မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်အပေါ် သင့်ယုံကြည်ကိုးစားမှု မည်မျှခိုင်မာသနည်း

ဘုရားသခင်အပေါ် သင့်ယုံကြည်ကိုးစားမှု မည်မျှခိုင်မာသနည်း

ဘုရားသခင်​အပေါ် သင့်​ယုံကြည်​ကိုးစားမှု မည်မျှ​ခိုင်မာ​သနည်း

“ဘုရားသခင်​၏ နိုင်ငံတော် . . . ကို ရှေ့​ဦးစွာရှာ​ကြလော့။”—မဿဲ ၆:၃၃

၁၊ ၂။ အလုပ်အကိုင်​နှင့်​ပတ်သက်​၍ လူရွယ်​တစ်ဦး အဘယ်​သို့​ပြု​ခဲ့​သနည်း။ အဘယ်ကြောင့်​နည်း။

လူရွယ်​တစ်ဦး​သည် မိမိ၏​အသင်းတော်တွင် ပို​၍​အသုံးတော်ခံ​လို​သည်။ ခက်​နေသည်​မှာ သူ့​အလုပ်​ကြောင့် အသင်းတော်​အစည်းအဝေး​များ​ကို မှန်မှန်​မ​တက်​နိုင်​ချေ။ ယင်းကို သူ​မည်သို့​ကိုင်တွယ်​ဖြေရှင်း​ခဲ့​သနည်း။ သူ့​ဘဝကို ရိုးရှင်း​စေ​ခဲ့​သည်။ အလုပ်​မှ​ထွက်​လိုက်​သည်။ အတန်​ကြာသော် ခရစ်ယာန်​လုပ်ဆောင်မှုများ​ကို ပုံမှန်​လုပ်ဆောင်​စေနိုင်​သော အလုပ်အကိုင်​တစ်ခု​ရရှိခဲ့သည်။ ယနေ့ သူသည် ယခင်​လောက် ဝင်ငွေ​မကောင်း​သော်လည်း မိသားစု​၏​စား​ဝတ်​နေ​ရေး​ကို ဖူလုံ​စေနိုင်​သည့်​အပြင် အသင်းတော်၌ ပို​၍​အသုံးတော်ခံ​ခွင့်​ရရှိ​နေသည်။

သူ​အဘယ်ကြောင့် ထိုသို့​ပြု​သည်ကို သင်​နားလည်​သလော။ သူ့​အခြေအနေ​မျိုး​၌​ရှိလျှင် အသင်​ကော ထိုသို့​ပြု​မည်​လော။ “ဘုရားသခင်​၏ နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေ့ဦးစွာရှာ​ကြလော့။ နောက်​မှ ထို​အရာများ​ကို​ထပ်၍ ပေး​တော်​မူ​လတ္တံ့” ဟူသော ယေရှု၏​ကတိတော်​ကို ယုံကြည်​စိတ်ချကြောင်း မိမိတို့၏​လုပ်ရပ်များ​ဖြင့် တင်ပြ​နေ​သူ​ခရစ်ယာန်​များစွာ​ရှိ​ခြင်း​က ချီးမွမ်းစရာ​ပင်။ (မဿဲ ၆:၃၃) သူတို့သည် လုံခြုံမှု​အတွက် ဤ​လောကကို​မဟုတ်ဘဲ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ကြသည်။—သု. ၃:၂၃၊ ၂၆

၃။ ဘုရားသခင့်​နိုင်ငံတော်​ကို ရှေးဦး​ထားခြင်း​သည် ယနေ့ လက်တွေ့ကျ​မကျ အချို့​အဘယ်ကြောင့်​သိ​လို​ကြ​သနည်း။

ဆင်းရဲ​ခက်ခဲ​သည့်​ကာလ​တွင် ကျွန်ုပ်​တို့​အသက်ရှင်နေ​သောကြောင့် ထို​လူရွယ်​၏​ဆုံးဖြတ်ချက်​သည် အမြော်အမြင်​ရှိရာ​ရောက်​ပါ​၏​လော​ဟု အချို့​တွေး​ကြ​ပေမည်။ ယနေ့ တစ်ခါ​နှင့်​မျှ​မတူ​အောင် အချို့​သူတို့ ချွတ်ခြုံ​ကျနေ​စဉ် အခြားသူများ​မှာ​မူ အမြင့်​မား​ဆုံး​လူနေမှု​အဆင့်​တွင် နေထိုင်ကြ​သည်။ နွမ်းပါး​သည့်​နိုင်ငံ​များ​ရှိ လူအများစု​သည် ချောင်ချောင်လည်လည်​နေထိုင်​နိုင်​မည့် မည်သည့်​အခွင့်အရေး​ကို​မဆို လက်မလွတ်​တမ်း ရယူ​ကြ​ပေမည်။ သို့သော် သူတို့ထက်​ချမ်းသာ​သော​နိုင်ငံ​များ​ရှိ​သူများ​မှာ​မူ စီးပွားရေး​တည်ငြိမ်မှု​မရှိခြင်း၊ အလုပ်အကိုင်​ဈေးကွက် အပြောင်းအလဲ​နှင့် ဖိ​ခိုင်း​တတ်​သည့်​အလုပ်ရှင်​များ​ကြောင့် မိမိတို့​လူနေမှု​အဆင့်အတန်း​ကို ဆက်​ထိန်း​ရန် ဖိအားပေး​ခံ​နေကြ​ရသည်။ ဝမ်းစာရှာ​ခြင်း​နှင့်​ပတ်သက်သော ဖိစီးမှု​ကြောင့် အချို့​သူတို့က ‘ခု​ချိန်မှာ ဘုရားသခင့်​နိုင်ငံတော်​ကို ရှေးဦး​ထား​တာ လက်တွေ့ကျ​သေး​ရဲ့​လား’ ဟု​သိ​လို​ပေမည်။ အဖြေ​ရဖို့ ယေရှု၏​မိန့်ခွန်း​ကို ကြားနာ​ခဲ့​သည့် ပရိသတ်​အကြောင်း ပြန်​သုံးသပ်ကြည့်​ပါ။

