မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့ မိဘများ၏စိတ်ကို ရွှင်လန်းစေခဲ့ကြ

သူတို့ မိဘများ၏စိတ်ကို ရွှင်လန်းစေခဲ့ကြ

သူတို့ မိဘများ​၏​စိတ်​ကို ရွှင်လန်း​စေ​ခဲ့​ကြ

“ငါ့​သား သင့်​နှလုံး​၌​ပညာ​ရှိလျှင် ငါ့​နှလုံး​နှင့်​ငါ့​ကိုယ်တိုင်​သည် ဝမ်းမြောက်​လိမ့်​မည်။” (သု. ၂၃:၁၅) သားသမီး​များ ဘုရားသခင်​ရေးရာ ဉာဏ်ပညာ​ကို ဆည်းပူး​ကြသောအခါ မိဘများ​အမှန်ပင် ဝမ်းမြောက်​ကြသည်။ ၂၀၀၅ ခုနှစ်၊ စက်တင်ဘာ​လ ၁၀ ရက်၊ စနေနေ့​တွင် ဂိလဒ်​ကင်းမျှော်စင်​သမ္မာကျမ်းစာ​ကျောင်း​၏ ၁၁၉ ကြိမ်​မြောက်​ကျောင်းဆင်း​ပွဲ​ကို နိုင်ငံတကာ​မှ လူပေါင်း ၆,၈၅၉ ဦး တက်ရောက်​ခဲ့​ကြသည်။ သူတို့​အားလုံး လွန်​စွာ​ဝမ်းမြောက်​ရွှင်လန်း​ခဲ့​ကြ​ပြီး အထူးသဖြင့် ကျောင်းဆင်း​များ​၏ မိဘများ​ဖြစ်​ကြသည်။

အမေရိကန်​ပြည်ထောင်စု ဗေသလ​မိသားစု​မှ သက်တမ်းကြာ​သူ​တစ်ဦး​ဖြစ်သော ဒေးဗစ် ဝေါ်​ကာ​က လှိုက်လှဲ​သည့်​ဆုတောင်းချက်​ဖြင့် အစီအစဉ်ကို​စတင်​ပေး​ခဲ့​သည်။ ယေဟောဝါသက်သေ​များ​၏ အုပ်ချုပ်ရေးအဖွဲ့ဝင်​ဖြစ်သူ ဒေးဗစ် စ​ပ​လ​န်​က သဘာပတိ​အဖြစ်​ဆောင်ရွက်​ပြီး သင်တန်းဆင်း​များ​၏ မိဘတို့​အား “သင်တို့ဟာ ကျွန်တော်​တို့​ရဲ့ လှိုက်လှိုက်လှဲလှဲ​ချီးမွမ်းမှု​ကို ရထိုက်တယ်။ သင်တို့ ပြုစု​ပျိုးထောင်​ပေး​ခဲ့​တဲ့ အရည်အချင်းတွေ​က သင်တို့ရဲ့ သားသမီးတွေကို ခရစ်ယာန်​သာသနာပြု​လုပ်ငန်းမှာပါ​ဝင်​ဖို့ လှုံ့ဆော်ပေး​တယ်” ဟု​ပြောဆို​ကာ ကျောင်းဆင်း​ပွဲ​အစီအစဉ်ကို စတင်​ခဲ့​သည်။ သားသမီး​များသည် မကြာမီ ဝေးလံ​သော​ဒေသ​တွင် တာဝန်​ခန့်အပ်​ခံရ​မည်​ဖြစ်​ရာ မိဘများ စိုးရိမ်​ပူပန်​ကြ​ပေမည်။ သို့သော် ညီအစ်ကို စ​ပ​လ​န်​က သူတို့အား ဤသို့​စိတ်ချ​စေ​ခဲ့​သည်– “သင်တို့​သားသမီးတွေ​အတွက် မစိုးရိမ်ပါနဲ့။ သင်တို့​ထက် ယေဟောဝါ​က ပို​ပြီး​ကောင်းမွန်​စွာ ဂရုစိုက်​စောင့်ရှောက်​နိုင်​ပါ​တယ်။ သင်တို့​သားသမီးတွေ ပြီးမြောက်​စေမယ့် ကောင်းမြတ်လှ​တဲ့​အရာ​ကို စဉ်းစား​ကြည့်​ပါ။ ဆင်းရဲ​ခက်ခဲ​မှု ကြုံနေ​ရတဲ့​လူတွေဟာ သူတို့​ဘဝမှာ ဦးဆုံး​အကြိမ် စစ်မှန်​တဲ့​နှစ်သိမ့်မှု ရရှိကြ​မှာ​ဖြစ်တယ်။”

