၅-၄၇; ဆာလံ ၂၅:၉၊ ၁၀; ဟေရှာယ ၃၀:၂၁) ဝိညာဉ်​တော်​ဖွား​တို့၏​အသင်းတော်သည် ‘အမှန်တရား​၏​အ​မှီ​တံ​ကဲ’ ဖြစ်၏။ ကျွန်ုပ်​တို့ကို အကာအကွယ်​ပေး​ရန်​နှင့် လမ်းညွှန်​ရန် အသင်းတော်ကို ယေဟောဝါ​ထူထောင်​ထားခြင်း​ဖြစ်သည်။ (၁ တိမောသေ ၃:၁၅) ယင်း​၏​အရေးပါသော​အခန်းကဏ္ဍကို အသိအမှတ်​ပြုခြင်း​က ယေဟောဝါ​၏​ဖြောင့်မတ်​သော​အလိုတော်ကို နှိမ့်ချစွာ​လက်ခံ​စေပြီး “[အတ္တ] စိတ်​ရှိ၍ အဘယ်​အမှုကို​မျှ​မပြု” ရန် ကူညီ​ပေး​မည်။—ဖိလိပ္ပိ ၂:၂-၄က​ဘ; သု. ၃:၄-၆

ယေရှုကို တုပသူ​များ​ဖြစ်ပါ

၁၈။ အဘယ်​နည်းများဖြင့် ယေရှုကို​တုပ​ရန် အားပေး​တိုက်တွန်း​ထား​သနည်း။

၁၈ သမ္မာကျမ်းစာ​က “ကိုယ်တော်​သည် ဖြောင့်မတ်ခြင်း​တရားကို​နှစ်သက်၍ မတရားသော​အမှုကို​မုန်းတော်မူ​၏” ဟု ယေရှု​အကြောင်း ပရောဖက်ပြု​ထား​သည်။ (ဆာလံ ၄၅:၇; ဟေဗြဲ ၁:၉) အတုယူ​စ​ရာ စိတ်ထား​ကောင်း​ပင်။ (၁ ကောရိန္သု ၁၁:၁) ယေရှုသည် ယေဟောဝါ​၏​ဖြောင့်မှန်​သော​စံနှုန်း​များ​ကို သိ​ရုံ​မျှ​မ​က ၎င်းတို့ကို ချစ်​မြတ်နိုး​ခဲ့​သည်။ ထို့​ကြောင့် တော​၌ သွေးဆောင်​ခံရသော​အခါ ကိုယ်တော်​သည် “ဖြောင့်မတ်ခြင်း​လမ်း” မှ​သွေဖည်​မသွား​ဘဲ စာတန်​ကို ခိုင်မာ​ပြတ်သား​စွာ ချက်ချင်း​ငြင်းဆို​ခဲ့​သည်။—သု. ၈:၂၀; မဿဲ ၄:၃-၁၁

၁၉၊ ၂၀။ ဖြောင့်မတ်ခြင်း​တရားကို ရှာဖွေခြင်း​၏ ကောင်းကျိုး​များ​ကား အဘယ်နည်း။

၁၉ မတော်လျော်​သော အသွေးအသား​ဆန္ဒ​များသည် အလွန်​ပြင်းထန်​နိုင်​ပါ​သည်။ (ရောမ ၇:၁၉၊ ၂၀) သို့သော် ဖြောင့်မတ်ခြင်း​ကို  ကျွန်ုပ်​တို့​တန်ဖိုး​ထား​မည်​ဆိုလျှင် ဆိုးညစ်မှု​ကို​တွန်းလှန်​ရန် ခွန်အား​ရ​ပါ​လိမ့်​မည်။ (ဆာလံ ၁၁၉:၁၆၅) မကောင်း မှု​နှင့် ပက်ပင်းတိုး​သည့်​အခါ ဖြောင့်မတ်ခြင်း​ကို နှစ်နှစ်ကာကာ​ချစ်​မြတ်နိုး​စိတ်​က ကျွန်ုပ်​တို့ကို ကာကွယ်​ပေး​လိမ့်​မည်။ (သု. ၄:၄-၆) သွေးဆောင်မှုများ​ကို ကျွန်ုပ်​တို့​အရှုံးပေး​လိုက်​တိုင်း စာတန်​အနိုင်​ရ​နေသည်​ကို သတိရပါ။ စာတန်​ကို​ခုခံ​တွန်းလှန်​ပြီး ယေဟောဝါ​အား အနိုင်​ရစေ​ခြင်း​သည် ပို​ကောင်း​၏။—သု. ၂၇:၁၁; ယာကုပ် ၄:၇၊ ၈