“မစိုးရိမ်​ကြ​နှင့်”

၄၊ ၅။ ဘုရားသခင့်​လူမျိုးတော်သည် စား​ဝတ်​နေ​ရေး​အတွက် အစိုးရိမ်လွန်​ဖို့​မလို​ကြောင်း ယေရှု​မည်သို့​ဥပမာ​ပေး​ဖော်ပြ​ခဲ့​သနည်း။

နယ်မြေ​အသီးသီး​မှ​လာသော လူစုလူဝေး​ကြီး​ကို ဂါလိလဲ​နယ်တွင် ယေရှု​ဟောပြောနေ​ခြင်း​ဖြစ်သည်။ (မဿဲ ၄:၂၅) ထို​သူတို့တွင် ချမ်းသာ​ကြွယ်ဝသူ အနည်းငယ်​ပါ​နိုင်​သော်လည်း အများစုမှာ ဆင်းရဲ​နွမ်းပါး​သူများ​ဖြစ်​ကြသည်။ သို့သော် ယေရှု​က စည်းစိမ်​ရှာ​ခြင်း​အစား သာ၍​အဖိုးထိုက်​သော ဝိညာဉ်​ရေး​ဘဏ္ဍာ​ကို အဓိက​ထား​ဆည်းပူး​ရန် တိုက်တွန်း​ခဲ့​သည်။ (မဿဲ ၆:၁၉-၂၁၊ ၂၄) “အဘယ်​သို့​စားသောက်​ရမည်ဟု အသက်​အဖို့ မစိုးရိမ်​ကြ​နှင့်။ အဘယ်​သို့​ဝတ်​ရမည်ဟု ကိုယ်​အဖို့ မစိုးရိမ်​ကြ​နှင့်။ အစာ​ထက် အသက်​မြတ်​သည်မဟုတ်​လော။ အဝတ်​ထက် ကိုယ်​မြတ်​သည်မဟုတ်​လော” ဟု​ကိုယ်တော်​မိန့်ဆိုခဲ့သည်။—မဿဲ ၆:၂၅

ယေရှု​စကား​သည် နားထောင်​နေ​သူများစွာ​အတွက် လက်တွေ့​မကျ​ပုံ​ပေါ်​ပေမည်။ အလုပ်​မကြိုးစား​ပါ​က မိမိတို့​မိသားစု​များ​ကို ထိခိုက်​မည်​ဖြစ်​ကြောင်း သူတို့​သိထားကြသည်။ သို့သော် ယေရှု​က ငှက်​များ​ကို သတိ​ရစေသည်။ ငှက်​တို့သည် တစ်နေ့စာ တစ်နေ့စာ​ရှာ​စား​ကြ​ရ​သော်လည်း ၎င်းတို့ကို ယေဟောဝါ ကြည့်ရှု​ကျွေးမွေး​တော်​မူ​၏။ ရှောလမုန်​မင်းကြီး​၏​ဝတ်လုံ​ထက် သာလွန်​သည့် အလေ့​ကျ​ပေါက်​သော ပန်းပင်​များ​ကို ယေဟောဝါ​အလှဆင်​ထား​ပုံ​ကိုလည်း ယေရှု​သတိ​ရစေ​ခဲ့​သည်။ ယေဟောဝါ​သည် ငှက်​များနှင့် ပန်း​များ​ကို ဂရုစိုက်​တော်​မူလျှင် ကျွန်ုပ်​တို့ကို ပို​၍​ပင်​ဂရုစိုက်​ပေမည်။ (မဿဲ ၆:၂၆-၃၀) ယေရှု​မိန့်ဆိုခဲ့​သည့်​အတိုင်း ကျွန်ုပ်​တို့၏​အသက်​နှင့်​ခန္ဓာ​သည် အစားအစာ​နှင့် အဝတ်အစား​တို့​ထက် ပို​၍​အရေးကြီး​သည်။ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​အမှုတော်​အတွက် မည်မည်ရရ​မလုပ်ဘဲ စား​ရန်၊ ဝတ်​ရန်​အတွက်သာ မြှုပ်နှံ​ကြိုးစား​နေ​မည်​ဆိုလျှင် အဓိပ္ပာယ်မဲ့​အသက်​ရှင်​နေခြင်း​ဖြစ်သည်။—ဒေ. ၁၂:၁၃

မျှတသော​အမြင်

၆။ (က) ခရစ်ယာန်​များ​၌ အဘယ်​တာဝန်​ရှိ​သနည်း။ (ခ) ခရစ်ယာန်​များသည် မည်​သူ့ကို လုံးလုံး​ယုံကြည်​ကိုးစား​ကြ​သနည်း။