အခြား​သူများကို ဆက်၍​ရွှင်လန်း​စေနိုင်​ပုံ

သဘာပတိ​က ဟောပြောသူ​လေးဦး​ကို မိတ်ဆက်​ပေး​ခဲ့​သည်။ ရှေးဦး​စွာ အမေရိကန်​ပြည်ထောင်စု​ဌာနခွဲ​ကော်မတီဝင် ရာ​ဖ့် ဝေါ​လ်​က “သင်တို့၏​မျက်စိ​ကို ဖွင့်​ထား​လော့” ဟူသော​အကြောင်းကို ဟောပြောခဲ့​သည်။ ဝိညာဉ်​ရေး​မျက်စိကွယ်​ခြင်း​သည် ပကတိ​မျက်စိကွယ်​ခြင်း​ထက် ပို​၍​ဆိုးရွား​ကြောင်း သူ​အလေးပေး​ပြောဆို​ခဲ့​သည်။ ပထမ​ရာစု​မှ လောဒိကိ​အသင်းတော်သည် ဝိညာဉ်​ရေး​အမြင်​အာရုံ ပျောက်ဆုံး​သွားခဲ့သည်။ ထို​အသင်းတော်​ရှိ ဝိညာဉ်​ရေး​မျက်စိကွယ်​နေသော ခရစ်ယာန်​များ အကူအညီ​ရရှိခဲ့​ကြသည်။ သို့သော် ကျွန်ုပ်​တို့၏ ဝိညာဉ်​ရေး​မျက်စိ​ကို ဖွင့်​ထားခြင်း​ဖြင့် ထိုသို့​သော မျက်စိကွယ်​ခြင်း​မဖြစ်စေ​ရန် ကာကွယ်​ခြင်း​က ပို​၍​ကောင်း​ပါ​သည်။ (ဗျာ. ၃:၁၄-၁၈) ဟောပြောသူက “သင်တို့ရဲ့​မျက်စိ​ကို​ဖွင့်​ထားပြီး တာဝန်​ရှိသူတွေကို ယေဟောဝါ​ရှုမြင်သလို ရှုမြင်ပါ” ဟု​ပြော​ခဲ့​သည်။ သင်တန်းဆင်း​များ​အနေ​ဖြင့် အသင်းတော်တွင် ပြဿနာ​များ​ပေါ်လာ​ပါ​က အလွန်အမင်း​စိုးရိမ်​မနေ​သင့်​ပါ။ သခင်​ယေရှု​ခရစ်​သည် ထို​အရာအားလုံးကို တွေ့မြင်​တော်​မူ​သည်။ ထို​ကိစ္စရပ်​များ​ကို သင့်တော်​သည့်​အချိန်တွင် ကိုယ်တော်​ကိုင်တွယ်​ပါ​လိမ့်​မည်။