၂၀ ခရစ်ယာန်စစ်​များသည် ဖြောင့်မတ်ခြင်း​တရားကို ရှာဖွေကြ​သောကြောင့်  “ယေရှု​ခရစ်​အားဖြင့်  ဘုရားသခင်​၏​ဘုန်း​အသရေတော်​ကို ထင်ရှားစေ​တတ်သော ဖြောင့်မတ်ခြင်း​အကျင့်​နှင့် . . . ပြည့်စုံ” နေကြ၏။ (ဖိလိပ္ပိ ၁:၁၀၊ ၁၁) သူတို့သည် ‘မှန်သော​ဖြောင့်မတ်ခြင်း​နှင့် တည်ကြည်​ခြင်း​ဖြင့် ဘုရားသခင်​၏​အလိုတော်နှင့်​အညီ ဖန်ဆင်း​သော​လူသစ်​ကို’ ယူတင်​ဝတ်ဆောင်​ကြသည်။ (ဧဖက် ၄:၂၄က​ဘ) သူတို့သည် ယေဟောဝါ​၏​ပိုင်ဆိုင်ရာ​များ​ဖြစ်သော​ကြောင့် မိမိတို့​အကြိုက်ကို​မလိုက်​ဘဲ ကိုယ်တော်​၏​အလိုတော်အတိုင်း အသက်ရှင်​ကြသည်။ (ရောမ ၁၄:၈; ၁ ပေတရု ၄:၂) ယင်းက သူတို့၏​အတွေးအခေါ်​နှင့် လုပ်ရပ်များ​ကို ထိန်းကျောင်း​ပေး​သည်။ သူတို့သည် ကောင်းကင်​ခမည်းတော်​၏​စိတ်နှလုံး​ကို ရွှင်ပြုံး​စေ​လိုက်​ကြ​မည်​ဖြစ်​ခြင်း။—သု. ၂၃:၂၄

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 မိသားစုကို အကျင့်ပျက်​သြဇာ​များ​မှ ကာကွယ်​ပေး​ရန် မိဘများ​အတွက်  အဖိုးတန်​အကြံပေး​ချက်​များ​ကို  ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော မိသားစု​ပျော်ရွှင်မှု​၏​လျှို့ဝှက်ချက်​စာအုပ်​တွင်​တွေ့​နိုင်​သည်။

သင်​ရှင်းပြ​နိုင်​သလော

• ဖြောင့်မတ်ခြင်း​ကို​ရှာဖွေ​ရန် အဘယ်ကြောင့်​အရေးကြီး​သနည်း။

• မစုံလင်​သော​ခရစ်ယာန်​တစ်ဦး​သည် ဖြောင့်မတ်ခြင်း​ကို မည်သို့​ရှာ​နိုင်​သနည်း။

• လောကတွင် ခရစ်ယာန်​တစ်ဦး ရှောင်​ရမည့်​အရာ​တချို့​ကား အဘယ်နည်း။

• ဖြောင့်မတ်ခြင်း​တရားကို ရှာ​ခြင်း​က ကျွန်ုပ်​တို့ကို မည်သို့​အကာအကွယ်​ပေး​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ယေရှု၏​နောက်လိုက်​များ​အတွက် ဤ​လောကသည် အန္တရာယ်​နယ်မြေ​ဖြစ်

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ယေဟောဝါ​အား ချစ်​မြတ်နိုး​ရန်​သွန်သင်ခံ​ရသော သားသမီး​များသည်​အကျင့်​ယိုယွင်းခြင်း​မှ ကာကွယ်​ခံရ​မည်

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ဣသရေလလူ​အချို့​သည်​ကတိထားရာပြည် ၌​ကောင်းစား​လာ​သည့် နောက် ယေဟောဝါ​အား​မေ့လျော့​ကြ

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ခရစ်ယာန်​များသည်​ယေရှု​ကဲ့သို့​မဖြောင့်မတ်မှုကို မုန်း​ကြ