နားထောင်သူ​များသည် အလုပ်​မ​လုပ်​တော့​ဘဲ မိမိတို့​မိသားစုကို ဘုရားသခင် တစ်နည်း​နည်းဖြင့် ကျွေးမွေး​မည်​ဟု စောင့်နေ​ရန် ယေရှု တိုက်တွန်း​နေခြင်း​မဟုတ်ပါ။ ငှက်​များ​ပင်​လျှင် ကိုယ်တိုင်​နှင့် သားငယ်​များ​အတွက် အစာ​ရှာ​ကြ​ရသည်။ ထို့​ကြောင့် ခရစ်ယာန်​များသည် အစာစား​လို​ပါ​က အလုပ်လုပ်​ကြ​ရမည်။ မိသားစု​တာဝန်​များ​ကိုလည်း ထမ်းဆောင်​ကြ​ရမည်။ ခရစ်ယာန်​အစေခံကျွန်​များသည် မိမိတို့၏​သခင်​အတွက် ကြိုးစားပမ်းစား အလုပ်လုပ်​ကြ​ရမည်။ (၂ သက်သာလောနိတ် ၃:၁၀-၁၂; ၁ တိမောသေ ၅:၈; ၁ ပေတရု ၂:၁၈) တမန်​တော်​ပေါလု​သည် တဲရှင်​ချုပ်​သူ​အဖြစ် ကိုယ့်​ဝမ်း​ကိုယ်​ကျောင်း​ခဲ့​ရသည်။ (တမန်​တော် ၁၈:၁-၄; ၁ သက်သာလောနိတ် ၂:၉) သို့သော် ဤ​ခရစ်ယာန်​များသည် ဘဝ​လုံခြုံမှု​အတွက် လောက​အလုပ်ကို အားမကိုး​ခဲ့​ကြ​ပါ။ ယေဟောဝါ​ကို သူတို့​ယုံကြည်​ကိုးစား​ခဲ့​ကြသည်။ ယင်းကြောင့် အခြားသူများ မခံစား​ရသော စိတ်​ငြိမ်သက်မှု​ကို သူတို့​ခံစား​ခဲ့​ကြ​ရသည်။ “ထာဝရ​ဘုရား[သခင်]ကို ခိုလှုံ​သော​သူတို့သည် မတုန်မလှုပ်၊ အစဉ်အမြဲ​တည်​သော ဇိအုန်​တောင်​ကဲ့သို့​ဖြစ်​ကြ​၏” ဟု​ဆာလံဆရာ​က​ဆို​၏။—ဆာလံ ၁၂၅:၁

၇။ ယေဟောဝါ​အား အခိုင်အမာ မယုံကြည်​သူ​တစ်ဦး​သည် မည်သည့်​ရှုမြင်ချက်​ရှိ​နိုင်​သနည်း။

ယေဟောဝါ​အား အခိုင်အမာ​မယုံကြည်​သူများ​မူ တစ်မျိုး​တွေး​ကြ​မည်။ လူအများစုက လုံခြုံမှု​ရှိ​ရန် ချမ်းသာရ​မည်​ဟု ယူမှတ်​ကြသည်။ ထို့​ကြောင့် အလုပ်​ကောင်းကောင်း​ရနိုင်​မည့် မျှော်လင့်ချက်​ဖြင့် မိဘများ​က မိမိတို့​သားသမီး​များ အသက်ငယ်​စဉ် အဆင့်မြင့်​ပညာရေး​ကို ဆည်းပူး​ရန် တိုက်တွန်း​ကြသည်။ ဝမ်းနည်းစရာမှာ ထိုသို့​ရင်းနှီး​မြှုပ်နှံခြင်း​သည် အကြီးအကျယ်​နစ်နာ​ဆုံးရှုံး​စေ​ကြောင်း ခရစ်ယာန်​မိသားစု​အချို့ တွေ့ရှိ​ခဲ့​ကြ​ရပြီ။ အကြောင်း​မှာ သူတို့၏​သားသမီး​များသည် ဝိညာဉ်​ရေး​အမြင်​မရှိတော့ဘဲ ရုပ်ပစ္စည်း​နောက် တကောက်ကောက်​လိုက်ပါ​သွား​ကြ​၍​ဖြစ်သည်။

၈။ ခရစ်ယာန်​များ​တွင် အဘယ်မျှ​တ​သော​သဘော​ရှိ​သနည်း။

ထို့​ကြောင့် ယေရှု၏​သွန်သင်ချက်​သည် ပထမ​ရာစု​က​ကဲ့သို့​ပင် ယနေ့​တိုင် လက်တွေ့ကျ​သက်ဆိုင်​ဆဲ​ဖြစ်​ကြောင်းကို အမြော်အမြင်​ရှိ​ခရစ်ယာန်​များ သိရှိ​ထား​ကြ​ရာ မျှတသော​အမြင်​ရှိ​ရန် သူတို့ကြိုးစား​ကြသည်။ ကျမ်း​ပေး​တာဝန်​များ​ကျေပွန်​စေရန် နာရီ​ပေါင်း​များစွာ ဝမ်းစာရှာ​အလုပ်လုပ်​ကြ​ရ​လျှင်​ပင် အခြား​ကိစ္စ​များ​ထက် သာ၍​အရေးကြီးသော ဝိညာဉ်​ရေးရာ​များ​ကို မျက်ကွယ်​ပြု​သည့်​အထိ ဘယ်တော့​မျှ​မ​လုပ်ကြ​ချေ။—ဒေ. ၇:၁၂

‘ဘယ်​သောအခါ​မျှ မစိုးရိမ်​ကြ​နှင့်’

၉။ ယေဟောဝါ​အပေါ် လုံးလုံး​ယုံကြည်​ကိုးစား​သူများကို ယေရှု​မည်သို့​အားပေး​သနည်း။

ယေရှု၏​တောင်ပေါ်​တရားတော်​ကို ကြားနာသူ​များ​အား ကိုယ်တော်​ဤသို့​တိုက်တွန်း​ခဲ့​သည်– “အဘယ်​သို့​စားသောက်​ရ​အံ့​နည်း၊ အဘယ်​သို့​ဝတ်​ရ​အံ့​နည်း​ဟူ၍ မစိုးရိမ်​ကြ​နှင့်။ ထို​အရာများ​ကို [ပြင်] ပ​လူတို့သည် ရှာဖွေ​တတ်ကြ​၏။ ထို​အရာများ​ကို သင်တို့သည် အသုံး​လို​ကြောင်းကို ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘသည် သိတော်မူ၏။” (မဿဲ ၆:၃၁၊ ၃၂) အားရှိစရာ​စကား​များ​ပင်။ ယေဟောဝါ​အပေါ် ကျွန်ုပ်​တို့​အပြည့်အဝ ယုံကြည်​ကိုးစား​မည်​ဆိုလျှင် ကိုယ်တော်​သည် ထောက်မရန် အသင့်ရှိ​ပါ​လိမ့်​မည်။ သို့သော် ယေရှု၏​စကား​များသည် အလေးအနက်​ဆင်ခြင်​စ​ရာ​ဖြစ်သည်။ ရုပ်ပစ္စည်း​များ​ကို မက်မက်မောမော​ရှာဖွေ​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​အတွေးအခေါ်​သည် ခရစ်ယာန်စစ်​မဟုတ်​သူများ​ကဲ့သို့​ဖြစ်​နေကြောင်း ယင်း​တို့​က သတိပေး​သည်။