ဆက်၍ အုပ်ချုပ်ရေးအဖွဲ့ဝင်​တစ်ဦး​ဖြစ်သူ ဆမ်မြူအယ်လ် ဟာ့ဒ်​က “သင်​အဆင်သင့်​ရှိသလော” ဟူသော​မေးခွန်း​ကို အဖြေပေး​ခဲ့​သည်။ ခရီးသည်​တစ်ဦး​သည် မိမိ​နှင့်အတူ လိုအပ်သော​အဝတ်အစား​များ ယူဆောင်​သွား​သကဲ့သို့ သင်တန်းဆင်း​များသည်​လည်း ဥပဓိရုပ်​သစ်​၏ အရည်အသွေးများ​ကို ကိုယ်​တွင်​အမြဲ​ဝတ်ဆင်​ထား​ရမည်။ သူတို့သည် ယေရှု​ကဲ့သို့ သနား​ကြင်နာ​ခြင်း​ရှိ​ရမည်။ နူနာ​စွဲ​သူ​တစ်ဦး​က ကိုယ်တော်​အား “ကိုယ်တော်​အလို​ရှိလျှင် ကျွန်တော်​ကို သန့်ရှင်း​စေနိုင်​တော်​မူ​သည်” ဟု​ပြော​သောအခါ ယေရှု​က “ငါ​အလိုရှိ၏။ သန့်ရှင်းခြင်း​သို့​ရောက်​စေ” ဟု​မိန့်တော်မူ​ခဲ့​သည်။ (မာကု ၁:၄၀-၄၂) ထို့နောက် ဟောပြောသူက “သင်တို့ဟာ လူတွေကို တကယ်​ကူညီ​ချင်​တယ်​ဆိုရင် ကူညီ​နိုင်​မယ့်​နည်းလမ်းကို တွေ့​လိမ့်မယ်” ဟု​ပြော​ခဲ့​သည်။ ဖိလိပ္ပိ ၂:၃ အရ ခရစ်ယာန်​များ​အနေ​ဖြင့် “သူတစ်ပါး​သည် သာ၍​ကောင်းမြတ်​သည်” ဟု​ထင်မှတ်​ရမည်။ ညီအစ်ကို​ဟာ​ဒ့်​က ဤသို့​ပြော​၏– “အသိပညာ​ရှိ​ခြင်း​ထက် နှိမ့်ချမှု​ရှိ​ခြင်း​က ပို​အရေးကြီးပါတယ်။ သင်တို့​နှိမ့်ချမှု​ရှိ​မှ​သာ ဓမ္မ​အမှုမှာ​တွေ့ဆုံ​တဲ့​သူတွေနဲ့ အသင်းတော်​ရှိ ညီအစ်ကို​ညီအစ်မ​တွေ​ဟာ သင်တို့ရဲ့​အသိပညာက​နေ အကျိုး​ရရှိ​မှာ​ဖြစ်တယ်။” သင်တန်းဆင်း​များသည် ခရစ်ယာန်​မေတ္တာကို ဆက်၍​ယူတင်​ဝတ်ဆောင်​ထား​မည်​ဆိုလျှင် ရှေ့တွင်​အောင်မြင်မှု​နှင့်အတူ တာဝန်​ခန့်အပ်​ရာ​ဒေသ​သို့​သွား​ရန် အဆင်သင့်​ရှိနေပြီ​ဖြစ်​ကြောင်း ပြောဆို​ပြီး​နိဂုံး​ချုပ်​ခဲ့​သည်။—ကောလောသဲ ၃:၁၄

ဂိလဒ်​သင်တန်းပို့ချ​သူ​တစ်ဦး​ဖြစ်သော မာ့ခ် နူ​မဲ​ရ်​၏ “ယင်းကို သင်​ထိန်းသိမ်း​ထား​မည်​လော” ဟူ​သည့် ဟောပြောချက်​ခေါင်းစဉ်​က မျှော်​တ​လင့်​လင့် ဖြစ်စေ​ခဲ့​သည်။ “ယင်းကို” ဆို​သည်​မှာ ယေဟောဝါ​၏​ကောင်းမြတ်​ခြင်း​အတွက် ကျွန်ုပ်​တို့၏ ကျေးဇူး​တင်​လေးမြတ်မှု​ကို ရည်ညွှန်းခြင်း​ဖြစ်၏။ ဆာလံ ၁၀၃:၂ တွင်​ဤသို့​ဆို​၏– “အို​ငါ့​ဝိညာဉ် ထာဝရ​ဘုရား​ကို ကောင်းချီး​ပေး​လော့။ ကျေးဇူးတော်​အပေါင်း​ကို​မမေ့လျော့​နှင့်။” ဣသရေလ​လူမျိုး​သည် သူတို့ကို အသက်ဆက်ရှင်​စေသည့် မန္နမုန့်​အတွက် ကျေးဇူး​တင်​လေးမြတ်​ကြောင်း ပြဖို့​ပျက်ကွက်​ခဲ့​ပြီး ယင်းကို “ပေါ့ပျက်​သော​စားစရာ” ဟု​ခေါ်​ခဲ့​ကြသည်။ (တောလည်ရာ ၂၁:၅) အချိန်ကုန်​လွန်သွား​သည်​နှင့်​အမျှ မန္နမုန့်​၏ တန်ဖိုး​မှာ​မပြောင်းလဲ​ခဲ့​သော်လည်း သူတို့၏ ကျေးဇူး​တင်​လေးမြတ်မှု​မှာ ပျောက်ဆုံး​သွားခဲ့သည်။ သင်တန်းပို့ချ​သူက “သင်တို့ဟာ ယေဟောဝါ​လုပ်ဆောင်ပေး​ရာတွေကို မေ့လျော့​ပြီး တိုင်းတစ်ပါး​မှာ​အမှုဆောင်ခြင်းကို သာမန်​အရာ​အဖြစ် ပေါ့ပေါ့တန်တန် သဘောထား​လာမယ်​ဆိုရင် အဲဒါ​က ယေဟောဝါ​အပ်နှင်း​ထား​တဲ့ လုပ်ငန်း​အပေါ် သင့်ရဲ့​ရှုမြင်ပုံကို ထိခိုက်​စေ​လိမ့်မယ်။” ဆာလံ ၁၀၃:၄ (က​ဘ) တွင် ယေဟောဝါ​သည် “ချစ်ခင်​ကြင်နာ​ခြင်း​နှင့် သင်၏​ခေါင်း​ကို​ပတ်ရစ်​တော်​မူ​၏” ဟု​ဖော်ပြ​ထား​သည်။ သင်တန်းဆင်း​များသည် သူတို့၏​အသင်းတော်သစ်​တွင် ယေဟောဝါ​၏ ချစ်ခင်​ကြင်နာ​ခြင်း​ကို ခံစား​ကြ​ရ​လိမ့်​မည်။

နောက်​ဂိလဒ်​သင်တန်းပို့ချ​သူ လော​ရဲ​န့်စ် ဘို​ဝင်​န်​က “သင့်​အပေါ် ကောင်းချီး​များ​သက်ရောက်​မည်​လော” ဟူ​သည့်​အကြောင်းအရာကို ဟောပြောခဲ့​သည်။ သူက ၁၁၉ ကြိမ်​မြောက် ဂိလဒ်​ကျောင်းဆင်း​များသည် အောင်မြင်​သော​ခရစ်ယာန်​သာသနာပြု​များ​ဖြစ်​ရန် လုံ့လ​စိုက်ထုတ်​လေ့ကျင့်​ခဲ့​သည်​ဟု မှတ်ချက်ချ​ခဲ့​သည်။ သို့သော် ယခု သူတို့သည် ယေဟောဝါ​နှင့် ကိုယ်တော်​အပ်နှင်း​ထားသော လုပ်ငန်း​တွင် စွဲစွဲမြဲမြဲ​တွယ်ကပ်​နေဖို့လို​သည်။ ဗျာ.ကျမ်း ၁၄:၁-၄ တွင် ၁၄၄,၀၀၀ အား “သိုးသငယ်​သွား​လေ​ရာ​ရာ​အရပ်သို့ နောက်​တော်​၌​လိုက်​သော​သူ” များ​အဖြစ် ဖော်ပြ​ထား​သည်။ သူတို့​အားလုံး​သည် မည်သည့်​စမ်းသပ်မှု​များ ကြုံ​ရစေ​ကာ​မူ ယေဟောဝါ၊ ကိုယ်တော့်​သားတော်​နှင့် တည်ကြည်​စွာ​တွယ်ကပ်​ကြ​ပြီး သူတို့၏ ပန်းတိုင်​သို့​ရောက်ရှိ​ခဲ့​ကြ​၏။ ဟောပြောသူက “ကျွန်တော်​တို့​လည်း ဘယ်လိုပဲ​ဖြစ်ပါစေ ယေဟောဝါ​နဲ့ ကိုယ်တော်​အပ်နှင်း​ထား​တဲ့​လုပ်ငန်း​ကို တည်ကြည်​စွာ တွယ်ကပ်​ထား​ကြတယ်” ဟု​ပြော​ခဲ့​သည်။ ဤသို့​ပြုလုပ်ခြင်း​ဖြင့် သင်တန်းဆင်း​များသည် ယေဟောဝါ​၏​ကောင်းချီး​များ သူတို့​အပေါ် “သက်ရောက်” ကြောင်း တွေ့မြင်​ကြ​ပါ​လိမ့်​မည်။—တရားဟောရာ ၂၈:၂