၁၀။ အကြံဉာဏ်​ယူဖို့ ချဉ်းကပ်​လာသော​လုလင်​၏ အစွဲလမ်းဆုံး​အရာ​ကို ယေရှု​မည်သို့​ဖော်ထုတ်​ခဲ့​သနည်း။

၁၀ တစ်ကြိမ်​တွင် အလွန်​ကြွယ်ဝသော​လုလင်​တစ်ဦး​က ထာဝရ​အသက်​ရ​ရန် အဘယ်​ကောင်းမှု​ပြု​ရ​ပါ​မည်​နည်း​ဟု ယေရှုကို​မေးမြန်းခဲ့​သည်။ ယေရှု​က ထို​အချိန်တွင် တရားဝင်​ဆဲ​ဖြစ်သော မောရှေ​ပညတ်တရား​အောက်​ရှိ ပညတ်​များ​ကို​နာခံ​ရန် သတိပေး​ခဲ့​သည်။ ထို​လုလင်​က ဤသို့​အခိုင်အမာ​ဆို​၏– “ထို​ပညတ်​ရှိသမျှ​တို့ကို အကျွန်ုပ်သည် . . . စောင့်ရှောက်​ပါ​ပြီ။ အဘယ်​အကျင့်​လို​သေး​သနည်း။” ယေရှု၏ ဤ​ဖြေကြားချက်​သည် လူအများ​အတွက် လက်တွေ့​မကျ​ပုံ​ပေါ်​ပေမည်– “သင်သည် စုံလင်ခြင်း​သို့​ရောက်​လိုလျှင် သွားလော့။ ကိုယ်​ဥစ္စာ​များ​ကို ဆင်းရဲသော​သူတို့​အားပေး​လော့။ ထို​သို့ပြုလျှင် ကောင်းကင်ဘုံ​၌ ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့ပြီး​မှ ငါ့​နောက်သို့​လိုက်​လော့။” (မဿဲ ၁၉:၁၆-၂၁) ထို​လုလင်​သည် သူ၏​စည်းစိမ်ဥစ္စာ​များ​ကို မ​စွန့်လွှတ်​ချင်​သောကြောင့် ဝမ်းနည်း​စွာ​ထွက်သွား​လေ​၏။ သူသည် ယေဟောဝါ​ကို မည်မျှ​ပင်​ချစ်​စေ​ကာ​မူ စည်းစိမ်ဥစ္စာ​ကို​ချစ်​သည့်​စိတ်​က ပို​များနေ​သည်။

၁၁၊ ၁၂။ (က) ရုပ်ပစ္စည်း​နှင့်​ပတ်သက်​၍ အဘယ်​စဉ်းစား​ဆင်ခြင်​စ​ရာ​စကား​များ​ကို ယေရှု​မိန့်တော်မူ​ခဲ့​သနည်း။ (ခ) စည်းစိမ်ဥစ္စာ​သည် ယေဟောဝါ​အမှုထမ်း​ခြင်း​ကို မည်သို့​တားဆီး​နိုင်​သနည်း။

၁၁ အဆိုပါ​ဖြစ်ရပ်​ကြောင့် မထင်မှတ်​သော​အကြောင်း​တစ်ခု​ကို ယေရှု​ဤသို့​ဖော်ထုတ်ပြ​သည်– “ငွေ​ရ​တတ်သော​သူသည် ကောင်းကင်​နိုင်ငံတော်​သို့ ဝင်​ခဲ​လှ​၏။ . . . ကုလားအုတ်​သည် အပ်​န​ဖား​ကို​လျှို​လွယ်​၏။ ငွေ​ရ​တတ်သော​သူသည် ဘုရားသခင်​နိုင်ငံတော်​သို့​ဝင်​ခဲ​သည်။” (မဿဲ ၁၉:၂၃၊ ၂၄) ချမ်းသာ​ကြွယ်ဝသူ​တစ်ဦးမျှ ဘုရားသခင့်​နိုင်ငံတော်​ကို အမွေခံ​ရ​လိမ့်​မည်​မဟုတ်​ဟု ယေရှု​ဆိုလိုခြင်း​လော။ “ဘုရားသခင်​သည် ခပ်သိမ်း​သော​အမှုကို​တတ်နိုင်​သည်” ဟု ကိုယ်တော်​ဆက်​ပြော​ခဲ့​သည်​ဖြစ်​ရာ ထိုသို့​မဆိုလို​ပါ။ (မဿဲ ၁၉:၂၅၊ ၂၆) အမှန်​မှာ ယေဟောဝါ​၏​ကူညီ​မှု​ကြောင့် ထို​အချိန်​က သူကြွယ်​အချို့​သည် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ဖြစ်လာ​ခဲ့​ကြသည်။ (၁ တိမောသေ ၆:၁၇) မည်သို့​ဆို​စေ ငွေ​ရ​တတ်​သူ​အများစုမှာ ဖြစ်​မလာ​သောကြောင့် ယေရှုသည် ထိုစကား​များ​ကို သတိပေး​ချက်​အဖြစ် မိန့်ဆိုခဲ့​ခြင်း​ဖြစ်သည်။