သူတို့၏​လုပ်ငန်းတော်တွင် အသီးသီးခြင်း

သင်တန်း​ကာလ​အတွင်း ရက်သတ္တပတ်​အဆုံး​တိုင်း​တွင် သင်တန်းသား​များသည် လယ်ကွင်း​ဓမ္မ​အမှု​တွင် ပါဝင်​ခဲ့​ကြ​၏။ အစီအစဉ်​တွင် ကျောင်း​မော်ကွန်းထိန်း ဝေါ​လ်​လေး​စ် လ​စ်ဗာ​ရန်​စ်​က သူတို့နှင့်​စကားပြော​သည့်​အခါ သူတို့ အောင်မြင်မှု​ရရှိကြောင်း ထင်ရှား​ခဲ့​ပါ​သည်။ သူတို့သည် သတင်းကောင်းကို အနည်းဆုံး ဘာသာ​စကား ၁၀ မျိုး​ဖြင့် ဟောပြောခဲ့​ကြ​ပြီး ကျမ်းစာ​သင်အံမှုများ​စွာ စတင်​နိုင်​ခဲ့​ကြသည်။ ဤ​သင်တန်း​မှ မောင်နှံစုံ​တစ်စုံ​သည် တရုတ်​အမျိုးသား​တစ်ဦး​နှင့် ကျမ်းစာ​စလေ့လာ​ခဲ့​ကြသည်။ နှစ်ကြိမ်​လည်ပတ်​ပြီး​နောက် မောင်နှံစုံ​က ယေဟောဝါ​ကို​သိလာ​ရခြင်း​ကြောင့် မည်သို့​ခံစားရ​ကြောင်း သူ့ကို မေးမြန်းခဲ့​သည်။ သူက သူ့​ကျမ်းစာ​ကို​ဖွင့်လိုက်​ပြီး ယောဟန် ၁၇:၃ ကို သူတို့အား ဖတ်​ခိုင်း​လိုက်​သည်။ သူသည် အသက်​လမ်းပေါ်တွင် ရှိသည်​ဟု ခံစား​ခဲ့​ရသည်။

အုပ်ချုပ်ရေးအဖွဲ့ဝင် အန်​တိုနီ မောရစ်​က ကုတ်ဒ်အဗွား၊ ဒိုမီနီကန်​ပြည်​သူ့​သမ္မတနိုင်ငံ​နှင့် အီကွေဒေါ​တို့​တွင် ဌာနခွဲ​ကော်မတီဝင်​များ​အဖြစ် အမှုထမ်း​နေသည့် ညီအစ်ကို​သုံးဦး​ကို လူတွေ့မေးမြန်း​ခဲ့​သည်။ ၎င်း​ညီအစ်ကို​များ​က ဌာနခွဲ​ကော်မတီဝင်​များသည် သင်တန်းဆင်း​များ​ကို ကြိုဆို​လျက်​ရှိကြောင်း​နှင့် သူတို့၏​တာဝန်​များ​ကို ညှိနှိုင်း​ဆောင်ရွက်​ရာ​တွင် ကူညီ​ပေး​မည်​ဖြစ်​ကြောင်း စိတ်ချ​စေ​ခဲ့​သည်။

အမေရိကန်​ပြည်ထောင်စု ဗေသလ​မိသားစုဝင်​ဖြစ်သူ လီ​ယို​နတ် ပယ်​ရ်​စ​န်​က ကွန်ဂို​ဒီမိုကရက်တစ်​ပြည်​သူ့​သမ္မတနိုင်ငံ၊ ပါပူဝါ နယူးဂီနီ၊ ယူဂန္ဓာ​နိုင်ငံ​တို့​မှ ဌာနခွဲ​ကော်မတီဝင်​သုံးဦး​နှင့် စကားပြော​ဆို​ခဲ့​သည်။ ၎င်း​ညီအစ်ကို​များ​က သင်တန်းဆင်း​များ​အား လယ်ကွင်း​ဓမ္မ​အမှု​တွင် အပြည့်အဝ​ပါဝင်​ရန် အားပေးခဲ့​ကြသည်။ ကွန်ဂို​နိုင်ငံ​တွင် ၂၁ နှစ်​ကျော်​ကြာ​အမှုဆောင်ခဲ့​သော ခရစ်ယာန်​သာသနာပြု​မောင်နှံစုံ​တစ်စုံ​သည် လူပေါင်း ၆၀ ကို အပ်နှံ​နှစ်ခြင်း​ခံ​သည်​အထိ ကူညီ​ပေး​ခဲ့​ကြသည်။ ထို​မောင်နှံစုံ​သည် ယခု ကျမ်းစာ​သင်အံမှု ၃၀ ကျင်းပ​နေကြ​ပြီး သင်သား ၂၂ ဦး​မှာ အသင်းတော်​စည်းဝေးများ တက်ရောက်​နေပြီ​ဖြစ်သည်။ သာသနာပြု​တစ်ဦး​အနေ​ဖြင့် ဤသို့​သော ကြီးမား​လှ​သည် ဝိညာဉ်​ရေး​ရိတ်သိမ်းခြင်း​ကို လုပ်ဆောင်ရန် ယခု​အချိန်​သည် အကောင်းဆုံး​အချိန်​ဖြစ်သည်။

အရေးတကြီး​သဘောထား​ဖြင့် သက်သေခံခြင်း

အုပ်ချုပ်ရေးအဖွဲ့ဝင်​ဖြစ်သူ ဂဲ​ရ​စ်တ် လော့​ရှ်​က နောက်ဆုံး​ဟောပြောချက်ကို တင်ဆက်​ခဲ့​သည်။ ခေါင်းစဉ်​မှာ “သခင်​ဘုရား​နေ့တွင် ဘုရားသခင်​အကြောင်း​ဟောပြော​၍ ယေရှု​အကြောင်း သက်သေခံ​လော့” ဖြစ်သည်။ “သက်သေ၊” “သက်သေ​များ၊” “သက်သေခံခြင်း” ဟူသော စကား​များသည် ဗျာ.ကျမ်း​တွင် အကြိမ်ပေါင်း ၁၉ ကြိမ်​ပါရှိ​သည်။ ထို့​ကြောင့် ယေဟောဝါ​သည် မိမိ​လူမျိုးတော်ကို လုပ်​စေ​လို​သော​အလုပ်​ရှိကြောင်း ဖော်ပြ​သည်။ ထို​သက်သေခံခြင်း​ကို ကျွန်ုပ်​တို့ မည်သည့်​အချိန်တွင် ပြုလုပ်​ရမည်​နည်း။ “သခင်​ဘုရား​နေ့” အတွင်း​တွင်​ဖြစ်သည်။ (ဗျာ. ၁:၉၊ ၁၀) ထို​နေ့​သည် ၁၉၁၄ ခုနှစ်​တွင် စတင်​ခဲ့​ပြီး ကျွန်ုပ်​တို့​အချိန်​မှ အနာဂတ်​အထိ ဆက်သွား​မည်​ဖြစ်သည်။ ဗျာ.ကျမ်း ၁၄:၆၊ ၇ အရ ဘုရားသခင်​အကြောင်း ဟောပြောခြင်း​လုပ်ငန်း​ကို ကောင်းကင်တမန်​ထောက်မ​ကူညီ​နေသည်။ ယေရှု​အကြောင်း သက်သေခံခြင်း​လုပ်ငန်း​ကို ညွှန်ကြား​ရန် ဘိသိက်ခံ​ခရစ်ယာန်​အကြွင်းအကျန်​အား တာဝန်​အပ်နှင်း​ထား​ကြောင်း ဗျာ.ကျမ်း ၂၂:၁၇ က​ဖော်ပြ​သည်။ သို့သော် ယခု ကျွန်ုပ်​တို့အားလုံး ထို​အခွင့်အရေး​ကို အသုံးချ​ရမည်။ အခန်းငယ် ၂၀ တွင် ယေရှု​က “ငါသည် အလျင်အမြန်​လာ​မည်” ဟု​ဆို​၏။ ညီအစ်ကို လော့​ရှ်​က တက်ရောက်​လာ​သူအား​လုံး​ကို ဤသို့​တိုက်တွန်း​ခဲ့​သည်– “လူတွေ​အားလုံး​ကို ‘လာ​ပါ၊ အသက်ရေ​ကို အခမဲ့​သောက်​ကြ​ပါ’ လို့​ဖိတ်ခေါ်ပါ။ ယေရှု အလျင်အမြန်​လာ​နေပြီ။ ကျွန်တော်​တို့ အသင့်ရှိ​ကြပြီ​လား။”