၁၂ လူတစ်ဦး​သည် ထို​ကြွယ်ဝ​ချမ်းသာ​သော​လုလင်​ကဲ့သို့ စည်းစိမ်​ကို​တပ်မက်​ပါ​က ယေဟောဝါ​အမှုတော်ကို စိတ်နှလုံး​အကြွင်းမဲ့​ထမ်းဆောင်​ရန် တားဆီး​ခံရ​နိုင်​သည်။ ကြွယ်ဝ​ချမ်းသာသူ​ကော “ငွေ​ရ​တတ်​ခြင်း​ငှာ​အလိုရှိ​သော​သူ” ပါ ထိုသို့​ဖြစ်​နိုင်​သည်။ (၁ တိမောသေ ၆:၉၊ ၁၀) ရုပ်ပစ္စည်း​ကို အားထား​လွန်း​သူသည် မိမိ၏ ‘ဝိညာဉ်​ရေး​လိုအပ်ချက်​ကို သတိ’ မပြုမိ​သလော​က် ဖြစ်လာ​နိုင်​သည်။ (မဿဲ ၅:၃) သို့​နှင့် ယေဟောဝါ​၏​အကူအညီ ရယူဖို့​လို​သည်​ဟု​လည်း သူ​မထင်မှတ်​တော့​ပေ။ (တရားဟောရာ ၆:၁၀-၁၂) အသင်းတော်တွင် အထူး​အရေးပေး​ခံ​လို​လာပေမည်။ (ယာကုပ် ၂:၁-၄) ထို့နောက် ယေဟောဝါ​၏​အမှုတော်​ဆောင်​ဖို့​ထက် စည်းစိမ်​ခံစား​ရန် အချိန်ကုန်​ခံ​လာနိုင်​သည်။

အမြင်မှန်​မွေးမြူခြင်း

၁၃။ လောဒိကိ​မြို့သား​များ​တွင် အဘယ်​အမြင်မှား​ရှိခဲ့​သနည်း။

၁၃ ပထမ​ရာစု​မှ လောဒိကိ​အသင်းတော်တွင် ရုပ်ပစ္စည်း​အပေါ် အမြင်မှန်​မရှိသူ​တစ်စု ရှိခဲ့​သည်။ သူတို့ကို ယေရှု​ဤသို့​မိန့်တော်မူ၏– “သင်က​လည်း၊ ငါသည်​ဥစ္စာ​ရ​တတ်၏။ ဘဏ္ဍာများ​ကို​ဆည်းပူး​ပြီ။ တစ်စုံတစ်ခု​ကို​မျှ​မလိုဟု​ပြောဆို​၍၊ ကိုယ်တိုင်​ပင်ပန်းခြင်း၊ သနား​ဖွယ်​ဖြစ်​ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်း​ခြင်း၊ အဝတ်အချည်းစည်း​ရှိ​ခြင်း​ဖြစ်သည်​ကို မသိ​ပါ​တကား။” ဝိညာဉ်ရေးတွင် သနားစရာ​ကောင်းသော ထို​အခြေအနေ​သို့ လောဒိကိ​မြို့သား​များ​ရောက်သွား​ရခြင်း​မှာ သူတို့၏​စည်းစိမ်ဥစ္စာ​ကြောင့်​မဟုတ်ပါ။ ယေဟောဝါ​အား ယုံကြည်​ကိုးစား​မည့်​အစား စည်းစိမ်ဥစ္စာ​ကို ယုံကြည်​ကိုးစား​ခဲ့​ကြသော​ကြောင့်​ဖြစ်သည်။ ယင်းကြောင့် ဝိညာဉ်​ရေး​အရ မ​ပူ​မအေး​ဖြစ်နေ​ရာ ယေရှု၏​ခံတွင်း​မှ ‘ထွေး​ထုတ်’ ခံရ​လု​ပြီ​ဖြစ်သည်။—ဗျာ. ၃:၁၄-၁၇

၁၄။ ဟေဗြဲ​ခရစ်ယာန်​များသည် ပေါလု​၏​ချီးမွမ်း​ခြင်း​ကို အဘယ်ကြောင့်​ရထိုက်​သနည်း။

၁၄ တစ်ဖက်​တွင်​မူ နှိပ်စက်​ညှဉ်းပန်း​ခံရ​ချိန်​တစ်လျှောက် ဟေဗြဲ​ခရစ်ယာန်​များ​၏​သဘောထားကို ပေါလု​ဤသို့​ချီးမွမ်း​ခဲ့​သည်– “သင်တို့သည် အကျဉ်း​ခံရ​သော​သူတို့​အတွက်​ကြောင့် ကြင်နာ​သော​စိတ်​ရှိ​ရသည်​သာမက၊ ကိုယ်​ပစ္စည်းဥစ္စာ​များ​ကို သူတစ်ပါး​လုယူ​ဖျက်ဆီး​သော်လည်း . . . သာ၍​မြတ်သော အမြဲ​တည်​သော​ဘဏ္ဍာ​ရှိသည်​ကို​သိ၍၊ လုယူ​ဖျက်ဆီးခြင်း​ကို ဝမ်းမြောက်​သော​စိတ်​နှင့်​ဝန်ခံ​ကြ​၏။” (ဟေဗြဲ ၁၀:၃၄) အဆိုပါ​ခရစ်ယာန်​များသည် ရုပ်ပစ္စည်း​များ​ဆုံးရှုံး​ခြင်း​ကြောင့် အကြီးအကျယ်​ဝမ်းနည်း​ပက်လက် မဖြစ်ခဲ့​ကြ​ချေ။ တန်ဖိုး​အရှိဆုံး​ဖြစ်သည့် “သာ၍​မြတ်သော အမြဲ​တည်​သော​ဘဏ္ဍာ” ကို သူတို့​ကိုင်စွဲ​ထားသော​ကြောင့် ဆက်လက်​ဝမ်းမြောက်​နိုင်​ခဲ့​ကြသည်။ အဖိုးတန်​ပုလဲ​တစ်လုံး​အတွက် အရာရာကို​စွန့်လွှတ်​ခဲ့​သော ယေရှု၏​ပုံ​ဥပမာ​မှ​ကုန်သည်​ကဲ့သို့ မည်သည့်​အရာ​ကို​ပင် စွန့်လွှတ်​ရ​ပါစေ ဘုရားသခင့်​နိုင်ငံတော်​မျှော်လင့်ချက်ကို​မူ မစွန့်​လွှတ်​မိဖို့ သူတို့​စိတ်ပိုင်းဖြတ်​ထား​ကြသည်။ (မဿဲ ၁၃:၄၅၊ ၄၆) ကောင်းမြတ်လှ​သည့် သဘောထား​ပင်။

၁၅။ လိုင်ဘေးရီးယား​နိုင်ငံ​မှ ခရစ်ယာန်​အမျိုးသမီးငယ်​တစ်ဦး ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို မည်သို့​ရှေးဦး​ထားခဲ့​သနည်း။

၁၅ ယနေ့ အလားတူ​သဘောထားမျိုး မွေးမြူ​နေကြ​သူ များစွာ​ရှိ၏။ ဥပမာ၊ လိုင်ဘေးရီးယား​နိုင်ငံ​မှ ခရစ်ယာန်​အမျိုးသမီးငယ်​တစ်ဦး​သည် တက္ကသိုလ်​တက်​ရန် အခွင့်အရေး​ရရှိခဲ့သည်။ ထို​နိုင်ငံ​တွင် ဤသို့​သော​အခွင့်အရေး​ကို အနာဂတ်​အတွက် အာမခံချက်​ဖြစ်သည်ဟု ယူဆကြ​သည်။ သို့သော် သူသည် အချိန်ပြည့်​ဧဝံဂေလိတရား​ဟောပြောသော ရှေ့ဆောင်​တစ်ဦး​ဖြစ်​ရာ ယာယီ​အထူး​ရှေ့ဆောင်​အဖြစ်​အမှုထမ်း​ရန် ဖိတ်ခေါ်​ခံ​ခဲ့​ရသည်။ ဘုရားသခင့်​နိုင်ငံတော်​ကို ရှေးဦး​ထားပြီး အချိန်ပြည့်​လုပ်ငန်း​၌ ဆက်​ပါဝင်​ရန် သူ​ရွေးချယ်​ခဲ့​သည်။ သူသည် တာဝန်ကျ​ရာ​ဒေသ​သို့​သွားပြီး သုံးလ​အတွင်း ကျမ်းစာ​သင်အံမှု ၂၁ ခု​စတင်​ခဲ့​သည်။ ဤ​ညီအစ်မ​ငယ်​နှင့်​တူသော​သူ ထောင်ပေါင်း​များစွာတို့သည် မိမိတို့​ရရှိနိုင်သော အကျိုးအမြတ်​များ​ကို စွန့်လွှတ်​သည့်​အထိ ဘုရားသခင့်​နိုင်ငံတော်​ကို ရှေးဦး​ထား​ကြသည်။ ရုပ်ပစ္စည်း​ကို ဦးစား​ပေး​သော ဤ​လောကတွင် ထို​သဘောထားမျိုးကို သူတို့​မည်သို့​ဆက်​ထိန်းထား​ကြ​သနည်း။ အရည်အချင်းကောင်းများကို မွေးမြူ​ထား​ကြ​ခြင်း​အားဖြင့်​ဖြစ်သည်။ ထို​အရည်အချင်း​တချို့​ကို သုံးသပ်ကြည့်​ကြ​စို့။

၁၆၊ ၁၇။ (က) ယေဟောဝါ​အား ယုံကြည်​ကိုးစား​နိုင်​ရန် ကျိုးနွံ​မှု​ရှိဖို့ အဘယ်ကြောင့်​အရေးကြီး​သနည်း။ (ခ) ဘုရားသခင့်​ကတိတော်​များ​ကို ယုံကြည်​စိတ်ချ​သည့်​သဘော အဘယ်ကြောင့်​မွေးမြူ​သင့်​သနည်း။

၁၆ ကျိုးနွံ​မှု– သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– ‘ထာဝရ​ဘုရားသခင်​ကို စိတ်နှလုံး​အကြွင်းမဲ့​ကိုးစား​လော့။ ကိုယ်​ဉာဏ်​ကို​အ​မှီ​မပြု​နှင့်။ သွား​လေ​ရာ​ရာ​၌ ထာဝရ​ဘုရားသခင်​ကို မျက်မှောက်ပြု​လော့။ သို့ပြုလျှင် သင်၏​လမ်းခရီး​တို့ကို ပဲ့ပြင်​တော်​မူ​မည်။ ငါသည် ပညာရှိ​၏​ဟု ကိုယ်ကို​မထင်​နှင့်။’ (သု. ၃:၅-၇) တစ်ခါတစ်ရံ လမ်းစဉ်​တစ်ခု​ကို လောက​အမြင်​မှ​ကြည့်​လျှင် လက်တွေ့ကျ​ပုံ​ပေါက်​ပေမည်။ (ယေရမိ ၁၇:၉) သို့သော် စိတ်ရင်းမှန်​သော​ခရစ်ယာန်​တစ်ဦး​သည် ယေဟောဝါ​၏​လမ်းညွှန်မှုကို မျှော်ကိုး​သည်။ (ဆာလံ ၄၈:၁၄) အသင်းတော်​ကိစ္စရပ်​များ​တွင်၊ ပညာရေး​တွင်၊ ဝမ်းစာရှာ​လုပ်ငန်း​နှင့် အပန်းဖြေမှု​အစ​ရှိသည့် မည်သည့်​ကိစ္စ​တွင်​မဆို “သွား​လေ​ရာ​ရာ​၌” ယေဟောဝါ​၏​အကြံဉာဏ်​ကို ကျိုးနွံ​စွာ​ရှာကြံ​တတ်​သည်။—ဆာလံ ၇၃:၂၄