ဂိလဒ်​ကျောင်း​၏ သင်တန်းပို့ချ​သူ​အဖြစ် ၁၁ နှစ်​ကြာ​လုပ်ဆောင်ခဲ့​သော ဖရက်​ဒ် ရူ့စ်​က ယေဟောဝါ​အား​ကျေးဇူး​တင်​ကြောင်း ဆုတောင်းချက်​ဖြင့် အစီအစဉ်ကို​နိဂုံး​ချုပ်​ခဲ့​ရာ တက်ရောက်သူ​အားလုံး နှလုံး​ထိမိ​ခဲ့​ကြသည်။ ယင်းက အလွန်​ဝမ်းမြောက်​ရွှင်လန်းဖွယ် အခါသမယ​ဖြစ်သည့် ထို​နေ့​နှင့် သင့်လျော်​လှ​ပါ​သည်။

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

သင်တန်း​ဆိုင်ရာ​အချက်အလက်​များ

ကိုယ်စား​ပြု​နိုင်ငံ​အရေအတွက်– ၁၀

တာဝန်​ပေးအပ်​ခံရ​သည့် နိုင်ငံ​အရေအတွက်– ၂၅

ကျောင်းသား/သူ​အရေအတွက်– ၅၆

ပျမ်းမျှ​အသက်– ၃၂.၅

ပျမ်းမျှ​အမှန်တရား​သက်တမ်း– ၁၆.၄

ပျမ်းမျှ​အချိန်ပြည့်​အမှုဆောင်​သက်တမ်း– ၁၂.၁

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဂိလဒ်​ကင်းမျှော်စင်​သမ္မာကျမ်းစာ​ကျောင်း​၏ ၁၁၉ ကြိမ်​မြောက်​သင်တန်း

အောက်ပါ​စာရင်း​တွင် အတန်း​များ​ကို ရှေ့တန်း​မှ နောက်​တန်း​သို့ ရေတွက်​ပြီး အမည်များ​ကို လက်ဝဲ​မှ လက်ယာဘက်​သို့ စီ​ထား​သည်။

(၁) Helgesen, S.; Daugaard, H.; Pierluissi, A.; Joseph, I.; Racanelli, C. (၂) Byrge, T.; Butler, D.; Freedlun, J.; Nuñ​ez, K.; Pavageau, C.; Doumen, T. (၃) Camacho, O.; Lindqvist, L.; Broomer, A.; Wessels, E.; Burton, J.; Woodhouse, O.; Doumen, A. (၄) Tirion, A.; Connally, L.; Fournier, C.; Gil, A.; Johnsson, K.; Hamilton, L. (၅) Byrd, D.; Scribner, I.; Camacho, B.; Laschinski, H.; Hallahan, M.; Libuda, O. (၆) Joseph, A.; Lindqvist, M.; Helgesen, C.; Nuñ​ez, D.; Scribner, S.; Fournier, J. (၇) Pierluissi, F.; Pavageau, T.; Broomer, C.; Racanelli, P.; Butler, T.; Woodhouse, M.; Libuda, J. (၈) Laschinski, M.; Freedlun, S.; Burton, I.; Tirion, M.; Byrd, M.; Byrge, J. (၉) Wessels, T.; Hallahan, D.; Connally, S.; Gil, D.; Daugaard, P.; Hamilton, S.; Johnsson, T.