၁၇ ယေဟောဝါ​၏​ကတိတော်​များ​ကို ယုံကြည်​စိတ်ချ​ခြင်း– ပေါလု​က “ဘုရားသခင့်​အထံတော်​သို့​ချဉ်းကပ်​သော​သူသည် ဘုရားသခင်​ရှိ​တော်​မူ​သည်ကို​လည်းကောင်း၊ ကိုယ်တော်​ကို​ရှာ​သော​သူအား အကျိုးပေး​တော်​မူ​သည်ကို​လည်းကောင်း ယုံကြည်​ရမည်” ဟု​ဆို​ခဲ့​သည်။ (ဟေဗြဲ ၁၁:၆) ယေဟောဝါ​သည် မိမိ၏​ကတိတော်​များ ပြည့်စုံ​စေမည်​ကို ကျွန်ုပ်​တို့​သံသယ​ဖြစ်နေ​မည်​ဆိုလျှင် ‘ဤ​လောကကို အပြည့်အဝ​သုံး’ သင့်​သည်​ဟု ကျွန်ုပ်​တို့​ယူမှတ်​ပေမည်။ (၁ ကောရိန္သု ၇:၃၁) သို့သော် ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း​ခိုင်မာ​ပါ​က ဘုရားသခင့်​နိုင်ငံတော်​ကို ရှေးဦး​ထား​ရန် စိတ်ပိုင်းဖြတ်​ကြ​မည်။ ခိုင်မာ​သော​ယုံကြည်ခြင်း မည်သို့ဖြစ်ပေါ်​လာနိုင်​သနည်း။ မခြားမလပ်၊ နှလုံးပါပါ​ဆုတောင်း၍ ကိုယ်ပိုင်​လေ့လာမှု မှန်မှန်​ပြုပြီး ယေဟောဝါ​ထံ​ချဉ်းကပ်​ခြင်း​အားဖြင့်​ဖြစ်သည်။ (ဆာလံ ၁:၁-၃; ဖိလိပ္ပိ ၄:၆၊ ၇; ယာကုပ် ၄:၈) “ထာဝရ​ဘုရား [သခင်] ကိုယ်တော်​ကို အကျွန်ုပ်​ကိုးစား​ပါ​၏။ ကိုယ်တော်​သည် အကျွန်ုပ်၏​ဘုရားသခင်​ဖြစ်​တော်​မူ​သည်​ဟု အကျွန်ုပ်​လျှောက်ဆို​ပါ​၏။ . . . ဆုကျေးဇူး​တော်​သည် အလွန်​ကြီး​လှ​ပါ​၏” ဟု​ဒါဝိဒ်​မင်း​နည်းတူ ကျွန်ုပ်​တို့​ဆုတောင်း​နိုင်​ကြသည်။—ဆာလံ ၃၁:၁၄၊ ၁၉

၁၈၊ ၁၉။ (က) ဝီရိယ​ရှိ​ခြင်း​က ယေဟောဝါ​အား ယုံကြည်​ကိုးစားခြင်း​ကို မည်သို့​တိုးပွား​စေ​သနည်း။ (ခ) ခရစ်ယာန်​တစ်ဦး​သည် အဘယ်ကြောင့် ကိုယ်ကျိုး​စွန့်​ရန် အသင့်ရှိ​ရမည်​နည်း။

၁၈ ယေဟောဝါ​၏​အမှုတော်တွင် ဝီရိယ​ရှိ​ခြင်း–  ပေါလု​က  “သင်တို့​ရှိသမျှသည်  . . .  ထိုသို့​သော​လုံ့လ​ဝီရိယ​ကို​ထုတ်​၍၊ အဆုံးတိုင်အောင် ယုံမှား​ခြင်း​နှင့်​ကင်း​သော မျှော်လင့်ခြင်း​နှင့် ပြည့်စုံစေခြင်း​ငှာ ငါ​တို့သည်​အလိုရှိ​ကြ​၏” ဟု​ရေးသား​ဖော်ပြ​ကာ ယေဟောဝါ​၏​ကတိတော်​များ​အပေါ် ယုံကြည်​စိတ်ချ​ခြင်း​နှင့် ဝီရိယ​ရှိ​ခြင်း​ကို ဆက်စပ်​ပေး​ခဲ့​သည်။ (ဟေဗြဲ ၆:၁၁၊ ၁၂) ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​လုပ်ငန်းတော်​၌ အလုပ်​များနေ​မည်​ဆိုလျှင် ကျွန်ုပ်​တို့ကို ကိုယ်တော်​ကူညီ​မစ​ပေး​ပါ​လိမ့်​မည်။ ထိုသို့​ကူညီ​မစ​ခံရ​သည့်​အခါတိုင်း ကိုယ်တော်​အား တိုး၍​ယုံကြည်​ကိုးစား​လာပြီး “တည်ကြည်သော​စိတ်​နှင့်​ပြည့်စုံ​၍ မရွေ့လျော့​မတိမ်းယိမ်း” သူများ ဖြစ်လာ​ကြသည်။ (၁ ကောရိန္သု ၁၅:၅၈) ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း တိုးပွား​လာ​ကာ မျှော်လင့်ချက်လည်း ပိုမို​ခိုင်မာ​လာ​သည်။—ဧဖက် ၃:၁၆-၁၉

၁၉ ကိုယ်ကျိုး​စွန့်​ရန်  အသင့်ရှိခြင်း– ပေါလု​သည် ယေရှု​နောက်လိုက်​ဖို့ အလားအလာ​ကောင်းသော အလုပ်အကိုင်​ကို စွန့်လွှတ်​ခဲ့​သည်။ ငွေ​ရေး​ကြေး​ရေး​အရ တစ်ခါတစ်ရံ​ခက်ခဲ​သော်လည်း သူ​အ​ရွေး​မှန်​ခဲ့​ကြောင်း ထင်ရှား​သည်။ (၁ ကောရိန္သု ၄:၁၁-၁၃) မိမိ၏​ကျေးကျွန်​များ စည်းစိမ်​ရှိ​ရှိနေ​ရမည်ဟု ယေဟောဝါ​ကတိ​မပြု​ထားသော​ကြောင့် တစ်ခါတစ်ရံ အခက်အခဲ​များ​ကြုံ​ကြ​ရသည်။ ကျွန်ုပ်​တို့၏​ဘဝ​ပုံစံ​ကို ရိုးရှင်း​စေပြီး ကိုယ်ကျိုး​စွန့်​ရန် အသင့်ရှိခြင်း​တို့​က ယေဟောဝါ​အမှုတော်​ဆောင်ရန် ကျွန်ုပ်​တို့၏​သန္နိ​ဋ္ဌာန်​မည်မျှ​ခိုင်မာ​ကြောင်း သက်သေထူ​သည်။—၁ တိမောသေ ၆:၆-၈

၂၀။ ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို ရှေးဦး​ထား​သူ​တစ်ဦး​သည် သည်းခံမှု​ရှိ​ရန် အဘယ်ကြောင့်​အရေးကြီး​သနည်း။

၂၀ သည်းခံခြင်း– တပည့်​ဖြစ်သူ​ယာကုပ်​က ခရစ်ယာန်​ရောင်းရင်း​များ​ကို ဤသို့​တိုက်တွန်း​ခဲ့​သည်– “ထို​ကြောင့်၊ ညီအစ်ကို​တို့၊ သခင်​ဘုရား​ကြွလာ​တော်​မူ​သည်​တိုင်အောင် သည်းခံလျက်​စောင့်နေ​ကြလော့။” (ယာကုပ် ၅:၇) အလွန်​ဗျာများ​နေကြ​သည့် ဤ​လောကတွင် သည်းခံ​စိတ်ရှည်​ဖို့ မလွယ်ကူ​ပါ။ အဘယ်အရာကို​မဆို မြန်မြန်​ဖြစ်ပျက်​စေ​ချင်​ကြသည်။ သို့သော် ပေါလု​က “ယုံကြည်ခြင်း​နှင့် သည်းခံခြင်း​အားဖြင့် ကတိတော်​တို့ကို အမွေခံ​ရသော” သူတို့ကို​တုပ​ရန် တိုက်တွန်း​ထား​သည်။ (ဟေဗြဲ ၆:၁၁၊ ၁၂) ယေဟောဝါ​အား စောင့်မျှော်​လို​စိတ်​ရှိပါ။ မြေကြီး​ပရဒိသု​တွင်​ရရှိ​မည့် ထာဝရ​အသက်သည် အမှန်ပင်​စောင့်​ရကျိုးနပ်​ပါ​သည်။

၂၁။ (က) ကျွန်ုပ်​တို့သည် ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို ရှေးဦး​ထားသော​အခါ အဘယ်အရာကို ဖော်ပြ​ကြ​သနည်း။ (ခ) နောက်​ဆောင်းပါး​တွင် အဘယ်​အကြောင်း​သုံးသပ်​မည်​နည်း။

၂၁ ဘုရားသခင့်​နိုင်ငံတော်​ကို ရှေးဦး​ထား​ပါ​ဟူသော ယေရှု၏​သွန်သင်ချက်​သည် အမှန်​လက်တွေ့ကျပါ​သည်။ ထိုသို့​ကျွန်ုပ်​တို့​ပြု​ကြသောအခါ ယေဟောဝါ​ကို အမှန်​ယုံကြည်​ကိုးစား​ပြီး ခရစ်ယာန်​တစ်ဦး​အတွက် တစ်ခု​တည်း​သော​စိတ်ချ​ရသည့်​လမ်းစဉ်​ကို ရွေးချယ်​ကြောင်း ဖော်ပြ​ကြသည်။ သို့သော် “ဘုရားသခင်​၏  . . .  ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေ့ဦးစွာရှာ” နေကြ​ဖို့​လည်း ယေရှု​သွန်သင်​ခဲ့​သည်။ ယနေ့ အဆိုပါ​အားပေးချက်​သည် အဘယ်ကြောင့် အထူး​လိုအပ်​နေကြောင်း နောက်​ဆောင်းပါး​တွင် သုံးသပ်ပါ​မည်။

သင်​ရှင်းပြ​နိုင်​သလော

• ရုပ်ပစ္စည်း​နှင့်​ပတ်သက်​၍ အဘယ်မျှ​တ​သော​အမြင်​ရှိ​ရန် ယေရှု​အားပေးခဲ့​သနည်း။

• ကုလားအုတ်​နှင့် အပ်​န​ဖား​အကြောင်း ယေရှု၏​ပုံ​ဥပမာ​မှ ကျွန်ုပ်​တို့​အဘယ်​သင်ခန်းစာ​ရသနည်း။

• အဘယ်​ခရစ်ယာန်​အရည်အချင်းများ​က ဘုရားသခင့်​နိုင်ငံတော်​ကို ရှေးဦး​ထား​ရန် ကူညီ​ပေး​မည်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ယေရှု၏​ပရိသတ် အများစုမှာ​ဆင်းရဲ​နွမ်းပါး​သူများ​ဖြစ်

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ချမ်းသာ​ကြွယ်ဝသော​လုလင်​သည်​ဘုရားသခင်​ကို​ချစ်​သည်ထက်​သူ၏​စည်းစိမ်ဥစ္စာ​များ​ကို ပို​ချစ်​ခဲ့

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ယေရှု၏​ပုံဥပမာ​မှ ကုန်သည်​သည်​အဖိုးထိုက်​သော​ပုလဲ​တစ်လုံး​အတွက် အရာရာကို​စွန့်လွှတ်​ခဲ့

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​လုပ်ငန်းတော်​၌​အလုပ်​များနေ​မည်​ဆိုလျှင် ကျွန်ုပ်​တို့ကို​ကိုယ်တော်​ကူညီ​မစ​ပါ​လိမ့်​မည်